ငါ့ကိုငိုအောင်လုပ်ကြည့်စမ်း
Vol. 3 Ch. 22
"သူ့ကို မချစ်တော့ဘူးတဲ့လား"
အိုင်ဗီ့ရင်ထဲမှာ တစ်ခုခု အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသလို ခံစားလိုက်ရသည်။ သူမ မျက်လုံးတွေကို ဖွင့်ဖို့တောင် မရဲတော့ပါ။
ဒါဆို ဆိုင်းလပ်စ်က သူမအပေါ် ထားရှိတဲ့ သံယောဇဉ်ကို စွန့်လွှတ်လိုက်တာ ကြာပြီပေါ့။
အရင်ဘဝတုန်းက သူမကို သူ ကယ်တင်ခဲ့တာဟာလည်း နောက်ဆုံးလက်ကျန် ကရုဏာသက်ရုံသက်သက်ပဲ ဖြစ်နိုင်ပါသည်ဟု သူမ တွေးမိလိုက်သည်။
"ကဲပါ အိုင်ဗီ... ကိုယ့်ကိုယ်ကိုယ် သနားစရာကောင်းတဲ့သူတစ်ယောက်လိုမျိုး ဟန်ဆောင်မနေစမ်းနဲ့။ နင်က အစကတည်းက အဲ့လိုလူမျိုးမှ မဟုတ်တာ။ နင်က ရက်စက်တယ်၊ အချစ်မခံရဘူး၊ ထုံထိုင်းတယ်၊ ပြီးတော့ သူများကိုလည်း ကံနိမ့်စေတဲ့သူပဲ။ ဘယ်လိုလူမျိုးကများ နင့်ကို အကောင်းမှတ်ပြီး ချစ်မှာလဲ။ ငယ်ငယ်တုန်းက နင် သူ့ကို ကယ်ခဲ့ဖူးတဲ့ အဖြစ်အပျက်လေးတစ်ခုကြောင့် ဆိုင်းလပ်စ်က မိုက်မဲပြီး နင့်အပေါ် စွဲလမ်းခဲ့တာ။ ဒါပေမဲ့ အခုတော့... သူကိုယ်တိုင်တောင် မချစ်တော့ဘူးလို့ ပြောနေပြီပဲ။ နင် ပျော်သင့်တယ် မဟုတ်လား။ အခုဆိုရင် နင်သာ သူ့ကို အဝေးကို တွန်းထုတ်လိုက်ရင် နင့်ကို ကာကွယ်ပေးရင်း သူ သေဆုံးရမှာမျိုး မဖြစ်တော့ဘူးပေါ့"
အိုင်ဗီ့ ခံတွင်းထဲမှာ ခါးသက်သက် အရသာတစ်ခုကို ခံစားလိုက်ရပြီးနောက် ခေါင်းတွေပါ မူးနောက်လာသည်။ တစ်စုံတစ်ယောက်က သူမ၏ နှလုံးသားကို အင်အားသုံး ညှစ်ခြေနေသလို ခံစားချက်မျိုးဖြစ်သည်။
လည်ချောင်းထဲမှာ တစ်ဆို့လာကာ ခြေဖျားလက်ဖျားတွေ အေးစက်လာပြီး တစ်ကိုယ်လုံးလည်း ချမ်းစိမ့်လာသည်။
ဆိုင်းလပ်စ်အပေါ် ထားရှိတဲ့ သူမရဲ့ အချစ်ကို အိုင်ဗီကိုယ်တိုင် တကယ်ပဲ အထင်သေးခဲ့မိသည်။ ဒါပေမဲ့ ဒီအချိန်မှာတော့ သူမရဲ့ နှလုံးသားထဲမှာ ဆိုင်းလပ်စ်က ဘယ်လောက်အထိ အလေးသာနေသလဲဆိုတာကို ကောင်းကောင်းကြီး နားလည်သွားခဲ့ပြီ ဖြစ်သည်။
ဧည့်ခန်းထဲတွင် အိုင်စလာ၏ တုန်လှုပ်သွားသော အသံက ပဲ့တင်ထပ်သွားသည်။
"ဘာ... မချစ်တော့ဘူး ဟုတ်လား"
ဆိုင်းလပ်စ်က အိုင်စလာကို အေးစက်စက် ကြည့်လိုက်သည်။
"ဟုတ်တယ်။ ဒါကြောင့် မင်းရဲ့သမီးကို ငါ့အနားမလာဖို့ ပြောထားလိုက်။ မင်းတို့အားလုံးလည်း ငါ့နားကို မကပ်ကြနဲ့။ အရင်က အိုင်ဗီ့မျက်နှာကို ထောက်ပြီး မင်းတို့ကို လွှတ်ထားပေးခဲ့တာ။ ဒါပေမဲ့ အခုတော့... ငါ မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး"
ဆိုင်းလပ်စ်၏ မျက်ဝန်းထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခြင်းက ရာဗင်ခရော့ဖ် မိသားစုဝင်အားလုံးကို ထိတ်လန့်သွားစေသည်။
ဆိုင်းလပ်စ်သည် ဘယ်တုန်းကမှ သဘောထားကြီးတတ်သူ မဟုတ်ကြောင်း သူတို့ သိကြသည်။ သူ သူတို့ကို အကြိမ်ကြိမ် လွှတ်ပေးခဲ့ခြင်းမှာ အိုင်ဗီကြောင့်သာ ဖြစ်သည်။
ဒါပေမဲ့ အခုတော့...
အိုင်စလာသည် သူမ၏ မိဘများဆီသို့ အကြည့်တစ်ချက် ပို့လိုက်ရာ မိဘများကလည်း သူမကို မျက်တောင်ခတ်ပြီး အချက်ပေးလိုက်သည်။ သူမ သက်ပြင်းတစ်ချက်ကို အဝဝရှူလိုက်ပြီး ဆိုင်းလပ်စ်ဆီသို့ လျှောက်သွားလိုက်သည်။ ဒီအချိန်မှာ သူမသည် ရင်ခုန်စိတ်လှုပ်ရှားလွန်း၍ တုန်ယင်မနေအောင် အစွမ်းကုန် ထိန်းထားရသည်။
ဆိုင်းလပ်စ်က ဘယ်သူလဲ။ စီးပွားရေးလောကနှင့် စစ်ဘက်လောကတွင် အလားအလာအရှိဆုံး ပါရမီရှင်တစ်ယောက် မဟုတ်ပါလား။
အသက် ၁၄ နှစ်အရွယ်မှာတင် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ကိုယ်ပိုင်အင်ပါယာကို တည်ထောင်နိုင်ခဲ့သူ ဖြစ်သည်။ ထိုမျှနှင့် မတင်းတိမ်နိုင်ဘဲ အင်ပါယာကို မိဘတွေလက်ထဲ လွှဲပေးခဲ့ကာ စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့သည်။
အသက် ၂၀ အရွယ်မှာတင် စစ်တပ်၏ အငယ်ဆုံး ဗိုလ်ကြီး ဖြစ်လာခဲ့သည်။
ထိုသို့သော ပုဂ္ဂိုလ်မျိုးသည် ကောင်းကင်ယံမှာ ပျံသန်းမည့်သူ ဖြစ်သည်။ သူမသာ ဆိုင်းလပ်စ်ကို မြှူဆွယ်နိုင်ပြီး ဇနီးဖြစ်ခွင့်ရခဲ့မည်ဆိုလျှင် ဒီဇမ်ဘီကပ်ဘေးကြီး ပြီးသွားတဲ့အခါ စည်းစိမ်ချမ်းသာတွေနဲ့ နေရတော့မည် မဟုတ်ပါလား။
အိုင်စလာသည် တင်ပါးကို လှုပ်ခါရင်း ဆိုင်းလပ်စ်အနားသို့ တိုးသွားကာ မြှူဆွယ်သော လေသံဖြင့် ပြောလိုက်သည်။
"ဒါဆိုရင်... ကျွန်မကို အသုံးချပြီးတော့ပဲ အစ်ကို့ရဲ့ အမျက်ဒေါသတွေကို ဖြေဖျောက်လိုက်ပါလား။ ကျွန်မ မိသားစုရဲ့ အကြွေးတွေကို ဆပ်ဖို့အတွက် ညတိုင်း အစ်ကိုနဲ့အတူ အိပ်ပေးနိုင်ပါတယ်"
ဆိုင်းလပ်စ်က အိုင်စလာကို တည်တည်ငြိမ်ငြိမ် ကြည့်ကာ မေးလိုက်သည်။
"ငါ အဲ့လိုမလုပ်ဘူးလို့ မင်း ထင်နေတာလား"
အိုင်စလာသည် စိတ်လှုပ်ရှားသွားသော်လည်း အိုင်ဗီကမူ သူမ၏ နှလုံးသားကို ဓားနှင့် ထိုးစိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။
ဆိုင်းလပ်စ်က အိုင်စလာနဲ့ အိပ်တော့မှာလား။ ဘာလို့လဲ။
အရင်ဘဝတုန်းက ဒါမျိုးတွေ မဖြစ်ခဲ့ပါဘူး။
အိုင်ဗီသည် ချက်ချင်းထပြီး ဆိုင်းလပ်စ်ကို မေးခွန်းထုတ်ချင်နေမိသည်။ ဆိုင်းလပ်စ်ကို အော်ဟစ်ပြီး သူမအပေါ် ဘယ်လိုများ ဒီလိုလုပ်နိုင်ရတာလဲဟု မေးပစ်ချင်သည်။
သို့သော် သူမက သတ္တိနည်းသူ ဖြစ်သည်။ အမှန်တရားမှာ သူမသည် အရင်ဘဝက အပြစ်ရှိစိတ်ကို မစွန့်လွှတ်နိုင်သေးပေ။
သူမကို နှိပ်စက်ခဲ့သူတွေအပေါ် အမုန်းတရားကို မစွန့်လွှတ်နိုင်သလိုပဲ၊ သူမကြောင့် ထိခိုက်ခဲ့ရသူတွေအပေါ် ခံစားရတဲ့ နောင်တတွေကိုလည်း သူမ မစွန့်လွှတ်နိုင်သေး။
အိုင်စလာကတော့ စိတ်လှုပ်ရှားစွာဖြင့် "ဘာလို့ မလုပ်နိုင်ရမှာလဲ။ အစ်ကိုသာ ယောက်ျားစစ်စစ်ဆိုရင် လုပ်မှာပါ" ဟု ပြောလိုက်သည်။
သူမက ဆိုင်းလပ်စ်ကို ဆွပေးနေခြင်း ဖြစ်သည်။
ဆိုင်းလပ်စ်က လှောင်ရယ်လိုက်ပြီး "ငါသာ တကယ်လုပ်လိုက်ရင် မင်း ငိုသွားလိမ့်မယ်" ဟု ဆိုသည်။
အိုင်ဗီသည် မသိစိတ်ဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ ဆိုင်းလပ်စ်ကို ကိုက်ပစ်ချင်သည့်စိတ်များ ရင်ထဲမှာ တဖွားဖွား ပေါ်ပေါက်လာသည်။ ထို့ထက်ပိုသည်မှာ... အိုင်စလာကို သတ်ပစ်ချင်နေမိခြင်းပင်။
သူမဆီမှ လူသတ်လိုသည့် အငွေ့အသက်များ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
နီးကပ်လာနေသည့် အန္တရာယ်ကို မသိရှာသော အိုင်စလာကတော့ စိတ်လှုပ်ရှားလွန်း၍ ခုန်တောင် ပေါက်တော့မတတ် ဖြစ်နေကာ "လုပ်လိုက်လေ။ အစ်ကို ကျွန်မကို ဘယ်လို ငိုအောင်လုပ်မလဲဆိုတာ မြင်ချင်လှပြီ" ဟု ပြောလိုက်သည်။
မက်ဂနပ်စ်နှင့် ဆာဖီနာတို့ကတော့ သူတို့သမီးကို ချီးကျူးချင်နေကြသည်။ သူမက တကယ်ပဲ ဉာဏ်ကောင်းလှသည်။
မက်ဂနပ်စ်က ဟန်ဆောင်ပြီး ချောင်းတစ်ချက် ဟန့်လိုက်သည်။
"လူငယ်တွေ အရေးကြီးတာ ဆွေးနွေးချင်တယ်ဆိုရင်တော့ ဦးလေးတို့ အနှောင့်အယှက် မပေးတော့ပါဘူး"
"ထွက်သွားဖို့ မလိုပါဘူး ဦးလေးမက်ဂနပ်စ်။ ဦးလေးတို့လည်း မြင်ရမှာပေါ့" ဆိုင်းလပ်စ်က တားလိုက်ရာ အိုင်စလာ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။
ဆိုင်းလပ်စ်က သူများကြည့်နေတာကိုမှ ကြိုက်တတ်တဲ့သူလား။ သူမကတော့ ကိစ္စမရှိသော်လည်း သူမမိဘတွေအတွက်တော့ စိတ်မသက်မသာ ဖြစ်စရာပေါ့။
"ဆိုင်းလပ်စ်... အစ်ကိုကတော့ တကယ်ပဲ..." အိုင်စလာ စကားမဆုံးခင်မှာပဲ သူမ၏ ပါးပြင်ပေါ်သို့ စူးရှသော နာကျင်မှုတစ်ခု ရောက်ရှိလာသည်။
ဖြောင်း
"အား..."
ရိုက်ချက်ပြင်းထန်လွန်း၍ အိုင်စလာသည် စားပွဲပေါ်သို့ လွင့်စင်သွားကာ နံရိုးတွေပါ ကျိုးတော့မတတ် ခံစားလိုက်ရသည်။ မျက်ဝန်းထဲမှာ မျက်ရည်တွေ ဝိုင်းလာပြီး နာကျင်လွန်း၍ ညည်းတွားနေမိသည်။
"နင် အရူးလား။ ငါ့ကို ဘာလို့ ပါးရိုက်ရတာလဲ" အိုင်စလာက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းကိုယ်တိုင်ပဲ လုပ်ပါဆိုပြီး တောင်းဆိုနေတာ မဟုတ်လား" ဆိုင်းလပ်စ်ကလည်း နားမလည်နိုင်သလို လေသံမျိုးဖြင့် ပြန်မေးလိုက်သည်။ "မင်း ငိုရလိမ့်မယ်လို့ ငါက စေတနာနဲ့တောင် သတိပေးလိုက်သေးတယ်။ မင်းကိုယ်တိုင်ကပဲ ငိုချင်ပါတယ်ဆိုပြီး ဇွတ်အတင်း ပြောနေတာလေ"