စိတ်ရိုင်း
Vol. 7 Ch. 68
ဟင်နရီတစ်ယောက် သူ့ကံတရားက ဒီလောက်အထိ ဆိုးရွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကမ္ဘာပျက်ကပ်ကြောင့် လမ်းပေါ်တွင် စွန့်ပစ်ထားသော ကားများစွာ ရှိနေပြီး မကြာခဏဆိုသလို လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေတတ်သည်။
သူ့၏ ဘယ်ဘက်တွင် ပိုင်ရှင်များ စွန့်ပစ်သွားသော ကားတန်းကြီး ရှိနေပြီး၊ ရှေ့တွင်လည်း လမ်းပိတ်နေ၍ ရပ်တန့်နေသော ကားအချို့ ရှိနေသည်။ နောက်ဘက်တွင်မူ သူ့ကားအရှေ့တက်ရန် စောင့်ဆိုင်းနေသော ကားများ ရှိနေပြန်သည်။
သူတို့ကားသည် ကားပင်လယ်ကြီး၏ အလယ်ဗဟိုတွင် ရောက်နေသည်ဟု ပြောလျှင် ပိုမှန်လိမ့်မည်။
ညာဘက်အခြမ်းတွင်သာ ကားရှင်းနေသော်လည်း ထိုနေရာရှိ ကားနှစ်စီးကြားက ကွာဟချက်မှာ သူတို့ကားထက် သေးငယ်သော ကားတစ်စီး အရှိန်ပြင်းပြင်းနှင့် ဝင်တိုက်ရန် လုံလောက်သော နေရာလွတ် ဖြစ်နေသည်။
သူတို့ ကံဆိုးချင်တော့... ကားတစ်စီးသည် သူတို့ရှိရာဘက်သို့ အရှိန်ပြင်းပြင်းနှင့် ပြေးဝင်လာနေသည်။ ထိုကားမှာ ဘရိတ်ပေါက်နေပုံရသည်။
ဟင်နရီ ရိပ်မိလိုက်သည်။ အကယ်၍ ထိုကားသာ သူတို့ကားကို ဝင်တိုက်မိလျှင် သူတို့ထဲမှ တစ်ယောက်ယောက် သေချာပေါက် သေရပေလိမ့်မည်။
သူ၏ ဦးနှောက်က စိတ်ထက် ပိုမြန်နေခဲ့သည်။ နောက်ခန်းတွင် ထိုင်နေသူများအတွက် အန္တရာယ်နည်းသွားစေရန် တိုက်မိသမျှ ဒဏ်မှန်သမျှကို သူကိုယ်တိုင် ခံယူဖို့ ဆုံးဖြတ်ကာ လက်ကိုင်ဘီးကို အတင်းလှည့်လိုက်သည်။
သူသည် မိမိကိုယ်ကိုယ် အနစ်နာခံတတ်သူမျိုး မဟုတ်သော်လည်း မိမိအသက်ထက် ဆိုင်းလပ်စ်၏ အသက်က ပိုတန်ဖိုးရှိမှန်း သူသိသည်။ ထို့အပြင် အိုင်ဗီသည် ဆိုင်းလပ်စ်၏ အချစ်ဦးဖြစ်နေသဖြင့် သူမကိုလည်း ဒဏ်ရာမရစေလိုပေ။
သူ သေမသွားဖို့နဲ့ ဒုက္ခိတ မဖြစ်သွားဖို့သာ ဆုတောင်းနေမိသည်။
သူသည် မျက်လုံးများကို အပြူးသား ဖွင့်ထားရင်း ချစ်ရသူကို သတိရကာ ကျရောက်တော့မည့် သေခြင်းတရားကို စောင့်ကြိုနေလိုက်သည်။
"ဟင်နရီ မင်း ဘာတွေလုပ်နေတာလဲ။ ကားကို ပြန်လှည့်စမ်း" ဟင်နရီ ဘာစီစဉ်နေသည်ကို ဆိုင်းလပ်စ် မမြင်ဘဲ မနေနိုင်သော်လည်း ဟင်နရီကတော့ ခါးသီးစွာ ပြုံးလိုက်ရုံသာ ရှိသည်။
"ကပ္ပတိန်... ခင်ဗျားက ကျွန်တော် ကြုံဖူးသမျှထဲမှာ အကောင်းဆုံး ကပ္ပတိန်ပါ။ နောက်ဘဝရှိခဲ့ရင်လည်း ခင်ဗျားရဲ့ လက်အောက်ငယ်သားနဲ့ သူငယ်ချင်းပဲ ပြန်ဖြစ်ပါရစေ..."
ဆိုင်းလပ်စ်၏ မျက်လုံးများမှာ ဒေါသကြောင့် နီမြန်းလာပြီး ကားကို ထိန်းချုပ်ရန် ကြိုးစားသော်လည်း နောက်ကျသွားခဲ့ပြီ။ သူသည် လက်ကိုင်ဘီးနှင့် အလွန်ဝေးကွာသော နေရာတွင် ရှိနေသည်။
ဟင်နရီက မျက်လုံးကို တင်းတင်းမှိတ်လိုက်ပြီး လာပြီ ဟု တွေးလိုက်သည်။
သူ စောင့်နေသော်လည်း ဘာမှ ဖြစ်မလာပေ။ သူ မျှော်လင့်ထားသည့် ပြင်းထန်သော နာကျင်မှု သို့မဟုတ် လွင့်ထွက်သွားသည့် ခံစားချက်မျိုးလည်း မရှိပေ။
ဟင် ကားတိုက်တာ ပြင်းလွန်းလို့ ငါ့လိပ်ပြာက ခန္ဓာကိုယ်ထဲကနေ တိုက်ရိုက် ထွက်သွားတာလား။ ဝါး...
ဂျောက်... ဂျောက်...။ တံခါးဖွင့်သံက သူ့နားထဲသို့ ပဲ့တင်ထပ်လာသည်။
ဖြတ်ခနဲ။ ဦးခေါင်းပေါ်သို့ ကျရောက်လာသော စပ်ဖျဉ်းဖျဉ်း နာကျင်မှုကြောင့် သူ ဆွံ့အသွားရသည်။ ကားက လူအဖြစ် ပြောင်းလဲပြီး သူ့ကို ရိုက်လိုက်တာလားဟုပင် တွေးမိသွားသည်။
"ငါ့အမိန့်ကို မင်း ဘယ်လိုများ ဖီဆန်ရဲတာလဲ" ဆိုင်းလပ်စ်၏ ဒေါသတကြီး အော်သံကြောင့် ဟင်နရီ မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူသည် ဆိုင်းလပ်စ်ကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်မိသည်။
"အင် ကပ္ပတိန် ကျွန်တော် အသက်ရှင်နေသေးတာလား"
ထို့နောက် ပတ်ဝန်းကျင်ကို ကြည့်ကာ ကြောင်အသွားပြန်သည်။
"ကျွန်တော်တို့ ဘယ်မှာလဲ။ ငရဲပြည်မှာလား။ ကပ္ပတိန်ကတော့ တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ၊ ငရဲပြည်အထိတောင် လိုက်လာနိုင်တယ်ပေါ့။"
သူ၏ အသံမှာ ရှိုက်သံပါနေပြီး ဆိုင်းလပ်စ်ကို ဖက်လိုက်ကာ
“ခင်ဗျားက အိုင်ဗီထက် ကျွန်တော့်ကို ပိုချစ်ကြောင်း သက်ပြေပြလိုက်တာပဲ။ ကျွန်တော်လည်း ခင်ဗျားကို ချစ်တယ်ဗျာ။"
ဆိုင်းလပ်စ်: "(စိတ်ပျက်) ထားလိုက်ပါတော့။ သူ့ရဲ့ IQ က နိမ့်လွန်းလို့ ငါ သူနဲ့ ဆက်ပြီး ပြိုင်မငြင်းနိုင်တော့ဘူး။
ကားထဲတွင် မြူနှင်းများ ဖုံးလွှမ်းနေပြီး အပူချိန်မှာ အနည်းငယ် အေးစက်နေသည်။ အေးမြသော လေပြေက သူ့ကို ဖြတ်ကျော်သွားသဖြင့် မသိစိတ်က အလိုလို အေးချမ်းသွားရသည်။
သူသည် တွေဝေခြင်းမရှိဘဲ ဟင်နရီကို တွန်းထုတ်ကာ အိုင်ဗီ့ဘက်သို့ လှည့်လိုက်သည်။ အိုင်ဗီ လက်လှမ်းပြနေသည်ကို သူ မြင်လိုက်ရသဖြင့် သူတို့ အသက်ရှင်ရခြင်းမှာ သူမကြောင့်များလားဟု တွေးမိသွားသည်။
သူမ၏ ကြောင်အအ မျက်နှာပေးကို မြင်လိုက်ရချိန်တွင် သူ့နှလုံးခုန်သံများ ရပ်တန့်မတတ် ဖြစ်သွားသည်။ စောစောက ဒေါသတွေက ဦးနှောက်ထဲ ရောက်နေသဖြင့် အရေးကြီးသော ကိစ္စတွေကို သူ မေ့နေခဲ့သည်။
"အိုင်ဗီ ဘာဖြစ်လို့လဲ"
သူသည် လျင်မြန်သော လှုပ်ရှားမှုဖြင့် အိုင်ဗီကို နောက်ခန်းမှ ဆွဲထုတ်ကာ စစ်ဆေးကြည့်လိုက်သည်။ သူမသည် သူတို့ကို ကယ်တင်ရန်အတွက် အစွန်းရောက်သော နည်းလမ်းတစ်ခုခု သုံးလိုက်မိသလားဆိုပြီး သူ စိုးရိမ်နေခြင်းဖြစ်သည်။
သူမ၏ ပါးပြင်ကို စိုးရိမ်တကြီး ပုတ်လိုက်မှသာ သူမ သတိဝင်လာပြီး သူလည်း သက်ပြင်းချနိုင်တော့သည်။
သို့သော် သူ၏ သက်သာရာရမှုမှာ ခေတ္တသာ ဖြစ်သည်။ နောက်တစ်စက္ကန့်တွင် အိုင်ဗီက ဆိုင်းလပ်စ်၏ ပါးပြင်ကို ကိုင်လိုက်ပြီး သူမ၏ နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းများပေါ်သို့ အတင်းအကျပ် ဖိကပ်လိုက်တော့သည်။
အိုင်ဗီ၏ နှုတ်ခမ်းများ သူ့ဆီသို့ ထိကပ်လာချိန်တွင် ဆိုင်းလပ်စ်၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။ သူမ၏ နူးညံ့နွေးထွေးမှု၊ အသက်ရှူသံမှ အပူရှိန်နှင့် ရုတ်တရက် ကျရောက်လာသော ရင်းနှီးမှုတို့ကြောင့် သူ စကားမပြောနိုင်လောက်အောင် ဆွံ့အသွားရသည်။
သူမ၏ အနမ်းမှာ ကြောက်ရွံ့နေသည့် အနမ်းမျိုး မဟုတ်ပေ။ ထိုအနမ်းမှာ ပြင်းထန်ကာ အသည်းအသန် ဖြစ်နေပြီး စိတ်ရိုင်းများ ပါဝင်နေသည်။ သူ၏ အာရုံခံစားမှုတွေကို မီးတောင်တစ်ခုလို လောင်မြိုက်သွားစေသည်။
သူမ၏ လက်ချောင်းများက သူ၏ ဆံပင်များထဲသို့ တိုးဝင်သွားပြီး အနမ်းကို ပိုမိုနက်ရှိုင်းစေကာ နှလုံးသားကို တဒိတ်ဒိတ် ခုန်စေသည့် တောင့်တမှုမျိုးဖြင့် သူ့ကို ပိုမိုနီးကပ်အောင် ဆွဲယူလိုက်သည်။
ဆိုင်းလပ်စ် တစ်ခဏမျှ တောင့်ခဲသွားသည်။ သူ ခံစားနေရသော စိတ်လှုပ်ရှားမှုများနှင့် အခုလေးတင် အသက်ဘေးမှ လွတ်မြောက်လာသည့် လက်တွေ့ဘဝကြားတွင် မယုံကြည်နိုင် ဖြစ်နေရသည်။ သို့သော်လည်း နောက်တစ်ခဏတွင် မသိစိတ်က အလိုလို တုံ့ပြန်လာခဲ့သည်။
သူ၏ လက်မောင်းများက သူမ၏ ခါးကို သိမ်းကျုံးဖက်လိုက်ပြီး သူမကို သူ၏ ရင်ခွင်ထဲ အတင်းဆွဲသွင်းကာ တူညီသော ပြင်းပြမှုဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
သူတို့နှစ်ယောက်ရဲ့နှုတ်ခမ်းများမှာ ဟန်ချက်ညီညီ လှုပ်ရှားနေပြီး ဆာလောင်မွတ်သိပ်ကာ ထိန်းချုပ်မရ ဖြစ်နေကြသည်။
အိုင်ဗီက သူမ၏ ခေါင်းကို အနည်းငယ် စောင်းလိုက်သဖြင့် သူတို့၏ နှုတ်ခမ်းများမှာ ပိုမို ထပ်တူကျသွား၏။
ဆိုင်းလပ်စ်က ထိုအနမ်းထဲတွင် ခပ်တိုးတိုး ညည်းတွားလိုက်မိသည်။ သူ၏ လက်များက သူမ၏ ကျောပြင်လေးပေါ်တွင် ရှပ်ပြေး နေတော့သည်။ အပြင်ကမ္ဘာရဲ့ရှုပ်ထွေးမှုတွေက ဘာမှ မဟုတ်တော့သလို ကွယ်ပျောက်သွားသည်။
ထိုအခိုက်အတန့်တွင် ကမ္ဘာပျက်ကပ်လည်း မရှိ ကျရောက်လာမည့် အန္တရာယ်လည်း မရှိတော့ဘဲ သူတို့နှစ်ဦးနှင့် ယခုအခါတွင် တောက်လောင်နေသော မီးလျှံကြီးအဖြစ် ပြောင်းလဲသွားသည့် ငြင်းပယ်၍မရသော ရင်ခုန်သံများသာ ကျန်ရှိတော့သည်။
ဆိုင်းလပ်စ်က သူမ၏ အောက်နှုတ်ခမ်းကို အသာအယာ ကိုက်လိုက်ကာ ပြန်လည် ဆွဲယူလိုက်ချိန်တွင် အိုင်ဗီ၏ အသက်ရှူသံများ ပြတ်တောင်းသွားပြီး သူတို့၏ အနမ်းများမှာ ပိုမိုနက်ရှိုင်းကာ ပူလောင် စိုစွတ်ပြီး အသက်ရှူကျပ်မတတ် ဖြစ်လာတော့သည်။
သူ၏ လက်များက သူမ၏ ဆံပင်များကြားတွင် ရှုပ်ယှက်ခတ်နေသလို သူမကိုယ်တိုင်ကလဲလည်း လွှတ်လိုက်ရင် ကမ္ဘာကြီး ပျက်စီးသွားတော့မည့်အတိုင်း သူ၏ အင်္ကျီအရှေ့ဘက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
နောက်ဆုံးတွင် အချိန်အတော်မှ သူတို့နှစ်ဦး ခွဲခွာလိုက်ကြပြီး အသက်ကို လုရှူရင်း နဖူးချင်း တိုက်ထားကြသည်။
"ကျွန်မကို ထားမသွားပါနဲ့။ ရှင် မရှိရင် ကျွန်မ ဆက်ပြီး မရှင်သန်နိုင်ဘူး။" အိုင်ဗီက ရှိုက်သံဖြင့် ပြောလိုက်သဖြင့် ဆိုင်းလပ်စ် တောင့်ခဲသွားရသည်။
သူသည် အိုင်ဗီ့ကို ကြည့်လိုက်သည်။ ဝမ်းနည်းမှုနှင့် အပြစ်ရှိစိတ်များ ပြည့်နှက်နေသော အိုင်ဗီ၏ လှပလှသည့် ပန်းရောင်မျက်ဝန်းများနှင့် ဆုံလိုက်ရချိန်တွင် သူ၏ နှလုံးသားမှာ နာကျင်စွာ ခံစားရသည်။
"ကိုယ်မထားသွားပါဘူး။"
သူက တိုးတိုးလေး ကတိပေးလိုက်သည်။ သို့သော် အိုင်ဗီကမူ သူ့ရဲ့ ကတိကို မကြားသလိုမျိုး ဆက်လက် ပြောနေပြန်သည်။
"ကျွန်မ ကြောက်တယ်။ ကျွန်မကို ထားမသွားပါနဲ့ နော် ကျွန်မ ရှင်ပြောတာ အကုန်နားထောင်ပါ့မယ်။ ဆိုင်းလပ်စ်... ကျေးဇူးပြုပြီး ကျွန်မကို စကားပြောပါဦး..."
ဆိုင်းလပ်စ် မျက်မှောင်ကြုတ်လိုက်သည်။ သူမ တစ်ခုခု မှားယွင်းနေပြီမှန်း သူ သိလိုက်သည်။
သူမကို ခွာလိုက်သောအခါ သူမသည် ကြောင်အအ ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် စောစောက မြင်ကွင်းကြောင့် သူမ ထိတ်လန့်သွားသည်ဟု သူ တွေးလိုက်သည်။
သူမ၏ ဘေးတွင် ထိုင်လိုက်ပြီး သူမကို သူ့ပေါင်ပေါ်သို့ ဆွဲတင်ကာ သူ၏ ရင်ခွင်ထဲသို့ မှီထားစေရင်း သူမ၏ ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
သူ့ရဲ့ အခြားလက်တစ်ဖက်က သူမပါးပြင်လေးကို အသာအယာ ပွတ်သပ်ပေးရင်း နူးညံ့စွာ ပြောလိုက်သည်။
"စိတ်မပူနဲ့၊ ကိုယ် ဒီမှာ ရှိနေတယ်။ တွေ့လား။ ကိုယ် ဘယ်မှ မသွားဘူး။"