← Chapters

ရှင်သန်ခြင်း (သို့မဟုတ်) ပြန်လည်နိုးထခြင်း

Vol. 6 Ch. 59

ရှင်သန်ခြင်း (သို့မဟုတ်) ပြန်လည်နိုးထခြင်း

Vol. 6 Ch. 59

အိုင်ဗီ၏ သတိပေးမှုမှာ အလွန်ပင် ထိရောက်လွန်းလှသဖြင့် အိန်ဂျလီနာ၏ မိသားစုဝင်များမှာ ဆက်မနေရဲတော့ဘဲ အလုအယက် ထွက်ခွာသွားကြတော့သည်။

သူတို့ အမြဲနှိပ်စက်ခဲ့သော ယုန်ကလေးမှာ ဒီလောက်အထိ အဆိပ်ပြင်းလိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြချေ။

မဖြစ်နိုင်ဘူး။ သူတို့အနေနဲ့ တခြားသော ချွေးမလောင်းတစ်ယောက်ကို ရှာရပေတော့မည်။ ထိုကဲ့သို့သော မိစ္ဆာမသာ သူတို့အိမ်ထဲ ရောက်လာပါက သူတို့၏ သုခဘုံမှာ ပျက်စီးသွားပေလိမ့်မည်။

သာမန်ဆိုလျှင်ပင် တစ်သက်လုံး သူမကို ကျွန်ခံကျွေးမွေးရမည့် ကိန်း ဆိုက်နေသည် မဟုတ်လား။

ရာ‌ဗင်ခရော့ဖ် မိသားစုဝင်များမှာလည်း အိုင်ဗီ၏ အပြုအမူကြောင့် စိတ်ဒဏ်ရာ ရသွားကြသည်။ အိုင်ဗီက တစ်နေ့တွင် သူတို့ကို ဤမျှ ပြတ်ပြတ်သားသား အာခံလိမ့်မည်ဟု သူတို့ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

သူတို့သည် အိုင်ဗီအပေါ် အငြိုးအတေး ထားရှိကာ သူမအတွက် အစားအသောက် လုံးဝ မပြင်ဆင်ပေးဘဲ နေကြသည်။ အိုင်ဗီကတော့ သူတို့ကို ဂရုပင်မစိုက်ဘဲ သူမ၏ စွမ်အင်သိုလှောင်မှုဟင်းလင်းပြင် အဆင့်မြင့်သွားမှုကြောင့် ရရှိလာသော ထူးခြားချက်များကိုသာ အာရုံစိုက်နေသည်။

ပထမအချက်မှာ သူမ သိုလှောင်ရုံအတွင်း ရောက်နေရင်‌တောင် အပြင်ဘက်တွင် လူရှိမရှိကို အာရုံခံနိုင်ခြင်း ဖြစ်သည်။

ဒုတိယအချက်မှာ သိုလှောင်နိုင်စွမ်း ပိုမိုကျယ်ဝန်းလာခြင်းပင်။ အခြားသော လုပ်ဆောင်ချက်များစွာ ရှိနေသေးသော်လည်း အိုင်ဗီမှာ အလွန်ဆာလောင်နေသဖြင့် ၎င်းတို့ကို သေသေချာချာ မကြည့်နိုင်သေးပေ။

သူမသည် ပက်ထရစ်၏ အိမ်မှ ခိုးယူလာသော မီးဖိုချောင်သုံးပစ္စည်းများ၊ အထူးသဖြင့် မီးဖိုကို အသုံးပြုကာ ငါးဟင်းချက်စားရန် ဆုံးဖြတ်လိုက်သည်။

ညစာ စားပြီးနောက် လူတိုင်း အိပ်မောကျချိန်အထိ စောင့်ဆိုင်းကာ အခန်းထဲမှ ထွက်၍ ဧည့်ခန်းဆီသို့ လျှောက်လာခဲ့သည်။

ထို့နောက် လျှို့ဝှက်အခန်းရှိရာ ဆိုဖာတစ်ခုအောက်တွင် ဝှက်ထားသော လှေကားကို ထုတ်ယူကာ ဧည့်ခန်းအလယ်တွင် ထောင်လိုက်သည်။

လှေကားပေါ်သို့ တက်ကာ မျက်နှာကျက်ရှိ ကြွေပြားချပ်ကို ပုတ်၍ အပေါ်သို့ တွန်းတင်လိုက်ရာ အခက်အခဲမရှိ ပွင့်သွားတော့သည်။

အမှန်ပင်... ဤတိုက်ခန်းတွင် အိုင်ဗီ မသိခဲ့သော လျှို့ဝှက်ထပ်ခိုးတစ်ခု ရှိနေခြင်းပင်။ သူမ ထိုထပ်ခိုးထဲသို့ ဝင်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ရာ‌ဗင်ခရော့ဖ် မိသားစု၏ ရိက္ခာ ၉၀ ရာခိုင်နှုန်းခန့်ကို ထိုနေရာတွင် သိမ်းဆည်းထားခြင်း ဖြစ်သည်။

ပက်ထရစ်၏ စတိုခန်းရှိ ရိက္ခာများနှင့် နှိုင်းယှဉ်လျှင် ရာ‌ဗင်ခရော့ဖ် မိသားစု၏ ရိက္ခာမှာ နုံချာလှသည်ဟု ဆိုနိုင်သော်လည်း အိုင်ဗီက ခွဲခြားခြင်းမရှိဘဲ အားလုံးကို သိမ်းဆည်းလိုက်သည်။

သူမ ပြန်ထွက်ရန် ပြင်စဉ်တွင် ဗီရိုတစ်ခုကို သတိထားမိသွားသည်။ အကြောင်းရင်းမရှိဘဲ ထိုဗီရိုကို စစ်ဆေးကြည့်ရန် အိုင်ဗီ၏ စိတ်အလိုက တိုက်တွန်းနေသည်။

ဗီရိုဆီသို့ လျှောက်သွားကာ အံဆွဲကို ဖွင့်ကြည့်လိုက်ရာ အမှိုက်သရိုက်များစွာကို တွေ့ရသည်။ ဖန်ကျောက် လက်ဝတ်ရတနာများနှင့် ဆန်းပြားသော အသုံးအဆောင်အချို့လည်း ပါဝင်သည်။

"ဟင် ဒါတွေက ငါ့ငယ်ငယ်တုန်းက ပျောက်ချင်ူမလှ ရုတ်တရက် ပျောက်သွားတဲ့ လက်ဝတ်ရတနာတွေ မဟုတ်လား"

အိုင်ဗီအနေဖြင့် အများကြီး စဉ်းစားစရာမလိုဘဲ အိုင်စလာ၏ လက်ချက်မှန်း သိလိုက်သည်။

သူမ ၎င်းတို့ကို လျစ်လျူရှုကာ ဒုတိယအံဆွဲကို ဖွင့်လိုက်သည်။ ထိုအခါ သူမ၏ အာရုံကို ဖမ်းစားသွားသော အရာတစ်ခုကို တွေ့လိုက်ရပြန်သည်။

အိုင်ဗီ၏ အမည်ဖြင့် ပြုလုပ်ထားသော အာမခံစာချုပ်ပင် ဖြစ်သည်။ အကယ်၍ အိုင်ဗီ သေဆုံးသွားပါက ရာ‌ဗင်ခရော့ဖ် မိသားစုသည် ဒေါ်လာ ၄ သန်း ရရှိမည် ဖြစ်သည်။ စာချုပ်ချုပ်ဆိုသည့် နေ့စွဲကို မြင်လိုက်ရသောအခါ သူမ၏ ရင်ထဲတွင် အေးစက်သွားတော့သည်။

၎င်းမှာ သူမ အသက် ၁၀ နှစ်သား အရွယ်ကတည်းက ချုပ်ဆိုထားခြင်း ဖြစ်သည်။

ရာ‌ဗင်ခရော့ဖ် မိသားစုမှာ တကယ့်ကို ရက်စက်လွန်းလှသည်... ကမ္ဘာပျက်ကပ်ကြောင့် အိုင်ဗီ မသေခဲ့လျှင်ပင် သူတို့လက်ချက်နှင့် သေရပေလိမ့်မည်။

တွေးကြည့်ရုံနှင့်ပင် ကြောက်စရာကောင်းလှသည်။

အသက်ကို ပြင်းပြင်းရှူကာ ရင်ထဲက အေးစက်မှုကို ဖြေဖျောက်ရင်း ထွက်ခွာရန် ပြင်စဉ် ရိုးရိုးစက္ကူတစ်ရွက်ကို တွေ့လိုက်ရပြန်သည်။ ၎င်းမှာ ဟောင်းနွမ်းနေပြီး ထိုနေရာနှင့် မအပ်စပ်သလို ဖြစ်နေသည်။

အိုင်ဗီ ခေတ္တတုံ့ဆိုင်းနေပြီးမှ ၎င်းကို ကောက်ယူဖတ်ကြည့်လိုက်သည်။

> "သူမ နွားနို့သောက်တဲ့အခါ... သူမနဲ့ ဝေးဝေးမှာ နေပါ"

>

ဟင်

ဒါက ဘာအဓိပ္ပာယ်လဲ။

အိုင်ဗီမှာ ဝေခွဲမရ ဖြစ်သွားသည်။ ရှုပ်ထွေးမှုနှင့် စပ်စုလိုစိတ်တို့ကြားတွင် သူမ ထိုစက္ကူကို သိမ်းဆည်းလိုက်ပြီး အခြားအရာများကို ထပ်မံရှာဖွေခဲ့သော်လည်း အသုံးဝင်မည့်အရာ မတွေ့တော့ချေ။

နောက်ဆုံးတွင် သူမ ထိုနေရာမှ ထွက်လာခဲ့သည်။

လှေကားမှ ဆင်းလာစဉ်မှာပင် အိုင်စလာ၏ အခန်းတံခါး ပွင့်လာပြီး သူမသည် ပင်ပန်းနွမ်းနယ်သော မျက်နှာပေးဖြင့် ထွက်လာသည်။ လှေကားပေါ်မှ ဆင်းလာသော အိုင်ဗီကို မြင်လိုက်ရသောအခါ အိုင်စလာမှာ ထိတ်လန့်သွားပြီး

"နင် ဘာလုပ်နေတာလဲ" ဟု အော်ဟစ်ကာ တစ်စုံတစ်ခုကို ရိပ်မိသွားသည့်အလား လက်ညှိုးထိုးပြီး

"နင် ငါတို့ ရိက္ခာတွေကို ခိုးနေတာလား"

"ဒီမိသားစုက ဆိုင်းလပ်စ်ဆီကနေ ခိုးထားတဲ့ ရိက္ခာတွေကို ပြောတာလား... ဟုတ်တယ်လေ" ဟု အိုင်ဗီက အေးအေးဆေးဆေး ဝန်ခံကာ အိုင်စလာဆီသို့ လျှောက်သွားသည်။

"နင်... နင် တော်တော် လုပ်ရဲ နေတယ်ပေါ့။ နေနှင့်ဦးပေါ့ ငါ အဖေနဲ့ အမေကို သွားတိုင်..." အိုင်စလာ စကားမဆုံးလိုက်။ နောက်တစ်စက္ကန့်တွင် အိုင်ဗီက သူမ၏ ပါးစပ်ကို အဝတ်စဖြင့် ပိတ်ကာ အခန်းထဲသို့ ဆွဲခေါ်သွားတော့သည်။

အိုင်စလာ အစွမ်းကုန် ရုန်းကန်သော်လည်း အိုင်ဗီက မရပ်တန့်ဘဲ သူမ၏ လက်နှင့် ခြေထောက်များကို တင်းကျပ်စွာ ချည်နှောင်လိုက်ပြီး သဘောတကျ ရယ်မောလိုက်သည်။

"အိုင်စလာ... နင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် အခု ပြန်ပေးဆပ်ရတော့မယ်။ နင့်ကို သနားတဲ့အနေနဲ့ နောက်ဆုံးညမှာတော့ ကောင်းကောင်း အိပ်စက်ခွင့် ပေးလိုက်ပါ့မယ်"

ထိုသို့ဆိုကာ အိုင်ဗီက အိုင်စလာကို သတိလစ်သွားအောင် လုပ်လိုက်တော့သည်။

သူမ မုန်းတီးသော လူစာရင်းထဲတွင် အိုင်စလာမှာ ထိပ်ဆုံး ၁၀ ယောက်စာရင်းတွင် ပါဝင်သည်။

အတ္တကြီးသော ကလေးမက အိုင်ဗီဟာ မွေးစားထားခြင်းဖြစ်ကြောင်း သိပြီးနောက်တွင် အိုင်ဗီကို ကျွန်တစ်ယောက်လိုသာ သဘောထားခဲ့သူ ဖြစ်သည်။

အိုင်ဗီသည် ခုတင်ပေါ်တွင် လှဲလျက် ရေရွတ်လိုက်၏။

"ရာ‌ဗင်ခရော့ဖ်တို့ရဲ့ ရိက္ခာတွေ ကုန်သွားပြီ... တစ်ခုခု မှားနေပြီဆိုတာ မသိခင်အထိ သူတို့ အများဆုံး ၃ ရက်ပဲ ခံ‌ လောက်မှာ။ အခု သူတို့ကို အပြတ်ရှင်းရမယ့် အချိန်ပဲ"

ရာ‌ဗင်ခရော့ဖ် မိသားစုအနေဖြင့် သူတို့၏ အတိတ်ဘဝ လုပ်ရပ်များနှင့် ယခုဘဝတွင် ထပ်မံပြုလုပ်ဦးမည့် လုပ်ရပ်များအတွက် ပြန်လည်ပေးဆပ်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သူမ မျက်လုံးများကို မှိတ်လိုက်ရာ အိပ်စက်ခြင်းက သူမကို အနိုင်ယူလိုက်ပြန်သည်။

........

လွန်ခဲ့သော တစ်ရက်ခန့်က...

ဝတ်ရုံခြုံထားသော လူရိပ်တစ်ခုသည် ပက်ထရစ်၏ အခန်းထဲသို့ ဝင်လာပြီး သေဆုံးနေသော ဇမ်ဘီပက်ထရစ်ကို မြင်တွေ့သွားသည်။ သူက "တောက်" တစ်ချက် ခေါက်ကာ ပက်ထရစ်အနားသို့ လျှောက်သွားသည်။

ငုံ့ကြည့်ကာ ပက်ထရစ်ကို စစ်ဆေးပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်သည်။

"သေသွားတာလား။ မင်းက ကံကောင်းတဲ့ အဖိုးကြီးပဲ။ ဒီလို အံ့ဖွယ်ဆရာဝန်နဲ့ တွေ့ရတာလေ။ သေသွားရင်တောင် အနည်းဆုံးတော့ ငါ့ရဲ့ ရုပ်သေးရုပ် ဖြစ်လာနိုင်တာပေါ့ ဟုတ်တယ်မလား"

သူက လက်ဖျစ်တစ်ချက် တီးလိုက်ရာ အပ်နှင့်ချည်မျှင်များ သူ၏ လက်ထဲတွင် ပေါ်လာပြီး ပက်ထရစ်၏ ခေါင်းနှင့် ခန္ဓာကိုယ်ကို ပြန်လည်ချုပ်နှောင်လိုက်သည်။ ထို့နောက် သူ၏ လက်ကို ပက်ထရစ်၏ လည်ပင်းပေါ်တွင် တင်လိုက်သည်။

ဖြူစင်သော အလင်းတန်းတစ်ခုမှာ သူ၏ လက်မှတစ်ဆင့် ပက်ထရစ်၏ လည်ပင်းအတွင်းသို့ စီးဝင်သွားတော့သည်။ ဒီလုပ်ငန်းစဉ်မှာ ၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ပက်ထရစ် ပြန်နိုးလာတော့မည်ဟု ထင်ရချိန်တွင် သူ၏ လက်ချောင်းလေးမှာ လှုပ်ခတ်သွားခဲ့သည်။

ဝတ်ရုံခြုံလူသားမှာ ချွေးများကို သုတ်လိုက်ရင်း ရေရွတ်လိုက်သည်။

"ဒီအဖိုးကြီးကို ဘယ်သူက သတ်လိုက်တာလဲ။ သူ့ကို ပြန်ရှင်လာအောင် လုပ်ရတာ တော်တော် ခက်တာပဲ။ အား... ငါ့ရဲ့ စွမ်းအင်တွေ ကုန်သလောက် ရှိနေပြီ... သူ လှုပ်ရှားနိုင်ဖို့အတွက် ငါ အများကြီး ရင်းနှီးရဦးမယ့် ပုံပဲ။

ဒါပေမယ့် သတင်းကောင်းကတော့ သူ အခု လမ်းလျှောက်နိုင်ပြီ။ ငါ ခဏနားပြီး သူ့ကို အချိန်ခြားပြီး ကုသပေးလိုက်ရင် ရပြီ"

ထိုသို့ဆိုကာ သူ မတ်တတ်ရပ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ပက်ထရစ်၏ ရုပ်အလောင်းမှာ ကြမ်းပြင်ပေါ်မှ ပျောက်ကွယ်သွားတော့သည်။

သူ မထွက်ခွာမီ အခန်းဘက်သို့ နောက်ဆုံးတစ်ချက် ကြည့်လိုက်ရာ သူ၏ မျက်ဝန်းတို့မှာ ကြမ်းပြင်ပေါ်က သေးငယ်သော ပန်းရောင် ဆံပင်မျှင်လေးတစ်ခုပေါ်သို့ ကျရောက်သွားတော့သည်။

All Chapters