လက်စွပ်
Vol. 1 Ch. 2
သို့သော်လည်း သူမသည် ယခင်ကအတိုင်း လောလောစွာဆုံးဖြတ်ချက်မချသေးပေ။
ဒါဟာ သူမမြင်နေရတဲ့ အာရုံခြောက်ခြားမှုလား၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်က ကြိုတင်စီစဉ်ထားတဲ့ ထောင်ချောက်လားဆိုတာ မသိရသေးဘူး မဟုတ်လား။
ဖြစ်နိုင်တာက... သူမ မသေသေးဘဲ ရာဗင်ခရော့ဖ် မိသားစုက သူမကို ပြန်တွေ့သွားတာလည်း ဖြစ်နိုင်တယ်။ အခု သူတို့က သူမရဲ့ စိတ်ကို ချုပ်ကိုင်ခြယ်လှယ်ပြီး လှည့်စားနေကြတာနေမှာ။ ဒါမှသာ သူမဆီက 'အစွမ်းထက်သော အမြူတေ' ကို နောက်တစ်ကြိမ် ပြန်ပြီး ထုတ်ယူနိုင်မှာမို့လို့လေ။
ဒါပေမဲ့ ဒါက သူမ ခံစားနေရတဲ့ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကိုတော့ အဖြေမပေးနိုင်သေးဘူး။ သူတို့က သူမရဲ့ စိတ်ကို ဘယ်လိုပဲ ချုပ်ကိုင်ပါစေ၊ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကိုပဲ ခံစားရမှာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကိုတော့ ခံစားရမှာ မဟုတ်ဘူး။
အိုင်ဗီ၏ မျက်ဝန်းထဲတွင် သံသယနှင့် မရေရာမှုများ တရိပ်ရိပ် တိုးဝင်လာသည်။
ထိုစဉ် အိုင်စလာ၏ မိခင်က အိုင်ဗီကို ရိုက်ရန် လက်ကို မြှောက်လိုက်သော်လည်း အိုင်ဗီက လေထဲတွင်တင်ပင် သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။
"မလုပ်နဲ့" သူမက အေးစက်စွာ ပြောလိုက်သည်။ "နောက်တစ်ခါလောက် ထပ်လုပ်ကြည့်လိုက်... နင့်လက်ကို ပြန်ရတော့မှာ မဟုတ်ဘူး"
အခန်းတစ်ခုလုံး အေးခဲသွားသလို ငြိမ်သက်သွား၏။
ခဏတာမျှ သူတို့ကြားတွင် တိတ်ဆိတ်မှုက လေးလံစွာ ဖုံးလွှမ်းသွားသည်။
"အိုင်ဗီ... နင် ဘာတွေ ဖြစ်နေတာလဲ?" အိုင်စလာ၏ ဖခင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
အိုင်ဗီသည် သူ့ကို အမုန်းတရားများဖြင့် စိုက်ကြည့်နေမိသည်။
ဟန်ဆောင်ကောင်းလှတဲ့ လူယုတ်မာကြီး။ မက်ဂနပ်စ် ရာဗင်ခရော့ဖ်။
လွန်ခဲ့တဲ့ ၈ နှစ်တုန်းက သူ သူမအပေါ် ဘာတွေလုပ်ခဲ့သလဲဆိုတာကို သူမ မေ့သွားပြီလို့ သူ တကယ်ပဲ ထင်နေတာလား?
အိုင်ဗီ၏ မျက်ဝန်းထဲမှ နက်ရှိုင်းလှသော အာဃာတတရားများကို မြင်လိုက်ရသည့်အခါ မက်ဂနပ်စ် တစ်ယောက်တုန်လှုပ်သွားမိသည်။
အပြစ်ကင်းစင်ပြီး ကြောက်တတ်လှသော အိုင်ဗီသည် ဘယ်အချိန်ကစပြီး အခုလို သွေးဆာနျေသာ လူသတ်သမားအဖြစ် ပြောင်းလဲသွားရတာလဲ။
အကယ်၍ အကြည့်ဖြင့် သတ်၍ရမည်ဆိုပါက သူသည် ယခုအချိန်တွင် အဏုမြူမှုန်များအဖြစ် အစိပ်စိပ်အမွှာမွှာ ကွဲကြေသွားလောက်ပြီ။
"သွားကြစို့။ သူမကို အပြစ်မပေးခင်မှာ ဘာတွေဖြစ်နေတာလဲဆိုတာ သူမဘာသာ စဉ်းစားဖို့ အချိန်ပေးလိုက်ရအောင်" မက်ဂနပ်စ်က အိုင်ဗီ၏ မျက်လုံးများကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
သူ၏ မျက်ဝန်းများကမူ 'ငါ ဒေါသ မထွက်လာခင် ငြိမ်ငြိမ်နေစမ်း' ဟု အိုင်ဗီကို သတိပေးနေသယောင် ရှိသည်။
အိုင်စလာနှင့် သူမ၏ မိခင်ဖြစ်သူတို့မှာလည်း ငြင်းဆန်မနေတော့ပါ။ အိုင်ဗီ၏ ရူးသွပ်နေသော အကြည့်များက သူတို့ကို ထိတ်လန့်စေခဲ့သည်။
သူတို့ ထွက်သွားသည်နှင့် အိုင်ဗီသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ မှန်တစ်ချပ်ကို တွေ့သွားသည်။ တုန်ရီနေသော ခြေလှမ်းများဖြင့် မှန်ရှေ့သို့ သွားကာ မှန်ထဲမှ သူမ၏ ပုံရိပ်ကို စိုက်ကြည့်နေမိသည်။
မယုံကြည်နိုင်မှုနှင့် အံ့ဩတုန်လှုပ်မှုတို့က သူမ၏ မျက်ဝန်းထဲတွင် လျှပ်ခနဲ ဖြတ်ပြေးသွား၏။
"ဘယ်လိုဖြစ်ပြီး... မဟုတ်ဘူး... ငါက ဘာလို့ ဒီလောက်တောင် နုပျိုနေရတာလဲ?" အိုင်ဗီက သူမ၏ ပါးပြင်ကို ဆွဲဆိတ်ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
ထိတ်လန့်ဖွယ်ကောင်းသော်လည်း ဖြစ်နိုင်ခြေရှိသော အချက်တစ်ခု သူမ ခေါင်းထဲသို့ ဝင်လာသည်။
"ငါ ပြန်လည်မွေးဖွားလာတာလား? ကမ္ဘာပျက်ကပ် မဖြစ်ခင် အချိန်ကို ပြန်ရောက်လာတာလား?" ထိုသို့ တွေးလိုက်ရုံမျှဖြင့် အိုင်ဗီ၏ စိတ်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားမိသည်။
ယခုဖြစ်ရပ်မှန်ကို လက်ခံနိုင်ရန် သူမ ၁၅ မိနစ်ခန့် အချိန်ယူလိုက်ရသည်။
"ဒါဆို... ငါ သူတို့ကို မဆုံးရှုံးရသေးဘူးပေါ့... မဆုံးရှုံးရသေးဘူး..." သူမ တိုးတိုးလေး ပြောလိုက်မိသည်။
တကယ်လို့သာ ဒါက အမှန်ဆိုရင်...
အိုင်ဗီ၏ နှလုံးသားသည် ဝမ်းသာလွန်း၍ ခုန်ပေါက်နေတော့သည်။ သို့သော်လည်း သူမ၏ ပီတိများကို ဇွန်ဘီတစ်ကောင်၏ ဟိန်းသံက ဖြတ်တောက်လိုက်ပြီးနောက် ထိတ်လန့်တုန်လှုပ်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ပုန်းကြ၊ ပုန်းကြတော့၊ ဇွန်ဘီတွေ ထပ်ရောက်လာပြန်ပြီ။"
ဟင်
"ထပ်ရောက်လာပြန်ပြီ ဟုတ်လား? ဒီနေ့က ဘယ်နှစ်ရက်နေ့လဲ" အိုင်ဗီက အခန်းထဲကို ဝေ့ဝဲကြည့်ရင်း ရေရွတ်လိုက်သည်။ ပြက္ခဒိန်တစ်ခုက သူမ၏ အာရုံကို ဖမ်းစားသွားသည်။
သူမ မျက်မှောင်ကြုတ်လျက် ပြက္ခဒိန်ရှိရာသို့ အပြေးအလွှားသွားကာ ကောက်ယူကြည့်လိုက်သည်။
"၂၁၄၀ ပြည့်နှစ်၊ မေလ ၈ ရက် လား”
စိတ်ပျက်အားငယ်မှုနှင့် ဝမ်းနည်းမှုတို့က သူမ၏ အာရုံခံစားမှုများထဲသို့ လွှမ်းမိုးဝင်ရောက်လာသည်။
သူမ အချိန်ခရီးနှင်ကာ အတိတ်ကို ပြန်ရောက်လာခဲ့သော်လည်း ၃ လခန့် နောက်ကျနေခဲ့ပြီဖြစ်သည်။
ကမ္ဘာမြေပေါ်သို့ ကပ်ဘေးဆိုးကြီး စတင်ရောက်ရှိခဲ့သည်မှာ ၂၁၄၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကတည်းက ဖြစ်သည်။
သူမ ဆယ်နှစ်တိတိ နောက်ပြန်ရောက်လာခဲ့သော်လည်း ယခုအခြေအနေတွင် သူမ လုပ်ဆောင်နိုင်သည်မှာ သိပ်မရှိတော့ပေ။
လူသားတို့သည် သူတို့၏ အမျိုးအနွယ်များအတွင်း၌ပင် ပုန်းကွယ်နေသော ရက်စက်ကြမ်းကြုတ်သည့် စိတ်ထားများကို သိရှိနေကြပြီဖြစ်ရာ မည်သူ့အပေါ်တွင်မှ ကရုဏာထားရန် ငြင်းဆန်နေကြသည့် အချိန်လည်း ဖြစ်သည်။
အိုင်ဗီသည် မျက်လုံးများကို မှိတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။
"မဟုတ်ဘူး... အခုက စိတ်ပျက်နေရမယ့် အချိန်မဟုတ်ဘူး။ ငါ ဒီနေ့ရက်ကို ပြန်လည်မွေးဖွားလာရတာ... အကြောင်းပြချက် တစ်ခုခုတော့ရှိရမယ် မဟုတ်လား? ရှိကိုရှိရမယ်! ဒါမှမဟုတ်ရင် ငါဘာလို့ ဒီနေ့ရက်မှာမှ ပြန်နိုးထလာရမှာလဲ"
အိုင်ဗီ ပိုမိုတွေးတောလေလေ၊ သူမ၏ အယူအဆက ပို၍ ယုတ္တိတန်လာလေလေ ဖြစ်သည်။
သူမသည် ကုတင်ပေါ်တွင် ထိုင်ရင်း ကပ်ဘေးဆိုးကြီး၏ ပထမဆုံးနှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်အားလုံးကို ပြန်လည်ပုံဖော်ကြည့်နေမိသည်။
သူမ၏ လက်ချောင်းလေးများက ဒူးကို တတောက်တောက် ခေါက်နေ၏။
ထူးဆန်းသည့် အဖြစ်အပျက်တစ်ခုခုအကြောင်း ကြားဖူးနားဝရှိမလားဆိုသည်ကို သူမ အသည်းအသန် ပြန်လည်စဉ်းစားနေသည်။
ရုတ်တရက်ဆိုသလို သူမ၏ မျက်လုံးများ ဝိုင်းကျယ်လာပြီး ထူးဆန်းသော ဖြစ်ရပ်တစ်ခုကို သတိရသွားသည်။
၂၁၄၀ ပြည့်နှစ်၊ မေလ ၈ ရက်...
အင်တာနက်အသုံးပြုသူတစ်ဦးက ဘရင်းစတုန်း တောင်တန်းအနီးတွင် ထူးဆန်းသော အလင်းတန်းတစ်ခုကို မြင်တွေ့ခဲ့ရသည်ဟု အခိုင်အမာ ပြောဆိုခဲ့ဖူးသည်။
ယခင်ဘဝတုန်းကတော့ အိုင်ဗီသည် အိုင်စလာ၏ အဓိပ္ပာယ်မရှိသော တောင်းဆိုချက်များနှင့် သူမဘက်ကပဲ အမြဲပါဝင်ပေးနေသည့် အိုင်စလာ၏ မိဘများကြောင့် ဒေါသထွက်နေခဲ့ရသည်။
ထိုစဉ်က သူမသည် အိမ်ပေါ်မှ ဆင်းခဲ့ပြီး ဘရင်းစတုန်းတောင်တန်းဆီသို့ မတော်တဆ ရောက်ရှိသွားခဲ့သည်။ ထိုနေရာတွင် သူမ လက်စွပ်တစ်ကွင်းကို ကောက်တွေ့ရခဲ့ခြင်းဖြစ်သည်။
လက်စွပ်လေးမှာ အမျိုးအမည်မသိသည့် သံမဏိအနက်ရောင်ဖြင့် ပြုလုပ်ထားပြီး သွေးကဲ့သို့ ရဲရဲနီနေသော ကျောက်မျက်တစ်ပွင့် စီခြယ်ထားသည်။ ၎င်းထံမှ ကြောက်မက်ဖွယ်ကောင်းသော်လည်း လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါများ ဖြာထွက်နေ၏။
စိတ်ဝင်စားသွားသော အိုင်ဗီသည် သေတ္တာထဲမှ ထိုလက်စွပ်ကို ကောက်ယူခဲ့သည်။ သူမ အိမ်ပြန်ရောက်သည့်အခါ မက်ဂနပ်စ်နှင့် အိုင်စလာ၏ မိခင်ဖြစ်သူတို့က အိုင်စလာကို တောင်းပန်ခိုင်းခဲ့သည့်အပြင် နောက်နောင်တွင်လည်း ဘက်မလိုက်တော့ပါဘူးဟု ကတိပေးခဲ့ကြသည်။
နောက်ထပ် ရက်အနည်းငယ်အထိလည်း အိုင်စလာနှင့် ဒေမီယန်တို့ကို အိမ်အလုပ်အားလုံး ခိုင်းစေခဲ့ကြသည်။
အိုင်ဗီမှာ အလွန်ပင် ပျော်ရွှင်ကြည်နူးခဲ့ရသည်။
သို့သော် စတုတ္ထမြောက်နေ့သို့ ရောက်သောအခါ သူတို့က ထိုလက်စွပ်ကို ဒေမီယန်အား ပေးလိုက်ရန် အိုင်ဗီကို တောင်းဆိုလာကြတော့သည်။
ထိုစဉ်က သူတို့ ဘာပြောခဲ့ကြပါလိမ့်?
"အိုင်ဗီ... ဒီလက်စွပ်က ကျိန်စာသင့်နေတယ်။ ဒါက တရုတ်ပြည်က လာတာ။ သူ့ထဲမှာ 'ယင်' ဓာတ်တွေ အများကြီးပါတယ်။ နက္ခတ္တဗေဒပညာရှင်တွေအဆိုအရ မိန်းကလေးတွေမှာ 'ယင်' ဓာတ်ရှိပြီးသားမို့လို့ 'ယင်' ဓာတ်တွေ အလွန်အမင်း များသွားရင် ဝိညာဉ်ပါ ပျက်စီးသွားနိုင်တယ်။
ဒါပေမဲ့ 'ယန်' (Yang) ဓာတ်အားကောင်းတဲ့ အမျိုးသားတွေကျတော့ ဒီဩဇာကို ထိန်းကွပ်ထားနိုင်တယ်။ ဒါကြောင့် လိမ်လိမ်မာမာနဲ့ ဒေမီယန့်ကို ပေးလိုက်ပါ။ သူ့အတွက်ရော... သမီးအတွက်ပါ ဘေးကင်းအောင်လို့ပါ"
ထိုအချိန်က သူမဟာ တွန့်ဆုတ်နေခဲ့သည်။ စိတ်ထဲတွင် တစ်ခုခုတော့ မှားနေပြီဟု ခံစားခဲ့ရသည်။ ထိုလက်စွပ်မှာ ကျိန်စာသင့်နေသည်ဟု မထင်ရပါ။
သို့သော်လည်း သူမ၏ ထင်မြင်ချက်မှာ မှားယွင်းကြောင်း သက်သေပြခြင်းသာ ခံခဲ့ရသည်။