← Chapters

ဘရင်းစတုန်း တောင်တန်း

Vol. 1 Ch. 4

ဘရင်းစတုန်း တောင်တန်း

Vol. 1 Ch. 4

ဆိုင်းလပ်စ်သည် ဟင်နရီဘက်သို့ ပြန်လှည့်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

​"ဒါ သူမအမှားမဟုတ်ပါဘူး။ သူမရဲ့ မိသားစုအမှားပါ။ သူတို့က သူမကို လှည့်စားခဲ့တာ"

​အိုင်ဗီသည် သူမ၏ လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ ထိုစဉ် သူမ အရင်က သတိမထားမိခဲ့သော အသေးစိတ်အချက်တစ်ခုကို ရုတ်တရက် သတိရသွားသည်။

​ကမ္ဘာပျက်ကပ် စတင်ပြီး တစ်လအကြာတွင် ရာဗင်ခရော့ဖ် မိသားစုသည် ရိက္ခာများ ကြိုတင်စုဆောင်းထားခြင်း မရှိသဖြင့် ဆိုင်းလပ်စ်ကို ညစာစားပွဲများသို့ ဖိတ်ခေါ်ရန် သူမကို အကျပ်ကိုင် ခိုင်းစေခဲ့ကြသည်။

​သူတို့၏ ရည်ရွယ်ချက်မှာ ရိုးရှင်းပါသည်။ ဆိုင်းလပ်စ်ကို ရာဗင်ခရော့ဖ် မိသားစုထံ ရိက္ခာများ ပေးအပ်ရန် အတင်းအကျပ် လုပ်ခိုင်းခြင်းဖြစ်ပြီး၊ အကယ်၍ ဆိုင်းလပ်စ်က မပေးခဲ့လျှင် အိုင်ဗီကို အစာငတ်ထားမည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။

​ဆိုင်းလပ်စ်မှာတော့ လူအတစ်ယောက်လိုပင် သူခက်ခဲစွာ စုဆောင်းထားသမျှ ရိက္ခာအားလုံးကို ရာဗင်ခရော့ဖ် မိသားစုထံ တရစပ် ပေးအပ်ခဲ့ရလေသည်။

‎ဆိုင်းလပ်စ်သည် အိုင်ဗီအား သူနှင့်အတူ အဝေးကို ထွက်ပြေးကြရန် တိတ်တဆိတ်ပင် အကြံပြုခဲ့ဖူးသည်။ သို့သော် ထိုစဉ်က မိသားစုမေတ္တာအပေါ် မျက်စိကန်းနေခဲ့သည့် အိုင်ဗီမှာ မလိုက်ဘဲ နေခဲ့သည့်အပြင် သူမကို ကာကွယ်ရင်း ဆိုင်းလပ်စ်ကို သေဆုံးသွားသည်အထိ ဒုက္ခပေါင်းစုံ ပေးခဲ့မိသည်။

‎ကမ္ဘာပျက်ကပ် မတိုင်မီကပင် မြို့ခံအများအပြားသည် စားနပ်ရိက္ခာများကို ကြိုတင်စုဆောင်းခဲ့ကြပြီး၊ ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာချိန်တွင်မူ အချို့က Lockdown အခြေအနေကို အသုံးချကာ ရိက္ခာနှင့် အခြားလိုအပ်သည့် ပစ္စည်းများကို ခိုးယူခဲ့ကြသည်။

‎အစိုးရ၏ အမိန့်ကို တသဝေမတိမ်း လိုက်နာပြီး အိမ်ထဲမှာပဲ ငြိမ်ငြိမ်လေး နေနေကြသည့် ရာဗင်ခရော့ဖ်တို့လို လူအများသာ ရှိသည်။ အခြားသော ထက်မြက်ပြီး ချမ်းသာသည့် မိသားစုများမှာမူ ရိက္ခာများ ပိုမိုဝယ်ယူစုဆောင်းထားကြသလို၊ အချို့က ခိုးယူခြင်း (သို့မဟုတ်) တောလိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

‎ဆိုင်းလပ်စ်၏ မိသားစုမှာလည်း ထက်မြက်သူများ ဖြစ်ကြသဖြင့် ရိက္ခာများ ကြိုတင်စုဆောင်းထားခဲ့ကြသည်။

သို့သော်လည်း အရေးပေါ် အခြေအနေအတွက် အရန်အဖြစ် ဆိုင်းလပ်စ်သည် အပြင်သို့ထွက်ကာ အမဲလိုက် ရှာဖွေခဲ့သေးသည်။

‎ဒါပေမဲ့ သူရှာဖွေရရှိသည့် ရိက္ခာ ၅၀ ရာခိုင်နှုန်းကို ရာဗင်ခရော့ဖ် မိသားစုက အဓမ္မယူဆောင်သွားခဲ့ကြပြီး ကျန်ရှိသည့် အပိုင်းကိုသာ ဆိုင်းလပ်စ်က စုဆောင်းနိုင်ခဲ့ခြင်းဖြစ်သည်။

‎အတိတ်က အချိန်မှတ်တမ်းအရဆိုလျှင် မနေ့ကမှ သူမ၏ မိဘများက သူမကို အမိန့်ပေးခဲ့ကြသည်။ ဆိုင်းလပ်စ်၏ မွေးနေ့အတွက် အိမ်ကို အလှဆင်ချင်သောကြောင့် ဆိုင်းလပ်စ်ကို အပြင်သို့ ခေါ်ထုတ်သွားရန် သူမကို ခိုင်းစေခဲ့ခြင်းဖြစ်သည်။

‎ယခင်ဘဝက အပြစ်ကင်းစင်ခဲ့သော အိုင်ဗီသည် သူတို့စကားကို ယုံကြည်ပြီး ဆိုင်းလပ်စ်ကို အပြင်သို့ ခေါ်ထုတ်သွားခဲ့သည်။

‎ရာဗင်ခရော့ဖ် မိသားစုသည် ဆိုင်းလပ်စ် စုဆောင်းထားသမျှ ရိက္ခာအားလုံးကို ခိုးယူလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

‎ဆိုင်းလပ်စ်နှင့် အိုင်ဗီတို့ ပြန်ရောက်လာသည့်အခါတွင်တော့ သူတို့သည် အိုင်ဗီက အစအဆုံး အကုန်သိနေသယောင် ဟန်ဆောင်ခဲ့ကြသဖြင့် အိုင်ဗီသည် အလွန်အမင်း ဒေါသထွက်ကာ ဖျားနာသည်အထိ ဖြစ်ခဲ့ရသည်။

‎"မင်း တကယ်ပဲ အိုင်ဗီကို အပြစ်ကင်းတယ်လို့ ထင်နေတာလား၊ တကယ်လို့ သူမက အပြစ်ကင်းတယ်ဆိုရင် မင်းကို အပြင်ထွက်ဖို့ ဘယ်တော့မှ မျှားခေါ်မှာ မဟုတ်ဘူး။ ဒါတွေအားလုံးက သူမရဲ့ အစီအစဉ်တွေပဲ။ ကျေးဇူးပြုပြီးတော့ မျက်လုံးဖွင့်ကြည့်စမ်းပါ၊ သူမရဲ့ ရုပ်ဆိုးလှတဲ့ ငွေမက်တဲ့ မျက်နှာဖုံးနောက်ကွယ်ကို မြင်အောင်ကြည့်စမ်း" ဟင်နရီ၏ အသံမှာ အလွန်အမင်း စိတ်ပျက်အားမလိုအားမရ ဖြစ်နေပုံရသည်။

‎"ဟင်နရီ... ငါ မင်းကို နောက်ဆုံးအကြိမ် သတိပေးလိုက်မယ်။ အိုင်ဗီနဲ့ပတ်သက်ပြီး မကောင်းတဲ့စကား တစ်ခွန်းထပ်ပြောရင် မင်းကို ငါ့အဖွဲ့ထဲက မောင်းထုတ်ပစ်မယ်" ဆိုင်းလပ်စ်၏ ဒေါသတကြီးအော်ဟစ်သံက ပဲ့တင်ထပ်သွားပြီး ဟင်နရီကို နှုတ်ပိတ်သွားစေခဲ့သည်။

‎

‎အိုင်ဗီသည် မျက်လုံးများကိုမှိတ်ကာ ရင်ထဲမှနေ၍ တိုးတိုးလေး ကတိပြုခဲ့သည်။

‎

‎'ဆိုင်းလပ်စ်... ဒီဘဝမှာတော့ ငါ မင်းအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရတော့ဘူး။ မင်းကို ငါ ကူညီပေးမယ်... ဒါ ငါ့ရဲ့ကတိပဲ။ ပြီးတော့ မင်းနဲ့လည်း ဝေးဝေးမှာ နေပါ့မယ်... ဒီဘဝမှာ ငါတစ်ယောက်တည်း အထီးကျန်စွာ သေဆုံးရပါစေဦးတော့၊ မင်းကိုတော့ ငါနဲ့အတူ ဆွဲမချဘူး'

‎

‎ရင်ထဲက ခါးသီးလှတဲ့ ခံစားချက်တွေကို မျိုသိပ်ရင်း ဆိုင်းလပ်စ်နဲ့ သူ့အဖွဲ့ ထွက်သွားတဲ့အထိ သူမ စောင့်နေလိုက်သည်။ ထို့နောက် သံတုတ်တစ်ချောင်းကို ကောက်ကိုင်ကာ ဘရင်းစတုန်း တောင်တန်းဆီသို့ ချီတက်ခဲ့တော့သည်။

‎

‎လမ်းခရီးတွင် အိုင်ဗီသည် ဇွန်ဘီအချို့နှင့် ထိပ်တိုက်တွေ့ခဲ့သည်။

‎

‎နောက်ထပ် ဆယ်စုနှစ်တစ်ခုအကြာတွင် တွေ့ရမည့် ထူးခြားအစွမ်းများ သုံးနိုင်ပြီး လူကြီးတစ်ယောက်၏ ဉာဏ်ရည်မျိုးရှိသော ဇွန်ဘီများနှင့် နှိုင်းယှဉ်လျှင် ယခုတွေ့ရသော ဦးနှောက်မရှိဘဲ နှေးကွေးလှသည့် ဇွန်ဘီများမှာ အိုင်ဗီအတွက်တော့ ဘာမှမဟုတ်ပေ။

‎

‎သူမတွင် တိုက်ခိုက်ရေးစွမ်းရည် သိပ်မရှိသလို လက်ရှိခန္ဓာကိုယ်ကလည်း အားနည်းနေသော်လည်း ထိုဇွန်ဘီများကို ကိုင်တွယ်နိုင်သည်ဟူသော ယုံကြည်ချက်တော့ အိုင်ဗီတွင် ရှိသည်။

‎

‎သို့သော် သူမကို အံ့ဩသွားစေသည်မှာ ထိုဦးနှောက်မရှိသည့် ဇွန်ဘီအများစုသည် သူမ ရှိနေသည်ကိုပင် သတိမထားမိဘဲ လျစ်လျူရှုသွားကြခြင်းပင်။

‎

‎"နေပါဦး... ငါ့ရဲ့ ဒုတိယမြောက် ထူးခြားအစွမ်းက ငါနဲ့အတူ ပါလာတာလား?" အိုင်ဗီက အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

‎

‎သူမ၏ အယူအဆကို စမ်းသပ်ရန်အတွက် အိုင်ဗီသည် လက်ကို လေထဲသို့ မြှောက်ကာ မျက်လုံးများကို မှိတ်လိုက်သည်။

‎

‎"ဘေးကင်းဇုန် ... ပွင့်စေ"

‎ရင်းနှီးနေကျဖြစ်သော အပြာရောင် စွမ်းအင်များ သူမ၏ ခန္ဓာကိုယ်မှ ပျံ့နှံ့ထွက်ပေါ်လာပြီး အပြာရောင် အကာအကွယ်အမိုးခုံးကြီး ဖြစ်ပေါ်လာမည့်အချိန်ကို အိုင်ဗီ စောင့်စားနေမိသည်။

‎

‎သို့သော်... ဘာမှ ဖြစ်မလာခဲ့ပါ။

‎‎မျက်လုံးဖွင့်ကြည့်လိုက်သောအခါ မည်သည့် အကာအကွယ်အတားအဆီးမှ ရှိမနေသည်ကို တွေ့ရသဖြင့် သူမ၏ စိတ်ပျက်မှုမှာ ပို၍ပင် တိုးသွားခဲ့သည်။

‎"ဒါဆို သူတို့က ငါ့ကို ဘာလို့ ရှောင်နေကြတာလဲ... ဖြစ်နိုင်တာက... ငါ့ရဲ့ ဒုတိယမြောက် အစွမ်းကို ငါ ပိုင်ဆိုင်ထားဆဲဖြစ်ပေမဲ့ အစောပိုင်း အဆင့်မှာပဲ ရှိနေသေးလို့ နေမှာ..." အိုင်ဗီက ကောက်ချက်ချလိုက်သည်။

‎ထိုအကြောင်းအရာကို ခေါင်းထဲမှ ခေတ္တထုတ်ပစ်လိုက်ကာ အိုင်ဗီသည် ဘရင်းစတုန်း တောင်တန်းဆီသို့သာ အပြေးအလွှား သွားခဲ့တော့သည်။

‎ဘရင်းစတုန်း တောင်တန်းဆီသို့ သွားရသော ခရီးလမ်းမှာ ခက်ခဲလွန်းလှသည်တော့ မဟုတ်ပေ။

‎ယခုအချိန်တွင် ဇွန်ဘီများမှာ အနယ်နယ်အရပ်ရပ်၌ ပျံ့နှံ့နေပြီဖြစ်သော်လည်း အိုင်ဗီကို အမှန်တကယ် အန္တရာယ်ပြုနိုင်လောက်အောင်ထိတော့ သူတို့တွင် ဉာဏ်ရည်မမှီကြသေးပေ။

‎

‎အိုင်ဗီသည် သူမ၏ ကျွမ်းကျင်လှသော ခြေလှမ်းများ၊ ထက်မြက်လှသော အာရုံခံစားမှုများကို အသုံးချကာ ဘရင်းစတုန်း တောင်ခြေသို့ ရောက်ရှိလာခဲ့သည်။

‎

‎တောင်ပေါ်တွင် စိမ်းလန်းသော သစ်ပင်အချို့ ကျန်ရှိနေသေးသော်လည်း မြေပြင်မှာမူ အက်ကွဲခြောက်သွေ့နေကာ လူသူအရောက်အပေါက် မရှိသေးကြောင်း ပြသနေသည်။ သို့သော်လည်း အိုင်ဗီကတော့ သတိကို အပြည့်အဝ မြှင့်ထားဆဲပင်။

‎

‎ယခင်ဘဝက မျက်စိကန်းခဲ့စဉ်တွင် အိုင်ဗီသည် သူမ၏ အကြားအာရုံနှင့် အနံ့ခံအာရုံတို့ကိုသာ အလွန်အမင်း အားကိုးခဲ့ရဖူးရာ ယခုအခါတွင် ထိုအတွေ့အကြုံများက များစွာအသုံးဝင်နေတော့သည်။

‎

‎သူမ၏ မှတ်ဉာဏ်အရ ဆယ်စုနှစ်တစ်ခုခန့် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် သေတ္တာလေးကို ရှာတွေ့ခဲ့သည့် နေရာကို ပြန်လည်အမှတ်ရရန် အချိန်အနည်းငယ် ယူလိုက်ရသည်။

‎

‎သဘာဝတရား၏ လှပသော အစိမ်းရောင်၊ အေးမြသော လေပြည်နှင့် သင်းပျံ့သော မြေနံ့တို့က အိုင်ဗီအတွက်တော့ မည်သည့်သက်သာမှုကိုမှ ပေးစွမ်းနိုင်ခြင်း မရှိပါ။

‎

‎ထိုအစား အုံ့မှိုင်းလေးလံသော ခံစားချက်ကြီးကသာ သူမ၏ စိတ်ကို လွှမ်းမိုးသွားခဲ့သည်။

‎

‎မကြာမီတွင် ဇွန်ဘီဗိုင်းရပ်စ်သည် ပိုမိုပြင်းထန်စွာ ပျံ့နှံ့လာတော့မည်ဖြစ်ပြီး ယခုမြင်နေရသည့် သက်ဝင်လှုပ်ရှားနေသော သစ်ပင်များကို 'မျိုးပြောင်းအပင်' များအဖြစ် ပြောင်းလဲပစ်တော့မည်ဖြစ်သည်။

‎သံဝေဂရစရာကောင်းသည်မှာ လူသားတို့အတွက် အောက်ဆီဂျင် ပေးစွမ်းနေသည့် ဤသစ်ပင်များမှာပင် တစ်ချက်တည်းနှင့် လူသတ်နိုင်သော လူသတ်သမားများအဖြစ် ပြောင်းလဲသွားကြတော့မည် ဖြစ်သည်။

‎‎ရင်ထဲတွင် တိုးဝှေ့လာသော ခံစားချက်များကို ထိန်းချုပ်ရင်း အိုင်ဗီသည် သစ်မြစ်တစ်ခုချင်းစီကို အသေအချာ စစ်ဆေးရှာဖွေခဲ့ရာ နောက်ဆုံးတွင်တော့ သူမ ရှာနေသည့်အရာကို တွေ့ရှိသွားခဲ့သည်။

‎‎လက်စွပ်ထည့်ထားသည့် ထိုသေတ္တာလေးပင် ဖြစ်သည်။

All Chapters