← Chapters

ငရဲမှ မိစ္ဆာ - ၁

Vol. 1 Ch. 5

ငရဲမှ မိစ္ဆာ - ၁

Vol. 1 Ch. 5

‎သေတ္တာလေး၏ ရှေ့မျက်နှာစာတွင် လက်ရာမြောက်လှသော ပိတုန်းပန်း ဒီဇိုင်းကို ထွင်းထုထားပြီး ဘေးတစ်ဖက်တစ်ချက်တွင် သစ်ရွက်ပုံစံများကို ထွင်းထားသည်။ သေတ္တာ၏ အပေါ်ဘက်တွင်မူ အိုင်ဗီတစ်ခါမှ မမြင်ဖူးသည့် ထူးဆန်းသော ပန်းပွင့်ပုံစံ အဆင်တန်ဆာတစ်ခု ရှိနေသည်။

‎

‎ရှုပ်ထွေးသည့် လျှို့ဝှက်ချက်များ ရှိမနေဘဲ သေတ္တာကို ဖွင့်ရသည်မှာ တော်တော်လေး လွယ်ကူလှသည်။

‎

‎အိုင်ဗီသည် မြေကြီးပေါ်မှ သေတ္တာကို ကောက်ယူကာ ဖုန်များကို ခါထုတ်ပြီး သန့်ရှင်းရေးလုပ်လိုက်သည်။

‎

‎ရင်ထဲတွင် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ပူပန်မှုတို့ ဒွန်တွဲနေလျက် သူမသည် သေတ္တာအဖုံးကို ဖွင့်လိုက်ရာ... ပိုးသားအဝတ်စ တစ်ခုကလွဲပြီး ဘာမှ ရှိမနေသည်ကိုသာ တွေ့လိုက်ရတော့သည်။

‎

‎"မဖြစ်နိုင်တာ။" အိုင်ဗီ၏ မျက်လုံးများ အံ့ဩတကြီး ပြူးကျသွားသည်။ ယခင်ဘဝတုန်းက လက်စွပ်သည် ဤပိုးသားအဝတ်စပေါ်တွင် တည်ရှိနေခဲ့သည်ကို သူမ ကောင်းကောင်းမှတ်မိနေသည်။ သို့ဆိုလျှင် အခု ဘယ်ရောက်သွားသနည်း။

‎

‎ညနေစောင်းမှ ရောက်လာခဲ့သည့် ယခင်ဘဝနှင့် နှိုင်းယှဉ်လျှင် ယခုတစ်ခေါက်တွင် အိုင်ဗီသည် အများကြီး စော၍ ရောက်လာခဲ့ခြင်းဖြစ်သည်။

‎

‎ထိုသို့ဆိုလျှင် လက်စွပ်သည် အခိုးခံရစရာ အကြောင်းလည်း မရှိနိုင်ပေ။

‎

‎"ငါ စောလွန်းသွားတာလည်း ဖြစ်နိုင်တယ်။ ခဏနေမှ ပြန်လာပြီး စစ်ဆေးကြည့်ရမယ်။ ဖြစ်နိုင်တာက လက်စွပ်က အစကတည်းက သေတ္တာထဲမှာ ရှိမနေဘဲ ညနေစောင်းလောက်မှ တစ်ယောက်ယောက်က လာထည့်ထားတာလည်း ဖြစ်နိုင်တာပဲ" အိုင်ဗီသည် ခန့်မှန်းတွေးတောရင်း သေတ္တာကို မူလနေရာတွင် ပြန်ထားကာ ထိုနေရာမှ ထွက်လာလိုက်သည်။

‎

‎ချုံပုတ်တစ်ခုထဲတွင် ပုန်းအောင်းရင်း အိုင်ဗီသည် တစ်စုံတစ်ယောက်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။

‎

‎ကမ္ဘာကြီးကို လင်းထိန်စေသည့် တောက်ပသောအလင်းရောင်မှာ တဖြည်းဖြည်း မှိန်ဖျော့သွားကာ ကောင်းကင်ယံတွင် လိမ္မော်ရောင်သန်းသည့် အလင်းတန်းများ နေရာယူလာသည်အထိ... မည်သူတစ်ဦးတစ်ယောက်မျှ ပေါ်မလာခဲ့ပေ။

‎"ဒါဆို... ငါ့မတိုင်ခင် တစ်ယောက်ယောက် ရောက်လာပြီး လက်စွပ်ကို ယူသွားတာလား?" အိုင်ဗီ တစ်ယောက် အတွေးထဲ နစ်ဝင်နေမိသည်။

‎

‎ထိတ်လန့်စရာ အတွေးတစ်ခုက သူမ၏ ခေါင်းထဲသို့ ရုတ်တရက် ဝင်လာ၏။

‎

‎"နေပါဦး... တခြားတစ်ယောက်ယောက်ကလည်း ပြန်လည်မွေးဖွားလာတာလား? ဒါဆိုဘယ်သူလဲ?"

‎

‎လက်စွပ်ကို နောက်တစ်ကြိမ် ထပ်ပြီး အခိုးခံလိုက်ရပြီဟု တွေးမိသည်နှင့် အိုင်ဗီ၏ မျက်နှာမှာ မဲမှောင်သွားကာ ထိုလက်စွပ်ကို ပြန်လည်လုယူချင်သည့် စိတ်ကလွဲ၍ ဘာမှမရှိတော့ပေ။

‎

‎သူမသည် ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်စဉ် သေတ္တာလေးကို မြင်သွားသည်။ လက်စွပ်ကို မရနိုင်သေးလျှင်တောင် ဤသေတ္တာကိုတော့ သူမ သိမ်းထားသင့်သည်။ နောက်ပိုင်းတွင် လက်စွပ်ကို ပြန်တောင်းရန် သက်သေအဖြစ် အသုံးချနိုင်သည် မဟုတ်လား။

‎

‎ထိုသို့တွေးကာ သေတ္တာကို ကောက်ယူပြီး သူမ၏ ဘောင်းဘီပွကြီး၏ အိတ်ကပ်ထဲသို့ လုံခြုံအောင် ထည့်လိုက်ပြီးနောက် တောင်ပေါ်မှ ဆင်းခဲ့တော့သည်။

‎

‎သူမ အိမ်ပြန်ရောက်သည့်အချိန်တွင် ည ၈ နာရီ ရှိနေပြီဖြစ်သည်။ စိတ်မကြည်မလင်ဖြင့် တံခါးကို ဖွင့်လိုက်ရာ နားမခံသာသော စကားသံများက သူမ၏ နားထဲသို့ တိုးဝင်လာပြန်သည်။

‎

‎"ဖေဖေ... အိုင်ဗီ့ကို အပြစ်ပေးမှဖြစ်မယ်နော်! ဒီနေ့ သူ သမီးကို သတ်ဖို့အထိ လုပ်ခဲ့တာ။ တကယ်လို့ သမီးသာ သေသွားရင် ဘယ်လိုလုပ်မလဲ? သမီးက အများကြီး တောင်းဆိုခဲ့တာလည်း မဟုတ်ပါဘူး! သူ့ကို အိမ်သန့်ရှင်းရေးလုပ်ဖို့နဲ့ ထမင်းချက်ခိုင်းဖို့ပဲ ပြောခဲ့တာပါ!" အိုင်စလာ၏ ချွဲနွဲ့တိုင်တောသံမှာ အိုင်ဗီ၏ နားထဲတွင် ဟိန်းထွက်နေ၏။

‎

‎အိုင်ဗီ၏ မျက်ဝန်းထဲတွင် စိတ်ပျက်မှုနှင့် လူသတ်ချင်သည့် အငြိုးအတေးတို့ လျှပ်ခနဲ ဖြတ်ပြေးသွားသည်။

‎

‎ကမ္ဘာပျက်ကပ်ကြီးသာ ဆိုက်ရောက်မနေဘူးဆိုရင် အိုင်စလာတစ်ယောက် 'အကောင်းဆုံး မင်းသမီးဆု' ရမှာ သေချာတယ်ဟု အိုင်ဗီ တွေးမိသည်။

‎

‎မက်ဂနပ်စ် ၏ အမိန့်အာဏာပါလှသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။

‎

‎"မပူပါနဲ့ သမီးရယ်။ သူ့ရဲ့ အချိုးမပြေမှုတွေ အကုန်ပျောက်သွားတဲ့အထိ ဖေဖေကိုယ်တိုင် ကြိမ်တံနဲ့ ရိုက်မှာပါ။ နောက်ထပ် ၂ ရက်လည်း သူ့ကို ထမင်းမကျွေးဘူး! ပြီးတော့ နောက်လအထိ အိမ်အလုပ် အားလုံးကိုလည်း သူပဲ လုပ်ရလိမ့်မယ်။ သူ့ရဲ့ ဒေါသတွေကို ထပ်ပြီး ထုတ်ပြရဲသေးလားဆိုတာ ကြည့်ကြသေးတာပေါ့”

‎အိုင်ဗီ၏ ဦးခေါင်းထဲမှ အာရုံကြောတစ်ခုမှာ ဒေါသကြောင့် ဆတ်ခနဲ တုန်သွားသည်။

‎

‎ဤစကားလုံးများသည်ပင် သူမ၏ အမည်ခံ "ဖခင်"က ယခင်ဘဝတုန်းက ပြောခဲ့သည့် စကားများ မဟုတ်ပါလား။

‎

‎ရယ်စရာကောင်းလိုက်လေခြင်း။

‎

‎ယခင်ဘဝတုန်းက ဘရင်းစတုန်းတောင်တန်းကနေ သူမ ပြန်ရောက်လာချိန်မှာ ဒီဟန်ဆောင်မိသားစုဆီကနေ ၃ ရက်တိတိ နွေးထွေးမှုကို ရရှိခဲ့ဖူးသည်။

‎

‎အဲ့ဒီနောက်မှာတော့ အိုင်စလာက သူမရဲ့ရိက္ခာကို အိုင်ဗီက ခိုးယူဖို့ ကြိုးစားတယ်ဆိုပြီး အကွက်ဆင် စွပ်စွဲခဲ့တာကြောင့် မက်ဂနပ်စ်က အခုလို စကားမျိုးကို ပြောခဲ့ခြင်းဖြစ်သည်။

‎

‎၄ ရက်မြောက်နေ့မှာတော့ အိုင်ဗီဟာ ၂ နာရီကြာအောင် ကြိမ်လုံးနဲ့ ရိုက်နှက်ခြင်း ခံခဲ့ရသည်။ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ ဒဏ်ရာဗရပွနဲ့ ကျန်ရစ်ခဲ့ပေမဲ့ သူမရဲ့ အမည်ခံ 'ဖခင်'ကတော့ အနည်းငယ်မျှပင် နောင်တရခြင်း မရှိခဲ့ပါ။

‎

‎၅ ရက်မြောက်နေ့ 'စွမ်းအင်မိုး' ရွာသွန်းချိန်မှာတော့ သူက သူမကို တိုက်ခန်းအပြင်ဘက်ကို ဆွဲထုတ်ဖို့ ဝေခွဲမနေခဲ့သလို၊ မိုးရေထဲမှာ ဒူးထောက်ခိုင်းပြီး မိုးရေစိုရွှဲနေအောင် လုပ်ခဲ့သည်။

‎

‎ကံကောင်းလို့သာ သူမဆီမှာ လက်စွပ်ရှိနေခဲ့တာ၊ မဟုတ်ရင် သူမ အဲ့ဒီနေ့မှာတင် သေဆုံးသွားနိုင်သလို... ဒါမှမဟုတ် ပိုဆိုးတာက ဇွန်ဘီတွေရဲ့လက်ထဲမှာ အသက်ပျောက်သွားနိုင်ပါတယ်။

‎

‎"သနားစရာကောင်းတဲ့ ငါ့သမီးလေး... သူ တော်တော်လေး ခံစားလိုက်ရရှာတာ! မက်ဂနပ်စ်... ကျွန်မပြောတာ နားထောင်ဦး။ သူ့ကို ရိုက်ရုံနဲ့တင် မလုံလောက်ဘူး။ ဒီတစ်ခါတော့ သူ့ကို ကောင်းကောင်းကြီး သင်ခန်းစာပေးဖို့ လိုတယ်။ တိုက်ခန်း ၄၀၄ က ပက်ထရစ်က အကူတစ်ယောက်ပေးရင် ခေါက်ဆွဲခြောက် ၂ ဘုး ပေးမယ်လို့ ပြောနေတယ်၊ အိုင်ဗီ့ကို သူ့ဆီပဲ ထည့်ပေးလိုက်ပါ။ သူက သူ့ကို ကောင်းကောင်းကြီး ဆုံးမပေးပါလိမ့်မယ်" ဆာဖီနာက မရေမရာဖြစ်စေမည့် လေသံဖြင့် အကြံပြုလိုက်သည်။

‎

‎အိုင်ဗီတစ်ယောက် ရွံရှာလွန်းသဖြင့် ပျို့အန်ချင်စိတ်ပင် ပေါက်လာပြီး သူမ၏ မျက်ဝန်းထဲမှ လူသတ်ချင်သည့် အငြိုးအတေးများမှာ ပိုမိုခိုင်မာလာခဲ့သည်။

‎

‎ပက်ထရစ်... အဲ့ဒီလူယုတ်မာ... သူ့ကို သူမ ဘယ်လိုလုပ် မေ့နိုင်ပါ့မလဲ။

‎

‎သူမ သူတို့အားလုံးကို သတ်ပစ်ချင်နေပြီ...

‎ တစ်ယောက်မကျန်... အားလုံးကို။

‎ဒီလူယုတ်မာတွေဟာ အသက်ရှင်နေထိုင်ဖို့ မထိုက်တန်ကြဘူး။ သူတို့တွေဟာ ခွေးသေ သေသင့်တာ။ မဟုတ်သေးဘူး... အဲ့ဒါက သူတို့အတွက် သက်ညှာလွန်းရာ ကျနေဦးမယ်။ သူတို့တွေကို သေခွင့်ပေးပါလို့ တောင်းပန်လာတဲ့အထိ သူမ လုပ်ချင်တာ။

‎

‎မက်ဂနပ်စ်၏ မျက်နှာတွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာပြီး ခေါင်းငြိမ့်လိုက်သည်ကို အိုင်ဗီ စောင့်ကြည့်နေမိသည်။

‎

‎"မင်းပြောတာ မှန်တယ်။ သူ့ကို ဆုံးမဖို့ လိုအပ်နေပြီ"

‎

‎အိုင်ဗီ၏ နှုတ်ခမ်းမှ နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာရာ ဧည့်ခန်းထဲရှိ လူသုံးယောက်လုံး၏ အာရုံက အိုင်ဗီထံသို့ ရောက်ရှိသွားတော့သည်။

‎

‎"ဒီလူအိုကြီးဆီကို ပို့မှာကို ငါက ဒီအတိုင်း ထိုင်စောင့်နေမယ်လို့ နင်တို့လို လူယုတ်မာတွေ တကယ်ပဲ ထင်နေကြတာလား?" အိုင်ဗီက ရူးသွပ်နေသည့် အကြည့်များဖြင့် မေးလိုက်သည်။

‎

‎သူမ၏ အရှိန်အဝါမှာ ငရဲမှ တက်လာသော မိစ္ဆာတစ်ကောင်အလား ချက်ချင်း ပြောင်းလဲသွား၏။

‎

‎သူမသည် သူမ၏ ပန်းရောင်ဆံနွယ်များကို စုစည်းချည်နှောင်လိုက်ပြီး ခေါင်းကို ဘယ်ပြန်ညာပြန် စောင်းလိုက်သည်။ ထိုသို့လုပ်နေစဉ်အတွင်းမှာလည်း ထိုမိသားစုဝင်သုံးယောက်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသဖြင့် သူတို့အားလုံး ထိတ်လန့်သွားကြတော့သည်။

‎

‎"နင်... အိုင်ဗီ... နင် ဘာလို့ အဲ့ဒီလို မျက်နှာဘေးနဲ့ ကြည့်နေတာလဲ?" အိုင်စလာက ကြောက်လန့်တကြားဖြင့် စကားများ ထစ်အကုန်ကာ နောက်သို့ ဆုတ်ကုန်သည်။

All Chapters