← Chapters

ရိုက်နှက်ခြင်း

Vol. 1 Ch. 6

ရိုက်နှက်ခြင်း

Vol. 1 Ch. 6

‎အိုင်ဗီက ရယ်ချလိုက်သည်။ သို့သော် ထိုရယ်သံမှာ တစ်ဖက်လူကို နွေးထွေးမှုပေးနိုင်သည့် ပေါ့ပေါ့ပါးပါးရယ်သံမျိုး မဟုတ်ခဲ့ဘဲ ဧည့်ခန်းအတွင်းရှိ လူသုံးယောက်ကို ကျောချမ်းသွားစေနိုင်လောက်သည့် အေးစက်စက်ရယ်သံမျိုးသာ ဖြစ်နေသည်။

‎

‎"အိုင်... အိုင်ဗီ၊ နင် ကိုယ့်ကိုယ်ကိုယ် ထိန်းစမ်း" ဆာဖီနာက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

‎

‎သူမမျက်နှာတွင် ကြောက်ရွံ့မှုများ ထင်ဟပ်နေသလို အနီးကပ်သေချာကြည့်လျှင်လည်း ဝေခွဲမရသည့် ဇဝေဇဝါဖြစ်မှုကို တွေ့နိုင်သည်။

‎

‎သူမ၏ လက်ခုပ်ထဲကရေလို တစ်သွေမတိမ်း နာခံတတ်ပြီး ဘယ်တုန်းကမှ ပြန်မပြောခဲ့သည့် ထိုစုတ်ဖွားမလေးက ရုတ်တရက်ဆိုသလို လုံးဝကို မသိဖူးတဲ့သူတ‌စ် ယောက်အလား ပြောင်းလဲသွားခဲ့သည်။

‎

‎"နင် အခုချက်ချင်း ဒူးထောက်ပြီး တောင်းပန်ရင်တောင်းပန်၊ မဟုတ်ရင်တော့... ငါ... ငါ တကယ်စိတ်တိုတော့မှာနော်" ဆာဖီနာက ဆက်လက်၍ ခြိမ်းခြောက်နေဆဲ။

‎

‎အိုင်ဗီဆိုတာ ဆာဖီနာကိုယ်တိုင် ကောက်ယူမွေးစားထားသည့် ကောင်မလေးတစ်ယောက်သာ ဖြစ်သည်။ ဒီလိုကလေးက သူမကို ဘယ်လိုများ ဒီလိုအမူအရာမျိုး ပြရဲရတာလဲ။ ဘယ်သူကများ သူမကို ဒီလိုအခွင့်အရေး ပေးလိုက်လို့လဲ။

‎

‎အိုင်ဗီသည် အိုင်စလာနှင့် ဆာဖီနာတို့၏ ရှေ့တွင်သာ ခေါင်းငုံ့နေရမည့်သူ မဟုတ်ပါလား။

‎

‎"ဒါဆိုရင်လည်း စိတ်ရှိတိုင်းသာ လုပ်လိုက်ပါတော့... အမေ။" အိုင်ဗီက အမေဆိုသည့် စကားလုံးကို ခပ်လေးလေး အလေးအနက် ပြောလိုက်ရာ ဆာဖီနာမှာ ကြောက်လန့်ပြီး တုန်တက်သွားတော့သည်။

‎

‎မိသားစုဝင်များကို ဂရုမစိုက်တော့ဘဲ အိုင်ဗီသည် ကြိမ်လုံးရှိရာဆီသို့ လျှောက်သွားကာ အံဆွဲထဲမှ ထုတ်ယူလိုက်သည်။

‎

‎အနက်ရောင် နွားသားရေပတ်ကြိမ်၏ လက်ကိုင်မှာ နူးညံ့ပြီး ကိုင်တွယ်ရ အဆင်ပြေသလို အစင်းရာလေးများပင် မရှိဘဲ ကျစ်လျစ်နေသည်။ ကြိမ်လုံး၏ အပြားမှာ လက်သုံးချောင်းစာမျှ ကျယ်၏။

‎

‎၎င်းမှာ အိုင်ဗီ၏ အရင်းနှီးဆုံး သူငယ်ချင်းပင်။ ငယ်စဉ်ကတည်းက သူမ အောင့်အည်းသည်းခံခဲ့ရသမျှ အရာအားလုံး၏ သက်သေပင် ဖြစ်သည်။ အမှားလေးတစ်ခုမျှ လုပ်မိသည်နှင့် သူမသည် ဤကြိမ်လုံးနှင့် အမြဲအရိုက်ခံခဲ့ရသည်။ သူမ၏ ချစ်လှစွာသောဖခင်ဖြစ်သူကတော့ တစ်ကြိမ်မကျန် ကိုယ်တိုင်ကိုယ်ကျ အပြစ်ပေးခဲ့သူပေါ့။

‎

‎အိုင်ဗီ၏ မျက်ဝန်းအစုံတွင် နာကျည်းမှုရိပ်များ ထင်ဟပ်နေရင်း "ရှင်တို့ ကျွန်မကို ကြိမ်နဲ့ရိုက်ချင်နေတာ မဟုတ်လား? စိတ်မပူပါနဲ့၊ ကျွန်မမှာ အပြစ်ရှိတာမို့ ကျွန်မဘာသာပဲ ရိုက်ပါ့မယ်။ ဒါပေမဲ့... ကျွန်မ ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးလို့ ပြီးတာနဲ့ ရှင်တို့အားလုံးရဲ့အလှည့်ပဲ" ဟု ပြောလိုက်သည်။

‎

‎ရဗင်ခရော့ဖ် မိသားစုဝင်များ ဘာဖြစ်နေမှန်း နားမလည်နိုင်ခင်မှာပင် အိုင်ဗီသည် ကြိမ်လုံးကို လွှဲကာ ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်လိုက်တော့သည်။ ကြိမ်လုံးနှင့် အရေပြား ထိကပ်သွားသည့် ခဏချင်းမှာပင် ကျောပြင်မှ စူးရှသော နာကျင်မှုကြောင့် သူမ ကိုယ်လေး တွန့်ခနဲ ဖြစ်သွားရသည်။

‎

‎'ဆိုင်းလပ်စ်... တောင်းပန်ပါတယ်။ ငါ့ကြောင့်နဲ့ နင် ငါ့ကိုကယ်ရင်း ဒုက္ခရောက်ပြီး သေခဲ့ရတယ်'

‎

‎ရွှမ်း... နောက်ထပ် တစ်ချက်။

‎

‎'မေမေ၊ ဖေဖေ၊ မမနဲ့ မောင်လေးတို့... တောင်းပန်ပါတယ်။ သမီးကြောင့်နဲ့ အားလုံး အသေဆိုးနဲ့ သေခဲ့ကြရတယ်'

‎

‎ရွှမ်း...

‎

‎'အဲရီရယ်... တောင်းပန်ပါတယ်။ ငါ့ကိုကယ်ဖို့ ကြိုးစားရင်း နင် အသက်ပေးခဲ့ရတယ်'

‎

‎ရွှမ်း...

‎'ဂျက်... ငါ့ကြောင့်နဲ့ နင် နင့်ရဲ့ညီမလေးကို ဆုံးရှုံးခဲ့ရတယ်၊ တောင်းပန်ပါတယ်'

‎

‎ရွှမ်း...

‎

‎'အမီလီယာ... ငါ့ကြောင့်နဲ့ နင် နင့်ချစ်သူကို ဆုံးရှုံးခဲ့ရတယ်၊ တောင်းပန်ပါတယ်'

‎

‎ရွှမ်း...

‎

‎အိုင်ဗီက ကိုယ့်ကိုယ်ကိုယ် မနားတမ်း ရိုက်နှက်နေသည်ကို ကြည့်ရင်း ရဗင်ခရော့ဖ် မိသားစုဝင် သုံးယောက်စလုံး၏ မျက်နှာများ သွေးမရှိ‌ တော့သလိုဖြူ ဖျော့ကုန်ကြသည်။

‎

‎အိုင်ဗီ... သူမသည် လူသားတစ်ယောက်နှင့်ပင် မတူတော့ချေ။ မြင်းမြီးပုံစံ စည်းထားသည့် သူမ၏ လှပသော ပန်းရောင်ဆံနွယ်များမှာ လှုပ်ရှားမှုနှင့်အတူ လွင့်ခါနေပြီး၊ ဖြူဖွေးသော အသားအရေပေါ်တွင်လည်း သွေးစို့နေသည့် အနီရောင်အစင်းကြောင်းများက တစ်ခုပြီးတစ်ခု ထင်ကျန်လာသည်။ သို့သော် သူမ၏ ရင့်မှည့်သော ပန်းရောင်မျက်ဝန်းအစုံမှာမူ နောင်တတရားများဖြင့်သာ ပြည့်နှက်နေလေသည်။

‎

‎နောင်တတရား... ဘယ်လိုလူမျိုးရဲ့ နှလုံးသားကိုမဆို ကြေကွဲသွားစေနိုင်လောက်သည့် နောင်တမျိုးပင်။

‎

‎ထိုမျက်ဝန်းများထဲတွင် မိမိကိုယ်ကိုယ် ရွံရှာမုန်းတီးနေသည့် အရိပ်အယောင်များလည်း ရှိနေပြီး သူမကိုယ်သူမ အလိုမရှိတော့သလိုမျိုးပင်။

‎

‎ဒီအချိန်မှာတော့ သူတို့သုံးယောက်စလုံး၏ ခေါင်းထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။

‎

‎'အိုင်ဗီ ရူးသွားပြီ။'

‎

‎ရုတ်တရက်ဆိုသလို ကြိမ်လုံးရိုက်သံများ ရပ်တန့်သွားပြီး အိုင်ဗီက သူတို့ကို လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်နှာမှာ မည်သည့်ခံစားချက်မျှ မရှိဘဲ အေးစက်တောင့်တင်းနေ‌ လေ၏။

‎ရဗင်ခရော့ဖ် မိသားစုဝင်များမှာ ထွက်ပြေးချင်စိတ်များ ပေါက်နေကြသော်လည်း မက်ဂနပ်စ်ကမူ သူ၏ အရှိန်အဝါကို အပွန်းအပဲ့ မခံနိုင်သဖြင့် ပါးစပ်ဟလိုက်ပြီး...

‎

‎"နင် ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးလိုက်ရုံနဲ့ ဒီပြစ်ဒဏ်ကနေ လွတ်မယ်လို့ ထင်နေတာလား မရဘူး။ ငါကိုယ်တိုင် နင့်ကို ရိုက်ရဦးမယ်။ အဲဒီကြိမ်လုံး ငါ့ကိုပေးစမ်း"

‎

‎"မက်ဂနပ်စ် ရဗင်ခရော့ဖ်..." အိုင်ဗီက တည်ငြိမ်လွန်းသည့် လေသံဖြင့် သူ့ကို အမည်တပ်ခေါ်လိုက်သည်။ "ပထမဆုံး အပြစ်ပေးခံရမယ့်သူက ရှင်ပဲ။"

‎

‎"ဘာ...ဘာကို ဆိုလိုတာလဲ"

‎

‎မက်ဂနပ်စ် စကားပင် မဆုံးသေးခင်မှာပင် အိုင်ဗီက နွားသားရေပတ်ကြိမ်ကို သူရှိရာဘက်သို့ လွှဲရိုက်လိုက်လေသည်။

‎

‎ဖြောင်း

‎

‎"အား" မက်ဂနပ်စ် အော်ဟစ်လိုက်ရသည်။ ကြိမ်လုံး၏ စူးရှသော နာကျင်မှုကြောင့် သူ၏အရေပြားများ ကွာကျသွားသလား ထင်မှတ်ရကာ ကိုယ်လေးပင် တွန့်တက်သွား၏။ "ဘာလုပ်တာလဲ အိုင်ဗီ...နင် ဘာတွေဖြစ်နေတာလဲ"

‎

‎အိုင်ဗီက သူ့စကားတွေကို လျစ်လျူရှုထားပြီး ကြိမ်လုံးကို အနောက်သို့ ပြန်ဆွဲကာ ပိုမိုပြင်းထန်သည့် အရှိန်ဖြင့် လွှဲရိုက်လိုက်ပြန်သည်။

‎

‎"ဒါက ကျွန်မကို အမြဲတမ်း ရိုက်နှက်ခဲ့ပြီး... ဘယ်တုန်းကမှ ကျွန်မဘက်က မရပ်တည်ပေးခဲ့တဲ့အတွက်"

‎

‎ရွှမ်း...

‎

‎"အား" မက်ဂနပ်စ် အော်ဟစ်လိုက်ပြီး ထွက်ပြေးဖို့ ပြင်တော့သည်။ ကြိမ်လုံးနှင့် အရိုက်ခံရသည့် နာကျင်မှုသည် ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု သူ၏တစ်သက်တာတွင် တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။ 'ကြိမ်လုံးက ပိုပြားလေလေ နာကျင်မှု ပိုနည်းလေလေပဲလို့ ဆာဖီနာ ပြောခဲ့တာပဲ။ ဘာလို့ ဒီလောက်တောင် သေလုမတတ် နာနေရတာလဲ' သူက အိုင်ဗီနှင့် ဝေးရာကို ကြိုးစားပြီးပြေးရန် တွေးနေမိသည်။ သို့သော် အိုင်ဗီက သူ၏လှုပ်ရှားမှုကို ကြိုတင်ရိပ်မိနေသဖြင့် နောက်မှ လိုက်ကာ ထပ်မံရိုက်နှက်လိုက်ပြန်သည်။

‎

‎"အင့်.....အိုင်ဗီ တော်တော့! နင် ငါ့ယောင်္ကျားကို ဘာလုပ်နေတာလဲ?" ဆာဖီနာက ကြောင်အနေရာမှ သတိဝင်လာပြီး အိုင်ဗီနောက်သို့ လိုက်ဆွဲတော့သည်။

‎

‎သူမရှေ့တွင် မြင်တွေ့နေရသည့် မြင်ကွင်းကို သူမကိုယ်တိုင်ပင် မယုံကြည်နိုင်ဖြစ်နေရသည်။

‎ဒါဟာ သူတို့ကို ဘုရားသခင်လို ကိုးကွယ်ပြီး အမြဲတမ်း ခေါင်းငုံ့ခံနေတဲ့ အိုင်ဗီ ဟုတ်ပါဦးမလား?

‎

‎အိုင်ဗီ ကြောက်စရာကောင်းသောအပြုံးတစ်ခုနှင့် ဆာဖီနာဘက်သို့ လှည့်လာကာ...

‎

‎"စိတ်မပူပါနဲ့။ ရှင့်ဆီကိုလည်း ကျွန်မ လာခဲ့မှာပါ။ ရှင့်ရဲ့ အပြစ်စာရင်းက သူထက်တောင် အများကြီး ပိုရှည်သေးတယ်"

‎

‎"ငါ့ယောင်္ကျားကို ဒီလိုစော်ကားနေတာကို ငါက ဒီအတိုင်းရပ်ကြည့်နေမယ် ထင်နေလား?" ဆာဖီနာက အိုင်ဗီရှိရာသို့ ဒေါသတကြီး လျှောက်လာရင်း မေးခွန်းထုတ်လိုက်သည်။

‎

‎ဆာဖီနာအတွက်တော့ သူမ၏ယောင်္ကျားသည် အရေးကြီးဆုံးဖြစ်သည်။ ဘယ်သူ့ကိုမှ သူ့ကို ထိခိုက်ခွင့် မပေးနိုင်။

‎"ဒါဆိုရင်လည်း ဒီအတိုင်း မနေပါနဲ့။ သူ့ရဲ့ ဝေဒနာတွေကို လာပြီး မျှဝေခံစားလိုက်လေ"ဟု အိုင်ဗီက ထိုကြောက်စရာအပြုံးနဲ့ပင်ပြောလိုက်သည်။

‎

‎ဆာဖီနာအနေဖြင့် ထိုစကားကို အဓိပ္ပာယ်ဖော်ရန် အချိန်ပင်မရလိုက်ဘဲ အိုင်ဗီက သူမကိုပါ တိုက်ခိုက်လိုက်တော့သည်။

‎

‎ရွှမ်း...

‎

‎"အားးး" အရိုးကွဲမတတ် နာကျင်မှုကို မခံစားရမချင်း ဆာဖီနာတစ်ယောက် အခြေအနေ၏ ပြင်းထန်မှုကို သတိမမူမိခဲ့ပေ။ ရိုက်ချက်ပြင်းထန်မှုကြောင့် သူမ၏ ဒူးများ ညွတ်ခွေသွားကာ လက်မောင်းကို ဆုပ်ကိုင်ရင်း နောက်သို့ ယိုင်လဲသွားတော့သည်။

‎

‎"နင်...နင်...မကောင်းဆိုးဝါးမ" သူမက အော်ဟစ်လိုက်သည်။ နာကျင်မှုကြောင့်ထက် အရှက်ရမှုကြောင့် သူမ၏ မျက်ဝန်းထောင့်တွင် မျက်ရည်များ ဝဲတက်လာရသည်။

‎

All Chapters