လျှို့ဝှက်အကန့်
Vol. 1 Ch. 9
အိုင်ဗီက ခေါင်းညိတ်ပြလိုက်သော်လည်း သူမ၏မျက်နှာမှာ မည်သည့်ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေဆဲပင်။ သူမသည် ဒေါ်လေးဂျူးန်ကို ရှုပ်ထွေးလှသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိသည်။
ဒေါ်လေးဂျူးန်၏ အကြည့်တို့က ဧည့်ခန်းကကြမ်းပြင်ပေါ်တွင် လဲကျနေသည့် လူနှစ်ယောက်ထံသို့ ရောက်သွားပြီးနောက် ခေတ္တမျှ မှင်သက်သွားသည်။ ခဏတာမျှ သူမ၏မျက်ဝန်းထဲတွင် ထိတ်လန့်သွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း အိုင်ဗီ့ကို ပြန်ကြည့်လိုက်သည်။
ဒေါ်လေးဂျူးန်၏ မျက်နှာပေါ်က သေးငယ်သော အမူအရာပြောင်းလဲမှုတိုင်းကို စောင့်ကြည့်နေသည့် အိုင်စလာမှာမူ ဝမ်းသာအားရဖြင့် အလောတကြီး ပြောလိုက်သည်မှာ -
"တွေ့လား သူ ဒီနေ့ မိစ္ဆာတစ်ကောင်လို ပြောင်းလဲသွားတာ ကျွန်မတို့ကို ကူညီပါဦး ကျေးဇူးပြုပြီး"
ဒေါ်လေးဂျူးန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း အခန်းပြင်သို့ လျှောက်ထွက်သွားသည်။
ဒေါ်လေးဂျူးန်တစ်ယောက် အပြင်ရောက်လျှင် အကူအညီတောင်းရန် အော်ဟစ်တော့မည်ဟု အိုင်စလာက ထင်မှတ်ထားသော်လည်း သူမ ကြားလိုက်ရသည့် စကားမှာ -
"သူ့ဆီက ဘာများ မျှော်လင့်နေသေးတာလဲ ယုန်တစ်ကောင်တောင်မှ အကျပ်ရိုက်လာရင် ပြန်ကိုက်တတ်တာပဲ။ အိုင်ဗီသမီး... ဂရုစိုက်နော်။ ဘယ်သူမှ လာပြီး မနှောင့်ယှက်စေရဘူး"
ထိုသို့ပြောပြီးနောက် ဒေါ်လေးဂျူးန်သည် တံခါးကို အပြင်မှ ပိတ်ပေးလိုက်တော့သည်။
အိုင်စလာမှာ ဆွံ့အသွားပြီး တံခါးကို အသည်းအသန် ထုရိုက်ပါတော့သည်။ သို့သော် မည်သူမျှ ပြန်မထူးခဲ့ချေ။ ထိုအစား အိုင်ဗီ၏ အေးစက်လှသော ရယ်သံမှာ အိုင်စလာ၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
"ကဲ... အခု... အခု ဘာဆက်လုပ်မလဲ ငါ့ရဲ့ ချစ်လှစွာသော ညီမလေးရေ"
"အားးးးးးးးးးးး"
...............
အိုင်ဗီသည် ကြမ်းပြင်ပေါ်တွင် လဲကျနေသော လူသုံးယောက်ကို တစ်ချက်ကြည့်ကာ လက်ထဲမှ ကြိမ်လုံးကို ပစ်ချလိုက်ပြီး သူမ၏ အခန်းရှိရာသို့ လျှောက်လှမ်းခဲ့သည်။
ကလေးတစ်ယောက်စာ အိပ်ယာငယ်လေးတစ်ခုသာ ဆံ့သည့် ထိုနေရာကို အခန်းဟု ခေါ်ဆိုရန်ပင် အားနာစရာကောင်းလှသည်။ ထိုနေရာလေးတွင် မှန်တစ်ချပ်နှင့် ပြက္ခဒိန်တစ်ခုသာ ရှိသည်။
အိပ်ယာပေါ်တွင် ထိုင်ရင်း အိုင်ဗီသည် သူမ၏ အနာဂတ်အစီအစဉ်များကို စတင်စဉ်းစားတော့သည်။
သူမထံ ရောက်ရှိလာသည့် ဒီအခွင့်အရေးကို အလဟဿ အဆုံးရှုံးခံ တော့မည်မဟုတ်ပေ။
"ပထမဆုံးအနေနဲ့ ရိက္ခာတွေ စုဆောင်းဖို့ နည်းလမ်းရှာရမယ်" ဟု အိုင်ဗီက တိုးတိုးလေး ရေရွတ်လိုက်သည်။
ရိက္ခာ ၉၉ ရာခိုင်နှုန်းခန့်မှာ အလုအယက် အသိမ်းခံလိုက်ရပြီ ဖြစ်သော်လည်း အိုင်ဗီသည် သူမ၏ ကံကို စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူမ၏ စူပါပါဝါ နှင့်ဆိုလျှင် ဇွန်ဘီ များကို ကြောက်နေစရာ မလိုပေ။
ဂွီ...
ဗိုက်ဆာလာသဖြင့် အိုင်ဗီသည် အိပ်ယာပေါ်တွင် လှဲချလိုက်သည်။
ရဗင်ခရော့ဖ် မိသားစုဝင် သုံးယောက်စလုံးမှာ မေ့လဲနေကြပြီဖြစ်သော်လည်း သူတို့၏ ပါးနပ်သော ဉာဏ်များကတော့ အလုပ်လုပ်နေဆဲပင်။
သူမ၏ ဘဝနှစ်ခုစလုံးတွင် သူတို့၏ ရိက္ခာများကို ဘယ်နေရာမှာ ဖွက်ထားသည်ကို သူမ တစ်ခါမှမသိခဲ့ရချေ။
ထူးဆန်းသည်မှာ အိုင်ဗီ မီးဖိုချောင်ထဲဝင်တိုင်း မီးဖိုချောင်မှာ အမြဲတမ်း အလွတ်အတိုင်း ဖြစ်နေတတ်ခြင်းပင်။
သူတို့၏ ထိုသို့ ပါးနပ်လွန်းမှုကြောင့်ပင် သူတို့သည် သူမ၏ မိဘအရင်းများ မဟုတ်နိုင်ဟု အိုင်ဗီ တစ်ခါမျှ သံသယမဝင်ခဲ့ခြင်း ဖြစ်သည်။
............
နောက်တစ်နေ့တွင် အပြင်ဘက်မှ ဆူညံသံများကြောင့် အိုင်ဗီ နိုးလာခဲ့သည်။ တစ်စုံတစ်ယောက်က သူမ၏ အခန်းတံခါးကို ထုရိုက်နေခြင်းပင်။
ထိုသူမှာ ဒေမီယန်ပင် ဖြစ်လိမ့်မည်ဆိုသည်ကို အိုင်ဗီ အထူးတလည် စဉ်းစားနေစရာကို မလိုတော့ချေ။
မနေ့က သူ ဘာလို့ အိမ်မှာမရှိနေလဲဆိုတာ ဘုရားပဲသိပါလိမ့်မည်။ ဒါပေမဲ့ အခု သူပြန်ရောက်လာပြီဆိုတော့ သေချာပေါက် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောတော့မည်၊ ဒါမှမဟုတ် ပိုဆိုးတာက သူ့ရဲ့ ဗလကိုသုံးပြီး သူမကို ရိုက်နှက်ပေဦးမည်။
အိုင်ဗီသည် သူ့ကို ပြန်လည်ရိုက်နှက်ချင်သော်လည်း လက်တွေ့မှာတော့ သူမ၏ လက်ရှိခန္ဓာကိုယ်က ဒေမီယန်နှင့်ယှဉ်လိုက်လျှင် အလွန်ပင်အားနည်းလွန်းနေသေးသည်။
ထို ဂုပ်သွေးစုပ်တဲ့မိသားစုနှင့် ထပ်မံမပတ်သက်ချင်တော့သဖြင့် အိုင်ဗီသည် ပြတင်းပေါက်ဆီသို့ ကြည့်လိုက်သည်။
တတိယထပ်မှ ခုန်ချခြင်းမှာ အန္တရာယ်ရှိနိုင်သော်လည်း ဇွန်ဘီများရန်မှ ပြေးလွှားရင်း ၅၁ ထပ်တိုက်ပေါ်မှ နောက်တိုက်တစ်ခုသို့ ခုန်ကူးခဲ့ရသည်များနှင့် ယှဉ်လျှင်တော့ ဘာမှမဟုတ်တော့ပေ။
ချက်ချင်းပင် အိုင်ဗီသည် သူမအခန်းရှိ ပြတင်းပေါက်ငယ်လေးမှတစ်ဆင့် အပြင်သို့ ထွက်လိုက်သည်။ ရေပိုက်ကို အသုံးချကာ ကျွမ်းကျင်စွာပင် အောက်သို့ တွယ်ဆင်းခဲ့တော့သည်။
အောက်ထပ်သို့ ရောက်သည်နှင့် အချို့သော ဇမ်ဘီများက အိုင်ဗီရှိရာဘက်သို့ လှည့်ကြည့်လာကြသော်လည်း အိုင်ဗီကို မမြင်ရသလိုမျိုး တစ်ယောက်ပြီးတစ်ယောက် အကြည့်လွှဲသွားကြသည်။
"ပထမဆုံး ရေချိုးခန်းသန့်သန့်တစ်ခုဆီ သွားရမယ်... ကိုယ်လက် ဆေးဖို့လိုတယ်" ဟု အိုင်ဗီ တွေးရင်း အနီးဆုံးရှိ Spa တစ်ခုဆီသို့ ရောက်ရှိသွားသည်။
အတွင်းထဲသို့ ရောက်သောအခါ ဇွန်ဘီအချို့ ဟိုဟိုဒီဒီ သွားလာနေသည်ကို တွေ့လိုက်ရသည်။ အိုင်ဗီသည် အေးအေးဆေးဆေးပင် ထိုဇွန်ဘီများ၏ ဂုတ်ပိုးကို ကန်လိုက်ရာ သူတို့၏ ဦးခေါင်းများ လွင့်ထွက်သွားတော့သည်။
ဂုတ်ပိုးနေရာမှာ အဆင့် ၁ ဇမ်ဘီများ၏ အားနည်းချက်ပင် ဖြစ်သည်။
၅ မိနစ်ခန့်အကြာတွင်...
အိုင်ဗီသည် အခန်းအားလုံးကို စစ်ဆေးပြီး ဇွန်ဘီတစ်ကောင်မှ မကျန်တော့သည်ကို သေချာမှ သူတို့၏ ဦးခေါင်းများကို တစ်ခုပြီးတစ်ခု ခွဲကြည့်လိုက်သည်။
အားလုံးက ဗလာဖြစ်နေသည်။
"ဒါဆို ဇွန်ဘီ အမြူတေ တွေက မဖြစ်တည်သေးဘူးပေါ့?" ဟု အိုင်ဗီ တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမ ထင်ထားသည့်အတိုင်း ဖြစ်သော်လည်း အနည်းငယ်တော့ စိတ်ပျက်မိသွားသည်။
"အရင်ဆုံး ရေချိုးလိုက်တာပဲ ကောင်းမယ်" သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။
Spa ရှိ ရေချိုးခန်းထဲသို့ ဝင်သွားပြီး အိုင်ဗီ ခပ်မြန်မြန်ပင် ရေချိုးလိုက်သည်။ ကံကောင်းသည့်အချက်မှာ ရေများက အခုထိ ညစ်ညမ်းခြင်း မရှိသေးပေ။
အဝတ်အစားများ ပြန်လဲနေစဉ်မှာပင် သစ်သားသေတ္တာလေးကို သူမ သတိထားမိသွားသည်။ မနေ့ညက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များစွာကြောင့် ၎င်းအကြောင်းကို စဉ်းစားရန်ပင် အချိန်မရခဲ့ချေ။
"ဟင်း... ဒီထဲမှာ တစ်ခုခု ဖုံးကွယ်ထားတဲ့ ယန္တရားရှိပြီး လက်စွပ်က အထဲမှာ ပုန်းနေတာများလား?" အိုင်ဗီ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိသည်။
သူမသည် သေတ္တာကိုဖွင့်၊ ပိုးသားအဝတ်အစားများကို ထုတ်လိုက်ပြီး အတွင်းဘက် သစ်သားအောက်ခြေကို ခေါက်ကြည့်လိုက်သည်။
တောက်... တောက်...
အိုင်ဗီ အံ့ဩသွားသည်။ အတွင်းထဲတွင် အခေါင်းပွဖြစ်နေ၏။
တွန့်ဆုတ်မနေဘဲ သစ်သားသေတ္တာကို ကြမ်းပြင်ပေါ်သို့ အားကုန်လွှဲပေါက်လိုက်သော်လည်း ကွဲမသွားချေ။ အရှုံးမပေးလိုသဖြင့် အိုင်ဗီသည် လက်နက်ကိရိယာမျိုးစုံဖြင့် စမ်းသပ်ကြည့်တော့သည်။
ဝက်အူလှည့်၊ တူ၊ သံချောင်း၊ ကတ်ကြေး... ဘာနဲ့ပဲလုပ်လုပ် သူမ၏ ကြိုးစားမှုများမှာ အချည်းနှီးသာ ဖြစ်ခဲ့သည်။
"မဟုတ်ဘူး... ဒါက ယန္တရားတစ်ခုခုနဲ့ ကာကွယ်ထားတာပဲ ဖြစ်ရမယ်" အိုင်ဗီ တွေးရင်း သစ်သားသေတ္တာကို အနီးကပ် စတင်စစ်ဆေးတော့သည်။
၅ မိနစ်ခန့်အကြာတွင် သေတ္တာ၏ ညာဘက်ထောင့်လေးမှာ အရောင်အနည်းငယ် ကွဲပြားနေသည်ကို သူမ သတိပြုမိသွားသည်။
သူမ ထိုနေရာကို အားကုန်ဖိချလိုက်ရာ ခဏအကြာတွင် ထောင့်လေးမှာ အက်ကွဲသွားသည်။ အောက်ဘက်တွင် ခလုတ်လေးတစ်ခု ပုန်းကွယ်နေပြီး အိုင်ဗီက ၎င်းကို နှိပ်လိုက်သည်။
ချလစ်...
သေတ္တာလေးဆီမှ အသံဖျော့ဖျော့ထွက်ပေါ်လာပြီး ဝှက်ထားသော အကန့်လေး ပွင့်ထွက်လာကာ အတွင်းဘက်တွင် ကတ္တီပါအိတ်အနက်လေးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
အိုင်ဗီ၏ လက်ချောင်းလေးများက ထိုအိတ်ကို သတိထားလျက်နှင့်ပင် စူးစမ်းလိုစိတ်ဖြင့် ဆုပ်ကိုင်လိုက်သည်။
သူမ အိတ်ကြိုးကို ဖြေလိုက်ပြီး အတွင်းထဲမှ အရာကို လက်ဖဝါးပေါ်သို့ လောင်းချလိုက်၏။
သို့သော် ထွက်လာသောအရာမှာ သူမ မျှော်လင့်ထားသည်နှင့် လုံးဝကို ကွဲပြားခြားနားနေတော့သည်...။