ဖဲရ်ပွန်တောင်စောင်းများ
Vol. 2 Ch. 12
"ငါတို့ ဖဲရ်ပွန် တောင်စောင်းကို သွားကြမယ်"
ဆိုင်းလပ်စ်က တည်ကြည်သော မျက်နှာထားဖြင့် အိုင်ဗီ့ကို အသိပေးသည်။ "အဲဒီနေရာက လူသူပြတ်တဲ့နေရာမှာ ရှိတာဆိုတော့ တိရစ္ဆာန်အချို့ ကျန်သေးမယ်လို့ ငါတို့ တွက်ထားတယ်။ လူသူအရမ်း အာရုံမစိုက်မိအောင် အဖွဲ့ခွဲပြီး သွားဖို့ စီစဉ်ထားတာ"
အိုင်ဗီက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ ဆိုင်းလပ်စ်၏ အခြားအဖွဲ့ဝင်များ အဘယ်ကြောင့် ရောက်မလာကြသေးသနည်းဟု သူမ စဉ်းစားနေမိသည်။
ဖဲရ်ပွန် တောင်စောင်းသည် ယခုသူတို့ရှိနေသည့်နေရာမှ ကီလိုမီတာ (၅၀) ခန့် ဝေးသည်။ အိုင်ဗီ စိတ်ထဲမှ အချိန်ကို အမြန်တွက်ချက်ကြည့်လိုက်ရာ ကားဖြင့်သွားလျှင် မိနစ် (၅၀) ခန့် ကြာပေလိမ့်မည်။
'ငါသာ အရင်ဘဝက စွမ်းအားတွေ ရှိနေသေးရင်... ဒီခရီးတစ်လျှောက်လုံး သူတို့ကို ကာကွယ်ပေးနိုင်မှာ။ သူတို့အတွက်လည်း အများကြီး ပိုသက်သာသွားမှာပဲ' ဟု အိုင်ဗီ တွေးတောနေမိသည်။
"သွားကြစို့" ဆိုင်းလပ်စ်က ပြောလိုက်သည်။
ဆိုင်းလပ်စ်၏ မိသားစုနောက်ခံကြောင့် ကမ္ဘာပျက်ကပ် မတိုင်မီကတည်းက သူသည် အမည်းရောင် ဂျစ်ကား တစ်စီးကို ပိုင်ဆိုင်ထားခဲ့သည်။ ဤကဲ့သို့ ကမ္ဘာပျက်ကပ်ကာလမျိုးအတွက်တော့ အကောင်းဆုံးသော ရွေးချယ်မှုပင် ဖြစ်သည်။
ကိုးလ်နှင့် အမီလီယာ တို့ကတော့ အခြေအနေကို သိသူများပီပီ ရှေ့ခန်းတွင် ထိုင်ရန် စိတ်ကူးပင် မရှိကြချေ။
သို့သော် ဟင်နရီကတော့ သူတို့နှင့် မတူပေ။ အိုင်ဗီက ရှေ့ခန်းတံခါးကို ဖွင့်လိုက်သည့် ခဏမှာပင် ဟင်နရီက အပြေးအလွှား ရောက်လာပြီး သူမရှေ့တွင် ပိတ်ရပ်ကာ သွားဖြူဖြူလေးများကို ဖြဲပြလျက် ဆိုလာသည်။
"ဆောရီးပဲ အိုင်ဗီ... နင် ဒီနေရာမှာ ထိုင်လို့မရဘူး"
အိုင်ဗီ့ရင်ထဲတွင် တစ်စုံတစ်ရာကို ထူးဆန်းစွာ ဒေါသထွက်ချင်သလို ခံစားလိုက်ရသည်။
"ဘာလဲ... နင်က တစ်ချိန်တုန်းက ဘာတွေလုပ်ဖို့ ကြိုးစားခဲ့လဲဆိုတာ မေ့နေလို့လား၊ အဲဒါကို ငါက နင့်ကို ဒီမှာ ထိုင်ခိုင်းမယ်လို့ ထင်နေတာလား..."
"တော်တော့"
ဆိုင်းလပ်စ်၏ ခြိမ်းခြောက်သံကဲ့သို့ ထွက်ပေါ်လာသော အသံကြောင့် လူတိုင်း၏ ရင်ထဲမှာကြောက်ရွံ့တုန်လှုပ်သွားကြရလေသည်။
ဟင်နရီ့မျက်နှာပေါ်က အပြုံးတွေက ချက်ချင်းဆိုသလို အငွေ့ပျံသကဲ့သို့ ပျောက်ကွယ်သွားသည်။
အိုင်ဗီကိုယ်တိုင်လည်း တစ်ချက်ကလေးမျှပင် မလှုပ်ဝံ့တော့ချေ။
"အိုင်ဗီ့ကို ထိုင်ခုံပေးလိုက်စမ်း။ မပေးဘူးဆိုရင် နောက်ကို အမီလီယာ ဒီအဖွဲ့ထဲမှာ ပါမှာမဟုတ်တော့ဘူး"
ဆိုင်းလပ်စ်၏ ခြိမ်းခြောက်မှုက မှော်ဆန်စွာပင် ထိရောက်သွားသည်။ ဟင်နရီ့မျက်နှာတစ်ခုလုံး ဖြူလျော့သွားပြီး ရှေ့ခန်းမှ ချက်ချင်းပင် ကပြာကယာ ဆင်းပေးလိုက်တော့သည်။
အခြားတစ်ဖက်တွင်တော့ အမီလီယာ က မျက်လုံးလေးလှန်ပြရင်း "ထိုက်တန်တယ်... ခံရမှာပဲ" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
အိုင်ဗီသည် ဆိုင်းလပ်စ်ကို မကြည့်မိအောင် ထိန်းထားရင်း ရှေ့ခန်းတွင် ဝင်ထိုင်လိုက်သည်။ သူမကိုယ်သူမ ဝန်မခံချင်သော်လည်း... သူမသည် တကယ်ကိုပင် အတ္တကြီးလွန်းလှသည်။
ဆိုင်းလပ်စ် ကားမောင်းနေသည့်အချိန်တွင် အခြားမည်သူ့ကိုမျှ သူ့ဘေးက ရှေ့ခန်းမှာ မထိုင်စေချင်ခဲ့သည်မှာ အမှန်ပင်။
လူစုံသွားသည်နှင့် သူတို့အားလုံး ဖဲရ်ပွန်တောင်စောင်းများ ဆီသို့ ချက်ချင်းပင် ဦးတည်ထွက်ခွာလာကြသည်။
ဟင်နရီကတော့ ကားပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေသည့် အိုင်ဗီ့ကို ကြည့်ပြီး စိတ်ထဲမှ မကျေမနပ်ဖြစ်နေမိသည်။
'ဒီတစ်ခါ သူ ဘာတွေ ကြံစည်နေပြန်ပြီလဲ။ ငါတို့ ဒီနေ့ ရသမျှ ရိက္ခာတွေကို ရာဗင်ခရော့ဖ်။ မိသားစုဆီ သတင်းသွားပေးဖို့ လိုက်လာတာလား။ ဒါမှမဟုတ် ငါတို့နောက်က အသာလေး လိုက်ကပ်နေပြီးမှ သူ့ဝေစုကို လက်ဖြန့်တောင်းဖို့လား။ ဒုတိယအချက်ပဲ ဖြစ်မယ်ထင်တယ်။ အား... ငါတို့ခေါင်းဆောင်ကတော့ သင်ခန်းစာ မရနိုင်သေးပါလား'
အမီလီယာ ကတော့ ဟင်နရီ့ရဲ့ ဦးနှောက်ထဲက အမှိုက်တွေကို ရိုက်ထုတ်ပစ်ချင်နေမိသည်။
'ဒီလူအကတော့... ဘာလို့ နားမလည်ရတာလဲ။ ခေါင်းဆောင်က သင်ခန်းစာ မရတာမဟုတ်ဘူး။ သူက သူမကို မစွန့်လွှတ်နိုင်တာပဲ'
သူမ၏ အကြည့်များက အိုင်ဗီ့ဆီသို့ အလိုလို ရောက်သွားမိသည်။ အိုင်ဗီကတော့ ထူးခြားသည့် အလှတရားမျိုးကို ပိုင်ဆိုင်ထားသူပင်။ လူသားတွေရဲ့ ဆံပင်မှာ ပန်းရောင်လိုမျိုး သဘာဝမဟုတ်တဲ့ အရောင်တွေ မရှိနိုင်ဘူးလို့ ဆောင်းပါးတစ်ပုဒ်မှာ သူမ ဖတ်ဖူးသော်လည်း အိုင်ဗီ့မှာတော့ ထိုအရောင်က ရှိနေသည်။ ဒါဟာ တကယ့်ကို သဘာဝတရားရဲ့ အံ့ဖွယ်ဖန်တီးမှုတစ်ခုပင်။
'ခေါင်းဆောင်က အိုင်ဗီ့ကို ချစ်လွန်းလို့ လူတိုင်းကိုတောင် ဆန့်ကျင်ဖို့ အဆင်သင့်ပဲ၊ သူ့မိသားစုကိုတောင်မှပေါ့။ ဟင်နရီကတော့ လူအ လိုမျိုး အိုင်ဗီ့ကို လိုက်ပြီး ရန်စနေတုန်းပဲ။ ဆိုင်းလပ်စ်ရဲ့ ရှေ့မှာတော့... အိုင်ဗီဟာ ဥပဒေပဲလေ'
အခြားတစ်ဖက်တွင်မူ ကိုးလ်သည် အိုင်ဗီ၏ ဘေးတိုက်ပုံရိပ်လေးကို စိုက်ကြည့်ရင်း အတွေးပွားနေမိသည်။
'ဘာလို့ အိုင်ဗီက အရင်ထက် ပိုပြီး ကြံ့ခိုင်သန်စွမ်းလာသလို ခံစားနေရတာလဲ။ ငါပဲ သူ့ကို စိန်ခေါ်ပြီး ယှဉ်ပြိုင်ကြည့်ရမလား။ အား... မဖြစ်သေးပါဘူး၊ ခေါင်းဆောင်သာ သိသွားရင်တော့ ငါ့ကို သူ့မိန်းမကို နှိပ်စက်ပါတယ်ဆိုပြီး အရိုးတခြား အသားတခြား ဖြစ်အောင် လုပ်တော့မှာ အသေအချာပဲ'
သူတို့အားလုံး ကိုယ်စီကိုယ်ငှ အတွေးကမ္ဘာထဲ နစ်မျောနေကြစဉ်မှာပင် မသိလိုက်မသိဘာသာဖြင့် ဖဲရ်ပွန်တောင်စောင်းများ သို့ ဆိုက်ရောက်လာခဲ့ကြသည်။
အဖွဲ့သားအားလုံးကို အံ့အားသင့်သွားစေသည့်အချက်မှာ လမ်းခရီးတစ်လျှောက်တွင် တွေ့ခဲ့ရသည့် ဇမ်ဘီအရေအတွက်ပင် ဖြစ်သည်။
"ဟမ်... ငါပဲ ထင်နေတာလား၊ ဒီတစ်ခေါက် လမ်းမှာတွေ့ရတဲ့ ဇမ်ဘီတွေက အရင်ကထက် အများကြီး နည်းသွားသလိုပဲနော်"
ဟင်နရီသည် သိလိုစိတ်ကို မအောင့်ထားနိုင်သည့် လူမျိုးပီပီ လှမ်းမေးလိုက်သည်။
"အကြောင်းရင်း တစ်စိတ်တစ်ပိုင်းကတော့ ဒီနေရာက လူသူပြတ်လပ်တဲ့ နေရာဖြစ်နေလို့ပါ"
အိုင်ဗီက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း ပြောလိုက်သော်လည်း သူမ၏ ရင်ထဲတွင်မူ -
'နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ ငါ့ရဲ့ စွမ်းအားကြောင့်များလား' ဟု တွေးတောနေမိသည်။
"ဘေးကင်းဇုန်" ဟူသော ထူးခြားစွမ်းအား...။
ထိုစွမ်းအားသည် သူမကိုယ်သူမသာမက ပတ်ဝန်းကျင်ရှိ လူများကိုပါ ကာကွယ်ပေးနိုင်သည်။ အဆင့်မြင့်တက်လာသည်နှင့်အမျှ ထိုစွမ်းအားသည်လည်း အလိုအလျောက် အမြဲတမ်းအလုပ်လုပ်နေသည့် အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။
အိုင်ဗီသည် သူမ၏ အရင်ဘဝက ထိုရှားပါးလှသော စွမ်းအားကို ပိုင်ဆိုင်ခဲ့ဖူးသည်။ ထို့ကြောင့်ပင် နောက်ဆုံးတွင် သူမ သေချင်ခဲ့သော်လည်း ထိုစွမ်းအားကြောင့်ပင် သေခွင့်မရဘဲ အသက်ရှင်နေခဲ့ရခြင်း ဖြစ်သည်။
သို့သော် ပြဿနာတစ်ခုမှာ... သူမ၏စွမ်းအား အဆင့်မြင့်လာမှသာ အခြားသူများကို ကာကွယ်ပေးနိုင်ခြင်း ဖြစ်သည်။ သူမ၏ တွက်ချက်မှုအရ ယခုအချိန်တွင် သူမသည် အဆင့် (၀) မှာသာ ရှိနေသေးသဖြင့် ဇမ်ဘီများက ဤဂျစ်ကားကို အဘယ်ကြောင့် ရှောင်ကွင်းသွားကြသည်ကို သူမ နားမလည်နိုင်အောင် ဖြစ်နေမိသည်။
"ဘာပဲဖြစ်ဖြစ်... အမဲလိုက်တာကို စကြရအောင်။ အဖွဲ့ ဘီ ကလည်း အလုပ်စနေလောက်ပြီ"
ကိုးလ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ သူမ၏ ရဲဝံ့ပြတ်သားသော အမူအရာတွင် အရှုံးမပေးလိုသည့် စိတ်ဓာတ်များ အထင်သား ပေါ်လွင်နေသည်။
"ဟုတ်ပဗျာ" ဟင်နရီကလည်း ထောက်ခံလိုက်သည်။
မကြာမီမှာပင် အဖွဲ့သားအားလုံး တောင်ပေါ်သို့ စတင်တက်လှမ်းခဲ့ကြလေတော့သည်။