အိုင်ဗီ၏ အပစ်အခက်ကျွမ်းကျင်မှု
Vol. 2 Ch. 13
ဖဲရ်ပွန်တောင်စောင်းများ ၏ တိတ်ဆိတ်ငြိမ်သက်နေသော တောင်စောင်းအတိုင်း အဖွဲ့သားများ စတင်တက်လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက်... အဝေးတစ်နေရာမှ ရုတ်တရက်ဆိုသလို သစ်ရွက်ခြောက်များ တရှဲရှဲမြည်သံ ထွက်ပေါ်လာသည်။
မြန်ဆန်လှသော ခြေလှမ်းသံများ၊ သစ်ရွက်ခြောက်များပေါ် နင်းဖြတ်သွားသံများ၊ တိရစ္ဆာန်တို့၏ နှာမှုတ်သံများနှင့်အတူ ခွာသံများကိုပါ ကြားလိုက်ရသည်။
ဆိုင်းလပ်စ်၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် တောင့်တင်းသွားပြီး သတိပေးသည့်အနေဖြင့် လေသံတိုးတိုး၊ အမိန့်သံပြတ်ပြတ်ဖြင့် ပြောလိုက်သည်။
"ပုန်းကြ... အကုန်လုံးသစ်ပင်တွေနောက်မှာ အမြန်သွားပုန်းကြ"
အဖွဲ့သားများ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ သူ၏လက်မောင်းက အလိုအလျောက် အိုင်ဗီ့ဆီသို့ လှမ်းရောက်သွားပြီး မြင်ကွင်းထဲတွင် အကြီးဆုံးဖြစ်သည့် သစ်ပင်ပင်စည်ကြီးတစ်ခုနောက်သို့ ဆွဲခေါ်သွားလေသည်။
သူမကို ဆွဲထားသည့် သူ၏လက်မှာ တင်းတင်းဆုပ်ကိုင်ထားသော်လည်း ကြမ်းတမ်းခြင်းမရှိပေ။ ထိုခဏလေးအတွင်းမှာပင် အိုင်ဗီသည် အသက်ရှူပင် မှားသွားရသည်။
သူမ၏ ရင်ခုန်သံမှာ ကြောက်ရွံ့မှုကြောင့်မဟုတ်ဘဲ သူနှင့်နီးကပ်သွားရသည့် အထိအတွေ့၏ နွေးထွေးမှုကြောင့် ဒိန်းခနဲ ခုန်သွားရခြင်း ဖြစ်သည်။
ကျန်ရှိသောအဖွဲ့သားများကလည်း တစ်ယောက်ပြီးတစ်ယောက် သစ်ပင်များနောက်သို့ အလျင်အမြန်ပင် တိုးဝင်ပုန်းကွယ်လိုက်ကြသည်။
သစ်ရွက်ခြောက်များ တရှဲရှဲမြည်သံက ပို၍ကျယ်လောင်လာပြီးနောက် တောဝက်အုပ်ကြီးတစ်အုပ်သည် အနောက်ဘက်သို့ ဦးတည်ကာ ဒုန်းစိုင်းပြေးလွှားရင်း မြင်ကွင်းထဲသို့ ပေါ်လာတော့သည်။
သစ်ကိုင်းများကြားမှ ထိုးဖောက်ကျနေသော နေရောင်အောက်တွင် သူတို့၏ အစွယ်များက တလက်လက်တောက်နေကြသည်။ တောဝက်များ၏ ခွာသံများက မြေပြင်ကို ဒိတ်ဒိတ်တုန်အောင် မြည်ဟီးသွားစေပြီး ဖုန်မှုန့်များနှင့် သစ်ကိုင်းခြောက်စများမှာလည်း လေထဲသို့ လွင့်စင်ထွက်ကုန်သည်။
လူတိုင်း အသက်ကို အောင့်ထားရင်း ငြိမ်သက်နေမိကြသည်။
နောက်ဆုံးတွင်တော့ ထိုတောဝက်အုပ်ကြီးသည် အနောက်ဘက် တောအုပ်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။
ဆိုင်းလပ်စ်က သစ်ပင်နောက်မှ ထွက်လာပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။
"တောဝက်တွေပဲ" သူက လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။
"အခြေအနေကောင်းတယ်။ အစီအစဉ်ကို နည်းနည်းပြင်ကြမယ်။ ဟင်နရီနဲ့ ကိုးလ်... မင်းတို့ ညာဘက်တောင်စောင်းကိုသွား။ တကယ်လို့ တောဝက်အုပ်က ပြန်လှည့်လာရင် အပေါ်ကနေ ညှပ်တိုက်ရမယ်။ အမီလီယာ ကတော့ ငါနဲ့ အိုင်ဗီ နောက်လိုက်ခဲ့... ငါတို့က လမ်းကြောင်းရှင်းတဲ့ဘက်က သွားမယ်။ တောဝက်တွေက များသောအားဖြင့် မြေနိမ့်ပိုင်းမှာပဲ နေတတ်ကြတာ"
လူတိုင်းက ခေါင်းညိတ်လက်ခံလိုက်ကြသည်။
တစ်ယောက်ချင်းစီက မိမိတို့၏ လက်နက်ကိုယ်စီကို ထုတ်လိုက်ကြသည်။ ထိုလက်နက်များမှာ တိရစ္ဆာန်များအတွက် အထူးပြုလုပ်ထားသည့် မေ့ဆေးသေနတ် များပင် ဖြစ်သည်။
၎င်းက အသက်ကို မသေစေနိုင်သော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် အလတ်စား တိရစ္ဆာန်တစ်ကောင်ကို မေ့မြောသွားစေနိုင်ပြီး ဖမ်းဆီးရန် သို့မဟုတ် ရွှေ့ပြောင်းရန်အတွက် လုံလောက်သော အချိန်အထိ သတိလစ်နေစေမှာဖြစ်သည်။
အိုင်ဗီ့လက်ထဲမှာတော့ ဘာမှရှိမနေချေ။ သူမက ဘာလက်နက်မှ မရရှိထားခဲ့ပေ။
သူမ ဘာလုပ်ရမှန်းမသိဘဲ အခြားသူများကို ကြည့်နေစဉ်မှာပင် ဆိုင်းလပ်စ်က လှည့်လာပြီး သူ၏ ကျောပိုးအိတ်ထဲမှ အပိုသေနတ်တစ်လက်ကို အိုင်ဗီ့ထံ ကမ်းပေးလိုက်သည်။
"ရော့... ငါ့သေနတ်ကို သုံးလိုက်"
ထိုမြင်ကွင်းကြောင့် ဟင်နရီ့မျက်နှာက ချက်ချင်းဆိုသလို ပျက်သွားသည်။ သူ၏အသံမှာလည်း ထိန်းမရနိုင်သော ဒေါသများကြောင့် တုန်ရီနေတော့၏။
"နေဦး... အဲဒီသေနတ်က... ခေါင်းဆောင် ပြောတုန်းကတော့ ပျောက်သွားပြီဆို။ အနောက်ဘက် ခြံစည်းရိုးနားမှာ ကျပျောက်ခဲ့တာလို့ ပြောခဲ့တယ်လေ"
ဆိုင်းလပ်စ်က သူ့ကို လှည့်ပင်မကြည့်ဘဲ "အေး... အဲဒီတုန်းက ပျောက်ခဲ့တာပဲ" ဟု အေးဆေးစွာ ပြန်ဖြေသည်။
ဟင်နရီ့မှာ အံကြိတ်ထားရပြီး သိက္ခာကျသွားရသလို ခံစားလိုက်ရသည်။
သူ အော်ဟစ်ရန် ပြင်လိုက်စဉ်မှာပင် အမီလီယာ က ကြားဖြတ်ဝင်လာသည်။ သူမက ဟင်နရီ့တံတောင်ဆစ်ကို အသာအယာ ကိုင်လိုက်ပြီး "အခု မဟုတ်သေးဘူး... တောင်းပန်ပါတယ်" ဟု တိုးတိုးလေး တားလိုက်သည်။
ဟင်နရီသည် စကားကို မြိုသိပ်လိုက်ရသော်လည်း သူ၏ အတွေးများကတော့ ဆူပွက်နေပြီ ဖြစ်သည်။
'နောက်တစ်ခါ... နောက်တစ်ခါလည်း သူက ဒီမိန်းမကိုပဲ ရွေးပြန်ပြီ။ လှည့်ဖြားတတ်တဲ့ ဒီမိန်းမကိုပဲ။ သူဘာတွေလုပ်နေလဲဆိုတာ ခေါင်းဆောင် မမြင်ဘူးလား။ သူက အားလည်းနည်းတယ်၊ ဒုက္ခလည်း ပေးတတ်တဲ့သူပဲ။ သူက ဒီသေနတ်နဲ့ မတန်ဘူး။ မနေ့ကမှ ငါတောင်းတုန်းက ခေါင်းဆောင်က မပေးခဲ့ဘူး။ ငါ့သေနတ်က တစ်ခါ ချို့ယွင်းပြီးပြီလေ။ သူက... ဒီမိန်းမအတွက်နဲ့ လိမ်ပြောခဲ့တာလား။ ခေါင်းဆောင် မျက်စိတွေများ ကန်းနေပြီလား မသိဘူး'
ဟင်နရီက သူ့ဘေးတွင် တောင်းပန်တိုးလျှိုးသော မျက်ဝန်းများဖြင့် ကြည့်နေသည့် အမီလီယာ ကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်ပြီး အတင်းအကျပ် ငြိမ်နေလိုက်လေတော့သည်။
အဖွဲ့ခွဲပြီး အသင့်ဖြစ်သည်နှင့် သူတို့အားလုံး တောဝက်အုပ်ကြီး ချန်ထားခဲ့သော အသံခြေရာများနောက်သို့ သတိကြီးစွာဖြင့် လိုက်ပါခဲ့ကြသည်။
သိပ်မကြာလိုက်ပေ။
ခြောက်သွေ့နေသော စမ်းချောင်းလေးတစ်ခုအနီးတွင် အစာရှာရင်း မြေကြီးကို တူးဆွနေကြသည့် တောဝက်အုပ်ကြီးကို လှမ်းမြင်လိုက်ရသည်။
ဆိုင်းလပ်စ်၏ အချက်ပေးမှုအတိုင်း သူတို့အားလုံး သေနတ်ကိုယ်စီကို မြှောက်လိုက်ကြ၏။
ဖတ်... ဖတ်... ဖတ်...
တစ်ချက်ချင်းစီက သန့်ရှင်းသပ်ရပ်ပြီး အသံလုံလှသည်။ ပစ်မှတ်ကိုလည်း တိတိကျကျ ထိမှန်သွားသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် အကြီးဆုံးတောဝက် သုံးကောင်မှာ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။ သို့သော် တောဝက် (၁၀) ကောင်ခန့်မှာ ကျန်ရှိနေသေးသဖြင့် ဆိုင်းလပ်စ်က လဲကျနေသော သစ်လုံးကြီးတစ်ခုနောက်တွင် ဝပ်ရင်း ရှေ့သို့ တိုးသွားလိုက်သည်။
ခြောက်သွေ့နေသော စမ်းချောင်းအနီးမှာပင် ဟိုဟိုဒီဒီ မွှေနှောက်နေကြသည့် ကျန်ရှိသော တောဝက်များကို သူက စူးစိုက်ကြည့်လိုက်ပြီးနောက် လက်ညှိုးနှစ်ချောင်းဖြင့် အချက်ပေးလိုက်သည်။ အချိန်ကျပြီ။
မေ့ဆေးအပ်များ နောက်တစ်ကျော့ ထပ်မံလွင့်ထွက်သွားပြန်သည်။
ကိုးလ်က တောဝက်တစ်ကောင်၏ ပုခုံးကို ထိမှန်အောင် ပစ်လိုက်သည်။ ဟင်နရီကတော့ အခြားတစ်ကောင်ကို ဝေ့ဝဲထိမှန်သွားသဖြင့် ထိုတောဝက်မှာ ခဏတာ မူးဝေသွားပြီးမှ ဘေးသို့ ယိုင်လဲသွားသည်။
သို့သော် အိုင်ဗီကတော့...
အိုင်ဗီသည် တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိပေ။ သူမသည် အသက်ရှူနှုန်းကို မှန်အောင် ထိန်းလိုက်ပြီး ဘယ်ဘက်သို့ အနည်းငယ် ဦးတည်နေသည့် တောဝက်တစ်ကောင်ကို မျက်မှောင်ကြုတ် စိုက်ကြည့်လျက် မောင်းခလုတ်ကို ဆွဲညှစ်လိုက်သည်။
ဖတ်…
မေ့ဆေးအပ်သည် တောဝက်၏ နားရွက်နောက်ဘက်သို့ တိတိကျကျ စိုက်ဝင်သွားသည်။
ထိုသတ္တဝါကြီးမှာ အော်ဟစ်ညည်းတွားချိန်ပင်မရလိုက်ဘဲ ဒူးညွတ်ကျသွားကာ မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားတော့သည်။
ဒုတိယတစ်ချက်... တတိယတစ်ချက်...။ တစ်ချက်က နံရိုးအောက်ဘက်ကို ဦးတည်ပြီး၊ နောက်တစ်ချက်က နှာတံကို ဖြတ်ကျော်သွားသည်။ သူမ၏ ပစ်ချက်တိုင်းမှာ မြန်ဆန်ပြီး၊ တိတ်ဆိတ်ကာ ထိရောက်လွန်းလှသည်။
တစ်မိနစ်ပင် မပြည့်သေးသော အချိန်အတွင်းမှာပင် အိုင်ဗီတစ်ယောက်တည်းက တောဝက် လေးကောင်ကို အလဲသိပ်လိုက်ပြီ ဖြစ်သည်။
ဟင်နရီသည် အပ်အသစ်ပြန်ထည့်နေရင်းမှ ကြောင်စီစီဖြင့် ရပ်တန့်သွားကာ မယုံနိုင်သလို မျက်တောင်တခတ်ခတ် လုပ်နေမိသည်။ "နေဦး... သူ အခုလေးတင်ပဲ—"
ကိုးလ်ကလည်း အိုင်ဗီ၏ လှုပ်ရှားမှုများကို အသေအချာ စောင့်ကြည့်နေရင်း သေနတ်ကို အောက်သို့ ချလိုက်သည်။ "ဘယ်လိုလုပ်ပြီးတော့..."
အမီလီယာ ပင်လျှင် ဆွံ့အသွားရသည်။ သူမ မြင်ဖူးခဲ့သမျှ အိုင်ဗီဆိုသည်မှာ ခြေသံကြားရုံနှင့်ပင် တုန်လှုပ်တတ်သူဖြစ်သော်လည်း... ယခုမြင်ကွင်းကမူ?
ဆိုင်းလပ်စ်မှာလည်း ငြိမ်သက်စွာ ရပ်နေရင်း အေးအေးဆေးဆေးပင် မေ့ဆေးအပ် တွေကို ပြန်ဖြည့်နေသည့် အိုင်ဗီ့ကို စိုက်ကြည့်နေမိသည်။
သူမ၏ လက်ချောင်းများမှာ တုန်ရီနေခြင်း မရှိသလို၊ ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်လည်း အစအနပင် မရှိချေ။
သူမ၏ ကိုယ်ဟန်အနေအထားတွင် တည်ငြိမ်မှုနှင့် တိကျမှုများသာ ကိန်းအောင်းနေပြီး သူမ၏ စိတ်က အမိန့်မပေးခင်ကတည်းက လက်များက ဘာလုပ်ရမည်ကို ကြိုတင်သိနေသကဲ့သို့ပင်ဖြစ် နေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်ကို အိုင်ဗီ သတိထားမိသွားပြီး ဇဝေဇဝါဖြင့် မော့ကြည့်လိုက်သည်။ "ရှင်တို့အားလုံး ကျွန်မကို ဘာလို့ အဲဒီလို ကြည့်နေကြတာလဲ?"
ဟင်နရီ: !!!
အမီလီယာ : !!!
ကိုးလ်: !!!
'သူမက တကယ့် မိစ္ဆာမပဲ' ဟု သူတို့အားလုံး တစ်ပြိုင်နက်တည်း တွေးလိုက်မိကြလေတော့သည်။