← Chapters

အပစ်ပေးတာလား

Vol. 2 Ch. 14

အပစ်ပေးတာလား

Vol. 2 Ch. 14

‎ဟင်နရီသည် တံတွေးတစ်ချက် မြိုချလိုက်ရင်း အိုင်ဗီ့ဘက်ကို လက်ညှိုးထိုးကာ စကားစလိုက်သည်။ "နင်... နင်က..."

‎သို့သော် သူစကားမဆုံးခင်မှာပင် ဆိုင်းလပ်စ်က ချောင်းတစ်ချက်ဟန့်ကာ ကြားဖြတ်တားဆီးလိုက်သည်။ သူတို့နှစ်ဦးကြားတွင် တစ်ဦးကိုတစ်ဦး နားလည်မှုရှိပုံရသော အကြည့်တစ်ချက် ဖလှယ်လိုက်ကြပြီးနောက် ဟင်နရီက နှုတ်ပိတ်သွားသဖြင့် အိုင်ဗီမှာသာ ကြောင်တောင်တောင် ဖြစ်ကျန်ခဲ့သည်။

‎'ငါ ပစ်တာ အရမ်းနှေးနေလို့လားမသိဘူး' ဟု အိုင်ဗီ တွေးနေမိသည်။ ကိုးလ်နှင့် အမီလီယာ တို့၏ မျက်ဝန်းထဲမှ မယုံကြည်နိုင်မှုများကို မြင်လိုက်ရသည့်တိုင်အောင် သူမ ရင်ထဲတွင် စိုးရိမ်စိတ်များ ဝင်လာမိသည်။

‎'သွားပြီ ငါ့အရည်အချင်းတွေကို သတိမထားမိဘဲ ထုတ်ပြမိသွားပြီ' အိုင်ဗီသည် သူမ၏ အမှားကို သတိထားမိသွားသည်။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက ဆိုင်းလပ်စ်၏ အဖွဲ့ရှေ့တွင် သူမသည် မည်ကဲ့သို့သော အရည်အချင်းမျိုးများ ပြသခဲ့ဖူးသည့် မှတ်ဉာဏ်များ ဝေဝါးနေမှုကြောင့် သူမ သိပ်မမှတ်မိတော့ချေ။

‎သူမသည် စိတ်ရိုင်းအလိုအတိုင်း တောဝက်အားလုံးကို ပစ်ခတ်လိုက်မိခြင်း ဖြစ်သည်။ သူမ၏ သတိလက်လွတ်ဖြစ်မှုက သူမကိုယ်သူမ ဖော်ကောင်လုပ်လိုက်သလို ဖြစ်သွားလိမ့်မည်ဟု မည်သူက ထင်ထားမလဲ။

‎ခေတ္တခဏတော့ သူမ စိုးရိမ်သွားမိသည်။ သူမ ဘာကြောင့် ရုတ်တရက် ဒီလောက်အထိ တော်သွားရတာလဲဟု သူတို့ မေးလာလျှင် ဘယ်လိုဖြေရပါ့မည်နည်း။

‎သို့သော် ဆိုင်းလပ်စ်၏ တည်ငြိမ်သော အမိန့်ပေးသံက အိုင်ဗီ့၏ စိုးရိမ်ပူပန်မှုများကို ဖုံးလွှမ်းသွားစေသည်။

‎"ကျန်တဲ့ကောင်တွေကို အပြတ်ရှင်း၊ မေ့လဲနေတဲ့ကောင်တွေကို ကြိုးနဲ့ချည်ပြီး ဂျစ်ကားပေါ် တင်ကြစို့"

‎အဖွဲ့သားအားလုံးက ခေါင်းညိတ်လက်ခံကြသည်။ အိုင်ဗီကတော့ ဆိုင်းလပ်စ်ကို ငေးကြည့်နေမိဆဲ။ မကြာမီမှာပင် ကျန်ရှိနေသော တောဝက် (၇) ကောင်ကိုလည်း အမိအရ ဖမ်းဆီးနိုင်ခဲ့ကြသည်။

‎အလျှံပယ်ရရှိလာသော ရိက္ခာများဖြင့် အဖွဲ့သားများသည် ဆက်လက် အမဲလိုက်ခဲ့ကြသည်။ တောဝက်တစ်ကောင်ချင်းစီက ကီလို (၁၀၀) ခန့် အလေးချိန်ရှိပြီး (၁၄) ကောင်ခန့် ရရှိထားသော်လည်း လူ (၅) ယောက်ကြား ခွဲဝေလိုက်လျှင်တော့ သိပ်ပြီး အများကြီးဟု မဆိုနိုင်ပေ။

‎သူတို့အဖွဲ့သည် တောနက်ထဲသို့ ပိုမိုတိုးဝင်လာသည်နှင့်အမျှ သစ်ရွက်ပုပ်နံ့နှင့် စိုစွတ်သော မြေနံ့များကြောင့် လေထုက ပို၍ လေးလံလာသည်။ အဝေးမှ တရှဲရှဲမြည်သံကြောင့် သူတို့ခြေလှမ်းများကို ထပ်မံရပ်တန့်လိုက်ကြပြန်သည်။

‎သို့သော် ယခုတစ်ကြိမ်မှာတော့ အခြေအနေက ထူးခြားနေသည်။

‎သူတို့ရှေ့ရှိ ချုံပုတ်များထဲမှ ဟိန်းဟောက်သံတိုးတိုးတစ်ခု ထွက်ပေါ်လာပြီးနောက် သစ်ကိုင်းခြောက်များ ကျိုးပျက်သွားသည့် တဖျတ်ဖျတ်အသံများပါ ကြားလိုက်ရသည်။

‎ကိုးလ်က မျက်မှောင်ကြုတ်လျက် ရှေ့သို့ အသာအယာ ကိုင်းညွတ်ကြည့်လိုက်ရင်း "တစ်ကောင်ကောင် ... ပိုကြီးတဲ့အကောင်ပဲ" ဟု တိုးတိုးလေး သတိပေးလိုက်သည်။

‎ရုတ်တရက်ဆိုသလို ချုံပုတ်ထူထူထဲမှ တောသမင်ရိုင်းကြီးတစ်ကောင် ဒုန်းစိုင်းပြေးထွက်လာလေတော့သည်။

‎ထိုသမင်ကြီး၏ ဦးချိုများမှာ နေရောင်အောက်တွင် တလက်လက်တောက်လျက် ခန့်ညားထည်ဝါစွာ ဖြာထွက်နေသည်။ ၎င်းမှာ တစ်ကောင်တည်း မဟုတ်ဘဲ နောက်တွင် သမင်အငယ် နှစ်ကောင်လည်း ပါလာသေးရာ ထိုသမင်ကြီး၏ အုပ်စုပင် ဖြစ်ဟန်တူသည်။ သမင်ဖိုကြီးသည် ခေတ္တရပ်နားကာ နားရွက်များကို လှုပ်ခတ်လျက် ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။

‎ကိုးလ်နှင့် ဟင်နရီတို့ တုံ့ပြန်မှုမလုပ်နိုင်ခင်မှာပင် ဆိုင်းလပ်စ်က လူစုခွဲရန် အချက်ပြလိုက်သည်။

‎"သမင်ဖိုကြီးကိုတော့ အရှင်ဖမ်းရမယ်။ ကျန်တဲ့ နှစ်ကောင်က အတင်းတိုးထွက်လာရင် မောင်းထုတ်လိုက်ရုံပဲ။ အကြီးကောင်ကိုပဲ အဓိကထားပြီး ပစ်ကြ"

‎အိုင်ဗီသည် သေနတ်ကို ပုခုံးတွင် တင်းတင်းမှီလျက် အသက်ရှူနှုန်းကို မှန်မှန်ထားပြီး ဝပ်နေလိုက်သည်။ သို့သော် ယခုတစ်ကြိမ်တွင် သူမ တုံ့ဆိုင်းသွားမိ၏။

‎'ငါ တမင်တကာ အချက်အနည်းငယ် လွဲအောင် ပစ်မှဖြစ်မယ်' သူမ တွေးလိုက်မိသည်။ 'သူတို့ ထပ်ပြီး သတိထားမိသွားလို့ မဖြစ်ဘူး'

‎သူမ အသက်ကို ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ပစ်မှတ်ကို အနည်းငယ် ဘေးချော်အောင် ချိန်လိုက်သည်။ ပထမတစ်ချက်က သမင်၏ ခြေထောက်အထက်နားကို ထိမှန်သွားပြီး ဒုတိယတစ်ချက်က နံဘေးကို ပွတ်ဆွဲသွားသည်။

‎သို့သော် ထိုကဲ့သို့ တမင်တကာ မပစ်ချင်ပစ်ချင် လုပ်လိုက်သည့် ပစ်ချက်များကပင် အခြားသူများ၏ ပစ်ချက်ထက် ပို၍ ကောင်းမွန်နေသေးသည်။

‎သမင်ဖိုကြီးသည် ဆတ်ကနဲ ဖြစ်သွားသော်လည်း လဲမကျသေးပေ။ ကိုးလ်၏ မေ့ဆေးအပ်က ၎င်း၏ ရှေ့ခြေထောက်ကို ထိမှန်သွားသဖြင့် သမင်ကြီး၏ ခြေလှမ်းများ နှေးကွေးသွားသည်။ ဟင်နရီ့၏ ပစ်ချက်မှာမူ သမင်၏ ထူထဲလှသော အမွှေးများပေါ်မှ အရှိန်မပါဘဲ လွင့်စင်ထွက်သွားသည်။

‎နောက်တစ်ချက်ကတော့ အမီလီယာ ၏ သန့်ရှင်းတိကျသော ပစ်ချက်ပင် ဖြစ်သည်။ သို့သော် အိုင်ဗီ တမင်လွဲအောင် ပစ်လိုက်ပါသည်ဆိုသော တတိယမြောက် အပ်က သမင်ကြီး၏ လည်ပင်းအနီးသို့ တိတိကျကျ စိုက်ဝင်သွားကာ နောက်ဆုံးတွင် သမင်ကြီးကို လဲကျသွားစေတော့သည်။

‎သမင်ကြီး ယိုင်လဲကာ မြေပေါ်ပုံကျသွားသည်။

‎ဆိုင်းလပ်စ်က သတိကြီးစွာဖြင့် အနားသို့ တိုးသွားပြီး သမင်ကြီး၏ သွေးခုန်နှုန်းကို စစ်ဆေးလိုက်သည်။ "အသက်ရှူနေတုန်းပဲ။ အပ်က တိတိကျကျ ထိသွားတာ"

‎သူက အိုင်ဗီ့ဘက်သို့ လှည့်လာပြီး ဘာကို ဆိုလိုမှန်း ခန့်မှန်းရခက်သော လေသံဖြင့် "တော်တယ်... နောက်တစ်ခါလည်း ထပ်တော်ပြန်ပြီ" ဟု ဆိုသည်။

‎အိုင်ဗီသည် မျက်တောင်တခတ်ခတ်ဖြင့် "ကျွန်မ... တမင်လုပ်တာ မဟုတ်..."

‎"အရေးကြီးတဲ့ အချက်အချာနေရာကို ထိအောင် တမင်လုပ်တာ မဟုတ်ဘူးလို့ ပြောတာလား?"

‎ကိုးလ်က မျက်ခုံးတစ်ဖက်ကို ပင့်တင်လျက် ကြားဖြတ်မေးလိုက်သည်။

‎အိုင်ဗီသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အားလုံးကို တည်ငြိမ်စွာ ကြည့်ကာ မေးခွန်းထုတ်လိုက်၏။

‎"ရှင်တို့အားလုံး ကျွန်မကို စမ်းသပ်နေကြတာလား?"

‎ဘာကြောင့်များ ဆိုင်းလပ်စ်ရဲ့ အဖွဲ့သားတွေဟာ သမင်ရိုင်းတစ်ကောင်ကို ဖမ်းဖို့ ဒီလောက်တောင် ရုန်းကန်နေရတာလဲ? ပြီးတော့ ဆိုင်းလပ်စ်ကိုယ်တိုင်ကကော ဘာလို့ ဝင်မပါတာလဲ?

‎အဖြေကတော့ ရှင်းနေပါသည်။

‎"ဟုတ်တယ်... စမ်းသပ်တာ"

‎ဆိုင်းလပ်စ်က ခေါင်းညိတ်ဝန်ခံလိုက်သဖြင့် အိုင်ဗီ နှုတ်ဆိတ်သွားရသည်။ ဟင်နရီကတော့ စိတ်ထဲတွင် ကျိတ်ပြီး ကျေနပ်နေ၏။ နောက်ဆုံးတော့... နောက်ဆုံးတော့ ဆိုင်းလပ်စ်က အိုင်ဗီ့ကို ဆူပူကြိမ်းမောင်းတော့မှာပဲ။ အိုင်ဗီ့အပေါ်မှာ အနည်းငယ် သနားသလိုလို၊ အားကျသလိုလို ဖြစ်မိပေမဲ့ ဒါက ဒါပါပဲ။

‎"အိုင်ဗီ... နင်က သမင်တစ်ကောင်ကို တစ်ယောက်တည်း အလဲသိပ်နိုင်တဲ့ အရည်အချင်းရှိနေရက်နဲ့ နင့်အရည်အချင်းကို လျှော့မချပါနဲ့" ဆိုင်းလပ်စ်က တည်ကြည်ပြတ်သားစွာ ပြောလိုက်သည်။ "ငါတို့ အခုရောက်နေတဲ့ အခြေအနေက မိနစ်ပိုင်းလောက် အရည်အချင်း ဖုံးကွယ်ထားမိရုံနဲ့ နောက်ထပ် (၂) နှစ်ကြာတဲ့အခါ စားစရာမရှိတဲ့ ဘေးဒုက္ခမျိုးနဲ့ ကြုံရနိုင်တဲ့ အခြေအနေမျိုးပဲ"

‎ဟင်နရီကတော့ အတွင်းစိတ်ထဲတွင် တခိခိရယ်မောနေသော်လည်း အပြင်ပန်းမှာတော့ တည်ငြိမ်နေဟန် ဆောင်ထားသည်။ ကဲ... အခုဆိုရင် ဆိုင်းလပ်စ်က အိုင်ဗီ့ကို ကွင်းထဲပတ်ပြေးခိုင်းတော့မှာ အသေအချာပဲ။ အဆိုးဆုံးဆိုရင်တော့ သူမရဲ့ ရိက္ခာဝေစုကို ဖြတ်တောက်လိုက်မှာပေါ့။

‎ဆိုင်းလပ်စ် အမုန်းဆုံးအရာတစ်ခုရှိသည်။ အဲဒါကတော့ မိမိမှာ အရည်အချင်းရှိပါလျက်နဲ့ ဘယ်လိုရှင်းပြရမှန်း မသိတာကြောင့် ဖုံးကွယ်ထားတတ်သည့် အကျင့်ပင်။ သူ၏ အယူအဆအရ အရည်အချင်းရှိလျှင် ထုတ်ပြရမည်၊ အစွမ်းကုန် အသုံးချရမည်။ သို့မှသာ လေ့ကျင့်ပေးသူက အစီအစဉ်အသစ်တွေ ဆွဲပေးနိုင်ပြီး ပိုမိုတိုးတက်အောင် ကူညီပေးနိုင်မည် မဟုတ်ပါလား။

‎မဟုတ်လျှင်တော့ အခွင့်အရေးတွေ ဘယ်လောက်ရရ၊ မြေစာပင်အဆင့်ထက် ပိုမှာမဟုတ်တော့ချေ။

‎ဟင်နရီကိုယ်တိုင်လည်း တစ်ချိန်က ထိုအမှားမျိုး လုပ်ခဲ့ဖူးသည့် လူအများထဲတွင် ပါဝင်ခဲ့ဖူးသည်။ ထိုစဉ်က ဆိုင်းလပ်စ်က သူ့ကို တစ်နေ့လုံး ထမင်းငတ်ထားပြီး အပြစ်ပေးခဲ့ဖူးသည်။

‎'လုပ်လိုက်စမ်းပါ ခေါင်းဆောင်ရာ! သူမကို အပြတ်အသတ်သာ အပြစ်ပေးလိုက်စမ်းပါ'

‎"အိုင်ဗီ... အစောနက ငါ စကားလမ်းကြောင်းလွှဲပြီး နင့်ကို အခွင့်အရေး ပေးခဲ့တယ်။ အဲဒါက နင့်အရည်အချင်းကို ထုတ်ပြနိုင်အောင်လို့ပဲ။ ဒါပေမဲ့ နင်က ဖုံးကွယ်ဖို့ပဲ ထပ်ကြိုးစားနေခဲ့တယ်။ ငါ နင့်အပေါ် တကယ်ကို စိတ်ပျက်မိတယ်" ဆိုင်းလပ်စ်က လေသံအေးအေးလေးဖြင့် ဆိုသည်။

‎ဟင်နရီတစ်ယောက် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးချင်း ပွတ်နေမိပြီ။

‎'လာတော့မယ်... အပြစ်ပေးတော့မယ်!'

‎"ဒါကြောင့် အပြစ်ပေးတဲ့အနေနဲ့... နင်ဟာ နောက်ထပ် (၂) ရက်တာလုံး ငါ့အိမ်မှာ ငါကိုယ်တိုင် သင်ကြားပေးမယ့် 'သီးသန့်လေ့ကျင့်ခန်း' တွေကို ခံယူရမယ်" ဆိုင်းလပ်စ်က တည်တည်ကြီး ပြောချလိုက်သည်။

‎ဟင်နရီ: ဟင်

‎အမီလီယာ နှင့် ကိုးလ်: ဟမ်

‎

All Chapters