← Chapters

ဟုတ်ကဲ့ ဒယ်ဒီ

Vol. 2 Ch. 15

ဟုတ်ကဲ့ ဒယ်ဒီ

Vol. 2 Ch. 15

‎"ခေါင်းဆောင်ကတော့ ဘက်လိုက်လွန်းတယ်ဗျာ"

‎ဟင်နရီသည် ဒေါသကို မထိန်းနိုင်တော့ဘဲ ဟအော်လိုက်မိတော့သည်။ ဆိုင်းလပ်စ်၏ မျက်နှာနှစ်မျိုးနှင့် ဆက်ဆံပုံက သူ့ကို အတော်လေး ဒေါသထွက်စေသည်။ "ကျွန်တော့်ကို အပြစ်ပေးသလိုမျိုး သူမကိုလည်း အပြစ်ပေးပါဦး တစ်နေ့စာ ရိက္ခာဖြတ်လိုက်ပါ"

‎ဟင်နရီ့စကားကြောင့် အမီလီယာ မှာ နဖူးကို လက်ဖြင့်ရိုက်မိသွားသည်။ လူအ တကယ်ကို နလပိန်းတုံးပဲ။

‎အတည်ပင်... နောက်တစ်စက္ကန့်မှာတင် ဆိုင်းလပ်စ်၏ မျက်နှာက မုန်တိုင်းထန်သွားကာ မေးရိုးများ တင်းမာသွားရသည်။ ၎င်းမှာ သူ၏ ရင်ထဲ၌ ဒေါသများ ဆူပွက်နေပြီဖြစ်ကြောင်း ပြသသည့် အရိပ်အယောင်ပင်။

‎"မင်းရဲ့ နောက်နေ့ လေ့ကျင့်ခန်းမှာ အပတ် (၁၀) ပတ် အပိုပြေးရမယ်" ဟု သူက အာဏာပါပါ အမိန့်ပေးလိုက်သည်။

‎"ဒါပေမဲ့..." ဟင်နရီက ကန့်ကွက်ရန် ကြိုးစားသော်လည်း ဆိုင်းလပ်စ်၏ အသံက ထပ်မံထွက်ပေါ်လာပြန်သည်။

‎"အပတ် (၂၀) ဖြစ်သွားပြီ"

‎ဟင်နရီက ပါးစပ်ထပ်ဟရန် ပြင်လိုက်ပြန်ရာ အမီလီယာ က ကပြာကယာပင် သူ၏ပါးစပ်ကို ပိတ်လိုက်ပြီး နားနားသို့ ကပ်ကာ တိုးတိုးလေး သတိပေးလိုက်ရသည်။

‎"နောက်တစ်ခွန်းဆိုရင် အပတ် (၅၀) ဖြစ်သွားလိမ့်မယ်။ အဲဒါကိုတော့ နင် ကြိုက်မှာမဟုတ်ဘူးလို့ ငါ လောင်းရဲတယ်"

‎ဒေါသတက်နေသော ဟင်နရီမှာ ရေအေးနှင့် အပက်ခံလိုက်ရသလို ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။

‎အမီလီယာ သက်ပြင်းတစ်ချက် ချလိုက်ပြီး အိုင်ဗီ့ကို လှည့်ကြည့်လိုက်သည်။ အရင်တုန်းကဆိုလျှင် ဆိုင်းလပ်စ်က သူမကို အပြစ်ပေးရန် ကြိုးစားတိုင်း အိုင်ဗီက 'ရှင်က ဘာမို့လို့ ကျွန်မကို အပြစ်ပေးရတာလဲ' ဟု ဆိုကာ ပြဿနာရှာတတ်စမြဲ။

‎သို့သော် ယခုမူ သူမသည် လောကကြီးတစ်ခုလုံးကို ဂရုမစိုက်သယောင်၊ ဆိုင်းလပ်စ်တစ်ယောက်တည်းကိုသာ အာရုံစိုက်နေသယောင် ငေးကြည့်နေမိသည်။

‎'ဒီတစ်ခါတော့ သူက ခေါင်းဆောင်ရဲ့ စေတနာကို နားလည်သွားပြီလား'

‎တကယ်တော့ ဆိုင်းလပ်စ်သည် ရာဗင်ခရော့ဖ်။ မိသားစုက အိုင်ဗီ့ကို နှိပ်စက်နေမှန်း သိက္တည်းက သူမကို နည်းလမ်းမျိုးစုံဖြင့် ထိုနေရာမှ ဝေးရာသို့ ခေါ်ထုတ်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် အိုင်ဗီက တစ်ခါမျှ နားမလည်ခဲ့ဘဲ သူ့ကိုသာ သူမအပေါ် ချုပ်ကိုင်လွန်းသူဟု အပြစ်တင်ခဲ့ဖူးသည်။

‎ယခုတစ်ကြိမ်မှာတော့... တစ်ခုခု ပြောင်းလဲသွားပြီ။ မဟုတ်သေးဘူး... 'အိုင်ဗီတစ်ယောက် လုံးဝ ပြောင်းလဲသွားပြီ' လို့ ပြောတာ ပိုမှန်လိမ့်မည်။

‎'ငါ သူမကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးပြီး အကဲခတ်ကြည့်သင့်တယ်' ဟု အမီလီယာ တွေးနေမိသည်။

‎ဟင်နရီ့ကို အေးဆေးသွားအောင် လုပ်ပြီးနောက် ဆိုင်းလပ်စ်က အိုင်ဗီ့ဘက်သို့ လှည့်ကာ တည်ကြည်သော အသံဖြင့် မေးလိုက်သည်။

‎"နင် အပြစ်ပေးခံရမှာကို လက်ခံလား"

‎ဆိုင်းလပ်စ်၏ တည်ကြည်စူးစိုက်သော အကြည့်နှင့် သူမအတွက် ဟင်နရီ့ကို ငေါက်ငမ်းပေးပုံတို့ကြောင့် စိတ်လွင့်နေသော အိုင်ဗီမှာ အလိုအလျောက်ပင် ပြန်ဖြေလိုက်မိသည်မှာ -

‎"ဟုတ်ကဲ့ပါ... ဒယ်ဒီ"

‎အမီလီယာ ၊ ကိုးလ် နှင့် ဟင်နရီ : (မျက်လုံးများကျယ်သွား’)

‎ဆိုင်းလပ်စ် : (ရှက်သွား)

‎အိုင်ဗီ : "..." (သွားပြီ ငါတော့ မှားကုန်ပြီ။)

‎အိုင်ဗီ၏ ဖြူလျော့နေသော မျက်နှာလေးမှာ ခရမ်းချဉ်သီးဆော့စ်ကဲ့သို့ တဖြည်းဖြည်း နီရဲလာတော့သည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဆိုင်းလပ်စ်က ချောင်းတစ်ချက်ဟန့်လိုက်သည်။ သူ၏ မျက်နှာက ဘာမှမဖြစ်သလို တည်ငြိမ်နေသော်လည်း နီရဲနေသော နားရွက်များနှင့် ရှက်သွေးဖြာနေသည့် အမူအရာက အရာအားလုံးကို ဖော်ပြနေတော့သည်။

‎"ငါ... ငါတို့ အမဲလိုက်တာကို ဆက်လုပ်ကြရအောင်"

‎အဖွဲ့သားများက ခေါင်းညိတ်လိုက်ကြသည်။

‎ယခုတစ်ကြိမ်တွင်မူ အိုင်ဗီသည် သူမ၏ စွမ်းရည်များကို မဖုံးကွယ်တော့ပေ။ ဆိုင်းလပ်စ်၏ အကာအကွယ်ပေးမှုကို စိတ်ချသွားသည်အလား၊ သို့မဟုတ် ခုနက အရှက်ကွဲခဲ့သည်ကို လူတွေ မေ့သွားအောင်လား မသိရသော်လည်း သူမသည် အသက်နှင့်လဲ၍ အမဲလိုက်နေသကဲ့သို့ တောတိရစ္ဆာန်များကို အငြိုးတကြီး ပစ်ခတ်တော့သည်။

‎ဟင်နရီကတော့ အိုင်ဗီ့ကို အနည်းငယ် ကြောက်လန့်သော အကြည့်ဖြင့် ကြည့်ရင်း ရေရွတ်နေမိသည်။

‎"ငါ... ငါ သူမကို အမြဲတမ်း ရန်မစသင့်တော့ဘူး။ သူက မိန်းကလေးပဲဟာ။ ငါကပဲ အမြဲတမ်း ရန်သွားစနေရင် သူက အနိုင်ကျင့်ခံရတယ်လို့ ထင်နေဦးမယ်။ အေး... အေး... အဲဒါကြောင့်ပဲ ဖြစ်မှာပါ!"

‎အမီလီယာ ကတော့ မျက်လုံးလေးလှန်ပြလိုက်သည်။ ဘယ်ဟုတ်ပါ့မလဲ။ ဟင်နရီတစ်ယောက် အိုင်ဗီ့ရဲ့ အရည်အချင်းကို မြင်ပြီး ကြောက်သွားတာကတော့ အသိသာကြီးပင်။

‎သူမ၏ အကြည့်များက တစ်ချက်တည်းနှင့် တိရစ္ဆာန်တစ်ကောင်ကို အလဲသိပ်နိုင်သည့် အိုင်ဗီ့ဆီသို့ ရောက်သွားမိသည်။ ထပ်ခါတလဲလဲ ပစ်စရာမလို၊ အမှားအယွင်းမရှိ။ တိကျမှုနှင့် ပြတ်သားမှုတို့သာ ရှိသည်။

‎ပို၍ ချီးကျူးစရာကောင်းသည်မှာ အိုင်ဗီသည် သူမ၏ ဉာဏ်ပညာကို သုံး၍ တစ်ချက်တည်းနှင့် တိရစ္ဆာန် သုံးကောင်အထိ သေအောင် လုပ်နိုင်ခြင်းပင်။ သူမက အကြီးဆုံးအကောင်ကို ပစ်မှတ်ထားပြီး အခြားအကောင်ငယ်လေးများမှာ ထိုအကောင်ကြီး၏ အလေးချိန်အောက်တွင် ပိမိပြီး သေဆုံးသွားအောင် ဖန်တီးလိုက်ခြင်း ဖြစ်သည်။

‎အိုင်ဗီက... တကယ်ကို အံ့သြစရာကောင်းလွန်းလှသဖြင့် အမီလီယာ ပင် ရှက်သလိုလို ဖြစ်လာမိသည်။

‎အခြားတစ်ဖက်တွင်တော့ ကိုးလ်သည် အိုင်ဗီ၏ တိုက်ခိုက်မှုတိုင်းကို မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။

‎'ဟုတ်ပြီ နောက်ကျရင်တော့ ငါ အိုင်ဗီ့ကို စိန်ခေါ်ပြီး ယှဉ်ပြိုင်ရမယ်။ ဒါပေမဲ့ ခေါင်းဆောင် မရှိတဲ့အချိန်မှ ဖြစ်မှာ'

‎နောက်ဆုံးတွင် အိုင်ဗီ၏ စွမ်းရည်နှင့် အဖွဲ့သားများ၏ ဟန်ချက်ညီမှုကြောင့် ယုန် (၄၀)၊ သမင်ဖို (၁၀)၊ တောဝက် (၁၇)၊ တောကြက်ဆင် (၂၀) နှင့် ဝက်ဝံနက် တစ်ကောင်တို့ကို အမိအရ ဖမ်းဆီးနိုင်ခဲ့ကြသည်။ ငါးအကောင်ရေ (၁၀၀) ကျော်ကိုလည်း ဖမ်းမိခဲ့သေးသည်။

‎ညနေစောင်းနေပြီဖြစ်သဖြင့် အဖွဲ့သားများက နားရန် ဆုံးဖြတ်လိုက်ကြသော်လည်း အိုင်ဗီကတော့ အသင့်မဖြစ်သေးပေ။

‎အခြားသူများ မသိသည့်အချက်ကို သူမ သိနေသည်။ အကယ်၍ ယခုသာ သူတို့ ပြန်သွားကြလျှင် ဤတောင်ပေါ်သို့ ပြန်လာရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။ ယနေ့သည် လူသားတို့အတွက် ရိက္ခာများကို လိုက်လံစုဆောင်းနိုင်သည့် နောက်ဆုံးနေ့ ဖြစ်သည်။

‎အဘယ်ကြောင့်ဆိုသော် "စွမ်းအင်မိုး" ရွာသွန်းပြီးနောက်တွင် တိရစ္ဆာန်များမှာ မျိုးဗီဇပြောင်းလဲသွားကြမည် (သို့မဟုတ်) သေဆုံးသွားကြမည် ဖြစ်သောကြောင့်ပင်။

‎သူမသည် လက်သီးကို တင်းတင်းဆုပ်လိုက်ရင်း ဆိုင်းလပ်စ်ကို ကြည့်ကာ ရုတ်တရက် ပြောလိုက်တာကတော့…

All Chapters