← Chapters

ညဘက် အမဲလိုက်ခြင်း

Vol. 2 Ch. 16

ညဘက် အမဲလိုက်ခြင်း

Vol. 2 Ch. 16

‎"စွမ်းအင်မိုးက ဘာကြီးလဲ"

‎ဆိုင်းလပ်စ်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ အိုင်ဗီကတော့ တည်ကြည်လေးနက်သော မျက်နှာထားဖြင့် -

‎"ဒါကို ဘုရားသခင်ရဲ့ နောက်ဆုံးကရုဏာ ဒါမှမဟုတ် ဘုရားသခင်က ပေးတဲ့ ပြစ်ဒဏ်လို့ပဲ သတ်မှတ်လို့ရတယ်။ အဲဒီ စွမ်းအင်မိုးစက်တွေနဲ့ တိုက်ရိုက်ထိတွေ့တဲ့သူတွေဟာ အများအားဖြင့် ဇမ်ဘီတွေ ဖြစ်သွားကြလိမ့်မယ်။ ဒါပေမဲ့ အနည်းစုသော လူတွေကတော့ ထူးခြားတဲ့ စွမ်းအားတွေ နိုးထလာတာမျိုး ဒါမှမဟုတ် ရရှိတာမျိုး ဖြစ်နိုင်တယ်"

‎"တိုက်ရိုက်မဟုတ်ဘဲ ထိတွေ့မိတဲ့သူတွေကျတော့ရော?" ဆိုင်းလပ်စ်၏ မေးခွန်းထဲတွင် သိလိုစိတ်များ ပါဝင်နေသည်။

‎"သူတို့ကတော့ ဇမ်ဘီဖြစ်သွားဖို့ထက် စွမ်းအားရှင်တွေ‌ ဖြစ်လာဖို့ အခွင့်အလမ်း ပိုများတယ်" ဟု အိုင်ဗီက ရှင်းပြသည်။

‎အိုင်ဗီ၏ စကားများကြောင့် ဆိုင်းလပ်စ် ဆွံ့အသွားရသည်။ ဇမ်ဘီတွေ ပေါ်လာတာဟာ လူသားမျိုးနွယ်အပေါ် ကျရောက်တော့မယ့် ဘေးအန္တရာယ်ရဲ့ ရှေ့ပြေးနိမိတ်ဆိုတာ သူသိသော်လည်း ဒီ 'စွမ်းအင်မိုး' ဆိုသည့် အယူအဆမှာ ပို၍ ထူးခြားပြီး ကြောက်မက်ဖွယ်ကောင်းနေသည်။

‎သူသည် အိုင်ဗီ့ကို မသံသယမဝင်ချင်သော်လည်း...

‎"ဒါတွေက တကယ်ဖြစ်လာမှာ သေချာလား" သူ၏အသံတွင် သံသယရိပ်အချို့ ပါဝင်နေသည်။

‎အိုင်ဗီက စိုးရိမ်တကြီးဖြင့် ခေါင်းညိတ်ပြကာ အာမခံလိုက်သည်မှာ -

‎"ဒီတစ်ကြိမ်ပဲ... ကျွန်မကို ယုံပေးပါ။ တကယ်လို့ ကျွန်မ လိမ်နေတာဆိုရင် ရှင် ကျွန်မကို လုံးဝ အသိအမှတ်မပြုတော့ရင်တောင် ကျွန်မ ရှင့်ကို အပြစ်တင်မှာ မဟုတ်ပါဘူး"

‎ဆိုင်းလပ်စ် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီ ဖြစ်သည်။ သူသည် အိုင်ဗီ့ကို ချစ်သည်... ထို့ကြောင့် သူမကို မျက်စိမှိတ်ပြီး ယုံကြည်ပေးရန် အသင့်ပင်။

‎သို့သော် သူသည် တစ်ယောက်တည်း မဟုတ်ချေ။ သူ၏ ပုခုံးပေါ်တွင် တာဝန်များစွာ ရှိနေသည်။ ဇမ်ဘီအန္တရာယ်တွေ ပိုများလာတဲ့ အချိန်မှာ တောင်ပေါ်မှာ ညဘက်အထိ အမဲလိုက်ဖို့ လူတိုင်းကို ခိုင်းစေတာဟာ ကြီးမားတဲ့ စွန့်စားမှုတစ်ခုပင်။

‎"ကောင်းပြီလေ... နင့်စကားကို ငါ ယုံပေးမယ်။ ဒါပေမဲ့ အိုင်ဗီ... တကယ်လို့ ဒါဟာ နင့်မိသားစုက အကွက်ဆင်ခိုင်းတဲ့ လှည့်ကွက်တစ်ခုခုဆိုရင် ငါ့ကို အခုပဲ ပြောပြပါ။ ငါ့သူငယ်ချင်းတွေရဲ့ အသက်ကို လှည့်ကွက်တစ်ခုအတွက်နဲ့တော့ အန္တရာယ် အဖြစ်မခံနိုင်ဘူး"

‎"ကျွန်မ တကယ်ပြောနေတာပါ။ ကျိန်ရဲပါတယ်"

‎အိုင်ဗီက အတင်းအကျပ်ပင် အခိုင်အမာ ပြောလိုက်သည်။ သူမ၏ မျက်ဝန်းများတွင်လည်း ရိုးသားမှုများ အထင်သား ပေါ်လွင်နေသည်။ ဆိုင်းလပ်စ် ခေါင်းညိတ်ပြလိုက်ပြီးနောက် အဖွဲ့သားများရှိရာသို့ လှည့်သွားလိုက်သည်။ သူသည် အိုင်ဗီ့ကို ဤအကြောင်းအရာတွေကို ဘယ်လိုကြောင့် သိနေရသလဲဟု မမေးတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမကို အကျပ်ရိုက်အောင် မလုပ်ချင်သောကြောင့် ဖြစ်သည်။

‎အိုင်ဗီသည် ဆိုင်းလပ်စ်ကို ရှုပ်ထွေးသော ခံစားချက်ဖြင့် ကြည့်နေမိသည်။ သူမသည် သူ့ကို ပြေးဖက်ပြီး နမ်းရှိုက်ချင်စိတ်များ တကယ်ကို ထိန်းမရအောင် ဖြစ်နေမိသည်။

‎"ငါတို့ ဒီမှာပဲ ဆက်နေပြီး အမဲလိုက်မယ်။ အားလုံး အသင့်ပြင်ကြ"

‎ဆိုင်းလပ်စ်၏ အမိန့်ပေးသံက ဟိန်းထွက်သွားသဖြင့် အိုင်ဗီကတော့ လူတိုင်း ကန့်ကွက်ကြလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် သူမကို အံ့အားသင့်သွားစေသည်မှာ ဟင်နရီ၊ အမီလီယာ နှင့် ကိုးလ်တို့က ခေါင်းညိတ်လက်ခံလိုက်ကြခြင်းပင်။ ဆိုင်းလပ်စ်ကို တစ်ခွန်းမှပင် ပြန်လည်မေးခွန်းထုတ်ခြင်း မရှိကြပေ။

‎'အော်... ဟုတ်သားပဲ။ သူတို့က တစ်ဖွဲ့တည်းသားတွေ ဖြစ်ပြီး သူတို့ရဲ့ ခေါင်းဆောင်ကို ယုံကြည်ကြတာပဲ။ ဆိုင်းလပ်စ်ရဲ့ ဆုံးဖြတ်ချက်တွေမှာ ငါ့ရဲ့ ပါဝင်ပတ်သက်မှု မရှိနေသရွေ့ သူတို့က ယုံကြည်ကြမှာပဲ' ဟု အိုင်ဗီ တွေးလိုက်မိသည်။

‎"ကျွန်မ အဖွဲ့ ဘီကို အကြောင်းကြားလိုက်မယ်"ဟု ကိုးလ်က ဆိုကာ ထွက်ခွာသွားသည်။ အမဲလိုက်ရာတွင် ပိုမိုလွယ်ကူစေရန် ဆိုင်းလပ်စ်၏ အဖွဲ့ကို နှစ်ဖွဲ့ခွဲလိုက်ခြင်း ဖြစ်သည်။

‎အစီရင်ခံမှုများ ပြီးဆုံးသည်နှင့် သူတို့အားလုံး အမဲလိုက်ခြင်းကို ဆက်လက်လုပ်ဆောင်ကြသည်။ ဆိုင်းလပ်စ်၏ အမိန့်အရ အဖွဲ့သားများသည် ပင်ပန်းနွမ်းနယ်နေသော်လည်း ဇွဲဖြင့် တောနက်ထဲသို့ ပိုမိုတိုးဝင်ခဲ့ကြသည်။ လရောင်မှာ သစ်ပင်အုပ်များကြောင့် မှိန်ပြသော်လည်း အိုင်ဗီကတော့ သူမ၏ စူးရှသော မျက်လုံးများ၊ တည်ငြိမ်သော လက်များဖြင့် ဦးဆောင်နေသည်။

‎မကြာမီမှာပင် မြက်ခင်းပြင်တစ်ခုအနီး၌ အစာစားနေသော ဥရောပ သမင်ကြီးမျိုးတစ်အုပ်ကို တွေ့ရှိလိုက်သည်။ အိုင်ဗီ၏ အချက်ပေးမှုနှင့်အတူ အဖွဲ့သားများသည် ပတ်ပတ်လည်မှ ဝိုင်းရံလိုက်ကြသည်။ တိကျသော ပစ်ခတ်မှုများကြောင့် (၃၀၀) ကီလိုကျော် လေးသော သမင်ကြီးမျိုး လေးကောင်ကို ရရှိခဲ့သည်။ ဒီအသားများသည် ရက်သတ္တပတ်ပေါင်းများစွာ အစားခံပေလိမ့်မည်။

‎သို့သော် သူတို့ မရပ်တန့်ခဲ့ကြပေ။

‎ထို့နောက်တွင် ချုံပုတ်များကြား၌ အစာရှာနေသော တောဝက်အုပ်နှင့် ထပ်မံတိုးပြန်သည်။ ဟင်နရီနှင့် အမီလီယာ တို့က ဝက်များကို ခြောက်လှန့်ထုတ်ပေးပြီး အိုင်ဗီနှင့် ကိုးလ်တို့က အပြတ်အသတ် ပစ်ခတ်ဖမ်းဆီးလိုက်သည်။ မိနစ်ပိုင်းအတွင်းမှာပင် တောဝက် (၁၀) ကောင်ကို ရရှိခဲ့သည်။

‎ထို့နောက်တွင်တော့ ရှားပါးလှသော မြင်ကွင်းတစ်ခုအဖြစ် (၆၀၀) ကီလိုကျော် လေးသည့် မူးစ် သမင်ကြီးမျိုးတစ်ကောင် စမ်းချောင်းတွင် ရေသောက်နေသည်ကို တွေ့လိုက်ရသည်။ ဆိုင်းလပ်စ်က အမိန့်ပေးလိုက်သည်နှင့် အိုင်ဗီသည် သေနတ်ကို မှန်အောင်ချိန်ပြီး သမင်ကြီး၏ ခြေထောက်ကို ထိမှန်အောင် ပစ်လိုက်သည်။ ကိုးလ်ကလည်း ထပ်ဆင့်ပစ်ခတ်ရာ ထိုသတ္တဝါကြီးမှာ အသားများ မပျက်စီးဘဲ လဲကျသွားတော့သည်။

‎သမင်ကြီးကို ဆွဲယူလာရင်း အိုင်ဗီက မြစ်ကမ်းနားဘက်ကို စစ်ဆေးရန် အကြံပြုသည်။ ထိုနေရာတွင် လိပ်အမြောက်အမြားနှင့် သူမ၏ အရွယ်အစား တစ်ဝက်နီးပါးရှိသော ငါးခူကြီး သုံးကောင်ကိုလည်း ဖမ်းမိခဲ့သေးသည်။

‎သန်းခေါင်ယံအချိန် ရောက်သောအခါ မြေပြင်ပေါ်တွင် ဖမ်းမိထားသော သားကောင်များမှာ ပုံနေပြီဖြစ်သည်။ အဖွဲ့သားများမှာ မလှုပ်နိုင်လောက်အောင် ပင်ပန်းနေကြပြီဖြစ်သော်လည်း အိုင်ဗီကတော့ သူမ၏ စိတ်ရိုင်းအလိုအရ သတိရှိနေဆဲ။

‎မြက်ရှည်ပင်များအနီးတွင် ကြီးမားနက်ရှိုင်းပြီး လတ်ဆတ်နေသော ခြေရာအချို့ကို သူမ သတိထားမိလိုက်သည်။

‎"အမည်းရောင်အမြီးရှိတဲ့ သမင်တွေပဲ"

‎သူမ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ ခဏအကြာမှာပင် မှောင်ရိပ်ထဲမှ သမင်အုပ်ကြီး တစ်အုပ် ထွက်ပေါ်လာသည်။ သူတို့က အသံတိတ် လှုပ်ရှားနေကြသော်လည်း အဖွဲ့သားများက သူတို့ထက် ပို၍ လျင်မြန်ခဲ့သည်။ အဖွဲ့လိုက် စနစ်တကျ ဝိုင်းရံပစ်ခတ်မှုကြောင့် (၂၀၀) ကီလိုခန့်စီ လေးလံကာ ကျန်းမာသန်စွမ်းသည့် သမင်ဖိုကြီး ခြောက်ကောင်ကို ရရှိခဲ့သည်။

‎အရုဏ်တက်ချိန် နီးကပ်လာသည်နှင့်အမျှ အမီလီယာ သည် ရွှံ့နွံထူထပ်သော နေရာတစ်ခုအနီးတွင် လှုပ်ရှားမှုအချို့ကို သတိထားမိသွားသည်။ "ဟိုမှာ ကြည့်ဦး" ဟု သူမက လက်ညှိုးညွှန်ပြသည်။

‎ထွားကြိုင်းပြီး နှေးကွေးစွာ ရွေ့လျားနေသည့် အမေရိကန် တောကျွဲ အမနှစ်‌ ကောင်က မြက်စားနေကြသည်။ ဆိုင်းလပ်စ် ခေတ္တမျှ တွန့်ဆုတ်သွားမိသည်။ ဒီတောကျွဲမျိုးသည် ရှားပါးလှသလို အလွန်လည်း အန္တရာယ်များသည်။ သို့သော် အိုင်ဗီကတော့ ရှေ့သို့ တစ်လှမ်းတက်လိုက်၏။

‎"ဒီတစ်ချက်ကို ကျွန်မ တာဝန်ယူပါရစေ"

‎သူမသည် အနေအထား အတိအကျကို ချိန်ရွယ်ကာ တည်ငြိမ်သော လက်များဖြင့် ကျွဲကြီးတစ်ကောင်ကို သေချာသပ်ရပ်စွာ လဲကျသွားအောင် ပစ်ခတ်လိုက်သည်။ ကျန်တစ်ကောင်ကတော့ ထွက်ပြေးသွားသော်လည်း မည်သူကမျှ နောက်ယောင်ခံ မလိုက်တော့ပေ။

‎အချိန်ကုန်လုနီးပြီဖြစ်ကြောင်း သိထားကြသဖြင့် သူတို့အားလုံး အသားများကို အမြန်ဆုံး ဖျလှီးဖြတ်ကြတော့သည်။

‎နေမထွက်မီလေးမှာပင် ကိုးလ်က သစ်ပင်များပေါ်တွင် အိပ်တန်းတက်နေသည့် တောကြက်ဆင်အုပ်ကို တွေ့ရှိခဲ့သည်။ ဟင်နရီနှင့် အိုင်ဗီတို့က လျင်မြန်စွာ လှုပ်ရှားရင်း လောက်လေးဂွများနှင့် ပိုက်ကွန်များကို အသုံးပြုကာ ဆူဖြိုးလှသော တောကြက်ဆင် (၁၅) ကောင်ကို ဖမ်းဆီးနိုင်ခဲ့သည်။

‎အားလုံးပင် မောဟိုက်နွမ်းနယ်နေကြပြီ ဖြစ်သော်လည်း ရရှိလာသည့် ရိက္ခာများကြောင့် ကျေနပ်အားရစွာဖြင့် နောက်ဆုံးထွက်လာသည့် ရိက္ခာအထုပ်များကို စုစည်းလိုက်ကြလေတော့သည်။

‎

All Chapters