← Chapters

စွမ်းအင်မိုး ရွာချခြင်း

Vol. 2 Ch. 19

စွမ်းအင်မိုး ရွာချခြင်း

Vol. 2 Ch. 19

‎"၁၀,၀၀၀ KB တောင်လား"

‎ဒါက များလွန်းလှသည်။ နောက်ထပ် ထိတ်လန့်စရာကောင်းသည့် သတင်းတစ်ခုကတော့... ဤသိုလှောင်ခန်း သည် လက်ရှိတွင် အဆင့်(၀)မှာသာ ရှိနေသေးခြင်းပင်။

‎အိုင်ဗီသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တောအုပ်ထဲမှ ထွက်ခွာလာခဲ့သည်။ သူမ၏ စိတ်ထဲတွင် တောင်တစ်ခုလုံးကို သိုလှောင်ခန်းထဲ ထည့်ပစ်ချင်သော်လည်း၊ လက်တွေ့ဘဝကတော့ ရက်စက်လှသည်။ ၁၀ မိနစ်၊ ဒါမှမဟုတ် တစ်နာရီအတွင်းမှာ KB ၁၀,၀၀၀ စုဆောင်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ချေ။

‎မကြာမီမှာပင် အိုင်ဗီသည် လူတိုင်းစောင့်နေသည့် ဂျစ်ကားဆီသို့ ပြန်ရောက်လာသည်။ ဆိုင်းလပ်စ်က အဖွဲ့သားများကို ကြိုတင်သတိပေးထားပုံရသဖြင့်၊ မည်သူကမျှ အမဲလိုက်ရရှိထားသည့် အသားများအကြောင်း သို့မဟုတ် အိုင်ဗီ ဘာကြောင့် နောက်ကျနေရသလဲဆိုသည်ကို မမေးမြန်းကြတော့ပေ။

‎စကိုင်းလိုင်း လူနေရပ်ကွက်ဆီသို့ အပြန်ခရီးကတော့ ပင်ပန်းနွမ်းနယ်စရာပင်။ ဆိုင်းလပ်စ်မှလွဲ၍ ကျန်သူအားလုံး ကားပေါ်တွင် အိပ်ပျော်သွားကြသည်။ ဆိုင်းလပ်စ်သည်လည်း ပင်ပန်းနေပြီး အကြောင်းရင်းမရှိဘဲ ထူးထူးခြားခြား အိပ်ငိုက်လာသော်လည်း၊ မအိပ်မိအောင် အစွမ်းကုန် ကြိုးစားပြီး ကားမောင်းနေရသည်။

‎ကံကောင်းသည့်အချက်မှာ လမ်းတွင် ဇမ်ဘီများနှင့် လုံးဝ မတိုးခဲ့ခြင်းပင်။

‎စကိုင်းလိုင်း လူနေရပ်ကွက်သို့ ရောက်သောအခါ ဆိုင်းလပ်စ်က ဟင်နရီ၊ အမီလီယာ နှင့် ကိုးလ်တို့ကို နှိုးလိုက်သည်။

‎"ရောက်ပြီလား... ဟူး... ငါ ဘာလို့ ဒီလောက်တောင် အိပ်ချင်နေရတာလဲ မသိဘူး" ဟင်နရီက လက်တစ်ဖက်ဖြင့် မျက်လုံးကိုပွတ်ရင်း အပြင်ဘက်ကို ကြည့်ကာ ရေရွတ်လိုက်သည်။

‎အမီလီယာ ကလည်း မအိပ်မိအောင် မျက်တောင်ကို အတင်းခတ်နေရသလို၊ ကိုးလ်ကလည်း သမ်းဝေနေတော့သည်။ ၎င်းတို့အားလုံး ပုံစံတူ ထူးထူးခြားခြား ဖြစ်နေသည်ကို မြင်လိုက်ရတော့ ဆိုင်းလပ်စ်၏ မျက်မှောင်များ ကြုံ့သွားရသည်။ အစကတော့ ပင်ပန်းလို့ အိပ်ချင်တာဟု ထင်ထားသော်လည်း ယခုမူ... သူ သံသယဝင်လာမိပြီ။

‎ဝုန်း... ဒိုင်း...

‎ကောင်းကင်ယံမှ မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားရာ ဟင်နရီ၏ မျက်လုံးများ ပြူးသွားတော့သည်။

‎"ဆိုင်းလပ်စ် အိုင်ဗီပြောတာ တကယ်ပဲဟ၊ မိုးရွာတော့မယ်"

‎ဆိုင်းလပ်စ်က အိုင်ဗီ့ရဲ့ ကြိုတင်ခန့်မှန်းချက်ကို အဖွဲ့သားတွေကို အနည်းအကျဉ်း ပြောပြထားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဟင်နရီက အိုင်ဗီ လိမ်နေတာပါဟု ဆိုကာ လှောင်ပြောင်ခဲ့သော်လည်း၊ ဆိုင်းလပ်စ်၏ အိုင်ဗီ့အပေါ် ယုံကြည်မှုကြောင့်သာ ပါးစပ်ပိတ်နေခဲ့ရခြင်း ဖြစ်သည်။

‎'တော်သေးတာပေါ့ ငါ အများကြီး လျှောက်မပြောမိလို့။ မဟုတ်ရင်တော့ ဒီတစ်ခါ ပါးရိုက်ခံရတာ အတော်နာမှာပဲ' ဟု သူ တွေးလိုက်မိသည်။ ခရီးစဉ်တစ်ခုအတွင်းမှာတင် အိုင်ဗီ့အပေါ် ထားရှိသည့် သူ၏အမြင်က ၁၈၀ ဒီဂရီ ပြောင်းလဲသွားခဲ့ပြီ။ အိုင်ဗီ့မှာ အပြစ်အနာအဆာတွေ ရှိနေသေးတာကို လျစ်လျူမရှုနိုင်သော်လည်း၊ သူမကို ဒုတိယအကြိမ် အခွင့်အရေးပေးရန် သူ အသင့်ဖြစ်နေပြီ။

‎ဆိုင်းလပ်စ်က အိုင်ဗီ့ကို အသာအယာ နှိုးလိုက်သည်။

‎"အိုင်ဗီ... ထတော့၊ ငါတို့ ရောက်ပြီ။"

‎အိုင်ဗီသည် ခက်ခဲစွာ မျက်လုံးဖွင့်လိုက်ရသည်။ သူမ၏ ခေါင်းမှာ လေးလံနေပြီး နားထင်ကို ဖိထားရင်း မေးလိုက်သည်။

‎"ဘယ်နေရာလဲ... အမဲလိုက်ထားတဲ့ အသားတွေကို ဘယ်မှာ ထားရမလဲ။ ကျွန်မ... ကျွန်မ သတိလစ်သွားနိုင်တယ်... ဂိုဒေါင်ကို အမြန်ခေါ်သွားပေးပါ..."

‎ဆိုင်းလပ်စ်က စိုးရိမ်တကြီးဖြင့် အိုင်ဗီ့၏ ကိုယ်အပူချိန်ကို စမ်းကြည့်လိုက်သည်။ သူမ၏ ကိုယ်က အနည်းငယ် ပူနေပြီး ဆေးမိထားသူတစ်ယောက်လို မိန်းမောနေပုံရသည်။

‎"အေးအေးဆေးဆေး လုပ်ပါ၊ အတင်းကြီး မလုပ်နဲ့..." သူက စကားစလိုက်သော်လည်း အိုင်ဗီက လက်ကာပြကာ ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်သည်။

‎"မဟုတ်ဘူး! ကျွန်မ... အခုပဲ လုပ်ရမယ်.. သူတို့..."

‎....................................

‎ဆိုင်းလပ်စ်သည် အိုင်ဗီ့ကို ဂိုဒေါင်ဆီသို့ ခေါ်ဆောင်လာခဲ့သည်။ သူတို့၏ ခြေလှမ်းများမှာ နှေးကွေးပြီး လေးလံနေကြသည်။

‎ဒါဟာ မနေ့က အလုပ်ကြမ်းလုပ်ထားလို့ တစ်ဝက်ရယ်၊ စွမ်းအင်မိုးရဲ့ သက်ရောက်မှုကြောင့် တစ်ဝက် ဖြစ်မှန်း အိုင်ဗီ သိနေသည်။

‎ဂိုဒေါင်ထဲရောက်သည်နှင့် အိုင်ဗီက လက်ဝေ့ယမ်းလိုက်ပြီး အမဲလိုက်ရရှိထားသည့် သားကောင်အားလုံးကို ထုတ်ချလိုက်ကာ မြေပြင်ပေါ်သို့ ပြိုလဲကျလုနီးပါး ဖြစ်သွားသည်။ ဆိုင်းလပ်စ်က အမြန်လှမ်းဖမ်းပြီး သူမကို ဖက်ထားရန် ပြင်လိုက်သော်လည်း၊ အိုင်ဗီက နောက်သို့ ဆုတ်ကာ သူနှင့် အကွာအဝေးတစ်ခု ခြားလိုက်သည်။

‎ဆိုင်းလပ်စ်၏ မျက်ဝန်းထဲမှ အရောင်အဝါများ အနည်းငယ် မှိန်ဖျော့သွားပြီးနောက် သူက အကြံပြုလိုက်သည်။

‎"ငါ့တိုက်ခန်းမှာပဲ နင် ခဏနေလိုက်ပါလား။ ရာဗင်ခရော့ဖ်။ မိသားစုက..."

‎အိုင်ဗီ ခေတ္တစဉ်းစားပြီးမှ ခေါင်းညိတ်လိုက်သည်။ သူမသည် အရိပ်ထဲကနေ ဆိုင်းလပ်စ်ကို ကာကွယ်ပေးချင်သော်လည်း... ဆိုင်းလပ်စ်ကို ကြည့်လိုက်မိတော့ စွမ်းအင်မိုးရွာနေစဉ်အတွင်း သူသည် သူမ၏ အကူအညီကို လိုအပ်လိမ့်မည်ဟု နားလည်လိုက်သည်။

‎အိုင်ဗီ့ခေါင်းထဲက အနာဂတ်အကြောင်းတွေကို မသိရှာသော ဆိုင်းလပ်စ်သည် သူမကို သူ၏တိုက်ခန်းထဲသို့ ခေါ်လာခဲ့သည်။ အထဲရောက်သော် -

‎"ခေါက်ဆွဲစားမလား?" ဟု သူက မေးသည်။

‎အိုင်ဗီသည် ရင်းနှီးနေသော ထိုတိုက်ခန်းလေးကို ကြည့်ပြီး ရင်ထဲမှာ ဝမ်းသာလုံးဆို့နေမိသည်။ ဒီနေရာကို သူမ ပြန်မရောက်ဖူးတာ ဆယ်စုနှစ်တစ်ခုလောက် ရှိပြီ မဟုတ်ပါလား။

‎ဆိုင်းလပ်စ်၏ မေးခွန်းကို အိုင်ဗီက ခေါင်းခါပြလိုက်သည်။

‎"ဟင့်အင်း... ကျွန်မ ဗိုက်ပြည့်နေပြီ..."

‎ဂံ္... (ဗိုက်ထဲမှ အသံထွက်လာခြင်း)

‎အိုင်ဗီ: (ရှယ်သွား)

‎ဆိုင်းလပ်စ်က ရှက်သွေးဖြာကာ နီရဲသွားသော အိုင်ဗီ့၏ လှပသည့် မျက်နှာလေးကို စိုက်ကြည့်နေမိသည်။ ပန်းရောင်ဆံပင်လေးကို မြင့်မြင့်လေး စည်းထားသည့် သူမပုံစံက မက်မွန်သီးလေးတစ်လုံးနှင့်ပင် တူနေတော့သည်။

‎"ခဏစောင့်ဦး" ဆိုင်းလပ်စ်က တခိခိရယ်ရင်း မျက်ဝန်းများ နူးညံ့သွားကာ အိုင်ဗီ့ဘေးကနေ ဖြတ်လျှောက်သွားသည်။

‎အိုင်ဗီကတော့ ရင်ထဲမှာ တလှပ်လှပ်ဖြစ်နေတာကို ထိန်းထားရင်း ပြန်ပြောလိုက်သည်မှာ -

‎"အဲဒါ ကျွန်မဆီက ထွက်တဲ့အသံ မဟုတ်ဘူးနော်။"

‎ဆိုင်းလပ်စ်က ခေတ္တရပ်လိုက်ပြီး မျက်ဝန်းထဲတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားကာ ခေါင်းညိတ်ပြလိုက်သည်။

‎"အေးပါ... မင်းဆီက မဟုတ်ပါဘူး။"

‎ဆိုင်းလပ်စ်၏ လေသံမှာ အတည်ပေါက်ကြီး ဖြစ်နေသဖြင့် အိုင်ဗီ ခဏတာ စိတ်သက်သာရာ ရသွားသော်လည်း၊ သူက ဆက်ပြောလိုက်သည့်အခါတွင်တော့ ထိုစိတ်သက်သာရာ ရမှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားရသည်။

‎"ကြွက်ကလေးတွေ တစ်ကောင်နဲ့တစ်ကောင် လိုက်တမ်းပြေးတမ်း ကစားနေကြတာနေမှာပါ"

‎အိုင်ဗီ: "..." (အဲဒါ ကျွန်မ မဟုတ်ပါဘူးဆို။ သူ ကျွန်မအကြောင်း ပြောနေတာ မဟုတ်ဘူး... မဟုတ်ဘူး...)

‎ဆိုင်းလပ်စ်က စပ်စပ်လေးချက်ထားသည့် ခေါက်ဆွဲတစ်ပွဲ ပြင်ပေးပြီးနောက် အိုင်ဗီသည် ယဉ်ယဉ်ကျေးကျေး စားနိုင်ရန် အစွမ်းကုန် ကြိုးစားကြည့်သေးသည်။ သူမ ကြိုးစားခဲ့ပါသည်... သို့သော် ခေါက်ဆွဲက အရမ်းကို မြိန်လွန်းနေသည် မဟုတ်ပါလား။

‎လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုစာလုံး စားခဲ့ရသည့် "စွမ်းအင်ပြည့် ဘီစကစ်" ခြောက်ခြောက်ကပ်ကပ်တွေနှင့် ယှဉ်လိုက်လျှင် ဤခေါက်ဆွဲမှာ နတ်သုဒ္ဓါပင် ဖြစ်တော့သည်။

‎"ဖြည်းဖြည်းစားပါ၊ ဘယ်သူမှ လုမစားပါဘူး" အိုင်ဗီ၏ တူကိုင်လှုပ်ရှားမှုမှာ စက်ဘီးနင်းနှုန်းထက်ပင် မြန်နေသည်ကို ကြည့်ပြီး ဆိုင်းလပ်စ်က တခိခိရယ်ရင်း ပြောလိုက်သည်။

‎အိုင်ဗီသည် ခေါင်းညိတ်ပြလိုက်သော်လည်း သူမ၏ အာရုံတစ်ခုလုံးမှာ ခေါက်ဆွဲပန်းကန်ထဲ၌သာ ရှိနေတော့သည်။

‎စားသောက်ပြီးသွားသောအခါ အိုင်ဗီသည် ကျေနပ်အားရသည့် အမူအရာဖြင့် သူမ၏ ဗိုက်လေးကို အသာအယာ ပုတ်နေမိသည်။ ဆိုင်းလပ်စ်က သူမ၏ အမူအရာကို ကြည့်ပြီး အသည်းယားနေမိကာ စားပွဲကို စတင်သိမ်းဆည်းလိုက်သည်။

‎ထိုစဉ် အပြင်ဘက်မှ မိုးရွာသံ ကြားလိုက်ရသဖြင့် ဆိုင်းလပ်စ်က အံ့သြတကြီးဖြင့် ပြတင်းပေါက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

‎ဘုန်း

‎အိုင်ဗီသည် ဆိုင်းလပ်စ်ကို သတိလစ်သွားအောင် လုပ်လိုက်ပြီးနောက် နောင်တရနေသည့် မျက်နှာထားဖြင့် နောက်သို့ ဆုတ်လိုက်သည်ကို ဆိုင်းလပ်စ်တစ်ယောက် ဇဝေဇဝါဖြင့် ကြည့်နေမိသည်။

‎အရာအားလုံးက မြန်လွန်းလှသဖြင့် ဆိုင်းလပ်စ် ဘာမှနားမလည်လိုက်ချေ။

‎သူ၏ မျက်လုံးများ မှေးစင်းသွားပြီး သတိမလစ်ခင် နောက်ဆုံးအချိန်၌ သူ၏ စိတ်ထဲတွင် မေးခွန်းတစ်ခုသာ ရှိနေခဲ့သည် -

‎'မင်း... ဒီတစ်ခါလည်း ကိုယ့်ကို ထပ်ပြီး သစ္စာဖောက်ဦးမှာလား'

‎

All Chapters