အခန်း (၇၆၁-၇၆၂)
Vol. 77 Ch. 761-762
အခန်း ၇၆၁ - အိုရန်ရွှမ်ကျိ၊ ဆင်းလာပြီး လက်ဖက်ရည်သောက်ဦးလေ
ကျိုးပုဖန်နှင့် အပေါင်းအပါများမှာ ခုနကလောက် စိတ်မလှုပ်ရှားတော့သော်လည်း လက်ဖက်ရည်ခွက်များကို ဖြည်းဖြည်းချင်း ချလိုက်ကာ ဖန့်ချန်ကို မျက်နှာသေဖြင့် စိုက်ကြည့်နေကြသည်။
သူတောင်းစား တာအိုဆရာသည် ရင်ထဲရှိ တုန်လှုပ်မှုများကို ဖိသိပ်ကာ မျက်နှာချင်းဆိုင်ရှိ ဝူဝေကျိကို အသံတိုးတိုးဖြင့် ပြောလိုက်သည်
"ဝူဝေကျိမိတ်ဆွေ... ခုနက နားလည်မှုလွဲတာတွေကို စိတ်ထဲမထားပါနဲ့တော့"
ဝူဝေကျိ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး သူ့ကို အေးဆေးစွာ တစ်ချက်ကြည့်ကာ ဘာမှပြန်မပြောချေ။
သူတောင်းစား တာအိုဆရာ၏ ရင်ထဲတွင် လေးလံသွားပြီး စီယန်တာအိုဂိုဏ်း ၏ ဒေါသကို မည်သို့ပြေလျော့အောင် လုပ်ရမည်ကို စဉ်းစားနေတော့သည်။
ရုတ်တရက် သူသည် အကြံတစ်ခုရသွားကာ လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ဖန့်ချန်ရှိရာဘက်သို့ ရိုက်ခွဲပစ်လိုက်ပြီး မတ်တပ်ရပ်ကာ တရားမျှတဟန်ဖြင့် အော်ဟစ်လိုက်သည်
"မိစ္ဆာတာအို မင်းက ငါတို့ တာအိုမျိုးဆက်တွေကို ဒီလောက်တောင် အရှက်ခွဲရက်တယ်ပေါ့၊ ဒီနေ့ ငါမင်းနဲ့ အသေအလဲ တိုက်မယ်"
လက်ဖက်ရည်ခွက်မှာ ဖန့်ချန်၏ ခြေရင်းတွင် ကွဲအက်သွားပြီး အတွင်းရှိ အညိုရောင် လက်ဖက်ရည် များမှာ စင်ထွက်သွားသော်လည်း ဖန့်ချန်၏ ခန္ဓာကိုယ်ပတ်လည်ရှိ ဝိညာဉ်စွမ်းအား အကာအကွယ်ကြောင့် တားဆီးခြင်း ခံလိုက်ရသည်။
ဝူဝေကျိက သူတောင်းစား တာအိုဆရာကို တစ်ချက်ကြည့်လိုက်ရာ စိတ်ထဲရှိ ဒေါသများမှာလည်း တော်တော်လေး ပြေလျော့သွားပြီး အေးဆေးစွာ ပြောလိုက်သည်
"အရင်က နားလည်မှုလွဲတာကို ငါဂရုမစိုက်တော့ဘူး၊ ခဏနေ စာရင်းရှင်းတဲ့အခါကျရင် အင်အားစိုက်ထုတ်ဖို့ မမေ့နဲ့ဦး"
"ဒါပေါ့၊ ဒါပေါ့"
သူတောင်းစား တာအိုဆရာက အကြိမ်ကြိမ် ခေါင်းညိတ်ပြသည်။
လီတောက်ယဲ့နှင့် အခြားသူများမှာမူ ထိုသူများကို ဒေါသတကြီး ကြည့်နေကြသော်လည်း ယခုအခြေအနေမှာ သူတို့ စကားပြောနိုင်သည့် အခြေအနေ မဟုတ်သဖြင့် ငြိမ်သက်စွာသာ စောင့်ကြည့်နေကြရသည်။
ထိုစဉ် မသေမျိုးဘုရင် သုံးပါးမှာ ဟင်းလင်းပြင်တွင် ရပ်တန့်လိုက်ပြီး ဖန့်ချန်နှင့် ဆယ်ပေခန့်သာ ကွာဝေးတော့သည်။
"ဒီနေ့ တာအိုသုံးထောင်ဂိုဏ်း ပြန်လည်တည်ထောင်ပွဲကို မသေမျိုးဘုရင် သုံးပါးလုံး ကိုယ်တိုင် ကြွရောက်လာတာဟာ ကျွန်တော့်အတွက်တော့ တကယ့်ကို ကံကောင်းခြင်းပါပဲ"
ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။
ချင်ဘိုးဘေးနှင့် အခြားသူများမှာ အံ့အားသင့်သွားကြပြီး မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
မသေမျိုးဘုရင် သုံးပါးလုံး ရောက်လာသည်ကို မြင်နေရပါလျက်နှင့် တစ်ဖက်လူက ဘာကြောင့် ဒီလောက်အထိ တည်ငြိမ်နေနိုင်ရတာလဲ
ဒါမှမဟုတ်... သူတကယ်ပဲ နားမလည်တာလား ဒီမသေမျိုးဘုရင် သုံးပါးက ဂုဏ်ပြုဖို့ လာတာမဟုတ်ဘဲ အကုန်အစင် သုတ်သင်ဖို့ လာတာဆိုတာကိုလေ။
ချင်မျိုးနွယ်စုဝင်များ၏ ဖမ်းဆီးခြင်း ခံထားရသော ချင်ဖုန်းက မနေနိုင်ဘဲ ပြောလိုက်သည်
"ဖန့်စီနီယာကတော့ ဖန့်စီနီယာပါပဲ ဒီလောက်ကြီးမားတဲ့ ဖိအားမျိုးမှာတောင် ကြောက်ရွံ့တဲ့ အရိပ်အယောင် လုံးဝမရှိဘူး"
ချူလန်သည် ကြာမြင့်စွာ မတွေ့ရတော့သော ထိုမျက်နှာလေးကို ကြည့်ရင်း ပြုံးလိုက်မိသည်
"ဒါကြောင့်လည်း သူက မင်းရဲ့ အသက်ကို ကယ်နိုင်ခဲ့တာပေါ့"
"ဒီဖန့်ချန် က ဘယ်လောက်ပဲ နောက်ခံကြီးကြီး ဒီနေ့တော့ အကုန်သွားပြီ ထင်ပါတယ်"
ချင်မျိုးနွယ်စုခေါင်းဆောင်က ခေါင်းခါရင်း လေးနက်စွာ ပြောလိုက်သည်
"တာအိုဂိုဏ်းရဲ့ မသေမျိုးဘုရင် သုံးပါးလုံး ပေါ်လာပြီဆိုတော့ ဖန့်ချန် အသက်ရှင်နိုင်ခဲ့ရင်တောင် တာအိုတစ်ထောင်ဂိုဏ်းကတော့ မျိုးဖြုတ်ခံရမှာ သေချာသလောက်ပဲ"
လုံကျွင်းနှင့် ကုရှီးမသေမျိုးဘုရင်တို့က ဖန့်ချန်ကို အေးစက်စွာ စိုက်ကြည့်နေကြပြီး ဘာမှမပြောကြချေ။
အိုရန်ရွှမ်ကျိက ပြုံးလိုက်ပြီး
"လူငယ်လေး ဒီနေ့ မင်းက ဓားဂိုဏ်းရဲ့ တပည့်လားဒါမှမဟုတ် တာအိုဂိုဏ်းရဲ့ တပည့်လား"
"ကျွန်တော်က တာအိုဂိုဏ်းရဲ့ တပည့်လည်း ဟုတ်သလို ဟင်လင်းပြင်ထာဝရဓားဂိုဏ်းရဲ့ တပည့်လည်း ဟုတ်ပါတယ် ဒါက ပဋိပက္ခ မဖြစ်ပါဘူး"
ဖန့်ချန်က အေးဆေးစွာ ပြန်ဖြေသည်။
"မင်း တော်တော် လောဘကြီးတာပဲ"
အိုရန်ရွှမ်ကျိက သက်ပြင်းချသလို ပြောလိုက်သည်။
"လောဘကြီးတာ ဟုတ်လား"
ဖန့်ချန်က ရယ်မောလိုက်ပြီး
"လောကမှာ တာအိုပေါင်း သုံးထောင် ရှိတယ် အခွင့်အရေး ရမယ်ဆိုရင် ကျွန်တော် တစ်ယောက်တည်းက (၉၀) ရာခိုင်နှုန်းကို သိမ်းပိုက်လိုက်ရင်ရော ဘာဖြစ်မှာလဲ စီနီယာက လမ်းကြောင်းတစ်ခုတည်းကိုပဲ အရူးအမူး ဖက်တွယ်နေတာဟာ ဗုဒ္ဓဘာသာ စကားနဲ့ ပြောရရင်တော့ စွဲလမ်းမှု ဖြစ်နေတာပါပဲ"
ထိုအချိန်တွင် အရပ်ရပ်မှ ရောက်ရှိလာကြသော တာအိုဆရာများမှာလည်း အနီးသို့ ရောက်ရှိလာကြရာ ဖန့်ချန်၏ စကားကို ကြားသောအခါ မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်လာကြသည်။
မျိုးနွယ်စုခေါင်းဆောင်များနှင့် တာအိုပညာရှင်များမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ဒီကောင်လေးက... အိုရန်ရွှမ်ကျိ မသေမျိုးဘုရင်ကို ဆုံးမနေတာလား
"ဖန့်ချန် မင်း တော်တော် ရိုင်းစိုင်းတာပဲ ငါတို့ဂိုဏ်းရဲ့ ဘိုးဘေးကြီးက တာအိုဂိုဏ်းမှာ ဘယ်လောက် အဆင့်အတန်းမြင့်လဲဆိုတာ မင်းသိလား မင်းလိုကောင်က လာပြီး ဆုံးမစရာ မလိုဘူး ချက်ချင်း ဒူးထောက် တောင်းပန်စမ်း"
ရွှီချင်းဆုန်းက အော်ဟစ်လိုက်သည်။
ယွမ်ကျူးဆရာကြီးကလည်း အေးဆေးစွာ ပြောလိုက်သည်
"အိုရန်ရွှမ်ကျိ မသေမျိုးဘုရင်ဟာ တာအိုဂိုဏ်းရဲ့ စီနီယာကြီး ဖြစ်ပြီး တာအိုပညာရပ်မှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူပါ လောကမှာ သူ့ကို ယှဉ်နိုင်သူ လက်ချိုးရေလို့ ရတယ် မင်းလို နှစ်တစ်ရာတောင် မပြည့်သေးတဲ့ မျိုးဆက်သစ်လေးက ဒီလောက်အထိ စော်ကားမော်ကား ပြောဝံ့တယ်ပေါ့"
ရေတွက်၍မရနိုင်သော တာအိုပညာရှင်များက ဝိုင်းဝန်း ဆူပူကြိမ်းမောင်းကြရာ တစ်လောကလုံးတွင် သူတို့၏ ကြိမ်းမောင်းသံမှလွဲ၍ ဘာမှ မကြားရတော့ချေ။
အိုရန်ရွှမ်ကျိက သူ၏လက်ကို အသာအယာ မြှောက်လိုက်သည့်အခါမှသာ လူအုပ်ကြီးမှာ တဖြည်းဖြည်း ငြိမ်ကျသွားသည်။
"ဘူငယ်လေး ဓားဂိုဏ်းရဲ့ မာနထောင်လွှားမှုကိုတော့ မင်း (၇၀)၊ (၈၀) ရာခိုင်နှုန်းလောက် တတ်မြောက်သွားပြီပဲ ဒါပေမဲ့ မင်းမသိတာက အဲဒီဓားကျင့်ကြံသူတွေက သူတို့မှာ အစွမ်းအစ အပြည့်ရှိလို့ မာနကြီးနိုင်တာ မင်းကတော့ အတောင်အပံတောင် မစုံသေးဘဲနဲ့ ငါ့ရှေ့မှာ လာပြီး တရားချနေတာလား"
အိုရန်ရွှမ်ကျိက လှောင်ပြုံးပြုံးလိုက်ပြီး
"လောကမှာ တာအိုသုံးထောင် ရှိတယ် မင်းက ကိုးပုံတစ်ပုံကို သိမ်းပိုက်ချင်တယ်ပေါ့ မာနကြီးလိုက်တာ တကယ့်ကို မာနကြီးတာပဲ အခုခေတ် ဂိုဏ်းချုပ်ကြီးတွေတောင် မင်းလောက် မာနမကြီးဘူး"
အကြီးအကဲရွှီနှင့် အခြားသူများမှာ ရင်ထဲတွင် စိုးရိမ်ပူပန်နေကြသည်။
ရှေ့မှာ ရှိနေသူမှာ ကြယ်ကိုဆွတ်၊ လကိုဖမ်းနိုင်သည့် အစွမ်းထက် မသေမျိုးဘုရင်ကြီး ဖြစ်သည် မိမိတို့ ဘိုးဘေးက ထိုသို့ ပြောလိုက်သည်ဆိုလျှင် နောက်ပိုင်း ဘယ်လို ဇာတ်သိမ်းမည်နည်း
"ဒါပေမဲ့လည်း အရွယ်ငယ်ငယ်နဲ့ ဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူ ဖြစ်နေတာဆိုတော့ မာနကြီးတာလည်း နားလည်ပေးလို့ ရပါတယ်"
အိုရန်ရွှမ်ကျိက စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်ပြီး မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားကာ ကျိုးပုဖန်တို့ထံသို့ လှည့်ကြည့်လိုက်သည်
"ဒါပေမဲ့ မင်းကိုယ်မင်း တာအိုဂိုဏ်းရဲ့ ကျင့်ကြံသူလို့ ဝန်ခံထားပြီးတော့ ဘာလို့ တာအိုမိတ်ဆွေအချင်းချင်းကို ဒီလောက်အထိ အရှက်ခွဲရတာလဲ သူတို့ကို လူသားတွေရဲ့ အညစ်အကြေးတွေ သောက်ခိုင်းပြီး လက်ဖက်ရည်သောက်ရင်း တာအိုဆွေးနွေးတယ် လို့ နာမည်လှလှ တပ်ထားတာလား "
"အိုရန်ရွှမ်ကျိ မသေမျိုးဘုရင်ကြီး သိမြင်တော်မူပါကျွန်တော်တို့သာ အသေခံပြီး ဒီအရှက်တရားကို အံကြိတ်မခံခဲ့ရင် အခုဆို အသက်ရှိတော့မှာ မဟုတ်ပါဘူး "
ကျိုးပုဖန်တို့မှာ မြေကြီးပေါ်တွင် ဒူးထောက်ကာ ငိုယို တောင်းပန်ကြတော့သည်။
"ရက်စက်လိုက်တဲ့ စိတ်ဓာတ်"
"တာအိုမိတ်ဆွေချင်းကို ဒီလို အရှက်ခွဲတယ်ဆိုတော့ မင်းမျက်လုံးထဲမှာ တာအိုဂိုဏ်း ရှိသေးရဲ့လား"
"ငယ်ငယ်လေးနဲ့ ဒီလောက် ယုတ်မာတာ နောက်ထပ် နှစ်တစ်ရာလောက် ကျင့်ကြံလိုက်ရင် ဂိုဏ်းချုပ်ကြီးတွေကိုတောင် မျက်စိထဲ ထည့်တော့မှာ မဟုတ်ဘူး"
ယွမ်ကျူးဆရာကြီးနှင့် အခြားသူများက ဝိုင်းဝန်း ပြစ်တင်ရှုတ်ချကြသည်။
အနီးအနားရှိ ဘုရားဖူးများမှာလည်း နားမလည်နိုင်အောင် ဖြစ်နေကြသည်။
သူတို့က ထိုသူများကို ဂုဏ်ပြုဖို့ လာကြတာဟု ထင်ထားသော်လည်း ယခုတော့ ထိုနတ်ဘုရားများမှာ ရန်သူအဖြစ် ရောက်လာခြင်း ဖြစ်ကြောင်း သိလိုက်ရသဖြင့် တာအိုတစ်ထောင်ဂိုဏ်းအတွက် စိုးရိမ်သွားကြသည်။
ပိုင်လီရှောင်သည် ယခင်က ချင်မျိုးနွယ်စုတွင် ဖန့်ချန်နှင့် ဆုံခဲ့ဖူးသည်။
ယခု ဖန့်ချန်က မသေမျိုးဘုရင်၏ ရှေ့တွင်ပင် မာနကြီးသော စကားများကို ပြောဝံ့သည်ကို မြင်သောအခါ၊ ယခင်က ဖန့်ချန်၏ လက်တွင် ရှုံးနိမ့်ခဲ့ရခြင်းကို နာကျင်မနေတော့ဘဲ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်မျိုး ဖြစ်လာသည်။
"အဖေ ကြည့်ပါဦး ဒီလိုနည်းလမ်းမျိုးနဲ့ တာအိုသုံးထောင်ဂိုဏ်းကို ဘယ်လို ပြန်တည်ထောင်မှာလဲကျွန်တော်တို့ ဒီတစ်ခေါက် လာတာဟာ အလကားဖြစ်ရုံတင်မကဘဲ ကိုးပါးနေမင်းတာအိုဂိုဏ်းကိုပါ ရန်စမိသွားပြီ ချန်းတာအိုနယ်မြေမှာ ဆက်နေဖို့တောင် မလွယ်တော့ဘူး"
ချီကုန်းရှု၏ သားများက စိတ်ပူစွာဖြင့် ပြောလိုက်ကြသည်။
ချီကုန်းရှုသည် လူအုပ်ကြားတွင် လှုပ်ရှားမှုမရှိဘဲ ဖန့်ချန်ကိုသာ စိုက်ကြည့်နေသည်။
ထို့နောက် ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည်
"ဒီနေ့ပြီးရင် မင်းတို့ ချန်းတာအိုနယ်မြေကနေ ထွက်သွားကြ ဘေးကင်းတဲ့ နေရာတစ်ခုမှာ အာရုံစိုက် ကျင့်ကြံကြ နောက်ဆို... ဒီကို ပြန်မလာနဲ့တော့"
"အဖေ... အဖေ ဘာလုပ်မလို့လဲ"
သားများမှာ ထိတ်လန့်သွားကြသည်။
"ရှေးဟောင်းစာအုပ်တွေထဲမှာ ပါတယ် တာအိုသုံးထောင်ဂိုဏ်း ဘေးဒုက္ခနဲ့ ရင်ဆိုင်ရချိန်မှာ ကျင့်ကြံသူ ကိုးထောင်ဟာ တာအိုအတွက် အသက်ပေးခဲ့ကြတယ် ဒီနေ့ ငါလည်း အဲဒီထဲက တစ်ယောက် ဖြစ်ချင်တယ်"
ချီကုန်းရှုသည် ရုတ်တရက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပိုင်လီရှောင်ကို ကျော်ဖြတ်ပြီး ပျံသန်းသွားသည်။
ပိုင်လီရှောင်မှာ တားရန် ပြင်လိုက်သော်လည်း ယနေ့ မသေမျိုးဘုရင်များ ရှိနေသဖြင့် သူမလှုပ်ရဲဘဲ ချီကုန်းရှု ဖန့်ချန်၏ ရှေ့သို့ ပျံသန်းသွားသည်ကိုသာ ကြည့်နေလိုက်ရသည်။
မသေမျိုးဘုရင်များက ချီကုန်းရှုကို အေးအေးဆေးဆေး ကြည့်နေသော်လည်း တိုက်ခိုက်ခြင်း မပြုကြချေ။
"တပည့် ချီကုန်းရှု ဂါရဝပြုပါတယ် ကျွန်တော့်ရဲ့ ချီမျိုးနွယ်စုဟာ ဘိုးဘေးတွေ လက်ထက်ကတည်းက တာအိုသုံးထောင်ဂိုဏ်းရဲ့ ပညာရပ်တွေကိုပဲ မျိုးဆက်အလိုက် ကျင့်ကြံခဲ့တာပါ ဒီနေ့မှာတော့ ဇာစ်မြစ်ကို ပြန်လည် ဆက်သွယ်ဖို့ လာရောက်တာ ဖြစ်ပါတယ် တာအိုအရှင် လက်ခံပေးပါရန် တောင်းဆိုအပ်ပါတယ်"
ချီကုန်းရှုက ဝတ်စုံလက်ကို ခါယမ်းကာ ဖန့်ချန်ကို လက်အုပ်ချီ ဂါရဝပြုလိုက်ရာ သူ၏ အသံမှာ ပတ်ဝန်းကျင် မိုင်ပေါင်းများစွာအထိ ဟိန်းထွက်သွားသည်။
လူတိုင်း မှင်တက်သွားကြသည်။
ဒီလိုအချိန်မျိုးမှာ လာပြီး ဂိုဏ်းဝင်တာလား ဒါက သေတွင်းထဲ ဆင်းတာ မဟုတ်ဘူးလား လီတောက်ယဲ့တို့ပင်လျှင် အံ့အားသင့်သွားကြသည်။
ဖန့်ချန်က ချီကုန်းရှုကို စိုက်ကြည့်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်
"ကျုပ် က တာအိုအရှင်လို့ ခေါ်ခံရဖို့ မထိုက်တန်သေးပါဘူး ဒီနေ့ မင်းလာပြီး ဂိုဏ်းဝင်တာ သေမှာ မကြောက်ဘူးလား ဒီမသေမျိုးဘုရင်တွေက ဒီကို အပျော်လာတာ မဟုတ်ဘူးနော်"
"ကျွန်တော့်ရဲ့ ဘိုးဘေးဟာ တာအိုသုံးထောင်ဂိုဏ်းနဲ့အတူ အသေမခံနိုင်ခဲ့လို့ နောင်တတွေနဲ့ ကွယ်လွန်ခဲ့ရပါတယ် ဒါကြောင့် ကျွန်တော်တို့ ချီမျိုးနွယ်စုမှာ အစဉ်အဆက် မှာထားတဲ့ စကားရှိပါတယ် တာအိုသုံးထောင်ဂိုဏ်း ပြန်လည်တည်ထောင်တဲ့နေ့မှာ ငါတို့ ချီမျိုးနွယ်စုဝင်တွေဟာ ဂိုဏ်းကို ပြန်သွားရမယ်လို့"
ချီကုန်းရှုက ပြောလိုက်သည်။
အနီးအနားရှိ တာအိုဆရာများမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်နှာတွင် ဝေခွဲမရသည့် အရိပ်အယောင်များ ပေါ်လာသည်။
"ကောင်းပြီ"
အိုရန်ရွှမ်ကျိက ခေါင်းကို အသာအယာ ညိတ်လိုက်သည်
"မင်းကို ဂိုဏ်းဝင်ခွင့် ငါခွင့်ပြုလိုက်မယ်"
ထို့နောက် သူက ဖန့်ချန်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်
"လူငယ်လေး... အဝေးကလာတဲ့ ဧည့်သည်ကို ဧည့်ခံရမယ် မဟုတ်လား ငါ့ကိုလည်း ဟိုလူတွေ သောက်နေတဲ့ လက်ဖက်ရည်မျိုး တစ်ခွက် သွားခပ်ပေးစမ်းပါ၊ ငါ အတော်လေး ရေငတ်နေလို့"
လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး၊ ကျိုးပုဖန်တို့မှာမူ ရုတ်တရက် ဝမ်းသာသွားကြသည်။
ဖန့်ချန်သာ ဒီလက်ဖက်ရည်ခွက်ကို ခပ်ပေးရဲရင် ဒီနေ့ သူ အသက်ရှင်နိုင်ပါဦးမလား တကယ်လို့ မခပ်ပေးရဲရင်ရော တာအိုသုံးထောင်ဂိုဏ်းကို ဘယ်လို မျက်နှာနဲ့ ပြန်တည်ထောင်မှာလဲ
"လက်ဖက်ရည် ခပ်တဲ့ကိစ္စမျိုးကိုတော့ ဒီဘိုးကြီး ပဲ လုပ်ပါရစေ"
ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးသည် ကျိုးပုဖန်တို့၏ ဘေးတွင် ဘယ်အချိန်က ရောက်နေမှန်း မသိဘဲ ပေါ်လာသည်။
ထို့နောက် လက်ဖက်ရည်တစ်ခွက်ကို မြှောက်လိုက်ပြီး အိုရန်ရွှမ်ကျိကို လက်ယပ်ခေါ်လိုက်သည်
"အိုရန်ရွှမ်ကျိ... ဆင်းလာပြီး လက်ဖက်ရည်သောက်ဦးလေ"
အခန်း ၇၆၂ - မင်းလာခဲ့
ကျိုးပုဖန်နှင့် အပေါင်းအပါများမှာ ထိုအဘိုးအိုသည် မည်သည့်အချိန်တွင် ပေါ်လာသည်ကိုပင် သတိမထားမိကြချေ။
သို့သော် တစ်ဖက်လူက မသေမျိုးဘုရင် ရွှမ်ကျိ၏ အမည်ကို တိုက်ရိုက်ခေါ်ဆိုဝံ့သည်မှာ အလွန်ပင် ရိုင်းစိုင်းလွန်းလှသည်။
အနီးအနားရှိ ကျင့်ကြံသူများအားလုံး မှင်တက်သွားကြပြီး ချီကျန့်နှင့် ချင်ဘိုးဘေးတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ထိုအဘိုးကြီး... ဘယ်တုန်းက ရောက်လာတာလဲ
မသေမျိုးဘုရင်ရဲ့ အမည်ကို တိုက်ရိုက်ခေါ်တယ်ဆိုတော့... သူက အသက်ရှင်ရတာ ငြီးငွေ့နေလို့လား
သို့သော် အိုရန်ရွှမ်ကျိ၊ ကုရှီးမသေမျိုးဘုရင်နှင့် နဂါးအရှင်တို့သည် ထိုအဘိုးအိုကို မြင်လိုက်ရသည့်အခါ မျက်လုံးထဲ၌ ထိတ်လန့်တုန်လှုပ်မှုများ ဖြတ်ပြေးသွားသည်ကို မည်သူမျှ သတိမပြုမိကြချေ။
အိုရန်ရွှမ်ကျိ၏ ဝတ်စုံလက်ထဲရှိ လက်နှစ်ဖက်မှာ သိသိသာသာ တုန်ယင်လာသည်။
ကုရှီးမသေမျိုးဘုရင်၏ မျက်နှာမှာ ဖြူလျော်သွားသည်။
သူတွက်ချက်ထားသည်မှာ ယနေ့ ဟင်လင်းပြင်ထာဝရဓားဂိုဏ်းက ဝင်စွက်ဖက်မည်မဟုတ်ဟု ဖြစ်သော်လည်း...
နဂါးအရှင်မှာမူ အနည်းငယ် ပိုတည်ငြိမ်သော်လည်း အိုရန်ရွှမ်ကျိနှင့် ခပ်လှမ်းလှမ်းသို့ တိတ်တဆိတ် ဆုတ်ခွာသွားသည်။
"ဖန့်ချန်၊ စီနီယာရွှင် ကို ဂါရဝပြုပါတယ်"
ဖန့်ချန်၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပိုမိုတောက်ပလာပြီး လီတောက်ယဲ့တို့နှင့်အတူ ရွှင်အဘိုးအိုရှေ့သို့ သွားကာ ရိုသေစွာ ဂါရဝပြုလိုက်သည်။
စီနီယာရွှင်
လီတောက်ယဲ့တို့သည် ထိုအဘိုးအိုမှာ မည်သူမှန်း မသိကြသော်လည်း ဖန့်ချန်၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် ဤအဘိုးအိုမှာ သာမန်မဟုတ်ကြောင်း သိလိုက်ကြသည်။
ရွှင်အဘိုးအိုက ပြုံး၍ ခေါင်းညိတ်ပြပြီး ဖန့်ချန်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
"ကြည့်စမ်း... ငါမင်းကို မလိမ်ပါဘူး မဟုတ်လား"
ဆိုသည့် အဓိပ္ပာယ်ပင်။
ထို့နောက် သူသည် အိုရန်ရွှမ်ကျိကို ဆက်ကြည့်ကာ
"အိုရန်ရွှမ်ကျိ... ငါကိုယ်တိုင် မင်းကို လက်ဖက်ရည် တိုက်ရဦးမှာလား "
အိုရန်ရွှမ်ကျိ၏ မျက်နှာမှာ ပျာယာခတ်သွားပြီး မြေပြင်သို့ အပြေးအလွှား ဆင်းကာ ဦးညွှတ်လိုက်သည်
"ရွှမ်... ရွှမ်ကျိ၊ ရွှင်ဧကရာဇ် ကို ဂါရဝပြုပါတယ်"
ကုရှီးမသေမျိုးဘုရင်နှင့် နဂါးအရှင်တို့သည်လည်း မြေပြင်သို့ အမြန်ဆင်းကာ လက်အုပ်ချီ ဂါရဝပြုလိုက်ကြသည်
"ကုရှီး၊ ရွှင်ဧကရာဇ်ကို ဂါရဝပြုပါတယ်"
"လုံကျွင်း ရွှင်ဧကရာဇ်ကို ဂါရဝပြုပါတယ်"
ထိုမြင်ကွင်းသည် ကျင့်ကြံသူအားလုံး၏ ရင်ဝကို တူကြီးနှင့် ထုလိုက်သကဲ့သို့ပင်။
ထုချက်ကြောင့် သူတို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်၊ ထုချက်ကြောင့် သွေးလေမမှန် ဖြစ်သွားကြသည်၊ ထုချက်ကြောင့် အသက်ရှူပင် ကျပ်သွားကြသည်...
မသေမျိုးဘုရင် သုံးပါးလုံးက... ထိုအဘိုးအိုကို ဦးညွှတ် ဂါရဝပြုနေကြတာလား
ရွှင်ဧကရာဇ်
ချီကျန့်မှာ တုန်လှုပ်သွားပြီး မြေပြင်သို့ အမြန်ဆင်းကာ ဒူးထောက် ရှိခိုးလိုက်သည်
"ချန်းတာအိုနယ်စား ချီကျန့်၊ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်၊ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ၊ ကမ္ဘာတည်သရွေ့ မပျက်စီးပါစေနဲ့!"
"နေပါဦး..."
ဝေဘိုးဘေး၏ စိတ်ဝိညာဉ်မှာ တုန်ခါသွားသည်။
ရွှင်ဧကရာဇ် အရှင်မင်းကြီး မသေမျိုးဘုရင် သုံးပါးနှင့် ချီကျန့်တို့၏ ခေါ်ဝေါ်ပုံကြောင့် သူသည် တစ်ခုခုကို ရိပ်မိသွားပြီး နောက်တစ်ခဏတွင် တစ်ကိုယ်လုံး ပျော့ခွေသွားတော့သည်။
"ဘယ်... ဘယ်လိုလုပ်ပြီး ဒီပုဂ္ဂိုလ်ကြီး ဖြစ်နေရတာလဲ..."
ကျန်ရှိသော ကျင့်ကြံသူများမှာလည်း ရွှင်အဘိုးအို၏ ဇာစ်မြစ်ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ မသေမျိုးဘုရင် သုံးပါးလုံး မြေပြင်ပေါ်၌ ရိုရိုသေသေ ရပ်နေကြသည်ကို မြင်သောအခါ မည်သူမျှ ကောင်းကင်ပေါ်တွင် မနေရဲကြတော့ချေ။
အကုန်လုံး မြေပြင်ပေါ်ဆင်းကာ မသေမျိုးဘုရင်များ၏ နောက်မှနေ၍ ဂါရဝပြုလိုက်ကြသည်။
"ဘာ ရွှင်ဧကရာဇ်လဲ အဲဒီဧကရာဇ် ဘွဲ့ထူးကို ငါစွန့်လွှတ်လိုက်တာ ကြာလှပြီ ဒီကောင်နှစ်ယောက်က မသိတာ ထားဦး၊ မင်းတောင် မသိဘူးလား"
ရွှင်အဘိုးအိုက နဂါးအရှင်ကို တစ်ချက် ကြည့်လိုက်သည်။
နဂါးအရှင်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားပြီး ခေါင်းငုံ့ကာ ရိုသေစွာ ပြောလိုက်သည်
"ကျောင်းအုပ်ကြီး ကျွန်တော့်ရဲ့ အမှားပါခင်ဗျာ"
ကျောင်းအုပ်ကြီး
နဂါးအရှင်ကပင် ခေါင်းငုံ့၍ ကျောင်းအုပ်ကြီးဟု ခေါ်ဆိုရသူ တစ်ချိန်က ဧကရာဇ်ပလ္လင်ပေါ်တွင် ထိုင်ခဲ့သူ... ထိုလောကတွင် တစ်ဦးတည်းသာ ရှိသည်။
ထိုပုဂ္ဂိုလ်မှာ တောရိုင်းကျောင်းတော် ၏ ကျောင်းအုပ်ကြီးဖြစ်သလို၊ တောရိုင်းဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး လည်း ဖြစ်သည်။
"ဘယ်လိုလုပ်ပြီး ဒီပုဂ္ဂိုလ်ကြီး ဖြစ်နေရတာလဲ၊ မဖြစ်နိုင်တာ..."
ရွှီချင်းဆုန်းမှာ မျက်နှာဖြူလျော်သွားပြီး စိတ်ဓာတ်များ ပြိုလဲသွားတော့သည်။
ဖန့်ချန်က တောရိုင်းကျောင်းတော်ကို ဝင်ခွင့်ရခဲ့တာ မှန်သော်လည်း ဒါက ဘယ်လောက်ကြာသေးလို့လဲ ဘယ်လိုလုပ်ပြီး ကျောင်းအုပ်ကြီးကိုယ်တိုင်... ဂိုဏ်းချုပ်အဆင့် ပုဂ္ဂိုလ်ကြီးကိုယ်တိုင်က ဖန့်ချန်အတွက် လာပြီး အားပေးနေရတာလဲ
ထိုအခိုက်အတန့်တွင် သူသည် ဖန့်ချန်၏ ဇာစ်မြစ်ကိုပင် သံသယဝင်လာသည်။
ဒီကောင်က ဂိုဏ်းချုပ်ကြီးရဲ့ တရားမဝင် သားများလား
ထိုအချိန်တွင် အခမ်းအနားတက်ရောက်ရန် ရောက်လာသည့် လန်ယာမျိုးနွယ်စုဝင်များမှာ လူအုပ်ကြားတွင် အသံတိတ် နေနေကြသည်။
မသေမျိုးဘုရင် သုံးပါး ပေါ်လာစဉ်က သူတို့မှာ အလွန်အမင်း ကြောက်လန့်နေခဲ့ကြသော်လည်း ခဏအတွင်းမှာပင် အခြေအနေမှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ပြောင်းပြန်ဖြစ်သွားခဲ့သည်။
"တောရိုင်းကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး... အလယ်ပိုင်းကုန်းမြေရဲ့ ဧကရာဇ်ဟောင်း... အခုတောရိုင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး... ဒီလိုပုဂ္ဂိုလ်ကြီးက ဖန့်ချန်အတွက် ထွက်လာပေးတယ်ပေါ့..."
လန်ယာဘိုးဘေးမှာ ရင်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ ရင်ခုန်လှုပ်ရှားနေသည်။
သူသည် ထိတ်လန့်မှုကို အတော်လေး ထိန်းချုပ်လိုက်ရပြီး သူ၏ လူများကို ဘာမှမပြောဘဲ ငြိမ်ငြိမ်နေရန် သတိပေးလိုက်သည်။
သူနှင့်မတူဘဲ ချင်ဘိုးဘေး၊ ဝေဘိုးဘေးတို့မှာမူ မျက်နှာများ အတော်လေး ပျက်ယွင်းနေကြသည်။
တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ရင်ထဲရှိ ထိတ်လန့်မှုကို မထိန်းချုပ်နိုင်ကြချေ။
ထိုနည်းတူပင် ချူလန်တို့ ဇနီးမောင်နှံ၊ ချင်ဖုန်းတို့ မောင်နှမနှင့် သူတို့ကို စောင့်ကြပ်နေသည့် ကျင့်ကြံသူများမှာလည်း မှင်တက်နေကြသည်။
ထိုစဉ် သူတို့၏ နားထဲသို့ ချင်ဘိုးဘေး၏ စိုးရိမ်တကြီး အော်ဟစ်သံ ရောက်လာသည်
"မြန်မြန်... ချင်ဖုန်းတို့ မောင်နှမကို တာအိုတစ်ထောင်ဂိုဏ်းဆီ ပြန်ပို့လိုက်"
စောင့်ကြပ်နေသူများမှာလည်း မတားရဲတော့ဘဲ ရိုသေစွာ ပြောလိုက်သည်
"သခင်လေး... သခင်မလေး... ကျေးဇူးပြုပြီး တာအိုတစ်ထောင်ဂိုဏ်းဆီ ပြန်ကြပါ"
မောင်နှမ နှစ်ယောက်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
သူတို့မှာ ဘိုးဘေးကြီးကို သင်ခန်းစာ ပေးချင်သော်လည်း ထိုကိစ္စကြောင့် ချင်မျိုးနွယ်စု ဘေးဒုက္ခ ရောက်မည်ကို မလိုလားသဖြင့် တာအိုတစ်ထောင်ဂိုဏ်းဆီသို့ တိတ်တဆိတ် ပျံသန်းသွားကြတော့သည်။
"သွားပြီ... ငါတော့ အကုန်သွားပြီ..."
စီယန်တာအိုဂိုဏ်း မှ ကျင့်ကြံသူ တစ်ဦးမှာ ငိုရခက် ရယ်ရခက် မျက်နှာပေးဖြင့် ဖြစ်နေသည်။
ခုနက လက်ဖက်ရည်ခွက်နဲ့ ရိုက်ပေါက်ခဲ့သူမှာ သူဖြစ်သလို၊ ဖန့်ချန် သွားပြီလို့ ပြောခဲ့သူမှာလည်း သူပင် ဖြစ်သည်။
သူတောင်းစား တာအိုဆရာသည်လည်း ဘယ်အချိန်ကတည်းက ဒူးပြန်ထောက်လိုက်မှန်း မသိချေ။
သူသည် လက်ထဲရှိ လက်ဖက်ရည်ကို တစ်ကျိုက်တည်း သောက်လိုက်ပြီး အရသာရှိဟန်ဖြင့် ဆက်တိုက် ထည့်သောက်နေသည်။
သို့သော် သေချာကြည့်လျှင် သူ၏ လက်မောင်းများမှာ တုန်ယင်နေပြီး တစ်ကိုယ်လုံးတွင် ချွေးစေးများ ထွက်နေသည်ကို မြင်ရလိမ့်မည်။
"အဖေ့ရဲ့ ဆုံးဖြတ်ချက်က... ဒီတစ်ခါတော့ မှန်သွားတာလား"
လူအုပ်ကြားရှိ ချီကုန်းရှု၏ သားများမှာ ကြောင်အမ်းအမ်း ဖြစ်နေကြသည်။
သူတို့၏ အသိဉာဏ်ဖြင့် ထိုအခြေအနေကို ချက်ချင်း နားမလည်နိုင်ကြသေးသော်လည်း... သူတို့ တကယ်ပဲ ကံကောင်းသွားပြီလို့ ခံစားနေရသည်။
"နောင်ဆို မမှားစေနဲ့ဦး အခု ဧကရာဇ်က ပလ္လင်ပေါ်မှာ ထိုင်နေတုန်းပဲ သူလည်း မင်းကို ကြည့်နေနိုင်တယ်"
ရွှင်အဘိုးအိုက ပြုံးလိုက်ပြီး အိုရန်ရွှမ်ကျိကို ကြည့်လိုက်သည်
"လာလေ... မင်းက ဖန့်ချန်ကို လက်ဖက်ရည် တိုက်ခိုင်းနေတာ မဟုတ်လား ငါက မင်းအတွက် တစ်ခွက် ယူလာပေးတယ် ပူတုန်း သောက်လိုက်ဦး"
စကားအဆုံးတွင် မီးဓာတ်တစ်ခု ဖြတ်ပြေးသွားပြီး လက်ဖက်ရည်မှာ ချက်ချင်း ပွက်ပွက်ဆူကာ အငွေ့များ ထွက်လာသည်။
ဘာမှမသိသည့် ဘုရားဖူးများမှလွဲ၍ ထိုနေရာရှိ ကျင့်ကြံသူတိုင်းက ဤလက်ဖက်ရည်မှာ လူသားတို့၏ အညစ်အကြေးများ ဖြစ်မှန်း သိကြသည်။
အိုရန်ရွှမ်ကျိ၏ မျက်နှာမှာ ဖြူလျော်သွားပြီး တံတွေးကို အနိုင်နိုင် မြိုချလိုက်ရသည်။
တကယ်လို့ သူသာ ဒီလက်ဖက်ရည်ကို သောက်လိုက်ရင် မဟာချဲ့ထွင်းဂိုဏ်းက လောကမှာ ဘယ်လို မျက်နှာပြတော့မှာလဲ ဒီနေ့မှာ မသေမျိုးဘုရင်တွေတင်မကဘဲ ဂိုဏ်းချုပ်ကြီးပါ ရှိနေတာမို့လို့ သတင်းကို ဖုံးဖိဖို့ကလည်း မဖြစ်နိုင်ချေ။
နောက်ဆို ဒီသတင်းသာ ပြန့်သွားရင်... မဟာချဲ့ထွင်းဂိုဏ်း အမည်ကို ကြားလိုက်တိုင်း လူတွေက ဒီအကြောင်းကိုပဲ ပြောကြတော့မှာပေါ့...
"ကျောင်းအုပ်ကြီး... ကျွန်တော် အိုရန်ရွှမ်ကျိဟာ တာအိုသုံးထောင်ဂိုဏ်း ပြန်လည်တည်ထောင်တာကို တကယ်ပဲ စိတ်ရင်းနဲ့ လိုလားပါတယ် ရှေးခေတ်ကာလမှာ တာအိုပညာရပ်အားလုံးဟာ တာအိုသုံးထောင်ဂိုဏ်းကနေ ဆင်းသက်လာတာပါ ဒါက အချိန်တွေ ဘယ်လောက်ကုန်ကုန် မပြောင်းလဲနိုင်တဲ့ အမှန်တရားပါ တာအိုသုံးထောင်ဂိုဏ်း ကြီးပွားရင် ကျွန်တော်တို့ တာအိုဂိုဏ်းတွေလည်း ကြီးပွားမှာပါ"
အိုရန်ရွှမ်ကျိက ရုတ်တရက် အသံကျယ်ကြီးဖြင့် ဟစ်ကြွေးလိုက်ရာ သူ၏ အသံမှာ ချန်းတာအိုနယ်မြေ တစ်ခုလုံးကို တုန်ခါသွားစေသည်။
သတ္တဝါများစွာမှာ ထိုအသံကြောင့် ကောင်းကင်သို့ မော့ကြည့်လိုက်ကြပြီး ထိတ်လန့်သွားကြသည်။
ထိုအခိုက်အတန့်တွင် တာအိုကျင့်ကြံသူ အားလုံးက သိလိုက်ကြပြီ တာအိုသုံးထောင်ဂိုဏ်းသည် ယနေ့တွင် လောက၌ အမှန်တကယ် ပြန်လည် ပေါ်ထွက်လာပြီ ဖြစ်ကြောင်းကိုပင်...
"ကောင်းပြီလေ"
ရွှင်အဘိုးအိုက ခေါင်းညိတ်ပြလိုက်သည်
"ဒီလက်ဖက်ရည်ကို မင်းမသောက်ချင်ဘူးဆိုရင်တော့ တစ်ယောက်ယောက်ကို သောက်ခိုင်းလိုက်ပေါ့ အဘိုးကြီး ငါကလည်း ဒီလောက်အကြာကြီး ကိုင်ထားရတာဆိုတော့ အလကားတော့ မဖြစ်စေချင်ဘူး"
အိုရန်ရွှမ်ကျိက ရွှီချင်းဆုန်းကို လက်ယပ်ခေါ်လိုက်သည်
"မင်းလာခဲ့"