← Chapters

အခန်း (၇၆၉-၇၇၀)

Vol. 77 Ch. 769-770

အခန်း (၇၆၉-၇၇၀)

Vol. 77 Ch. 769-770

အခန်း (၇၆၉) နတ်မိစ္ဆာပင်လယ်သို့ ပထမဆုံးခြေလှမ်း

"အထဲဝင်ပြီးပြောကြတာပေါ့"

လီတောက်ယဲ့က မျက်လုံးတစ်ချက်လှုပ်ခတ်ကာ ကျိုးပုဖန်နှင့် အပေါင်းအပါများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

ထိုလူစုမှာလည်း အခြေအနေကို မြင်သည်နှင့် အမြန်ခေါင်းလွှဲသွားကြပြီး လက်ဖက်ရည်ကျိုကာ တရားဓမ္မဆွေးနွေးဟန် ဆက်လုပ်နေကြတော့သည်။

ဖန့်ကျစ်ရွှယ်သည် ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ကာ တတ်နိုင်သမျှ တည်ငြိမ်အောင်နေရင်း သူမ၏ ဂျူနီယာမောင်နှမများကို ခေါ်ဆောင်ကာ လီတောက်ယဲ့နောက်သို့ လိုက်၍ သုံးထောင်ဂိုဏ်း အတွင်းသို့ ဝင်ခဲ့သည်။

သူမ၏ ဂျူနီယာမောင်နှမများမှာမူ မိမိတို့၏ စီနီယာအစ်မသည် တာအိုသုံးထောင်ဂိုဏ်းမှ အရှိန်အဝါကြီးမားသူတစ်ဦးနှင့် တကယ်ပင် သိကျွမ်းနေလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

"အစ်ကိုလီ ကျွန်မအစ်ကို အသက်ရှင်နေသေးတယ် မဟုတ်လား"

လီတောက်ယဲ့က အချိန်အတော်ကြာသည်အထိ စကားမပြောဘဲ နေနေသဖြင့် ဖန်းကျစ်ရွှယ်မှာ မအောင့်နိုင်တော့ဘဲ ထပ်မံမေးမြန်းလိုက်သည်။

"မှန်တယ် ငါ အစကတည်းက ပြောခဲ့သားပဲ... မင်းအစ်ကိုက သေမှာမဟုတ်ဘူး တကယ်လို့ သေသွားခဲ့ရင်တောင် ငရဲမင်းဆီကနေ ပြန်တွားတက်လာမှာပဲ"

လီတောက်ယဲ့က ပြုံးလျက် ခေါင်းညိတ်ပြသည်

"ဒါပေမဲ့ သူတွားတက်လာတဲ့အချိန်မှာ မင်းက မဟာရှ မှာ မရှိတော့ဘူး ဖြစ်နေတာပဲ"

ဖန့်ကျစ်ရွှယ်က ခါးသီးစွာ ပြုံးလိုက်သည်

"ဒါကိုသာ စောစောသိခဲ့ရင် အိမ်မှာပဲ စောင့်နေခဲ့မှာပါ"

"မဟာရှက ဒီနေရာနဲ့ အရမ်းဝေးတာကို မင်းဘယ်လိုလုပ် ရောက်လာတာလဲ ပြီးတော့ တာအိုသုံးထောင်ဂိုဏ်းကိုရော ဘယ်လိုရှာတွေ့တာလဲ"

လီတောက်ယဲ့က အလွန်တရာ အံ့ဩနေမိသည်။

"ဒါတွေက ပြောရရင် အရှည်ကြီးပဲ... ကျွန်မအစ်ကိုရော သူ့ကို တွေ့ချင်တယ်"

ဖန့်ကျစ်ရွှယ်က ပြောသည်။

"အရမ်းတိုက်ဆိုင်သွားပြီ မင်းအစ်ကိုက ကိစ္စရှိလို့ ခရီးဝေးထွက်သွားတယ် အခြေအနေအရဆိုရင် သုံးငါးနှစ်လောက်တော့ ပြန်လာနိုင်မှာ မဟုတ်ဘူး"

လီတောက်ယဲ့က သက်ပြင်းချလိုက်သည်။

ထို့နောက် သူက အမူအရာတစ်မျိုးဖြစ်သွားကာ ဖန်းကျစ်ရွှယ်ကို အသံတိုးတိုးဖြင့် ပြောလိုက်သည်

"ဒီနှစ်တွေထဲမှာ မင်းအစ်ကိုက ကျုံးကျိုး မှာ ရန်သူတွေ အများကြီး ရှိထားတာ မင်းနဲ့သူ့ရဲ့ ပတ်သက်မှုကို အပြင်မှာ မပျံ့နှံ့စေနဲ့ မင်းကို တာအိုသုံးထောင်ဂိုဏ်းထဲမှာနေဖို့ ငါစီစဉ်ပေးမယ် ဒီမှာပဲ ကျင့်ကြံနေလိုက် နောက်နှစ်အနည်းငယ်ကြာရင် မင်းအစ်ကို ပြန်လာလိမ့်မယ်"

ဖန့်ချန် မရှိကြောင်း သိလိုက်ရသဖြင့် ဖန့်ကျစ်ရွှယ် စိတ်ထဲတွင် အနည်းငယ် ဟာတာတာဖြစ်သွားသော်လည်း၊ ဖန့်ချန် အမှန်တကယ် မသေသေးကြောင်း သိရသဖြင့် ဝမ်းသာမှုက ပို၍ ကြီးစိုးနေသည်။

"အစ်ကိုလီ ဒါကို အစ်ကို ဆုံးဖြတ်ပေးလို့ ရပါ့မလား ကျွန်မရဲ့ ဒီဂျူနီယာတွေကလည်း အခု အိမ်ခြေမဲ့ ဖြစ်နေကြတာ သူတို့ရော တာအိုသုံးထောင်ဂိုဏ်းကို တူတူ ဝင်ခွင့်ရမလား"

ဖန်းကျိရွှယ်က လေသံတိုးတိုးဖြင့် မေးသည်။

"ဒါကိုတော့ ငါ ဆုံးဖြတ်နိုင်တာပေါ့ ငါ့ကိုပဲ လွှဲထားလိုက်"

လီတောက်ယဲ့က ဟားတိုက် ရယ်မောလိုက်သည်။

ထိုအချိန်တွင် တာအိုကျင့်ကြံသူ တစ်စုသည် မျက်နှာချင်းဆိုင်မှ လျှောက်လာကြသည်။

ထိုအထဲတွင် ကွမ်းအာ ချင်ဖုန်း မောင်နှမနှင့် အမွေအနှစ် ပြန်လည်ဆက်ခံထားသည့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအချို့ ပါဝင်သည်။

ယခုအခါ တာအိုသုံးထောင်ဂိုဏ်းအတွင်းရှိ အခြေခံတည်ဆောက်ခြက်းအဆင့် ကျင့်ကြံသူ အရေအတွက်မှာ ယခင်ကထက် များစွာ သာလွန်နေပြီး ရွှေအမြုတေအဆင့် မှာပင် ဖေချင်းဖုန်း တစ်ယောက်တည်း မဟုတ်တော့ပေ။

"ဂိုဏ်းချုပ်"

အားလုံးက ရှေ့သို့တိုးကာ ဂါရဝပြုကြသည်။

ဂိုဏ်းချုပ်

ထိုကျင့်ကြံသူများက လီတောက်ယဲ့ကို ခေါ်ဝေါ်လိုက်သည့် အသုံးအနှုန်းကြောင့် ဖန့်ကျစ်ရွှယ်မှာ မှင်သက်သွားရသလို၊ သူမနောက်မှ ဂျူနီယာများမှာလည်း အံ့အားသင့်ကုန်ကြသည်။

သူတို့ စီနီယာအစ်မနှင့် အလွန်ရင်းနှီးပုံရသော ဤကျင့်ကြံသူသည် တာအိုသုံးထောင်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်နေသည်လား

သူတို့ စီနီယာအစ်မမှာ ထိုမျှအထိ ခိုင်မာသော နောက်ခံ ရှိနေပါလား

သူတို့၏ စိတ်ထဲတွင် ရိုသေလေးစားမှုများ ချက်ချင်း မြင့်တက်လာသည်။

အပြန်အလှန် ဂါရဝပြုပြီးနောက် ကွမ်းအာက ဖန့်ကျစ်ရွှယ်တို့အုပ်စုကို သိချင်စိတ်ဖြင့် ကြည့်ကာ

"ဂိုဏ်းချုပ်၊ သူတို့က ဘယ်သူတွေလဲဆိုတာ..."

"ဩော် ငါ့ရဲ့ မိတ်ဆွေဟောင်းတွေပါ အခု တာအိုသုံးထောင်ဂိုဏ်းမှာ ဝင်ပြီး ကျင့်ကြံချင်ကြလို့ ငါကိုယ်တိုင် လက်ခံလိုက်တာ"

လီတောက်ယဲ့က ပြုံးလျက် အားလုံးကို လက်ခံလိုက်တာ ဟု ဖြည့်စွက်ပြောသည်။

အားလုံးက ခေါင်းညိတ်ကြပြီး ကန့်ကွက်မည့်သူ မရှိပေ။

ယခုအခါ တာအိုသုံးထောင်ဂိုဏ်းတွင် စီနီယာဘိုးဘေး ဖန့် က အရာရာ ဆုံးဖြတ်သော်လည်း သူ မရှိချိန်တွင် ဂိုဏ်းချုပ် လီတောက်ယဲ့က အရာရာကို စီမံသည်။

ထိုအချက်တွင် ဖေချင်းဖုန်းပင် လီတောက်ယဲ့ကို မမီပေ။

"ချင်ရွှမ် မင်းလာတာ အတော်ပဲ သူတို့ကို နေရာချထားပေးဖို့ ငါ့ကို ကူညီဦး"

လီတောက်ယဲ့က ဖန့်ကျစ်ရွှယ်တို့အုပ်စုကို နေရာချပေးရန် ချင်ရွှမ်ကို ခေါ်ထားခဲ့သည်။

ဖန့်ကျစ်ရွှယ်က ထူးဆန်းသော အမူအရာဖြင့် တိုးတိုးလေး မေးလိုက်သည်

"အစ်ကိုလီ၊ အစ်ကိုက ဒီနေရာရဲ့ ဂိုဏ်းချုပ်လား ဒါဆို ကျွန်မအစ်ကိုက..."

"မင်းအစ်ကိုက တာအိုသုံးထောင်ဂိုဏ်းရဲ့ ဘိုးဘေး ပေါ့ အခု အဆင့်အတန်းအရဆိုရင် ငါက သူ့ကို စီနီယာဘိုးဘေး လို့ ခေါ်ရမယ် မင်းကိုကျတော့ စီနီယာဒေါ်လေး လို့ ခေါ်ရမယ် မင်းက ငါ့ဆရာနဲ့ အဆင့်တူ သွားဖြစ်နေပြီ ဒါပေမဲ့ ငါတို့ကတော့ အရင်အတိုင်းပဲ ဆက်ဆံကြတာပေါ့"

လီတောက်ယဲ့က စိတ်ချင်းဆက်သွယ်ကာ ပြောသည်

"တချို့ကိစ္စတွေကိုတော့ မင်းအစ်ကို ပြန်လာမှ သူကိုယ်တိုင် ပြောပြတာ ပိုကောင်းမယ် မင်းတို့ကို ကြည့်ရတာ ခရီးပန်းလာပုံပဲ တချို့လူတွေ ဒဏ်ရာရထားတာ ဘာဖြစ်လို့လဲ"

"ကျွန်မတို့ ဆရာက အင်အားကြီးရန်သူတစ်ယောက်ကို သွားစော်ကားမိလို့ သူတို့က တစ်လမ်းလုံး လိုက်သတ်နေကြတာ"

ဖန်းကျိရွှယ်က ပြောသည်။

လီတောက်ယဲ့က ချင်ရွှမ်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်

"သူတို့ကို လိုက်သတ်နေတဲ့လူတွေ ရှိတယ် မင်းခဏနေရင် လူလွှတ်ပြီး တံခါးဝမှာရှိတဲ့ ကျိုးပုဖန်တို့ကို သွားအကြောင်းကြားလိုက် မကောင်းတဲ့စိတ်နဲ့ လာတဲ့သူရှိရင် ဖမ်းထားလိုက်ဖို့ ပြောလိုက် ဒီနေ့တော့ လက်ဖက်ရည် သောက်တာ တစ်နပ်လောက် လျှော့ခိုင်းလိုက်"

"ဟုတ်ကဲ့ပါ"

ချင်ရွှမ်က ချက်ချင်း ခေါင်းညိတ်သည်။

ဖန့်ကျစ်ရွှယ်၏ ဂျူနီယာများမှာ ထိုစကားကို ကြားသော် စိတ်လှုပ်ရှားသွားကြသည်။

ကြည့်ရသည်မှာ တာအိုသုံးထောင်ဂိုဏ်းသည် သူတို့ကို လက်ခံရုံသာမက၊ သူတို့၏ ပြဿနာများကိုပါ ကူညီဖြေရှင်းပေးမည့်ပုံပင်။

...

...

ဓားအလင်းတန်းတစ်ခုသည် နတ်မိစ္ဆာပင်လယ် ၏ အထက်တွင် အရှိန်အဟုန်ဖြင့် ပျံသန်းနေသည်။

ပင်လယ်ထဲမထွက်မီ ဖန်းချန်သည် နတ်ဘုရားရှေးဟောင်းအကြွင်းအကျန် ကိစ္စကို တိုးတိုးတိတ်တိတ် စုံစမ်းခဲ့သည်။

နှမြောစရာကောင်းသည်မှာ နတ်မျိုးစေ့အဆင့်အတန်းရှိသူများသာ နတ်ဘုရားအကြွင်းအကျန်များအကြောင်း အနည်းငယ် သိရှိကြပြီး၊ သာမန်ကျင့်ကြံသူများမှာမူ ဘာမှမသိကြပေ။

သိရှိသူတစ်ဦးကို ခက်ခက်ခဲခဲ မေးမြန်းနိုင်ခဲ့သော်လည်း ထိုသူက ခန့်မှန်းခြေ ဦးတည်ချက်ကိုသာ ပြောနိုင်ခဲ့သည်။

သို့သော် ခန့်မှန်းခြေ လမ်းကြောင်းရှိပါက နတ်ဘုရားအကြွင်းအကျန်ကို ရှာဖွေရန် သိပ်မခက်ခဲတော့ပေ။

တစ်လမ်းလုံး မေးမြန်းသွားလျှင် တစ်ယောက်မဟုတ် တစ်ယောက်တော့ သိနိုင်ပေသည်။

ဤသို့ဖြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ပေးရမည့် လမ်းညွှန်ခကို သက်သာစေခဲ့သည်။

"ဓားအသွင်ပြောင်းအတတ် ဓားကျင့်ကြံသူ ဖြစ်ရုံနဲ့ နတ်မိစ္ဆာပင်လယ်မှာ အတားအဆီးမရှိ သွားလာလို့ရမယ် ထင်နေတာလား ဒီနေ့တော့ ဓားကျင့်ကြံသူရဲ့ အရသာကို ငါမြည်းစမ်းရတော့မယ်"

ဝန်းကျင်တွင် ရေဓာတ်စွမ်းအင်များ ရုတ်တရက် ထကြွလာပြီး အောက်ဘက်ရှိ နတ်မိစ္ဆာပင်လယ်မှ လှိုင်းလုံးကြီးများ မြင့်တက်လာကာ လက်ဝါးကြီးတစ်ခုအသွင်ဖြင့် ဖန်းချန်ကို လှမ်းဖမ်းလိုက်သည်။

"အမည်းလေး၊ အဖြူလေး"

ဖန်းချန်၏ မျက်လုံးများ အေးစက်သွားသည်။

အမည်းရောင်နှင့် အဖြူရောင် ပုံရိပ်နှစ်ခုသည် ပင်လယ်ထဲသို့ ချက်ချင်း ငုပ်လျှိုးဝင်ရောက်သွားပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် ဝန်းကျင်ရှိ ရေဓာတ်စွမ်းအင်များ လွင့်စင်ပျောက်ကွယ်သွားသည်။

ဆက်လက်၍ တောင်ငယ်တစ်ခုခန့် အရွယ်အစားရှိသော ခေါင်းစိမ်းပင်လယ်လိပ်ကြီးတစ်ကောင်ကို အမည်းနှင့် အဖြူ စက္ကူရုပ်များက ရေပေါ်သို့ ဆွဲတင်လာကာ ဖန်းချန်ရှေ့တွင် ချုပ်နှောင်ထားလိုက်သည်။

ခေါင်းစိမ်းလိပ်ကြီးမှာ ကြောက်လန့်တကြား ဖြစ်နေသည်။

၎င်းသည် စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့် မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် ဖန်းချန်ကို တိုက်ခိုက်ရန် ရဲတင်းခဲ့ခြင်းဖြစ်သည်။

ဖန်းချန်အနေဖြင့် သူ၏ အငွေ့အသက်ကို ဖုံးကွယ်ထားနိုင်ပြီး သာမန်ကျင့်ကြံသူများက သူ့အဆင့်ကို မသိနိုင်သော်လည်း၊ ထိုသို့လုပ်ခြင်းက ပြဿနာကို အမြဲမဖြေရှင်းနိုင်ဘဲ အထက်အဆင့်သုံးဆင့် မှ ကျင့်ကြံသူများ၏ သတိထားခြင်းကို ခံရနိုင်သည်။

ထို့ကြောင့် သူက မိမိ၏ စစ်မှန်သော ရွှေအမြုတေအဆင့် အငွေ့အသက်ကိုသာ ထုတ်ဖော်ထားခြင်းဖြစ်သည်။

ရွှေအမြုတေအဆင့်လေးကိုမူ အားကြီးသော ကျင့်ကြံသူများ ဖြတ်သွားလျှင်ပင် တစ်ချက်ကြည့်မည် မဟုတ်ပေ။

"မင်း ငါ့ကို စားချင်တာလား"

ဖန်းချန်က ခပ်အေးအေး မေးလိုက်သည်။

"မဝံ့ပါဘူးခင်ဗျာ ကျွန်တော်မျိုး မျက်စိမှောက်သွားလို့ လူကြီးမင်းကို ပြစ်မှားမိတာပါ လူကြီးမင်းအနေနဲ့ တစ်ကြိမ်လောက် ခွင့်လွှတ်ပေးပါ"

ခေါင်းစိမ်းလိပ်ကြီးက ခေါင်းကို တရစပ် ရမ်းကာ တောင်းပန်ရှာသည်။

"မင်းကို မသတ်ရမယ့် အကြောင်းပြချက်တစ်ခု ပေး"

ဖန်းချန်က ပြောသည်။

ခေါင်းစိမ်းလိပ်ကြီးမှာ မှင်သက်သွားပြီး အမြန်ပြောလိုက်သည်

"ကျွန်တော်မျိုးက လော့ကျင်းဘုရင် ရဲ့ လက်အောက်ငယ်သားပါ တကယ်လို့ ကျွန်တော်မျိုး သေသွားရင် လော့ကျင်းဘုရင်က ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး"

"ဒါက ခြိမ်းခြောက်တာ၊ အကြောင်းပြချက် မဟုတ်ဘူး"

ဖန်းချန်က အသာအယာ ခေါင်းယမ်းလိုက်သည်

"အမည်းလေး၊ သတ်လိုက်တော့"

ခေါင်းစိမ်းလိပ်ကြီးမှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး စကားမှားသွားမှန်း သိသဖြင့် အမြန်ပြောပြန်သည်

"ကျွန်တော်မျိုး လူကြီးမင်းရဲ့ အစီးအနင်း လုပ်ပေးပါ့မယ် လူကြီးမင်း နတ်မိစ္ဆာပင်လယ်ကို ဖြတ်ကျော်တဲ့အခါ ကျွန်တော်မျိုးက အစီးအနင်းအဖြစ် လမ်းပြပေးရင် အနှောင့်အယှက် တော်တော်များများကို ရှောင်ရှားနိုင်ပါတယ်"

"သခင်လေး သူက စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့် မိစ္ဆာကျင့်ကြံသူပါ ပင်လယ်ထဲမှာ အမြဲနေတာဆိုတော့ အနှောင့်အယှက်တွေ ဖြေရှင်းပေးနိုင်မှာပါ"

စက္ကူရုပ်အဖြူက လိပ်ကြီးကို တစ်ချက်ကြည့်ကာ ဖန်းချန်ကို ပြုံး၍ ပြောလိုက်သည်။

"အစီးအနင်းသက်သက်နဲ့တော့ မလုံလောက်သေးဘူး မင်း နတ်ဘုရားအကြွင်းအကျန်အကြောင်း ကြားဖူးလား"

ဖန်းချန်က ပြုံးလျက် မေးလိုက်သည်။

သူက အမည်းလေးကို သတ်ခိုင်းသည်မှာ ခြိမ်းခြောက်ရုံသက်သက်သာ ဖြစ်သည်။

လမ်းမေးရန် လူရှာနေချိန်တွင် ဒေသခံလိပ်တစ်ကောင် ကိုယ်တိုင်ရောက်လာသည်ကို အလွယ်တကူ သတ်ပစ်ရန် မသင့်ပေ။

"နတ်ဘုရားအကြွင်းအကျန်လား လူကြီးမင်းက နတ်မျိုးစေ့ကိုး ကျွန်တော်မျိုး ရိုသေလေးစားရပါကြောင်း လူကြီးမင်းကို အမှန်အတိုင်းပြောရရင် နတ်မိစ္ဆာပင်လယ်ထဲက အကြွင်းအကျန်တွေအကြောင်း ကျွန်တော်မျိုးလောက် သိတဲ့သူ မရှိပါဘူး ကျွန်တော်မျိုး ကြွားတာ မဟုတ်..."

"ငါ မေးတာက နတ်ဘုရားအကြွင်းအကျန်"

ဖန်းချန်က ဓားဖြင့် ခေါင်းစိမ်းလိပ်ကြီး၏ နဖူးကို ထောက်လိုက်သည်။

"သိပါတယ် သိပါတယ်"

ခေါင်းစိမ်းလိပ်ကြီးသည် လျှောက်မပြောရဲတော့ဘဲ အမြန်ပင် အတည်ပြုလိုက်တော့သည်။

အခန်း (၇၇၀) ဒီနေ့ မင်းသွားလို့ရတယ်၊ သူတော့ သွားလို့မရဘူး

မေးမြန်းစုံစမ်းပြီးနောက် ဖန်းချန်သည် ခေါင်းစိမ်းလိပ်ကြီးထံမှ နတ်ဘုရားအကြွင်းအကျန် နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို သိရှိခဲ့ရသည်။

ထိုနတ်ဘုရားအကြွင်းအကျန်သည် ပေတု ဘက်မှ ထိပ်တန်းဂိုဏ်းကြီးတစ်ခု၏ ပိုင်ဆိုင်မှု ဖြစ်သည်။

ထိုဂိုဏ်းမှ တပည့်များမှအပ သာမန်နတ်မျိုးစေ့များ အထဲသို့ ဝင်ရောက်လိုပါက အလယ်လတ် ဝိညာဉ်ကျောက်တုံး နှစ်ရာ ပေးဆောင်ရမည် ဖြစ်သည်။

ထိုကုန်ကျစရိတ်မှာ မနည်းလှပေ။

ရွှေအမြုတေအဆင့်ရှိ နတ်မျိုးစေ့များ မဆိုထားနှင့်ဝိညဥ်သန္ဓေသားအဆင့် သို့မဟုတ် အလယ်ပိုင်းသုံးဆင့် ရှိသူများအတွက်ပင် ထိုမျှများပြားသော အလယ်လတ် ဝိညာဉ်ကျောက်တုံးများကို ထုတ်ပေးရန်မှာ မလွယ်ကူလှပေ။

သူသည် ယခင်က မဟာချဲ့ထွင်းဂိုဏ်းမှ အလယ်ပိုင်းသုံးဆင့် ကျင့်ကြံသူအချို့ကို သတ်ခဲ့ဖူးသော်လည်း သူတို့အားလုံး စုစုပေါင်းလိုက်လျှင်ပင် လက်ဝယ်ရှိသော အလယ်လတ် ဝိညာဉ်ကျောက်တုံးမှာ နှစ်ရာခန့်သာ ရှိသည်။

"ဒီကနေထွက်ရင် နတ်ဘုရားအကြွင်းအကျန်ကို ရောက်ဖို့ ဘယ်လောက်ကြာမလဲ"

ဖန်းချန်က ခပ်အေးအေး မေးလိုက်သည်။

ခေါင်းစိမ်းလိပ်ကြီးမှာ မပေါ့ဆရဲပေ။

အဆုံးတွင်တော့ ၎င်းသည် မိမိ၏ အသက်ဘေးနှင့် သက်ဆိုင်နေသည် မဟုတ်ပါလား။

၎င်းက သေချာစဉ်းစားပြီးနောက် လေသံတိုးတိုးဖြင့် ပြောသည်

"ကျွန်တော်မျိုး ဖြတ်လမ်းတစ်ခု သိပါတယ် လမ်းမှာ လေပြင်းမုန်တိုင်းမရှိရင် တစ်နှစ်ဝန်းကျင်လောက်ဆို ရောက်နိုင်ပါတယ်"

"ဖြတ်လမ်း"

"အာ... လူကြီးမင်း သိထားသင့်တာက နတ်မိစ္ဆာပင်လယ်ပေါ်မှာ လူသူမရှိတဲ့ ကျွန်းတွေ မရေမတွက်နိုင်အောင် ရှိပါတယ် တချို့ကျွန်းတွေမှာ အခုထိ အလုပ်လုပ်နေတုန်းဖြစ်တဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီရင် တွေ ကျန်နေခဲ့ပေမဲ့ သိတဲ့သူကတော့ လက်ချိုးရေလို့ ရပါတယ်"

"ကောင်းပြီ၊ မင်းပဲ လမ်းပြတော့"

ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြသည်

"မင်းကိုယ်တိုင်ပဲ ချင့်ချိန်ကြည့်ပါ တကယ်လို့ ဟန်ပြလုပ်ပြီး လှည့်စားမယ်ဆိုရင် ဘယ်လိုအကျိုးဆက်မျိုး ဖြစ်လာမလဲဆိုတာ"

"မဝံ့ပါဘူးခင်ဗျာ၊ မဝံ့ပါဘူး"

ခေါင်းစိမ်းလိပ်ကြီးက ခေါင်းကို တရစပ် ညိတ်ပြတော့သည်။

နောက်လအနည်းငယ်အတွင်း ခေါင်းစိမ်းလိပ်ကြီး လမ်းပြမှုကြောင့် ဖန့်ချန်သည် လမ်းမှားခြင်းများစွာမှ သက်သာခဲ့သည်။

ထိုအတောအတွင်း လူသူမရှိသော ကျွန်းသုံးကျွန်းကို ဖြတ်ကျော်ခဲ့ပြီး၊ ထိုကျွန်းများပေါ်ရှိ မည်သည့်ခေတ်ကတည်းက ရှိနေမှန်းမသိသော တည်နေရာရွှေ့ပြောင်းခြင်း အစီရင်များမှတစ်ဆင့် နတ်မိစ္ဆာပင်လယ်၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်ရှိလာခဲ့သည်။

လအနည်းငယ်အတွင်းမှာပင် ဖန့်ချန်နှင့် ကျုံးကျိုး သည် မိုင်ပေါင်း မည်မျှဝေးကွာသွားသည်ကို မသိနိုင်တော့ပေ။

တည်နေရာရွှေ့ပြောင်းခြင်း အစီရင်သာ မရှိပါက ဓားပျံစီး၍ သွားမည်ဆိုလျှင်ပင် ဆယ်စုနှစ်တစ်ခု သို့မဟုတ် ဆယ်စုနှစ်အနည်းငယ်ခန့် ကြာမြင့်နိုင်သည့် ခရီးအကွာအဝေး ဖြစ်သည်။

"လူကြီးမင်း၊ ရှေ့မှာ တစ်ခုခု ဖြစ်နေပုံပဲ ဒီရေပြင်ကို ပိတ်ဆို့ထားသလိုပဲ"

ခေါင်းစိမ်းလိပ်ကြီးက ရုတ်တရက် စကားဆိုသည်။

ဖန့်ချန်သည် ၎င်း၏ ကျောပေါ်တွင် ရပ်နေရင်း မိုင်အနည်းငယ်အကွာမှ မြင်ကွင်းကို မြင်လိုက်ရသည်။

ထိုနေရာတွင် သင်္ဘောအမြောက်အမြား ရပ်နားထားကြပြီး တစ်စုံတစ်ခုက ရှေ့ဆက်မသွားနိုင်ရန် တားဆီးထားသကဲ့သို့ ဖြစ်နေသည်။

"ရှေ့တိုးပြီး သွားကြည့်ရအောင်"

ဖန်းချန်က အမိန့်ပေးလိုက်သည်။

ခေါင်းစိမ်းလိပ်ကြီးလည်း ဘာမှမပြောဘဲ ရှေ့သို့ ကူးခတ်သွားစဉ်၊ သင်္ဘောတစ်စင်းပေါ်ရှိ ကျင့်ကြံသူတစ်ဦးက သူတို့ကို သတိပေးလိုက်သည်

"မင်းတို့ ရှေ့ကို ထပ်မသွားနဲ့တော့ ဟိုင်ယဲ့ဘုန်းကြီးကျောင်း က ဆရာတော်ကြီးတွေ မိစ္ဆာနှိမ်နင်းနေကြတယ်"

"မိစ္ဆာနှိမ်နင်းနေတယ်"

ခေါင်းစိမ်းလိပ်ကြီးမှာ ချက်ချင်းပင် ဒေါသထွက်သွားသော်လည်း ဖန့်ချန် ရှိနေသည်ကို သတိရသဖြင့် ဒေါသကို ချက်ချင်းပြန်ထိန်းကာ ထိုကျင့်ကြံသူကို မေးလိုက်သည်

"ဟိုင်ယဲ့ကျောင်းက ဘုန်းကြီးတွေက ဘယ်မိစ္ဆာကို နှိမ်နင်းနေတာလဲ ဘယ်နတ်ဆိုးကို သတ်နေတာလဲ ငါတို့လို မိစ္ဆာကျင့်ကြံသူတွေက ဟိုင်ယဲ့ကျောင်းကို ဘယ်လိုများ ပြစ်မှားမိလို့လဲ"

ထိုကျင့်ကြံသူသည် ခေါင်းစိမ်းလိပ်ကြီးကို ခဏမျှ စိုက်ကြည့်နေပြီးမှ စကားပြောရန် ပြင်လိုက်သော်လည်း ဘေးနားရှိလူက တားလိုက်သည်။

သူ၏ဘေးမှ ကျင့်ကြံသူက မျက်ရိပ်ပြလျက် ခေါင်းစိမ်းလိပ်ကြီးကို တစ်ချက်ကြည့်လိုက်သည်။

အဓိပ္ပာယ်မှာ ဒုက္ခမရောက်စေရန် ခေါင်းစိမ်းလိပ်ကြီးနှင့် စကားမပြောရန် တားမြစ်လိုက်ခြင်း ဖြစ်သည်။

ခေါင်းစိမ်းလိပ်ကြီးမှာ ဒေါသပေါက်ကွဲမတတ် ဖြစ်သွားသည်။

၎င်းသည် ဂုဏ်သရေရှိ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်ပါလျက် အစီးအနင်းအဖြစ် အဖမ်းခံရသည်ကို ထားလိုက်ပါဦး၊ အခုတော့ ဒီလိုသာမန် အောက်ခြေအဆင့်လေးဆင့် ကျင့်ကြံသူတွေကတောင် ၎င်း၏စကားကို ပြန်မပြောဘဲ နေရဲကြသည်လား

"ပြဿနာမရှာနဲ့"

ဖန်းချန်က ခပ်အေးအေး ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ လူကြီးမင်း"

ခေါင်းစိမ်းလိပ်ကြီးက ဒေါသကိုဖိနှိပ်ကာ ခေါင်းကို ရေထဲသို့ မြှုပ်ထားလိုက်ပြီး ကျောခွံကိုသာ ရေပေါ်တွင် ချန်ထားတော့သည်။

ဖန့်ချန်၏ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာသွားကာ ချက်ချင်းပင် ကောင်းကင်ယံသို့ ရောက်ရှိသွားသည်။

ထိုအခါမှ တားဆီးခံထားရသော သင်္ဘောများမှာ မျက်စိရှေ့ရှိ ရာဂဏန်းမကဘဲ မြောက်မြားစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။

မျက်စိတစ်ဆုံး မြင်ရသမျှနေရာတိုင်းတွင် သင်္ဘောကြီးငယ် အမြောက်အမြား ရှိနေသည်။

ထို့ထက်ပို၍ အဝေးသို့ ကြည့်လိုက်သောအခါ၊ မိုင်ပေါင်းများစွာ ကျယ်ဝန်းသော နယ်မြေကို ရွှေရောင်အလင်းကုလားကာကြီးတစ်ခုက လွှမ်းခြုံထားသည်ကို တွေ့ရသည်။

ရွှေရောင်အလင်းကုလားကာအတွင်း၌ ကျင့်ကြံသူများ တိုက်ခိုက်နေကြသည်။

တစ်ဖက်မှာ ခေါင်းတုံးနှင့် ဘုန်းကြီးများ ဖြစ်ကြပြီး၊ အခြားတစ်ဖက်မှာတော့ အမျိုးမျိုးသော မိစ္ဆာကျင့်ကြံသူများ ဖြစ်ကြသည်။

သို့သော် ထိုမိစ္ဆာအုပ်စုမှာ ထိုဘုန်းကြီးများ၏ လက်ထဲတွင် ခုခံနိုင်စွမ်း လုံးဝမရှိကြပေ။

ဒါဟာ တစ်ဖက်သတ် သတ်ဖြတ်ပွဲသာ ဖြစ်သည်။

ရေပြင်ပေါ်တွင် မိစ္ဆာကျင့်ကြံသူများ၏ အလောင်းများစွာ မျောပါနေပြီး၊ ဤသို့ သွေးချောင်းစီးနေသော မြင်ကွင်းကြောင့် အနီးနားရှိ ကျင့်ကြံသူများမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။

များပြားလှသော ဘုန်းကြီးများ၏ အလယ်တွင် လရောင်ကဲ့သို့ ဖြူဖွေးသော သင်္ကန်းကို ဝတ်ဆင်ထားသည့် လူငယ်ဘုန်းကြီးတစ်ပါးသည် တိုက်ပွဲထဲသို့ ဝင်မပါဘဲ ကောင်းကင်ယံတွင် လက်အုပ်ချီလျက် ရပ်နေသည်။

ထိုလူငယ်ဘုန်းကြီးထံမှ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့်၏ ထိပ်ဆုံး အငွေ့အသက်များ ထွက်ပေါ်နေသည်။

မျက်လုံးများကို အသာမှိတ်ထားကာ ပရိတ်ရွတ်နေပုံရသော်လည်း၊ ရံဖန်ရံခါတွင် သူ၏လက်မှ ပုတီးစေ့တစ်စေ့ကို ပစ်လွှတ်လိုက်တတ်သည်။

ပုတီးစေ့ အထိခံရသော မိစ္ဆာကျင့်ကြံသူတိုင်းသည် ခြွင်းချက်မရှိ ထိုနေရာမှာပင် အသက်ပျောက်ကြရသည်။

မိစ္ဆာကျင့်ကြံသူ အမြောက်အမြားက သူ့ထံသို့ အတင်းတိုးဝင်ရန် ကြိုးစားကြသော်လည်း၊ လှုပ်ရှားလိုက်သည်နှင့် အနီးနားရှိ ဘုန်းကြီးများ၏ သတ်ဖြတ်ခြင်း သို့မဟုတ် တားဆီးခြင်းကို ခံကြရသည်။

"ဟိုင်ယဲ့ကျောင်းက မိစ္ဆာဘုန်းကြီးတွေ... မင်းတို့ ဘာလို့ အကုန်သတ်နေရတာလဲ ငါတို့က ကိုရင်လေး ဆယ်ဂဏန်းလောက်ပဲ စားမိတာပါ မင်းတို့က ငါတို့မျိုးနွယ်စုဝင် ထောင်နဲ့ချီ သတ်ပြီးပြီပဲ မလုံလောက်သေးဘူးလား"

သွေးအိုင်ထဲတွင် တိုက်ပွဲဝင်နေသော မိစ္ဆာကျင့်ကြံသူတစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်သည်။

၎င်းထံမှ အငွေ့အသက်အရ ၎င်းသည်လည်း စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ဖြစ်သော်လည်း လူငယ်ဘုန်းကြီးထက် အနည်းငယ်နိမ့်ကာ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် နှောင်းပိုင်း ဖြစ်ပုံရသည်။

ယခုအခါ ၎င်းသည် စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် အလယ်ပိုင်းရှိသည့် အခြားဘုန်းကြီးသုံးပါး၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရသဖြင့် လွတ်မြောက်ရန် ခက်ခဲနေသည်။

"အာမိတ္တိုဗုဒ္ဓ... သွေးကြွေးကို သွေးနဲ့ ပြန်ဆပ်တာပါပဲ၊ ဒကာတော်က ဘာလို့ ဒါတွေကို အတွေးများနေရတာလဲ"

လူငယ်ဘုန်းကြီးက တည်ငြိမ်အေးစက်သော မျက်နှာဖြင့် ပြောသည်။

"ကောင်းလှချည်လား သွေးကြွေးကို သွေးနဲ့ဆပ်မယ်ဆိုတာ... ဒါဆိုရင် ဘာဖြစ်လို့ ငါတို့မျိုးနွယ်ရဲ့ သွေးအဆီအနှစ်တွေကို ယူပြီး အတွင်းအမြုတေ တွေကို လုနေရတာလဲ"

ထိုမိစ္ဆာကျင့်ကြံသူက ဒေါသတကြီးဖြင့် ရယ်မောကာ မေးလိုက်သည်။

"အရာရာကို အကျိုးရှိအောင် သုံးစွဲတာပါ"

လူငယ်ဘုန်းကြီးက ခပ်အေးအေးပင် ပြန်ပြောသည်

"မင်းတို့ မိစ္ဆာကျင့်ကြံသူတွေရဲ့ သွေးအဆီအနှစ်နဲ့ အတွင်းအမြုတေတွေက ရှားပါးတဲ့ ဝိညာဉ်ပစ္စည်းတွေပဲ သေပြီးသားဆိုတော့လည်း အလဟဿ အဖြစ်မခံသင့်ဘူးလေ"

စကားပြောနေစဉ်မှာပင် သူက ပုတီးစေ့တစ်စေ့ကို ရုတ်တရက် ပစ်လွှတ်လိုက်သည်။

ထိုမိစ္ဆာကျင့်ကြံသူမှာ မရှောင်နိုင်ဘဲ ရှိနေစဉ်၊ စိတ်ဝိညာဉ်ထွက်ခွာခြင်း အလယ်ပိုင်း ဘုန်းကြီးသုံးပါးကလည်း တိုက်ကွက်များဖြင့် နှောင့်ယှက်ထားသဖြင့် ပုတီးစေ့သည် ၎င်း၏ နဖူးတည့်တည့်သို့ ထိမှန်သွားသည်။

၎င်း၏ ကိုယ်ရံဝိညာဉ်စွမ်းအင် အကာအကွယ်မှာ တစ်စစီ ပျက်စီးသွားတော့သည်။

စိတ်ဝိညာဉ်ထွက်ခွာခြင်း အလယ်ပိုင်း ဘုန်းကြီးသုံးပါးက အခွင့်ကောင်းယူကာ ဓားပျံများကို အသီးသီး ထုတ်လွှတ်လိုက်ပြီး ထိုမိစ္ဆာကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ထိုနေရာမှာပင် ဖောက်ထွက် သတ်ဖြတ်လိုက်ကြသည်။

အခြေအနေမှာ အရှုံးဘက်သို့ လုံးဝရောက်သွားပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ကျန်ရှိနေသော မိစ္ဆာကျင့်ကြံသူအချို့မှာ ဆက်လက်တိုက်ပွဲဝင်နေကြသော်လည်း အချို့မှာမူ အသနားခံ တောင်းပန်နေကြပြီ ဖြစ်သည်။

အချို့မိစ္ဆာများက ရေအောက်မှတစ်ဆင့် ထွက်ပြေးရန် ကြိုးစားကြသော်လည်း ပတ်ဝန်းကျင်ရှိ အစီရင်စုမှာ ရေအောက်အထိ လွှမ်းခြုံထားသဖြင့် လုံးဝ လွတ်မြောက်နိုင်ခြင်း မရှိပေ။

ဟိုင်ယဲ့ကျောင်းမှ ဘုန်းကြီးများသည် ထိုမိစ္ဆာများအပေါ် အနည်းငယ်မျှ သနားညှာတာမှု မရှိပေ။

ခုခံသူဖြစ်စေ၊ အရှုံးပေးသူဖြစ်စေ အားလုံးကို တစ်ယောက်မကျန် သတ်ဖြတ်ပစ်ကြသည်။

ဖန့်ချန်သည် ထိုမြင်ကွင်းကို ကြည့်ရင်း ဒါဟာ နှစ်ဖက်ကြားက ပုဂ္ဂိုလ်ရေး ရန်ငြိုးဖြစ်ကြောင်း နားလည်လိုက်သည်။

ဤနေရာမှ မိစ္ဆာများက ဟိုင်ယဲ့ကျောင်းမှ ကိုရင်များကို သတ်ခဲ့သဖြင့်၊ ဟိုင်ယဲ့ကျောင်းမှ ဘုန်းကြီးများကလည်း ထိုနေရာရှိ မိစ္ဆာမျိုးနွယ်ကို အကုန်ပြန်သတ်နေခြင်း ဖြစ်သည်။

ယနေ့အတွင်းမှာပင် ဒီကိစ္စ ပြီးဆုံးသွားလိမ့်မည်ဟု ခန့်မှန်းရသည်။

ဝိညာဉ်သည် ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားပြီး ဖန့်ချန်သည် တည်ငြိမ်စွာ စောင့်ဆိုင်းနေလိုက်သည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်နှင့်အမျှ တိုက်ခိုက်သံများမှာ တဖြည်းဖြည်း တိုးသထက် တိုးသွားပြီး နောက်ဆုံးတွင် ငြိမ်သက်သွားတော့သည်။

လူငယ်ဘုန်းကြီးသည် သူ၏ လက်အောက်ခံ ဘုန်းကြီးများက မိစ္ဆာများ၏ သွေးအဆီအနှစ်၊ အတွင်းအမြုတေနှင့် သူတို့၏ ရတနာများကို သိမ်းဆည်းနေသည်ကို စောင့်ကြည့်ပြီးနောက်မှ ပတ်ဝန်းကျင်ရှိလူများကို ဂါရဝပြုလိုက်သည်

"ဒကာတော်တို့ကို အကြာကြီး စောင့်ခိုင်းမိပြီ"

ရွှေရောင်အလင်းကုလားကာကြီး တဖြည်းဖြည်း ကွယ်ပျောက်သွားသဖြင့် ခရီးသွားကျင့်ကြံသူများမှာ သက်ပြင်းချနိုင်ကြတော့သည်။

သူတို့သည် တစ်လနီးပါး စောင့်ခဲ့ရသော်လည်း အခုတော့ ကိစ္စပြီးသွားပြီဖြစ်၍ ခရီးဆက်နိုင်ကြပြီ ဖြစ်သည်။

"ကိစ္စပြီးပြီ"

ဖန့်ချန်က ခြေတစ်ချက်စောင့်လိုက်သည်

"ခရီးဆက်ရအောင်"

ခေါင်းစိမ်းလိပ်ကြီးမှာလည်း စိတ်တိုနေပုံရပြီး ရေပြင်ပေါ်တွင် အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးသွားသည်။

"ဟော... ဒီမှာ မိစ္ဆာကျင့်ကြံသူတစ်ကောင် ကျန်နေသေးတယ်"

ကျင့်ကြံသူတစ်ဦးက ခေါင်းစိမ်းလိပ်ကြီးကို တွေ့သွားပြီး ဟိုင်ယဲ့ကျောင်းမှ ဘုန်းကြီးများကို လှမ်းအော်ပြောလိုက်သည်။

ထွက်ခွာရန် ပြင်နေကြသော ဟိုင်ယဲ့ကျောင်းမှ ဘုန်းကြီးများသည် ချက်ချင်းပင် ရပ်လိုက်ကြပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ နောက်ဆုံးတွင် ဖန့်ချန်နှင့် ခေါင်းစိမ်းလိပ်ကြီးထံသို့ အကြည့်များ ရောက်လာကြသည်။

လူငယ်ဘုန်းကြီးသည် မျက်မှောင်ကြုတ်ကာ ခေါင်းစိမ်းလိပ်ကြီးကို သေချာကြည့်ပြီးနောက် ရုတ်တရက် အေးစက်သောလေသံဖြင့် ပြောလိုက်သည်

"လော့ကျင်းဘုရင်ရဲ့ လက်အောက်ခံ လိပ်မိစ္ဆာလား"

ထို့နောက် သူက ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်သည်

"မင်းက လူသားကျင့်ကြံသူဖြစ်ပြီး ဘာလို့ မိစ္ဆာနဲ့ ရောနှောနေတာလဲ ဒီနေ့ မင်းသွားလို့ရတယ်၊ သူတော့ သွားလို့မရဘူး"

All Chapters