← Chapters

အခန်း (၇၅၅-၇၅၆)

Vol. 76 Ch. 755-756

အခန်း (၇၅၅-၇၅၆)

Vol. 76 Ch. 755-756

အခန်း ၇၅၅ - အပြတ်အသတ် ဖိနှိပ်မှု

အိုရန်မော့၏ ပါးပြင်နှစ်ဖက်မှာ နီမြန်းလာပြီး လေပူတစ်ချက်ကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်သည်။

သွေးများဆူပွက်နေသကဲ့သို့ ခံစားရပြီး အလွန် ပင် နေလို့ကောင်းနေ၏။

အဆောင်တစ်ခု ဖန်တီးသည့်အချိန်တိုင်း သူသည် ထိုကဲ့သို့ ခံစားချက်မျိုး အမြဲရရှိလေ့ရှိသည်။

စစ်မြေပြင်တွင် စစ်သည်တော် ထောင်သောင်းချီကို ဦးဆောင်ကာ ထိုးဖောက်တိုက်ခိုက်နေသည့် စစ်သူကြီးတစ်ဦးကဲ့သို့ မိမိကိုယ်ကို ခံစားရပြီး အရာအားလုံးကို သူကသာ စီမံခန့်ခွဲနေခြင်းဖြစ်သည်။

ယခုလည်း စစ်မြေပြင်တစ်ခုကို ထပ်မံသိမ်းပိုက်နိုင်တော့မည်ဖြစ်ရာ မည်သို့လျှင် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။

သူ့ရှေ့တွင် ဖန်တီးပြီးစီးသွားသော ခရမ်းရောင်လျှပ်စီးအဆောင်ကို ကြည့်လိုက်သည်။

အရည်အသွေးက အထူးတလည် ကောင်းမွန်လှသည်မဟုတ်သော်လည်း၊ ၎င်းသည် အဆောင်ဖန်တီးရာတွင် အသုံးပြုသည့် ကုန်ကြမ်းများက သာမန်ဖြစ်နေခြင်းနှင့်လည်း သက်ဆိုင်နေသည်။

ထိုကဲ့သို့ အမှိုက်ကုန်ကြမ်းများကို အနည်းဆုံး ချီသန့်စင်ခြင်း အဆင့် (၁၀) ကို ချက်ချင်းသတ်နိုင်သည့် ခရမ်းရောင်လျှပ်စီးအဆောင်အဖြစ် ပြောင်းလဲနိုင်စွမ်းမှာ ထိုလောကတွင် လက်ချောင်းဆယ်ချောင်းနှင့် ရေတွက်၍ရနိုင်လောက်အောင်ပင် နည်းပါးလှပေသည်။

ခရမ်းရောင်လျှပ်စီးအဆောင်ကို သိမ်းဆည်းလိုက်ပြီးနောက် အိုရန်မော့သည် ဖန့်ချန်ဘက်သို့ ပြုံးစိစိဖြင့် လှည့်ကြည့်လိုက်သည်။

ဖန့်ချန်မှာ ခရမ်းရောင်လျှပ်စီးအဆောင်၏ အစောပိုင်းအဆင့်များတွင်သာ ရှိနေသေးသည်ကို တွေ့ရသောအခါ သူ၏မျက်နှာထက်မှ အပြုံးမှာ ပို၍ ထင်ရှားလာသည်။

သူသည် နောက်ထပ်အဆောင်တစ်ခုကို ဖန်တီးရန် ပြင်ဆင်လိုက်စဉ်မှာပင် ရုတ်တရက် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။

ဖန့်ချန်ကို ထပ်မံ၍ သေသေချာချာ စိုက်ကြည့်လိုက်သောအခါမှ ဖန့်ချန်၏ ဘေးတွင် ဖန်တီးပြီးသား ခရမ်းရောင်လျှပ်စီးအဆောင် တစ်ချပ် ရောက်နှင့်နေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။

အိုရန်မော့၏ မျက်နှာထက်မှ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

သူသည် နောက်ထပ်အဆောင်ကို စနစ်တကျ ဆက်လက်ဖန်တီးနေရင်း စိတ်ထဲမှလည်း အတွေးများ လျှပ်စီးသဖွယ် ဖြတ်ပြေးနေသည်။

တစ်ဖက်လူက ဘာကြောင့် သူ့ထက် ပိုမြန်နေရတာလဲ

"သူ့ဆီမှာ ဝိညာဉ်စွမ်းအားကို သာမန်ထက်ပိုပြီး ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ထူးခြားတဲ့ ရတနာတစ်ခုခုများ ရှိနေတာလား"

အတွေးပေါင်းစုံ ခေါင်းထဲတွင် ဝဲလည်နေပြီးမှ အိုရန်မော့သည် စိတ်ကို ပြန်လည်စုစည်းလိုက်ကာ မလိုအပ်သော အတွေးများကို ဖယ်ရှား၍ နောက်ထပ်အဆောင်ကို စတင်ဖန်တီးတော့သည်။

မြန်နေလည်း ဘာဖြစ်သနည်း။

အရည်အသွေးပိုင်းမှာသာ သူ့ကို မမီပါက တစ်ဖက်လူမှာ သေချာပေါက် ရှုံးနိမ့်မည်သာ ဖြစ်သည်။

တစ်ဖက်လူသည် အဆောင်လမ်းစဉ်တွင် ပါရမီအနည်းငယ် ရှိသည်ဟုသာ ဆိုရပေလိမ့်မည်။

မဟာချဲ့ထွင်းဂိုဏ်း၏ တပည့်တစ်ဦးအနေဖြင့် မျက်နှာပြန်မဆယ်နိုင်ခဲ့လျှင်တောင်၊ တောရိုင်းကျောင်းတော်၏ တပည့်တစ်ဦးအဖြစ်နှင့် ဖန့်ချန်၏ကိုယ်ပေါ်မှနေ၍ မဟာချဲ့ထွင်းဂိုဏ်းအတွက် သိက္ခာပြန်ဆယ်ရမည်ဖြစ်သည်။

ယနေ့ အဆောင်ပြိုင်ပွဲတွင် သူသည် ဧကန်မုချ အနိုင်ရရမည်။

နှစ်ဖက်လုံးမှ အဆောင်ပြိုင်ပွဲနှင့် ပတ်သက်၍ စကားတစ်လုံးမျှ မဟဘဲ ငြိမ်သက်စွာပင် ဆက်လက်လုပ်ဆောင်နေကြသည်။

"မင်းတို့ သတိထားမိလား"

နှုတ်ဆရာဟွာက ရုတ်တရက် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်

"သူ အဆောင်တစ်ချပ်ချင်းစီကို ဖန်တီးတဲ့ အချိန်က တစ်ပုံစံတည်းပဲ လုံးဝကို ကွာခြားချက် မရှိဘူး"

လူအတော်များများက အသာအယာ ခေါင်းညိတ်ကြသည်။

ထိုသူများမှာ အဆောင်ဌာနမှ နှုတ်ဆရာများဖြစ်ကြပြီး တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသလို အဆောင်ပညာရပ်တွင်လည်း ကျွမ်းကျင်နှံ့စပ်သူများ ဖြစ်ကြသည်။

အပြင်လောကတွင်ဆိုလျှင် ပညာရှင်ကြီး ဟု ခေါ်ဆိုနိုင်သည့်သူများဖြစ်ရာ ဤအချက်ကို မမြင်ဘဲ မနေနိုင်ကြပေ။

"ဒီလိုဖြစ်ရပ်မျိုးက ဝါရင့်အဆောင်ပညာရှင်ကြီးတွေဆီမှာပဲ တွေ့ရလေ့ရှိတာ ခရမ်းရောင်လျှပ်စီးအဆောင်နဲ့ ပတ်သက်ရင် သူ့ရဲ့ စွမ်းရည်က အဆောင်ပညာရှင်ကြီးတစ်ဦးနဲ့ တန်းတူနေပြီလို့ပဲ ပြောရမယ်"

"ဟုတ်တယ် မင်းနဲ့ငါတောင်မှ ဒီပညာမှာ သူ့ကို နိုင်ချင်မှ နိုင်မှာ"

"အဆောင်ဌာနက တပည့်မဟုတ်တာ နှမြောစရာပဲ တကယ်လို့သာ အဆောင်ဌာနက တပည့်ဆိုရင် အနာဂတ်မှာ တောက်ပလာမှာ အသေအချာပဲ"

လူတိုင်း စကားပြောနေကြစဉ်မှာပင် ဖန့်ချန်သည် နောက်ဆုံးအဆောင်ကို မသိမသာ စတင်ဖန်တီးနေပြီဖြစ်သည်။

ထိုအချိန်မှာပင် အိုရန်မော့ဘက်၌ တစ်စုံတစ်ခု မှားယွင်းသွားပုံရပြီး တစ်ဝက်ခန့် ပြီးစီးနေပြီဖြစ်သော အဆောင်မှာ ရုတ်တရက် မီးလောင်ကျွမ်းကာ ပြာအဖြစ် ပြောင်းလဲသွားသည်။

အိုရန်မော့၏ မျက်နှာမှာ ချက်ချင်းဆိုသလို အလွန်ကြည့်ရဆိုးသွားသည်။

သူသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးမှ နောက်ထပ်အဆောင်ကို ပြန်လည်စတင်ဖန်တီးတော့သည်။

"အိုရန်ညီလေးရဲ့ စိတ်တွေ လှုပ်ခတ်သွားပြီ"

"မင်းနဲ့ငါသာ ဆိုရင်လည်း လှုပ်ခတ်မှာပဲလေ"

"နှမြောစရာပဲ အဆောင်တစ်ချပ် ပျက်စီးသွားပြီဆိုတော့ အခု ကိုးချပ်ပဲ ကျန်တော့တယ် ဒီအချက်မှာတင် သူက တစ်ပန်းရှုံးသွားပြီ အဆောင်နှစ်ခုလုံးရဲ့ အရည်အသွေးက မကွာခြားဘူးဆိုရင်တောင် ဖန့်ညီလေးက အနိုင်ရမှာပဲ"

မကြာမီမှာပင် ဖန့်ချန်သည် နောက်ဆုံးအဆောင်ကို ချလိုက်သည်။

သူသည် အိုရန်မော့ကို အနှောင့်အယှက်မပေးဘဲ ငြိမ်သက်စွာပင် စောင့်ဆိုင်းနေသည်။

အိုရန်မော့သည်လည်း နောက်ဆုံးအဆောင်ကို ဖန်တီးနေပြီဖြစ်ရာ မကြာမီပင် အောင်မြင်သွားသည်။

ဖန့်ချန်မှာ စောစောစီးစီး ပြီးစီးနေသည်ကို မြင်သောအခါ သူ၏ မျက်နှာအမူအရာမှာ ပို၍ပင် ဆိုးဝါးသွားတော့သည်။

ဆရာကျောက်က ထိုအခြေအနေကို မြင်သောအခါ မျက်နှာထက်တွင် အပြုံးအနည်းငယ် ပေါ်လာပြီး လက်ကို ခပ်ဖွဖွ ဝေ့ယမ်းလိုက်သည်။

လူနှစ်ဦးကို လွှမ်းခြုံထားသော အစီအရင်မှာ ချက်ချင်းပင် ပျောက်ကွယ်သွား၏။

"အဆောင်ဖန်တီးလို့ ပြီးပြီဆိုရင်တော့ အဆောင်ပြိုင် ကြတာပေါ့ မင်းတို့နှစ်ယောက်ရဲ့ ခရမ်းရောင်လျှပ်စီးအဆောင်တွေထဲက ဘယ်သူ့ရဲ့ အရည်အသွေးက ပိုမြင့်မလဲဆိုတာ ကြည့်ရအောင်"

" ငါလည်း ဒီနေ့ ဒီကို တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတာဆိုတော့ ဆုကြေးလေးတစ်ခု ထည့်ပေးလိုက်မယ် အနိုင်ရတဲ့သူက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀၀) ရမယ်"

ဟု ဆရာကျောက်က ပြုံး၍ ဆိုသည်။

အိုရန်မော့သည် ဆရာကျောက် ကိုယ်တိုင်ရောက်လာသည်ကို မြင်သောအခါ အမြန်ပင် ဂါရဝပြုလိုက်သော်လည်း စိတ်ထဲတွင်မူ အလွန်တုန်လှုပ်နေသည်။

"ဒီဆရာကျောက်က အရင်တုန်းက ရှေးဟောင်းမြေရိုင်းမှာ ပေါ်ခဲ့ဖူးတာ ဖြစ်ရမယ်"

ဖန့်ချန်သည် တစ်ဖက်လူ၏ လေယူလေသိမ်းကို ရင်းနှီးနေသဖြင့် သူလည်း ဂါရဝပြုလိုက်သည်။

ထို့နောက် လူနှစ်ဦးမှာ အကွာအဝေးတစ်ခုသို့ ခွာလိုက်ကြပြီး၊ ဆရာကျောက်၏ အချက်ပေးမှုနှင့်အတူ ခရမ်းရောင်လျှပ်စီးအဆောင်များကို တစ်ပြိုင်နက်တည်း အပြန်အလှန် ပစ်လွှတ်ကာ အစွမ်းကို လှုံ့ဆော်လိုက်ကြသည်။

ဝုန်း

ခရမ်းရောင်လျှပ်စီးအဆောင် နှစ်ခုလုံးမှ တောက်ပသော လျှပ်စီးတန်းများ ထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့ကြသည်။

သို့သော် ဖန့်ချန်၏ အဆောင်စွမ်းအားက ပို၍ပြင်းထန်ပုံရပြီး တစ်စက္ကန့်ခန့် တောင့်ခံထားပြီးနောက် အိုရန်မော့၏ အဆောင်စွမ်းအားကို ဝါးမြိုသွားကာ ထိုလျှပ်စီးစွမ်းအားမှာ အိုရန်မော့၏ ကိုယ်ပေါ်သို့ပင် ကျရောက်လုနီးပါး ဖြစ်သွားသည်။

"ပထမတစ်ချပ်... မင်းနိုင်တယ်"

ဆရာကျောက်က ဖန့်ချန်ကို ကြည့်ကာ ပြုံး၍ ဆိုသည်။

လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

အိုရန်မော့မှာ အမြန်နှုန်းတွင်သာ ရှုံးနိမ့်သည်မဟုတ်ဘဲ အဆောင်၏ အရည်အသွေးပိုင်းတွင်ပါ မမီနိုင်တော့ပုံရသည်။

အိုရန်မော့က သွားကြိတ်လိုက်ပြီး

"နောက်တစ်ချပ်..."

နှစ်ယောက်လုံး နောက်ထပ်အဆောင်တစ်ခုကို ထပ်မံပစ်လွှတ်လိုက်ကြသည်။

ယခုတစ်ကြိမ်တွင်မူ နှစ်ဖက်လုံးမှ အဆောင်များမှာ အင်အားချင်း ညီမျှနေပုံရပြီး အချိန်အတော်ကြာ တောင့်ခံထားကြသည်။

အိုရန်မော့၏ မျက်လုံးထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ ပေါ်လာသည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူ၏အဆောင်မှာ အရင်ဆုံး ပျောက်ကွယ်သွားပြီး ဖန့်ချန်၏အဆောင်မှာမူ နောက်ထပ်တစ်စက္ကန့်ခန့် ကြာမှသာ ပျောက်ကွယ်သွားသည်။

အရှုံးအနိုင်က ရှင်းလင်းသွားပြီ

ဒုတိယတစ်ချပ်လည်း ဖန့်ချန်ပင် အနိုင်ရရှိသွားသည်။

အိုရန်မော့၏ စိတ်ဓာတ်မှာ တစ်ဝက်ခန့် ပြိုလဲသွားပြီ ဖြစ်သော်လည်း ကျန်ရှိနေသေးသော အဆောင် (၇) ချပ်နှင့် အရှုံးမပေးချင်သေးပေ။

အဆောင်တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့သည့် အကြိမ်တိုင်းတွင် အိုရန်မော့သည် မိမိ၏ နှလုံးသားကို မမြင်ရသော တူကြီးတစ်လက်နှင့် ထုရိုက်နေသကဲ့သို့ ခံစားနေရသည်။

တစ်ချက်ပြီးတစ်ချက်...

ကျန်ရှိနေသော အဆောင် (၇) ချပ်စလုံး ကုန်ဆုံးသွားသည့်အချိန်တွင် သူ၏မျက်နှာမှာ အလွန်တရာ ဖြူလျော်သွားပြီး တစ်ကိုယ်လုံး အားအင်ကုန်ခမ်းကာ ခြေထောက်များပင် တုန်ယင်လာတော့သည်။

ကိုးချပ်လုံးတွင် တစ်ချပ်မျှ မနိုင်ခဲ့ပေ။

ယခု ဖန့်ချန်၏ လက်ထဲတွင် အဆောင်တစ်ချပ် ကျန်ရှိနေသေးသဖြင့် ဤအဆောင်ပြိုင်ပွဲမှာ မည်သည့်သံသယဖြစ်ဖွယ်မျှ မရှိတော့ပေ။

ဖန့်ချန်သည် အပြတ်အသတ် ဖိနှိပ်မှုဖြင့် အနိုင်ရသွားခြင်းဖြစ်ပြီး မည်သူမျှ အပြစ်ရှာ၍ မရနိုင်ပေ။

"စီနီယာအစ်ကို အိုရန် အလျှော့ပေးလိုက်ပါပြီ"

ဖန့်ချန်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။

အိုရန်မော့မှာ ဖခင်သေဆုံးသွားသကဲ့သို့ ဖြူလျော်သော မျက်နှာဖြင့် ပြန်လည်နှုတ်ဆက်ကာ အတင်းအကျပ် ပြုံး၍ ပြောလိုက်သည်

"ဖန့်ညီလေးရဲ့ အဆောင်ပါရမီက ငါ့ထက် အများကြီး သာလွန်ပါတယ် ဒီနေ့တော့ ဖန့်ညီလေးကို ရယ်စရာဖြစ်အောင် လုပ်မိသလို ဖြစ်သွားပြီ"

"ကိုယ့်ရဲ့ အားနည်းချက်ကို သိရင် ရပါပြီ အားနည်းတဲ့နေရာကို အားစိုက်ပြီး ပြန်ဖြည့်ဆည်းပါ ဒါမှ ပိုပြီး ဝေးဝေးရောက်မှာပါ"

ဟု ဆရာကျောက်က အသာအယာ ပြောလိုက်သည်။

"ဆရာ့ရဲ့ ဆုံးမမှုကို နာခံပါတယ် တပည့် နားလည်ပါပြီ"

အိုရန်မော့က ဂါရဝပြုလိုက်သည်။

ဆရာကျောက်သည် ဖန့်ချန်ထံသို့ ဝိညာဉ်ကျောက်တုံး (၁၀၀) ပေးလိုက်ပြီးနောက် လှည့်ထွက်သွားသည်။

သူမအတွက်မူ ယနေ့ပြိုင်ပွဲမှာ မျိုးဆက်သစ်များ၏ သာမန်အချင်းချင်း စမ်းသပ်မှုတစ်ခုမျှသာ ဖြစ်သည်။

"ဖန့်ချန် ဒါက နင့်ရဲ့ ဝိညာဉ်ကျောက်တုံးတွေပါ"

ဟွာမြောက်ချင်က ခဏသိမ်းထားပေးသော ဝိညာဉ်ကျောက်တုံးများအားလုံး (၂၄၀) ကို ဖန့်ချန်ထံသို့ ပေးလိုက်သည်။

ဆရာကျောက် ပေးသော (၁၀၀) နှင့်ပေါင်းလျှင် ဖန့်ချန်၏ ပိုင်ဆိုင်မှုမှာ ၂၀ ရာခိုင်နှုန်းခန့် တိုးလာပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးပေါင်း (၁၂၀၀) ကျော်အထိ ရှိလာခဲ့သည်။

ထိုပမာဏမှာ အထက်အဆင့် (၃) ဆင့်ရှိသော ကျင့်ကြံသူများပင် အလွယ်တကူ ထုတ်ပေးနိုင်သော ပမာဏ မဟုတ်ပေ။

"စီနီယာအစ်မဟွာ ကျွန်တော် စာကြည့်တိုက်မှာ စာဆက်ဖတ်လိုက်ဦးမယ်"

ဖန့်ချန်က နှုတ်ဆက်လိုက်ပြီး စာကြည့်တိုက်ဘက်သို့ ပျံသန်းသွားတော့သည်။

နှုတ်ဆရာဟွာသည် မျက်နှာသေနှင့် ရှိနေသော အိုရန်မော့၏ ရှေ့သို့ လျှောက်လာပြီး အေးဆေးစွာ ပြောလိုက်သည်

"အိုရန်ညီလေး မင်းနဲ့ ဖန့်ညီလေးကြားက အပြင်က ရန်ငြိုးတွေကို တောရိုင်းကျောင်းတော်ထဲအထိ ယူမလာတာ အကောင်းဆုံးပဲ ငါတို့ ကျောင်းတော်ရဲ့ စည်းကမ်းကို မင်းသိပါတယ် ကျောင်းအုပ်ကြီးက အချင်းချင်း သတ်ဖြတ်တာကို အမုန်းဆုံးပဲ"

အိုရန်မော့က ဖြူလျော်သော မျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်သည်

"ကျွန်တော်... နားလည်ပါပြီ"

အခန်း ၇၅၆ - ဖြတ်လုခြင်း

နောက်ရက်အနည်းငယ်တွင် ဖန့်ချန်သည် စာကြည့်တိုက်မှ မထွက်ဘဲ ဓာတ်ငါးပါးစစ်သည်တော် အဆောင် ကို အသေးစိတ် လေ့လာဆန်းစစ်နေခဲ့သည်။

အဆောင်ရှစ်မျိုးလုံး၏ ရေးဆွဲပုံမှသည် အလယ်ပိုင်းရှိ ဝိညာဉ်စွမ်းအား အတက်အကျ ပြောင်းလဲမှုများနှင့် ဂရုပြုရမည့် သိမ်မွေ့သောအချက်များအားလုံးကို သူ၏စိတ်ထဲတွင် တစ်ခါတည်း ပုံဖော်တွက်ချက်ပြီးသား ဖြစ်သွားသည်။

"ကြည့်ရတာ ဖန့်ညီလေးက ဆေးဖော်စပ်တဲ့လမ်းစဉ်ထက် အဆောင်လမ်းစဉ်ကို ပိုပြီး စိတ်ဝင်စားပုံရတယ်"

စာကြည့်တိုက်တံခါးရှေ့တွင် ယွီချင်းကျိ နှင့် ကျောက်ကျောင်လုံတို့သည် မည်သည့်အချိန်က ရောက်လာသည်မသိဘဲ ဟွာမြောက်ချင်နှင့်အတူ ရပ်ကာ ဖန့်ချန်ကို ငြိမ်သက်စွာ ကြည့်နေကြသည်။

"ဖန့်မောင်လေးက ငါတို့ အဆောင်ဌာနကို လာသင့်တာ"

ဟွာမြောက်ချင်က ပြုံး၍ ဆိုသည်

"ပြီးခဲ့တဲ့ရက်ပိုင်းက သူနဲ့ အိုရန်မော့ အဆောင်ပြိုင်တုန်းက ခရမ်းရောင်လျှပ်စီးအဆောင် ကျွမ်းကျင်မှုမှာ အိုရန်မော့ကို အပြတ်အသတ် နိုင်ခဲ့တာ အဆောင်ဌာနမှာ တပည့်ပေါင်း လေးရာကျော်ရှိတဲ့အထဲမှာ ဖန့်မောင်လေးက အဆင့် (၄) အတွင်း ဝင်နိုင်မယ် ထင်တယ်"

"ဟွာညီမလေး မင်းတို့ အဆောင်ဌာနမှာ တပည့်တွေက အများကြီးရှိပြီးသားပဲလေ ငါတို့ ဆေးဖော်စပ်ရေးဌာနလို လူဦးရေ ကျဲပါးနေတာမှ မဟုတ်တာအခု ဖန့်ညီလေးတို့ တပည့်သစ်တွေ ပေါင်းလိုက်မှ ၇၂ ယောက်ပဲ ပြည့်သေးတာ"

ယွီချင်းကျီက ရယ်မောလျက် ဆိုသည်။

"တကယ်တော့ သူက ဟင်လင်းပြင်ထာဝရဓားဂိုဏ်း ရဲ့ ဓားဦးဆောင်သူ ပဲ ဒီလိုခွန်အားမျိုးနဲ့ဆိုရင် တိုက်ခိုက်ရေးဌာန ကို လာတာက အသင့်တော်ဆုံးပဲ"

ကျောက်ကျောင်လုံက ရုတ်တရက် ဝင်ပြောလိုက်သည်။

ယွီချင်းကျီနှင့် ဟွာမြောက်ချင်တို့ နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။

ကျောက်ကျောင်လုံကတောင် လူခေါ်ဖို့ စိတ်ကူးရှိနေတာလား

"ကျောက်စီနီယာ ခင်ဗျားတို့ တိုက်ခိုက်ရေးဌာနက ခဏခဏ တိုက်ပွဲဝင်နေရတာဆိုတော့ သေဆုံးဒဏ်ရာရမှုနှုန်းက အရမ်းမြင့်တယ် ဖန့်ညီလေးလို ပုဂ္ဂိုလ်မျိုးက တိုက်ခိုက်ရေးဌာနမှာ နေဖို့ မသင့်တော်ပါဘူး သူ့ရဲ့ အဆင့်အတန်းက အရမ်းထိခိုက်လွယ်သလို အရေးလည်းကြီးတယ်လေ"

ယွီချင်းကျီက ပြုံး၍ ပြောသည်။

"ဒီလောကမှာ တိုက်ခိုက်တာထက် ပိုအရေးကြီးတာ ဘာရှိလို့လဲ ကျင့်ကြံတယ်ဆိုတာ ဒီလောကမှာ ပြိုင်ဘက်ကင်းဖို့ မဟုတ်ဘူးလား"

ကျောက်ကျောင်လုံက ခေါင်းကို အသာအယာ ခါလိုက်သည်။

ယွီချင်းကျီနှင့် ဟွာမြောက်ချင်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မတတ်သာသည့် အပြုံးမျိုး ပြုံးလိုက်ကြသည်။

"ကျောက်စီနီယာ... အစ်ကိုက ပြိုင်ဘက်ကင်းဖို့ ရှာဖွေတာ ကျွန်မကတော့ ထာဝရအသက်ကို ရှာဖွေတာပါ ကျင့်ကြံသူ အများစုကလည်း ကျွန်မလိုပဲ ဖြစ်မှာပါ"

ဟွာမြောက်ချင်က ရယ်၍ ဆိုသည်။

"ဒါက ပဋိပက္ခမဖြစ်ပါဘူး ပြိုင်ဘက်ကင်းပြီးတော့လည်း ထာဝရအသက်ရှည်လို့ ရတာပဲ"

ကျောက်ကျောင်လုံက ဆိုသည်။

ယွီချင်းကျီမှာ မရယ်ဘဲ မနေနိုင်တော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်

"ဟွာညီမလေး ဒီရက်ပိုင်း ဖန့်ညီလေးက စာကြည့်တိုက်ထဲကနေ အပြင်ကို လုံးဝ မထွက်ဘူးလား"

"ဟုတ်တယ် ဖန့်မောင်လေးက စာကြည့်တိုက်ထဲက ကျမ်းစာတွေကို အတော်လေး စိတ်ဝင်စားပုံရတယ်အထူးသဖြင့် ဓာတ်ငါးပါး စစ်သည်တော် အဆောင်ကိုပေါ့"

ဟွာမြောက်ချင်က ပြုံး၍ ရှင်းပြသည်

"ပြောရမယ်ဆိုရင် စာကြည့်တိုက်ရဲ့ အောက်ထပ် (၁၀) လွှာထဲမှာ ဓာတ်ငါးပါး စစ်သည်တော် အဆောင်က တိုက်ခိုက်ရေးစွမ်းအား အကောင်းဆုံးဖြစ်သလို အသုံးလည်း အတော်ဝင်တယ်"

"အဆောင် (၈) မျိုးစလုံးက နက်နဲ အဆင့်နဲ့ အဝါရောင်အဆင့် နှစ်မျိုးလုံး ပါဝင်နေတာ ဒီလို အစုံလိုက်ပါတဲ့ အဆောင်အမွေအနှစ်က သာမန် နက်နဲအဆင့် အဆောင်တွေထက် အသုံးဝင်တာထက် ပိုတယ် ဖန့်မောင်လေးလို ကျင့်ကြံခြင်းအဆင့်က အလယ်အဆင့် (၃) ဆင့်ကို တကယ်မရောက်သေးတဲ့သူတွေအတွက် ပိုသင့်တော်တာပေါ့"

"ဒါဆိုရင်တော့..."

ယွီချင်းကျီက တစ်ခုခုကို စဉ်းစားလိုက်ပြီးမှ

"ဟွာညီမလေးဆီမှာ ပိုနေတဲ့ အဆောင်စုတ်တံ အဆောင်စက္ကူနဲ့ ဟင်္သပြဒါးတွေ ရှိမလား ဖန့်ညီလေးကို လက်ဆောင်ပေးဖို့ ငါတစ်စုံလောက် ဝယ်ချင်လို့"

"အဲ့လိုလုပ်စရာ မလိုပါဘူး ကျွန်မ အဆောင်ဖန်တီးတဲ့ ကိရိယာတစ်စုံ ပြင်ဆင်ထားပြီးသားပါ အားလုံးက အဝါ‌ရောင်အဆင့် အကောင်းဆုံးတွေချည်းပဲ ဖန့်မောင်လေး သုံးဖို့ လောက်ငပါတယ်"

ဟွာမြောက်ချင်က ပြုံး၍ ဆိုသည်။

ထိုအချိန်တွင် ဖန့်ချန်သည် လက်ထဲမှ ကျမ်းစာကို အောက်သို့ ချလိုက်သဖြင့် သူတို့သုံးယောက်လုံး ခရီးဦးကြိုပြုရန် ရှေ့သို့ တိုးသွားကြသည်။

အပြန်အလှန် နှုတ်ဆက်စကား ပြောဆိုပြီးနောက် ဟွာမြောက်ချင်က အဆောင်ဖန်တီးသည့် ကိရိယာတစ်စုံကို ထုတ်၍ ဖန့်ချန်ထံ ကမ်းပေးလိုက်သည်

"ဖန့်မောင်လေး မောင်လေးမှာ အဆောင်ဖန်တီးတဲ့ ပါရမီရှိတာဆိုတော့ နောက်ပိုင်းမှာ ဒီလမ်းစဉ်ကိုလည်း လေ့လာလို့ ရတာပေါ့"

"ဒီကိရိယာတန်ဆာပလာတွေက အဝါရောင်အဆင့် အကောင်းဆုံးတွေဆိုပေမဲ့ ဈေးတော့ သိပ်မကြီးပါဘူး လက်ဆောင်ပေးတာပါ ဒါကိုသုံးပြီး ဓာတ်ငါးပါးစစ်သည်တော် အဆောင်ရဲ့ အဝါရောင်အဆင့် အဆောင်တွေကို ဖန်တီးရင် လုံလောက်ပါတယ်"

ထိုကိရိယာအစုံတွင် အဆောင်စုတ်တံ (၃) ချောင်း၊ အဆောင်စက္ကူ (၂၀၀) နှင့် တစ်ပိဿာခန့်လေးသော ဟင်္သပြဒါး တစ်ဗူး ပါဝင်သည်။

အနံ့ကို ရှူကြည့်ရုံဖြင့် ၎င်းသည် ကိုးကြိမ်မြောက် ဘေးဒုက္ခ ဟင်္သပြဒါး ထဲမှ တတိယအဆင့်ဖြစ်ကြောင်း သိနိုင်သည်။

ဖန့်ချန်က ခဏစဉ်းစားပြီးနောက် ထိုကိရိယာများကို လက်ခံလိုက်ကာ ဟွာမြောက်ချင်ကို ပြုံး၍ ဆိုလိုက်သည်

"စီနီယာအစ်မကို ကျေးဇူးတင်ပါတယ်"

"ဖန့်ညီလေး ကြည့်ရတာ ဟွာညီမလေးက မင်းကို အတော်လေး အလေးထားပုံရတယ်နော် သာမန်လူတွေက ဒီလိုအခွင့်အရေးမျိုး မရဘူး နောက်ပိုင်းကျရင် အချင်းချင်း ပိုပြီး ရင်းနှီးအောင် လုပ်ကြဦး"

ယွီချင်းကျီက ပြုံးစစဖြင့် ဆိုသည်။

ဟွာမြောက်ချင်မှာ အစပိုင်းတွင် သူပြောသည့်အဓိပ္ပာယ်ကို သတိမထားမိဘဲ ပြုံးနေသော်လည်း၊ နောက်မှ သဘောပေါက်သွားကာ အနည်းငယ် မှင်တက်သွားပြီး ဖန့်ချန်ကို သေသေချာချာ အကဲခတ်ကြည့်ကာ ဘာမှ ထပ်မပြောတော့ပေ။

နှစ်ဖက်စလုံး ခဏမျှ စကားစမြည် ပြောဆိုကြပြီးနောက် ယွီချင်းကျိက ဖန့်ချန်ကို သူ၏နေရာသို့ လာရောက်လည်ပတ်ရန်၊ လေးယောက်သား လက်ဖက်ရည်သောက်ရင်း တာအိုအကြောင်း ဆွေးနွေးရန် ဖိတ်ခေါ်သော်လည်း၊ ဖန့်ချန်က ပြန်သွားပြီး တံခါးပိတ် ကျင့်ကြံရန် ရည်ရွယ်ထားကြောင်း သိရသဖြင့် ထပ်မံ မဖိတ်ခေါ်တော့ပေ။

ဖန့်ချန် ဆေးဖော်စပ်ရေးဌာနသို့ ပြန်ရောက်သောအခါ နင်ထျဲနယူးနှင့် ပဉ္စမမင်းသမီးတို့ အပြင်ဘက်တွင် တစ်ခုခုကို အကြီးအကျယ် ငြင်းခုံနေကြသည်ကို တွေ့လိုက်ရသည်။

"အစ်ကိုဖန့် အချိန်ကိုက် ရောက်လာတာပဲ ကျွန်တော့်ဘက်ကနေ တရားမျှတအောင် ဆုံးဖြတ်ပေးပါဦး"

နင်ထျဲနယူး က ဝမ်းသာအားရ ပြောလိုက်သည်။

"စီနီယာဖန့်... အစ်ကိုပဲ ဆုံးဖြတ်ပေးပါ"

ပဉ္စမမင်းသမီးက နင်ထျဲနယူး ကို တစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

"ဘာဖြစ်လို့လဲ"

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

နင်ထျဲနယူးက ပြောပြသည်

"စီနီယာတစ်ယောက်က ကျွန်တော်နဲ့ မင်းသမီးလက်ထဲမှာရှိတဲ့ ဆေးပျက် တစ်လုံးကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၂၀၀) နဲ့ ဝယ်ချင်နေတာ"

"ဒါက ဝိညာဉ်ကျောက်တုံး (၂၀၀) တောင်လေကျွန်တော်တို့အတွက်ဆိုရင် အဆင့်တက်ဖို့ အကြိမ်ပေါင်းများစွာ သုံးလို့ရတယ် ဒါကြောင့် ကျွန်တော်ကတော့ ချက်ချင်း သဘောတူလိုက်တာပေါ့ ဒါပေမဲ့ မင်းသမီးက ဈေးနည်းတယ်လို့ ထင်နေတာ"

"ဒီရက်ပိုင်းအတွင်းမှာ ကျွန်မတို့ ဒီဆေးပျက်ကို နည်းမျိုးစုံနဲ့ လေ့လာခဲ့ပေမဲ့ ကျွန်မတို့ ခွန်အားက မလောက်တော့ အထဲက အနှစ်သာရကို နားမလည်နိုင်ဘူး အိမ်က လူကြီးတွေထဲမှာလည်း ဆေးဖော်စပ်တဲ့ ပညာရှင် မရှိဘူးလေ"

"ဒါကို ဒီအတိုင်း သိမ်းထားမယ့်အစား ဝိညာဉ်ကျောက်တုံးနဲ့ လဲလိုက်တာက ပိုကောင်းပါတယ် ဒါပေမဲ့ ဒါက ဆရာကျိကိုယ်တိုင် ဖော်စပ်ထားတဲ့ နဂါးသွေးကြောဆေးလုံး ရဲ့ ဆေးအပျက်လေ"

"ဆေးအညံ့ဆိုပေမဲ့ သူ့တန်ဖိုးက ဝိညာဉ်ကျောက်တုံး (၂၀၀) ထက် သေချာပေါက် ပိုများတယ် နင်က နင့်ဟာနင် ရောင်းတာ လက်ခံပါတယ် ဘာလို့ ငါ့ဟာကိုပါ ရောင်းပေးမယ်လို့ ပြောလိုက်ရတာလဲ အခု ငါက ပြန်ဖျက်မယ်ဆိုရင် အဲ့ဒီစီနီယာက ငါ့ကို ဘယ်လိုမြင်တော့မလဲ"

ပဉ္စမမင်းသမီးက စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။

နင်ထျဲနယူးက အနည်းငယ် အပြစ်ရှိသလို ခံစားရကာ

"မင်း သဘောတူမယ် ထင်လို့ ငါက တစ်ခါတည်း ရောင်းပေးမယ်လို့ ပြောလိုက်တာပါ..."

"မင်းတို့လက်ထဲက ဆေးကို ဝယ်ချင်နေတာ ဘယ်သူလဲ"

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

"ယွီ ဆိုတဲ့ မျိုးရိုးလို့တော့ ကြားတယ် ကျွန်တော်တို့လည်း အဲ့ဒီစီနီယာကို မတွေ့ရသေးဘူး တခြားစီနီယာတစ်ယောက်က လာပြောပေးတာ"

နင်ထျယ်နွေက ဆိုသည်။

ယွီချင်းကျီလား

ဖန့်ချန်၏ မျက်လုံးများ လှုပ်ရှားသွားကာ သူတို့နှစ်ဦးကို ပြုံး၍ ပြောလိုက်သည်

"ဒီဆေး နှစ်လုံးစလုံးကို မင်းတို့ ရောင်းချင်ကြတာပဲ ဒါပေမဲ့ ဈေးနှုန်းပိုင်းမှာ မကိုက်လို့ ဖြစ်နေတာပေါ့ ဟုတ်လား"

သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ပြိုင်တူ ခေါင်းညိတ်ပြကြသည်။

"ဒီလိုလုပ်ရအောင် ငါလည်း မင်းတို့ကို ဝိညာဉ်ကျောက်တုံး (၂၀၀) စီ ပေးမယ် ဆေးတွေကို ငါ့ကို ရောင်းလိုက် ဒါ့အပြင် နောက်ထပ် အချိန်အတန်ကြာရင် မင်းတို့ကို တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခု ထပ်ပေးမယ် အဲ့ဒီပစ္စည်းရဲ့ တန်ဖိုးက ဝိညာဉ်ကျောက်တုံး (၁၀၀) အောက် မနည်းစေရဘူး"

ဖန့်ချန်က ပြုံး၍ ဆိုသည်။

သူတို့နှစ်ဦးစလုံး မှင်တက်သွားကြပြီး မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားသည်။

ပဉ္စမမင်းသမီးကတော့ သိသိသာသာ စိတ်ဝင်စားသွားသည်

"စီနီယာဖန့် အစ်ကိုက ကျွန်မရဲ့ ဆေးအညံ့ကို အခု ဝိညာဉ်ကျောက်တုံး (၂၀၀) နဲ့ ဝယ်မယ် ပြီးတော့ နောက်မှ တန်ဖိုး (၁၀၀) ရှိတဲ့ ရတနာတစ်ခု ထပ်ပေးမယ်လို့ ပြောတာလား"

ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

"စီနီယာဖန့်... ဆေး ကို ယူသွားပါတော့"

ပဉ္စမမင်းသမီးက ကျေနပ်အားရစွာဖြင့် ဆေးအညံ့ကို ထုတ်၍ ဖန့်ချန်ထံ ကမ်းပေးလိုက်သည်။

တစ်ဖက်လူက ဓားဂိုဏ်း၏ ဓားဦးဆောင်သူဖြစ်သဖြင့် ပြောသည့်စကားမှာ ယုံကြည်ရပေသည်။

နင်ထျဲနယူးလည်း ဆေးအညံ့ကို ဖန့်ချန်ထံ ပေးလိုက်သော်လည်း အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်နေသည်

"အစ်ကိုဖန့်... အစ်ကိုက ဒီဆေးအညံ့ကို ယူပြီး ဘာလုပ်မလို့လဲ"

ဆေးဖော်စပ်ရေးဌာနက စီနီယာအချို့သည် ဆေးဖော်စပ်နည်းကို လေ့လာရန် ဆေးအညံ့ကို ယူတတ်ကြသည်ကို သူနားလည်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ ပညာမှာ ထိုအဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့်ပင်။

သို့သော် ဖန့်ချန်က ထိုဆေးကို ဘာကြောင့် ယူရသနည်းဆိုသည်ကို သူနားမလည်နိုင်ပေ။

"အိမ်မှာ အလှပြထားမလို့ပါ"

ဖန့်ချန်က ရယ်မောလျက် သူတို့နှစ်ဦးကို ဝိညာဉ်ကျောက်တုံး (၂၀၀) စီ ပေးလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။

"အလှပြထားဖို့ပဲတော့ မဟုတ်လောက်ဘူး အစ်ကိုဖန့်မှာ အမှိုက်ကို ရတနာအဖြစ် ပြောင်းလဲနိုင်တဲ့ စွမ်းအား ရှိတာ သေချာတယ်"

နင်ထျဲနယူး က ခိုင်ခိုင်မာမာ ပြောလိုက်သည်။

ပဉ္စမမင်းသမီးက သူ့ကို တစ်ချက်စောင်းကြည့်ကာ

"စီနီယာဖန့်က နင့်ကို ပြောပြမှာမှ မဟုတ်တာ နင်က ဘာလို့ ဒါတွေ လိုက်တွေးနေတာလဲ အဲ့ဒီအစား လက်ထဲက ဝိညာဉ်ကျောက်တုံးတွေကို ဘယ်လိုသုံးမလဲဆိုတာပဲ စဉ်းစားစမ်းပါ"

"ဒီဝိညာဉ်ကျောက်တုံးတွေကိုတော့ ဝိညာဥ်သန္ဓေသား ကို ခိုင်မာအောင် လုပ်ဖို့အတွက် သုံးရမှာပေါ့"

နင်ထျဲနယူး က နှာခေါင်းရှုံ့ကာ လှည့်ထွက်သွားလေတော့သည်။

All Chapters