အခန်း (၇၆၃-၇၆၄)
Vol. 77 Ch. 763-764
အခန်း ၇၆၃ - တာအိုကြာဖြူ
"ကျွန်တော်... ကျွန်တော် သောက်ရမှာလား"
ရွှီချင်းဆုန်းမှာ ဆွံ့အသွားသည်။
ယွမ်ကျူးဆရာကြီးနှင့် အပေါင်းအပါများမှာလည်း တစ်ဦးကိုတစ်ဦး မသိမသာ ကြည့်လိုက်ကြပြီးနောက်၊ သူတို့၏ ခြေဖျားတွင် ရွှေတွင်းရှိနေသကဲ့သို့ပင် ချက်ချင်း ခေါင်းငုံ့ကာ ကြည့်နေလိုက်ကြသည်။
"မှန်တယ်"
အိုရန်ရွှမ်ကျိက အသာအယာ ခေါင်းညိတ်လိုက်ပြီး
"ကျောင်းအုပ်ကြီး ပေးတဲ့ ဒီလက်ဖက်ရည်ကို မင်းသောက်လိုက်ပါ၊ အဲဒါဆိုရင် နောက်ဆို မင်းနဲ့ ဖန့်မိတ်ဆွေလေးကြားက အာဃာတတွေဟာ အကုန်အစင် ပျောက်ကွယ်သွားလိမ့်မယ်"
"..."
ရွှီချင်းဆုန်း၏ မျက်နှာမှာ မူလက ဖြူလျော်နေသင့်သော်လည်း ယခုမူ အရှက်နှင့် ဒေါသတို့ကြောင့် အလွန်အမင်း နီမြန်းလာတော့သည်။
သူကဲ့သို့သော ထူးချွန်သည့် နတ်မျိုးစေ့ ငယ်ငယ်ရွယ်ရွယ်နှင့် ပေါင်းစပ်ခြင်းအဆင့် သို့ ရောက်ရှိနေသည့် ပါရမီရှင်တစ်ယောက်က ထိုကဲ့သို့သော အညစ်အကြေးများကို သောက်ရမည်လား
ဖန့်ချန်နှင့် အာဃာတ ကင်းစင်ဖို့သက်သက်အတွက်လား ဒီလက်ဖက်ရည်က သူ့ရဲ့ အပြစ်ပေးခံရတဲ့ လက်ဖက်ရည်လား
"ရွှီချင်းဆုန်း... ကျောင်းအုပ်ကြီးကို အကြာကြီး မစောင့်ခိုင်းနဲ့"
အိုရန်ရွှမ်ကျိက အေးစက်စွာ ပြောလိုက်သည်။
ရွှီချင်းဆုန်းသည် ရွှင်အဘိုးအိုထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။
သူ၏ ခြေလှမ်းတိုင်းမှာ တောင်ကြီးတစ်လုံးကို ဆွဲထားရသကဲ့သို့ အလွန်လေးလံနေသည်။
ချီကျန့်၏ မျက်လုံးထဲတွင် သနားဂရုဏာရိပ်တစ်ခု ဖြတ်ပြေးသွားပြီးနောက် ဖန့်ချန်ကို မသိမသာ အကဲခတ်လိုက်မိသည်။
ယနေ့နောက်ပိုင်းတွင် အလယ်ပိုင်းကုန်းမြေရှိ အရှိန်အဝါကြီးသူများပင် ဖန့်ချန်နှင့် ကိုယ်တိုင်ကိုယ်ကျ ရန်မစရဲတော့မှန်း သူသိလိုက်ပြီ။
အကယ်၍ အလယ်ပိုင်းကုန်းမြေ၊ တိထျန်း၊ ပေတု တို့ကို စစ်တုရင်ခုံတစ်ခုဟု သတ်မှတ်လျှင် လူတိုင်းမှာ ထိုခုံပေါ်ရှိ စစ်တုရင်ရုပ်များသာ ဖြစ်သည်။
ရုပ်များရှိလျှင် ကစားသည့်သူလည်း ရှိရမည်။
ယခု ဓားဂိုဏ်း၏ ဓားဦးဆောင်သူမှာ ထိုစစ်တုရင်ခုံပေါ်ရှိ အရေးကြီးဆုံး ရုပ်တစ်ခု ဖြစ်နေပြီ... သူ့ကို ကစားနေသူကိုရော လောကမှာ ဘယ်နှယောက်က ရန်စရဲမှာလဲ
မူလက မသေမျိုးဘုရင် သုံးပါးလုံးမှာလည်း ကစားသူများဟု သတ်မှတ်နိုင်သော်လည်း ယနေ့တွင်မူ ကိုယ်တိုင်ကိုယ်ကျ ဆင်းကစားရာ၌ ထိုကဲ့သို့ အရှက်ရဖွယ် ရှုံးနိမ့်မှုကို ကြုံတွေ့လိုက်ရခြင်းဖြစ်သည်။
အိုရန်ရွှမ်ကျိသာ တုံ့ပြန်မှု မမြန်ခဲ့လျှင် ယနေ့ သူ၏ သိက္ခာမှာ အကုန်အစင် ပျက်စီးသွားပေလိမ့်မည်
"ရွှင်အဘိုး... ကျွန်တော်ပဲ လက်ဖက်ရည်ကို ကိုင်ပါရစေ"
ဖန့်ချန်က ရုတ်တရက် ပြောလိုက်သည်။
"ကောင်းပြီလေ"
ရွှင်အဘိုးက ခေါင်းညိတ်ကာ လက်ထဲရှိ ပွက်ပွက်ဆူနေသော လက်ဖက်ရည်ခွက်ကို ဖန့်ချန်ထံသို့ ပေးလိုက်သည်။
ဖန့်ချန်သည် လက်ဖက်ရည်ခွက်ကို ယူကာ ရွှီချင်းဆုန်းရှေ့သို့ လျင်မြန်စွာ လျှောက်သွားပြီး ပြုံး၍ ပြောလိုက်သည်
"ချင်းဆုန်းမိတ်ဆွေ... ကျွန်တော် ခင်ဗျားကို တိုက်ပါရစေ"
ရွှီချင်းဆုန်းသည် ဖန့်ချန်ကို စူးစိုက်ကြည့်နေပြီး ခဏအကြာတွင်မှ ခေါင်းညိတ်ကာ လက်ဖက်ရည်ခွက်ကို ယူလိုက်သည်
"ဒါဆိုရင်တော့ ကျွန်တော် အရင်သောက်လိုက်ပါ့မယ်"
စကားအဆုံးတွင် သူသည် အကုန်အစင် သောက်ချလိုက်သည်။
အစမှအဆုံး မကျေနပ်သည့် အရိပ်အယောင် လုံးဝမပြဘဲ၊ ထိုလက်ဖက်ရည်မှာ သာမန်လက်ဖက်ရည်ကြမ်း တစ်ခွက်ကဲ့သို့ပင်။
ကျိုးပုဖန်နှင့် အပေါင်းအပါများမှာ ထိတ်လန့်သွားကြသည်။
အခြေအနေက တကယ်ကို ပြောင်းပြန်ဖြစ်သွားတာပဲ ခုနက မသေမျိုးဘုရင်ကိုယ်တိုင် သောက်ရတော့မလို ဖြစ်ခဲ့ပေမဲ့ အခုတော့ မဟာချဲ့ထွင်းဂိုဏ်းရဲ့ ပါရမီရှင် ရွှီချင်းဆုန်းက အစားထိုး သောက်လိုက်ရတာပဲ...
ဒီလိုတွေးကြည့်ရင် သူတို့ ပြီးခဲ့တဲ့ ရက်တွေက ခံခဲ့ရတဲ့ အရှက်ကွဲမှုတွေက ဘာမှမဟုတ်တော့ဘူး။
မဟာချဲ့ထွင်းဂိုဏ်းရဲ့ ပါရမီရှင်တောင်မှ သူတို့နဲ့ တစ်တန်းတည်း ဖြစ်သွားတာပဲလေ...
"ကောင်းပြီ... တခြားလူတွေက ရယ်မောရင်းနဲ့ အာဃာတတွေကို ဖြတ်ကြပေမဲ့ ကျွန်တော်နဲ့ ချင်းဆုန်းမိတ်ဆွေကတော့ လက်ဖက်ရည်တစ်ခွက်နဲ့ပဲ အာဃာတတွေကို အဆုံးသတ်လိုက်ပြီပေါ့"
ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်... ကျွန်တော်တို့ကြားက နားလည်မှုလွဲတာတွေက ဒီမှာတင် ပြီးသွားပါပြီ"
ရွှီချင်းဆုန်းက ပြုံး၍ ပြောလိုက်သည်။
နှစ်ယောက်သား ပြုံးပြကာ အိုရန်ရွှမ်ကျိနှင့် ရွှင်အဘိုးထံသို့ အသီးသီး လှည့်ပြန်သွားကြသည်။
လှည့်ပြန်လိုက်သည့် ခဏတွင် နှစ်ယောက်လုံး၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ပြောင်းလဲမှု မရှိသော်လည်း မျက်လုံးထဲတွင်မူ အေးစက်သော ရေခဲပြင်များကဲ့သို့ ဖြစ်နေကြသည်။
"မင်းတို့ သုံးယောက်"
ရွှင်အဘိုးက လက်ကို နောက်ပစ်ကာ ရပ်နေရင်း အသာအယာ ပြောလိုက်သည်။
"ကျောင်းအုပ်ကြီး... မိန့်ကြားတော်မူပါ"
နဂါးအရှင်နှင့် ကျန်နှစ်ယောက်မှာ ကျောင်းသားလေးများ ဆရာ့ကို တွေ့သကဲ့သို့ မတ်မတ်ရပ်ကာ ရိုသေစွာ ပြောလိုက်ကြသည်။
"တာအိုသုံးထောင်ဂိုဏ်း ပြန်လည်တည်ထောင်တာဟာ ငါ့ရဲ့ ဆန္ဒပဲ အလယ်ပိုင်းကုန်းမြေရဲ့ တရားဝင် အသိအမှတ်ပြုစာ ကိုလည်း ငါကိုယ်တိုင် ယူလာပေးခဲ့တယ် မင်းတို့ တာအိုဂိုဏ်းကြီး သုံးခုလုံးလည်း ဒီကိုရောက်နေမှတော့ ဒီမှာပဲ ထိုင်ပြီး အခမ်းအနားကို အတူတူ စောင့်ကြည့်လိုက်ကြပေါ့"
ရွှင်အဘိုးက ပြုံး၍ ပြောလိုက်ပြီး သူ၏ ဝတ်စုံလက်ကို ဝေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ တာအိုတစ်ထောင်ဂိုဏ်း၏ အဝင်တံခါးမကြီးပေါ်သို့ ကျရောက်သွားသည်။
လူတိုင်း မော့ကြည့်လိုက်ကြရာ အဖြူရောင် ကြာပန်းတစ်ပွင့် ဖြည်းဖြည်းချင်း ပွင့်အာလာသည်ကို တွေ့လိုက်ရသည်။
ထိုကြာပန်းမှနေ၍ အားကောင်းလှသော ဝိညာဉ်စွမ်းအား ရေလှိုင်းများ စီးဆင်းလာကာ အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်နှံ့သွားသည်။
ထိုဝိညာဉ်စွမ်းအားများသည် ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များ၊ ကျောက်ခဲ မြေကြီးများနှင့် မြစ်ချောင်းများထဲသို့ စီးဝင်သွားရာ ဆယ်စက္ကန့်မျှအတွင်းမှာပင် တာအိုတစ်ထောင်ဂိုဏ်း၏ ပတ်ဝန်းကျင်မှာ နတ်ဘုံနတ်နန်းကဲ့သို့ ဖြစ်သွားတော့သည်။
အကယ်၍ ယခင်က ဝိညာဉ်စွမ်းအား ပမာဏမှာ တစ် (၁) ဖြစ်ခဲ့လျှင် ယခုမူ တစ်ရာ (၁၀၀) ခန့် ဖြစ်သွားခဲ့ပြီ။
အချိန်တိုအတွင်းမှာပင် အဆတစ်ရာ တိုးမြင့်လာခဲ့ခြင်းဖြစ်ပြီး ထိုပြောင်းလဲမှုမှာ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။
ထိုကြာပန်း မညှိုးနွမ်းသရွေ့ ဤနေရာသည်လည်း မညှိုးနွမ်းနိုင်ချေ။
"တာအိုကြာဖြူ "
မသေမျိုးဘုရင် သုံးပါးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
ချီကျန့်မှာ ရင်ထဲတွင် အံ့အားသင့်သွားသည်။
ထိုပစ္စည်းမှာ အလယ်ပိုင်းကုန်းမြေ တော်ဝင်မျိုးနွယ်စု၏ မြင့်မြတ်သော ရတနာဖြစ်သည်။
ကြီးမားသော ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့သည့် ဂိုဏ်းများကိုသာ ဤ တာအိုကြာဖြူ ကို ဆုလာဘ်အဖြစ် ပေးသနားလေ့ရှိသည်။
သတင်းများအရ ထိုကြာပန်းသည် ရှေးဟောင်း နတ်ဘုရားလမ်း မှ ဆင်းသက်လာခြင်း ဖြစ်စေ၊ နတ်ဘုရား နယ်မြေများတွင်သာ တွေ့နိုင်ခြင်း ဖြစ်စေ... နတ်ဘုရားတို့၏ ပစ္စည်းသာ ဖြစ်သည်။
ထိုကြာပန်းကို စိုက်ပျိုးထားသည့် နေရာသည် အချိန်ကြာလာသည်နှင့်အမျှ ကျင့်ကြံခြင်းအတွက် အကောင်းဆုံးသော မြင့်မြတ်နယ်မြေ ဖြစ်လာမည်ဖြစ်ပြီး ဝိညာဉ်စွမ်းအား ပေါကြွယ်ဝမှုမှာ သာမန်လူများ စိတ်ကူးပင် မယဉ်နိုင်လောက်ချေ
ထိုသူများမှလွဲ၍ ဖန့်ချန် အပါအဝင် ကျန်ရှိသော သူများမှာ တာအိုကြာဖြူ ၏ ဇာစ်မြစ်ကို မသိကြချေ။
ဇာစ်မြစ်ကို မသိသော်လည်း ပတ်ဝန်းကျင်၏ ပြောင်းလဲမှုကို ကြည့်ခြင်းအားဖြင့် ထိုပစ္စည်းမှာ တန်ဖိုးမဖြတ်နိုင်မှန်း သူတို့ သိလိုက်ကြသည်။
ဒါဟာ အလယ်ပိုင်းကုန်းမြေရဲ့ အသိအမှတ်ပြုစာတင် မဟုတ်ဘဲ၊ ရှေ့က ဂိုဏ်းချုပ်ကြီး ပေးသနားတဲ့ ဆုလာဘ်လည်း ဖြစ်နေတာပဲ
"ရွှင်အဘိုး ကျွန်တော် မျိုးဆက်သစ်လေးဟာ အဘိုးကို နောက်ထပ် အကြွေးတစ်ခု တင်သွားပြန်ပါပြီ"
ဖန့်ချန်သည် လက်အုပ်ကို ခေါင်းပေါ်မြှောက်ကာ ရိုသေစွာ ဦးညွှတ် ဂါရဝပြုလိုက်သည်။
"ဒါ မင်းပြောတာနော် ငါက မင်းကို အတင်းမခိုင်းဘူး"
ရွှင်အဘိုးက ဟားဟားတိုက် ရယ်မောလိုက်ပြီးနောက် အေးဆေးစွာ ပြောလိုက်သည်
"ဒီကိစ္စတွေ ပြီးသွားရင် တောရိုင်းကျောင်းတော်ဆီ လာခဲ့ဦး"
"ဟုတ်ကဲ့ပါ"
ဖန့်ချန်က ချက်ချင်း ပြန်ဖြေလိုက်သည်။
သူ ခေါင်းပြန်မော့လိုက်သည့် အချိန်တွင်မူ ရွှင်အဘိုးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ရွှင်အဘိုး ထွက်သွားသည်နှင့် အခမ်းအနားရှိ အခြေအနေမှာ အနည်းငယ် ထူးဆန်းသွားသည်။
ကံကောင်းထောက်မစွာဖြင့် ဖန့်ချန်က ထိုအခြေအနေကို ဖြိုခွင်းလိုက်ပြီး မသေမျိုးဘုရင် သုံးပါးကို နှုတ်ဆက်လိုက်သည်
"စီနီယာ သုံးပါး... ကျေးဇူးပြုပြီး အထက်နေရာမှာ ထိုင်ကြပါ"
"..."
နဂါးအရှင်နှင့် ကျန်နှစ်ယောက်မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အသာအယာ ခေါင်းညိတ်လိုက်ကြသည်။
မကြာမီမှာပင် တံခါးမကြီးရှေ့တွင် ထိုင်ခုံများစွာ ချထားလိုက်ပြီး မသေမျိုးဘုရင် သုံးပါးမှာမူ အထူးဧည့်သည်များအဖြစ် အရှေ့ဆုံးတွင် ထိုင်လိုက်ကြသည်။
"ဖန့်မိတ်ဆွေလေး... ငါတို့ မတွေ့ရတာ ကြာပြီနော်"
ချင်ဘိုးဘေးက ဘယ်ညာကြည့်လိုက်ပြီးနောက် ရုတ်တရက် ဟားဟားတိုက် ရယ်မောကာ ဖန့်ချန်ရှေ့သို့ ရောက်လာပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်တော့သည်။
"ချင်စီနီယာ... အထက်နေရာမှာ ထိုင်ပါဦး"
ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။
ချင်ဘိုးဘေးမှာ ရင်ထဲတွင် ဝမ်းသာသွားပြီး ချက်ချင်း နေရာယူလိုက်သည်။
ထို့နောက် ချီကျန့်၊ ဝေဘိုးဘေးနှင့် အခြားသော မျိုးနွယ်စု ခေါင်းဆောင်များ ရောက်လာကြသည်။
သူတို့မှာ ယခင်က တိမ်တိုက်စင်မြင့် တွင် ဖန့်ချန်နှင့် ဆုံဖူးသဖြင့် မသိမသာ စကားပြော၍ ရသေးသည်။
ယွမ်ကျူးဆရာကြီးတို့မှာမူ အလွန်ပင် နေရခက်နေကြသည်။
ကံကောင်းထောက်မစွာဖြင့် အခြားသော တာအိုဂိုဏ်းများက ရန်မစရသေးသဖြင့် မျက်နှာချိုသွေးကာ ဟန်ဆောင်နေကြရသည်။
"ဖန့်မိတ်ဆွေလေး"
ယွမ်ကျူးဆရာကြီးက အပြုံးလေးဖြင့် ကိုးပါးနေမင်းတာအိုဂိုဏ်းဝင်များကို ခေါ်ကာ ဖန့်ချန်ရှေ့သို့ ရောက်လာသည်။
"အားလုံးပဲ... ဟိုဘက်မှာ သွားထိုင်လိုက်ကြပါ ဒီမှာ ထိုင်ခုံ သိပ်မကျန်တော့လို့ပါ"
ဖန့်ချန်က ဘာမှမပြောဘဲ လီတောက်ယဲ့ကို တစ်ချက် ကြည့်လိုက်ရာ လီတောက်ယဲ့က ချက်ချင်း သဘောပေါက်သွားပြီး ဖော်ဖော်ရွေရွေဖြင့် ယွမ်ကျူးဆရာကြီးတို့ကို ကျိုးပုဖန်တို့ ရှိရာဘက်သို့ ခေါ်သွားတော့သည်။
"ယွမ်ကျူးဆရာကြီး..."
ကျိုးပုဖန်က ထူးဆန်းသော မျက်နှာပေးဖြင့် မတ်တပ်ရပ်ကာ ဂါရဝပြုလိုက်သည်။
ယွမ်ကျူးဆရာကြီးက ဘာမှမပြောဘဲ စဉ်းစားနေဟန် ပြုမူနေသည်။
သူနှင့်အတူ ပါလာသော ကိုးပါးနေမင်းတာအိုဂိုဏ်းသားများမှာမူ မျက်နှာများ နီမြန်းနေပြီး ခေါင်းငုံ့ကာ ဘာတွေ တွေးနေကြမှန်း မသိချေ။
နေရခက်သော အခြေအနေကို ရှောင်ရှားရန်အတွက် အခမ်းအနားသို့ လာရောက်ကြသူများမှာ တာအိုကြာဖြူကို ကြည့်ကာ တစ်ယောက်နှင့်တစ်ယောက် စကားစမြည် ပြောနေကြသော်လည်း သူတို့၏ မျက်လုံးများကမူ ယွမ်ကျူးဆရာကြီးတို့ ဘက်သို့သာ ရောက်နေကြသည်။
တာအိုပညာရှင် အတော်များများမှာ ယခုအချိန်တွင် သူတို့ကိုယ်သူတို့အတွက် ချွေးပြန်နေကြသည်။
"ခေါင်းပြူးတဲ့ငှက်က အပစ်ခံရတယ်၊ တောအုပ်ထဲမှာ တစ်ပင်တည်း ထင်ရှားတဲ့သစ်ပင်ဟာ လေဒဏ်မခံရရင်တောင် မိုးကြိုးပစ်ခံရတတ်တယ်..."
တာအိုဆရာတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။
"ယွမ်ကျူးဆရာကြီး... ထိုင်ပါဦး"
ကျိုးပုဖန်က မျက်စိတစ်ပစ် ပြလိုက်သည်။
ယွမ်ကျူးဆရာကြီးသည် အိုရန်ရွှမ်ကျိ ရှိရာဘက်သို့ မသိမသာ လှမ်းကြည့်လိုက်သည်။
တစ်ဖက်လူက သူ့ကို လုံးဝဂရုမစိုက်ဘဲ နဂါးအရှင်၊ ကုရှီးမသေမျိုးဘုရင်တို့နှင့်သာ စကားပြောနေသည်ကို မြင်သောအခါ သူ၏ ရင်ထဲတွင် လေးလံသွားပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ ကိုးပါးနေမင်းတာအိုဂိုဏ်းဝင်များနှင့်အတူ နေရာယူလိုက်တော့သည်။
အခန်း ၇၆၄ - ကြက်ကိုသတ်၍ မျောက်ကို ခြောက်ခြင်း
မူလက အတော်လေး ခြောက်ကပ်နေသော ဂိုဏ်းအဝင်ဝသည် မသေမျိုးဘုရင် သုံးပါးနှင့် တာအိုဂိုဏ်း အသီးသီးမှ ဘိုးဘေးများ၊ မျိုးနွယ်စုခေါင်းဆောင်များ နေရာယူလိုက်ကြသဖြင့် ချက်ချင်းပင် စည်ကားသိုက်မြိုက်သွားတော့သည်။
သူတို့နှင့်အတူ ပါလာသော ကျင့်ကြံသူများသည်လည်း သင်္ဘောပျံများပေါ်တွင် ဆက်မနေရဲကြတော့ဘဲ မြေပြင်သို့ ဆင်းသက်ကာ ကျောက်လှေကားထစ်များတွင် စီတန်း၍ ရပ်နေကြရသည်။
"ဖန့်စီနီယာ ကျွန်တော်တို့..."
ချင်ဖုန်းမောင်နှမ နှစ်ယောက်သည် မျက်နှာများ နီမြန်းလျက် ဖန့်ချန်ရှေ့သို့ ရောက်လာကြသည်။
ဖန့်ချန်က ဘာမှမပြောဘဲ အသာအယာ ခေါင်းညိတ်ပြကာ သူတို့ကို လီတောက်ယဲ့တို့နှင့်အတူ သွားရပ်ခိုင်းလိုက်သည်။
ထိုအခါမှသာ နှစ်ယောက်သား ဘေးကင်းရာရောက်သကဲ့သို့ စိတ်သက်သာရာ ရသွားကြတော့သည်။
ဖန့်ချန်သည် ဘာမှမရေးရသေးသည့် ဆိုင်းဘုတ်အလွတ်ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ ဘေးရှိ စုတ်တံကို ကောက်ကိုင်လိုက်သည်။
လူတိုင်းက သူ စာရေးတော့မည်ဟု ထင်နေကြစဉ် သူက ခေတ္တမျှ ရပ်တန့်လိုက်ပြီး လူအုပ်ဘက်သို့ လှည့်ကြည့်ကာ
"အားလုံးပဲ တာအိုသုံးထောင်ဂိုဏ်း ပြန်လည်တည်ထောင်ပြီဆိုတော့ အချို့ကိစ္စတွေကို အရင်က ထုံးစံတွေအတိုင်း လုပ်လို့မရတော့ဘူး ခင်ဗျားတို့ ကျုပ်ဂိုဏ်းထဲမှာ ထည့်ထားတဲ့ ကျင့်ကြံသူတွေကို ကိုယ့်ဘာသာကိုယ် ပြန်ခေါ်သွားပေးလို့ ရမလား"
လူအတော်များများ၏ မျက်နှာပေးမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
လီတောက်ယဲ့က ဘေးမှနေ၍ တိတ်တဆိတ် အကဲခတ်နေရာ အကြီးအကဲများမှာ အမူအရာ ပျက်ခြင်းမရှိသော်လည်း တပည့်များထဲတွင်မူ အချို့မှာ သိသိသာသာ ပျာယာခတ်သွားကြသည်ကို တွေ့လိုက်ရသည်။
သုံးစက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက်တွင်မှ တာအိုဂိုဏ်းဘိုးဘေးတစ်ဦးက ဖော်ဖော်ရွေရွေဖြင့် ရယ်မောကာ
"ဒါပေါ့... ဒါက လုပ်သင့်လုပ်ထိုက်တာပဲ"
ထို့နောက် သူက မျက်စိတစ်ချက် ပြလိုက်ရာ တာအိုတစ်ထောင်ဂိုဏ်းမှ အကြီးအကဲတစ်ဦးသည် အလွန်အမင်း အားနာလှသော မျက်နှာဖြင့် တပည့် (၁၀) ဦးကျော်ကို ခေါ်ကာ ထိုဘိုးဘေး၏ နောက်သို့ သွားရပ်လိုက်သည်။
အကြီးအကဲရွှီနှင့် ကွမ်းအာ တို့မှာ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အနေကြသည်။
"အဘိုးကြီးဝူ... မင်းကတော့ တကယ့်ကောင်ပဲ"
အကြီးအကဲရွှီက သွားကြိတ်၍ ရေရွတ်လိုက်သည်။
တစ်ခုစလျှင် နောက်က လိုက်လာစမြဲပင်။
တာအိုတစ်ထောင်ဂိုဏ်းအတွင်း ခိုးသွင်းထားသည့် သူလျှိုများကို တစ်ယောက်ပြီးတစ်ယောက် ပြန်ခေါ်သွားကြရာ နောက်ဆုံးတွင် အကြီးအကဲဆို၍ အကြီးအကဲရွှီနှင့် ကွမ်းအာ နှစ်ယောက်သာ ကျန်တော့သည်။
တပည့် လေးရာနီးပါးထဲမှ နှစ်ရာခန့်မှာလည်း ထွက်ခွာသွားကြသည်။
ထိုထဲတွင် သူလျှိုအချို့ ကျန်ရှိနေဦးမည် ဖြစ်သော်လည်း ဖန့်ချန်က ဆက်၍ မစစ်ဆေးတော့ချေ။
လီတောက်ယဲ့ကိုသာ ပိုးမွှားနှိမ်နင်းသကဲ့သို့ ဆက်လက် စစ်ဆေးရန် တာဝန်ပေးလိုက်တော့သည်။
ဖန့်ချန်က ပြုံး၍ ဆိုင်းဘုတ်ဘက်သို့ လှည့်လိုက်သည်။
ထိုခဏတွင် သူ၏ကိုယ်မှ ထူးခြားသော အရှိန်အဝါများ အကုန်ကွယ်ပျောက်သွားပြီး သာမန်လူသားတစ်ယောက်ကဲ့သို့ လူအုပ်ရှေ့တွင် ရပ်နေသည်။
ကျင့်ကြံသူ အများစုမှာ ထိုပြောင်းလဲမှုကို သတိမပြုမိကြချေ။
ထိုအရာက အလွန်ပင် သဘာဝကျလှသဖြင့် သူတို့၏ ဦးနှောက်က တုံ့ပြန်ရန်ပင် မေ့လျော့နေခြင်းဖြစ်သည်။
သို့သော် နဂါးအရှင် သုံးပါးမှာမူ ထူးခြားမှုကို ခံစားလိုက်ရသည်။
ထိုထဲတွင် ကုရှီးမသေမျိုးဘုရင်က အဆိုးဆုံးပင်။
သူသည် မျက်မှောင်ကြုတ်လျက် ဖန့်ချန်ကို တိတ်တဆိတ် အကဲခတ်နေပြီး မျက်လုံးထဲတွင် အတွေးနက်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။
စုတ်တံကို မြှောက်လိုက်သည်။
တာအိုသုံးထောင်ဂိုဏ်း ဟူသော စာလုံးလေးလုံးမှာ ရေးချက် သိပ်မများသော်လည်း ဖန့်ချန်က အလွန်ပင် အာရုံစိုက်၍ ရေးနေသည်။
သူ၏ သွေး၊ ချွေးနှင့် စိတ်ဝိညာဉ်အားလုံးကို ထိုစာလုံးများထဲသို့ သွန်းလောင်းနေသကဲ့သို့ပင်။
စုတ်တံကို ချလိုက်သည်။
လူတိုင်းက ထိုစာလုံးလေးလုံးကို ကြည့်သည့်အခါ ထူးထူးခြားခြားမရှိဘဲ သာမန်ဟု ခံစားရသည်။
သို့သော် ဆက်ကြည့်နေမိလျှင် စိတ်ဝိညာဉ်မှာ လွင့်ထွက်သွားသကဲ့သို့ ခံစားရပြီး ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများမှာ ခေတ္တ ပျောက်ကွယ်သွားကာ သာမန်လူတစ်ယောက် ဖြစ်သွားသကဲ့သို့ ခံစားရသည်။
လူတိုင်းမှာ ထိုအခြေအနေမှ ရုန်းထွက်လိုက်ကြပြီး မျက်လုံးထဲတွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုများ ပေါ်လာကြသည်။
ဤစာလုံးလေးလုံးမှာ... မရိုးရှင်းဘူး
သာမန် ရွှေရောင်အမြုတေအဆင့် လေးက ရေးလိုက်သည့် စာလုံးက သူတို့ကဲ့သို့သော အလယ်အဆင့်ကျင့်ကြံသူ များကိုပင် သက်ရောက်မှု ရှိနေသည်ဆိုလျှင် ဂိုဏ်းချုပ်ကြီး၏ မျက်နှာသာပေးမှုကို ခံရသည်မှာ မဆန်းတော့ချေ။
ဆိုင်းဘုတ်ဟောင်းကို ဖြုတ်ချလိုက်ပြီး ဆိုင်းဘုတ်သစ်ကို ချိတ်ဆွဲလိုက်သည်။
ဖေချင်းဖုန်းနှင့် အခြားသူများသည် ထိုမြင်ကွင်းကို ကြည့်ရင်း မျက်ရည်များပင် ဝဲလာကြတော့သည်။
"ဂုဏ်ယူပါတယ်... ဂုဏ်ယူပါတယ် နောင်ဆိုရင် ဒီချန်းတာအိုနယ်မြေရဲ့ တာအိုဂိုဏ်းတွေထဲမှာ တာအိုသုံးထောင်ဂိုဏ်းက ထိပ်ဆုံးက ဖြစ်နေမှာ အသေအချာပါပဲ"
နဂါးအရှင်က ရုတ်တရက် မတ်တပ်ရပ်ကာ ရယ်မောလျက် ပြောလိုက်သည်
"ဒီနေ့ ဒီအခမ်းအနားကို တက်ရတာ တကယ့်ကို တန်ပါတယ် ကျွန်တော် အရင်နှုတ်ဆက်လိုက်ပါဦးမယ်"
စကားအဆုံးတွင် သူသည် မွေးရာပါတာအိုဂိုဏ်းဝင်များကို ခေါ်ကာ ပျံသန်းထွက်ခွာသွားသည်။
ကုရှီးမသေမျိုးဘုရင်နှင့် အိုရန်ရွှမ်ကျိတို့သည်လည်း အခြေအနေကို ကြည့်ကာ နှုတ်ဆက်၍ ထွက်ခွာသွားကြသည်။
သူတို့ ထွက်သွားသည်နှင့် အခမ်းအနားရှိ ကျင့်ကြံသူ အများစုမှာလည်း သူတို့၏ နောက်မှ လိုက်သွားကြသဖြင့် လူဦးရေမှာ တော်တော်လေး နည်းပါးသွားသည်။
ယွမ်ကျူးဆရာကြီးတို့သည်လည်း လိုက်သွားရန် ပြင်သော်လည်း ဖန့်ချန်၏ လှမ်းတားခြင်းကို ခံလိုက်ရသည်။
ယွမ်ကျူးဆရာကြီးသည် မဟာချဲ့ထွင်းဂိုဏ်းက သူတို့ကို ကာကွယ်ပေးမည်မဟုတ်မှန်း သိသဖြင့် ချင်ဘိုးဘေးတို့ဘက်သို့ အကူအညီတောင်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ချင်ဘိုးဘေးက ချောင်းနှစ်ချက် ဟန့်လိုက်ပြီးနောက် ဖန့်ချန်ရှေ့သို့ ပြုံးပြုံးလေး ရောက်လာသည်
"ဖန့်မိတ်ဆွေလေး တာအိုသုံးထောင်ဂိုဏ်း ပြန်လည်တည်ထောင်တာကို ဂုဏ်ပြုတဲ့အနေနဲ့ အဘိုးကြီးက လက်ဆောင်အသေးစားလေး ယူလာခဲ့ပါတယ် ကျေးဇူးပြုပြီး လက်ခံပေးပါ"
စကားအဆုံးတွင် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး (၅၀၀၀၀) တိတိ ရှေ့တွင် ပေါ်လာသည်။
ထို့အပြင် အဆင့်လတ်ဝိညာဉ်ကျောက်တုံး (၁၀၀) လည်း ပါသေးသည်။
ထို့နောက် ထိုကျောက်တုံးများကို သိုလှောင်လက်စွပ်ထဲ ထည့်ကာ ဖန့်ချန်ထံသို့ ပေးလိုက်သည်။
"ချင်စီနီယာက တကယ့်ကို အားနာစရာပဲ လူကြီးပေးတာကို ငြင်းဖို့ မကောင်းတာမို့ ကျွန်တော် ဝမ်းသာအားရ လက်ခံလိုက်ပါ့မယ်"
ဖန့်ချန်က လက်ခံလိုက်သည်ကို မြင်သောအခါမှ ချင်ဘိုးဘေးမှာ ရင်ထဲတွင် စိတ်သက်သာရာ ရသွားပြီး ချင်ဖုန်းမောင်နှမကို ပြုံးကြည့်ကာ
"မင်းတို့ နှစ်ယောက် နောင်ဆို တာအိုသုံးထောင်ဂိုဏ်းမှာ ကြိုးစားပြီး ကျင့်ကြံကြ သိလား"
နှစ်ယောက်သားက ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားလည်ကြောင်း ပြလိုက်ကြသည်။
ထိုစဉ် လန်ယာဘိုးဘေးသည်လည်း လူအုပ်ရှေ့သို့ တက်လာပြီး ဖန့်ချန်ကို အဆင့်နိမ့်ကျောက်တုံး (၁၀၀,၀၀၀) နှင့် အဆင့်လတ်ကျောက်တုံး (၂၀၀) ပေးလိုက်သည်။
ကျန်ရှိသော မျိုးနွယ်စုခေါင်းဆောင်များမှာ လန်ယာဘိုးဘေး၏ ရက်ရောမှုကို ကြည့်ကာ အသက်ရှူမှားသွားကြသည်။
ချင်ဘိုးဘေး၏ အပြုံးမှာလည်း အနည်းငယ် တောင့်တင်းသွားသည်။
"ငါက မင်းနဲ့ ပြိုင်ချင်လို့ ပေးတာမဟုတ်ဘူး တကယ်ကို ဝမ်းသာလို့ ပေးတာပါ"
လန်ယာဘိုးဘေးက ချင်ဘိုးဘေးကို တစ်ချက်ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။
ချင်ဘိုးဘေးက ဖန့်ချန် ရှိနေသဖြင့် ပြန်မပြောတော့ဘဲ ပြုံး၍သာ ခေါင်းညိတ်ပြလိုက်သည်။
ကျန်ရှိသော မျိုးနွယ်စုများမှာလည်း လက်ဆောင်တစ်ခုခု မပေးဘဲ ထွက်သွားလျှင် အမှတ်ထားခံရမည်ကို စိုးရိမ်သဖြင့် တစ်ခုခု ပေးခဲ့ကြရသည်။
အမှန်စင်စစ် သူတို့သည် မသေမျိုးဘုရင် သုံးပါးနှင့်အတူ ပေါ်လာခဲ့ခြင်းဖြစ်၍ တာအိုသုံးထောင်ဂိုဏ်းကို စော်ကားပြီးသား ဖြစ်နေသည်။
မသေမျိုးဘုရင်များကတော့ ထွက်သွားလို့ ရသော်လည်း သူတို့မှာမူ ဂိုဏ်းချုပ်ကြီး၏ မျက်နှာသာပေးမှုကို ခံရသူကို အလွန်အမင်း ကြောက်ရွံ့နေကြသည်။
နာရီအနည်းငယ် အကြာတွင် တာအိုသုံးထောင်ဂိုဏ်း၏ အဝင်ဝတွင် အရပ်ရပ်မှ ရောက်လာကြသော လေလွင့်ကျင့်ကြံသူ များသာ ကျန်တော့သည်။
မျိုးနွယ်စုခေါင်းဆောင်များနှင့် နယ်စားချီကျန့်တို့မှာ ထွက်ခွာသွားကြပြီ ဖြစ်သော်လည်း လန်ယာဘိုးဘေးကမူ လန်ယာဝမ့်ရှယား ကို ထားရစ်ခဲ့သည်။
ထိပ်တန်းမျိုးနွယ်စု အနည်းငယ်ကသာ အဆင့်လတ်ကျောက်တုံးများ ပေးခဲ့ကြပြီး ကျန်ရှိသော သူများမှာမူ (၁၀) တုံးခန့်သာ အထိမ်းအမှတ်အနေဖြင့် ပေးခဲ့ကြသည်။
သူတို့မှာ ပေါင်းစပ်ခြင်းအဆင့် အမြင့်ဆုံးဖြစ်၍ အဆင့်လတ်ကျောက်တုံး ရာချီပေးရန်မှာ မလွယ်ကူလှချေ။
ဖန့်ချန် တွက်ချက်ကြည့်ရာ ယခုတစ်ခေါက်တွင် အဆင့်နိမ့်ကျောက်တုံး (၇၃၀,၀၀၀) နှင့် အဆင့်လတ်ကျောက်တုံး (၄၀၀) ကျော် ရရှိခဲ့သည်။
ယခု တပည့် ရာဂဏန်းသာ ကျန်တော့သော တာအိုသုံးထောင်ဂိုဏ်းအတွက် ထိုကျောက်တုံးများမှာ နှစ်ပေါင်းများစွာ သုံးစွဲရန် လုံလောက်လှသည်။
သို့သော် ယနေ့ အကြီးမားဆုံးသော ရရှိမှုမှာ ဝိညာဉ်ကျောက်တုံးများ မဟုတ်ဘဲ တာအိုကြာဖြူ ပင် ဖြစ်သည်။
၎င်းက အပြင်နန်းဆောင်ကိုသာမက အတွင်းနန်းဆောင်ကိုပါ ပြောင်းလဲပေးလိုက်ခြင်းဖြစ်သည်။
နောင်တွင် ဤနေရာ၌ ကျင့်ကြံသူများသည် လုံလောက်သော ဝိညာဉ်စွမ်းအားများကို ရရှိနိုင်တော့မည်ဖြစ်ရာ တာအိုသုံးထောင်ဂိုဏ်းတစ်ခုလုံးမှာ ဝိညာဉ်တောင်တော် တစ်ခု ဖြစ်သွားခဲ့ပြီ။
ထို့နောက် ဂိုဏ်းဝင်ရန် ရောက်လာသူများကို လက်ခံသည့် ကိစ္စကို ဖေချင်းဖုန်းနှင့် လီတောက်ယဲ့တို့ကို တာဝန်ပေးလိုက်ပြီး၊ ဖန့်ချန်က ယွမ်ကျူးဆရာကြီးရှေ့သို့ လျှောက်သွားကာ ပြုံး၍ မေးလိုက်သည်
"ယွမ်ကျူးဆရာကြီး ဒီနေ့ ကျွန်တော့် တာအိုသုံးထောင်ဂိုဏ်းရဲ့ ဧည့်ခံမှုကို စိတ်ကျေနပ်ရဲ့လား"
ယွမ်ကျူးဆရာကြီးက မျက်နှာအပြည့် ပြုံးလျက်
"စိတ်ကျေနပ်တာမှ အတိုင်းထက်အလွန်ပါပဲ၊ ဖန့်မိတ်ဆွေရဲ့ ဧည့်ခံမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်"
"နောင်ဆိုရင်လည်း ဧည့်သည်အဖြစ် လာချင်ရင် အမြဲတမ်း ကြိုဆိုနေမှာပါ ဒီနေ့တော့ အားလုံးလည်း ပြန်ကုန်ကြပြီဆိုတော့ ခင်ဗျားတို့ကိုလည်း ဆက်ပြီး အားမနာတော့ပါဘူး"
ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။
ယွမ်ကျူးဆရာကြီးမှာ ရင်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားပြီး သူ၏ တပည့်များကို ခေါ်ကာ လက်အုပ်ချီ နှုတ်ဆက်၍ အလျင်အမြန် ထွက်ခွာသွားတော့သည်။
သူ့ကို စိတ်ပျက်အားငယ်စွာ လှမ်းကြည့်နေသည့် ကျိုးပုဖန်ကိုမူ တစ်ချက်ကလေးမျှ လှည့်မကြည့်ခဲ့ချေ။
"ဖန့်မိတ်ဆွေ... ကျွန်တော်တို့ကရော..."
ကျိုးပုဖန်သည် ယွမ်ကျူးဆရာကြီးတို့ ထွက်သွားသည်ကို ကြည့်ကာ မျက်နှာညှိုးငယ်စွာဖြင့် မေးလိုက်သည်။
"ခင်ဗျားတို့ရဲ့ သက်တမ်းက မနည်းပါဘူး ဘာမှလည်း အရေးကြီးတာ မရှိဘူးဆိုတော့ ဒီမှာပဲ ရက်အနည်းငယ်လောက် ကြာကြာနေလိုက်ကြပါဦး ဒါမှ လောကကလူတွေက ကျွန်တော့် တာအိုသုံးထောင်ဂိုဏ်းရဲ့ ဧည့်ခံပုံကို သိသွားမှာပေါ့"
ဖန့်ချန်က ပြုံး၍ ပြောကာ လှည့်ထွက်သွားသည်။
ကျိုးပုဖန်နှင့် အပေါင်းအပါများမှာ အားကိုးရာမဲ့စွာဖြင့် ကျန်ရစ်ခဲ့ကြသည်။
ကြက်ကိုသတ်၍ မျောက်ကို ခြောက်ခြင်းပါပဲ... သူတို့က အဲဒီ ကြက် တွေ ဖြစ်သွားခဲ့ပြီ
ထိုစဉ် သာမန် တာအိုဆရာတစ်ဦးက စည်ပိုင်းကြီး တစ်လုံးကို မနိုင်မနင်း သယ်လာပြီး ခုနက လက်ဖက်ရည်ခွက်ကို ရိုက်ခွဲခဲ့သည့် ကျင့်ကြံသူရှေ့တွင် ဒုန်းခနဲ ချလိုက်သည်။
"ဘိုးဘေးကြီးက မှာလိုက်တယ် နောင်ဆိုရင် မင်း ဒီစည်ပိုင်းနဲ့ပဲ သောက်ရမယ်တဲ့ အကုန်သောက်ရမယ်နော် မဟုတ်ရင် ဘိုးဘေးကြီး စိတ်မကောင်း ဖြစ်လိမ့်မယ်"
ထိုဆရာမှာ စကားဆုံးသည်နှင့် အမြန် ထွက်သွားတော့သည်။
စီယန်တာအိုဂိုဏ်း မှ ထိုဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူသည် မိမိရှေ့ရှိ လူတစ်ကိုယ်စာလောက် ရှိသော စည်ပိုင်းကြီးကို ကြည့်ကာ တစ်ကိုယ်လုံး တုန်ယင်လျက် မျက်နှာဖြူလျော်သွားတော့သည်။