← Chapters

အခန်း (၇၆၅-၇၆၆)

Vol. 77 Ch. 765-766

အခန်း (၇၆၅-၇၆၆)

Vol. 77 Ch. 765-766

အခန်း ၇၆၅ - လူကြီးမင်းတို့... ဒီဖန့်ဆရာကြီးကို ဘယ်လိုမြင်ကြလဲ

တာအိုသုံးထောင်ဂိုဏ်း၏ ဦးဆောင်ရာနေရာ တွင် ဖန့်ချန်ကို ထိပ်ဆုံးမှထား တပည့်ပေါင်း ရာချီတို့သည် မြင့်မြတ်သောသားရဲ သုံးပါး၏ ရုပ်တုရှေ့၌ ငြိမ်သက်စွာ ရပ်နေကြသည်။

ချီကုန်းရှုသည် အလွန်အမင်း ရင်ခုန်စိတ်လှုပ်ရှားနေသည်။

သားရဲသုံးပါးမှာ တာအိုသုံးထောင်ဂိုဏ်း၏ အမှတ်အသား များ ဖြစ်ကြပြီး ယခုအခါ မျိုးဆက်ပေါင်းများစွာ ကြာပြီးနောက်တွင်မှ သူသည် သားရဲ သုံးပါးရှေ့၌ ပြန်လည်ရပ်တည်ခွင့်ရကာ ဘိုးဘေးတို့၏ ဆန္ဒကို ဖြည့်ဆည်းနိုင်ခဲ့ပြီး တာအိုသုံးထောင်ဂိုဏ်း၏ ဂိုဏ်းသားတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။

သူ၏ သားများနှင့် နောက်မျိုးဆက် တစ်စုမှာလည်း အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

သူတို့သည် တာအိုသုံးထောင်ဂိုဏ်းအပေါ်တွင် ကြီးမားသော သံယောဇဉ် မရှိကြသော်လည်း ယခုတစ်ကြိမ် ထိုဂိုဏ်းသို့ ဝင်ခွင့်ရခြင်းမှာ သူတို့အတွက် ကောင်းကင်သို့ ခြေတစ်လှမ်းနှင့် တက်လှမ်းလိုက်ရသကဲ့သို့ ဖြစ်မှန်း သိကြသည်။

ဂိုဏ်းချုပ်ကြီး၊ မသေမျိုးဘုရင်၊ နယ်စားမင်းနှင့် တာအိုဂိုဏ်း ဘိုးဘေးများ၊ မျိုးနွယ်စုခေါင်းဆောင်များ... ထိုပုဂ္ဂိုလ်များထဲမှ မည်သူမဆိုသည် သူတို့တစ်သက်တွင် မော့ကြည့်ရန်ပင် မဝံ့ရဲသည့် သူများဖြစ်သည်။

ယခုမူ မလှမ်းမကမ်းရှိ ထိုလူငယ်က တာအိုသုံးထောင်ဂိုဏ်းကို ပြန်လည်တည်ထောင်လိုက်ခြင်းကြောင့် သူတို့အားလုံးကို မြင်တွေ့ခွင့် ရခဲ့ကြခြင်းဖြစ်သည်။

အမွှေးတိုင် ထွန်းညှိပြီးနောက် ဖန့်ချန်သည် လူအုပ်ကို တစ်ချက်လှည့်ကြည့်ကာ ဖေးချင်းဖုန်းကို ပြောလိုက်သည်

"တူတော်ဖေး တာအိုသုံးထောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကို လီတောက်ယဲ့ကို ပေးလိုက်မယ် မင်း ဘယ်လိုထင်လဲ"

လီတောက်ယဲ့

အကြီးအကဲရွှီနှင့် ကွမ်းအာမှာ ဆွံ့အသွားကြသည်။

ဖေချင်းဖုန်းမှာလည်း သိသိသာသာ မှင်တက်သွားပြီး တပည့်များမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

" ဒီရာထူးက ဦးလေးကိုယ်တိုင် ထိုင်ရမှာ မဟုတ်ဘူးလား"

ဖေးချင်းဖုန်းက စဉ်းစားဆင်ခြင်ကာ မေးလိုက်သည်။

"ဂိုဏ်းချုပ်လုပ်ရင် စီမံခန့်ခွဲရမှာတွေ အများကြီးပဲ၊ ငါ့မှာ အချိန်မရှိဘူး လီတောက်ယဲ့ကို ဒီရာထူးပေးပြီး လေ့ကျင့်ပေးလိုက်တာက ပိုကောင်းတယ် သူလည်း ဒီရာထူးမှာ အကြာကြီး ရှိမှာမဟုတ်ပါဘူး သူ ရွှေအမြုတေအဆင့် ကို တက်လှမ်းသွားပြီဆိုရင်တော့ လူလဲရမှာပေါ့"

ဖန့်ချန်က အေးဆေးစွာ ပြုံး၍ ပြောလိုက်သည်။

"ကျွန်တော့်မှာ ဘာသဘောထားမှ မရှိပါဘူး"

ဖေးချင်းဖုန်းသည် ဖန့်ချန်၏ စိတ်ဆန္ဒကို ချက်ချင်းနားလည်သွားပြီး ခေါင်းညိတ်လိုက်သည်။

"ဒီတစ်ခေါက် အဖွဲ့အစည်းတွေက ပေးတဲ့ လက်ဆောင်တွေကို ငါ တစ်စိတ်တစ်ပိုင်း ချန်ထားခဲ့မယ် အဲဒါတွေကို မင်းနဲ့ လီတောက်ယဲ့တို့ နှစ်ယောက်အတူတူ စီမံပြီး ဂိုဏ်းသားတွေ ကျင့်ကြံတဲ့နေရာမှာ သုံးလိုက်ကြပါ"

"ရှေ့လျှောက် အတန်ကြာအောင် ငါ ဒီမှာ ရှိနေမှာမဟုတ်ဘူး မင်းပဲ ပိုပြီး ဂရုစိုက်ပေးပါ လီတောက်ယဲ့ အသားကျသွားပြီဆိုရင်တော့ မင်းလည်း အေးအေးဆေးဆေး တရားထိုင် ကျင့်ကြံလို့ ရပါပြီ"

ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။

ခေတ္တမျှ ရပ်ပြီးနောက်

"ဒီတစ်ခေါက် အကြီးအကဲ တော်တော်များများ ထွက်သွားကြပြီဆိုတော့ လစ်လပ်နေတဲ့ ရာထူးတွေအတွက် လူပြန်ဖြည့်ရမယ်"

ထို့နောက် သူက ချီကုန်းရှု၏ အမည်ကို ခေါ်ယူလိုက်ပြီး ကျန်ရှိသော အကြီးအကဲ ရာထူးများကိုမူ ဖေးချင်းဖုန်းတို့ဘာသာ ဆုံးဖြတ်ရန် လွှဲပေးလိုက်သည်။

တောရိုင်းကျောင်းတော်၊ ကျမ်းစာဆောင်

ရွှင်အဘိုးသည် ဖန့်ချန်ကို မြင်သည်နှင့် မတ်တပ်ရပ်ကာ ပြုံး၍ မေးလိုက်သည်

"ကိစ္စတွေ အဆင်ပြေသွားပြီလား"

"အခြေခံအားဖြင့် အဆင်ပြေသွားပါပြီ ရွှင်အဘိုး ကိုယ်တိုင် ထွက်လာပေးလို့ပါ မဟုတ်ရင် မသေမျိုးဘုရင် သုံးပါးသာ ဝင်စွက်ဖက်ရင် တာအိုသုံးထောင်ဂိုဏ်း တည်ထောင်ဖို့ ခက်ပါလိမ့်မယ်"

ဖန့်ချန်က ရိုသေစွာ ဂါရဝပြုလိုက်သည်။

ခေတ္တမျှ ရပ်ပြီးနောက်

"ရွှင်အဘိုး ကျွန်တော့်မှာ သစ်စိမ်းဂိုဏ်း ရဲ့ ဘိုးဘေးဖြစ်တဲ့ စီနီယာအစ်ကို တစ်ယောက် ရှိပါတယ် သူက အခမ်းအနားကို လာတက်တာ မတွေ့မိဘူး တစ်ခုခု... ပြဿနာ ဖြစ်နေလို့လား"

"မင်းက တကယ်ပဲ ဂိုဏ်းချုပ်ကြီးတွေဟာ အပြင်မထွက်ဘဲနဲ့ လောကကြီးက အကြောင်းအရာအားလုံးကို သိနိုင်တယ်လို့ ထင်နေတာလား နတ်ဘုရားတွေတောင် ဒါကို မလုပ်နိုင်ပါဘူး ငါတို့ဆိုတာကလည်း ကျင့်ကြံသူတွေရဲ့ အမြင်မှာသာ မသေမျိုး လို့ ခေါ်ပေမဲ့ တကယ့် နတ်ဘုရားတွေရဲ့ အမြင်မှာတော့ ဘာမှမဟုတ်တဲ့ လူတွေပါပဲ"

ရွှင်အဘိုးက ရယ်မောကာ ပြောလိုက်သည်

"ဒါပေမဲ့ မင်းပြောတဲ့ ကိစ္စကိုတော့ ငါ အနည်းအကျဉ်း သိပါတယ် ချင်းမု ဆိုတဲ့ ကောင်လေးက လူတွေကို ခေါ်ပြီး ပင်လယ်ဘက်ကို ထွက်သွားတယ်"

"ပင်လယ်ဘက်ကို ထွက်သွားတယ်"

ဖန့်ချန် အံ့အားသင့်သွားသည်။

စီနီယာအစ်ကို ချင်းမုက မသေမျိုးအဆင့် ရှိနေပြီဖြစ်ရာ ပင်လယ်ဘက်ကို ဘာသွားလုပ်တာလဲ

"တစ်ခုခုကို သွားဖြေရှင်းတာ နေမှာပါ သူ့ရဲ့ ကျင့်ကြံမှု အဆင့်နဲ့ဆိုရင် မသေမျိုးဘုရင်တွေနဲ့ မဆုံသရွေ့တော့ ကြီးမားတဲ့ အန္တရာယ် မရှိနိုင်ပါဘူး မစိုးရိမ်ပါနဲ့"

ရွှင်အဘိုးက ပြုံး၍ ပြောလိုက်သည်

"ကဲ... တောရိုင်းကျောင်းတော်ရဲ့ သတ္တမမြောက် ဆရာကြီး ဖြစ်လာဖို့ မင်း အဆင်သင့်ဖြစ်ပြီလား"

"တရားဓမ္မတွေ သင်ကြားပေးရုံတင်မို့ တပည့်အမြဲတမ်း အဆင်သင့် ဖြစ်နေပါတယ်"

ဖန့်ချန်က ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ"

ရွှင်အဘိုးက ဝတ်စုံလက်ကို ဝေ့ယမ်းလိုက်ရာ ထူးခြားသော ဝိညာဉ်စွမ်းအားတစ်ခုက ဖန့်ချန်၏ ကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

အပြင်လူတစ်ယောက်က ကြည့်မည်ဆိုလျှင် ဖန့်ချန်၏ အရှိန်အဝါမှာ နက်ရှိုင်းခက်ခဲသွားပြီး သူ၏ ကျင့်ကြံမှုအဆင့်ကို မခန့်မှန်းနိုင်သလို၊ သူ၏ မျက်နှာအစစ်အမှန်ကိုလည်း မြင်တွေ့နိုင်မည် မဟုတ်တော့ချေ။

မြူနှင်းများအကြား ဖုံးကွယ်ထားသကဲ့သို့ပင်။

နောက်တစ်ခဏတွင် ဖန့်ချန်သည် မိမိကိုယ်ကိုယ် ဟွမ်ကျင်းနန်းဆောင်မှ ထွက်ခွာလာပြီး လှေကားထစ် ရာပေါင်းများစွာရှိသည့် စင်မြင့်ထက်သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

သူသည် ထိုနေရာတွင် လူရိပ် (၆) ခုကို တွေ့လိုက်ရသည်။

"ကျောင်းအုပ်ကြီး"

ခြောက်ယောက်လုံးက ရွှင်အဘိုးကို ရိုသေစွာ ဂါရဝပြုလိုက်ကြသည်။

ဖန့်ချန် စိတ်ထဲမှ မှတ်သားလိုက်သည်။

ဤခြောက်ယောက်ထဲတွင် ကျိမသေမျိုးဘုရင်နှင့် ဆရာကြီးကျောက် တို့မှလွဲ၍ ကျန်သည့်သူများကို သူ မမြင်ဖူးချေ။

သူတို့မှာ တောရိုင်းကျောင်းတော်၏ ကျန်ရှိသော ဆရာကြီး (၄) ဦး ဖြစ်ရပေမည်။

"ငါ မင်းကို မိတ်ဆက်ပေးမယ်"

ရွှင်အဘိုးက ပြုံး၍ ကျိမသေမျိုးဘုရင်ကို ညွှန်ပြကာ

"ဆေးပညာဌာန က ဆရာကြီးကျိ ဒါက မင်းနဲ့ ရင်းနှီးပြီးသားပါ"

ထို့နောက် ဆရာကြီးကျောက်ကို ညွှန်ပြကာ

"အဆောင်ဌာန က ဆရာကြီးကျောက် မင်း သူနဲ့လည်း ဆုံဖူးပါတယ်"

ထို့နောက် အရပ်အမောင်း မြင့်မားသော အလယ်အလတ်အရွယ် လူတစ်ဦးကို ညွှန်ပြကာ

"ပညာရပ်ဌာန က ဆရာကြီးဟန် မင်း သူ့ရဲ့သား ဟန်လင်းချိုး နဲ့ ဆုံဖူးလိမ့်မယ်"

ဆရာကြီးဟန်က ပြုံး၍ ဖန့်ချန်ကို ခေါင်းညိတ်ပြသည်။

ရွှင်အဘိုးက နောက်ထပ် အဘိုးအိုတစ်ဦးကို ညွှန်ပြလိုက်သည်။

ထိုသူက မုတ်ဆိတ်ဗရပွနှင့် ပုံစံမကျလှဘဲ နှာခေါင်းကြီးမှာလည်း နီမြန်းနေကာ အရက်သမား ပုံစံပေါက်နေသည်

"လက်နက်ဌာန က ဆရာကြီးကျင်း"

ဆရာကြီးကျင်းက သမ်းဝေလိုက်ပြီး အသာအယာ ခေါင်းညိတ်ပြသည်။

"မင်း အိပ်ချင်နေတာလား ဒါဆိုရင် ငါ မင်းကို အိမ်ပြန်ပို့ပြီး အိပ်ခိုင်းလိုက်ရမလား"

ရွှင်အဘိုးက ပြုံး၍ မေးလိုက်သည်။

ဆရာကြီးကျင်းမှာ ချက်ချင်းပင် တစ်ကိုယ်လုံး တုန်သွားပြီး ဖန့်ချန်ကို အားတက်သရော ပြုံးပြကာ

"ဆရာကြီးဖန့်... နောင်ဆိုရင် ကျွန်တော့်ကို လမ်းညွှန်ပြသပေးပါဦး"

"လမ်းညွှန်ဖို့တော့ မဝံ့ရဲပါဘူးခင်ဗျာ"

ဖန့်ချန်က ထူးဆန်းသော မျက်နှာပေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဒါကတော့ တိုက်ခိုက်ရေးဌာန က ဆရာကြီးလူ"

ရွှင်အဘိုးက ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော လူလတ်ပိုင်းတစ်ဦးကို ကြည့်လိုက်သည်။

ထိုသူက ခေါင်းညိတ်ပြရုံမျှဖြင့် ဖန့်ချန်ကို နှုတ်ဆက်လိုက်သည်။

ငါးယောက်ကို မိတ်ဆက်ပေးပြီးပြီဖြစ်ရာ ကျန်ရှိသော တစ်ယောက်မှာ ကျင့်စဉ်ဌာန မှ ဆရာကြီး ဖြစ်ရပေမည်။

သို့သော် ထိုသူက ရွှင်အဘိုး စကားမစရသေးခင်မှာပင် မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်

"ကျောင်းအုပ်ကြီး အဲဒီ ရှေးဟောင်းတာအို တွေကို ကျွန်တော်တို့ မမြင်နိုင်ဘူးဆိုပေမဲ့ အခု တစ်ယောက်ယောက်က ဒါတွေကို မြင်နိုင်တယ်ဆိုရင် ကျင့်စဉ်ဌာန ဒါမှမဟုတ် ပညာရပ်ဌာနထဲကို အရင်ပေါင်းထည့်ပြီးမှ ကျွန်တော်တို့ကတစ်ဆင့် ပြန်သင်ပေးသင့်တာပါ"

"ဘာကြောင့် တောရိုင်းကျောင်းတော်မှာ ဆရာကြီးတစ်ယောက် ထပ်တိုးဖို့ လိုအပ်တာလဲ"

"အလယ်ပိုင်းကုန်းမြေက အဖွဲ့အစည်းတွေက ဘယ်လိုထင်မလဲ တိထျန်းနဲ့ ပေတု ဘက်ကကော ဘယ်လိုမြင်မလဲ တောရိုင်းကျောင်းတော်မှာ ဖိအားတွေ မနည်းပါဘူး အလုပ်တွေ ထပ်ရှုပ်အောင် လုပ်ဖို့ မလိုပါဘူး"

ဆရာကြီး အချို့က ဘာမှဝင်မပြောကြသော်လည်း ဆရာကြီးကျိက ရယ်မောကာ

"အိုဝမ်း အဲဒီတရားတွေက တောရိုင်းကျောင်းတော်ရဲ့ ပညာရပ်တွေ မဟုတ်ဘူး ကျောင်းအုပ်ကြီးက ဆရာကြီးဖန့်နဲ့ သဘောတူညီမှု ရထားပြီးသားပါဆရာကြီးဖန့်ဆီမှာ ပညာသင်မယ့်သူတွေဟာ တာအိုသုံးထောင်ဂိုဏ်းရဲ့ ဂိုဏ်းဝင်အဖြစ် စာရင်းသွင်းရလိမ့်မယ်"

"တောရိုင်းကျောင်းတော်ရဲ့ တပည့်တွေကို တာအိုသုံးထောင်ဂိုဏ်းထဲ ဝင်ခိုင်းမယ်ဆိုတာ ဘယ်လောက်တောင် ရယ်စရာကောင်းလဲ"

ဆရာကြီးဝမ်းက ခေါင်းကို အနည်းငယ် ခါယမ်းကာ ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်သည်

"ငါ မင်းကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး ငါ့ရဲ့ အမြင်ကို ပြောပြတာပါ ဒီကိစ္စက မသင့်တော်ဘူးလို့ ငါထင်တယ်"

ဖန့်ချန်က ဘာမှဝင်မပြောချေ။

ဆရာကြီး ခြောက်ယောက်ထဲတွင် ထိုကိစ္စကို ကန့်ကွက်မည့်သူ ရှိမည်ဟု သူ ကြိုတင် တွေးထားပြီးသားဖြစ်သည်။

သို့သော် ဤကိစ္စကို ရွှင်အဘိုးကိုယ်တိုင် လက်ခံထားခြင်း ဖြစ်သည်။

ဆရာကြီး ခြောက်ယောက်လုံး ကန့်ကွက်လျှင်တောင်မှ အမှန်တရားကို ပြောင်းလဲနိုင်မည် မဟုတ်ချေ။

ယခုမူ ကျင့်စဉ်ဌာနမှ ဆရာကြီးဝမ်း တစ်ယောက်တည်းသာ ကန့်ကွက်နေခြင်း ဖြစ်သည်။

"မင်း မသင့်တော်ဘူးလို့ ထင်တာက မင်းကိစ္စပဲ ငါက ကျောင်းအုပ်ကြီးဖြစ်တဲ့အတွက် ဒီဆုံးဖြတ်ချက်ကို ချပိုင်ခွင့်ရှိတယ် ငါ နောင်တစ်ချိန် သေဆုံးသွားလို့ မင်းသာ ဒီနေရာမှာ ထိုင်ခွင့်ရမယ်ဆိုရင်တော့ မင်းကြိုက်သလို လုပ်နိုင်ပါတယ်"

ရွှင်အဘိုးက အေးဆေးစွာ ပြောလိုက်သည်။

ဆရာကြီးဝမ်းသည် သက်ပြင်းတစ်ချက်ချကာ ဆက်မပြောတော့ချေ။

ရွှင်အဘိုးက ပြုံး၍

"မင်းတို့ တပည့်တွေထဲက တာအိုပညာရပ်တွေကို စိတ်ဝင်စားတဲ့သူတွေကို ရွေးပြီး ဆရာကြီးဖန့်ရဲ့ သင်ကြားမှုကို လာနားထောင်ခိုင်းလိုက်ပါ ဒီသတင်းကိုတော့ အပြင်ကို အခုချက်ချင်း မဖြန့်ပါနဲ့ဦး"

စကားအဆုံးတွင် သူက ဖန့်ချန်ကို ကြည့်ကာ

"နောက်သုံးရက်နေရင် မင်း ဒီနေရာမှာ တရားဟောရမယ် ဘယ်လောက်ကြာကြာ ဟောမလဲ ဘယ်လောက် သင်ပေးမလဲဆိုတာ မင်းဘာသာ ဆုံးဖြတ်ပါ ငါ ဝင်မစွက်ဖက်ဘူး"

"တပည့် နားလည်ပါပြီ"

ဖန့်ချန်က အသာအယာ ခေါင်းညိတ်လိုက်သည်။

နောက်သုံးရက်အတွင်းတွင် တောရိုင်းကျောင်းတော်၌ ဆရာကြီးအသစ်တစ်ဦး ရောက်လာသည့် သတင်းမှာ ဌာနအသီးသီးတွင် စတင်ပြန့်နှံ့သွားသည်။

ထိုဆရာကြီးမှာ ရှေးဟောင်းတာအိုပညာရပ်များကို ကျွမ်းကျင်သည်ဟု သိရသောအခါ တပည့်အများအပြားမှာ အံ့အားသင့်သွားကြသည်။

ယနေ့ခေတ်ကာလတွင် မိမိကိုယ်ကိုယ် ရှေးဟောင်းတာအိုပညာရပ် ကျွမ်းကျင်သည်ဟု ပြောဝံ့သူ ရှိသေးတာလား

ယွီချင်းကျိ၏ ဂူကျောင်းတွင် ယနေ့ ဌာနအသီးသီးမှ မိတ်ဆွေ (၁၀) ဦးကျော် ရောက်နေကြသည်။

ကျောက်ကျောင်လုံ နှင့် ဟွာမြောက်ချင် တို့လည်း ပါဝင်သည်။

"လူကြီးမင်းတို့ ခင်ဗျားတို့ ဒီဖန့်ဆရာကြီးကို ဘယ်လိုမြင်ကြလဲ"

ယွီချင်းကျိက လေးနက်သော မျက်နှာပေးဖြင့် လူအုပ်ကို ကြည့်ကာ မေးလိုက်သည်။

အခန်း ၇၆၆ - ကျွန်တော်တို့ ဆရာကြီးဖန့်ကို ဂါရဝပြုပါတယ်

ယွီချင်းကျိ၏ မေးခွန်းကို မည်သူမျှ ပြန်မဖြေကြဘဲ အားလုံးက အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြသည်။

တောရိုင်းကျောင်းတော်၏ တပည့်များအနေဖြင့် သူတို့သည် အပြင်လောကတွင် ဂုဏ်သရေရှိသူများ၊ နောက်ခံတောင့်တင်းသူများ ဖြစ်ကြရာ ဤ သတ္တမမြောက် ဆရာကြီး ရာထူး၏ တန်ဖိုးကို ကောင်းကောင်းနားလည်ကြသည်။

ဆရာကြီး ဟု ခေါ်ဝေါ်ခံရသူမှာ မသေမျိုးဘုရင်အဆင့်သာ ဖြစ်ရမည်။

အဘယ်ကြောင့် တောရိုင်းကျောင်းတော်တွင် ဆိတ်ဆိတ်ငြိမ်ငြိမ်နှင့် ဆရာကြီးဖန့် တစ်ယောက် ထပ်တိုးလာရသနည်း

"ကျောင်းတော်ထဲမှာ ဖန့်မျိုးရိုးနဲ့ အဆင်မြင့်နည်းပြဆရာ သုံးယောက်ပဲ ရှိတာ အဲဒီထဲက တစ်ယောက်ယောက်က မသေမျိုးဘုရင်အဆင့်ကို တက်လှမ်းသွားတာများလား"

တစ်ယောက်က ခန့်မှန်းချက်ထုတ်လိုက်သည်။

ယွီချင်းကျိက အသာအယာ ခေါင်းခါလိုက်ပြီး

"မသေမျိုးဘုရင်အဆင့်ကို တက်လှမ်းတယ်ဆိုတာ နတ်သက်ကြွေသလိုပဲ အခု မသေမျိုးတံခါးက ငါတို့အတွက် ပိတ်ထားတယ်ဆိုပေမဲ့ ဝိညာဉ်စွမ်းအား လှိုင်းလုံးကြီးတွေက အနည်းဆုံး နယ်မြေအဆင့် နယ်မြေအတော်များများကို ရိုက်ခတ်မှာပဲ ဒီလောက်ကြီး ဆိတ်ဆိတ်ငြိမ်ငြိမ် ဖြစ်နေမှာ မဟုတ်ဘူး"

ခေတ္တမျှ ရပ်ပြီးနောက်

"ပြီးတော့ ဒီဆရာကြီးဖန့်က ရှေးဟောင်းတာအိုပညာရပ်တွေကို သင်မှာတဲ့ တရားနာချင်ရင် တာအိုသုံးထောင်ဂိုဏ်းမှာ စာရင်းသွင်းရမယ်ဆိုပဲ..."

"ဒီကိစ္စကို ဟန်လေးကို မေးကြည့်ရင် သိနိုင်တာပဲလေ"

ကျောက်ကျောင်လုံက ရုတ်တရက် တစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

ထိုသူမှာ ပိန်ပိန်ပါးပါးနှင့် အမူအရာရော အရှိန်အဝါပါ ကြောက်ရွံ့တုန်လှုပ်နေပုံရသည့် လူငယ်တစ်ဦးဖြစ်သည်။

"ဟုတ်သားပဲ... ဟန်လေးက ဆရာကြီးဟန်ရဲ့ သားပဲဥစ္စာ ငါတို့ထက် ပိုသိမှာပေါ့"

"ဟန်လေး မဖုံးကွယ်ထားပါနဲ့တော့ ဒီဆရာကြီးဖန့်နဲ့ တာအိုသုံးထောင်ဂိုဏ်းက ဘယ်လိုပတ်သက်တာလဲ တိမ်တိုက်ဧကရာဇ် က နာမည်ဝှက်နဲ့ လာတာများလား"

"ကျွန်တော်... ကျွန်တော်... ကျွန်တော်..."

ဟန်ရှို့ရှန်းမှာ စကားများ ထစ်နေပြီး ဖြူဝင်းသော ပါးပြင်များမှာ ရှက်သွေးဖြန်းကာ နီမြန်းလာသည်

"ကျွန်တော် မသိဘူး၊ အဖေက ဒီအကြောင်း ကျွန်တော့်ကို တစ်ခါမှ မပြောဖူးဘူး..."

"ဟန်လေးတောင် မသိဘူးလား..."

လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ဟန်ရှို့ရှန်း၏ ပုံစံကိုကြည့်ကာ အချို့က စိတ်ထဲမှ သက်ပြင်းချမိသည်။

ဆရာကြီးဟန်၏ နောက်ထပ်သားဖြစ်သူ ဟန်လင်းချိုးနှင့် ယှဉ်လျှင် ဟန်ရှို့ရှန်းမှာ ပါရမီရော အရှိန်အဝါပါ အများကြီး နိမ့်ကျလွန်းသည်။

"ဟန်လေးက ဆရာကြီးဟန်ရဲ့ သားဆိုပေမဲ့ သူက ငယ်သေးသလို အခုမှ အခြေခံတည်ဆောက်ခြင်းအဆင့် ပဲ ရှိသေးတာ ဆရာကြီးဟန်က ဒီလို အရေးကြီးကိစ္စတွေကို သူ့ကို ပြောပြချင်မှ ပြောပြမှာပါ"

ယွီချင်းကျိက ဟန်ရှို့ရှန်းဘက်မှ ကူပြောပေးလိုက်ပြီးနောက် တိုးတိုးလေး မေးလိုက်သည်

"လူကြီးမင်းတို့ မနက်ဖြန်ဆိုရင် ဆရာကြီးဖန့် တရားဟောမယ့် အချိန်ပဲ ဘယ်သူများ အတူတူ လိုက်ချင်လဲ"

"ရှေးဟောင်းတာအိုပညာရပ်က တကယ်ကို ထူးခြားတာ မှန်ပါတယ် ဒါပေမဲ့ ငါကျင့်တာက တာအိုကျင့်စဉ် မဟုတ်ဘူး ငါ့ကျင့်စဉ်နဲ့ မကိုက်ညီလို့ ငါတော့ မသွားတော့ဘူး"

ကျောက်ကျောင်လုံက အေးဆေးစွာ ပြောလိုက်သည်။

"ကျွန်မလည်း စီနီယာအစ်ကို ကျောက်အတိုင်းပါပဲ"

"ကျွန်တော်က တာအိုကျင့်စဉ်ကို ကျင့်တာဆိုပေမဲ့... တာအိုသုံးထောင်ဂိုဏ်းမှာ စာရင်းသွင်းရမယ်ဆိုတော့... ဒီကိစ္စကိုတော့ ပြန်စဉ်းစားရဦးမယ်"

လူတိုင်းမှာ မသွားချင်ကြသလို၊ အခြေအနေကို စောင့်ကြည့်လိုကြသည်။

နောက်ဆုံးတွင် လူအနည်းငယ်သာ သွားရန် ဆန္ဒရှိကြတော့သည်။

ထိုအထဲတွင် ယွီချင်းကျိ၊ ဟွာမြောက်ချင်နှင့် ဟန်ရှို့ရှန်းတို့ ပါဝင်သည်။

"မင်းတို့ သုံးယောက်က တကယ်ပဲ တာအိုသုံးထောင်ဂိုဏ်းမှာ စာရင်းသွင်းဖို့ ဆုံးဖြတ်လိုက်တာလား"

ကျောက်ကျောင်လုံက ထူးဆန်းသော မျက်နှာပေးဖြင့် ကြည့်ကာ

"တာအိုသုံးထောင်ဂိုဏ်းရဲ့ ကံကြမ္မာအကျိုးဆက် က အရမ်းကြီးတယ် လောကမှာရှိတဲ့ တာအိုဂိုဏ်းအားလုံးရဲ့ ရန်သူလို့တောင် ပြောလို့ရတယ် နောက်ထပ် ရက်အနည်းငယ်လောက် ထပ်မစဉ်းစားချင်ဘူးလား"

"ဟုတ်တယ်... တာအိုသုံးထောင်ဂိုဏ်း ပျက်စီးသွားတာ ကြာလှပြီ အလယ်ပိုင်းကုန်းမြေတောင် အရှင်သခင် အကြိမ်ကြိမ် ပြောင်းသွားခဲ့ပြီ အချိန်ကာလက အရမ်းကွာဟလွန်းတယ်"

"ဒီဂိုဏ်းမှာ စာရင်းသွင်းတာက ကောင်းကျိုးထက် ဆိုးကျိုးပဲ ရှိလိမ့်မယ် ကံကြမ္မာ အရှုပ်အထွေးတွေနဲ့ ငြိတွယ်မိရင် နောင်တစ်ချိန် ငါတို့ အဆင့်တက်တဲ့အခါ အနှောင့်အယှက် ဖြစ်လိမ့်မယ်"

"ဟဲဟဲ"

ယွီချင်းကျိက ရယ်မောလိုက်ပြီး

"ရပါတယ်... ကံကြမ္မာအကျိုးဆက်ဆိုတာကို ငါ သိပ်မယုံဘူး အဲဒါက လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ အရာပဲ လက်ရှိမှာတော့ ရှေးဟောင်းတာအိုပညာရပ်က ငါတို့ရှေ့မှာ တကယ်ရှိနေတာ မင်းတို့ သိတဲ့အတိုင်းပဲ ဆေးပညာ ဆိုတာကလည်း တစ်ချိန်က တာအိုသုံးထောင်ဂိုဏ်းရဲ့ ဌာနခွဲတစ်ခုပဲလေ"

"ဒီတစ်ခေါက် ကံကောင်းလို့ ဆရာကြီးဖန့်ဆီက ဆေးပညာနဲ့ ပတ်သက်တဲ့ ရှေးဟောင်းပညာရပ်ကို ရမယ်ဆိုရင် ကံကြမ္မာအရှုပ်အထွေးတွေ ရှိလာရင်တောင် ငါ လက်ခံပါတယ်"

"ညီလေး ယွီ မင်း တခြားဟာကို မယုံရင်နေပါကံကြမ္မာ ကိုတော့ ဘယ်လိုလုပ် မယုံဘဲ နေနိုင်မှာလဲ ဘေးဒုက္ခ (၃) ပါးနဲ့ ကပ်ဘေး (၉) ပါးဆိုတာ ကံကြမ္မာအကျိုးဆက်နဲ့ မကင်းဘူးလေ"

ကျောက်ကျောင်လုံက မျက်မှောင်ကြုတ်လျက် ခေါင်းခါလိုက်သည်

"မင်း စိတ်ဆုံးဖြတ်ပြီးပြီဆိုတော့လည်း ငါ ထပ်မတားတော့ပါဘူး"

နောက်တစ်နေ့

သုံးယောက်သား ချိန်းဆိုထားသည့်အတိုင်း ဆရာကြီးများ တရားဟောလေ့ရှိသည့် စင်မြင့် သို့ ထွက်လာခဲ့ကြသည်။

ထိုစင်မြင့်ကို ပုံမှန်အားဖြင့် ဖွင့်လေ့မရှိသော်လည်း ဖွင့်လိုက်ပြီဆိုလျှင် ဆရာကြီးကိုယ်တိုင် တရားဟောမည်ဟု အဓိပ္ပာယ်ရသည်။

ပုံမှန်ဆိုလျှင် ဌာန (၆) ခုလုံးမှ တပည့်များ မလာမဖြစ် လာကြစမြဲဖြစ်ပြီး စင်မြင့်အောက်တွင် လူပြည့်နေတတ်သည်။

သို့သော် ယနေ့ သူတို့ သုံးယောက် ရောက်ရှိလာသည့်အခါတွင်မူ လူစုလူဝေးကို မတွေ့ရဘဲ ဆယ်ဂဏန်းမျှသာ ရှိသော လူစုကျဲကျဲလေးကိုသာ တွေ့လိုက်ရသည်။

ထိုအထဲတွင် တိုက်ခိုက်ရေးဌာန၊ ကျင့်စဉ်ဌာန၊ ပညာရပ်ဌာန၊ အဆောင်ဌာန၊ ဆေးပညာဌာနနှင့် လက်နက်ဌာနတို့မှ တပည့်များ ပါဝင်ကြသည်။

သို့သော်... သူတို့၏ ပျမ်းမျှကျင့်ကြံမှုအဆင့်မှာ အောက်ဆင့် များသာ ဖြစ်ပြီး၊ အချို့မှာ ချီသန့်စင်ခြင်းအဆင့် နှင့် အချို့မှာ အခြေခံတည်ဆောက်ခြင်းအဆင့် များ ဖြစ်ကြသည်။

ရွှေအမြုတေ နှင့် ဝိညာဥ်သားသန္ဓေ များပင် အလွန်နည်းပါးလှသည်။

ယွီချင်းကျိကဲ့သို့ ပေါင်းစပ်ခြင်းအဆင့် မှာ သူ တစ်ယောက်တည်းသာ ရှိပြီး၊ ဟွာမြောက်ချင်၏ ကျင့်ကြံမှုမှာ ဒုတိယအမြင့်ဆုံး ဖြစ်နေသည်။

"စီနီယာအစ်ကို ယွီကို ဂါရဝပြုပါတယ်"

ယွီချင်းကျိ ရောက်လာသည်ကို မြင်သောအခါ လူတိုင်း ဝမ်းသာသွားကြပြီး သူတို့၏ တုန်လှုပ်နေသော စိတ်များမှာ အနည်းငယ် တည်ငြိမ်သွားကြသည်။

"ညီလေး ညီမလေးတို့ အားလုံးက တာအိုပညာရပ်ကို တကယ် စိတ်ဝင်စားကြပုံရတယ် မဟုတ်ရင် ဒီကို ရောက်လာမှာ မဟုတ်ဘူး"

ယွီချင်းကျိက ပြုံး၍ ပြောလိုက်သည်။

တစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောသည်

"ဒါပေါ့... ရှေးဟောင်းတာအိုပညာရပ်က ထူးဆန်းအံ့ဖွယ်တွေ များပြီး အပြောင်းအလဲတွေ စုံလင်တယ်လို့ ကြားဖူးတယ် အားလုံးက နတ်ဘုရားပညာရပ်တွေကနေ ဆင်းသက်လာတာလေ အဲဒီထဲက နှစ်မျိုး သုံးမျိုးလောက်ကို တတ်မြောက်ထားရင် နောင်တစ်ချိန် လောကထဲ လှည့်လည်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ပိုရှိတာပေါ့"

လူအများအပြား ခေါင်းညိတ်ကြသည်။

သူတို့အားလုံးတွင် တာအိုကျင့်စဉ်များကို လေ့ကျင့်ထားသည့် အမှတ်အသားများ ကိုယ်စီ ရှိနေကြသည်။

တောရိုင်းကျောင်းတော်တွင် တာအိုကျင့်စဉ် အမွေအနှစ်များမှာ နည်းပါးသည်မဟုတ်ဘဲ၊ လောကတွင် ထိုလမ်းစဉ်ကို နှစ်သက်သူမှာ ကျီးလျန် တစ်ယောက်တည်း မဟုတ်ချေ။

"ပဥ္စမမင်းသမီးလည်း လာတာလား မင်းသမီး သိရဲ့လား ဒီနေ့ ဆရာကြီးဖန့်ရဲ့ တရားကို နားထောင်ရင် တာအိုသုံးထောင်ဂိုဏ်းရဲ့ ဂိုဏ်းဝင်စာရင်းထဲ ဝင်ရမှာနော် အိမ်က လူကြီးတွေက ခွင့်ပြုရဲ့လား"

ယွီချင်းကျိ၏ အကြည့်က နင်ထျဲနယူး ကို ကျော်ပြီး ပဥ္စမမင်းသမီးထံသို့ ကျရောက်သွားရာ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ဖြစ်ပေါ်လာသည်။

လူတိုင်းလည်း အံ့သြသွားကြသည်။

အကြောင်းမှာ တော်ဝင်မျိုးနွယ်စုဝင်များသည် များသောအားဖြင့် တောရိုင်းကျောင်းတော်သို့သာ ဝင်ခွင့်ရှိပြီး၊ ထူးခြားသော အခြေအနေမှလွဲ၍ ဓားဂိုဏ်း ကဲ့သို့သော ဂိုဏ်းများက တပည့်အဖြစ် လက်ခံမည်ဆိုလျှင်တောင် တော်ဝင်မျိုးနွယ်စုဝင်များ သွားလေ့မရှိကြချေ။

ဒါက အလယ်ပိုင်းကုန်းမြေ တော်ဝင်မိသားစုရဲ့ စည်းမျဉ်းပဲ ဖြစ်သည်။

ပဥ္စမမင်းသမီးက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်

"ကျွန်မ ခမည်းတော်ဆီက ခွင့်တောင်းပြီးပါပြီ ခမည်းတော်က ဆရာကြီးဖန့်ဆီမှာ ရှေးဟောင်းတာအိုပညာရပ်တွေကို သင်ယူဖို့ ခွင့်ပြုလိုက်ပါတယ်"

"ဪ"

လူတိုင်း၏ မျက်လုံးများ တောက်ပသွားသည်။

ပဥ္စမမင်းသမီး၏ စကားအရ သူတို့ စိတ်ထဲက ခန့်မှန်းချက်အချို့မှာ မှန်ကန်နေပုံရသည်။

"စီနီယာအစ်ကို ကျောက်တို့သာ ဒီအကြောင်း သိရင် ဒီနေ့ သူတို့လည်း လာကြမှာပဲ"

ယွီချင်းကျိက ဟွာမြောက်ချင်ကို တိုးတိုးလေး ပြောလိုက်သည်။

ဟွားမြောင်ချင်းက ခေါင်းညိတ်ပြသည်။

တော်ဝင်မျိုးနွယ်စုဝင်တောင် လာရဲသည်ဆိုလျှင် ဤကိစ္စမှာ တစ်ခုခု ထူးခြားနေပြီ ဖြစ်သည်။

ဖန့်ချန်သည် စင်မြင့်ထက်တွင် ငြိမ်သက်စွာ ရပ်နေသည်။

ယခုအချိန်တွင် သူက လူတိုင်းကို မြင်နိုင်သော်လည်း လူတိုင်းက သူ့ကို မမြင်နိုင်ကြချေ။

ဒါက ရွှင်အဘိုး သူ့အပေါ်မှာ သုံးထားတဲ့ နည်းလမ်းကြောင့် ဖြစ်သည်။

ရွှင်အဘိုးရဲ့ ရည်ရွယ်ချက်က ဖန့်ချန်ကို နက်ရှိုင်းခက်ခဲပြီး အထင်မသေးရဲတဲ့ ပုံစံမျိုး ဖြစ်အောင် ဖန်တီးပေးထားခြင်း ဖြစ်သည်။

"ယွီချင်းကျိလည်း လာတာပဲ ဒါပေမဲ့ အလယ်အဆင့် ထဲကတော့ သူနဲ့ ဟွားမြောင်ချင်းပဲ ရှိတယ် ကျန်တာတွေကတော့ အောက်ဆင့်တွေချည်းပဲ..."

ဖန့်ချန် တိတ်တဆိတ် စဉ်းစားနေသည်။

ပုံစံကြည့်ရသည်မှာ ဆရာကြီးဝမ်း တစ်ယောက်တည်းက ကန့်ကွက်နေခြင်း မဟုတ်ပုံရသည်။

ဒါမှမဟုတ် တခြားဆရာကြီးတွေက အခြေအနေကို စောင့်ကြည့်နေကြတာလည်း ဖြစ်နိုင်သည်။

သူ သင်ပေးမယ့် ရှေးဟောင်းတာအိုပညာရပ်က တကယ် တန်၊ မတန် ဆိုတာကိုပေါ့။

ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် နောက်ထပ် လူမလာတော့သည်ကို မြင်သောအခါ ဖန့်ချန်က လှုပ်ရှားလိုက်ရာ စင်မြင့်တစ်ခုလုံးကို ဝိညာဉ်စွမ်းအားများဖြင့် လုံးဝ ပိတ်ဆို့လိုက်တော့သည်။

ယွီချင်းကျိနှင့် အခြားသူများသည်လည်း စင်မြင့်ထက်ရှိ ထိုလူရိပ်ကို ချက်ချင်း မြင်လိုက်ကြရရာ စိတ်ထဲတွင် တုန်လှုပ်သွားကြပြီး လက်အုပ်ချီ၍ ဂါရဝပြုလိုက်ကြသည်

"ကျွန်ျတာ်တို့ ဆရာကြီးဖန့်ကို ဂါရဝပြုပါတယ်"

တစ်ချက်ကြည့်ရုံဖြင့် ထိညပုဂ္ဂိုလ်မှာ မသေမျိုးဘုရင်အဆင့် ဖြစ်ရမည်ဟု လူတိုင်းက အသေအချာ ယုံကြည်လိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုအရှိန်အဝါမှာ... ကျန်ရှိသော ဆရာကြီးများထက်ပင် ပို၍ နက်ရှိုင်းလှသည်ဟု သူတို့ ခံစားနေရသောကြောင့် ဖြစ်သည်။

All Chapters