← Chapters

အခန်း (၇၇၃-၇၇၄)

Vol. 78 Ch. 773-774

အခန်း (၇၇၃-၇၇၄)

Vol. 78 Ch. 773-774

အခန်း (၇၇၃) လော့ကျင်းဘုရင်

လူဟောင်းတွေ အတော်များသားပဲ

အမည်းလေးနှင့် အဖြူလေးမှာ တစ်ပြိုင်နက် မှင်သက်သွားကြသည်။

ခေါင်းငုံ့၍ အားသွန်ခွန်စိုက် ကူးခတ်နေသော ခေါင်းစိမ်းလိပ်ကြီးပင် ကြောင်သွားပြီး မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်။

"ဝိညဥ်သန္ဓေသားတွေကို ခဏတဖြုတ် အပြင်ထုတ်ထားတာကတော့ ကိစ္စမရှိပါဘူး ဒါပေမဲ့ သူတို့က ရုပ်ခန္ဓာ မရှိတော့တဲ့အတွက် အပြင်လောကမှာ အကြာကြီး မနေနိုင်ကြဘူး"

"အကယ်၍ မတော်တဆ လေပြင်းမုန်တိုင်း ဒါမှမဟုတ် မိုးကြိုးမုန်တိုင်းလိုမျိုး သဘာဝဘေးတွေနဲ့ တွေ့ရင်တော့ ဝိညာဉ်ပါ လုံးဝ လွင့်စင်သွားနိုင်တယ်"

အဖြူလေးက ပြောသည်။

ဖန့်ချန် က ခေါင်းငြိမ့်ပြလိုက်သည်။

ယခုအခါ ပင်လယ်ပြင်မှာ လေငြိမ်လှိုင်းငြိမ်ရှိပြီး လေပြင်းနှင့် မိုးကြိုးမုန်တိုင်းများ မရှိပေ။

သူသည် မှန်အိမ်အဖုံးကို ဖွင့်လိုက်ရာ အတွင်းမှ ဝိညဥ်သန္ဓေသားများသည် တစ်ခုပြီးတစ်ခု ပျံထွက်လာကြသည်။

ထိုဝိညဥ်သန္ဓေသားများ၏ မျက်နှာထက်တွင် မိစ္ဆာဖြစ်စေ၊ လူသားဖြစ်စေ အားလုံးမှာ ဝေခွဲမရသည့် အမူအရာများ ဖြစ်နေကြသည်။

သူတို့သည် မိမိတို့၏ နိဂုံးမှာ အလွန်ပင် ရင်နာစရာကောင်းမည်ဟု ထင်ထားခဲ့ကြသည်။

ဆေးလုံးအဖြစ် လုပ်ခံရခြင်း သို့မဟုတ် အရှင်လတ်လတ် ဝါးမြိုခံရခြင်းမျိုး ဖြစ်မည်ဟု တွေးခဲ့ကြသည်။

ရုတ်တရက်ကြီး တစ်စုံတစ်ယောက်က သူတို့ကို လွှတ်ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူတို့မှာ ဆင်ခြင်တုံတရား ရှိကြသေးသဖြင့် ဤနေရာမှ တိုက်ရိုက် ထွက်ပြေးခြင်း မပြုကြသေးပေ။

ဤနေရာသည် နတ်မိစ္ဆာပင်လယ် ဖြစ်သည်။

အားကိုးရာမဲ့နေသော ဝိညဥ်သန္ဓေသား တစ်ခုအနေဖြင့် အကြာကြီး အသက်မရှင်နိုင်မှန်း သိကြသည်။

"ရူး....ရူးသွပ်ဘုရင်"

ဝိညဥ်သန္ဓေသားအချို့မှာ ကြောက်လန့်တကြားဖြင့် စကားမပြောရဲဘဲ ဖန့်ချန် ကို တိတ်တဆိတ် အကဲခတ်နေစဉ်၊ ၎င်းတို့ထဲမှ ဝိညဥ်သန္ဓေသားတစ်ဦးက ရုတ်တရက် အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။

ထိုဝိညဥ်သန္ဓေသားမှာ လက်မအရွယ်ခန့်သာ ရှိသော်လည်း မျက်နှာထက်မှ အမူအရာမှာ လူအစစ်နှင့် မခြားပေ။

ယခုအချိန်တွင် သူ၏မျက်နှာမှာ အလွန်အမင်း တုန်လှုပ်နေသည်။

"တကယ် သူပဲ..."

"ကောင်းလိုက်တာ... ငါတို့ လွတ်မြောက်ဖို့ လမ်းစရှိပြီ"

"ကျူလုတောင်ကြားက ရန်ချင်း၊ရူးသွပ်ဘုရင်ကို ဂါရဝပြုပါတယ်"

"ယွိချန်နန်းတော်က ဖန်ကျဲ ဂါရဝပြုပါတယ်"

"ပိုင်ယွဲ့ကျွန်းက တိန်းဝမ် ဂါရဝပြုပါတယ်"

"ပညာကျောင်းတော်က တုခုန်း ဂါရဝပြုပါတယ်"

"သူတို့က သိနေကြတာလား"

ကျန်ရှိသော ဝိညဥ်သန္ဓေသားများမှာ မှင်သက်သွားကြသည်။

မိစ္ဆာဝိညဥ်သန္ဓေသားအချို့မှာ ဖန့်ချန် ၏ ခြေရင်းမှ ခေါင်းစိမ်းလိပ်ကြီးကို သတိထားမိကြပြီး၊ ၎င်း၏ နောက်ကြောင်းကို သိရှိသူများမှာ ပို၍ပင် တုန်လှုပ်သွားကြသည်။

လိပ်မိစ္ဆာ သည် လော့ကျင်းဘုရင်၏ လက်အောက်တွင် အတော်လေး နာမည်ကျော်သည့် မိစ္ဆာကျင့်ကြံသူ မဟုတ်ပါလား၊ ယခုမူ လူသားကျင့်ကြံသူတစ်ဦး၏ အစီးအနင်း ဖြစ်နေသည်လား

ပြီးတော့ ဤဝိညာဉ်မှန်အိမ်က ထိုလူသားကျင့်ကြံသူ၏ လက်ထဲတွင် ရှိနေသည်ဆိုတော့... တစ်ဖက်လူက ဟိုင်ယဲ့ကျောင်းမှ ဘုန်းကြီးထံမှ ဝယ်ယူလိုက်တာလား၊ ဒါမှမဟုတ်...

ဖန့်ချန် က အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။

နတ်ဘုရားမင်းဆက်တွင် သူသည် ထိုလူများနှင့် တစ်ကြိမ်တွေ့ဆုံဖူးသည်။

ထိုစဉ်က သူတို့သည် သူနှင့် ယွီလေး ကို တိုက်ခိုက်ရန် ကြံစည်ခဲ့သော်လည်း နောက်ပိုင်းတွင် ကြောက်လန့်သွားကာ မလှုပ်ရဲတော့ပေ။

သို့သော် ထိုအချိန်မှစ၍ သူသည် ထိုလူအုပ်စုနှင့် မတွေ့ဖြစ်တော့ပေ။

မထင်မှတ်ဘဲ ထိုနတ်မျိုးစေ့ များမှာ ရွှေအမြုတေ အဆီးအတားကို ကျော်ဖြတ်ပြီး ဝိညဥ်သန္ဓေသားအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

သို့သော်... အဘယ်ကြောင့် ယခုကဲ့သို့ အခြေအနေမျိုး ရောက်နေရသနည်း၊ ၎င်းမှာလည်း နတ်မိစ္ဆာပင်လယ်ထဲတွင် ဖြစ်သည်။

ဖန့်ချန် ၏ အကြည့်မှာ ဝိညဥ်သန္ဓေသား တစ်ဦးထံသို့ ကျရောက်သွားသည်။

ထိုဝိညဥ်သန္ဓေသားမှာ စကားတစ်ခွန်းမှ မဆိုဘဲ မျက်နှာထက်တွင် သေလူကဲ့သို့သော အရိပ်အယောင်များ ပြည့်နှက်နေသည်။

ခုနက အားလုံးသည် ထိုဝိညာဉ်မှန်အိမ်မှ လွတ်မြောက်ရန် ကြိုးစားရုန်းကန်နေကြစဉ်ကပင် သူသည် အနည်းငယ်မျှ လှုပ်ရှားခြင်း မရှိခဲ့ပေ။

"မုန့်ထျန်းရှူ ဘာတွေ ဖြစ်ခဲ့တာလဲ"

ဖန့်ချန် က အသာအယာ သက်ပြင်းချလိုက်သည်။

ကျန်ရှိသူများနှင့်က တစ်ကြိမ်သာ ဆုံဖူးသော်လည်း မုန့်ထျန်းရှု နှင့်မူ သူသည် နတ်ဘုရားမင်း တွင် တစ်ကြိမ် နဂါးနက်အိုက် တွင် တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ်တွေ့ဆုံဖူးသည်။

နှစ်အနည်းငယ်အတွင်းမှာတင်... ပြန်တွေ့တဲ့အခါ တစ်ဖက်လူက ထိုကဲ့သို့ ပုံစံမျိုး ဖြစ်နေရသည်လား။

"မုန့်ထျန်းရှု ရူးသဃပ်ဘုရင်က မင်းကို မေးနေတယ်လေ အမြန်ပြန်ဖြေဦး"

မုန့်ထျန်းရှုက စကားမပြောသဖြင့် ကျူလုတောင်ကြားမှ ရန်ချင်းက မနေနိုင်ဘဲ တိုက်တွန်းနေပြီး မုန့်ထျန်းရှု၏ အင်္ကျီလက်ကို ဆွဲခါနေသည်။

ဆွဲခါလိုက်သဖြင့် သူသည် လေထဲတွင် လက်မအနည်းငယ်ခန့် လွင့်မျောသွားသော်လည်း မုန့်ထျန်းရှုကတော့ စကားတစ်ခွန်းမှ မဆိုသေးပေ။

"အာမိတ္တိုဗုဒ္ဓ... ဆင်းရဲသား ဘုန်းကြီးပဲ ပြောပြပါ့မယ်"

ပညာကျောင်းတော်မှ တုခုန်းက လက်အုပ်ချီကာ ဘုရားစာရွတ်ဆို၍ ပြောလိုက်သည်

"ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က နတ်ဘုရား အကြွင်းအကျန် နယ်မြေကို သွားဖို့ ချိန်းဆိုခဲ့ကြပါတယ် အဲဒီမှာ တစ်ယောက်ချင်းစီက ကံကောင်းမှုတွေ ရရှိခဲ့ကြပြီး ဝိညဥ်သန္ဓေသားအဆင့်ကို အသီးသီး ရောက်ရှိခဲ့ကြတာပါ"

"ကျွန်တော်တို့ ပြန်ဖို့ ပြင်ဆင်နေတုန်းမှာပဲ နတ်ဘုရားနယ်မြေထဲမှာ... ဓားကျင့်ကြံသူ တစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်"

ထိုနေရာသို့ ရောက်သောအခါ သူ၏ အမူအရာမှာ အလွန်ပင် ထူးဆန်းသွားသည်။

"တိထျန်းက ဓားကျင့်ကြံသူလား ဒါမှမဟုတ် ပေတုကလား"

ဖန့်ချန် က ခပ်အေးအေး မေးသည်။

"တိထျန်းရဲ့ ခွန်လွန်ဓားဂိုဏ်း က ဓားကျင့်ကြံသူပါ"

ပိုင်ယွဲ့ကျွန်းမှ တိန်းဝမ်က သွားကြိတ်၍ ပြောသည်

"ကျွန်တော်တို့က သူနဲ့ ဘာရန်ငြိုးမှ မရှိပါဘူး ဒါပေမဲ့ ကျွန်တော်တို့က ကျုံးကျိုးက လာတာမို့လို့ဆိုပြီး သူက သတ်ပစ်လိုက်တာပါ အဲဒီနောက် ဝိညဥ်သန္ဓေသားတွေကို အကျဉ်းချပြီး အဆင့်ဆင့် ပြန်လည်ရောင်းချရာကနေ ဟိုင်ယဲ့ကျောင်းက ဘုန်းကြီးတွေဆီ ရောက်သွားတာပါ"

"သူတို့ကရော"

ဖန့်ချန် က အခြားသော ဝိညဥ်သန္ဓေသားများကို ကြည့်လိုက်သည်။

ထိုဝိညဥ်သန္ဓေသားများသည်လည်း သူတို့၏ နောက်ကြောင်းကို အလျှိုလျှို ပြောပြကြသည်။

အချို့မှာ အမှန်၊ အချို့မှာ အပိုအလိုများ ပါနိုင်သော်လည်း သူတို့ပြောပုံအရဆိုလျှင် လူဆိုးများနှင့် တွေ့၍ အသတ်ခံရကာ ဝိညဥ်သန္ဓေသားကို အကျဉ်းချခံရခြင်း၊ အဆင့်ဆင့် ရောင်းချခံရပြီးမှ ဟိုင်ယဲ့ကျောင်း၏ မှန်အိမ်ထဲသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

နောက်ထပ် ဈေးကောင်းပေးမည့်သူထံ ပြန်လည်ရောင်းချရန် ပြင်ဆင်ခံထားရသူများ ဖြစ်သည်။

"မိတ်ဆွေ... ကျွန်တော်က တိထျန်း ရှန်းမိသားစုဝင် ရှန်းရာပါ တကယ်လို့ မိတ်ဆွေက ကျွန်တော့်ကို ရှန်းမိသားစုဆီ ပြန်ပို့ပေးနိုင်ရင် ကြီးမားတဲ့ ကျေးဇူးဆပ်မှုမျိုး ရှိစေရပါမယ် "

"မိတ်ဆွေ... ကျွန်တော်က ပေတု၊ ဟွာချန်းနန်းတော်က ကျင့်ကြံသူပါ ကျွန်တော့်ကို ပြန်ပို့ပေးရင် ကျွန်တော့်ရဲ့ ဆရာက ကျိန်းသေပေါက် ကျေးဇူးတင်မှာပါ"

"မိတ်ဆွေ..."

"ခင်ဗျားတို့ကို ပြန်ပို့ပေးဖို့လား ခက်လိမ့်မယ်လမ်းခရီးက အရမ်းဝေးလွန်းတယ် ကျုပ်မှာ အဲဒီလောက် အချိန်အပို မရှိဘူး"

ဖန့်ချန် က အသာအယာ ခေါင်းယမ်းလိုက်သည်

"ခင်ဗျားတို့မှာ အခု ရွေးချယ်စရာ နှစ်ခု ရှိတယ် အခုပဲ ထွက်သွားမလား ဒါမှမဟုတ် ဒီမှန်အိမ်ထဲမှာပဲ ဆက်နေပြီး သင့်တော်တဲ့ နေရာရောက်မှ ထွက်သွားမလား"

ဖန့်ချန် ငြင်းဆိုလိုက်သည်ကို မြင်သော်လည်း ထိုကျင့်ကြံသူများ၏ စိတ်ထဲတွင် စိတ်ပျက်မှုထက် ပို၍ စိတ်အေးသွားကြသည်။

အကယ်၍ မကောင်းသော ရည်ရွယ်ချက်ရှိသူဆိုပါက ချက်ချင်း လက်ခံပြီး သူတို့ထံမှ ကျန်ရှိသော တန်ဖိုးများကို ညှစ်ထုတ်ရန် ကြိုးစားပေလိမ့်မည်။

ယခုမူ တစ်ဖက်လူက တည့်တည့်တိုးတိုး ငြင်းဆိုလိုက်ခြင်းက ပို၍ ယုံကြည်မှုကို ရစေသည်။

ရန်ချင်းတို့ လေးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။

သူတို့နှင့် ဖန့်ချန် မှာ ကျုံးကျိုးက လာသည့် ကျင့်ကြံသူချင်း ဖြစ်သဖြင့် ဘေးကင်းကင်းနှင့် အိမ်ပြန်ရောက်နိုင်တော့မည်ဟု ယူဆလိုက်ကြသည်။

ဤသည်ကို တွေးမိပြီး ရန်ချင်းက စပ်စုကာ မေးလိုက်သည်

"ရူးသွပ်ဘုရင် ခင်ဗျား ဘာလို့ နတ်မိစ္ဆာပင်လယ်ထဲ ရောက်နေတာလဲ ဘယ်ကို သွားမလို့လဲ..."

"ငါလား နတ်ဘုရားအကြွင်းအကျန် နယ်မြေကို သွားမလို့ မင်းတို့ ရောက်ဖူးတယ်ဆိုတော့ အဲဒီမှာ ဘာတွေ သတိထားရမလဲဆိုတာ ပြောပြပေးပါဦး"

ဖန့်ချန် က ပြုံး၍ ပြောသည်။

လေးဦးသားမှာ အသက်ရှူမှားသွားကြပြီး သေလူကဲ့သို့ ဖြစ်နေသော မုန့်ထျန်းရှုပင်လျှင် ဖန့်ချန် ကို လှမ်းကြည့်လိုက်သည်။

"ခင်ဗျား အဲဒီနေရာကို မသွားဖို့ ကျွန်တော် အကြံပေးပါရစေ ကျွန်တော်တို့လည်း အဲဒီတုန်းက အဲဒီနယ်မြေမှာ အသက်ရှင်နေတဲ့ နတ်သားရဲတွေ ရှိတယ်လို့ ကြားလို့ တစ်ယောက်တစ်ကောင်စီ ဖမ်းချင်တာနဲ့ အတူတူ သွားခဲ့ကြတာ ဒါပေမဲ့ အခု ကျွန်တော်တို့ရဲ့ အခြေအနေကိုလည်း ခင်ဗျား မြင်တဲ့အတိုင်းပဲ..."

ရန်ချင်းက ခါးသီးစွာ ပြုံး၍ ပြောသည်။

ယွိချန်နန်းတော်မှ ဖန်ကျဲကလည်း ထောက်ခံသည်

"အဲဒီနယ်မြေက ပေတုရဲ့ ကျင်းရှန်းဂိုဏ်း လက်အောက်မှာ ရှိတာ ဒီဂိုဏ်းက ကောင်းသလိုလိုနဲ့ ဆိုးတဲ့ဘက်လည်း ပါတယ်၊ လုပ်ချင်ရာ လုပ်တတ်ကြတာ"

" တခြား အကြွင်းအကျန် နယ်မြေတွေလို စည်းကမ်းသတ်မှတ်ထားတာမျိုး မရှိဘူး အထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ တိုက်ခိုက်မှုတွေကို ခွင့်မပြုတာမျိုး မရှိဘူး အဲ့နယ်မြေ မှာတော့ ဘာစည်းကမ်းမှ မရှိဘူး"

"အဲဒီထဲကို ဝင်တဲ့သူတွေက ဘာမှ မရရင်တော့ ထားပါတော့၊ တစ်ခုခု ရပြီဆိုတာနဲ့ တစ်လမ်းလုံး အလိုက်ခံရတော့တာပဲ ပြီးတော့ တစ်ဖက်လူက ကိုယ့်ကို ကြည့်မရရင်လည်း အသတ်ခံရနိုင်တယ်"

" ပေတုဘက်က ကျင့်ကြံသူတွေဆိုရင်တော့ နည်းနည်း သက်သာပေမဲ့ ကျွန်တော်တို့ ကျုံးကျိုး ဒါမှမဟုတ် တိထျန်းက သွားတဲ့သူတွေဆိုရင်တော့ တွေ့တာနဲ့ သတ်တာပဲ"

"ကျွန်တော်တို့ ကျုံးကျိုးကိုပဲ ပြန်ကြရအောင်ဗျာ ကျွန်တော်တို့ အခုလို အခြေအနေမျိုးနဲ့ ဆိုရင် ဂိုဏ်းထဲက လူကြီးသူမတွေရဲ့ အကူအညီ မရရင် ဝိညာဉ်ပါ လွင့်စင်ပြီး ဘယ်တော့မှ လူပြန်မဖြစ်နိုင်တော့မှာ စိုးရိမ်ရတယ်"

ပိုင်ယွဲ့ကျွန်းမှ တိန်းဝမ်က တိုးတိုးလေး ဖျောင်းဖျသည်။

"သတ်မှတ်ထားတဲ့ ခရီးစဉ်ကို ပြောင်းလဲဖို့ ခက်တယ် မင်းတို့ပဲ နတ်ဘုရားနယ်မြေနဲ့ ပတ်သက်တာတွေ ပိုပြောပြပေးပါဦး"

ဖန့်ချန် က ပြုံးလိုက်သည်။

"မိတ်ဆွေဖန့် ခင်ဗျား နတ်ဘုရားနယ်မြေကို သွားချင်တယ်ဆိုရင်တော့ အခု ဒီလမ်းက နတ်ဘုရားနယ်မြေကို သွားတဲ့ လမ်းကြောင်း မဟုတ်ဘူး"

အမြဲတမ်း နှုတ်ဆိတ်နေသော မုန့်ထျန်းရှုက ရုတ်တရက် စကားပြောလာသည်။

ခေါင်းစိမ်းလိပ်ကြီးသည် နောက်တစ်ကြိမ် ရေအောက်သို့ ငုပ်ဆင်းသွားသည်။

ချက်ချင်းဆိုသလို ပတ်ဝန်းကျင်တွင် လှိုင်းလုံးကြီးများ ထကြွလာပြီး၊ ခန့်ညားထည်ဝါသော မြို့ကြီးတစ်မြို့သည် ပင်လယ်ရေအောက်မှ ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။

ခေါင်းစိမ်းလိပ်ကြီးမှာ ဖော်လံဖား တစ်ဦး၏ အမူအရာဖြင့် အမျိုးသမီးတစ်ဦး၏ ခြေရင်းတွင် ဝပ်စင်းကာ ခြေဖဝါးကို အဆက်မပြတ် နမ်းရှုပ်နေသည်။

ထိုအမျိုးသမီး၏ အနားတွင် မရေမတွက်နိုင်သော မိစ္ဆာကျင့်ကြံသူများမှာ အစီအရီ ရပ်နေကြသည်။

ထိုအခိုက်အတန့်တွင် မိစ္ဆာအငွေ့အသက်များသည် ပတ်ဝန်းကျင် မိုင်တစ်ထောင်အတွင်း လွှမ်းခြုံသွားပြီး ကြည်လင်နေသော ကောင်းကင်ယံပင် မှောင်မည်းသွားတော့သည်။

"လော့ကျင်းဘုရင် ဒီကောင်လေးပါပဲ"

ခေါင်းစိမ်းလိပ်ကြီးသည် လူယုတ်မာ တစ်ဦးကဲ့သို့ ဖန့်ချန် ကို ကြည့်ကာ ကောက်ကျစ်သော အပြုံးဖြင့် ပြုံးလိုက်တော့သည်။

အခန်း (၇၇၄) နောင်တစ်ချိန်မှာ ကျိန်းသေပေါက် လာရောက် ဂါရဝပြုပါ့မယ်

"လော့ကျင်းဘုရင် ဒါ နတ်မိစ္ဆာပင်လယ်ရဲ့ အင်အားကြီး အရှင်သခင်တစ်ပါး မဟုတ်လား"

ရန်ချင်းနှင့် အခြားသူများမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

"ပြန်ဝင်ကြတော့"

ဖန့်ချန်က အေးဆေးစွာ ပြောလိုက်သည်။

ဝိညဥ်သန္ဓေသားအားလုံးမှာ နားလည်မှုရှိစွာဖြင့် ဝိညာဉ်မှန်အိမ်ထဲသို့ တစ်ဦးပြီးတစ်ဦး ပြန်ဝင်သွားကြသည်။

ထို့နောက် ဖန့်ချန်သည် မှန်အိမ်ကို သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်ပြီး ထိုအမျိုးသမီးအား တည်ငြိမ်စွာ စိုက်ကြည့်နေလိုက်သည်။

"မင်း ဟိုင်ယဲ့ကျောင်းက ချင်းယွိဘုန်းကြီးကို သတ်လိုက်တယ်လို့ ကြားတယ်"

အမျိုးသမီးသည် ခေါင်းစိမ်းလိပ်ကြီး၏ ခေါင်းကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ပြီး ဖန့်ချန်အား ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

"ကျုပ် ဘုန်းကြီးတစ်ပါးကို သတ်ခဲ့တာတော့ အမှန်ပါပဲ ဒါပေမဲ့ စီနီယာပြောတဲ့ ချင်းယွိဘုန်းကြီး ဟုတ်မဟုတ်တော့ မသိဘူး"

ဖန့်ချန်က ပြုံး၍ ပြန်ပြောသည်။

"တကယ်တော့ ဟိုင်ယဲ့ကျောင်းနဲ့ ငါနဲ့က ရန်ငြိုးရှိတာဆိုတော့ မင်း ချင်းယွိကို သတ်တာ ငါ့အနေနဲ့ မင်းကို အခက်အခဲ မလုပ်သင့်ဘူး"

အမျိုးသမီးက ပြုံးလျက်

"ဒါပေမဲ့ မင်းက ငါ့လက်အောက်က လိပ်မိစ္ဆာကို မင်းရဲ့ အစီးအနင်းအဖြစ် ခိုင်းစေခဲ့တယ်ဆိုတော့ ဒါကတော့ မင်း ငါ့ကို ကျေးဇူးကြွေး တင်သွားတာပဲ"

"စီနီယာ ဒီကို လာတာ ကျေးဇူးကြွေး တောင်းဖို့တော့ မဟုတ်လောက်ဘူး ထင်တယ်"

ဖန့်ချန်က မေးလိုက်သည်။

"မင်း ချင်းယွိဆီကနေ ရခဲ့တဲ့ သွေးအဆီအနှစ်တွေအတွင်းအမြုတေတွေနဲ့ အဲဒီ ဝိညဥ်သန္ဓေသားတွေကို ငါ့ကို ပေးလိုက်ပါ ဒါဆို မင်းကို လွှတ်ပေးလိုက်မယ်"

အမျိုးသမီးက ရယ်မောလျက်

"ငါတို့ မိတ်ဆွေဖွဲ့ကြတာပေါ့ နောက်ဆိုရင် ငါ လော့ကျင်းဘုရင်ရဲ့ နယ်မြေထဲမှာ ငါ့နာမည်ကို သုံးလို့ရတာပေါ့ အသုံးဝင်ပါတယ်"

"လော့ကျင်းဘုရင်... သူ့ဆီမှာ တခြား ပစ္စည်းကောင်းတွေလည်း အများကြီး ရှိသေးတယ် သူသုံးတဲ့ မိစ္ဆာပစ္စည်းတွေကလည်း စွမ်းအား မသေးဘူး"

ခေါင်းစိမ်းလိပ်ကြီးက ဘေးမှ သတိပေးလိုက်သည်။

လော့ကျင်းဘုရင်က အသာအယာ ခေါင်းငြိမ့်ပြသည်

"မေ့တော့မလို့ပဲ အဲဒီ စက္ကူအရုပ် နှစ်ရုပ်ကိုလည်း ချန်ထားခဲ့ဦး ပြီးတော့ မင်းရဲ့ ဝိညာဉ်ပူကပ်ခြင်းအတတ်ကိုလည်း ချန်ခဲ့ ဝိညာဉ်ပူကပ်ခြင်းအတတ် တတ်တဲ့ ကျင့်ကြံသူနဲ့ တွေ့ရခဲတယ် ငါလည်း အဲဒီအတတ်ကို လေ့လာချင်နေတာ"

" အမှန်အတိုင်း ပြောရရင် နတ်မိစ္ဆာပင်လယ်မှာ ရှိတဲ့ မိစ္ဆာပစ္စည်းတွေက ကုန်းပေါ်ကထက် အများကြီး ပိုများတယ်"

"လော့ကျင်းဘုရင် မဟုတ်လား နောင်တစ်ချိန်မှာ ကျိန်းသေပေါက် အိမ်တိုင်ရာရောက် လာရောက် ဂါရဝပြုပါ့မယ် အဲဒီအချိန်ကျရင် ခင်ဗျား တံခါးပိတ်ပြီး အပြင်မထွက်ဘဲ မနေဖို့တော့ မျှော်လင့်ပါတယ်"

ဖန့်ချန်က ပြုံးလျက် နှုတ်ဆက်လိုက်ပြီး ခေါင်းစိမ်းလိပ်ကြီးကို တစ်ချက်ကြည့်ကာ ရုတ်တရက် အရိပ်ထဲသို့ ငုပ်လျှိုးကွယ်ပျောက်သွားတော့သည်။

"ဒါက ကိုယ်ယောင်ဖျောက်အတတ်လား ငါ့ကို ခြိမ်းခြောက်ပြီးမှ ထွက်ပြေးချင်တာလား ဟဲဟဲ"

လော့ကျင်းဘုရင်၏ မျက်လုံးများ မှေးစပြုသွားပြီး လက်ဖျောက်တစ်ချက် တီးလိုက်ရာ မရေမတွက်နိုင်သော ရေဓာတ်စွမ်းအားများ ထကြွလာပြီး ပတ်ဝန်းကျင် မိုင်တစ်ရာအတွင်းကို ချက်ချင်း ပိတ်ဆို့လိုက်တော့သည်။

"မင်းဘာသာမင်း ထွက်လာမလား ဒါမှမဟုတ် ငါ့လက်ထဲမှာ သေမလား ကိုယ်တိုင်ရွေး မင်းကို ဆယ်စက္ကန့် အချိန်ပေးမယ်"

လော့ကျင်းဘုရင်က အေးဆေးစွာ ပြောလိုက်သည်။

အရိပ်ကမ္ဘာထဲတွင် ဖန့်ချန်သည် ပတ်ဝန်းကျင်တစ်ခုလုံးကို လော့ကျင်းဘုရင်က ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသော်လည်း အလျင်မလိုဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။

ဆယ်စက္ကန့်မှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။

လော့ကျင်းဘုရင်၏ အကြည့်မှာ ရုတ်တရက် အေးစက်သွားပြီး သူမ၏ စိတ်ခံစားချက်နှင့်အတူ ပတ်ဝန်းကျင်ရှိ လေထုမှာလည်း ရုတ်ချည်း ပြောင်းလဲသွားကာ ဖြူဖွေးတောက်ပသော နှင်းပွင့်များ အလိုအလျောက် ဖြစ်ပေါ်လာပြီး ပိုက်ကွန်ကြီးတစ်ခုအလား အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။

လော့ကျင်းဘုရင်၏ အကြည့်မှာ ထိုနေရာရှိ နေရာလွတ်တိုင်းကို လှန်လှောကြည့်နေသော်လည်း တစ်ဖက်လူ၏ အငွေ့အသက်ကို လုံးဝ မခံစားရသဖြင့် မျက်ဝန်းအိမ်ထဲတွင် အံ့ဩတုန်လှုပ်မှုများ ဖြတ်ပြေးသွားသည်။

ဒါက ဘယ်လို ကိုယ်ယောင်ဖျောက်အတတ်လဲ သူမ မျက်စိရှေ့မှာတင် အစအနမကျန် ပျောက်ကွယ်သွားနိုင်တာလား

သူမအနေဖြင့် တစ်ဖက်လူတွင် ထိုကဲ့သို့ စွမ်းရည်ရှိမည်ဟု မယုံကြည်နိုင်ဘဲ မျက်လှည့်တစ်ခုခု ဖြစ်လိမ့်မည်ဟုသာ ယူဆနေသည်။

ဤသို့တွေးပြီးနောက် လော့ကျင်းဘုရင်က ရုတ်တရက် ပြုံးလိုက်သည်

"ထွက်မလာချင်ဘူးဆိုရင်လည်း၊ ထွက်မလာနဲ့တော့"

စကားအဆုံးတွင် ဟင်းလင်းပြင်ကြီး တစ်ခုလုံး တုန်ခါသွားပြီး နှင်းခဲများ အေးခဲမှုမှာ လျှပ်စီးကဲ့သို့ မြန်ဆန်လှရာ၊ စက္ကန့်အနည်းငယ်အတွင်းမှာပင် ပတ်ဝန်းကျင် တစ်ခုလုံးမှာ ရေခဲတုံးကြီး တစ်ခု ဖြစ်သွားတော့သည်။

နှင်းခဲများက သူ့ထံသို့ ဦးတည်လာပြီး အရိပ်ပင် သွားတော့မည်ကို မြင်သောအခါ ဖန့်ချန်သည် သက်ပြင်းတစ်ချက်ချလိုက်သည်။

သူ၏ စိတ်အာရုံကို လှုပ်ရှားလိုက်ရာ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီး လူသူကင်းမဲ့သော ခြံဝင်း ထဲသို့ ပြန်ရောက်သွားတော့သည်။

သူ မူလက ရှိနေသော အရိပ်ကမ္ဘာမှာလည်း ချက်ချင်းပင် ရေခဲများဖြင့် ဖုံးလွှမ်းသွားတော့သည်။

လော့ကျင်းဘုရင်သည် ထိုမြင်ကွင်းကို အမူအရာမဲ့စွာ ကြည့်နေပြီး လက်ဖျောက်တစ်ချက် ထပ်တီးလိုက်ရာ၊ ဧရာမ ရေခဲတုံးကြီးမှာ ပေါက်ကွဲပျက်စီးသွားပြီး နတ်မိစ္ဆာပင်လယ်ထဲသို့ လှိုင်းလုံးကြီးများအဖြစ် ပြန်လည် စီးဝင်သွားသည်။

လှိုင်းများမှာ အလွန်ကြီးမားလှသဖြင့် ပေတစ်ထောင်ခန့် မြင့်သော လှိုင်းလုံးကြီးများပင် ဖြစ်ပေါ်သွားတော့သည်။

ပတ်ဝန်းကျင်ရှိ မိစ္ဆာကျင့်ကြံသူများသည် လော့ကျင်းဘုရင်၏ အမူအရာမဲ့နေမှုကို ကြည့်ကာ သူမ အလွန်အမင်း ဒေါသထွက်နေမှန်း သိကြသဖြင့် ဘယ်သူမှ စကားမပြောရဲဘဲ ဘေးမီး မကူးစပ်ရန် ငြိမ်နေကြသည်။

"သွားစို့"

လော့ကျင်းဘုရင်က စကားနှစ်ခွန်းကို အသာအယာ ဆိုလိုက်ပြီး လှည့်ထွက်သွားရာ၊ ခန့်ညားသော မြို့ကြီးမှာ ရေအောက်သို့ ပြန်လည်ငုပ်လျှိုးသွားပြီး နတ်မိစ္ဆာပင်လယ်ထဲတွင် ပျောက်ကွယ်သွားတော့သည်။

လူသူကင်းမဲ့သော ခြံဝင်းထဲတွင် ဖန့်ချန်သည် ဘေးကင်းစေရန်အတွက် ဆယ်ရက်ခန့် နေထိုင်ပြီးမှ နတ်မိစ္ဆာပင်လယ်ထဲသို့ ပြန်လည်ထွက်လာခဲ့သည်။

သူထင်ထားသည့်အတိုင်းပင် တစ်ဖက်လူမှာ ထွက်ခွာသွားပြီ ဖြစ်သည်။

ဝိညာဉ်မှန်အိမ်ကို ထုတ်ယူလိုက်ရာ အတွင်းရှိ ဝိညဥ်သန္ဓေသားများသည် ပတ်ဝန်းကျင်ကို မြင်လိုက်ရသောအခါ ထူးဆန်းသော အမူအရာများ ဖြစ်သွားကြသည်။

လော့ကျင်းဘုရင်နှင့် တွေ့ခဲ့ပြီး သူမက ရည်ရွယ်ချက် မကောင်းတာတောင်မှ ဘာမှမဖြစ်ဘဲ လွတ်မြောက်လာခဲ့သည်လား

"မိတ်ဆွေမုန့် နတ်ဘုရားအကြွင်းအကျန် နယ်မြေကို ဘယ်လိုသွားရမလဲဆိုတာ ခင်ဗျား သိလား"

ဖန့်ချန်က မုန့်ထျန်းရှုကို ကြည့်ကာ မေးလိုက်သည်။

ရန်ချင်းတို့အုပ်စုမှာ ဖန့်ချန်က အဲ့နယ်မြေကို သွားချင်နေသေးသည်ကို မြင်သောအခါ သက်ပြင်းအထပ်ထပ် ချနေကြသည်။

သူတို့မှာတော့ အခု ကျုံးကျိုးကိုသာ အမြန်ဆုံး ပြန်ချင်နေကြပြီ ဖြစ်သည်။

"ကျုပ် သိတယ်"

မုန့်ထျန်းရှုက အသာအယာ ခေါင်းငြိမ့်သည်

"ကျုပ်မှာ အပြင်သွားရင် လမ်းမှတ်တဲ့ အကျင့်ရှိတယ် ကျုပ်ရဲ့ မှတ်ဉာဏ်က အမှားအယွင်း မရှိနိုင်ဘူး ခင်ဗျား နတ်ဘုရားနယ်မြေကို သွားချင်တယ်ဆိုရင် ကျုပ် လမ်းပြပေးနိုင်တယ် ဒါပေမဲ့ ကျုပ်ရဲ့ ကတိတစ်ခုကို ခင်ဗျား တည်ပေးဖို့ မျှော်လင့်တယ်"

"မုန့်ထျန်းရှု... မင်း ရူးသွားပြီလား"

ရန်ချင်းတို့မှာ ထိတ်လန့်သွားကြသည်။

ဝိညဥ်သန္ဓေသားပဲ ကျန်တော့တဲ့ အခြေအနေမှာတောင် ဒီ ရူးသွပ်ဘုရင် ကို ကတိတွေ တောင်းနေသေးတာလား

ဒီလူကသာ သူတို့ကို ကျုံးကျိုးကို ပြန်ပို့ပေးမယ်ဆိုရင် ဘိုးဘေးတွေ ကံကောင်းလို့ပဲ

"မိတ်ဆွေ... မင်း လုပ်တာတော့ မမှန်ဘူးလေ ငါတို့ အခုလို အခြေအနေမျိုးမှာ ဒီမိတ်ဆွေက ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေတာကိုပဲ ကျေးဇူးတင်ရမှာမင်းက ဘာကတိတွေ တောင်းနေတာလဲ"

ကျန်ရှိသော ဝိညဥ်သန္ဓေသားများကလည်း မုန့်ထျန်းရှုက ရှေ့ကလူကို စိတ်ဆိုးအောင် လုပ်မိမှာ စိုးရိမ်သဖြင့် ဝိုင်းဝန်း ပြောဆိုကြသည်။

လော့ကျင်းဘုရင်ရဲ့ လက်ထဲကနေ အသက်ရှင်အောင် ထွက်လာနိုင်တဲ့သူရဲ့ စွမ်းရည်က သာမန်မဟုတ်မှန်း သိသာနေသည် မဟုတ်ပါလား

မုန့်ထျန်းရှုက ဝိညဥ်သန္ဓေသားအားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်

"ခင်ဗျားတို့ နတ်ဘုရားနယ်မြေကို ဘယ်လိုသွားရမလဲ သိလို့လား"

လူတိုင်း ချက်ချင်းပင် နှုတ်ဆိတ်သွားကြသည်။ ရန်ချင်းတို့ အပါအဝင်ပေါ့။

ဒီပင်လယ်လမ်းကြောင်းက အရမ်းရှုပ်ထွေးလွန်းပြီး သူတို့က တစ်ခါပဲ သွားဖူးတာမို့ အကုန်လုံးကို မမှတ်မိကြပေ။

"ခင်ဗျားရဲ့ ကတိက ဘာလဲဆိုတာ အရင်ပြောပြပါဦး"

ဖန့်ချန်က ပြုံး၍ ပြောသည်။

"နတ်ဘုရားနယ်မြေထဲမှာ ဆေးဘက်ဝင် ပစ္စည်း တစ်မျိုး ရှာပေးဖို့ပါ ဘယ်လိုမျိုးလဲဆိုတာတော့ နေရာရောက်ရင် ကျုပ် ပြောပြမယ် ခင်ဗျား သဘောတူရင် ကျုပ် လမ်းပြပေးမယ်"

မုန့်ထျန်းရှုက ဆိုသည်။

"ကျုပ် အဲဒီပစ္စည်းကို ရှာတွေ့မယ်လို့တော့ အာမမခံနိုင်ဘူး ဒါပေမဲ့ ရှာပေးဖို့တော့ ကြိုးစားပေးပါ့မယ် အကယ်၍ မဖြစ်နိုင်ဘူးဆိုရင်တော့ အတင်းအဓမ္မ လုပ်မှာ မဟုတ်ဘူး"

ဖန့်ချန်က ပြုံးလျက်

"သဘောတူလား"

"သဘောတူတယ်"

မုန့်ထျန်းရှု၏ မျက်နှာထက်တွင်လည်း အပြုံးတစ်ခု ပေါ်လာသည်။

ခြောက်လအကြာတွင်...

ဖန့်ချန်သည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး စည်ကားလှသော ကျွန်းဆိပ်ကမ်းတစ်ခုသို့ ရောက်ရှိလာသည်။

ထိုကျွန်း၏ အမည်မှာ ယူလန်ကျွန်း ဖြစ်သည်။

မုန့်ထျန်းရှု၏ အဆိုအရ နတ်ဘုရားနယ်မြေထဲသို့ ဝင်ချင်ပါက ယူလန်ကျွန်းကနေ စတင်ရမည် ဖြစ်သည်။

ကျင်းရှန်းဂိုဏ်း မှ ကျင့်ကြံသူများသည် ထိုနေရာတွင် ကျင့်ကြံနေကြပြီး၊ သူတို့ကို ရှာ၍ အလယ်လတ်ဝိညာဉ်ကျောက်တုံး နှစ်ရာ ပေးဆောင်ပါက သူတို့က နတ်ဘုရားနယ်မြေ၏ အဝင်ဝသို့ လမ်းပြခေါ်ဆောင်သွားမည် ဖြစ်သည်။

သူတို့ လမ်းမပြပါက နတ်ဘုရားနယ်မြေ၏ အဝင်ဝကို ဘယ်သူမှ မသိနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် ပတ်ဝန်းကျင်တစ်ခုလုံးကို ကျင်းရှန်းဂိုဏ်းမှ အစွမ်းထက် ကျင့်ကြံသူများက အစီရင်များဖြင့် ဖုံးကွယ်ထားသောကြောင့် ဖြစ်သည်။

"ခွင့်ပြုပါ... ကျင်းရှန်းဂိုဏ်းက ကျင့်ကြံသူတွေ ဘယ်မှာ ရှိသလဲဆိုတာ သိပါသလား"

မလှမ်းမကမ်းတွင် လူအုပ်စုတစ်စုသည်လည်း ကျင်းရှန်းဂိုဏ်းသားများ၏ တည်နေရာကို စုံစမ်းနေကြသည်။

"မင်းတို့က ဝမ်မန်နေဂျာ ကို ရှာတာလား သူက ဟိုရှေ့က အမြင့်ဆုံး လက်ဖက်ရည်ဆိုင်မှာ ရှိတယ် မြင်လား သူ အဲဒီမှာ အမြဲတမ်း လက်ဖက်ရည်သောက်နေတတ်တယ် သွားရင် တွေ့လိမ့်မယ်"

"ကျေးဇူးတင်ပါတယ်"

ထိုလူအုပ်စုသည် မေးမြန်းပြီးနောက် အဝေးမှ လက်ဖက်ရည်ဆိုင်ဆီသို့ လျှောက်သွားကြသည်။

ဖန့်ချန်သည်လည်း ထိုမြင်ကွင်းကို ကြည့်ကာ သူတို့နောက်မှ လိုက်သွားခဲ့သည်။

လက်ဖက်ရည်ဆိုင်ထဲတွင် မျက်နှာနီမြန်းနေသော အဘိုးအိုတစ်ဦးသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများနှင့်အတူ လက်ဖက်ရည်သောက်ရင်း တာအိုတရားများကို စိတ်ပါလက်ပါ ဆွေးနွေးနေသည်။

စောစောက လမ်းမေးခဲ့သော ကျင့်ကြံသူများ ရောက်ရှိလာသောအခါ အစေခံကို မေးမြန်းပြီးနောက် ထိုအဘိုးအိုထံသို့ တိုးသွားကြသည်။

"ဝမ်မန်နေဂျာ... ကျွန်တော်တို့ နတ်ဘုရားနယ်မြေထဲကို ဝင်ချင်လို့ပါ ဖြစ်နိုင်ပါသလား"

ထိုကျင့်ကြံသူများက လက်အုပ်ချီ၍ မေးလိုက်ကြသည်။

အနီးအနားရှိ ကျင့်ကြံသူများမှာ စကားဖြတ်၍ ထိုလူအုပ်စုကို ကြည့်လိုက်ကြသည်။

သူတို့၏ မျက်လုံးထဲတွင် မနာလိုမှုရော၊ အားကျမှုပါ ရောယှက်နေသည်။

အကြွင်းအကျန် နယ်မြေထဲသို့ ဝင်နိုင်သူများမှာ ကျင့်ကြံခြင်း ဂိုဏ်းများမှ အသိအမှတ်ပြုထားသော နတ်မျိုးစေ့ များသာ ဖြစ်သည်။

သာမန်ကျင့်ကြံသူများမှာ ဝိညာဉ်ကျောက်တုံးများ ပေးနိုင်လျှင်ပင် ဝင်ခွင့်မရှိကြပေ။

All Chapters