← Chapters

အခန်း (၇၉၁-၇၉၂)

Vol. 80 Ch. 791-792

အခန်း (၇၉၁-၇၉၂)

Vol. 80 Ch. 791-792

အခန်း (၇၉၁) ခွေးကို ရိုက်ရင် သခင်ကို ကြည့်ရတယ်

"ဒါက အားနာစရာကြီးဗျာ"

ဖန့်ချန်ဟာ သူ့ရှေ့က နဂါးဝိညာဥ်အသီးတွေကို ကြည့်ပြီး မနေနိုင်ဘဲ ပြုံးလိုက်မိတယ်။

ချင်မန်က ဝတ်ရုံလက်စကို ဝေ့ယမ်းလိုက်ပြီး

"အခုခေတ် လူငယ်တွေထဲမှာ မင်းလို ဖြောင့်မတ်တဲ့သူက သိပ်မရှိတော့ဘူး လောကကြီးက ပျက်စီးနေပြီ လူတွေရဲ့ စိတ်ဓာတ်တွေကလည်း အောက်တန်းကျနေကြပြီ ညီလေး ဒါတွေကို လက်ခံလိုက်ပါ အားနာနေဖို့ မလိုဘူး"

"တုန်းဖန်း ခုနက သူတို့တွေအားလုံးက ငါ့ရဲ့ နဂါးဝိညာဥ်အသီးတွေကို လုချင်နေကြတာ တုန်းဖန်း တစ်ယောက်ပဲ တရားမျှတတဲ့ စကားတစ်ခွန်း ပြောပေးခဲ့တာ"

" ငါ ဝူထိုက်ကလည်း လူဖျင်းတစ်ယောက် မဟုတ်ပါဘူး ဒီအသီးတွေကို မင်းပဲ သိမ်းထားလိုက်ပါ သူတို့ကို ဒေါသထွက်ပြီး သေအောင် လုပ်လိုက်စမ်း"

ဝူထိုက်က ဆိုတယ်။

မြောင်ယန်တို့ အုပ်စုရဲ့ မျက်နှာတွေကတော့ ပိုပြီး ကြည့်မကောင်းဖြစ်လာကြပြီ ဒါက သူတို့ကို တမင်တကာ စော်ကားနေတာ သိသာလွန်းတယ်။

"အင်း... ဒါဆိုရင်တော့ ကျုပ် အားမနာတော့ဘူးနော်"

ဖန့်ချန်က သာသာလေး ခေါင်းညိတ်ပြီး နဂါးဝိညာဥ်အသီးတွေကို သိမ်းလိုက်တယ် အဲဒီနောက် နှုတ်ဆက်ပြီး ထွက်ခွာသွားတော့တယ်။

ချင်မန်နဲ့ ဝူထိုက်တို့က ဖန့်ချန်ရဲ့ ကျောပြင် ပျောက်ကွယ်သွားတဲ့အထိ လိုက်ကြည့်နေကြပြီးမှ၊ ချင်မန်ရဲ့ အကြည့်က မြောင်ယန်တို့ဆီကို ပြန်ရောက်လာတယ်

"ဘာရပ်ကြည့်နေတာလဲ လစ်တော့"

"ကျုပ်တို့ သွားပါပြီဗျာ"

မြောင်ယန်တို့ အုပ်စုက လက်အုပ်ချီ နှုတ်ဆက်ပြီး မျက်နှာတွေ အမှောင်ကျကာ လှည့်ထွက်သွားကြတော့တယ်။

သူတို့ ထွက်သွားတာနဲ့ တစ်ပြိုင်နက် သန်မာထွားကြိုင်းတဲ့ လူလတ်ပိုင်းကြီးနဲ့ ရွှီစစ်ကျိုတို့ ပေါ်လာကြတယ်။

ရွှီစစ်ကျိုက ဖန့်ချန် ထွက်သွားတဲ့ ဘက်ကို ကြည့်ပြီး မျက်ဝန်းတွေက ရှုပ်ထွေးနေတယ်

"ကျုပ် ခုနက ခံစားချက်တစ်ခု ရတယ် ဖန့်ဓားဦးဆောင်သူက ကျုပ်တို့ ဒီအနားမှာ ရှိနေတာကို ကြိုသိနေသလိုပဲ"

"တိုက်ဆိုင်လိုက်တာ ငါလည်း အဲဒီလို ခံစားရတယ်"

ချင်မန်က ခေါင်းညိတ်တယ်။

လေးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ထဲကနေ ရင်တလှပ်လှပ်နဲ့ ချီကျူးမိကြတယ် ဒီဖန့်ဓားဦးဆောင်သူဟာ သူတို့ ထင်ထားတာထက် အများကြီး ပိုပြီး လျှို့ဝှက်နက်နဲလွန်းတယ်။

ကျုံးကျိုးက ကျင့်ကြံသူတွေ သိထားတာတွေက ရေခဲတောင်ရဲ့ အဖျားပိုင်းလေးတင် ရှိပါသေးတယ်။

သူတို့ကတော့ မတူဘူး၊ အခုဆိုရင် သူတို့ဟာ ဒီဖန့်ဓားဦးဆောင်သူနဲ့ အလွန် ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်မိသွားကြပြီ။

လအနည်းငယ် ကြာပြီးနောက် တစ်နေ့မှာတော့... ဘယ်နေရာမှာပဲ ရှိနေပါစေ နတ်မျိုးစေ့ တစ်ယောက်ချင်းစီရဲ့ နားထဲမှာ တံခါးဖွင့်လိုက်တဲ့ အသံတစ်ခု ကြားလိုက်ရသလိုမျိုး ခံစားလိုက်ရတယ်။

"ပြန်လာကြတော့"

ခဏချင်းမှာပဲ၊ လူပေါင်းများစွာဟာ နေရာအသီးသီးကနေ ပျောက်ကွယ်သွားကြပြီး၊ ပြန်ပေါ်လာတဲ့ အချိန်မှာတော့ ထို ရွှေရောင်တံခါးကြီးရဲ့ အပြင်ဘက်ကို ရောက်နေကြပြီ။

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာတွေက ရုတ်တရက် လေးနက်သွားကြတယ်။

နတ်မျိုးစေ့ (၁၀၀) ဂူဗိမာန်ထဲ ဝင်သွားခဲ့ပေမဲ့ အခု ဂူဗိမာန်ထဲက ပြန်ထွက်လာတာကတော့ (၄၀) ကျော်ပဲ ရှိတော့တာလား

ကျန်တဲ့သူတွေကတော့ ပြောစရာမလိုတော့ပါဘူး သေချာပေါက် သေဆုံးသွားကြပြီပေါ့...။

ကျင်ရှန်းဂိုဏ်းက အဆင့်မြင့်ကျင့်ကြံသူ ကတော့ အေးစက်စက် အမူအရာနဲ့ လူအုပ်ကို ကြည့်ကာ

"နဂါးဝိညာဥ်အသီးတွေ ရခဲ့ကြလား"

လူတိုင်းက နဂါးဝိညာဥ်အသီးတွေကို အသီးသီး အပ်နှံကြတယ်။

အချို့သော နတ်မျိုးစေ့တွေကတော့ မျက်နှာတွေ မကောင်းကြဘူး၊ ရှက်လည်းရှက်သလို ဒေါသလည်း ထွက်နေကြတယ်၊ သူတို့မှာ အပ်စရာ အသီးမရှိတော့ ဒဏ်ကြေး ပေးဆောင်ဖို့ပဲ ရွေးချယ်ရတော့မှာပေါ့။

ဒါပေမဲ့ ဒဏ်ကြေးပမာဏကလည်း လောလောဆယ် သူတို့ဆီမှာ မရှိကြသေးဘူးနောက်ဆုံးရလဒ်ကတော့ ဒီနေရာမှာပဲ အဖမ်းခံထားရပြီး မိသားစု သို့မဟုတ် ဂိုဏ်းက လူကြီးတွေ လာရွေးတဲ့အထိ စောင့်ရတော့မှာပါ။

"ပိုတဲ့ နဂါးဝိညာဥ်အသီးတွေကို ငါတို့ ကျင်ရှန်းဂိုဏ်းက ဦးစားပေး ဝယ်ယူမယ် ရောင်းချင်တဲ့သူ ရှိလား"

ကျင်ရှန်းဂိုဏ်း အဆင့်မြင့်ကျင့်ကြံသူရဲ့ အကြည့်က လူအုပ်ကို ဝှေ့ကြည့်လိုက်တယ်။

ကျင့်ကြံသူ အချို့ကတော့ ရောင်းဖို့ ရွေးချယ်ကြပေမဲ့ အချို့ကတော့ ဘာတုံ့ပြန်မှုမှ မရှိကြဘူး သိသာတာကတော့ တခြား အစီအစဉ် ရှိနေကြတာပေါ့။

အဲဒီ အဆင့်မြင့်ကျင့်ကြံသူကလည်း အသေးစိတ် လိုက်မစစ်ဆေးတော့ဘဲ လုပ်ထုံးလုပ်နည်းတွေ ပြီးတာနဲ့ အားလုံးကို ဒီနေရာကနေ ထွက်ခွာခွင့် ပေးလိုက်တယ်။

အပြင်မှာတော့ လာတုန်းကအတိုင်း နတ်သင်္ဘော (၅) စင်းက စောင့်ကြိုနေတယ်။

လူတိုင်းက လာခဲ့စဉ်က သင်္ဘောတွေပေါ် အသီးသီး တက်လိုက်ကြပြီး လမ်းခွဲထွက်ခွာကြတော့တယ်။

ဝမ်တာဝန်ခံက လူအုပ်ကို တစ်ချက်ကြည့်ပြီး ရုတ်တရက် ပြုံးကာ

"ဒီတစ်ခေါက် အားလုံးရဲ့ ရလဒ်က မဆိုးဘူးလို့ ယူဆရမယ် ထင်တယ် လူ (၂၀) ဝင်သွားတာ နောက်ဆုံးမှာ (၁၆) ယောက် အသက်ရှင်ပြီး ပြန်ထွက်လာနိုင်တာက တကယ်ကို ရှားပါးတဲ့ ကိစ္စပဲ"

မြောင်ယန်က ဖန့်ချန်နဲ့ ဝူထိုက်ကို မျက်လုံးထောင့်ကနေ တစ်ချက် စောင်းကြည့်လိုက်ပြီး မျက်နှာပေါ်မှာ အေးစက်တဲ့ အပြုံးတစ်ခုကို ဆင်မြန်းကာ

"ပီထုဂူဗိမာန်က တကယ်ကို အန္တရာယ်များတာပဲရလဒ်လို့ ပြောရရင်တော့ ထူးထူးခြားခြား ဘာမှ မရခဲ့ပါဘူး ဒါက ရှားပါးတဲ့ လေ့ကျင့်မှု တစ်ခုလို့ပဲ ပြောရမှာပေါ့ ဘာပဲဖြစ်ဖြစ် ဒါက နတ်ဘုရားရဲ့ ဂူဗိမာန်လေ ကျုပ်တို့လိုလူတွေအတွက် နတ်ဘုရားနဲ့ အနီးစပ်ဆုံး ထိတွေ့ခွင့်ရတဲ့ ရှားပါး အခွင့်အရေး တစ်ခုပဲ မဟုတ်လား "

"ဟားဟား... ထွက်လာတဲ့သူတိုင်းက ဘာမှ မရဘူးလို့ပဲ ပြောတတ်ကြတာ ငါ အဘိုးကြီး နားယဉ်နေပါပြီ ဒါပေမဲ့ မင်းတို့လည်း မကြောက်ပါနဲ့ ငါတို့ ကျင်ရှန်းဂိုဏ်းမှာ ငါတို့ရဲ့ စည်းကမ်းတွေ ရှိပါတယ်"

"အသက်ရှင်ပြီး ထွက်လာနိုင်ပြီဆိုမှတော့ အနည်းဆုံးတော့ ယူလန်ကျွန်း ကို မပြန်ခင်အထိ ဘယ်သူမှ မင်းတို့ကို ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး"

ဝမ်တာဝန်ခံက ရယ်မောလိုက်ပြီး နတ်သင်္ဘောထဲကို ဝိညာဉ်စွမ်းအားတွေ အဆက်မပြတ် သွန်းလောင်းကာ သင်္ဘောရဲ့ အရှိန်ကို အဆပေါင်းများစွာ မြှင့်တင်လိုက်တယ်။

လမ်းမှာ လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းကို ဖြတ်သွားတဲ့အခါ၊ ဖန့်ချန်က ဝမ်တာဝန်ခံကို အဲဒီကျွန်းမှာပဲ ဆင်းပြီး သီးသန့်ကျင့်ကြံချင်တယ်လို့ ရုတ်တရက် အဆိုပြုလိုက်တယ်။

ဝမ်တာဝန်ခံက ငြင်းဆန်ခြင်း မရှိပေမဲ့ ခပ်အေးအေးပဲ ပြောလိုက်တယ်

"မင်း အဲဒီကျွန်းကို သွားတာကို ငါ မတားပါဘူး ဒါပေမဲ့ မင်း နားလည်ထားရမှာက အဲဒီကျွန်းဟာ ယူလန်ကျွန်း မဟုတ်ဘူး ဘာစည်းကမ်းမှ ရှိမှာ မဟုတ်ဘူးဆိုတာပဲ"

"စီနီယာ ဝမ် ရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ"

ဖန့်ချန်က ပြုံးပြီး လက်အုပ်ချီကာ နတ်သင်္ဘောပေါ်ကနေ လေထဲကို ပျံဆင်းသွားပြီး ထိုကျွန်းဆီကို ဦးတည်သွားတော့တယ်။

မိနစ် (၃၀) ခန့် ကြာပြီးနောက်မှာတော့ လူရိပ်တစ်ခုက လေထုကို ဖောက်ထွက်ပြီး ရောက်လာတယ်။

လူသူမရှိတဲ့ ကျွန်းရဲ့ အထက်မှာ ရပ်နေပြီး သူ့ရဲ့ အကြည့်တွေက သိန်းငှက်တစ်ကောင်လို စူးရှနေတယ်။

မကြာခင်မှာပဲ သူ လူရိပ်တစ်ခုကို မြင်လိုက်ရတယ်။

ထိုလူရိပ်က ပင်လယ်အနားက ကျောက်ဆောင်ကြီးတစ်ခုပေါ်မှာ တရားထိုင်နေတာပါ။

ပင်လယ်လှိုင်းလုံးတွေက ကျောက်ဆောင်ကို တစ်ချက်ပြီးတစ်ချက် ရိုက်ခတ်နေပြီး၊ ထိုလူရိပ်ရဲ့ ဘောင်းဘီနားကို စိုရွှဲဖို့ လက်တစ်လုံး အလိုတင် ရှိတော့တယ်။

မြောင်ယန်ရဲ့ မျက်လုံးထဲမှာ အေးစက်တဲ့ လှောင်ပြုံးတစ်ခု ပေါ်လာပြီး၊ အလင်းတန်းတစ်ခုအဖြစ် ထိုလူရိပ်ရဲ့ နောက်ကျောဘက်ကို ဆင်းသက်လိုက်တယ်။

"မြောင်ယန် မင်းက ငါ့ကို မခွဲနိုင်သေးဘူးလား"

ဖန့်ချန်က ပြုံးရင်း ပြောလိုက်တယ်၊ နောက်ကို လှည့်မကြည့်ဘူး။

"မင်းရဲ့ နဂါးဝိညာဥ်အသီးတွေကို ကျင်ရှန်းဂိုဏ်းကို မရောင်းခဲ့ဘူးလေ ငါလာတာက မင်း အဲဒီအသီးတွေကို ရောင်းမလားလို့ မေးမလို့ပါ ငါပေးတဲ့ ဈေးက ကျင်ရှန်းဂိုဏ်းထက် နည်းနည်း ပိုမြင့်နိုင်တယ်"

မြောင်ယန်က ရယ်မောလိုက်တယ်

"မင်း ကျင်ရှန်းဂိုဏ်းကို မရောင်းတာက ဈေးနည်းလို့ မဟုတ်လား ငါ့ကို ရောင်းလိုက်ရင် အတော်ပဲပေါ့"

"မင်း မစဉ်းစားမိဘူးလား ငါက မင်းကို တမင်တကာ မျှားခေါ်လာတာ ဖြစ်နိုင်တယ်ဆိုတာကိုလေ"

ဖန့်ချန်က သိချင်စိတ်နဲ့ မေးလိုက်တယ်။

မြောင်ယန်က ရယ်တယ်

"စဉ်းစားတာပေါ့ ဒါပေမဲ့ မင်းမှာ ငါ့ကို မျှားခေါ်နိုင်လောက်တဲ့ ဘာအရည်အချင်း ရှိလို့လဲ မင်းက ဓားကျင့်ကြံသူ ဖြစ်နေလို့လား"

ဖန့်ချန်က သဘောပေါက်သွားသလိုနဲ့

"ကြည့်ရတာ မင်း ဟို ရွှေအမြုတေ အဆင့် နတ်မျိုးစေ့လေးတွေကို တွေ့ခဲ့ပုံရတယ်နော် "

"ဟုတ်တယ်လေ... သူတို့က မင်းက ဓားကျင့်ကြံသူ ဆိုတာ ပြောပြတော့ ငါတောင် နည်းနည်း အံ့ဩသွားသေးတယ် ဒါပေမဲ့... ဓားကျင့်ကြံသူတွေက မင်းလိုပဲ အတင့်ရဲတတ်ကြတာလား ငါ မင်းကို စောင့်ကြည့်နေမှန်း သိသိကြီးနဲ့ ဒီလိုနေရာမျိုးကို လာရဲတယ်ဆိုတာ..."

မြောင်ယန်က ပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်တယ်

"လူသူကင်းမဲ့တဲ့ နေရာပဲ ဒီမှာ ငါ မင်းကို သတ်လိုက်ရင် ဘယ်သူမှ သိမှာ မဟုတ်ဘူး မဟုတ်လား"

"ဟုတ်တာပေါ့"

ဖန့်ချန်က သာသာလေး ခေါင်းညိတ်တယ်

"ဒါပေမဲ့ မင်း ဒီမှာ သေသွားရင်တော့ မင်းနောက်က ရွှေခြင်္သေ့နတ်ဘုရား က သိနိုင်ပါ့မလားလို့ ငါတွေးမိလို့ပါ "

မြောင်ယန်ရဲ့ မျက်နှာက ချက်ချင်း တည်သွားတယ်

"မင်းက ရူးနေတာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား ငါ့ကို ဒီကို မျှားခေါ်လာတာ ဒီစကားတွေ ပြောဖို့တင်လား"

ဒီနေရာအရောက်မှာ သူ တစ်ခုခုကို သတိရသွားပုံရပြီး ပတ်ဝန်းကျင်ကို ချက်ချင်း ဝှေ့ကြည့်လိုက်တယ်

"ဝူထိုက် ခင်းထားတဲ့ ထောင်ချောက်လား မင်းကို အစာအဖြစ် သုံးပြီး ဒီအနားမှာ လူတွေ ပုန်းနေတာလား "

သူ့ရဲ့ အကြည့်တွေက အလွန် လေးနက်သွားပြီး၊ ခြေလှမ်းတွေကိုလည်း ဖြည်းဖြည်းချင်း နောက်ဆုတ်ကာ ပတ်ဝန်းကျင်ကို အပြည့်အဝ သတိထားလိုက်တော့တယ်။

အဲဒီအချိန်မှာပဲ... ဓားအလင်းတန်းတစ်ခုက လျှပ်စီးလို ဖျတ်ခနဲ ပေါ်လာပြီး ပျောက်ကွယ်သွားတယ်။

မြောင်ယန်ဟာ လှုပ်ရှားမှုမရှိသလို ဖြစ်နေတဲ့ ဖန့်ချန်ကို ကြည့်ရင်း မျက်လုံးတွေထဲမှာ အလွန်အမင်း ထိတ်လန့်သွားတဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်၊ သူ့ရဲ့ မျက်ခုံးနှစ်ခုကြားမှာ သွေးစင်းကြောင်းတစ်ခု ထင်လာတယ်။

"ဘာလို့လဲ... ငါကလည်း ဝိညာဥ်သန္ဓေသား နတ်မျိုးစေ့ပဲလေ..."

မြောင်ယန်က မကျေမနပ် ဖြစ်နေတဲ့ မျက်နှာနဲ့ ပြောတယ်။

"ဒါကြောင့် မင်းက နတ်ဘုရား မဟုတ်ဘဲ နတ်မျိုးစေ့ ဖြစ်နေတာပေါ့ မျိုးစေ့ ရဲ့ အဓိပ္ပာယ်ကို မင်း အခုထိ နားမလည်သေးဘူးလား "

ဖန့်ချန်က ထရပ်ပြီး မြောင်ယန်ရဲ့ အရှေ့ကို လာကာ သူ့ရဲ့ လက်စွပ်ကို ချွတ်ယူလိုက်တယ် အဲဒီနောက် မြောင်ယန်ကို ပင်လယ် ထဲကို တစ်ချက် ကန်ချလိုက်တော့တယ်။

ဒါတွေအားလုံး ပြီးတာနဲ့ သူက အလယ်လတ်ဝိညာဥ်ကျောက်တုံး (၅၀၀) ကို ထုတ်ယူပြီး တာအိုနယ်မြေ (၃၀၀၀) ထဲကို ဝင်သွားတော့တယ်။

ဖန့်ချန် ပျောက်ကွယ်သွားပြီး မကြာခင်မှာပဲ၊ ပင်လယ်ထဲကနေ အလောင်းတစ်ခု ပြန်ပေါ်လာတယ်၊ အဲဒါ မြောင်ယန်ပါပဲ။

သွေးစုပ်ထားသလို ဖြူဖျော့နေပြီး ပိတ်ထားတဲ့ မြောင်ယန်ရဲ့ မျက်လုံးတွေက ရုတ်တရက် ပွင့်လာတယ်၊ ကျောက်ဆောင်ပေါ်ကို ခုန်တက်လာပြီး မျက်နှာက အေးစက်မှောင်မည်းကာ ပတ်ဝန်းကျင်ကို ဝှေ့ကြည့်နေတယ်။

ခဏကြာမှ သူက မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်တယ်

"ငါ့ရဲ့ တပည့်ကို သတ်လိုက်တာလား ခွေးကို ရိုက်ရင် သခင်ကို ကြည့်ရတယ် ဆိုတဲ့ အသိတောင် မရှိဘူးလား"

စက္ကန့်အနည်းငယ် ကြာပြီးနောက် မြောင်ယန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်တယ် တစ်ကိုယ်လုံး ပြန်ပြီး ပျော့ခွေကျသွားကာ အသက်ဓာတ် တစ်စက်မှ မရှိတော့တဲ့ အလောင်းတစ်ခုအဖြစ် ပြန်ဖြစ်သွားတော့တယ်ဗျ။

အခန်း (၇၉၂) ခြေလှမ်းတစ်လှမ်း အမှား

တာအိုနယ်မြေ (၃၀၀၀) ထဲမှာ ဖန့်ချန်ဟာ နတ်သားရဲ သုံးကောင်ရဲ့ အောက်မှာ ငြိမ်သက်စွာ ထိုင်နေတယ်။

ဝိညာဉ်လောကသို့ သွားခြင်း ဟာ ညဘက်အနွယ်ဝင် ဖြစ်တာကြောင့် ကွယ်ကွယ်ဝှက်ဝှက် ရှိနေတဲ့ ယင်နတ်သားရဲ ယဲ့ က သူ့ကို တစ်စုံတစ်ရာ စောင့်ရှောက်လိမ့်မယ်လို့ မျှော်လင့်မိတယ်။

ရွှမ်ဖျင့် ဝိညာဉ်ကို စုစည်းနေတဲ့ ဖြစ်စဉ်မှာ ဝိညာဉ်လောကသို့ သွားခြင်း ပညာရပ်က အလိုအလျောက် ပေါ်မလာဘူးဆိုရင်တော့ အကောင်းဆုံးပေါ့။

သူ့စိတ်ကြိုက် ရွေးချယ်ခွင့်သာ ရှိမယ်ဆိုရင်၊ ဘာမှ သေချာရေရာမှု မရှိသေးတဲ့ အချိန်မှာ အဲဒီလို နေရာမျိုးထဲကို မဝင်ချင်သေးတာ အမှန်ပဲ။

"ရွှမ်ဖျင့်... ငါ မင်းရဲ့ အနှစ်သာရ သွေးတစ်စက် လိုတယ် တစ်လက်မစာလောက်ဆို ရပြီ"

ဖန့်ချန်က တိုးတိုးလေး ပြောလိုက်တယ်။

ပတ်ဝန်းကျင်မှာ လှည့်လည်နေတဲ့ ရွှမ်ဖျင့်က ဒါကို ကြားတော့ ခဏတာ ကြောင်သွားပြီးမှ ဖန့်ချန်ရဲ့ ရှေ့ကို ဖြည်းဖြည်းချင်း ပျံသန်းလာတယ်။

"အရင်ဆုံး ဒီ နဂါးဝိညာဥ်အသီး တွေကို စားပြီး အားဖြည့်လိုက်ဦး"

ဖန့်ချန်က ပြုံးလိုက်ပြီး နဂါးဝိညာဥ်အသီး အလုံး (၂၀) ကျော်ကို ထုတ်ပေးလိုက်တယ်။

ရွှမ်ဖျင့်ရဲ့ မျက်လုံးတွေက ချက်ချင်း တောက်ပသွားပြီး၊ လေကို ပြင်းပြင်းထန်ထန် ရှူသွင်းလိုက်ရာ အသီး (၂၀) ကျော်လုံးက သူ့ပါးစပ်ထဲကို စုပ်ယူခံလိုက်ရတော့တယ်။

သူ့ရဲ့ သုံးပေရှည်တဲ့ ခန္ဓာကိုယ်က သိသိသာသာကြီး တစ်ပတ်စာလောက် ကြီးထွားလာပြီးမှ ဖြည်းဖြည်းချင်း ပြန်ကျသွားတယ်။

စိတ်ထင်လို့ပဲလား မသိဘူး သူ့ရဲ့ ရွှေရောင်နဲ့ ငွေရောင် မျက်လုံးအစုံက ပိုပြီး နက်ရှိုင်းလာသလိုပဲ။

ဘယ်ဘက်မျက်လုံးထဲမှာ မီးလျှံတွေ ဖျတ်ခနဲ ပေါ်လာတတ်သလို ညာဘက်မျက်လုံးထဲမှာတော့ ငွေဖြူရောင် နှင်းပွင့်လေးတွေ ကျနေသလိုမျိုးပါပဲ။

စားသောက်ပြီးတဲ့နောက်မှာတော့ ရွှမ်ဖျင့်က သူ့ခေါင်းလေးနဲ့ ဖန့်ချန်ကို အသာအယာ တိုးဝှေ့နေတယ်၊ အရင်ကထက် ပိုပြီး ရင်းနှီးလာသလို သူ့မျက်နှာပေါ်က ကြောက်ရွံ့နေတဲ့ အရိပ်အယောင်တွေလည်း ပျောက်ကွယ်သွားပြီ။

အဲဒီနောက် သူက ဖန့်ချန်ကို လက်ဖဝါး ဖြန့်ခိုင်းလိုက်ပြီး အားကုန်သုံးကာ တစ်ချက် ထွေးထုတ်လိုက်ရာ နဂါးမျက်စိ အရွယ်အစားရှိတဲ့ သွေးလုံးလေး တစ်လုံး လက်ဖဝါးပေါ် ကျလာတယ်။

ဒီသွေးလုံးလေး ပေါ်လာတာနဲ့တစ်ပြိုင်နက် ဖန့်ချန်ကို ဒီနေရာမှာတင် အေးခဲသေဆုံးသွားစေလောက်တဲ့ ကြောက်မက်ဖွယ် အအေးဓာတ်တွေ ထွက်ပေါ်လာတော့တယ်။

သူ မပေါ့ဆရဲဘဲ အဘိုးရွှင် ပေးထားတဲ့ အဆင့်မြင့် ဝိညာဥ်ကျောက်တုံး ကို ချက်ချင်း ထုတ်ပြီး နှစ်ခုလုံးကို အတူတူ ထားလိုက်တယ်။

သွေးလုံးနဲ့ ဝိညာဥ်ကျောက်တုံးတို့ ထိတွေ့လိုက်တာနဲ့ တစ်ခုနဲ့တစ်ခု စတင် ပေါင်းစပ်သွားကြတယ်။

အဲဒီ ဖြစ်စဉ်က ရေစက်နှစ်စက် တစ်ခုနဲ့တစ်ခု ဆွဲငင်ပြီး ပေါင်းသွားသလိုမျိုးပဲ။

(၁၀) စက္ကန့်တောင် မပြည့်ပါဘူး။

ပေါင်းစပ်ပြီးတဲ့နောက်မှာတော့ အဆင့်မြင့် ဝိညာဥ်ကျောက်တုံး ပျောက်ကွယ်သွားပြီး သွေးလုံးလေးကလည်း အရည်အသွင် ပြောင်းသွားတော့တယ် ခုနက ကြောက်မက်ဖွယ် အအေးဓာတ်တွေလည်း မရှိတော့ဘူး။

ဖန့်ချန်က အသက်ကို ပြင်းပြင်းရှူပြီး ပါးစပ်ကို ဟလိုက်ရာ အရည်အသွင်ပြောင်းနေတဲ့ သွေးလုံးက ပါးစပ်ထဲကို ပျံဝင်သွားပြီး လည်ချောင်းကနေတစ်ဆင့် ကိုယ်ခန္ဓာ တစ်ခုလုံးဆီ ပျံ့နှံ့သွားတော့တယ်။

ချက်ချင်းဆိုသလိုပဲ၊ သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေက သောင်းကျန်းလာပြီး စစ်သည်တော် သောင်းချီသလိုမျိုး ဓားအမြုတေ ဆီကို အလုံးအရင်းနဲ့ ပြေးဝင်သွားကြတော့တယ်။

ဓားအမြုတေက အဲဒီ ဒဏ်ကို မခံနိုင်တော့ဘဲ နေရာမှာတင် ကြေမွသွားရတယ်။

ကြေမွသွားပြီးနောက် ထွက်ပေါ်လာတဲ့ ဝိညာဉ်စွမ်းအားတွေက အရင်ကထက် အဆပေါင်း ရာနဲ့ ချီပြီး များပြားနေတယ်။

ဝိညာဥ်သန္ဓေသား အဆင့်တက်ခြင်းရဲ့ ပထမခြေလှမ်း - အမြုတေကို ဖျက်ဆီးခြင်း ပြီးဆုံးသွားပြီ။

ဖန့်ချန်ဟာ တာအိုသုံးထောင်ပညာရပ် ရဲ့ ဝိညာဥ်သန္ဓေသား ကဏ္ဍကို အဆက်မပြတ် လည်ပတ်စေပြီး ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေကို သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း စီးဆင်းအောင် ထိန်းကျောင်းနေတယ်။

ဒါပေမဲ့ ဓားအမြုတေ မကြေမွခင်တုန်းက ဝိညာဉ်စွမ်းအားတွေက သူ့လက်အောက်က စစ်သည်တော်တွေလိုမျိုး အလွယ်တကူ စေခိုင်းလို့ ရခဲ့ပေမဲ့ အခု ဓားအမြုတေ ကြေမွသွားတဲ့အခါမှာတော့ စစ်သည်တော် သောင်းဂဏန်းကနေ သန်းဂဏန်းအထိ ဖြစ်သွားတာကြောင့် သူတို့ကို ထိန်းချုပ်ဖို့က ပြဿနာကြီး တစ်ခု ဖြစ်လာတော့တယ်။

သူ့မှာ တောက်ပသောနတ်ဘုရားမျက်လုံး ရှိနေပေမဲ့ သူ့ရဲ့ စိတ်ဝိညာဉ်က ထူးခြားနေပေမဲ့လည်း အချို့သော ဝိညာဉ်စွမ်းအားတွေက သွေးတွေအဖြစ် ပြောင်းလဲပြီး ချွေးပေါက်တွေကနေ စိမ့်ထွက်လာတာကို သူ မတားနိုင်ဘူး။

စက္ကန့်အနည်းငယ်အတွင်းမှာပဲ ဖန့်ချန်ဟာ တစ်ကိုယ်လုံး သွေးချင်းချင်းနီသွားပြီး သွေးလူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်။

ဒီလို စိမ့်ထွက်နေတဲ့ သွေးတွေဟာ ထိန်းချုပ်လို့မရတဲ့ ဝိညာဉ်စွမ်းအား အမျှင်တန်းလေးတွေပဲ ဖြစ်ပြီး၊ အဲဒီထဲက အမျှင်တန်း တစ်ခုချင်းစီဟာ ချီသန့်စင်ခြင်း (၁၂) အဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့ နှိုင်းယှဉ်လို့ ရပါတယ်။

ဖန့်ချန်က ဒါကို ဂရုမစိုက်ဘဲ တာအိုသုံးထောင်ပညာရပ် ရဲ့ ရွှမ်ဖျင့် ဝိညာဉ် စုစည်းခြင်း နည်းလမ်းအတိုင်း ဝိညာဉ်စွမ်းအားတွေကို ဆက်တိုက် လည်ပတ်နေစေတယ်။

တစ်ခေါက်ပြီး တစ်ခေါက်၊ အဖန်ဖန် အထပ်ထပ်ပဲ။

အချိန်တွေ ကုန်လွန်သွားတယ်။

နှစ်အတော်ကြာ ဖြတ်သန်းပြီးတဲ့နောက်မှာတော့ ဖန့်ချန်ရဲ့ မျက်နှာက ပိန်ချောင်သွားပြီး၊ ခန္ဓာကိုယ်ပေါ်က အသားတွေဟာ စိမ့်ထွက်သွားတဲ့ ဝိညာဉ်သွေးတွေနဲ့အတူ အရည်ပျော်သွားသလိုမျိုး ဖြစ်နေတယ်။

အဝတ်အစားတွေကလည်း ခန္ဓာကိုယ်နဲ့ မဆံ့အောင် ပွယောင်းလာသလို အဝတ်အောက်က အရိုးတွေတောင် သိသိသာသာ ပေါ်လာတော့တယ်။

ကြည့်ရတာ နှစ်အနည်းငယ်ပဲ ကြာသလို ရှိပေမဲ့ ဖန့်ချန်ရဲ့ ရုပ်ရည်ကတော့ အများကြီး အိုမင်းသွားခဲ့ပြီ။

ဒီအတောအတွင်း ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေကို ဖန့်ချန်က သိနေပေမဲ့ သူ ဘာမှ မတားနိုင်ဘူး။

ပစ်လိုက်တဲ့ မြှားက နောက်ပြန်လှည့်လို့ မရသလိုပဲ၊ ဝိညာဥ်သန္ဓေသား အဆင့်တက်ခြင်းက ဒီလမ်းကိုပဲ လျှောက်ရတာလေ။

ဓားအမြုတေက ကြေမွသွားပြီ တကယ်လို့ ဝိညာဥ်သန္ဓေသားသာ မဖြစ်လာဘူးဆိုရင်၊ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေဟာ တည်မှီရာ မရှိတော့ဘဲ အဆက်မပြတ် ယိုစီးကုန်ဆုံးသွားတော့မှာပါ။

နှစ်အနည်းငယ်အတွင်းမှာပဲ သူ့ရဲ့ ဝိညာဉ်စွမ်းအားတွေက တစ်ဝက်ကျော်လောက် ကုန်ဆုံးသွားပြီ။

ဒီအတိုင်းသာ ဆက်သွားရင် (၁၀) နှစ်မပြည့်ခင်မှာတင် ဝိညာဉ်စွမ်းအား အားလုံး ကုန်သွားလိမ့်မယ်။

အဲဒီအခါကျရင်တော့ အင်မတန် အကျပ်ရိုက်စရာ အခြေအနေနဲ့ ရင်ဆိုင်ရတော့မှာပါ။

ဝိညာဉ်စွမ်းအားတွေ မရှိတော့ရင်၊ သူ့မှာ ဓားကျင့်ကြံသူရဲ့ သက်တမ်း (၂၀၀) တောင် ရှိမှာ မဟုတ်တော့ဘဲ၊ သူ့ရဲ့ အသက်အရွယ်က လူသားတစ်ယောက်ရဲ့ သေဆုံးမယ့် အချိန်ကို ကျော်လွန်နေပြီ ဖြစ်တာကြောင့် ချက်ချင်းပဲ အိုသေသွားရပါလိမ့်မယ်။

"တကယ်တော့ ဘယ်နေရာမှာ မှားသွားတာလဲ"

ဖန့်ချန်က သူ့ကိုယ်သူ ပြန်သုံးသပ်နေတယ်။

အမြုတေ ဖျက်ဆီးတာကနေ ရွှမ်ဖျင့် ဝိညာဉ် စုစည်းခြင်း နည်းလမ်းကို လည်ပတ်တာ နောက်ပြီး ကြိုတင်လိုအပ်ချက်ဖြစ်တဲ့ ရွှမ်ဖျင့်ရဲ့ အနှစ်သာရသွေး... ဒါတွေအားလုံးကို သူ အဆင့်ဆင့် လုပ်ဆောင်ခဲ့ပြီး ဘာအမှားအယွင်းမှ မရှိခဲ့ပါဘူး။

တရားသဘောအရဆိုရင်၊ အခုအချိန်မှာ ဝိညာဥ်သန္ဓေသား မဖြစ်သေးရင်တောင် တစ်စုံတစ်ရာ တိုးတက်မှု ရှိနေရမှာပါ။

ဒါပေမဲ့ အခုတော့ ဝိညာဥ်သန္ဓေသား ဖြစ်လာမယ့် အရိပ်အယောင် လုံးဝ မတွေ့ရဘူး။

သူ့ရှေ့မှာ အတားအဆီး တစ်ခုခုက ပိတ်ဆို့နေသလိုမျိုးပါပဲ။

ဒါပေမဲ့ ဒီအတားအဆီးက ဘယ်ကနေ လာတာလဲဆိုတာ သူ မသိဘူး။

သိနိုင်မယ်ဆိုရင်တော့ အဲဒီအတားအဆီးကို ဖယ်ရှားဖို့ ကြိုးစားလို့ ရနိုင်ဦးမယ်။

နောက်ထပ် နှစ်အနည်းငယ် ထပ်ကုန်ဆုံးသွားပြန်တယ်။

နတ်သားရဲ သုံးကောင်အောက်မှာ တရားထိုင်နေတဲ့ ဖန့်ချန်ဟာ၊ အခုဆိုရင် အရေပြားအောက်မှာ အရိုးတွေပဲ ရှိတော့တဲ့အထိ ပိန်ချောင်သွားပြီး၊ ကိုယ်ပေါ်မှာ ပါးလွှာတဲ့ အသားမျှင်လေးတွေလောက်ပဲ ဖုံးအုပ်ထားတော့တယ်။

"ငါ နားလည်သွားပြီ"

ဖန့်ချန်က ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး၊ ကျင့်စဉ်တွေကို ဆက်မကျင့်တော့ဘဲ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေ အရှိန်အဟုန်နဲ့ ယိုစီးကုန်ဆုံးသွားတာကို ဒီအတိုင်း ကြည့်နေတော့တယ်။

အစကတည်းက သူ လျှောက်ခဲ့တဲ့ ခြေလှမ်းတစ်လှမ်းက စောစောစီးစီး မှားယွင်းခဲ့တာပါ။

အဲဒီ ခြေလှမ်းတစ်လှမ်း အမှား ကြောင့်ပဲ အခု ရွှမ်ဖျင့် ဝိညာဉ်ကို စုစည်းတဲ့အခါမှာ ကြီးမားတဲ့ အတားအဆီးနဲ့ ရင်ဆိုင်နေရတာ။

အကြောင်းရင်း အားလုံးဟာ သူ့ရဲ့ အဲဒီ ဓားအမြုတေ နဲ့ မကင်းနိုင်ဘူးလို့ ထင်ရတယ်။

ကျင့်ကြံတဲ့နေရာမှာ အမှားအယွင်း တစ်ခုခု ရှိရင် အချို့လူတွေက စိတ်နောက်သွား တတ်ကြသလို၊ အချို့ ကံကောင်းတဲ့သူတွေကတော့ တခြားနည်းလမ်းနဲ့ တောင့်ခံသွားနိုင်ကြတယ်။

ဒါပေမဲ့ အဲဒီလို နည်းလမ်းမျိုးက အမြဲတမ်း တည်မြဲမှာ မဟုတ်ဘူး။

အဲဒီအချိန်မှာ ပြဿနာ မပေါ်သေးပေမဲ့၊ နောက်ပိုင်း ရောက်လာတဲ့အခါမှာတော့ ပြဿနာတွေက တစ်ခုပြီးတစ်ခု တန်းစီလာတော့တာပဲ။

ယွီလေး ရဲ့ ပြောင်းပြန်မသေမျိုးမိစ္ဆာသန္ဓေသား ကလည်း ဒီလိုပါပဲ သူ့ရဲ့ ဓားအမြုတေကလည်း ဒီလိုပါပဲ။

သူတို့ရဲ့ ကျင့်ကြံခြင်း လမ်းကြောင်းမှာ မတော်တဆမှုတွေကြောင့် လမ်းကြောင်းက ချော်ထွက်သွားခဲ့တယ်။

အဲဒါကို ပြန်တည့်အောင် လုပ်ရင်လုပ်၊ မလုပ်ရင်တော့ အဲဒီ ချော်ထွက်နေတဲ့ လမ်းအတိုင်းပဲ ဆက်လျှောက်သွားရမယ်။

ဘယ်လမ်းပဲ ဖြစ်ဖြစ် မလွယ်ကူပါဘူး။

"ငါ့ရဲ့ ဝိညာဉ်စွမ်းအားတွေ ယိုစီးနေတဲ့ အရှိန်အရဆိုရင်၊ နောက်ထပ် တစ်လလောက်ဆိုရင် အောက်ဆုံးအဆင့်ကို ရောက်သွားလိမ့်မယ်"

ဖန့်ချန်က စဉ်းစားနေမိတယ်။

ဒီတစ်ခါက ဝိညာဉ်စွမ်းအား ကုန်ခန်းသွားတာ မဟုတ်ဘူး၊ သူ့ရဲ့ ဓားအမြုတေက ကြေမွသွားပြီဆိုတော့ ဒါက တကယ်ကို ဝိညာဉ်စွမ်းအားတွေ အပြင်ကို ယိုစီးထွက်သွားတာပါ။

အောက်ဆုံးထိ ရောက်သွားတဲ့အခါ အရင်တုန်းကလိုမျိုး ပြန်ပြီး ခုန်တက်လာဦးမလား ဆိုတာကိုတော့ ဘယ်သူမှ မပြောနိုင်ဘူး။

သူ အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားပြီးပြီ။

သူ့ရဲ့ စိတ်ကူးနဲ့တင် စက္ကူရုပ်ဖြူနဲ့ စက္ကူရုပ်နက် တို့ဟာ ဖန့်ချန်ရဲ့ ရှေ့မှာ ချက်ချင်း ပေါ်လာကြတယ်။

ဖန့်ချန်ရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေကတော့ အကြီးအကျယ် ထပ်ကုန်သွားပြန်ပြီ။

"အရှင် ဘာလို့ ဒီလို ပုံစံမျိုး ဖြစ်သွားရတာလဲ"

စက္ကူရုပ်ဖြူနဲ့ စက္ကူရုပ်နက် တို့ဟာ အကြီးအကျယ် ထိတ်လန့်သွားကြတယ်။

ဖန့်ချန်ရဲ့ မျက်နှာမှာ သေမင်းရဲ့ အရိပ်အယောင်တွေ လွှမ်းမိုးနေပြီး၊ ကြည့်ရတာ လူသေတစ်ယောက်လိုမျိုး နေရာမှာတင် ခန္ဓာကိုယ် ချုပ်ငြိမ်းသွားတော့မယ့် ပုံစံမျိုး ဖြစ်နေပြီလေ။

"ပြောရရင်တော့ ရှည်တယ်"

ဖန့်ချန်က ပါးစပ်ကို အသာလေး လှုပ်ပြီး

"ငါ အမှာစကားလေးတွေ ပြောချင်လို့၊ ဒါကို သေတမ်းစာလို့ပဲ သဘောထားလိုက်ပါ တကယ်လို့ ငါ တကယ် သေသွားခဲ့ပြီး မင်းတို့ ဒီနေရာကနေ ထွက်သွားနိုင်ခဲ့မယ်ဆိုရင် ငါပြောတဲ့အတိုင်း လုပ်ပေးပါ"

"အရှင်... ဝိညာဉ်လောကကို သွားတဲ့ ကိစ္စကြောင့်လား..."

စက္ကူရုပ်နက်က တိုးတိုးလေး မေးလိုက်တယ်။

ဖန့်ချန်က ခေါင်းခါလိုက်ပြီး သူ့ကိုယ်သူ လှောင်ပြောင်တဲ့ အပြုံးနဲ့

"အဲဒီ အဆင့်ကိုတောင် မရောက်သေးပါဘူး ဝိညာဉ်လောကကို သွားဖို့က ခက်ခဲလိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့ တကယ်တမ်းတော့ အလွယ်ဆုံးဖြစ်တဲ့ ဝိညာဥ်သန္ဓေသား အဆင့်တက်တာကိုတောင် ငါ မပြီးမြောက်နိုင်ခဲ့ဘူး"

"ဝိညာဥ်သန္ဓေသား အဆင့်တက်တာ ကျရှုံးတာလား..."

စက္ကူရုပ်ဖြူနဲ့ စက္ကူရုပ်နက်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ရဲ့ မျက်လုံးတွေထဲမှာ မယုံနိုင်စရာ အရိပ်အယောင်တွေ ဖြတ်ပြေးသွားတယ်။

သူတို့ ဒီလို ဖြစ်နိုင်ခြေမျိုးကို တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး၊ ဒါကြောင့် ဖန့်ချန်ရဲ့ အခု အခြေအနေကို ချက်ချင်း မခွဲခြားနိုင်ခဲ့တာပါ။

အခု သေချာ ကြည့်လိုက်တော့မှ ဝိညာဥ်သန္ဓေသား အဆင့်တက်တာ ကျရှုံးခဲ့တဲ့ ကျင့်ကြံသူတွေရဲ့ အခြေအနေနဲ့ တစ်ပုံစံတည်း ဖြစ်နေတာကို တွေ့လိုက်ရတယ်။

ရွှေအမြုတေက ပျက်စီးသွားပြီ၊ ဝိညာဥ်သန္ဓေသား အဆင့်တက်တာလည်း ကျရှုံးသွားပြီဆိုရင်တော့ ရလဒ်က သာမန်လူတစ်ယောက်အဖြစ် ပြောင်းလဲသွားဖို့ပါပဲ။

တကယ်လို့ သက်တမ်း အလုံအလောက် ကျန်သေးရင်တော့ ချက်ချင်း မသေနိုင်ပေမဲ့၊ ကျင့်ကြံသူ အများစုက ဝိညာဥ်သန္ဓေသား အဆင့်ကို ရောက်တဲ့အချိန်မှာ ဘယ်မှာ သက်တမ်း အလုံအလောက် ကျန်ပါဦးမလဲ

သာမန်လူသားတစ်ယောက်ရဲ့ သက်တမ်းဖြစ်တဲ့ (၇၀၊ ၈၀) ဆိုတာ ကုန်ဆုံးနေတာ ကြာလှပေါ့

"ဖြူလေး... နက်လေး... တကယ်လို့ ငါ့ရဲ့ သက်တမ်း ကုန်ဆုံးသွားခဲ့မယ်ဆိုရင် ငါ့ရဲ့ အလောင်းကို နတ်မိစ္ဆာပင်လယ် ထဲကို ပစ်ချလိုက်ပါ အဲဒီနောက် မင်းတို့က ဒါတွေကို ယူပြီး ရှကျီ ကို သွားရှာလိုက်ပါ"

ဖန့်ချန်က သိုလှောင်လက်စွပ်ကို ချွတ်လိုက်သလို၊ ဓားငယ်လေး၊ မှန်လေး နဲ့ ရွှမ်ဖျင့် တို့ကိုလည်း ထုတ်ပေးလိုက်တယ်။

စက္ကူရုပ်ဖြူနဲ့ စက္ကူရုပ်နက်တို့ ဘာမှ မပြောနိုင်ဘဲ ဖြစ်နေကြတယ်။

ဓားငယ်လေးကလည်း ဒီနှစ်အနည်းငယ်အတွင်းမှာ တစ်ခုခုကို ရိပ်မိနေပုံရပြီး အပြေးအလွှား ပြောတယ်

"ဖန့်ချန်... နတ်ဘုရားရဲ့ သွေးနဲ့ မင်းကို ပေါင်းစပ်ကြည့်ပါလား ဒါဆိုရင် ကယ်နိုင်ကောင်း ကယ်နိုင်လိမ့်မယ်"

"မင်း ဘာတွေ လျှောက်ပြောနေတာလဲ သူ ဒီလို အခြေအနေမျိုးနဲ့ အဲဒီသွေးတွေကို ဘယ်လို ရင်ဆိုင်နိုင်မှာလဲ ပေါင်းစပ်လိုက်တာနဲ့ ချက်ချင်းပဲ ခန္ဓာကိုယ်က အသိမ်းခံလိုက်ရပြီး လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်"

မှန်လေးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး

"အစ်ကို... အစ်ကို လောလောဆယ် မသေသေးပါဘူး နဂါးဝိညာဥ်အသီးတွေ ကျန်သေးတယ် မဟုတ်လား ဝိညာဉ်စွမ်းအားတွေ အကုန် ကုန်သွားတဲ့ အချိန်ကျရင် အဲဒါကို စားလိုက်ပါ အသက်ကို ဆက်ထားပေးနိုင်လိမ့်မယ်"

All Chapters