← Chapters

အခန်း (၇၉၃-၇၉၄)

Vol. 80 Ch. 793-794

အခန်း (၇၉၃-၇၉၄)

Vol. 80 Ch. 793-794

အခန်း (၇၉၃) နာရေးခေါင်းလောင်းသံ၊ ဓားဦးဆောင်သူအဖြစ် ပြန်လည်ရပ်တည်ခြင်း

နဂါးဝိညာဥ်အသီးလား

ဖန့်ချန်ရဲ့ အကြည့်တွေ လှုပ်ရှားသွားပြီး နဂါးဝိညာဥ်အသီး တစ်လုံးကို ထုတ်ယူလိုက်တယ်။

ရွှမ်ဖျင့် ကတော့ မြင်တာနဲ့တင် စားချင်စိတွေထိန်းမရဖြစ်နေပေမဲ့ အခု ဒီအသီးက သူ့အတွက် မဟုတ်ဘူးဆိုတာ သူနားလည်ပါတယ်။

ဒါက နောက်ဆုံးကျန်တဲ့ နဂါးဝိညာဥ်အသီးပါ၊ ဖန့်ချန်က အရေးပေါ်သုံးဖို့ တမင်ချန်ထားခဲ့တာ ဖြစ်ပေမဲ့ အခုလို အချိန်မျိုးမှာ အသုံးတည့်လာလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။

"နဂါးဝိညာဥ်အသီးက သာမန်လူတစ်ယောက်ကို သက်တမ်း (၁၀၀) တိုးစေနိုင်တယ် အသက်ဆက်ဖို့အတွက်တော့ တကယ်ကို အသုံးဝင်တာပဲ"

ဖန့်ချန်ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာတယ်။

တကယ်လို့ မှန်လေး ကသာ သတိမပေးခဲ့ရင် သူ ဒီကိစ္စကို မေ့တောင်မေ့နေတော့မှာပါ။

"ဟင်း..."

ဖန့်ချန် မိနစ်အနည်းငယ်လောက် စဉ်းစားနေပြီးမှ ရုတ်တရက် သူ့ကိုယ်သူ လှောင်ပြောင်သလို ပြုံးလိုက်မိတယ်။

သူ မေ့သွားတာ မဟုတ်ပါဘူး၊ သူ့ရဲ့ ဦးနှောက်က အရင်လို ကောင်းကောင်း အလုပ်မလုပ်တော့တာပါ။

မှတ်ဉာဏ် အတော်များများကတောင် ဝေဝေဝါးဝါး ဖြစ်လာပြီ၊ ဒါက သက်တမ်းကုန်ခမ်းတော့မယ့် လက္ခဏာပဲ မဟုတ်လား။

"အစ်ကို ဒီနဂါးဝိညာဥ်အသီးကို စားမယ့်အချိန်က အတိအကျ မှန်ကန်ဖို့ လိုတယ်နော် မင်းရဲ့ ကျင့်ကြံခြင်း စွမ်းအားတွေ ရှိနေသေးရင် ဒါကို စားလည်း ထူးထူးခြားခြား အသုံးမဝင်ဘူး"

"ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်း စွမ်းအားတွေ မရှိတော့ဘူးဆိုရင် မင်းရဲ့ အခုရှိနေတဲ့ သက်တမ်းအရ ချက်ချင်း ခန္ဓာကိုယ် ချုပ်ငြိမ်းသွားလိမ့်မယ် လူက သေသွားပြီဆိုရင်တော့ နဂါးဝိညာဥ်အသီးကို စားလည်း အဓိပ္ပာယ် မရှိတော့ဘူး"

ဖန့်ချန်က သာသာလေး ခေါင်းညိတ်ပြလိုက်တယ်။

နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားတယ်။

နောက်ဆုံးသော ဝိညာဉ်သွေး တစ်စက် ယိုစီးကုန်ဆုံးသွားတဲ့ အခါမှာတော့ ဖန့်ချန်ရဲ့ ကျန်ရှိနေတဲ့ အသားမျှင်လေးတွေက စတင် ခြောက်ကပ်လာတော့တယ်။

"အစ်ကို... ဘာကို စောင့်နေတာလဲ"

မှန်လေးရဲ့ အသံက နားထဲမှာ ခေါင်းလောင်းသံကြီးလို ဟိန်းထွက်လာတယ်။

ဖန့်ချန်က နဂါးဝိညာဥ်အသီးကို ဆွဲယူပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်တော့တယ်။

နဂါးဝိညာဥ်အသီးက နွေးထွေးတဲ့ စွမ်းအင်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ် တစ်ခုလုံးဆီ ပျံ့နှံ့သွားတယ်။

ဖြည်းဖြည်းချင်းပဲ ဖန့်ချန်ရဲ့ ကိုယ်ပေါ်က သေမင်းရဲ့ အငွေ့အသက်တွေ ပျောက်ကွယ်သွားပြီး၊ အသားတွေလည်း နည်းနည်း ပြန်ပြည့်လာတယ်။

ဒါပေမဲ့ သူ့ရဲ့ ရုပ်ရည်ကတော့ ထူးထူးခြားခြား ပြောင်းလဲမသွားဘူး၊ အခုထိ အသက် (၈၀၊ ၉၀) အရွယ် အဘိုးအို တစ်ယောက်လိုပါပဲ။

"ဘာပဲဖြစ်ဖြစ် အသက်တော့ ချမ်းသာရာ ရသွားပြီပေါ့"

မှန်လေးရဲ့ အသံက တကယ့်ကို စိတ်အေးသွားတဲ့ ပုံစံမျိုးပါပဲ။

"အရှင်... အခု ဘယ်လို ခံစားရလဲ"

စက္ကူရုပ်ဖြူက တိုးတိုးလေး မေးတယ်။

ခံစားချက်လား

ဖန့်ချန်က သူ့ရဲ့ အရိုးခြောက်လို ခန္ဓာကိုယ်ကို နည်းနည်း လှုပ်ရှားကြည့်လိုက်ရာ၊ လည်ချောင်းထဲကနေ အိုမင်းပြီး အက်ကွဲနေတဲ့ အသံကြီး ထွက်လာတယ်

"ခံစားချက်ကတော့ မဆိုးပါဘူး လမ်းတော့ လျှောက်လို့ ရသေးတယ်"

သူ ခန့်မှန်းထားတဲ့အတိုင်းပါပဲ ဝိညာဉ်စွမ်းအားတွေ အောက်ဆုံးထိ ရောက်သွားပြီးတဲ့နောက် ပြန်ပြီး ခုန်တက်မလာတော့ဘူး၊ ကိုယ်ထဲမှာ ဝိညာဉ်စွမ်းအား တစ်စက်မှ မရှိတော့ဘူး။

ဒါတင်မကသေးဘူး သူ့ရဲ့ စိတ်ဝိညာဉ် ကလည်း သာမန်လူတစ်ယောက်လိုပဲ ဖြစ်သွားပြီး၊ အရင်လို စိတ်ကြိုက် ခန္ဓာကိုယ်ထဲက ထွက်လို့ မရတော့ဘူး။

ခြုံပြောရရင်တော့... သူ အခု တာအိုနယ်မြေ (၃၀၀၀) ထဲမှာ ရှိနေသေးတာရယ်၊ ဘေးမှာ စက္ကူရုပ်ဖြူ၊ စက္ကူရုပ်နက်၊ မှန်လေး၊ ဓားငယ်လေးနဲ့ ရွှမ်ဖျင့်တို့ ရှိနေတာကလွဲရင် ကျန်တာ အားလုံးက သာမန် အဘိုးကြီး တစ်ယောက်နဲ့ ဘာမှ မခြားတော့ပါဘူး။

တကယ်တော့ အဲဒီ အဘိုးကြီးတွေထက်တောင် ဆိုးပါသေးတယ်။

သူ့မျက်လုံးတွေက ကန်းနေပြီလေ။

အရင်တုန်းကတော့ တောက်ပသောနတ်ဘုရားမျက်လုံး မရှိရင်တောင်မှ စူးရှတဲ့ အာရုံခံစားမှု နဲ့ ပတ်ဝန်းကျင် အားလုံးကို သိနိုင်ခဲ့တာပါ။

ဒါပေမဲ့ အခုတော့ သူ့ရဲ့ အာရုံခံစားမှုတွေကလည်း အင်မတန် ထုံထိုင်းသွားပြီ။

သူ့ရှေ့မှာ လူတစ်ယောက် ရပ်နေရင်တောင် အဲဒီလူက အသံမထွက်သရွေ့ သူ သိနိုင်မှာ မဟုတ်တော့ဘူး။

ဓားငယ်လေး၊ မှန်လေး၊ ရွှမ်ဖျင့် နဲ့ စက္ကူရုပ်တွေကိုလည်း အရင်လို ကိုယ်ထဲ ပြန်သိမ်းလို့ မရတော့ဘူး။

တာအိုနယ်မြေထဲကနေ ထွက်သွားရင်တောင်

တောရိုင်းကျောင်းတော်ရဲ့ တောရိုင်းတံဆိပ်ကိုသုံးပြီး ပြန်ဖို့ မဖြစ်နိုင်တော့ဘူး။

ဒါပေမဲ့... သူ့ကိုယ်ထဲမှာ ထူးခြားတဲ့ အငွေ့အသက်တစ်ခု စီးဆင်းနေတာကိုတော့ သူ မှိန်မှိန်လေး ခံစားနေရတုန်းပဲ။

အဲဒီ အငွေ့အသက်က သူ မျိုချခဲ့တဲ့ ရွှမ်ဖျင့်ရဲ့ အနှစ်သာရသွေး ပါပဲ။

ဒီအငွေ့အသက် ရှိနေသေးတယ်ဆိုတာက သူ ဝိညာဥ်သန္ဓေသား အဆင့်တက်တာ တကယ်ကြီး ကျရှုံးသွားတာ မဟုတ်ဘဲ၊ ပြုပြင်ပြောင်းလဲမှု အချို့ လိုအပ်နေတာကို ပြနေတာပါ။

"မှန်လေး... ငါ ဒီထဲရောက်နေတာ ဘယ်လောက် ကြာပြီလဲ"

ဖန့်ချန်က မေးလိုက်တယ်။

"အစ်ကို... မနက်ဖြန်ဆိုရင် အတိအကျ (၁၀) နှစ် ပြည့်ပြီ"

လို့ မှန်လေးက ဖြေတယ်။

"(၁၀) နှစ် အတိအကျလား? နှမြောစရာပဲ..."

ဖန့်ချန်က သက်ပြင်းချလိုက်တယ်။

တာအိုနယ်မြေ (၃၀၀၀) ထဲမှာ ဝိညာဉ်စွမ်းအားတွေ ပြည့်နှက်နေတာက သူ့အတွက် တာအိုသုံးထောင်ပညာရပ် ရဲ့ အခြေခံပိုင်းကို ပြန်ကျင့်ဖို့ အများကြီး အထောက်အကူ ဖြစ်မှာပါ။

ဒါပေမဲ့ သူ့မှာ အချိန် မကျန်တော့သလို၊ တာအိုနယ်မြေထဲ ထပ်ဝင်ဖို့အတွက် အလယ်လတ် ဝိညာဥ်ကျောက်တုံးတွေလည်း အလုံအလောက် မရှိတော့ဘူး။

ရှိတယ်ဆိုရင်တောင် အခု သူ့ရဲ့ သာမန်လူ ခန္ဓာကိုယ်နဲ့ ကျောက်စိမ်းလုံး ကို လှုပ်ရှားအောင် လုပ်နိုင်ပါ့ဦးမလား။

နောက်တစ်နေ့မှာတော့...

ဖန့်ချန်ဟာ ခုနက ကျောက်ဆောင်ပေါ်ကို ပြန်ရောက်လာခဲ့တယ်။

တာအိုနယ်မြေထဲ မဝင်ခင်တုန်းကတော့ တက်ကြွလှပတဲ့ လူငယ်လေး၊ အခု ပြန်ထွက်လာတော့မှ နေဝင်ချိန် ရောက်နေတဲ့ အိုမင်းမစွမ်း အဘိုးကြီး ဖြစ်နေပြီ။

"အရှင်... မြောင်ယန်ရဲ့ အလောင်းက ဒီမှာ ရှိနေတယ်"

လို့ စက္ကူရုပ်နက်က သတိပေးလိုက်တယ်။

"မြောင်ယန်ရဲ့ အလောင်းက နတ်မိစ္ဆာပင်လယ် ထဲမှာ ရှိနေရမှာ အခု ဒီမှာ ပေါ်လာတယ်ဆိုတော့ သူ သေပြီးတဲ့နောက် ဟို ရွှေခြင်္သေ့နတ်ဘုရား ကို တကယ်ပဲ သွားပြီး နှိုးဆော်လိုက်ပုံရတယ် ဒီလိုမျိုး အဝေးကနေ ကိုယ်ယောင်ပြနိုင်တဲ့ နည်းလမ်းက ပုဒု မသေမျိုး နဲ့ နည်းနည်း ဆင်တူတယ် အမွှေးတိုင်လမ်းစဉ် ကတော့ အတူတူပဲ ဖြစ်လိမ့်မယ်"

ဖန့်ချန်က ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်နေတာကို မြင်တော့ စက္ကူရုပ်ဖြူက တိုးတိုးလေး ပြောတယ်

"အရှင်... ကျုပ်တို့က ဒီလောကထဲမှာ အကြာကြီး ဒီအတိုင်း နေလို့ မရဘူး အရင်ဆုံး ဒီနေရာကနေ ထွက်သွားပြီး ဘေးကင်းတဲ့ နေရာတစ်ခု ရှာကြမလား"

"မင်းတို့ နှစ်ယောက်ကို အကူအညီ တောင်းရမှာပဲ"

ဖန့်ချန်က သာသာလေး ခေါင်းညိတ်ပြတယ်။

ဒါနဲ့ စက္ကူရုပ်ဖြူနဲ့ စက္ကူရုပ်နက်တို့က ဖန့်ချန်ကို တစ်ဖက်တစ်ချက်ကနေ မလိုက်ကြပြီး၊ ဖန့်ချန်ကို သူတို့ရဲ့ ပုခုံးပေါ်မှာ ထိုင်ခိုင်းကာ အဝေးကို ပျံသန်း ထွက်ခွာသွားကြတော့တယ်။

အဲဒီအချိန်မှာပဲ...

ကျုံးကျိုး (အလယ်ပိုင်းတိုက်ကြီး) မှာတော့... လွမ်းမောဖွယ် ခေါင်းလောင်းသံတစ်ခု ဟိန်းထွက်လာတယ်။

ကျင့်ကြံသူ အမြောက်အမြားဟာ အံ့ဩသွားကြပြီးမှ ခေါင်းခါကာ ပြုံးလိုက်ကြတယ်

"နောက်ထပ် နာရေးခေါင်းလောင်းသံပဲလား ကျုံးကျိုးမှာ နောက်ထပ် နတ်မျိုးစေ့ တစ်ယောက် ကျရှုံးသွားပြန်ပြီပေါ့"

မကြာသေးခင်တုန်းကပဲ ခေါင်းလောင်းသံတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပြီး၊ မုန့်ထျန်းရှု၊ ရန်ချင်း၊ ဖန့်ဇီ၊ တင်းဝမ် နဲ့ တုကုန်း တို့ သေဆုံးခဲ့တာကို အတည်ပြုနိုင်ခဲ့ကြတယ်။

အခု တစ်ခေါက်ကတော့ ဘယ်သူလဲဆိုတာ ဘယ်သူမှ မသိကြဘူး။

ဟင်လင်းပြင်ထာဝရဓားဂိုဏ်း မှာတော့... ဓားကျင့်ကြံသူ အမြောက်အမြားဟာ သူတို့ လုပ်လက်စ အလုပ်တွေကို ရပ်တန့်ပြီး ပင်မတောင်ထိပ် ဘက်ကို မော့ကြည့်လိုက်ကြတယ်။

ပင်မတောင်ထိပ်ဆီကနေ နားကွဲမတတ် ဟိန်းထွက်လာတဲ့ ခေါင်းလောင်းသံတစ်ခု ကြားလိုက်ရလို့ပါ။

"ဘယ်သူ သေဆုံးသွားတာလဲ"

"ဒါက နတ်မျိုးစေ့ တစ်ယောက် ကျဆုံးတဲ့အသံပဲ ငါတို့ ဓားဂိုဏ်းမှာ ရှိတဲ့ တစ်ဦးတည်းသော နတ်မျိုးစေ့က..."

လူတိုင်း ထိတ်လန့်သွားကြပြီး ပင်မတောင်ထိပ်ဆီကို တပြိုင်နက်တည်း ပြေးသွားကြတော့တယ်။

သူတို့ ရောက်သွားတဲ့အခါမှာတော့ ကျိကျန့်တောင်ထိပ် တောင်ထိပ်ရှင် ကျန်းလင် နဲ့ တခြားသူတွေဟာ မျက်နှာတွေ အမှောင်ကျပြီး စုဝေးနေကြတာကို တွေ့လိုက်ရတယ်။

ခဏအကြာမှာတော့ ဝမ်ကျိလုံ ဟာ ဂိုဏ်းချုပ်နန်းတော်ထဲကနေ ထွက်လာတယ်။

သူ့ရဲ့ မျက်နှာက အေးစက်နေပြီး လူအုပ်ကို ကြည့်ကာ -

"တောရိုင်းကျောင်း နဲ့ တာအိုသုံးထောင်ဂိုဏ်း နှစ်ခုလုံးမှာ ခေါင်းလောင်းသံ မြည်ခဲ့တယ် သေဆုံးသူဟာ ငါ့တပည့် ဖန့်ချန် ဖြစ်ကြောင်း အတည်ပြုပြီးပြီ"

"ဖန့်စီနီယာက ဘယ်လိုလုပ်ပြီး..."

လန်ယာဝမ်ချိုး တို့ အုပ်စုကတော့ မယုံနိုင်စရာ ဖြစ်နေကြတယ်။

ဖန့်ချန်က အခုဆိုရင် ဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူ ဖြစ်နေပြီလေ၊ ဘာလို့ ဒီလောက် ရုတ်တရက်ကြီး ကျဆုံးသွားရတာလဲ

ချင်ဟော့ချန်း က သူ့ရဲ့ ညီငယ်၊ ညီမငယ်တွေကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်

"ဒီခေါင်းလောင်းသံက... မမှားနိုင်ဘူး"

သူ့ရဲ့ အကြည့်တွေက ရှုပ်ထွေးနေတယ်။ ဖန့်ချန်... တကယ်ပဲ သေသွားပြီလား

ကျန်းလင် တို့ရဲ့ မျက်နှာတွေလည်း ပြောမပြတတ်အောင် ဖြစ်နေကြတယ်။

ဒါနဲ့ဆိုရင် ဝမ်ကျိလုံရဲ့ တပည့် (၃) ယောက်လုံး သေကုန်ကြပြီပေါ့...။

"မင်းတို့ အရမ်း ဝမ်းနည်းမနေကြနဲ့ဦး သူ့ရဲ့ ဝိညာဉ်မီးအိမ် ကတော့ မငြိမ်းသေးဘူး"

လို့ ဝမ်ကျိလုံက ပြောလိုက်တယ်။

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။

ဝိညာဉ်မီးအိမ်က မငြိမ်းသေးဘူးဆိုရင် ဘာလို့... နတ်မျိုးစေ့ နာရေးခေါင်းလောင်းသံ မြည်တာလဲ

ကျန်းလင်က လေးလေးနက်နက် မေးတယ်

"ဝမ်စီနီယာ... ဖန့်ချန်က ဝိညာဥ်သန္ဓေသား အဆင့်တက်တာ ကျရှုံးသွားတာလား..."

ဝိညာဥ်သန္ဓေသား အဆင့်တက်တာ ကျရှုံးတာလား...။

လူတိုင်း စဉ်းစားနေကြတယ်။

ဝမ်ကျိလုံက ခေါင်းညိတ်ပြတယ်

"တောရိုင်းကျောင်းတော်က ဆရာကျိ ကလည်း အဲဒီလိုပဲ ထင်တယ် ဝိညာဥ်သန္ဓေသား အဆင့်တက်တာ ကျရှုံးသွားတာ ဖြစ်ရမယ်"

လန်ယာဝမ်ချိုးကတော့ စိတ်အေးသွားတယ်။ မသေဘူးဆိုရင် တော်သေးတာပေါ့။

ဒါပေမဲ့ ဝိညာဥ်သန္ဓေသား အဆင့်တက်တာ ကျရှုံးသွားတဲ့ ကျင့်ကြံသူတွေရဲ့ ကံကြမ္မာကို တွေးမိတော့ မျက်နှာက ပြန်ပြီး ပူပန်လာပြန်တယ်။

"ဝိညာဥ်သန္ဓေသား အဆင့်တက်တာ ကျရှုံးတယ်ဆိုတာ... သာမန်လူ ဖြစ်သွားတာပဲ ပြန်ကျင့်ချင်ရင်တောင် အချိန်မရှိတော့ဘူး ကျုပ်တို့လည်း သူ ဘယ်မှာ ရှိနေလဲဆိုတာ မသိဘူး သွားခေါ်ချင်ရင်တောင် ဘယ်ကို သွားရမှန်း မသိဘူး သူကိုယ်တိုင်လည်း... ပြန်လာနိုင်တဲ့ အစွမ်း ရှိမှာ မဟုတ်တော့ဘူး"

လို့ မုတ်ဆိတ်ရှည် ဓားကျင့်ကြံသူက တိုးတိုးလေး ပြောတယ်။

"အခု ငါတို့မှာ လုပ်ရမယ့် အလုပ် နှစ်ခု ရှိတယ် ပထမတစ်ခုက ဓားဦးဆောင်သူ တစ်ယောက်ကို အသစ် ပြန်ခန့်အပ်ဖို့ပဲ"

လို့ ဝမ်ကျိလုံက လေးနက်စွာ ပြောလိုက်တယ်။

"ဒုတိယ တစ်ခုကတော့... ဓားဦးဆောင်သူကို သတ်မှတ်ပြီးတာနဲ့ မင်းတို့အားလုံး ထွက်ပြီး ဖန့်ချန်ကို ရှာကြပါ အသက်ရှင်နေရင် လူကို တွေ့ရမယ် သေသွားရင် အလောင်းကို တွေ့ရမယ်"

တောင်ထိပ်ရှင်တွေ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။

လူရှာတာကတော့ ဟုတ်ပါပြီ ဒါပေမဲ့ ဓားဦးဆောင်သူ အသစ် ခန့်အပ်ဖို့ကတော့...

"ကျိကျန့်တောင်ထိပ် ချင်ဟော့ချန်း... အမိန့်ကို နာခံစေ"

လို့ ဝမ်ကျိလုံက အေးဆေးစွာ ပြောလိုက်တယ်။

လူတိုင်း အံ့ဩသွားကြပြီး ချင်ဟော့ချန်းကို လှည့်ကြည့်လိုက်ကြတယ်။

"တပည့် ရှိနေပါတယ်"

ချင်ဟော့ချန်းက လက်အုပ်ချီပြီး အလေးအမြတ် ပြုလိုက်တယ်။

"ဒီနေ့ကစပြီး မင်းက ဓားဂိုဏ်း ရဲ့ ဓားဦးဆောင်သူ ပဲ ဓားလမ်းစဉ်ရဲ့ စိန်ခေါ်မှုကို မင်းပဲ ဆက်လျှောက်ရမယ်"

"တပည့်... အမိန့်ကို နာခံပါတယ်"

လို့ ချင်ဟော့ချန်းက လေးလေးနက်နက် ခေါင်းညိတ်လိုက်တယ်။

တောင်ထိပ်ရှင်တွေကတော့ မျက်မှောင်ကြုတ်မိကြတယ်။

ချင်ဟော့ချန်းရဲ့ ကျင့်ကြံခြင်းက မဆိုးဘူးဆိုပေမဲ့ တိထျန်း နဲ့ ပေတုံ က ရွယ်တူ ဓားကျင့်ကြံသူတွေနဲ့ ယှဉ်ရင်တော့ ကွာဟချက် ရှိနေသေးတယ်လေ...။

သူတို့က ဝမ်ကျိလုံကို ထပ်ပြီး စဉ်းစားပေးဖို့ ပြောမလို့ လုပ်တုန်းမှာပဲ၊ ဝမ်ကျိလုံက လှည့်ထွက်သွားပြီ

"အခုတော့... လူကို သွားရှာကြတော့ ငါ့မှာ တပည့် သုံးယောက်ပဲ ရှိတာ နှစ်ယောက် သေသွားပြီတတိယ တစ်ယောက်ကိုတော့ လမ်းခုလတ်မှာ အဆုံးမခံနိုင်ဘူး"

"ဟူး... အဘိုးကြီး ပြောတဲ့အတိုင်းပဲ လုပ်ကြရအောင်"

လို့ ဂိုဏ်းချုပ်က သက်ပြင်းချရင်း ပြောလိုက်တယ်။

ကျန်းလင် တို့လည်း တိတ်ဆိတ်သွားကြပြီး ခေါင်းညိတ်ကာ လူစုခွဲ ထွက်ခွာသွားကြတော့တယ်ဗျ။

အခန်း (၇၉၄) ဝိညာဥ်သုတ်သင်ခြင်းဌာန၏ ခံစားခွင့်

တောရိုင်းကျောင်းတော် ရဲ့ ဌာနခြောက်ခုက တပည့်တွေဟာ သူတို့ရဲ့ ကျင့်ကြံရာ ဂူဗိမာန်တွေထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီး၊ ကောင်းကင်ယံမှာ မြင့်မားစွာ ချိတ်ဆွဲထားတဲ့ ကြီးမားလှတဲ့ ကြေးခေါင်းလောင်းကြီးကို အဝေးကနေ လှမ်းကြည့်ရင်း စုဝေးနေကြတယ်။

"တောရိုင်းကျောင်းတော်ရဲ့ နတ်မျိုးစေ့ တစ်ယောက် ကျဆုံးသွားတာလား ဘယ်သူဖြစ်မယ်လို့ အားလုံး ထင်ကြလဲ"

ဟွာမြောင်ချင်က တိုးတိုးလေး မေးလိုက်တယ်။

ကျောက်ကျောင်လုံကတော့ ဘာမှပြန်မပြောဘူး။

ယွီချင်းကျီ ကတော့ ရုတ်တရက် ကောင်းကင်လျှိုဝှက်မှန် ကို ထုတ်ကြည့်လိုက်ပြီးနောက် တိုးတိုးလေး ပြောတယ်

"ဖန့်ညီလေးပဲ"

"သူလား"

ကျောက်ကျောင်လုံ ခဏတာ ကြောင်သွားပြီး ထူးဆန်းတဲ့ မျက်နှာပေးနဲ့

"တိထျန်း က ဓားကျင့်ကြံသူတွေရဲ့ လက်ချက်နဲ့ သေသွားတာလား"

သူ့အမြင်မှာတော့ ဖန့်ချန် ကျဆုံးရမယ့် အကြောင်းရင်းက တစ်ခုပဲ ရှိတယ်၊ အဲဒါက ခွန်လွန်ဓားဂိုဏ်း က ဓားကျင့်ကြံသူတွေနဲ့ တွေ့တာပဲ။

ဒါမှမဟုတ်ရင် ဘယ်သူက ဖန့်ချန်ကို အလွယ်တကူ လက်ဖျားနဲ့တောင် တို့ရဲမှာလဲ

ဒါ့အပြင် မကြာသေးခင်ကမှ ခွန်လွန်ဓားဂိုဏ်းက ဓားကျင့်ကြံသူ ဝူချန်စိုက် ဟာ ဖန့်ချန်ရဲ့လက်ချက်နဲ့ သေဆုံးသွားခဲ့သေးတယ် မဟုတ်လား။

"ဖန့်ညီလေးရဲ့ ဝိညာဉ်မီးအိမ် က မငြိမ်းသေးဘူး ဝိညာဥ်သန္ဓေသား အဆင့်တက်တာ ကျရှုံးသွားတာ ဖြစ်ရမယ်"

ယွီချင်းကျီက သက်ပြင်းချလိုက်တယ်

"သူ့ရဲ့ ပါရမီတွေကို နှမြောစရာပဲ တောရိုင်းကျောင်းတော်က ဖန့်ညီလေးကို အမြန်ဆုံး ရှာတွေ့နိုင်ပါစေလို့ပဲ မျှော်လင့်ရတာပဲ"

"ယွီစီနီယာ မင်းက ဒီသတင်းကို ဘယ်ကနေ ရတာလဲ"

ကျောက်ကျောင်လုံက အံ့ဩတကြီး မေးတယ်။

ယွီချင်းကျီက

"ဒီကိစ္စက အပြင်လောကမှာ အကြီးအကျယ် ဂယက်ထနေပြီလေ ဘက်ပေါင်းစုံက ဆွေးနွေးနေကြတာ သတင်းသိဖို့ဆိုတာ မခက်ခဲပါဘူး"

လူတိုင်းက ခေါင်းညိတ်ကြတယ် ယွီချင်းကျီရဲ့ သတင်းမြစ်ကိုလည်း ဘယ်သူမှ မသံသယမဖြစ်ကြဘူး ဘာလို့လဲဆိုတော့ တခြားသူတွေလည်း မှန် ထဲကနေ ဒီသတင်းကို သိနေကြလို့ပဲ။

...

တောရိုင်းကျမ်းစာဆောင်

ကျိမသေမျိုးဘုရင် ဟာ အဘိုးရွှင် ရဲ့ ဘေးနားကို တိတ်တဆိတ် ကပ်သွားပြီး တိုးတိုးလေး မေးတယ်

"ကျောင်းတော်အုပ်ကြီး ဖန့်ချန်ရဲ့ ကိစ္စကို ဘယ်လို မြင်ပါသလဲ "

"ငါက ဘယ်လို မြင်ရမှာလဲ ဝိညာဉ်မီးအိမ် မငြိမ်းသေးသရွေ့ အလှည့်အပြောင်းက ရှိနေဦးမှာပဲ တကယ်လို့ သူ သေသွားခဲ့ရင်တောင် ငါက အိုယန်ရွှမ်ကျိ တို့ကို ဝိညာဉ်လောကသို့ သွားခြင်း ခိုင်းပြီး အဲဒီကောင်လေးကို ပြန်ခေါ်ခိုင်းမှာပေါ့"

အဘိုးရွှင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်တယ်။

ဆရာကျိ ခဏတာ ကြောင်သွားတယ်

"ဝိညာဉ်လောကသို့ သွားခြင်း ဒီပညာရပ်က ပျောက်ကွယ်သွားတာ ကြာပြီ မဟုတ်လား..."

"မကြာသေးခင်ကမှ သူတို့ ပြန်ရှာတွေ့ထားကြတာ"

အဘိုးရွှင်က အေးစက်စွာ ပြုံးလိုက်တယ်။

"ဒါက ထိုက်တန်ရဲ့လား ဝိညာဉ်လောကကို သွားရတဲ့ အဖိုးအခက သာမန် ကျင့်ကြံသူတွေ မခံစားနိုင်ဘူးလို့ ကြားဖူးတယ် အိုယန်ရွှမ်ကျိ က မသေမျိုးဘုရင် တစ်ပါး ဖြစ်နေတာတောင် ဒီပညာရပ်ကို အလွယ်တကူ သုံးမှာ မဟုတ်ဘူး"

လို့ ဆရာကျိက ပြောတယ်။

အဘိုးရွှင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး

"ဒီကောင်လေးက ငါ့ဆီကနေ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ချေးသွားတယ် သုံးတုံး ပြန်ဆပ်မယ်လို့ ပြောထားတာ တကယ်လို့ သူ တကယ် သေသွားရင် ဒီကြွေးမြီကို မင်း ဆပ်မှာလား"

"ဗျာ..."

ဆရာကျိ ချက်ချင်း နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး အဘိုးရွှင်ကို ငေးကြည့်ကာ

"ကျောင်းအုပ်ကြီး အဆင့်မြင့် ဝိညာဉ်ကျောက်တုံးကို ဘယ်လိုလုပ် ချေးပေးလိုက်တာလဲ တောရိုင်းကျောင်းတော် မှာတောင် အနည်းငယ်ပဲ ရှိတာလေ..."

"ငါ ချေးပေးလိုက်တာလား မင်း ချေးပေးလိုက်တာ မဟုတ်ဘူးလား ဆရာကျိ"

အဘိုးရွှင်က ခပ်အေးအေး ပြုံးလိုက်ပြီး ဆရာကျိရဲ့ ပုခုံးကို ပုတ်ကာ ကျမ်းစာဆောင်ထဲကနေ ထွက်သွားတော့တယ်။

"ကျုပ်... ဒီအဘိုးကြီးက ကျုပ်ကို အပြစ်ပုံချတော့မှာပဲ"

ဆရာကျိရဲ့ မျက်နှာက ပျက်သွားပြီ။

တကယ်လို့ ဒီကိစ္စကို ကျန်တဲ့ ဆရာငါးယောက်သာ သိသွားရင်၊ နောက်လာမယ့် နှစ်တွေမှာ သူ ဘယ်လို မျက်နှာချင်းဆိုင်ရမလဲဆိုတာ မတွေးရဲစရာပဲ...။

"ဒီကောင်လေးကလည်း တကယ်ပဲ ကမောက်ကမ လုပ်တာပဲ ဝိညာဥ်သန္ဓေသား အဆင့်တက်မယ်ဆိုရင်လည်း အသိပေးဦးမှပေါ့ ငါကိုယ်တိုင် စောင့်ရှောက်ပေးရင် ကျရှုံးဖို့ဆိုတာ ခက်ပါတယ်ဆိုမှ..."

ဆရာကျိက ဖန့်ချန်ကို ပြန်တွေးမိပြီး မဆဲရုံတမယ် ရေရွတ်လိုက်မိတယ် အဲဒီနောက်တော့ ဒီနေရာကနေ အမြန် ထွက်သွားတော့တယ်။

သူ့လူတွေကို ဖန့်ချန်ကို သွားရှာခိုင်းရမယ် အသက်ရှင်ရင် လူကို တွေ့ရမယ် သေရင် အလောင်းကို တွေ့ရမယ်။

ချန်းတောက်စံအိမ်၊ တာအိုသုံးထောင်ဂိုဏ်း

ဒီနေရာက ကျင့်ကြံသူတွေကတော့ နတ်မျိုးစေ့ နာရေးခေါင်းလောင်းသံကို သိပ်မရင်းနှီးကြဘူး ဒါကြောင့် အစမှာ ဘာမှ သတိမထားမိကြဘဲ ခေါင်းလောင်းသံက အကြာကြီး မြည်နေတော့မှ ဘာဖြစ်တာလဲဆိုတာ ဖြည်းဖြည်းချင်း နားလည်လာကြတယ်။

"အားလုံးပဲ ကျင့်ကြံဖို့ ပြန်ကြတော့ ဒီခေါင်းလောင်းသံကို ဂရုမစိုက်နဲ့ ခဏမြည်ပြီးရင် တိတ်သွားမှာပဲ"

လီတောက်ယဲ့ က ရွှီအကြီးကဲ တို့ကို လွှတ်လိုက်တယ်။

သူတို့ ထွက်သွားတာနဲ့ လီတောက်ယဲ့ရဲ့ မျက်နှာက တကယ်ကို လေးနက်သွားတော့တယ်။

နတ်မျိုးစေ့ နာရေးခေါင်းလောင်းသံ။

အခု တာအိုသုံးထောင်ဂိုဏ်း မှာ နတ်မျိုးစေ့ ဆိုလို့ ဖန့်ချန် တစ်ယောက်တည်းပဲ ရှိတာလေ။

"အစ်ကိုလီ... ဒီခေါင်းလောင်းသံက... နတ်မျိုးစေ့ တစ်ယောက် ကျဆုံးသွားတာကို ဆိုလိုတာလား"

ဖန့်ကျစ်ရွှယ် က အထဲကို ဝင်လာပြီး မျက်နှာဖြူဖျော့စွာနဲ့ လီတောက်ယဲ့ကို ကြည့်ကာ မေးလိုက်တယ်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မင်း လျှောက်မတွေးနဲ့"

လီတောက်ယဲ့က ပြုံးပြီး လက်ခါပြလိုက်တယ်

"ပြန်သွားပြီး ကောင်းကောင်း ကျင့်ကြံနေပါ မင်းအစ်ကို ပြန်လာရင် သူ့ကို အံ့အားသင့်အောင် လုပ်ပေးရမယ် မဟုတ်လား"

ဖန့်ကျစ်ရွှယ်က တစ်ဝက်တစ်ပျက်ပဲ ယုံပေမဲ့ လီတောက်ယဲ့ရဲ့ ပေါ့ပေါ့ပါးပါး မျက်နှာပေးကို မြင်တော့ နည်းနည်း စိတ်အေးသွားပြီး ပြန်ထွက်သွားတယ်။

အနားမှာ ဘယ်သူမှ မရှိတာ သေချာတော့မှ လီတောက်ယဲ့က ရုတ်တရက် မြေကြီးပေါ်မှာ တင်ပလ္လင်ခွေ ထိုင်လိုက်တယ်၊ နောက်တစ်စက္ကန့်မှာပဲ သူ့ကိုယ်ထဲကနေ ဖြူဖွေးတဲ့ အငွေ့တွေ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့တယ်။

မိနစ် (၃၀) လောက် ကြာတော့မှ အဲဒီ အငွေ့တွေက လီတောက်ယယ်ရဲ့ ကိုယ်ထဲ ပြန်ဝင်သွားတယ်၊ သူ့ရဲ့ မျက်နှာက အနည်းငယ် အိုမင်းသွားသလို ဆံပင်တချို့လည်း ဖြူသွားတယ်၊ ဒါပေမဲ့ သူ့မျက်နှာမှာတော့ အပြုံးတစ်ခု ရှိနေတယ်။

"မသေသေးရင် တော်ပြီ"

...

...

ကျယ်ပြောလှတဲ့ နတ်မိစ္ဆာပင်လယ် ထဲမှာတော့ စက္ကူရုပ်ဖြူနဲ့ စက္ကူရုပ်နက်တို့ရဲ့ အရှိန်အဝါက ပိုပိုပြီး အားနည်းလာတယ်၊ သူတို့ရဲ့ ခန္ဓာကိုယ်တွေကလည်း တဖြည်းဖြည်းနဲ့ ကြည်လင်လာသလိုပဲ။

ဖန့်ချန် တာအိုနယ်မြေ (၃၀၀၀) ကနေ ထွက်လာတာ လပေါင်းများစွာ ကြာခဲ့ပြီ။

ဒီလတွေအတွင်းမှာ သူတို့ နားခိုဖို့ သင့်တော်တဲ့ ကျွန်းတစ်ကျွန်းတောင် ရှာမတွေ့ခဲ့ကြဘူး။

"မင်းတို့ ဘယ်လောက်အထိ တောင့်ခံနိုင်ဦးမလဲ"

ဖန့်ချန်က ရုတ်တရက် မေးလိုက်တယ်။

စက္ကူရုပ်ဖြူက တိုးတိုးလေး ဖြေတယ်

"နောက်ထပ် သုံးလလောက်တော့ တောင့်ခံနိုင်ပါသေးတယ် အရှင် စိတ်မပူပါနဲ့ ကျုပ်တို့က ခေတ္တခဏပဲ ထွက်သွားရမှာပါ အရှင် မသေမျိုးလမ်းစဉ်ကို ပြန်လည်ကျင့်ကြံနိုင်တဲ့နေ့မှာ ကျုပ်တို့ကို ပြန်ခေါ်လို့ ရမှာပါ"

"မသေမျိုးလမ်းစဉ်ကို ပြန်ကျင့်ဖို့လား..."

ဖန့်ချန်က တိတ်ဆိတ်သွားတယ်။

ဒီလတွေအတွင်းမှာ သူလည်း အားမနေပါဘူး၊ တာအိုသုံးထောင်ပညာရပ် ရဲ့ အခြေခံပိုင်းကို ပြန်ကျင့်ဖို့ ကြိုးစားနေတာပါ။

စိတ်ဝိညာဉ်ရဲ့ အထောက်အကူ မပါဘဲ ကျင့်ရတာဆိုတော့ တိုးတက်မှုက သိပ်မမြန်သလို သိပ်လည်း မနှေးလှဘူး။

အခုအရှိန်အတိုင်းဆိုရင် ပထမဆုံး မသေမျိုးသွေးကြော ကို ပြန်ရဖို့ အနည်းဆုံး (၃) နှစ်လောက် ကြာလိမ့်မယ် အဲဒီကျမှ ချီသန့်စင်ခြင်း အဆင့် (၁) ကို ပြန်ရောက်မှာပါ။

ဒါပေမဲ့ သူ့ရဲ့ ခန့်မှန်းချက်အရ အဲဒီအချိန်ရောက်ရင် စိတ်ဝိညာဉ်စွမ်းအားတွေ ပြန်ရလာမှာ ဖြစ်တာကြောင့် နောက်ပိုင်း ကျင့်ကြံတာတွေကတော့ အလိုအလျောက် ချောမွေ့သွားမှာပါ။

မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်ထပ် လအနည်းငယ် ကုန်လွန်သွားပြန်တယ်။

စက္ကူရုပ်ဖြူနဲ့ စက္ကူရုပ်နက်တို့ရဲ့ ကိုယ်ထည်တွေက လုံးဝနီးပါး ကြည်လင်နေပြီ၊ ဒါပေမဲ့ အခုထိ သူတို့ နားခိုလို့ရမယ့် ကျွန်းတစ်ကျွန်းမှ ရှာမတွေ့သေးဘူး။

"ဒီလိုဖြစ်မယ်မှန်း သိရင် ဟိုကျွန်းမှာပဲ နေခဲ့ပါတယ်"

လို့ စက္ကူရုပ်နက်က တိုးတိုးလေး ရေရွတ်တယ်။

ဖန့်ချန်က ပြုံးလိုက်ပြီး

"အဲဒီမှာ နေခဲ့ရင် မြောင်ယန် ကို လာရှာတဲ့ ကျင့်ကြံသူတွေနဲ့ သေချာပေါက် တွေ့မှာပေါ့ မင်းတို့ ငါ့ကို ချပေးခဲ့ပါတော့ ငါ့ခန္ဓာကိုယ်က အားနည်းနေပေမဲ့ ရွှမ်ဖျင့် ရှိနေတာပဲ နတ်မိစ္ဆာပင်လယ် ထဲမှာ အသက်ရှင်ဖို့က မခက်ခဲပါဘူး"

ဖန့်ချန် သူ့နာမည် ခေါ်လိုက်တာကို ကြားတော့ ပင်လယ်ထဲမှာ လှိုင်းလုံးတွေ ထလာပြီး ရွှမ်ဖျင့် က ရေပေါ်ကို တက်လာကာ ဖန့်ချန်ရဲ့ ဘေးကို ကူးလာတယ်။

ရွှမ်ဖျင့် နဲ့ ဖန့်ချန် ရဲ့ ဆက်ဆံရေးက အတူယှဉ်တွဲနေထိုင်ခြင်း မဟုတ်တာကြောင့် ဖန့်ချန် ကျင့်ကြံခြင်း စွမ်းအားတွေ မရှိတော့တာက သူ့အပေါ် သက်ရောက်မှု မရှိပါဘူး။

ဒါပေမဲ့ သူ့ရဲ့ စွမ်းအားကလည်း သိပ်မကြီးလှပါဘူး၊ ပြောရရင် ချီသန့်စင်ခြင်း အဆင့်ရှိတဲ့ မိစ္ဆာသားရဲ တစ်ကောင်လောက်ပဲ ရှိတာပါ။

စက္ကူရုပ်ဖြူနဲ့ စက္ကူရုပ်နက်တို့ သက်ပြင်းချလိုက်ကြတယ်။

ကျယ်ပြောလှတဲ့ နတ်မိစ္ဆာပင်လယ်ထဲမှာ ကျင့်ကြံသူတွေ တစ်ယောက်တည်း သွားရင်တောင် ဘေးအန္တရာယ် များလှတာ၊ သာမန်လူ ခန္ဓာကိုယ်နဲ့ဆိုရင်... ဒါက သေလမ်းပဲ မဟုတ်လား။

အဲဒီအချိန်မှာပဲ... ကြိုးကြာငှက် မြည်သံတစ်ခု ထွက်ပေါ်လာပြီး၊ ကောင်းကင်ယံကနေ ခန္ဓာကိုယ် တစ်ခုလုံး ပြာလဲ့လဲ့ အမွေးတွေရှိတဲ့ ကြိုးကြာငှက်ကြီး တစ်ကောင် ပျံဆင်းလာတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ အဲဒီ ကြိုးကြာငှက်ကြီးက ဖန့်ချန်ရဲ့ ခြေရင်းကို ရောက်လာပြီး သူ့ကို တင်လိုက်တယ်။

စက္ကူရုပ်ဖြူနဲ့ စက္ကူရုပ်နက်တို့က လုံးဝ မပျောက်ကွယ်သွားသေးခင်မှာ ဒါကို မြင်တော့ မျက်မှောင်ကြုတ်သွားကြတယ်။

ဒီကြိုးကြာငှက်ကြီးက ဘယ်ကလဲ

"ဌာနမှူး က မင်းကို နေရာတစ်ခုဆီ ပို့ခိုင်းလိုက်တယ်"

ကြိုးကြာငှက်ကြီးက လူစကား ပြောလိုက်တယ်။

စက္ကူရုပ်တွေကိုတော့ သူ ဂရုမစိုက်ဘူး၊ ရွှမ်ဖျင့် ကို တွေ့တော့မှ ခဏလောက် စိုက်ကြည့်သွားတယ်။

"အရှင်... ဒါ ပြာလဲ့လဲ့ အမွေးတွေနဲ့ နတ်ကြိုးကြာငှက် တစ်ကောင်ပဲ"

လို့ စက္ကူရုပ်ဖြူက တိုးတိုးလေး ပြောတယ်။

ဝိညာဥ်သုတ်သင်ခြင်းဌာန လား

ဖန့်ချန်ရဲ့ မျက်နှာပေးက ထူးဆန်းသွားတယ်။

အဲဒီ နက်နဲလှတဲ့ ဌာနမှူးကြီးက သူ့ကို အမြဲ စောင့်ကြည့်နေတာလား

"မိတ်ဆွေ... ဌာနမှူးက ကျုပ်ကို ဘယ်ကို သွားခိုင်းတာလဲ"

လို့ ဖန့်ချန်က မေးလိုက်တယ်။

"ဌာနမှူးက ပြောတယ် မင်းသာ မသေမျိုးလမ်းစဉ်ကို ပြန်ကျင့်နိုင်ရင် အဲဒီနေရာမှာ လှည့်ပတ်ကြည့်ရှုလေ့လာပါတဲ့ တကယ်လို့ မကျင့်နိုင်ဘူးဆိုရင်တော့ အဲဒီမှာပဲ အိုမင်းပြီး သေဆုံးမယ့်နေ့အထိ အေးအေးဆေးဆေး နေပါတဲ့ မင်းက ဝိညာဥ်သုတ်ခြင်းဌာန အတွက် အကြိမ်ကြိမ် အမှုထမ်းခဲ့ဖူးတာကြောင့် ဒါက မင်းအတွက် ပေးတဲ့ ခံစားခွင့် ပဲ"

ကြိုးကြာငှက်ကြီးက အတောင်ပံ ခတ်လိုက်ရာ လျှပ်စီးတန်း တစ်ခုလိုမျိုး ဖန့်ချန်ကို တင်ပြီး အဝေးကို ပျံထွက်သွားတော့တယ်။

သူ့ရဲ့ အရှိန်က စက္ကူရုပ်ဖြူနဲ့ စက္ကူရုပ်နက်တို့ထက် အများကြီး ပိုမြန်နေတော့တယ်ဗျ။

All Chapters