အခန်း (၇၉၅-၇၉၆)
Vol. 80 Ch. 795-796
အခန်း (၇၉၅) ဘာလို့ ညသန်းခေါင်ကြီး ဒီမှာ တံမြက်လှည်းနေတာလဲ
"အဘိုးကြီး... ဒီနေရာက ဝိုးလုံကျောင်းတော် လား"
ဖုန်မှုန့်တွေ ပေကျံနေတဲ့ သန်မာတောင့်တင်းတဲ့ လူတစ်ယောက်ဟာ ပုဓားမ ကို ကိုင်ပြီး ကောင်လေးတစ်ယောက်ကို လက်ဆွဲကာ လျှောက်လာတယ်။
ကျောင်းတော်တံခါးဝမှာ တံမြက်လှည်းနေတဲ့ အဘိုးအိုကို သူက ယဉ်ယဉ်ကျေးကျေး မေးလိုက်တာပါ။
"မိတ်ဆွေက စာမဖတ်တတ်ဘူးလား"
အဘိုးအိုက ခပ်အေးအေးပဲ ပြန်ပြောတယ်။
သန်မာတဲ့လူက မျက်မှောင်ကြုတ်သွားတယ်၊ ခုနက ယဉ်ကျေးပျူငှာတဲ့အနေနဲ့ မေးလိုက်တာတင်ပါ။
သူ ခေါင်းမော့ကြည့်လိုက်တော့ ဆိုင်းဘုတ်ပေါ်မှာ ဝိုးလုံကျောင်းတော်ယဆိုတဲ့ စာလုံးကြီးသုံးလုံးကို တကယ်ပဲ ရေးထားတာ တွေ့ရတယ်။
အဲဒါနဲ့ သူလည်း ကောင်လေးကိုခေါ်ပြီး ကျောင်းတော်ထဲကို အားပါပါနဲ့ ဝင်သွားတော့တယ်။
အဘိုးအိုရဲ့ ဘေးကနေ ဖြတ်သွားတဲ့အချိန်မှာတော့ အဘိုးအိုရဲ့ မျက်လုံးအိမ်တွေက မီးခိုးရောင်သန်းပြီး ဖြူဖျော့နေတာကို သူ သတိထားမိသွားတယ်။ မျက်စိကန်းနေတာပဲ။
"မျက်စိကန်းနေတာကိုး၊ ငါ့လက်ထဲက ဓားကို မမြင်လို့သာ ဒီလောက်အထိ ရဲရဲတင်းတင်း ပြောရဲတာနေမှာ"
အဲဒီလူက တိုးတိုးလေး ရေရွတ်ရင်း ရုတ်တရက် ဓားကိုဝှေ့ယမ်းပြီး အဘိုးအိုကို ခုတ်ချလိုက်တယ်။
ဓားသွားက အဘိုးအိုရဲ့ မျက်လုံးရှေ့တင် ရပ်သွားပေမဲ့ အစကနေ အဆုံးအထိ အဘိုးအိုဘက်က ဘာတုံ့ပြန်မှုမှ မရှိဘူး။
သူက အဘိုးအိုကို အကဲခတ်သလို ကြည့်နေပြီး၊ အဘိုးအိုက ရှေ့ကို ဆက်လျှောက်တော့မယ့် အချိန်ကျမှ ပုဓားမကို ပြန်သိမ်းလိုက်တယ်။
တကယ်လို့ သူ ဓားမသိမ်းလိုက်ရင် အဘိုးအိုရဲ့ မျက်နှာက ဓားသွားနဲ့ သေချာပေါက် တိုက်မိတော့မှာပါ။
"မင်းသား... ဒီဝိုးလုံကျောင်းတော်က ကျုပ်ထင်ထားတာနဲ့ တော်တော်ကြီး ကွာခြားနေတယ် အရှင်မင်းကြီး ချန်ထားခဲ့တဲ့ သေတမ်းစာက မှားနေတာလား မသိဘူး"
သန်မာတဲ့လူက ကောင်လေးကို လက်ဆွဲပြီး ကျောင်းတော်ထဲကို ဝင်သွားရင်း တိုးတိုးလေး ပြောလိုက်တယ်။
"မမှားနိုင်ပါဘူး"
ကောင်လေးက ခိုင်မာတဲ့ မျက်နှာပေးနဲ့ ခေါင်းခါပြတယ်
"ခမည်းတော် ပြောဖူးတယ် ငါ့ရဲ့ အဘိုး ငယ်ငယ်တုန်းက ဝိုးလုံကျောင်းတော်က ပညာရှင်တစ်ယောက်ရဲ့ လမ်းညွှန်မှုကို နည်းနည်းပါးပါး ရခဲ့လို့သာ အင်ပါယာကြီးကို တည်ထောင်နိုင်ခဲ့တာတဲ့ အခု အင်ပါယာကြီး ပျက်သုဉ်းသွားပြီဆိုတော့ ဝိုးလုံကျောင်းတော် တစ်ခုတည်းကပဲ ငါ့ကို နိုင်ငံပြန်ထူထောင်နိုင်အောင် ကူညီနိုင်လိမ့်မယ်"
"ဒါပေမဲ့ ကြည့်ရတာတော့ ဒီမှာ ပညာရှင်ရှိမယ့်ပုံ မပေါ်ဘူး တံမြက်လှည်းတဲ့သူတောင် မျက်စိကန်းနေတာ..."
အဲဒီလူကတော့ ရင်ထဲမှာ ရေရွတ်နေမိတော့တယ်။
ကျောင်းတော်တံခါးဝမှာတော့ ဖန့်ချန်ဟာ သစ်ရွက်ခြောက်တွေကို စုပုံလိုက်ပြီး၊ နောက်ဆုံးမှာတော့ တံမြက်လှည်းပုံးနဲ့ သိမ်းကာ လှေကားထစ်ပေါ်မှာ အေးအေးလူလူ ထိုင်လိုက်တယ်။
သူ့ရဲ့ မျက်နှာကို လာတိုက်တဲ့ ငြိမ်သက်အေးချမ်းတဲ့ လေပြည်လေးကို ခံစားနေတာပါ။
ဒီနေရာကို ရောက်လာတာ (၂) နှစ်ကျော်ပြီ။
စရောက်လာကတည်းက နတ်ကြိုးကြာငှက်ကြီး ဘာလို့ သူ့ကို ဒီနေရာဆီ ပို့ပေးတာလဲ ဘာလို့ ခံစားခွင့်လို့ ပြောတာလဲဆိုတာ သူ နားလည်သွားခဲ့တယ်။
ဒီနေရာမှာ ဝိညာဉ်စွမ်းအားတွေ ပြည့်နှက်နေပေမဲ့ ကျင့်ကြံသူ တစ်ယောက်မှ မရှိဘူး။
ဒီတောင်တန်းကြီးရဲ့ ဝိညာဉ်စွမ်းအား အားလုံးကို ဖန့်ချန် တစ်ယောက်တည်းပဲ သုံးစွဲနေရတာဖြစ်ပြီး ဘယ်သူနဲ့မှ လုစရာမလိုဘူး။
ဒါတင်မကသေးဘူး၊ ဒီနေရာက နေ့ရက်တွေက တကယ့်ကို အေးချမ်းတယ်။
နေ့စဉ်နေ့တိုင်း ကျောင်းတော်က လက်နက်ကိုင် သိုင်းသမားတချို့နဲ့ပဲ ဆက်ဆံရုံပါပဲ။
အချိန်တွေ ကြာလာတော့ ဖန့်ချန်ဟာ ဒီလိုဘဝမျိုးကိုတောင် နှစ်သက်လာမိတယ်။
နေ့တိုင်း တာအိုသုံးထောင်ပညာရပ် ရဲ့ အခြေခံပိုင်းကိုပဲ စိတ်အေးလက်အေး ကျင့်ကြံနေရုံပဲ၊ တခြား ဘာမှ စဉ်းစားနေစရာ မလိုဘူးလေ။
ဘယ်လောက်ကြာအောင် ထိုင်နေမိလဲ မသိဘူး သူ့နောက်ဘက်ကနေ နှုတ်ဆက်စကားပြောသံတွေ ကြားလိုက်ရတယ်။
အသက်လတ်ပိုင်း အရွယ် တာအိုဘုန်းကြီး အချို့ဟာ ဟန်ဆောင်ပန်ဆောင် ပြုံးရွှင်တဲ့ မျက်နှာတွေနဲ့ ခုနက ပုဓားမကိုင်တဲ့ လူသန်ကြီးကို ပြန်ပို့ပေးနေတာပါ။
အဲဒီထဲက တစ်ယောက်က ဖန့်ချန် လှေကားထစ်ပေါ်မှာ ထိုင်ပြီး အနားယူနေတာကို မြင်တော့ ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး
"အဘိုးကြီးဖန့်... တံခါးဝက မြေတွေကို လှည်းပြီးပြီလား လှည်းပြီးပြီဆိုရင် မီးဖိုချောင်ဘက်မှာ ရေလိုလား သွားကြည့်ဦး ရေသွားခပ်ချေ"
"ကြည့်ပြီးပြီ၊ ရေမလိုဘူး"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်၊ ထမယ့်ပုံလည်း မပေါ်ဘူး။
အဲဒီ တာအိုဘုန်းကြီးက ချက်ချင်း ဒေါသထွက်သွားပြီး အော်ငေါက်တော့မယ့် အချိန်မှာပဲ ဘေးက တခြားဘုန်းကြီးတွေက ဝိုင်းဖျောင်းဖျလိုက်ကြတယ်။
"မိတ်ဆွေ ချန် စိတ်အေးအေးထားပါ ခင်ဗျားရဲ့ သားလေးကို ကျုပ်တို့ ဝိုးလုံကျောင်းတော်မှာပဲ ကျင့်ကြံခိုင်းလို့ ရပါတယ် ခင်ဗျား လာတွေ့ချင်တဲ့ အချိန်တိုင်းလည်း လာလို့ရတယ်"
"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကျုပ်သားကိုတော့ ခင်ဗျားတို့ပဲ အသေအချာ စောင့်ရှောက်ပေးကြပါဦး"
ပုဓားမကိုင်လူကြီးက လက်အုပ်ချီပြီး ပြုံးကာ ပြောတယ်။ အဲဒီနောက် ဖန့်ချန်ကို တစ်ချက်လှမ်းကြည့်ပြီး ရယ်လိုက်တယ်
"ခင်ဗျားတို့ ဝိုးလုံကျောင်းတော်က တကယ်ကို စိတ်ကောင်းရှိတာပဲ ဒီလို မျက်စိကန်းနေတဲ့သူကိုတောင် ကျွေးမွေးထားသေးတယ် ကြည့်ရတာ အသက်လည်း မနည်းတော့ဘူးပဲ"
"ဟင်း... ဒါက ကျောင်းအုပ်ဟောင်းရဲ့ ဆန္ဒပါ သူက သနားလွန်းလို့ပါ"
တာအိုဘုန်းကြီး အချို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ရှင်းပြလိုက်ကြတယ်။
"ကျောင်းအုပ်ဟောင်းလား သူ ရှိသေးလား"
ပုဓားကိုင်လူကြီးက စိတ်ဝင်တစား မေးတယ်။
"ပြီးခဲ့တဲ့နှစ်ကပဲ ကျောင်းအုပ်ဟောင်းက အသက်ကြီးလို့ ရောဂါသည်းပြီး ကွယ်လွန်သွားရှာပြီ"
"အော်... အဲလိုလား..."
ပုဓားမကိုင်လူကြီးက ခေါင်းညိတ်ပြီး ခဏလောက် ထပ်ပြောပြီးတာနဲ့ လှည့်ထွက်သွားတော့တယ်။
"အဘိုးကြီးဖန့်... နောက်ဆို ခင်ဗျား အနားယူချင်ရင် ကျောင်းတော်ထဲမှာပဲ နေပါ ခင်ဗျားရဲ့ ဒီလို ပုံစံကြီးနဲ့ ဘုရားဖူးလာတဲ့ လူတွေကို ထိတ်လန့်သွားအောင် လုပ်ရင် ဘယ်လိုလုပ်မလဲ"
ပုဓားမကိုင်လူကြီး ထွက်သွားတာနဲ့ ခုနက တာအိုဘုန်းကြီးက ဖန့်ချန်ကို ထပ်ပြီး ပြဿနာရှာတော့တယ်။
ဖန့်ချန်ကို ကြည့်တဲ့ သူ့မျက်လုံးတွေက နှိမ်ချင်စပြုနေတာပါ။
"ထားလိုက်ပါတော့၊ ထားလိုက်ပါတော့၊ အဘိုးကြီးဖန့်က အသက်လည်း ကြီးပါပြီ စီနီယာကလည်း သူ့ကို စိတ်မရှိပါနဲ့"
တခြားသူတွေက ထပ်ပြီး ဝိုင်းဖြန်ဖြေပေးကြပြန်တယ်။
အဲဒီ တာအိုဘုန်းကြီးက မကျေမနပ်နဲ့ ပါးစပ်ပိတ်လိုက်ပြီးနောက် ဂုဏ်ယူဝင့်ကြွားတဲ့ လေသံနဲ့ ပြောတယ်
"ဂျူနီယာညီလေးတို့... အရင်တုန်းက ဝိုးလုံကျောင်းတော်မှာ စီးပွားရေး မရှိတော့လို့ မင်းတို့ စိတ်ညစ်နေကြတယ် မဟုတ်လား အခုတော့ စီးပွားရေးက အိမ်ပေါက်ဝအထိ ရောက်လာပြီလေ အဲဒီ မိတ်ဆွေ ချန် က တကယ့်ကို လက်ဖွာတာပဲ ငွေစင် (၁၀၀) တောင် ပေးသွားတယ် ငါတို့ ဝိုးလုံကျောင်းတော် တစ်ခုလုံး တစ်နှစ်ပတ်လုံး စားမကုန် သောက်မကုန် နေလို့ ရသွားပြီ"
သူတို့တွေ ပြောရင်းဆိုရင်းနဲ့ လှည့်ထွက်သွားကြတယ်။
ဖန့်ချန်က သူ့တင်ပါးကို ဖုန်ခါလိုက်ပြီး၊ တံမြက်လှည်းကို တုတ်ကောက်အဖြစ် သုံးကာ အဝေးကို လျှောက်သွားတော့တယ်။
ကြမ်းတမ်းတဲ့ တောင်ပတ်လမ်းအတိုင်း လျှောက်လာပြီးတဲ့နောက် ရေကန်တစ်ခုရဲ့ ရှေ့ကို ရောက်လာတယ်။
သူ့ကို သတိထားမိလို့ ထင်တယ် ရွှမ်ဖျင့် ဟာ ရေကန်ထဲကနေ ထွက်လာပြီး ဖန့်ချန်ရဲ့ ခေါင်းကို သူ့ပါးနဲ့ လာပွတ်ကာ ချစ်ခင်ကြောင်း ပြရှာတယ်။
"ဒီညတော့ နည်းနည်း အလုပ်ရှုပ်နိုင်တယ် ဒီဝိုးလုံကျောင်းတော်က လူတွေက အသုံးမကျတဲ့သူတွေချည်းပဲ မင်း ဝင်ကူညီပေးရလိမ့်မယ်"
ဖန့်ချန်က ရွှမ်ဖျင့်ရဲ့ ခေါင်းကို ပုတ်ပေးရင်း
"နောက်ထပ် ရက်အနည်းငယ်ဆိုရင် ငါ့ရဲ့ ပထမဆုံး မသေမျိုးသွေးကြော ကို ပြန်ရတော့မယ် ထင်တယ်"
"တကယ်ကို ကောင်းတာပဲ"
ရွှမ်ဖျင့်က ကလေးသံလေးနဲ့ ပြောလိုက်တယ်။
အသံက နည်းနည်း ထူးဆန်းနေသေးပေမဲ့ လေသံကတော့ တော်တော်လေး ပီသနေပါပြီ။
ဖန့်ချန်က ပြုံးလိုက်တယ်။
ကျင့်ကြံခြင်း စွမ်းအားတွေ ပြန်ရပြီဆိုတာနဲ့ သိုလှောင်လက်စွပ် ကို ဖွင့်လို့ရပြီ။
အဲဒီထဲမှာ အလယ်အလတ် ဝိညာဉ်ကျောက်တုံး ရာဂဏန်းနဲ့ အောက်ခြေ ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းလောက် ရှိသေးတယ်လေ။
ပြန်လည်ကျင့်ကြံဖို့အတွက် အဲဒါတွေက အများကြီး အထောက်အကူ ဖြစ်စေမှာပါ။
ညဉ့်နက်ပိုင်း။
ညဝတ်တန်ဆာ ဝတ်ထားတဲ့ လူရိပ်အချို့ဟာ ဝိုးလုံကျောင်းတော်ထဲကို တိတ်တဆိတ် ဝင်လာကြပြီး ဝင်းတစ်ခုရဲ့ ရှေ့ကို ရောက်လာကြတယ်။
ဒီဝင်းထဲမှာတော့ အသက် (၆) နှစ်ကနေ (၁၆) နှစ်ကြားရှိတဲ့ တာအိုတပည့်ငယ်လေးတွေ နေထိုင်ကြတာဖြစ်ပြီး စုစုပေါင်း အယောက် သုံးလေးဆယ်လောက် ရှိပါတယ်။
"ဗိုလ်မင်းလင်း... ဒီဝိုးလုံကျောင်းတော်မှာ ဘာထူးခြားတာမှ မရှိဘူးဆိုတာ သေချာလား"
ညဝတ်တန်ဆာနဲ့ လူတွေဟာ ဇွတ်မဝင်သေးဘဲ အရိပ်ထဲမှာ ပုန်းနေကြတယ်။
အဲဒီထဲက တစ်ယောက်က အင်မတန် တိုးတဲ့ အသံနဲ့ မေးလိုက်တာပါ။
ဗိုလ်မင်းလင်းက
"ငါ နေ့ခင်းက အကဲခတ်ပြီးပြီ၊ အားလုံးက အသုံးမကျတဲ့သူတွေချည်းပဲ အပြင်မှာ တံမြက်လှည်းတဲ့သူတောင် မျက်စိကန်းနေတာ ဒီလိုနေရာမှာ ဘာထူးခြားတာ ရှိမှာလဲ"
"ကောင်းပြီလေ ဟူနိုင်ငံရဲ့ ရတနာတွေ ဘယ်မှာ ဝှက်ထားလဲဆိုတာ မင်းသားလေးက သေချာပေါက် သိမှာပဲ နေရာကို သိလိုက်တာနဲ့ ငါတို့ ချမ်းသာပြီပေါ့"
"အများစုကတော့ သခင်လေးကျောက် ရမှာပါ ငါတို့က ဘေးကနေ နည်းနည်းပါးပါး ရရုံပဲ အဲလောက်ကြီး ဝမ်းသာမနေနဲ့ဦး"
ဗိုလ်မင်းလင်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်တယ်။
"ဗိုလ်မင်းလင်း... သခင်လေးကျောက်သာ မရှိရင် ခင်ဗျားတစ်ယောက်တည်းနဲ့ ရတနာကို ရမှာ မဟုတ်ဘူး မဟုတ်ကဟုတ်ကတွေ မတွေးနဲ့ဦး အခုက ယွဲ့နိုင်ငံရဲ့ လက်အောက် ရောက်နေတာ ခင်ဗျားက ဗိုလ်မင်း မဟုတ်တော့ဘူး"
လို့ နောက်တစ်ယောက်က အေးစက်စွာ ပြောတယ်။
ဗိုလ်မင်းလင်းရဲ့ မျက်နှာက ချက်ချင်း ပျက်သွားပြီးမှ ခပ်အေးအေးပဲ ပြန်ပြောတယ်
"စကားများမနေနဲ့တော့ ငါ ဒီကနေ စောင့်ကြည့်နေမယ် မင်းတို့ မြန်မြန် သွားဖမ်းကြတော့"
ကျန်တဲ့သူတွေကလည်း ဘာလို့ သူက အစောင့်ပဲလုပ်ပြီး သူတို့က သွားဖမ်းရတာလဲဆိုတာကို ငြင်းမနေချင်တော့ဘူး အလုပ်မြန်မြန်ပြီးမှ အမြန်ပြန်ပြီး ချမ်းသာချင်နေကြပြီလေ။
သူတို့ တိတ်တဆိတ် ရှေ့ကို တိုးသွားကြတယ်။
ဒါပေမဲ့ ရုတ်တရက် ခြေလှမ်းတွေ ရပ်တန့်သွားပြီး တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်တကြား ကြည့်လိုက်မိကြတယ်။
လရောင်အောက်မှာ ဘယ်အချိန်က ရောက်နေမှန်းမသိတဲ့ လူရိပ်တစ်ခုဟာ ဝင်းထဲက သစ်ရွက်ခြောက်တွေကို ဖြည်းဖြည်းချင်း လှည်းကျင်းနေတာကို တွေ့လိုက်ရလို့ပါ။
ဗိုလ်မင်းလင်းလည်း မြင်လိုက်တယ်။
သူ သေချာ စိုက်ကြည့်လိုက်တော့ မျက်နှာက ချက်ချင်း ပျက်သွားတယ်။
နေ့ခင်းက မျက်စိကန်းနေတဲ့ အဘိုးကြီးပဲ။
ဗိုလ်မင်းလင်းက ဖန့်ချန်ရဲ့ ရှေ့ကို ဖြည်းဖြည်းချင်း လျှောက်သွားပြီး အေးစက်တဲ့ မျက်နှာပေးနဲ့ မေးလိုက်တယ်
"ဘာလို့ ညသန်းခေါင်ကြီး ဒီမှာ တံမြက်လှည်းနေတာလဲ"
"မရဘူးလား"
ဖန့်ချန်က ပေါ့ပေါ့ပါးပါးပဲ ပြုံးပြီး မေးခွန်းထုတ်လိုက်တယ်။
ဗိုလ်မင်းလင်းဟာ ရုတ်တရက် တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ရလို့ နောက်ကို ခြေလှမ်းနှစ်လှမ်းလောက် ဆတ်ခနဲ ဆုတ်လိုက်မိတယ်။
ဒါပေမဲ့ ဘေးနားကနေ ပြုတ်ကျသံတွေ ကြားလိုက်ရပြီး သူ့ရဲ့ အဖော်တွေဟာ မြေကြီးပေါ်မှာ အတောင့်လိုက်ကြီး လဲကျသွားကာ ဘာအသံမှ မထွက်တော့ဘူး။
သူ ပြန်လှည့်ကြည့်လိုက်တဲ့ အချိန်မှာပဲ... မျက်နှာလေး တစ်ခုက သူ့ရှေ့မှာ ပေါ်လာပြီး၊ သူ့ကို လေလေး တစ်ချက် မှုတ်လိုက်တာကို တွေ့လိုက်ရတယ်။
နောက်တစ်စက္ကန့်မှာပဲ ဗိုလ်မင်းလင်းရဲ့ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး အသက်ဝိညာဉ် ချက်ချင်း ကုန်ဆုံးကာ အေးစက်တဲ့ အလောင်းတစ်ခုအဖြစ် မြေပေါ်ကို လဲကျသွားတော့တယ်။
"ကျေးဇူးပြုပြီး... သူတို့ကို တံခါးဝကို သွားပစ်ပေးပါဦး"
ဖန့်ချန်က ပြုံးလိုက်တယ်။
ရွှမ်ဖျင့်က ခေါင်းညိတ်ပြပြီး လူသေတွေကို တံခါးဝဆီ ခေါက်တုံ့ခေါက်ပြန် သယ်သွားတော့တယ်။
ဒါတွေ အားလုံးပြီးတော့မှ ရွှမ်ဖျင့်က ရေကန်ထဲ ပြန်ဆင်းသွားပြီး၊ ဖန့်ချန်လည်း အခန်းထဲ ပြန်ဝင်ကာ ဆက်ပြီး ကျင့်ကြံနေတော့တယ်။
မိုးလင်းစပြုတဲ့ အချိန်မှာတော့... အဝေးကနေ ရောက်လာတဲ့ လူအုပ်စုတစ်စုဟာ ဝိုးလုံကျောင်းတော် တံခါးဝမှာ အလောင်းအချို့ ပုံနေတာကို တွေ့လိုက်ရလို့ မျက်နှာတွေ ပျက်သွားကြပြီး အားလုံးက ချောမောလှပတဲ့ လူငယ်တစ်ယောက်ကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြတော့တယ်ဗျ။
အခန်း (၇၉၆) ဝိညာဉ်သိုင်းနယ်မြေ
"သခင်လေးကျောက်... ဗိုလ်မင်းလင်းတို့ပါလား..."
လူတစ်ယောက်က ရှေ့ကို ခြေလှမ်းအနည်းငယ်တိုးပြီး အဝေးကနေ လှမ်းကြည့်လိုက်တယ်။
အဲဒီနောက် မျက်နှာပျက်ပျက်နဲ့ ဟိုဘက်လှည့်ပြီး ချောမောတဲ့ လူငယ်ကို အရိုအသေပေးကာ ပြောလိုက်တာပါ။
ချောမောတဲ့ လူငယ်က မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး စဉ်းစားခန်းဝင်သွားတယ်
"ငါ့လက်အောက်ငယ်သားတွေကို ထားလိုက်ဦး ဗိုလ်မင်းလင်းဆိုတာ ဟူနိုင်ငံ ရဲ့ မင်းသားဟောင်းရဲ့ ကိုယ်ရံတော်လေ သူ့ရဲ့ ဝတ်ရုံခြုံဓားသိုင်း က ဟူနိုင်ငံမှာ ထိပ်သီးဆယ်ယောက်စာရင်းဝင်ပဲ ဒီလိုလူက ဝိုးလုံကျောင်းတော်မှာ ဒီလိုမျိုး သေသွားရတာလား"
"ဒါဆို ကောလာဟလတွေက အမှန်ပဲပေါ့ ဟူနိုင်ငံရဲ့ အခြေခံဘုရင်ကြီးဟာ တကယ်ပဲ ဝိုးလုံကျောင်းတော်က ပညာရှင်ရဲ့ လမ်းညွှန်မှုကို ရခဲ့လို့ ဘုရင်ဖြစ်လာတာလား"
"သခင်လေးကျောက် ဗိုလ်မင်းလင်းရဲ့ အစွမ်းကို အားလုံးက မျက်မြင်ပဲ သူက တကယ်ကို သန်မာပါတယ်"
အစိမ်းရောင်ဝတ်ရုံနဲ့ အသက်လတ်ပိုင်းလူတစ်ယောက်က လက်အုပ်ချီပြီး ပြောတယ်
"လောကီသိုင်းပညာမှာ အဆင့်သုံးဆင့်ရှိတယ်အခြေခံ ၊ မွေးရာပါ နဲ့ ဂုဏ်ထူးဆောင်ပညာရှင် ဆိုပြီးတော့ပေါ့"
"ဂုဏ်ထူးဆောင်ပညာရှင် အဆင့်ကိုတော့ ရာစုနှစ်ပေါင်းများစွာ ဘယ်သူမှ မရောက်ခဲ့ကြဘူး အဲဒါက ဘယ်လောက်တောင် ထူးခြားဆန်းပြားတဲ့ နယ်ပယ်လဲဆိုတာ ဘယ်သူမှ မသိကြဘူး ဒါပေမဲ့ မွေးရာပါ သိုင်းသမားဆိုရင်တော့ လူတစ်ရာကို ယှဉ်နိုင်တယ် လူတစ်ထောင်ကို သတ်နိုင်စွမ်း ရှိတယ်"
"ဗိုလ်မင်းလင်းက မွေးရာပါ အစောပိုင်းအဆင့်ပဲ စစ်တပ်ထဲက လာတဲ့ ဝတ်ရုံခြုံဓားသိုင်းနဲ့ဆိုရင် လူတစ်ထောင်ကို မသတ်နိုင်ရင်တောင် အဲဒီနားနီးနီး အစွမ်းရှိတယ် အခုတော့ ဒီကျောင်းတော်လေးမှာ သေသွားရပြီဆိုတော့ သခင်လေး အရင်က စိုးရိမ်ခဲ့တာ မှန်တာပေါ့"
"ဒီကျောင်းတော်က မရိုးရှင်းဘူး ကျုပ်အမြင်အရတော့ အခြေအနေကို ခဏလောက် စောင့်ကြည့်သင့်တယ် ဇွတ်မလုပ်မိဖို့ လိုတယ်"
"သခင်လေး... ဆရာကြီးချင်း ပြောတာ အဓိပ္ပာယ်ရှိတယ် ကျုပ်တို့ ထပ်ပြီး အကဲခတ်ကြည့်ရအောင် ဒီဝိုးလုံကျောင်းတော်ရဲ့ အောက်ခြေအခြေအနေကို အရင်စုံစမ်းတာ ပိုကောင်းမယ်"
"ဘာပဲဖြစ်ဖြစ် ဟိုမင်းသားလေးက ပြေးလို့မလွတ်ပါဘူး အခု ဟူနိုင်ငံက ပျက်သွားပြီ သူ့ရဲ့ ကိုယ်ရံတော်ကတောင် သစ္စာဖောက်သွားတာပဲ ကျန်တဲ့ ဟူနိုင်ငံ အမတ်တွေကလည်း သေသူသေ ပြေးသူပြေးပဲ သူ ဒီမှာရှိနေတာကို ဘယ်သူမှ သိမှာမဟုတ်ဘူး ကျုပ်တို့ ဖြည်းဖြည်းချင်းပဲ လုပ်ဆောင်လို့ ရပါတယ်"
ချောမောတဲ့ လူငယ်ဟာ စကားနားထောင်တတ်သူ ဖြစ်တာကြောင့် ခေါင်းညိတ်ပြလိုက်တယ်
"သူတို့အလောင်းတွေကို ပြန်သယ်ခဲ့ ငါတို့ အရင် တောင်အောက်ဆင်းရအောင်"
လက်အောက်ငယ်သားတွေက လှုပ်ရှားဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ ကျောင်းတော်တံခါးကြီး ပွင့်လာပြီး၊ အသက်လတ်ပိုင်း တာအိုဘုန်းကြီး တစ်ယောက် ထွက်လာတယ်။
သူက မျက်နှာတွေ ဖြူဖျော့ပြီး ရေခဲလို အေးစက်တောင့်တင်းနေတဲ့ အလောင်းတွေကို မြင်လိုက်တာနဲ့
မျက်နှာက တင်းခနဲ ဖြစ်သွားပြီး မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေ ပြည့်လာကာ၊ အသံကုန် အော်ဟစ်တော့တာပဲ
"လူရှိကြလား... လူရှိကြလား... လူလာကြပါဦးဟေ့"
သူ့ရဲ့ အော်သံကြောင့် ကျောင်းတော်ထဲက ဘုန်းကြီးကြီးငယ်တွေ အကုန် ထွက်လာကြတယ်။
တာအိုတပည့်ငယ်လေးတချို့ကတော့ အဝေးကနေ စပ်စုကြည့်နေကြတယ်၊ သူတို့တွေက လူသေကို သိပ်မမြင်ဖူးကြဘူးလေ။
စီမံခန့်ခွဲသူတွေ အကုန်လုံးက တံခါးဝမှာ ဝိုင်းနေကြပြီး အလောင်းတွေကို လေးနက်တဲ့ မျက်နှာပေးနဲ့ ကြည့်နေကြတယ်။
"စီနီယာကြီး... ဒါ မနေ့က ဟို ချန်..."
လူတစ်ယောက်က ဗိုလ်မင်းလင်းကို လက်ညှိုးထိုးပြီး အံ့ဩတကြီး ပြောလိုက်တယ်။
ဒါပေမဲ့ စကားမဆုံးခင်မှာပဲ အလောင်းကို အရင်ဆုံး တွေ့တဲ့ တာအိုဘုန်းကြီးက ကြားဖြတ်ပြောလိုက်တယ်။
သူက ကြောက်စိတ်ကို ထိန်းချုပ်လိုက်ပြီး တည်ငြိမ်စွာနဲ့
"ချန် ဘာဖြစ်တာလဲ ငါတို့ ဒီလူကို လုံးဝ မသိဘူး အခုခေတ်က မငြိမ်းချမ်းဘူး သူတို့က ငါတို့ ကျောင်းတော်တံခါးဝမှာ အကြောင်းမရှိ သေနေကြတာဆိုတော့ ဂျူနီယာညီလေးတို့ လူလွှတ်ပြီး သူတို့ကို အမြန်မြှုပ်ပစ်လိုက် တောင်အောက်ဆင်းပြီး တိုင်မနေနဲ့တော့ ပြဿနာတက်လိမ့်မယ်"
လူတိုင်းက စဉ်းစားကြည့်ပြီး ခေါင်းညိတ်ကြတယ်။
ဒီလူတွေက ညဝတ်တွေ ဝတ်ထားပြီး ကျောင်းတော်ရှေ့မှာ လာသေနေကြတာ ဘယ်လိုကြည့်ကြည့် ထူးဆန်းတယ်၊ နိမိတ်မကောင်းဘူး။
အကယ်၍ အာဏာပိုင်တွေကို တိုင်ရင် မနေ့က ရထားတဲ့ ငွေစင် (၁၀၀) ကို ပြန်ထုတ်ပေးရနိုင်တယ်၊ အကောင်းဆုံးကတော့ ဖုံးထားလိုက်တာပဲ
"အဘိုးကြီးဖန့်... မင်း တပည့်ငယ်တချို့ကို ခေါ်ပြီး နောက်ဖက်တောင်မှာ ကျင်းတချို့တူးပြီး သူတို့ကို မြှုပ်လိုက် တစ်နယ်တစ်ကျေးမှာ လာသေတဲ့ လမ်းသွားလမ်းလာတွေပဲ ငါတို့နဲ့ တွေ့တာက ရေစက်ပဲ ဒီကံကြမ္မာကို ဒီမှာတင် အဆုံးသတ်ပေးလိုက်ကြစို့"
တာအိုဘုန်းကြီးက ဝေ့ကြည့်လိုက်တော့ တံမြက်လှည်းကို ကိုင်ထားတဲ့ ဖန့်ချန်ကို တွေ့ပြီး ချက်ချင်း အမိန့်ပေးလိုက်တာပါ။
ဖန့်ချန်က ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြတယ်၊ အဲဒီနောက် အသက် (၁၅၊ ၁၆) အရွယ် တာအိုတပည့်ငယ် (၇)၊ (၈) ယောက်လောက်ကို ခေါ်ပြီး အလောင်းတွေကို သယ်ကာ နောက်ဖက်တောင်ဆီ ထွက်လာခဲ့တယ်။
သခင်လေးကျောက် တို့ကတော့ ရိပ်မိမှာစိုးလို့ အသံမထွက်ဘဲ ငြိမ်ပြီး စောင့်ကြည့်နေကြတယ်။
အလောင်းတွေကို သယ်သွားပြီး တံခါးဝမှာ လူရှင်းသွားတော့မှ သခင်လေးကျောက်က တိုးတိုးလေး မေးတယ်
"ဆရာကြီးချင်း... ခင်ဗျားအမြင်အရ ဒီဘုန်းကြီးတွေထဲမှာ ဘယ်သူက ပညာရှင် ဖြစ်မလဲ "
"ဘယ်သူမှ မတူသလိုပဲ..."
ဆရာကြီးချင်းက မျက်မှောင်ကြုတ်ပြီး
"ဝိုးလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ဟောင်းက မနှစ်က ကွယ်လွန်သွားပြီ အခု ကျောင်းအုပ်ရာထူးက လစ်လပ်နေတုန်းပဲ ဘုန်းကြီးအိုကြီးတချို့က ဘယ်သူ့ကို ခန့်မလဲဆိုတာ စဉ်းစားနေကြတုန်းလို့ ကြားတယ်"
"ဒုတိယမျိုးဆက် တပည့်တွေထဲမှာတော့ ခုနက တာအိုဘုန်းကြီး ဝမ်ဖူ က နာမည်အကြီးဆုံးပဲ သူက ကျောင်းအုပ်အသစ် ဖြစ်လာဖို့ အလားအလာ အရှိဆုံးပဲ"
"ဒါပေမဲ့ သူ့မျက်နှာမှာ လောကီသား ပုံစံပဲ ရှိတယ် သူ့ရဲ့ သိုင်းပညာကလည်း အခြေခံလောက်ပဲ ရှိပုံရတယ် ဗိုလ်မင်းလင်းတို့ကို သတ်နိုင်တဲ့ ပညာရှင် မဖြစ်နိုင်ဘူး"
သူက ခဏရပ်ပြီး
"သခင်လေး သတိထားမိလား မသိဘူး ခုနက မျက်စိမမြင်တဲ့ ဘုန်းကြီးအိုကြီး တစ်ယောက် ပါသေးတယ် ကျုပ်အထင်တော့ တကယ့် ပညာရှင်ဆိုတာ အဲဒီလို ပုံစံမျိုးပဲ ဖြစ်ရမယ်"
"ဆရာကြီးချင်း... အဲဒီ မျက်စိကန်းကြီးက အသက်လည်း ကြီးပြီ အားအင်လည်း ကုန်ခန်းနေပုံပဲ အရင်က ပညာရှင် ဖြစ်ခဲ့ရင်တောင် ဒီအသက်အရွယ်မှာ ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး ဗိုလ်မင်းလင်းကို သတ်နိုင်မှာ မဟုတ်ဘူး"
လို့ တစ်ယောက်က ခေါင်းခါပြီး ပြောတယ်။
"ဟုတ်တယ် သိုင်းပညာဆိုတာ လူငယ်တွေကို ကြောက်ရတာ ဗိုလ်မင်းလင်းက လူလားမြောက်တဲ့ အရွယ်လေ သူတို့ကို အသံမထွက်ဘဲ သတ်နိုင်တယ်ဆိုရင် ဒါ ဝိုးလုံကျောင်းတော်က ဒုတိယမျိုးဆက် တပည့်တစ်ယောက်ယောက်ပဲ ဖြစ်ရမယ်"
"အင်း..."
ဆရာကြီးချင်းက ခေါင်းညိတ်တယ်
"ကျုပ်လည်း အဲဒီလိုပဲ ထင်တယ် နောက်ရက်အနည်းငယ်ကြာရင် ကျုပ် ဒီကို ဘုရားဖူးလာရင်းနဲ့ သူတို့ရဲ့ အခြေအနေကို ထပ်စုံစမ်းကြည့်မယ်"
"သွားစို့"
သခင်လေးကျောက်က ခဏလောက် စဉ်းစားပြီး လှည့်ထွက်သွားတော့တယ်။
နောက်ဖက်တောင်။
"အဘိုးကြီး... ဖြည်းဖြည်းနော် ဒီလို အပင်ပန်းခံရတဲ့ အလုပ်တွေကို ကျုပ်တို့ပဲ လုပ်ပါ့မယ် အဘိုးကြီး ဒီကျောက်တုံးပေါ်မှာ ခဏထိုင်နေပါ"
သန်မာတဲ့ တာအိုတပည့်ငယ် တစ်ယောက်က ဖန့်ချန်ကို တွဲပြီး ကျောက်တုံးပေါ်မှာ တင်ပေးလိုက်တယ် သူ့ဝတ်ရုံစနဲ့ ကျောက်တုံးပေါ်က ဖုန်တွေကိုတောင် သုတ်ပေးလိုက်သေးတယ်။
"ဝူဖုန်း မင်းတို့ တစ်လောက တောင်အောက်ဆင်းတုန်းက ဒီဟူနိုင်ငံကြီး အပြောင်းအလဲဖြစ်သွားတာ ကြားခဲ့ကြလား"
ဖန့်ချန်က ပြုံးပြုံးလေး မေးလိုက်တယ်။
အေးချမ်းစွာနဲ့ ဘာမှမလုပ်ဘဲ နေခြင်း ဆိုတဲ့ စာလုံးလေးလုံးကို အခြေခံပြီး ဝိုးလုံကျောင်းတော်က မျိုးဆက်ခွဲတာပါ။
ဒီတပည့်ငယ်လေးတွေက ဝူမျိုးဆက်တွေပေါ့။
ဝူဖုန်းက စကားပြောဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ ကျင်းတူးနေတဲ့ တခြားတပည့်ငယ်တွေက အလုအယက် ပြောကြတော့တယ်
"အဘိုးကြီး... ဟူနိုင်ငံ ပျက်သွားပြီဗျ ယွဲ့နိုင်ငံ ရဲ့ စစ်သည်တော် အထူးတပ်ဖွဲ့ (၁) သိန်းက မြို့တော်ထဲကို ဝင်တိုက်သွားတာ ဧကရာဇ်မင်းမြတ်တောင် အသတ်ခံရပြီး မြို့တံခါးဝမှာ အလောင်းကို ဆွဲချိတ်ထားတာလေ"
"ယွဲ့နိုင်ငံသားတွေက တိုက်ရည်ခိုက်ရည် တော်တော်ကောင်းတယ်လို့ ကြားတယ် ဟူနိုင်ငံက ဆယ်စုနှစ်တစ်ခုကျော် တောင့်ခံနိုင်ခဲ့တာတောင် မလွယ်လှပါဘူး"
"အခုတော့ လောကကြီးက ပျက်စီးနေပြီ ငွေစင်နဲ့ ရွှေပဲ တန်ဖိုးရှိတော့တယ် ကြေးပြားတွေကို ဘယ်သူမှ လက်မခံတော့ဘူး ကျုပ်တို့ တောင်အောက်ဆင်းပြီး ရိက္ခာဝယ်တုန်းက ဒီတာအိုဝတ်ရုံကြီးကို ဝတ်မထားရင် လူယုတ်မာတွေရဲ့ မျက်စိကျတာ ခံရမှာ သေချာတယ်"
"ယွဲ့နိုင်ငံက အဲလောက်တောင် အစွမ်းထက်တာလား"
လို့ ဖန့်ချန်က ပြုံးပြီး မေးတယ်။
"အဲဒါတော့ အစွမ်းထက်မှာပေါ့ ယွဲ့နိုင်ငံမှာ ဂုဏ်ထူးဆောင်ပညာရှင် တွေတောင် ရှိတယ်လို့ ကြားတယ် ကျုပ်တို့ ဟူနိုင်ငံမှာတော့ ဂုဏ်ထူးဆောင်ပညာရှင် တစ်ယောက်မှ မထွက်ဖူးဘူး"
"ဒါဆိုရင် မင်းတို့ နေ့တိုင်း သိုင်းကျင့်တဲ့အခါ ပိုပြီး ကြိုးစားကြရမယ် နောက်ဆို တောင်အောက်ဆင်းတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာပေါ့"
လို့ ဖန့်ချန်က ရယ်ပြီး ပြောလိုက်တယ်။
ဝူဖုန်းက တိုးတိုးလေး ပြောတယ်
"အဘိုးကြီး... အခုတလော တပည့် သိုင်းကျင့်တဲ့အခါ အတားအဆီးတစ်ခုနဲ့ တွေ့နေတယ် ဘယ်လိုကျော်ဖြတ်ရမှန်း မသိဘူး ဖြစ်နေတယ်"
"အဘိုးကြီး... ခဏနေရင် ကျုပ်တို့ကို သင်ခန်းစာလေး နည်းနည်း သင်ပေးပါဦးလား အဘိုးကြီး ငယ်ငယ်တုန်းကတော့ သေချာပေါက် ထိပ်သီးပညာရှင် တစ်ယောက် ဖြစ်ခဲ့မှာပါ"
တပည့်ငယ်တွေက ဝိုင်းပြီး ရယ်မောပြောဆိုကြတယ်။
ဒီကျောင်းတော်ကို ရောက်လာတာ (၂) နှစ်ကျော်ပြီဖြစ်တဲ့ မျက်စိမမြင်တဲ့ အဘိုးကြီးမှာ ကျင့်ကြံခြင်းစွမ်းအား မရှိမှန်း သူတို့ သိကြပေမဲ့ တစ်ခါတစ်ရံမှာ သူပြောတဲ့ စကားတွေက သူတို့ရဲ့ သိုင်းပညာအတွက် တကယ့်ကို အလင်းပြပေးသလို ဖြစ်နေတာပါ။
ဒါကြောင့် ဒီအကြောင်းကို သိတဲ့ တပည့်ငယ်တွေကတော့ ဒီအဘိုးကြီးကို တလေးတစား ဆက်ဆံကြတယ်၊ အနည်းဆုံးတော့ အမိန့်ပေးတာမျိုး မလုပ်ကြဘူး။
"မင်းတို့ အလုပ်ပြီးရင် ငါ နာရီဝက်လောက် သင်ပေးမယ်"
ဖန့်ချန်က ပြုံးလိုက်တယ်။
အားလုံးက ဝမ်းသာသွားကြပြီး လက်ထဲက အလုပ်တွေကို မြန်မြန်လက်စသတ်ကာ ဖန့်ချန်ရဲ့ ရှေ့မှာ ဝိုင်းထိုင်လိုက်ကြတယ်။
သူတို့ရဲ့ သိုင်းပညာဆိုင်ရာ အခက်အခဲတွေကို တစ်ယောက်ချင်း မေးကြပြီး ဖန့်ချန်က တစ်ခုချင်း ရှင်းပြပေးတယ်။
နာရီဝက်တောင် မပြည့်ခင်မှာပဲ လူတိုင်းရဲ့ သံသယတွေ ပြေပျောက်သွားပြီး၊ ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရတယ်။
တပည့်ငယ်တွေ တောင်အောက်ဆင်းသွားတော့မှ ဖန့်ချန်က မှန်လေး ကို ထုတ်လိုက်ပြီး တိုးတိုးလေး မေးလိုက်တယ်
"မှန်လေး မင်းပြောစမ်း ဒီ ဝိညာဉ်သိုင်းနယ်မြေ က ရှေးဟောင်းနယ်မြေ နဲ့ ဘယ်လောက်တောင် ဝေးလို့လဲ ဝိညာဥ်သုတ်သင်ခြင်းဌာန ဌာနမှူးက ငါ့ကို ဒီအထိ ပို့နိုင်တယ်ဆိုတာ ဒါက တကယ်ပဲ ဂိုဏ်းချုပ် တစ်ယောက် လုပ်နိုင်တဲ့ အစွမ်းလား "
မှန်လေး က
"ဂိုဏ်းချုပ်အဆင့် တစ်ယောက်မှာ ဒီလို အစွမ်းမျိုး မရှိနိုင်ပါဘူး ကျုပ်အထင်တော့ သူက အဲဒီ နတ်ကြိုးကြာကို ခိုင်းပြီး မင်းကို စကြဝဠာ ဟင်းလင်းပြင် ကူးပြောင်းခြင်း အစီရင် ကနေ တစ်ဆင့် ပို့လိုက်တာ ဖြစ်နိုင်တယ်"
ဖန့်ချန်က ခေါင်းညိတ်လိုက်တယ်။
သူ မျက်စိမမြင်ရပေမဲ့၊ ဒီနေရာက ဝိညာဉ်စွမ်းအားတွေက ထူးထူးခြားခြား ပြည့်နှက်နေတာကို ခံစားမိတယ်။
ဒီ ဝိုးလုံကျောင်းတော် ကလည်း အဲဒီ စကြဝဠာ ဟင်းလင်းပြင် ကူးပြောင်းခြင်း အစီရင်ဖြစ်နေနိုင်တာပဲ။
"နောက် ရက်အနည်းငယ်ဆိုရင် ငါ မသေမျိုးလမ်းစဉ်ကို ပြန်ဝင်နိုင်တော့မယ် အဲဒီအချိန်ကျရင် ငါ့လက်ထဲက ဝိညာဉ်ကျောက်တုံးတွေနဲ့ ဒီအစီရင်ကို ဖွင့်ပြီး ရှေးဟောင်းနယ်မြေ ကို ပြန်လို့ ရနိုင်မလား"