အခန်း (၇၉၇-၇၉၈)
Vol. 80 Ch. 797-798
အခန်း (၇၉၇) ဒီအတိုင်း ဖြစ်သင့်တာပဲ
"စကြဝဠာ ဟင်းလင်းပြင် ကူးပြောင်းခြင်း အစီရင်အဆင့်မြင့် ဝိညာဉ်ကျောက်တုံး မရှိရင်တော့ နှိုးလို့ရမှာ မဟုတ်ဘူး အစ်ကို အနေနဲ့ကတော့ မင်းကို လာခေါ်မယ့်သူ လွှတ်လိုက်မယ့်အချိန်အထိ စောင့်နေတာ ပိုကောင်းလိမ့်မယ်"
"အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ဒီလောက် တန်ဖိုးကြီးလှတဲ့ အရင်းအမြစ်တွေကို အကုန်အကျခံပြီး အသုံးမကျတဲ့ လူတစ်ယောက်လို ဖြစ်နေတဲ့ ငါ့ကို ဒီနေရာအထိ ပို့လိုက်တယ် သူက ငါ့ကို မင်း ကျင့်ကြံခြင်းစွမ်းအားတွေ ပြန်ရလာရင် ဒီနယ်မြေမှာ လှည့်ပတ်ကြည့်ရှုပါဦး တဲ့ ဒီစကားမှာ ဘာအဓိပ္ပာယ်ရှိနေလဲ မင်း သိလား"
"အစ်ကို... ဒီမေးခွန်းကတော့ ငါ့ကို အခက်တွေ့စေပြီလူ့စိတ်ဆိုတာ ခန့်မှန်းရခက်တယ်လေ ငါက နတ်လက်နက်တစ်ခု သက်သက်ပဲဟာ..."
ဖန့်ချန်က ပြုံးလိုက်ပြီး မှန်လေး ကို သိမ်းလိုက်တယ်၊ အဲဒီနောက် တုတ်ကောက်အဖြစ် သုံးနေတဲ့ တံမြက်လှည်းကို အားပြုပြီး တောင်အောက်ကို ဖြည်းဖြည်းချင်း ဆင်းလာခဲ့တယ်။
ဝိညာဉ်သိုင်းနယ်မြေ... ရင်းနှီးသလိုလိုနဲ့ စိမ်းသက်နေတဲ့ နေရာတစ်ခုပေါ့။
ရင်းနှီးတယ်ဆိုတာက စီနီယာအစ်ကို ပီထုရဲ့ ပါးစပ်ကနေ ဒီနယ်မြေအကြောင်း ကြားဖူးလို့ပါ ဒါဟာ စီနီယာအစ်ကိုရဲ့ ဇာတ်ိချက်ပေါ့။
စိမ်းသက်တယ်ဆိုတာကတော့... အခု သူနင်းထားတဲ့ မြေကြီးက တခြား ကြယ်ကမ္ဘာတစ်ခု ဖြစ်နေနိုင်ပြီး အလယ်ပိုင်းဒေသ နဲ့ ဘယ်လောက်တောင် ဝေးနေမလဲဆိုတာ မသိရလို့ပါပဲ။
"ဝိညာဥ်သုတ်သင်ခြင်းဌာန ဌာနမှူးက... သူဟာ သွေးဝိညာဉ်ဂိုဏ်း နဲ့ အမြဲတမ်း တိုက်ခိုက်နေခဲ့တယ်လို့ ယူဆရရင် အခု ငါ့ကို ဝိညာဉ်သိုင်းနယ်မြေကို ပို့လိုက်တာက ဒီနေရာဟာ သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်နေတယ်လို့ အရိပ်အမြွက် ပြနေတာလား"
"သွေးဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဝိညာဉ်သိုင်းနယ်မြေကနေ လာတာလား ဒါမှမဟုတ် သွေးဝိညာဉ်ဂိုဏ်းရဲ့ အယူဝါဒတွေက ဝိညာဉ်သိုင်းနယ်မြေကနေ ရှေးဟောင်းနယ်မြေဆီကို ပျံ့နှံ့သွားတာလား"
"သူ့အနေနဲ့ ဒီကိစ္စကို စုံစမ်းချင်ရင် မသေမျိုးတစ်ယောက် ဒါမှမဟုတ် မသေမျိုးဘုရင် တစ်ယောက်ကို ပို့လို့ရတာပဲ ဘာလို့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ အကုန်အကျခံပြီး ငါ့ကို ပို့လိုက်တာလဲ"
"တကယ်လို့ ဒီရည်ရွယ်ချက် မဟုတ်ဘူးဆိုရင် သူ့ရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲ ငါ့ကို နယ်နှင်ဒဏ် ပေးလိုက်တာလား"
ကျောင်းတော်တံခါးဝကို ပြန်ရောက်တော့ ဖန့်ချန်ဟာ အတွေးတွေကို ခဏဘေးဖယ်ပြီး ဒီနေ့အတွက် တံမြက်လှည်းတဲ့ အလုပ်ကို စလုပ်လိုက်တယ်။
သူ့ရဲ့ အာရုံထဲမှာတော့ ဝိုးလုံကျောင်းတော် ကျောင်းအုပ်ဟောင်းရဲ့ အသံက ပြန်လည် ပေါ်လာခဲ့တယ်။
သူ ဒီကို စရောက်တဲ့ ပထမဆုံးနေ့မှာပဲ ကျောင်းအုပ်ဟောင်းက သူ့ကို လက်ခံပေးခဲ့တာပါ။
ကျောင်းအုပ်ဟောင်းကသာ ခွင့်မပြုရင်၊ ဘာအထောက်အထားမှ မရှိတဲ့ အဘိုးကြီးတစ်ယောက်က ဝိုးလုံကျောင်းတော်ရဲ့ တာအိုစာရင်းဝင် ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ
"တာအိုမိတ်ဆွေ ဖန့်... ကျုပ်ရဲ့ အချိန်တွေက သိပ်မကျန်တော့ဘူး ကျုပ်ကွယ်လွန်သွားရင် ဒီဝိုးလုံကျောင်းတော်ကို ကျုပ်ကိုယ်စား နည်းနည်းလောက် စောင့်ရှောက်ပေးပါဦး တကယ်လို့ တစ်နေ့နေ့မှာ ကျုပ်တို့ ပြန်ဆုံခွင့်ရရင် ခင်ဗျားရဲ့ ကျေးဇူးကို ကျုပ် ပြန်ဆပ်ပါ့မယ်"
ဒါဟာ ဝိုးလုံကျောင်းတော် ကျောင်းအုပ်ဟောင်းရဲ့ နောက်ဆုံးစကားတွေပါ။
ဒီစကား ပြောပြီးတာနဲ့ သူက အသက်ထွက်သွားခဲ့တာ၊ အချိန်ကို တွက်ချက်ထားသလိုပါပဲ။
ဒီကိစ္စက လွန်ခဲ့တဲ့ တစ်နှစ်က ဖြစ်ခဲ့တာပါ။
အဲဒီတုန်းကတော့ ဖန့်ချန်က ကျောင်းအုပ်ဟောင်းဟာ သေချင်ယောင်ဆောင်ပြီး လွတ်မြောက်သွားတာ၊ တစ်နေ့နေ့ ပြန်လာမှာလို့ ထင်ခဲ့တယ်။
ဒါပေမဲ့ ဘာသတင်းမှ မကြားရတော့တာကြောင့် ဖန့်ချန်က ရွှမ်ဖျင့်ကို ကျောင်းအုပ်ဟောင်းရဲ့ အုတ်ဂူကို တူးခိုင်းလိုက်တော့၊ အရိုးစုတွေတောင် ဆွေးမြည့်နေပါပြီ...။
ဝိညာဥ်သုတ်သင်ခြင်းဌာန ဌာနမှူးနဲ့ တစ်နည်းနည်းနဲ့ ပတ်သက်နေပြီး၊ ဒီလို ဝေးလံလှတဲ့ ဝိညာဉ်သိုင်းနယ်မြေရဲ့ ချောင်ကျကျ တောင်ပေါ်က ဘုန်းကြီးအိုတစ်ယောက်ဟာ...
အကြောင်းမဲ့တော့ စကားပြောသွားမှာ မဟုတ်ဘူး။
သူ သေခါနီး ပြောသွားတဲ့ စကားက သူ့ကို မျှော်လင့်ချက်အတု ပေးသွားတာတော့ မဟုတ်တန်ရာပါဘူး။
"အဘိုးကြီးဖန့်... အခုတလော လောကကြီးက မငြိမ်းချမ်းဘူး ခင်ဗျားမှာ ဆွေမျိုးသားချင်းတွေ ရှိသေးလား သူတို့ နေကောင်းကြရဲ့လားဆိုတာ လူလွှတ်ပြီး စုံစမ်းပေးဖို့ လိုမလား"
စကားပြောလိုက်တဲ့ တာအိုဘုန်းကြီးက ခေါင်းမှာ ပဝါပေါင်းထားပြီး ခြေဗလာနဲ့ ကောက်ရိုးဖိနပ် စီးထားတယ်။
သူ့ဝတ်ရုံကလည်း ဖာထေးရာတွေနဲ့မို့ အရင်တုန်းက သူတောင်းစား တာအိုဘုန်းကြီးနဲ့ တော်တော်လေး ဆင်တူနေတယ်။
တစ်ခုတည်းသော ကွာခြားချက်ကတော့ တစ်ယောက်က စွမ်းအားကြီး ကျင့်ကြံသူဖြစ်ပြီး၊ အခုတစ်ယောက်ကတော့ အခြေခံအဆင့် အလယ်ပိုင်းလောက်ရှိတဲ့ သိုင်းသမား တစ်ယောက်ပဲ ဖြစ်နေတာပါ။
"ကျင့်ကုန်း တာအိုဆရာ... တောင်အောက်ဆင်းမလို့လား"
ဖန့်ချန်က ပြုံးပြီး မေးလိုက်တယ်။
ကျင့်ကုန်း တာအိုဆရာက ခပ်ဖြည်းဖြည်း ခေါင်းညိတ်တယ်
"အခု ယွဲ့နိုင်ငံက ဒီဒေသကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီ စည်းကမ်းချက်အရဆိုရင် နောက်ဆို ဒီဒေသက ကျောင်းတော်တွေ ဘုရားကျောင်းတွေ အကုန်လုံး အရင်က ကိုးကွယ်တဲ့ နတ်ဘုရားရုပ်ထုတွေ ဗုဒ္ဓရုပ်ပွားတော်တွေကို မကိုးကွယ်ရတော့ဘူး"
"နောက်ဆိုရင် ဝိညာဉ်နတ်ဘုရား ကိုပဲ ကိုးကွယ်ရတော့မယ် ဒါကြောင့် ကျုပ် တောင်အောက်ဆင်းပြီး ကျောက်ဆစ်ဆရာနဲ့ လက်သမားတွေ သွားခေါ်ရမယ် ဝိညာဉ်နတ်ဘုရား ရုပ်ထုကို ထုလုပ်ဖို့ပေါ့"
"ဒီယွဲ့နိုင်ငံက ဒီလောက်တောင် ဗိုလ်ကျတာလား"
ဖန့်ချန်က မေးတယ်။
ကျင့်ကုန်း တာအိုဆရာက အသံကို နှိမ့်လိုက်ပြီး
"အဘိုးကြီးဖန့် အသံကို နည်းနည်း လျှော့ပါဦး ဝိုးလုံကျောင်းတော်က လောကီရေးရာတွေနဲ့ ကင်းကွာတယ်ဆိုပေမဲ့ ဒီစကားကို ယွဲ့နိုင်ငံသားတွေ ကြားသွားရင် ဘေးဒုက္ခကြီး ဆိုက်လိမ့်မယ်"
"ကျင့်ကုန်း တာအိုဆရာ... ဒီဝိညာဉ်နတ်ဘုရား ရုပ်ထုက ဘယ်လိုပုံစံလဲဆိုတာ သိလား"
ဖန့်ချန်က ပြုံးပြီး မေးတယ်။
"နည်းနည်းပါးပါးတော့ သိတယ် တကယ်တော့ တောင်အောက်က လူပြိန်းတွေက လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဝိညာဉ်နတ်ဘုရားကို ပြောင်းပြီး ကိုးကွယ်နေကြတာ"
"ဝိညာဉ်နတ်ဘုရားက အရမ်းတန်ခိုးထက်တယ်လို့ ပြောကြတယ် အခုတလော ကျုပ်တို့ ဝိုးလုံကျောင်းတော်မှာ ဘုရားဖူးနည်းနေတာကလည်း အဲဒါကြောင့်ပဲ အဘိုးကြီးမှာ ဆွေမျိုးတွေရှိလား ကျုပ် တောင်အောက်ဆင်းရင်း သူတို့ဆီ စာရေးပေးဖို့ လူကြုံရှာပေးလို့ ရပါတယ်"
ကျင့်ကုန်း က ပြောတယ်။
"ရှိတယ် ဒါပေမဲ့ အရမ်းဝေးတဲ့ နေရာမှာဆိုတော့ စာပို့လို့ မရောက်နိုင်ဘူး ကျင့်ကုန်း တာအိုဆရာကို အားမနာပါရစေနဲ့"
ဖန့်ချန်က ခေါင်းခါပြလိုက်တယ်။
ကျင့်ကုန်း တာအိုဆရာက ခေါင်းညိတ်တယ်
"ပြီးခဲ့တဲ့ရက်က ကြားလိုက်တာတော့ သာမန်အရပ်သား မိသားစုတစ်ခုက မျိုးရိုးစဉ်ဆက် ဝိညာဉ်နတ်ဘုရားကို ကိုးကွယ်လာလို့ ဆေးလုံးတစ်လုံး အပ်နှင်းခံရသတဲ့ နာမည်က သွေးဝိညာဉ် နတ်ဆေးလုံး လို့ ထင်တာပဲ"
"တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီမိသားစုမှာ မွေးရာပါ ဉာဏ်နည်းတဲ့ ကလေးတစ်ယောက် ရှိတယ် ဆေးသောက်ပြီးတော့ ချက်ချင်းပဲ ဉာဏ်တွေ ပိုကောင်းလာပြီး ခွန်အားတွေလည်း အရမ်းကြီးသွားလို့ ယွဲ့နိုင်ငံ ဧကရာဇ်ကတောင် ခေါ်ယူတွေ့ဆုံတယ်လို့ ကြားတယ်"
"ဒီကောလာဟလက အမှန်လား အမှားလားတော့ မသိဘူး အကယ်၍သာ အမှန်ဆိုရင် ဝိုးလုံကျောင်းတော်က ဝိညာဉ်နတ်ဘုရားကို ပြောင်းပြီး ကိုးကွယ်တာကလည်း မဆိုးပါဘူး"
ပြောပြီးတာနဲ့ ကျင့်ကုန်း တာအိုဆရာက အလျင်အမြန်ပဲ တောင်အောက်ကို ဆင်းသွားတော့တယ်။
"သွေးဝိညာဉ် နတ်ဆေးလုံး..."
ဖန့်ချန် တိုးတိုးလေး ရေရွတ်လိုက်တယ်။
သူ တစ်ခုခုကို နားလည်သွားသလိုပဲ။
ဘာမှ မထူးခြားဘူးဆိုရင်တော့၊ ဒီဝိညာဉ်နတ်ဘုရား ဆိုတာ သွေးဝိညာဉ်ဂိုဏ်းက ဂိုဏ်းချုပ်ပဲ ဖြစ်ရမယ် သူက ယုံကြည်မှု အမွှေးနံ့သာ လမ်းစဉ်ကို လျှောက်လှမ်းနေတာပဲ။
ရှေးဟောင်းနယ်မြေက ဂိုဏ်းချုပ်ဟာ ဝိညာဉ်သိုင်းနယ်မြေကို မလာနိုင်သရွေ့ ဒီနေရာက ဝိညာဉ်နတ်ဘုရားဂိုဏ်း ကို မဖျက်ဆီးနိုင်သရွေ့ ယုံကြည်မှု စွမ်းအားတွေနဲ့ အောင်မြင်နေတဲ့ သွေးဝိညာဉ်ဂိုဏ်းချုပ်ကို ဘယ်လိုမှ ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး။
"ဝိညာဉ်သိုင်းနယ်မြေမှာ ယုံကြည်မှု စွမ်းအားတွေကို စုပ်ယူပြီး ရှေးဟောင်းနယ်မြေမှာ ကံတရားတွေနဲ့ ဆေးဖော်စပ်နေတာပေါ့ အခု အဲဒီဂိုဏ်းချုပ်က ဝိညာဉ်သိုင်းနယ်မြေမှာ ရှိနေတာလား ဒါမှမဟုတ် ရှေးဟောင်းနယ်မြေမှာလား"
"ဝိညာဥ်သုတ်သင်ခြင်းဌာန ဌာနမှူးက သဲလွန်စအချို့ကို ရှာတွေ့ထားပြီ ဒါပေမဲ့ တစ်စုံတစ်ခုသော အကြောင်းကြောင့် သူ ဒီကို ဇွတ်မလာရဲဘူး ဒါကြောင့်ပဲ ကျင့်ကြံခြင်းစွမ်းအားတွေ ဆုံးရှုံးနေတဲ့ ငါ့ကို ဒီဆီ ပို့လိုက်တာပေါ့"
"စွမ်းအား မရှိတော့ရင် ပိုပြီး လျှို့ဝှက်နိုင်တယ် ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ သတိပြုမိတာကို မခံရဘူးပေါ့ သွေးဝိညာဉ်ဂိုဏ်းက နေရာအနှံ့မှာရှိတဲ့ စကြဝဠာ ဟင်းလင်းပြင် ကူးပြောင်းခြင်း အစီရင်တွေကို စောင့်ကြည့်နိုင်တာလား "
"အဘိုးကြီးဖန့် ငါတို့ ဝိုးလုံကျောင်းတော်က အလကားစားတွေကို မမွေးထားဘူး ခင်ဗျား အသက်ကြီးနေတာရယ် ကျောင်းအုပ်ဟောင်း ခေါ်လာတာရယ်ကြောင့် ဆိုပေမဲ့ အခွင့်ထူးခံလို့တော့ မရဘူး"
"ဆောင်းဦးရောက်ပြီ နေ့တိုင်း သစ်ရွက်တွေ ကြွေနေတာ ခင်ဗျား ဒီနေ့လည်း မလှည်း မနက်ဖြန်လည်း မလှည်းရင် နောက်ရက်တွေကျ ဝိုးလုံကျောင်းတော်က သစ်ရွက်တွေအောက်မှာ မြုပ်သွားတော့မှာပေါ့"
ဝမ်ဖူ ဟာ ဝူမျိုးဆက် တပည့်ငယ်တစ်စုကို ခေါ်ပြီး ကျောင်းတော်ထဲက ထွက်လာတယ်။
ကြည့်ရတာ တောင်အောက်ကို ပစ္စည်းဝယ်ဖို့ ဆင်းမလို့ ထင်တယ်။
သူက ဖန့်ချန် တစ်ယောက်တည်း ရပ်ပြီး ငေးနေတာကို မြင်တော့ မနေနိုင်ဘဲ နှာခေါင်းရှုံ့ပြီး ပြောလိုက်တာပါ။
"ဟုတ်ပါရဲ့... နေ့တိုင်း သစ်ရွက်တွေ ကြွေနေတာပဲ ဒီနေ့ မလှည်း မနက်ဖြန် မလှည်းရင် နောက်ပိုင်း ပိုပိုများလာပြီး လှည်းလို့တောင် ကုန်မှာ မဟုတ်တော့ဘူး"
ဖန့်ချန်က ပြုံးပြီး ခေါင်းညိတ်ပြတယ် အဲဒီနောက် မြေပြင်ပေါ်က သစ်ရွက်တွေကို စတင်လှည်းကျင်းတော့တယ်။
"ဟွန်း..."
ဝမ်ဖူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး တပည့်ငယ်တွေကို ခေါ်ကာ တောင်အောက်ကို ဆင်းသွားတယ်။
ရက်အနည်းငယ်အကြာ၊ ထင်းဂိုဒေါင်ထဲမှာ။
ဖန့်ချန်ဟာ ငြိမ်သက်စွာ တင်ပလ္လင်ခွေ ထိုင်နေတယ်။
ကောင်းကင်နဲ့ မြေကြီးကြားက ဝိညာဉ်စွမ်းအားတွေဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို မပြတ်စီးဝင်နေပြီး၊ မသိလိုက်ဘာသာပဲ သူ့ကိုယ်ထဲမှာ မသေမျိုးသွေးကြော တစ်ချောင်း ပုံဖော်လာခဲ့တယ်။
အဲဒီနောက်မှာတော့ ဒုတိယတစ်ချောင်း။
တတိယတစ်ချောင်း။
စတုတ္ထတစ်ချောင်း။
သွေးကြော တစ်ချောင်းချင်းစီဟာ အရင်ကနဲ့ မတူတော့ဘူး။
ဘာအညစ်အကြေးမှ မရှိတော့ဘဲ စစ်မှန်လှတဲ့ တာအိုလမ်းစဉ်ရဲ့ ရနံ့တွေပဲ ပြည့်နှက်နေတော့တယ်။
ချီသန့်စင်ခြင်း အဆင့် (၁)။
ချီသန့်စင်ခြင်း အဆင့် (၂)။
ချီသန့်စင်ခြင်း အဆင့် (၃)။
ချီသန့်စင်ခြင်း အဆင့် (၄)။
ချီသန့်စင်ခြင်း အဆင့် (၅)။
...
ချီသန့်စင်ခြင်း အဆင့် (၁၂)။
ဖန့်ချန်ရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေဟာ ပိုပိုပြီး ထုထည်ကြီးမားလာတယ် သူ့ရဲ့ ဘေးနားမှာလည်း လူရိပ်နှစ်ခု မသိမသာ ပေါ်လာတယ်။
"အရှင် ကျင့်ကြံခြင်းစွမ်းအားတွေ ပြန်ရပြီ"
အဖြူအမဲ စက္ကူရုပ်လေး နှစ်ရုပ်က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြတယ်။
ဖန့်ချန်ကတော့ သူ့အနေနဲ့ ချီသန့်စင်ခြင်းအဆင့်ကို ပြန်ရောက်ရင်တောင် အရင်က အထွက်အထိပ် အခြေအနေကို ပြန်ရောက်ဖို့ အချိန်အတန်အကြာ ယူရမယ်လို့ ထင်ထားတာပါ။
ဒါပေမဲ့ မထင်မှတ်ထားဘဲ ပထမဆုံး မသေမျိုးသွေးကြော ဖွဲ့စည်းပြီးတာနဲ့ ဝိညာဉ်စွမ်းအားတွေ စီးဝင်လာမှုက တားဆီးလို့ မရအောင် ဖြစ်သွားခဲ့တယ်။
တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ဝိညာဉ်က ခန္ဓာကိုယ်ထဲကနေ ထွက်ခွာလာခဲ့တယ် ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ ဝိညာဉ်ပေါ်မှာ ရွှမ်ဖျင့် တစ်ကောင် ရစ်ပတ်နေခဲ့တယ်။
ဒါဟာ ရွှမ်ဖျင့်ရဲ့ သွေးစစ်စစ်ကနေ ပြောင်းလဲလာတာဖြစ်ပြီး ဝိညာဉ်ထဲကို တဖြည်းဖြည်း ပေါင်းစပ်ဝင်ရောက်နေတာပါ။
အချိန်အတော်ကြာ တိုးတက်မှု မရှိခဲ့တဲ့ ဝိညာဉ်စွမ်းအားတွေဟာ အခုအချိန်မှာတော့ ရူးသွပ်လုမတတ် မြင့်တက်လာပြီး၊ သူ့ရဲ့ ဝိညာဉ်ဟာလည်း ပိုပိုပြီး ခိုင်မာလာခဲ့တယ်။
အဲဒီအချိန်မှာပဲ အပြင်က ရွှမ်ဖျင့်ဟာ တစ်ခုခုကို အာရုံခံမိသလိုနဲ့ တိတ်တဆိတ် ဝင်လာတယ်၊ သူက ဖန့်ချန်ဆီကို မသွားဘဲ ဖန့်ချန်ရဲ့ ဝိညာဉ်ရှေ့ကို သွားလိုက်တာပါ။
သူဟာ ဖန့်ချန်ရဲ့ ဝိညာဉ်ကို မြင်နိုင်နေတယ်!
သူ့ရဲ့ စိတ်ထဲမှာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သလိုမျိုး၊ ရွှမ်ဖျင့်ဟာ သူ့ရဲ့ ပါးစပ်ကို ဖောင်းအောင်လုပ်ပြီး သွေးလုံး (၈) လုံးကို တစ်လုံးပြီးတစ်လုံး ထွေးထုတ်လိုက်တယ်။
သွေးလုံး တစ်လုံးချင်းစီက ဖန့်ချန်ရဲ့ ဝိညာဉ်ပေါ်ကို ကျရောက်သွားတိုင်း ရွှမ်ဖျင့်ရဲ့ စွမ်းအင်တွေအဖြစ် ပြောင်းလဲသွားတယ်။
သွေးလုံး (၈) လုံးဆိုတော့ စွမ်းအင် (၈) ခုပေါ့။
တကယ်လို့ တစ်စုံတစ်ယောက်ကသာ ဖန့်ချန်ကို မြင်နိုင်မယ်ဆိုရင်၊ သူ့ရဲ့ ခန္ဓာကိုယ်မှာ ရွှမ်ဖျင့် (၉) ကောင် ရစ်ပတ်နေတာကို တွေ့ရပါလိမ့်မယ်။
အဲဒါတွေက ဝိညာဉ်ထဲကို ဆက်တိုက် ပေါင်းစပ်သွားပြီး ဝိညာဉ်ကို ပိုမိုခိုင်မာစေသလို ထူးခြားတဲ့ အငွေ့အသက် တစ်ခုကိုလည်း တိုးပွားစေတယ်။
အခုအချိန်မှာတော့ ရုပ်ကလပ်ရော၊ ဝိညာဉ်ပါ နည်းလမ်းအမျိုးမျိုးနဲ့ အဆင့်အတန်း မြင့်မားလာနေပါပြီ။
...
နတ်အငွေ့အသက်တွေ ရစ်ပတ်နေတဲ့ တောင်တန်းကြီးပေါ်မှာ၊ လူရိပ်နှစ်ခုဟာ မြေပြင်ပေါ်မှာ ထိုင်နေကြပြီး သူတို့ရှေ့မှာ စစ်တုရင်ခုံ တစ်ခု ရှိနေတယ်။
လူရိပ်တစ်ခုက မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီးမှ သက်ပြင်းချလိုက်တယ်
"ဒီတစ်ကွက်မှာတော့ ခင်ဗျား နိုင်သွားပြီ သူက ခင်ဗျားရဲ့ လမ်းစဉ်အတိုင်း လျှောက်နေပြီပဲ"
ယွင်ဟဲ့ (နတ်ကြိုးကြာ) က ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြတယ်
"ဒီအတိုင်း ဖြစ်သင့်တာပဲ အဲဒီဓားကို... ခင်ဗျား ပြန်သိမ်းချင်လား"
"မသိမ်းတော့ပါဘူး... သူ့ကိုပဲ ပေးလိုက်ပါတော့မယ်"
"ကျေးဇူးတင်ပါတယ်"
အခန်း (၇၉၈)မေ့လျော့ခြင်းမြစ်
ရွှမ်ဖျင့်ဟာ သွေးစစ်စစ် (၈) လုံးကို ဆက်တိုက်ထွေးထုတ်ပြီးနောက်မှာတော့ ချက်ချင်းပဲ အိပ်ငိုက်လာပြီး ဖန့်ချန်ရဲ့ ဘေးနားကို ဖတ် ခနဲ ပြုတ်ကျသွားတော့တယ်။
သူ့ရဲ့ မျက်လုံးတွေက တင်းတင်းပိတ်ထားပြီး မျက်နှာက ဖြူဖျော့နေတယ်၊ ခြေသည်းလေးတွေက တစ်ချက်တစ်ချက် တုံ့ခနဲ တုံ့ခနဲ ဖြစ်နေပြီး သူ့ဆီက ထွက်လာတဲ့ အသက်ရှူသံတွေက မြေပြင်ကို ရေခဲမှုန်တွေ ဖုံးလွှမ်းသွားစေတယ်။
အဲဒီအချိန်မှာပဲ အဝေးကနေ ဓား တစ်စင်း ရောက်လာပြီး ဖန့်ချန်ကို ပတ်ချာလည်ဝိုင်းကာ အရမ်းကို စိတ်လှုပ်ရှားနေပုံရတယ်။
"ကောင်လေး... ဒီနှစ်နှစ်အတွင်း မင်း ဘယ်တွေ သွားနေတာလဲ"
လို့ မှန်လေး က မေးလိုက်တယ်။
"မင်းနဲ့ မဆိုင်ပါဘူး ငါက ဖန့်ချန် အတွက် ရှေ့ကနေ လမ်းသွားစုံစမ်းပေးတာပါ"
လို့ ဓားလေး က ပြန်ပြောတယ်။
"မင်း မပြောလည်း ငါ တွက်ချက်လို့ ရပါတယ်"
"ဒါဆိုရင်လည်း တွက်ကြည့်လေ"
"ဟွန်း... ဝိညာဉ်ကျောက်တုံး မရတဲ့ အလုပ်မျိုးကိုတော့ ငါ မလုပ်ဘူး"
"စကားတွေ အများကြီး ပြောမနေနဲ့ ဖန့်ချန်က ကျင့်ကြံခြင်းစွမ်းအားတွေ ပြန်ရတော့မှာ မဟုတ်လား ငါကြည့်ရသလောက် သူ့ရဲ့ အငွေ့အသက်က အခြေခံတည်ဆောက်ခြင်းအဆင့် ကို ရောက်နေပြီ"
"ဘာမှ မထူးခြားရင်တော့ ကျင့်ကြံခြင်းစွမ်းအားတွေ ပြန်ရမှာ သေချာတယ် ပြီးတော့ တိုက်ရိုက် ဝိညာဥ်သန္ဓေသားအဆင့်အထိ တက်သွားနိုင်ခြေ ရှိတယ်"
"အရမ်းကောင်းတာပဲ"
" ဘာမှ ကြိုတင်ပြင်ဆင်မှု မရှိဘဲနဲ့ သူ အခု ယင်လောကကို ရတော့မှာ"
"ငါ့ကို ခေါ်သွားရင် ရတာပဲလေ"
"မင်းလား ငါရော မင်းရော ဟိုဘက်ကို သွားလို့မရဘူး အဖြူအမဲ စက္ကူရုပ်လေးတွေတော့ လိုက်သွားလို့ ရလိမ့်မယ် ပြီးတော့ ဒီရွှမ်ဖျင့်လည်း ပါနိုင်တယ် ဒါပေမဲ့ နှမြောစရာကောင်းတာက သူက အသက်စွမ်းအားတွေ အရမ်းကုန်ဆုံးသွားလို့ လိုက်သွားလည်း သိပ်အသုံးဝင်မှာ မဟုတ်ဘူး"
"ဒါဆိုရင် ငါက ဖန့်ချန်ရဲ့ ရုပ်ကလပ်ကို စောင့်ရှောက်ပေးထားမယ် သူ ယင်လောက က ပြန်လာတဲ့အထိပေါ့"
ဖန့်ချန်ရဲ့ ဝိညာဉ်ဟာ ပိုမိုခိုင်မာလာတယ် ရွှမ်ဖျင့်က သူ့အတွက်နဲ့ အသက်စွမ်းအားတွေကို ကုန်ဆုံးခံလိုက်တာကို သူ သိနေသလို၊ အဖြူအမဲ စက္ကူရုပ်လေးတွေနဲ့ ဓားလေးကိုလည်း သူ မြင်နေရတယ်။
မသိလိုက်ဘာသာပဲ ရွှမ်ဖျင့်ရဲ့ စွမ်းအင် (၉) ခုစလုံးဟာ သူ့ရဲ့ ဝိညာဉ်ထဲကို စိမ့်ဝင်သွားပြီး နောက်ဆုံးမှာတော့ ဝိညာဉ်နဲ့ တစ်သားတည်း ဖြစ်သွားတော့တယ်။
ပတ်ဝန်းကျင် အခြေအနေဟာ ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်၊ ဖန့်ချန် သတိပြန်ဝင်လာတဲ့ အခါမှာတော့ သူဟာ တောင်လမ်းတစ်ခုပေါ်ကို ရောက်နေပြီ။
ဘေးတစ်ဖက်တစ်ချက်မှာတော့ မည်းမှောင်နေပြီး အမြင့်ကို မခန့်မှန်းနိုင်တဲ့ တောင်တန်းကြီးတွေ ရှိနေတယ် သူ့ရဲ့ ရှေ့တည့်တည့်မှာတော့ လှိုင်းလေးတွေ တဖျတ်ဖျတ် ထနေတဲ့ မြစ်တစ်စင်း ရှိနေတယ်။
အဖြူအမဲ စက္ကူရုပ်လေးတွေကလည်း ဖန့်ချန်နဲ့အတူ ဒီနေရာကို ရောက်လာကြပြီး သူတို့ရဲ့ မျက်လုံးထဲမှာ အံ့ဩတုန်လှုပ်မှုတွေ ယှက်သန်းနေတယ်။
"ဒီနေရာက..."
လို့ စက္ကူရုပ်အမဲ က တိုးတိုးလေး ရေရွတ်တယ်။
စက္ကူရုပ်အဖြူ ကတော့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး လေးနက်တဲ့ မျက်နှာပေးနဲ့
"ဒီနေရာက ငရဲပြည် ပဲ"
"ယင်လောက လား..."
လို့ ဖန့်ချန်ရဲ့ မျက်လုံးတွေက လှုပ်ရှားသွားတယ်။
ဝိညာဉ်ဆိုတာ အတွေ့အထိ မရှိသင့်ပေမဲ့ အခုတော့ သူက အတွေ့အထိတွေကို တကယ်လိုပဲ ခံစားနေရတယ် ခြေထောက်နှစ်ဖက်က မြေပြင်ပေါ်ကို အခိုင်အမာ နင်းထားနိုင်တာပါ။
သူ့ရဲ့ မျက်နှာကို လက်နဲ့ ဆွဲညှစ်ကြည့်လိုက်တော့ ရုပ်ရည်က ငယ်ရွယ်တဲ့ ပုံစံကို ပြန်ရောက်နေပြီ ပြီးတော့ မျက်နှာပေါ်က အသားတွေကလည်း တကယ့် အစစ်အမှန်အတိုင်းပဲ ဝိညာဉ်ပုံစံနဲ့ လုံးဝကို ကွဲပြားနေတာပါ။
"အရှင် အခု ဘယ်လို ခံစားရလဲ ကျုပ်တို့ နှစ်ယောက်စလုံး ဒီကို ရောက်လာတော့ ကျင့်ကြံခြင်းစွမ်းအားတွေ ဖိနှိပ်ခံထားရသလိုပဲ"
လို့ စက္ကူရုပ်အဖြူက မေးတယ်။
"ခံစားချက်က..."
ဖန့်ချန်က မျက်လုံးမှိတ်ပြီး ခဏလောက် အာရုံခံကြည့်လိုက်တော့ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ သုံးလို့မကုန်နိုင်တဲ့ စွမ်းအားတွေ ရှိနေသလို ခံစားရတယ်။
ဒါက အရင်တုန်းက ရွှေအမြုတေအထွက်အထိပ် တုန်းကထက်တောင် အဆပေါင်းများစွာ ပိုပြီး သန်မာနေတဲ့ ခံစားချက်မျိုးပါ။
"ခံစားချက်က တော်တော်ကောင်းတယ်"
လို့ ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်။
ဒါက သတင်းကောင်းပဲ။
သူ ခန့်မှန်းထားသလိုပါပဲ။
ငရဲပြည်ကို ရောက်လာပြီးနောက်မှာတော့ သူ့ရဲ့ ထူးခြားတဲ့ ဝိညာဉ်ဟာ ထူးခြားတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာခဲ့ပြီ ပြီးတော့ အခု သူ့ရဲ့ ဝိညာဉ်က ရွှမ်ဖျင့်ရဲ့ သွေးစစ်စစ်တွေနဲ့ ပေါင်းစပ်ထားတာမို့ အရင်ကထက် အများကြီး ပိုသန်မာနေတာပါ။
ဖြစ်နိုင်တာကတော့... လူ့ပြည်ကို ပြန်ရောက်သွားရင် မသေမျိုးအဆင့် တောင်မှ သူ့ရဲ့ ဝိညာဉ် တည်ရှိမှုကို သတိထားမိမှာ မဟုတ်ဘူး အားရင်တော့ စမ်းသပ်ကြည့်ရမယ်။
"ဝိညာဉ်စွမ်းအား တစ်ခုတည်းနဲ့ပဲ ငါ့ရဲ့ ငရဲပြည်က အစွမ်းကို တိုင်းတာမယ်ဆိုရင် ငါက မသေမျိုးအဆင့် နဲ့ ညီမလား၊ ဒါမှမဟုတ် မသေမျိုးဘုရင် နဲ့ ညီမလား "
ဖန့်ချန်က စဉ်းစားခန်း ဝင်နေတယ်။
"ခွင့်လွှတ်ပါ... အရှင်..."
သူ့ရဲ့ အနောက်ကနေ အက်ကွဲကွဲ အသံတစ်သံ ထွက်လာတယ်။
ဖန့်ချန် လှည့်ကြည့်လိုက်တော့၊ လက်တစ်ဖက်က တုတ်ကောက်ကို ကိုင်ပြီး တခြားလက်တစ်ဖက်က ကြွေပန်းကန်လုံးတစ်လုံးကို ကိုင်ထားတဲ့ အဘိုးကြီးတစ်ယောက်က ခါးကို ကိုင်းပြီး သူ့ကို ကြောင်တောင်တောင်နဲ့ ကြည့်နေတာပါ။
အဘိုးကြီးက အဝတ်အစားတွေ စုတ်ပြတ်နေပြီး လမ်းဘေးက သူတောင်းစားတစ်ယောက်လိုပဲ သူက အဆက်မပြတ် တုန်ယင်နေပြီး သူ့ကို မမြင်ရတဲ့ အအေးဓာတ်တစ်ခုက လွှမ်းခြုံထားသလိုပါပဲ။
"အဘိုး... ဘယ်ကလာတာလဲ ဘယ်ကို သွားမလို့လဲ"
ဖန့်ချန်က လက်အုပ်ချီပြီး မေးလိုက်တယ်။
"အ... အရှင်... အဘိုးက ဘေးဒုက္ခကနေ ထွက်ပြေးလာတာပါ ထောင်ယန်မြို့ ကို သွားမလို့ အဘိုးရဲ့ သားက အဲဒီမှာ အိမ်ထောင်ကျပြီး သားသမီးတွေနဲ့ အခြေကျနေပြီလေ အဘိုးက သူ့ဆီ သွားခိုလှုံမလို့ပါ ဒါပေမဲ့ ဒီထောင်ယန်မြို့ကို ဘယ်လိုသွားရမှန်း မသိဘူး အဘိုး လမ်းမှားသွားပုံရတယ်..."
အဘိုးကြီးရဲ့ မျက်လုံးတွေက ဝေဝါးနေပြီး စကားပြောနေရင်းနဲ့ အအေးဒဏ်ကြောင့် အင်္ကျီရင်ဘတ်ကို စုကိုင်ထားတယ်။
"အရှင်... သူက သူသေသွားပြီဆိုတာကို မသိသေးဘူး"
လို့ စက္ကူရုပ်အဖြူက တိုးတိုးလေး ပြောတယ်။
ထူးဆန်းတာကတော့ အဘိုးကြီးဟာ စက္ကူရုပ်အဖြူနဲ့ အမဲကို မမြင်ရဘဲ လျစ်လျူရှုထားသလိုပါပဲ။
အကယ်၍သာ မြင်မယ်ဆိုရင် ကြောက်လန့်တကြား ဖြစ်နေမှာ သေချာတယ်၊ အခုလို ပုံစံမျိုး ရှိမှာ မဟုတ်ဘူး။
"ထောင်ယန်မြို့... လမ်းက တော်တော်ဝေးတယ်နော်"
လို့ ဖန့်ချန်က ပြောတယ်။
"ဝေးတာပေါ့... ဒါပေမဲ့ အဲဒီကို ရောက်ရင်တော့ အဘိုးရဲ့သားက အဘိုးကို ထမင်းတစ်နပ်တော့ ကျွေးမှာပါ"
အဘိုးကြီးရဲ့ မျက်နှာမှာ မျှော်လင့်ချက်တွေ ပေါ်လာပြီး
"အဘိုးက တွားသွားပြီးတော့တောင် ထောင်ယန်မြို့ကို ရောက်အောင်သွားမယ် အဘိုးရဲ့ မြေးလေးကိုလည်း တွေ့ချင်သေးတယ်လေ"
ဒီလိုပြောပြီးတော့ သူက အင်္ကျီရင်ဘတ်ကို ထပ်ပြီး စုကိုင်လိုက်ပြန်တယ် အဲဒီနောက် ဖန့်ချန်က အင်္ကျီအထူကြီး ဝတ်ထားတာကို မြင်တော့ မျက်လုံးထဲမှာ အားကျစိတ်တွေ ဖြစ်သွားတာပါ။
"အဘိုး... အရမ်းချမ်းနေတာလား"
ဖန့်ချန်က မေးတယ်။
"ချမ်းတာပေါ့... တစ်လောကလုံး နှင်းတွေ အများကြီး ကျနေတာ မချမ်းဘဲ နေမလား"
အဘိုးကြီးက တိတ်ဆိတ်နေတဲ့ ကောင်းကင်ယံကို မော့ကြည့်လိုက်တယ်။
သူ့ရဲ့ မျက်လုံးထဲမှာတော့ ကောင်းကင်ကနေ နှင်းတွေ အကြီးအကျယ် ကျနေပုံပါပဲ။
ဖန့်ချန် သဘောပေါက်သွားပြီ၊ အဘိုးကြီး မြင်နေရတဲ့ မြင်ကွင်းက သူ မသေခင်က မြင်ကွင်းအတိုင်းပဲ ဖြစ်နေတာပါ။
သူ သေခါနီးအချိန်မှာ ကောင်းကင်မှာ နှင်းတွေ အများကြီး ကျနေခဲ့တာ ဖြစ်ရမယ်။
"အရှင်... ထောင်ယန်မြို့ကို ဘယ်လိုသွားရမလဲဆိုတာ သိလား"
အဘိုးကြီးက မျှော်လင့်တကြီးနဲ့ ထပ်မေးတယ်။
ဖန့်ချန်က ခပ်ဖြည်းဖြည်း ခေါင်းခါပြလိုက်တယ်
"စိတ်မကောင်းပါဘူး ထောင်ယန်မြို့ကို ဘယ်လိုသွားရမလဲဆိုတာ ကျွန်တော် မသိဘူး"
အဘိုးကြီးရဲ့ မျက်လုံးထဲမှာ စိတ်ပျက်ရိပ်လေး ဖြတ်ပြေးသွားပေမဲ့ ချက်ချင်းပဲ ပြုံးလိုက်တယ်
"ရပါတယ်... ရပါတယ် အဘိုး ခွင့်ပြုပါဦး"
သူက တုတ်ကောက်ကို အားပြုပြီး ရှေ့ကို ဆက်လျှောက်သွားတယ်။
ရှေ့မှာတော့ မြစ်တစ်စင်း ရှိနေပြီး လှေငယ်လေးတစ်စင်း ဆိုက်ကပ်ထားသလိုပါပဲ။
ဖန့်ချန်ရဲ့ မျက်လုံးတွေက ရုတ်တရက် လှုပ်ရှားသွားတယ် စောစောကမှ ခြောက်ကပ်နေတဲ့ တောင်လမ်းဟာ ရုတ်တရက်ဆိုသလို စည်ကားလာပြီး လူရိပ်တွေ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာကာ ရှေ့က မြစ်ဆီကို ဦးတည်နေကြတယ်။
အဲဒီလူရိပ်တွေထဲမှာ တချို့ကတော့ တစ်စုံတစ်ယောက်ကို ရှာနေသလိုမျိုး စိုးရိမ်တကြီးနဲ့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေကြတယ်။
တချို့ကတော့ အသက်မဲ့တဲ့ ရုပ်သေးရုပ်တွေလိုမျိုး ဘာမှမသိဘဲ ရှေ့ကိုပဲ လျှောက်နေကြတယ်။
တချို့ကတော့ ပညာရှိဝတ်စုံတွေ ဝတ်ပြီး ဘေးကလူတွေနဲ့ ရယ်ရယ်မောမော စကားပြောနေကြတယ်။
တချို့ကတော့ ဝတ်စုံစုတ်တွေနဲ့ လက်ထဲမှာ ကျိုးနေတဲ့ ဓားတွေကို ကိုင်ထားပြီး သူတို့ရဲ့ ခန္ဓာကိုယ်ထဲကနေ သွေးမည်းတွေ အဆက်မပြတ် စီးကျနေတယ်။
တချို့ကတော့ အိုမင်းရင့်ရော်နေပြီး ခြေလှမ်းတိုတိုလေးတွေနဲ့ ရှေ့ကို ဖြည်းဖြည်းချင်း ရွေ့နေကြတယ်။
တချို့ကတော့ မျက်နှာတွေ နီမြန်းပြီး ဝဖြိုးနေကာ ဘေးနားမှာ စက္ကူနဲ့ လုပ်ထားတဲ့ အစေခံ ယောင်္ကျားလေး မိန်းကလေးတွေ ပါလာကြတယ်။
အဲဒီ အစေခံတွေရဲ့ ပါးတွေက ရဲနေပြီး ခန္ဓာကိုယ်တွေကတော့ စက္ကူတွေနဲ့ပဲ လုပ်ထားတာပါ။
သူတို့တွေက ဖန့်ချန်ရဲ့ ဘေးကနေ ဖြတ်သွားကြတယ်၊ တချို့က ဖန့်ချန်ကို မြင်ကြပေမဲ့ တချို့ကတော့ လျစ်လျူရှုထားကြတယ်။
ဒါပေမဲ့ ဟို စက္ကူရုပ်လေးတွေကတော့ ဖန့်ချန်ကို မြင်တဲ့အခါမှာ ခါးလေးကို အနည်းငယ် ကိုင်းပြီး အရိုအသေပေးသွားကြတာပါ။
ဖန့်ချန် လှမ်းကြည့်လိုက်တော့ အဝေးက မြစ်ထဲမှာ လှေငယ်လေးတွေ အများကြီး ပေါ်လာပြီး လှေပေါ်မှာလည်း လူတွေ အများကြီး ရှိနေကာ ဒီဘက်ကို လှမ်းကြည့်နေကြတာကို တွေ့ရတယ်။
"ရှေ့ကို သွားကြည့်ရအောင်"
ဖန့်ချန်က အဖြူအမဲ စက္ကူရုပ်လေးတွေကို ခေါ်ပြီး လူအုပ်နဲ့အတူ ရှေ့ကို ဆက်လျှောက်သွားတယ်။
လမ်းတစ်ဝက်မှာတော့ ဆံပင်ဖရိုဖရဲနဲ့ အမျိုးသမီးတစ်ယောက်က ဖန့်ချန်ရဲ့ အင်္ကျီလက်ကို လာပြီး ဆွဲကိုင်လိုက်တယ်။
"သခင်လေး... ကျွန်မရဲ့ သားလေးကို မြင်မိလားဟင် "
"ရိုင်းလှချည်လား"
စက္ကူရုပ်အမဲက မျက်နှာတင်းသွားပြီး တိုက်ခိုက်ဖို့ ပြင်လိုက်ပေမဲ့၊ ဖန့်ချန်က လက်မြှောက်ပြီး တားလိုက်တယ်။
အဲဒီနောက် အမျိုးသမီးကို ကြည့်ပြီး ညင်သာစွာ မေးလိုက်တယ်
"ခင်ဗျားရဲ့ သားက ဘယ်လိုပုံစံလဲ အသက် ဘယ်လောက်ရှိပြီလဲ"
"ငါး... ငါးနှစ်ရှိပါပြီ အရပ်က ဒီလောက်လောက် ဖြူဖြူဖွေးဖွေး ဝဝတုတ်တုတ်လေးနဲ့ အရမ်း ချစ်ဖို့ကောင်းတာ ဒါပေမဲ့ ကျွန်မ သူ့ကို ရှာမတွေ့တော့ဘူး ကျွန်မ သားလေးကို ပျောက်သွားပြီ ဟီး... ဟီး... ပျောက်သွားပြီ..."
အမျိုးသမီးက ဖန့်ချန်ရဲ့ အင်္ကျီစကို လွှတ်လိုက်ပြီး ငိုယိုအော်ဟစ်ကာ ရှေ့ကို ဆက်လျှောက်သွားတယ် ခဏခဏလည်း သူ့သားရဲ့ နာမည်လေးကို လှမ်းခေါ်နေတာပါ။
ဖန့်ချန်က သူမ ဘာမှ ပြန်ကြားရမှာ မဟုတ်ဘူးလို့ ထင်နေတဲ့ အချိန်မှာပဲ ကလေးငယ်တစ်ယောက်က လူအုပ်ထဲကနေ အမျိုးသမီးဆီကို ပြေးလာတယ်
"မေမေ... သား ဒီမှာ သား ဒီမှာ"
အမျိုးသမီးက ချက်ချင်းပဲ ဝမ်းသာသွားပြီး ကလေးကို ပွေ့ချီကာ ငိုလိုက်ရယ်လိုက် ဖြစ်နေတော့တာပဲ။
"အရှင် သူတို့ရဲ့ ကျောကုန်းမှာ ဒဏ်ရာတွေ ရှိတယ်"
လို့ စက္ကူရုပ်အဖြူက ပြောတယ်။
ဖန့်ချန် ခေါင်းညိတ်လိုက်တယ်၊ သူလည်း မြင်တာပေါ့။
ဒီသားအမိနှစ်ယောက်စလုံးရဲ့ ကျောမှာ ဓားဒဏ်ရာ တစ်ခုစီ ရှိနေတယ် ဆိုလိုတာက သူတို့ဟာ အသတ်ခံလိုက်ရတာဖြစ်ပြီး မကောင်းတဲ့ အသေမျိုးနဲ့ သေခဲ့ရတာပါ။
အာရုံကို ပြန်သိမ်းပြီး ဖန့်ချန် ရှေ့ကို ဆက်သွားလိုက်တော့၊ မြစ်ကမ်းနားကို ရောက်လာခဲ့တယ်။
အစောဆုံး တွေ့ခဲ့ရတဲ့ လှေငယ်လေးကတော့ အရမ်းငြိမ်သက်နေပြီး အဲဒီပေါ်မှာ လူတစ်ယောက်က လူအုပ်ကို ကျောပေးပြီး ထိုင်နေသလိုပါပဲ။
ဒါပေမဲ့ တခြားလှေတွေပေါ်မှာတော့ အရမ်းကို ဆူညံနေတာပဲ။
သူတို့တွေက လည်ပင်းကို ဆန့်ပြီး လှမ်းကြည့်နေကြကာ နာမည်တွေကို တစ်ယောက်ပြီး တစ်ယောက် လှမ်းခေါ်နေကြတယ်။
အကယ်၍ တစ်စုံတစ်ယောက်က ပြန်ထူးလိုက်ရင်တော့ သူတို့မျက်နှာမှာ ဝမ်းသာစိတ်တွေ ပြည့်သွားကြတာပါ။
"အဘိုးကြီး... အဘိုးကြီး ဒီဘက်မှာ"
လှေငယ်တစ်စင်းက ကမ်းနားကို ဆိုက်ကပ်လာပြီး၊ အဲဒီပေါ်မှာ အရိုးစင်းဆုံး ဝတ်ဆင်ထားတဲ့ အဘွားအိုတစ်ယောက်က စောစောက သူတောင်းစားလို အဘိုးကြီးကို လှမ်းခေါ်နေတာပါ။
အဘိုးကြီးက ကြောင်သွားပြီး
"အဘွားကြီး... မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ ငါ အိပ်မက်မက်နေတာလား"
"အဘိုးကြီး... မင်း အေးခဲပြီး သေသွားတာလေ မြန်မြန်တက်လာခဲ့ ငါ မင်းကို ဝမ်ချွမ်းမြစ်ကို ဖြတ်ဖို့ လာကြိုတာ"
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ ငါ ထောင်ယန်မြို့ကို ရောက်တော့မှာလေ သားက ငါ့ကို လက်ခံမှာပါ ငါ ဘယ်လိုလုပ် သေမှာလဲ"
"မင်း မေ့သွားပြီလား မင်းက ထောင်ယန်မြို့မှာတင် သေခဲ့တာလေ သားက မင်းက အိုမင်းပြီး အသုံးမကျတော့ဘူး အိမ်မှာလည်း မြေးလေး တစ်ယောက် တိုးလာပြီဆိုတော့ မင်းကို အလကား ထမင်းမကျွေးချင်လို့ ခြံထဲက တဲစုတ်လေးထဲမှာ ထားခဲ့တာလေ"
"အဲဒီညက နှင်းတွေ အရမ်းကျတာ မင်းကလည်း ဘာမှမစားရသေးသလို လမ်းလည်း အဝေးကြီး လျှောက်လာရတာဆိုတော့ အအေးဒဏ်ကို မခံနိုင်ဘဲ သေသွားခဲ့တာပေါ့..."