အခန်း (၇၉၉-၈၀၀)
Vol. 80 Ch. 799-800
အခန်း (၇၉၉) မင်းကို လွမ်းဆွတ်နေတဲ့သူ
ဖန့်ချန်ဟာ အဘိုးအို လှေငယ်ပေါ်တက်သွားပြီး အဘွားအိုနဲ့ တစ်ယောက်ကိုတစ်ယောက် တွဲကူရင်း တဖြည်းဖြည်း ဝေးကွာသွားတာကို လိုက်ပို့ကြည့်နေခဲ့တယ်။
ဒီလို ဆင်တူတဲ့ မြင်ကွင်းတွေဟာ မျက်စိရှေ့မှာ အစီအရီ ပေါ်ပေါက်လာပြီး တဖြည်းဖြည်းနဲ့ မြစ်ထဲမှာ လှေငယ်တစ်စင်းတည်းသာ ကျန်တော့တယ်။
ဒါပေမဲ့ မြစ်ကမ်းနားမှာတော့ ဘာမှမသိဘဲ ငေးငိုင်နေတဲ့ ဝိညာဉ်တွေ အများကြီး ကျန်နေသေးတယ် သူတို့ဟာ တစ်စုံတစ်ခုကို သတိရသွားသလိုမျိုး အခု သူတို့ ရင်ဆိုင်နေရတဲ့ အခြေအနေကို နားလည်သွားကြပုံပဲ။
"ငါ သေသွားပြီလား ငါ မသေချင်ဘူး ငါ ဒီလောက် ငယ်သေးတာ ဘာလို့ သေရတာလဲ "
"အစုတ်ပလုတ်တွေ ဘာလို့ ငါဖြစ်ရတာလဲ ဘာလို့ ငါလဲ ငါ့ရဲ့ ကြီးကျယ်တဲ့ ရည်မှန်းချက်တွေတောင် မစရသေးဘူး ဒီလိုမျိုး ဘယ်လိုလုပ် သေလို့ရမှာလဲ"
ကျိန်ဆဲသံတွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ကျန်နေတဲ့ လှေငယ်လေးကတော့ ဖန့်ချန်ရဲ့ ရှေ့ကို ဖြည်းဖြည်းချင်း ဆိုက်ကပ်လာတယ်။
လှေလှော်နေတဲ့သူက မတ်တတ်ရပ်ပြီး ဖန့်ချန်ကို လှမ်းကြည့်လိုက်တယ် အဲဒီနောက် ခေါင်းဆောင်းကို ချွတ်လိုက်ပြီး ပြုံးကာ ပြောလိုက်တယ်
"ဖန့်တာအိုမိတ်ဆွေ မတက်လာသေးဘူးလား"
"ကျောင်းအုပ်ဟောင်း ခင်ဗျားပြောတဲ့ ပြန်ဆုံမယ့်နေ့ဆိုတာ အခုလား"
ဖန့်ချန်ရဲ့ မျက်နှာမှာ ခံစားချက်တွေ ရှုပ်ထွေးသွားတယ်။
လှေလှော်နေတဲ့သူကတော့ တခြားသူမဟုတ်ဘဲ ဝိုးလုံကျောင်းတော် ကျောင်းအုပ်ဟောင်းပါပဲ။
"ဒါပေါ့... မဟုတ်ရင် ဘယ်သူရှိဦးမှာလဲ ကျုပ် ခင်ဗျားအတွက် လှေလာမလှော်ပေးရင် ခင်ဗျား ဒီဝမ်ချွမ်းမြစ်ကို ဖြတ်နိုင်မှာ မဟုတ်ဘူး ဒါနဲ့ အမှန်အတိုင်း ပြောရရင် ခင်ဗျား ငယ်ငယ်တုန်းက ပုံစံက တကယ်ကို ချောမောခန့်ညားတာပဲ"
ကျောင်းအုပ်ဟောင်းက ရယ်ပြီး ပြောလိုက်တယ်။
ခဏလောက် တိတ်သွားပြီးမှ
"စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်နေလား အဲဒါ ဖြစ်သင့်ပါတယ် ခင်ဗျားက ပထမဆုံးအကြိမ် ယင်လောကကို ရောက်လာတာ ဆိုတော့ စည်းမျဉ်းတွေ အများကြီးကို မသိတာ သဘာဝပါပဲ"
"ဒီဝမ်ချွမ်းမြစ်အကြောင်း ပြောရရင် ခင်ဗျားကို တကယ် လွမ်းဆွတ်တမ်းတနေတဲ့သူ က လာမကြိုရင် ဘယ်သူမှ ဖြတ်လို့မရဘူး ကမ်းနားက အဖော်မဲ့ ဝိညာဉ်တွေ ဘယ်လောက် သနားဖို့ကောင်းလဲဆိုတာ မြင်လား"
"သူတို့တွေ ဝမ်ချွမ်းမြစ်ကို မဖြတ်နိုင်ရင်တော့လူ့ပြည်ကို ပြန်သွားပြီး လွင့်မျောနေရမယ် ဒါမှမဟုတ် ဝမ်ချွမ်းမြစ်ထဲမှာ နစ်မြုပ်နေရမယ် နောက်ပိုင်းတစ်ခုကတော့ လွမ်းဆွတ်သူ လာကြိုတာကို စောင့်ဖို့ အခွင့်အရေး ရှိသေးပေမဲ့ အရင်တစ်ခုကတော့ နောက်ဘဝ ကူးပြောင်းဖို့ အခွင့်အလမ်း လုံးဝ မရှိတော့တာပဲ"
ကျောင်းအုပ်ဟောင်းက ကမ်းနားက လွင့်မျောနေတဲ့ ဝိညာဉ်တွေကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။
"ဒါက ဘာကို ဆိုလိုတာလဲ"
ဖန့်ချန် အံ့အားသင့်သွားတယ်။
"ရိုးရိုးလေး ပြောရရင် ဒီဝမ်ချွမ်းမြစ်ကို ဖြတ်ကျော်နိုင်မှပဲ တကယ့် အောက်လမ်းဆင်းခြင်း ခရီးစဉ်တစ်ခုကို အောင်မြင်တယ်လို့ ဆိုရမယ်"
ကျောင်းအုပ်ဟောင်းက ပြုံးပြီး ဆက်ပြောတယ်
"ဝမ်ချွမ်းကို ဖြတ်ဖို့ သတ်မှတ်ချက်က လွယ်ရင်လည်း လွယ်သလို ခက်ရင်လည်း ခက်ပါတယ်"
"ယင်လောက မှာ ခင်ဗျားကို သတိရနေတဲ့သူ ရှိနေဖို့ လိုတယ် သူက ခင်ဗျားကို လာကြိုဖို့ သူ့ရဲ့ ယင်သက်တမ်း ကို စတေးခံရမယ် အဲဒါဆိုရင် ခင်ဗျား ဖြတ်လို့ရပြီ ကျုပ် ခြေထောက်အောက်က လှေငယ်လေးဟာ ကျုပ်ရဲ့ ယင်သက်တမ်းနဲ့ ပြောင်းလဲထားတာပဲ"
ခဏရပ်ပြီး
"မင်းကို လွမ်းဆွတ်တဲ့သူဆိုတာ မင်းရဲ့ မိဘတွေ ဖြစ်နိုင်သလို မင်းရဲ့ ညီအစ်ကိုတွေ ဒါမှမဟုတ် မင်းရဲ့ သူငယ်ချင်းတွေ ချစ်သူတွေလည်း ဖြစ်နိုင်တယ် သူတို့ကို ကြည့်လိုက်... သနားဖို့ကောင်းလိုက်တာ လာကြိုမယ့်သူ မရှိကြဘူး"
"ပြီးတော့ စောစောက အဘိုးအို ဇနီးမောင်နှံကို ကြည့်ဦး သူတို့သားက မသိတတ်ဘူး နောက်ပိုင်း အဲဒီကောင် သေတဲ့အခါကျရင်လည်း လာကြိုမယ့်သူ ရှိမှာ မဟုတ်ဘူး"
ဒီလိုပြောရင်း ကျောင်းအုပ်ဟောင်းက ရုတ်တရက် ရယ်လိုက်ပြီး ဖန့်ချန်ကို အထက်အောက် ကြည့်လိုက်တယ်
"ခင်ဗျားလည်း တော်တော် သနားဖို့ကောင်းတာပဲ တစ်ယောက်ယောက် လာကြိုလိမ့်မယ်လို့ ကျုပ် ထင်ထားတာ အဲဒါဆိုရင် ကျုပ်လည်း ယင်သက်တမ်း အကုန်မခံရတော့ဘူးပေါ့ မထင်မှတ်ထားတာက... ခင်ဗျားကိုလည်း လာကြိုမယ့်သူ မရှိဘူးပဲ"
"ဟိုတစ်ယောက်က ခင်ဗျားကို ယင်သက်တမ်း အကုန်ခံပြီး ငါ့ကို လာကြိုခိုင်းဖို့ ဘာအကျိုးအမြတ်တွေ ပေးလိုက်တာလဲ"
ဖန့်ချန်က တိုးတိုးလေး မေးတယ်။
"အကျိုးအမြတ် ယင်လောကမှာ ကျုပ်ကို အရာရှိငယ်လေး တစ်နေရာ ပေးမယ်လို့ ပြောတယ် ဒါက အကျိုးအမြတ်လို့ ခေါ်မလား စကားတွေ အများကြီး ပြောမနေနဲ့တော့ ကျုပ် ခင်ဗျားကို တစ်ခါပဲ လာကြိုမှာ"
"နောက်ပိုင်း အဝင်အထွက်တွေ လုပ်ရင်တော့ ကျုပ်ကို ပိုက်ဆံပေးရလိမ့်မယ် ခင်ဗျားက အောက်လမ်းဆင်းတာပဲ ရှိသေးတယ် လူက မသေသေးဘူးဆိုတော့ ခင်ဗျားမှာ သုံးစရာ ယင်သက်တမ်း မရှိဘူးလေ"
ကျောင်းအုပ်ဟောင်းက ပြုံးလိုက်ပြီး ဖန့်ချန်ရဲ့ အင်္ကျီလက်ကို ဆွဲကာ လှေပေါ် တင်လိုက်တယ် အဲဒီနောက်မှာတော့ လှေကလေးဟာ ဒီနေရာကနေ ဖြည်းဖြည်းချင်း ထွက်ခွာလာခဲ့တယ်။
ဖန့်ချန် လှည့်ကြည့်လိုက်တော့ တချို့သော ဝိညာဉ်တွေက မကျေမနပ်ဖြစ်ပြီး ဝမ်ချွမ်းမြစ်ထဲကို ခုန်ချလိုက်ကြတာကို တွေ့ရတယ်။
အေးစက်ငြိမ်သက်နေတဲ့ ဝမ်ချွမ်းမြစ်ဟာ ရုတ်တရက်ဆိုသလို အေးစိမ့်စိမ့်နဲ့ သွေးနံ့တွေ ထွက်လာပြီး၊ မြွေတွေ၊ ပိုးကောင်တွေ၊ ကြွက်တွေ၊ ပုရွက်ဆိတ်တွေ ရေပေါ်ကို ပွက်ပွက်ထ ပေါ်လာတော့တာပဲ။
အဲဒီနောက်မှာတော့ သွေးအေးတဲ့ လက်တွေ၊ ကြောက်စရာကောင်းတဲ့ ဝိညာဉ်တွေ ပေါ်လာပြီး စောစောက မြစ်ထဲခုန်ချတဲ့ ဝိညာဉ်တွေကို အောက်ကို ဆွဲချသွားကြတယ်။
မြစ်ပြင်ကတော့ ပြန်ပြီး ငြိမ်သက်သွားပြန်တယ်စောစောက မြင်ကွင်းဟာ အိပ်မက်တစ်ခုလိုပါပဲ။
"ဒီ သုသာန်လမ်း က ကြာကြာနေလို့ မရဘူး ကြာကြာနေရင် ဝိညာဉ်လွင့်စင်သွားလိမ့်မယ် ဝမ်ချွမ်းထဲကို ဝင်ပြီး နောက်ပိုင်း လာကြိုမယ့်သူကို စောင့်မလား ဒါမှမဟုတ် လူ့ပြည်ကို မူလလမ်းအတိုင်း ပြန်သွားမလား သူတို့အတွက်က ဒီရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်"
ကျောင်းအုပ်ဟောင်းက ပြုံးပြီး ပြောတယ်။
"နေ့တိုင်း သေတဲ့လူတွေက အများကြီးပဲ ဒါပေမဲ့ ဒီနေရာက ဝိညာဉ်တွေက သိပ်မများလှဘူးနော်"
ဖန့်ချန်က စဉ်းစားရင်း ပြောလိုက်တယ်။
"ဟွမ်ချွမ်လမ်းအထိ ရောက်လာနိုင်တာကတောင် တစ်သောင်းမှာ တစ်ယောက် ရှိခဲတဲ့ ကံကောင်းမှုပဲ ကျန်တဲ့ ဝိညာဉ် အများစုကတော့ လူ့ပြည်မှာပဲ နှစ်ပေါင်းများစွာ လွင့်မျောရင်း တဖြည်းဖြည်း ပျောက်ကွယ်သွားကြတာပဲ"
ကျောင်းအုပ်ဟောင်းက ပြောတယ်။
"ကျောင်းအုပ်ဟောင်း ခင်ဗျား သေတာ တစ်နှစ်ကျော်ပဲ ရှိသေးတာကို သိတာတွေ တော်တော်များနေပြီနော်"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်။
ကျောင်းအုပ်ဟောင်းက သူ့ကို တစ်ချက်ကြည့်ပြီး အေးအေးဆေးဆေးပဲ ပြန်ပြောတယ်
"ခင်ဗျား ဘာမေးချင်လဲဆိုတာ ကျုပ်သိပါတယ်ကျုပ်က အရင်ကလည်း အောက်လမ်းကို အကြိမ်ကြိမ် ဆင်းဖူးတယ်လေ ဒါကြောင့် ပိုသိတာပေါ့ ခင်ဗျားလည်း နောင်ကျရင် ဒီလိုပဲ ဖြစ်လာမှာပါ"
စကားပြောနေတုန်းမှာပဲ၊ ကောင်းကင်ယံကို ဖြတ်ကျော်ထားတဲ့ တံတားကြီးတစ်စင်း ပေါ်လာတယ်။
တံတားရဲ့ ဟိုဘက်အဆုံးက ဘယ်မှာလဲဆိုတာ မမြင်ရဘူး။
မြင်ရတဲ့ ဒီဘက်အစွန်းကတော့ ဝမ်ချွမ်းမြစ်ပေါ်မှာ တည်ရှိနေပြီး အရပ်ရပ်က လှေငယ်လေးတွေဟာ တံတားပေါ် တက်ဖို့အတွက် ဆိုက်ကပ်လာကြတယ်။
လှေငယ်တစ်စင်းပေါ်မှာတော့ ဝတ်စုံစုတ်တွေနဲ့ ဓားကျိုးတွေကို ကိုင်ထားတဲ့ စစ်သည် အယောက်တစ်ရာကျော်လောက် ပြည့်နှက်နေပြီး သူတို့က စိတ်လှုပ်ရှားစွာ စကားပြောနေကြတယ်။
ခေါင်းဆောင်ဖြစ်သူကတော့ ပိုပြီး ခန့်ညားတဲ့ ချပ်ဝတ်တန်ဆာကို ဝတ်ထားပြီး ဒီစစ်သည်တွေရဲ့ အကြီးအကဲ ဖြစ်ပုံရတယ်။
"အရှင်... ကျုပ်တို့ ဒီတံတားကို ဖြတ်ပြီးရင် လူပြန်ဝင်စားလို့ ရပြီလား"
"ကံကောင်းလို့ အရှင်က ကျုပ်တို့ကို လာကြိုတာ ကျုပ်က ငယ်ငယ်ကတည်းက မိဘလည်းမရှိ သူငယ်ချင်းလည်း မရှိဘူး အရှင်သာ မရှိရင် ကျုပ်တော့ အဖော်မဲ့ ဝိညာဉ် ဖြစ်တော့မှာပဲ"
"နှမြောစရာပဲ ကျုပ်တို့ ဟူနိုင်ငံ က ဒီတစ်ခေါက် ရှုံးနိမ့်သွားတယ် တကယ်လို့ နောက်ဘဝ ရှိဦးမယ်ဆိုရင်လည်း ကျုပ် စစ်ထဲဝင်ပြီး ယွဲ့နိုင်ငံနဲ့ သေအောင် တိုက်ဦးမှာပဲ"
"အားလုံးပဲ... ဒီတံတားကို ဖြတ်ကျော်ပြီးရင်တော့ ယင်းလောကထဲကို ရောက်ပြီလို့ ပြောလို့ရတယ် လူပြန်ဝင်စားနိုင်မလား ဆိုတာကတော့ မင်းတို့ရဲ့ ကံတရားပေါ်မှာပဲ မူတည်လိမ့်မယ်"
"ဘာ အရှင်... လူပြန်ဝင်စားဖို့ကလည်း စည်းကမ်းတွေ ရှိသေးတာလား"
"ဒါပေါ့... အရင်ဆုံး တံတားဖြတ်ကြရအောင် အသေးစိတ်ကိုတော့ ခဏနေရင် ပြောပြမယ်"
ခေါင်းဆောင်ဖြစ်တဲ့ စစ်ဗိုလ်ချုပ်က တံတားပေါ်ကို အရင်တက်လိုက်ပြီး သူ့ရဲ့ လက်အောက်ငယ်သားတွေကို တစ်ယောက်ပြီး တစ်ယောက် ဆွဲတင်ပေးလိုက်တယ်။
နောက်ဆုံးမှာ သူ ထွက်သွားတော့မယ့်အချိန်မှာ၊ ဖန့်ချန်ကို ရုတ်တရက် လှမ်းကြည့်လိုက်မိတယ်။
သူ့မျက်လုံးထဲမှာ ဝေခွဲမရဖြစ်နေတဲ့ အရိပ်အယောင်တွေ ပေါ်လာပြီး နောက်ဆုံးမှာတော့ ရှေ့ကို တိုးလာကာ လက်အုပ်ချီ နှုတ်ဆက်လိုက်တယ်
"အရှင်..."
"ငါတို့ သိကြလို့လား"
ဖန့်ချန်က ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြလိုက်တယ်။
"အရှင်က ကြည့်ရတာ အောက်လမ်းဆင်းတဲ့ ပညာရှင်တစ်ယောက် ဖြစ်မှာပါ ကျွန်တော်မျိုး အရှင်ကို ကိစ္စတစ်ခုလောက် တောင်းဆိုချင်လို့ပါ ရနိုင်မလားမသိဘူး..."
ဒီစစ်သည်က နည်းနည်းတော့ တွန့်ဆုတ်နေပုံပဲ။
ကျောင်းအုပ်ဟောင်းက မျက်လုံးပြူးကြည့်လိုက်ပြီး
"လူကို အကူအညီတောင်းရင် ယင်သက်တမ်း ပေးရတယ် မင်းမှာ ယင်သက်တမ်း ဘယ်လောက် ရှိလို့လဲ"
"တစ်... တစ်နှစ်လား"
စစ်သည်က ပိုပြီးတော့ ကြောက်သွားတယ်။
"အနည်းဆုံး ဈေးနှုန်းက ငါးနှစ်လေ မင်းမှာ တစ်နှစ်ပဲ ရှိတာလား"
ကျောင်းအုပ်ဟောင်းက ခြင်မောင်းသလို လက်ယမ်းပြလိုက်တယ်
"သွားစမ်းပါ... လာမရှုပ်နဲ့ လာဘ်ပိတ်တယ်"
"ကျွန်တော်မျိုးမှာ ယင်သက်တမ်း သိပ်မကျန်တော့ဘူး ကျန်တာလေးနဲ့ ကျွန်တော့်ရဲ့ ညီအစ်ကိုတွေကို ဧည့်ခံရဦးမှာမို့ပါ အရှင်... သနားသောအားဖြင့် ဒီတစ်ခါတော့ နည်းနည်းပဲ ယူပါဦး နောက်တစ်ခါကျရင် ကျွန်တော် သေချာပေါက် ပြန်ပေးပါ့မယ် ပြန်ပေးပါ့မယ်"
စစ်သည်က အောက်ကျနောက်ကျနဲ့ တောင်းပန်နေရှာတယ်။
သူ လာကြိုတဲ့ စစ်သည်တွေက ကြောင်သွားပြီး ချက်ချင်းပဲ ရှေ့ကို တိုးလာကြတယ်။
"အရှင်... ဘာလို့ ဒီလောက်တောင် အောက်ကျနောက်ကျ ခံနေရတာလဲ"
"ဒီလူက ဘယ်သူမို့လို့လဲ ကျုပ်တို့ ညီအစ်ကိုတွေ အားလုံး ရှိနေတာပဲ မကြောက်နဲ့"
"မင်းတို့ ပါးစပ်ပိတ်ထားစမ်း ဒါက အောက်လမ်းဆင်းတဲ့ ပညာရှင်ကွ ငါတို့လို သေပြီးသားလူတွေနဲ့ တူမလား "
စစ်ဗိုလ်ချုပ်က မျက်နှာပျက်သွားပြီး ဖန့်ချန်ကို ကြောက်ရွံ့တကြီး လှမ်းကြည့်လိုက်တယ် သူ့ညီအစ်ကိုတွေက တစ်ဖက်လူကို စိတ်ဆိုးအောင် လုပ်မိမှာ စိုးရိမ်နေတာပါ။
"ကျောင်းအုပ်ဟောင်း... ခင်ဗျား ခဏ နေဦး"
ဖန့်ချန်က ကျောင်းအုပ်ဟောင်း ထပ်ပြောတော့မယ့်ပုံကို မြင်တော့ ပြုံးပြီး တားလိုက်တယ် အဲဒီနောက် စစ်သည်ကို လှည့်ကြည့်ပြီး
"ခင်ဗျား ဘာကို တောင်းဆိုချင်တာလဲ ပြောပါဦး"
စစ်သည်က ကြောင်သွားတယ် သူက မျှော်လင့်ချက်မရှိဘဲ စမ်းမေးကြည့်တာကို တကယ်ပဲ တုံ့ပြန်မှု ရလိုက်လို့ပါ။
သူက အလျင်အမြန်ပဲ ပြောတယ်
"ကျွန်တော်မျိုးမှာ မသေခင်က လက်ထပ်ဖို့ စေ့စပ်ထားတဲ့ မိန်းကလေးတစ်ယောက် ရှိပါတယ် အရှင် သနားသောအားဖြင့် သူမဆီကို တစ်ခေါက်လောက် သွားပေးပြီး ကျွန်တော့်ကို ဆက်မစောင့်ပါနဲ့တော့ ကောင်းမွန်တဲ့ လူတစ်ယောက်နဲ့ပဲ အိမ်ထောင်ပြုလိုက်ပါလို့ ပြောပေးစေချင်ပါတယ်"
ပြောပြီးတာနဲ့ သူက ဖန့်ချန် ငြင်းမှာ စိုးလို့ လိပ်စာကို အမြန်ပြောလိုက်ပြီး အနက်ရောင် ကြေးပြားလေး တစ်ပြားကို ထုတ်ကာ ဖန့်ချန်ကို ရိုရိုသေသေ ကမ်းပေးလိုက်တယ်။
အဲဒီခဏမှာပဲ သူ့ရဲ့ ဝိညာဉ်ဟာ နည်းနည်းလောက် ပိုပြီး ကြည်လင် သွားသလိုပဲ မျက်နှာကလည်း ပိုပြီး ဖြူဖျော့သွားတယ်။
ဖန့်ချန်က ဒီအနက်ရောင် ကြေးပြားကို ကြည့်ပြီး ပြုံးလိုက်တယ်
"လောလောဆယ်တော့ မယူသေးပါဘူး တကယ်လို့ ငါက အဲဒီနေရာကို ရှာမတွေ့ရင် ခင်ဗျားဆီက ပိုက်ဆံယူပြီး အလုပ်မလုပ်ပေးနိုင်တာမျိုး မဖြစ်ချင်လို့ပါ"
စစ်သည်က ကြောင်အသွားတယ်။
ကျောင်းအုပ်ဟောင်းက ဖန့်ချန်ကို ထူးဆန်းတဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး
"အောက်လမ်းဆင်းတယ်ဆိုတာ အရင်ဆုံး ပိုက်ဆံယူ ပြီးမှ အလုပ်လုပ်တာလေ ပိုက်ဆံယူပြီး အလုပ်မလုပ်နိုင်လည်း ဘာမှမဖြစ်ဘူး ဒါက အောက်လမ်းဆင်းသူတွေရဲ့ စည်းမျဉ်းပဲ"
"မှန်တယ် ဒါက အောက်လမ်းဆင်းသူတွေရဲ့ စည်းမျဉ်းပဲ မင်းက ဘယ်က ကျင့်ကြံသူမို့လို့ ဒီစည်းမျဉ်းကို သောက်ဂရုမစိုက်ဘဲ ဖျက်ဆီးရဲတာလဲ"
တံတားပေါ်ကနေ လူရိပ်တစ်ခု လမ်းလျှောက်လာတယ်။
ဒီလူက ခန္ဓာကိုယ် တောင့်တင်းထွားကျိုင်းပြီး လမ်းလျှောက်လိုက်တိုင်း သူ့ရဲ့ ဘေးနားမှာ လေပြင်းတွေ ရစ်ပတ်နေတယ်။
ဘေးနားက ဝိညာဉ်တွေကတော့ သရဲသရဲ ကို တွေ့လိုက်ရသလိုမျိုး ကြောက်လန့်တကြားနဲ့ ဖယ်ပေးနေကြရတယ်ဗျ။
အခန်း (၈၀၀) ယူဟွမ်းမြို့
"အောက်လမ်းဆင်းသူတွေရဲ့ စည်းမျဉ်းလား"
ဖန့်ချန်က ထိုလူကို လှမ်းကြည့်လိုက်တယ်။
ဒီလူ လမ်းလျှောက်လာတဲ့ အရှိန်နဲ့ ဖြစ်ပေါ်လာတဲ့ လေပြင်းတွေကြောင့် ဘေးနားက ဝိညာဉ်တွေက ဝိညာဉ်လွင့်စင်သွားမှာ ကြောက်ပြီး မကပ်ရဲကြပေမဲ့ ဖန့်ချန်ရဲ့ မျက်လုံးထဲမှာတော့ ဒီလူရဲ့ အငွေ့အသက်ဟာ ဖယောင်းတိုင်မီးတောက်လေးလိုပဲ အင်မတန် အားနည်းလွန်းလှပါတယ်။
"ကျန်းအဘိုးကြီး ဒီကောင်က ခင်ဗျားအိမ်က နောက်ပေါက်လား အောက်လမ်းဆင်းသူတွေ လိုက်နာရမယ့် စည်းမျဉ်းတွေကို ခင်ဗျား သေသေချာချာ မသင်ပေးထားဘူးလား"
ထိုလူက သူတို့နှစ်ယောက်ရှေ့မှာ ရပ်တန့်လိုက်ပြီး ကျောင်းအုပ်ဟောင်းကို အရင်ဆုံး စတင်အပြစ်တင်တော့တယ်။
သူ့ရဲ့ စကားပြောပုံ လေသံက အထက်စီးဆန်နေပြီး အောက်လမ်းဆင်းသူ ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် ယင်လောကက ဝိညာဉ်တွေအပေါ်မှာ အသာစီးရနေသလို ခံစားနေပုံရပါတယ်။
"တာအိုမိတ်ဆွေ မာ အထင်အမြင်လွဲတာလေးပါ သူက ပထမဆုံးအကြိမ် ဆင်းလာတာမို့လို့ပါ ခဏနေရင် ကျုပ် စည်းမျဉ်းတွေကို သေသေချာချာ ပြောပြလိုက်ပါ့မယ် မိတ်ဆွေမာက လူ့ပြည်ကို ပြန်တော့မလို့လား အချိန်နှောင့်နှေးလို့ မဖြစ်ဘူးလေ အမြန်သွားပါဦး"
ကျောင်းအုပ်ဟောင်းရဲ့ မျက်နှာမှာ အတင်းအကျပ် ပြုံးထားရတဲ့ အရိပ်အယောင်တွေ ပေါ်နေတယ်။
"မလောပါဘူး"
လာတဲ့သူက နှာခေါင်းရှုံ့လိုက်ပြီး ဖန့်ချန်ကို ကြည့်ကာ
"ကျန်းအဘိုးကြီးက အောက်လမ်းဆင်းတာ သိပ်မများခင်မှာပဲ လူ့သက်တမ်း ကုန်သွားခဲ့တာ ငါတို့ အောက်လမ်းဆင်းသူတွေထဲမှာ သူက ဘာကောင်မှ မဟုတ်ဘူး စည်းမျဉ်းတွေကိုလည်း သေသေချာချာ သိပုံမရဘူး ငါက ယူဟွမ်းမြို့က မာမန်လုံ ပဲအောက်လမ်းဆင်းတာ အကြိမ်တစ်ရာနီးပါး ရှိပြီမို့ မင်းရဲ့ စီနီယာလို့ ပြောလို့ရတယ်"
"မင်း ယူဟွမ်းမြို့မှာ အတော်ကြာကြာ နေရလိမ့်မယ် နောက်ပိုင်း အောက်လမ်းဆင်းတိုင်း ငါ့ဆီလာပြီး ယင်သက်တမ်း ငါးနှစ်စာ လာကန်တော့ဖို့ မှတ်ထားပါ ငါ မင်းကို လမ်းညွှန်ပေးနိုင်တယ် ဒီတစ်ခါတော့ မင်း အခုမှ ရောက်ဖူးတာဖြစ်ပြီး ယင်သက်တမ်းလည်း မရှိသေးတာမို့လို့ မယူတော့ဘူး"
"မိတ်ဆွေမာ စိတ်ချပါ ဒီစည်းမျဉ်းကို ကျုပ် နားလည်ပါတယ် ခဏနေရင် သူ့ကို အသေးစိတ် ရှင်းပြလိုက်ပါ့မယ်"
ကျောင်းအုပ်ဟောင်းက အားနာသလို ပြုံးပြီး ပြောလိုက်တယ်။
မာမန်လုံက ခေါင်းညိတ်ပြပြီး သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်ကာ ဝမ်ချွမ်းမြစ်ဆီကို ဆက်လျှောက်သွားတယ်။
သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ အနက်ရောင် ကြေးပြားလေးတွေ ထွက်လာပြီး လှေငယ်တစ်စင်း ဖြစ်သွားကာ သူ့ကို တင်ဆောင်ပြီး တဖြည်းဖြည်း ဝေးကွာသွားတော့တယ်။
"ဖန့်မိတ်ဆွေ ခင်ဗျား စည်းမျဉ်းတွေကို လျှောက်မဖျက်နဲ့နော် ယူဟွမ်းမြို့ထဲက အောက်လမ်းဆင်းသူတွေ သိသွားရင် ခင်ဗျားကို ဝိုင်းပြီး ဒုက္ခပေးကြလိမ့်မယ် ကျုပ် မျက်နှာက နည်းနည်းပါးပါး ရှိပေမဲ့ လူအများကြီးကိုတော့ တားနိုင်မှာ မဟုတ်ဘူး"
ကျောင်းအုပ်ဟောင်းရဲ့ မျက်နှာက ချက်ချင်း တည်သွားပြီး ဖန့်ချန်ကို အလေးအနက် မှာကြားနေတယ်။
သူ့လေသံထဲမှာ အပြစ်တင်တဲ့ အရိပ်အယောင်တွေ ပါနေတာပါ။
"အရှင်... ကျွန်တော်မျိုးကြောင့်ပါ ကျွန်တော်မျိုးက အဆင်အခြင်မရှိ ပြောမိလို့ အရှင် ဟိုလူကြီးနဲ့ ပြဿနာတက်တော့မလို ဖြစ်သွားရတယ်..."
ဟိုစစ်သည်ကလည်း နောင်တရနေတဲ့ မျက်နှာနဲ့ ပြောလာတယ်။
"လူကြီး"
ဖန့်ချန်ရဲ့ မျက်လုံးတွေက လှုပ်ရှားသွားတယ်။
သူ့အတွက်တော့ လေနဲ့မှုတ်လိုက်ရုံနဲ့ ပျောက်ကွယ်သွားမယ့် ဒီလို အဆင့်နိမ့်တဲ့သူက ဒီနေရာမှာတော့ လူကြီး လို့ အခေါ်ခံနေရတာပါလား။
"ခင်ဗျားကိစ္စကို ငါ မှတ်ထားလိုက်ပြီ လူ့ပြည်ပြန်ရောက်လို့ အခွင့်ကြုံရင် သွားကြည့်ပေးပါ့မယ်"
ဖန့်ချန်က စစ်သည်ကို ခေါင်းညိတ်ပြလိုက်တယ်။
"အရှင်... ဒီယင်သက်တမ်းကြေးပြားကို လက်ခံပေးပါ"
စစ်သည်က ဝမ်းသာအားရနဲ့ အနက်ရောင် ကြေးပြားကို လက်နှစ်ဖက်နဲ့ ရိုရိုသေသေ ကမ်းပေးပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ ဖန့်ချန် မငြင်းတော့ပါဘူး။
ဖန့်ချန် လက်ခံလိုက်တာကို မြင်တော့ စစ်သည်က ပျော်သွားပြီး ကျေးဇူးတင်စကားတွေ ထပ်ပြောကာ ဘာမှမသိသေးတဲ့ သူ့လက်အောက်ငယ်သားတွေကို ခေါ်ပြီး ထွက်သွားတော့တယ်။
ကျောင်းအုပ်ဟောင်းက ခေါင်းညိတ်လိုက်တယ်။
တော်သေးတာပေါ့၊ ဖန့်ချန် ဒီတစ်ခါ လက်ခံလိုက်လို့။
မဟုတ်ရင် ဒီသတင်းသာ အပြင်ပျံ့သွားရင် ဒုက္ခတွေ ရောက်လာနိုင်တာပါ။
"သွားကြစို့ ငါ မင်းကို မြို့ထဲ ခေါ်သွားမယ်"
ကျောင်းအုပ်ဟောင်းက ရှေ့ကနေ ဦးဆောင်ပြီး တံတားရဲ့ တခြားတစ်ဖက်ကို လျှောက်သွားတယ်။
"ကျောင်းအုပ်ဟောင်း စောစောက မာမန်လုံ ပြောသွားတဲ့ ယူဟွမ်းမြို့ဆိုတာ ဘယ်လိုနေရာလဲ "
"အဲဒါ အခု ငါတို့ သွားမယ့်နေရာပဲ ယင်လောကမှာလည်း ယင်လောကရဲ့ နယ်မြေတွေ ရှိတယ် မင်း သေသွားလို့ပဲဖြစ်ဖြစ် အောက်လမ်းဆင်းလာတာပဲဖြစ်ဖြစ် ကြိုက်သလို လျှောက်သွားလို့ မရဘူး ယူဟွမ်းမြို့ကနေ ထွက်ချင်ရင်တော့ မင်းမှာ ဒါရှိဖို့ လိုတယ်"
ကျောင်းအုပ်ဟောင်းက လက်ချောင်းလေးတွေကို ပွတ်ပြလိုက်တယ်၊ ယင်သက်တမ်းကို ဆိုလိုတာပါ။
"ကျောင်းအုပ်ဟောင်း ခင်ဗျား မသေခင်တုန်းက ကျင့်ကြံမှုအဆင့်က မနိမ့်ဘူးမလား"
ဖန့်ချန်က ပြုံးပြီး မေးလိုက်တယ်။
"မနိမ့်ရုံတင် ဘယ်ကမလဲ ငါ့အပြင် ဒီပတ်ဝန်းကျင် မိုင်တစ်ထောင်အတွင်းမှာ တခြားကျင့်ကြံသူ ရှိသေးလို့လား အကုန်လုံးက သာမန်လူတွေချည်းပဲ"
ကျောင်းအုပ်ဟောင်းရဲ့ မျက်နှာမှာ ဂုဏ်ယူတဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်
"ငါက မသေခင်တုန်းက ချီသန့်စင်ခြင်း အဆင့် ၆ အထိ ရောက်ခဲ့တဲ့ ကျင့်ကြံသူကြီးပဲ ငါ့ရဲ့ စွမ်းဆောင်ရည်တွေရှေ့မှာ ဟူနိုင်ငံက ဂုဏ်ထူးဆောင် ဆိုတဲ့ အဆင့်တွေတောင် ပါးမွှားလေးတွေပဲ "
ခဏရပ်ပြီး သူက ဖန့်ချန်ကို တစ်ချက်ကြည့်တယ်
"မင်းကို ဟိုတစ်ယောက်က ပို့လိုက်တာဆိုတော့ မင်းရဲ့ ကျင့်ကြံမှုကလည်း ငါ့ထက် မနိမ့်လောက်ပါဘူး နောင်ကျရင် ဝိုးလုံကျောင်းတော်ကို ငါ့ကိုယ်စား သေသေချာချာ စောင့်ရှောက်ပေးပါ အခု ငါ လာကြိုပေးတဲ့ ကျေးဇူးကို ဆပ်တယ်လို့ပဲ သဘောထားလိုက်"
"ဟိုတစ်ယောက်က ခင်ဗျားကို အရာရှိလေး ပေးထားတာပဲ ကျုပ်ဆီက ကျေးဇူးဆပ်တာ ဘာလို့ လိုဦးမှာလဲ"
ဖန့်ချန်က ခပ်အေးအေးပဲ ပြောလိုက်တယ်။
ကျောင်းအုပ်ဟောင်း မျက်နှာ ပျက်သွားပြီး နှာခေါင်းရှုံ့လိုက်တယ်
"တစ်ကဏ္ဍစီပဲ ငါ မင်းကို လာကြိုတာအပြင် စည်းမျဉ်းတွေ အများကြီး ပြောပြနေတာတွေက ကျေးဇူးတွေပဲ မင်း မှတ်ထားရမှာက အောက်လမ်းဆင်းလာပြီဆိုရင် ယင်သက်တမ်း များများရအောင် ရှာပါ"
"လူ့ပြည်ပြန်ရောက်တဲ့အခါ အဲဒါက မင်းရဲ့ ကျင့်ကြံမှုကို တိုးတက်စေသလို လူ့သက်တမ်းကိုလည်း တိုးစေတယ် ငါသာ အမှားကြီးတစ်ခု မလုပ်ခဲ့မိရင် ယင်သက်တမ်း အများကြီးကို သူများ လုသွားတာ မခံခဲ့ရရင် အခုလို အဆင့်ထိ ကျဆင်းသွားမှာ မဟုတ်ဘူး"
"စောစောက မာမန်လုံ ပြောသွားတာကိုလည်း စိတ်ထဲ ထားဦး ဒီလူက လူ့ပြည်မှာလည်း သာမန်မဟုတ်ဘူး သူ ကိုးကွယ်တာကဝိညာဉ်နတ်ဘုရား ပဲ သူ့မှာ အောက်လမ်းဆင်းသူ အပေါင်းအဖော်တွေ အများကြီး ရှိတယ် ဒီယူဟွမ်းမြို့ တစ်မြို့တည်းမှာတင် သူတို့လူ လေးငါးရာလောက် ရှိတယ်"
ဖန့်ချန် စဉ်းစားခန်း ဝင်သွားတယ်။
ကျောင်းအုပ်ဟောင်းရဲ့ စကားထဲမှာ အချက်အလက်တွေ အများကြီး ပါနေတယ်။
ယင်သက်တမ်းက ကျင့်ကြံမှုနဲ့ လူ့သက်တမ်းကို တိုးစေတာလား
မာမန်လုံက ဝိညာဉ်နတ်ဘုရား ကို ကိုးကွယ်တယ်ဆိုတော့ သွေးဝိညာဉ်ဂိုဏ်းနဲ့ ဝိညာဥ်နတ်ဘုရားက အတူတူပဲဆိုရင် ယူဟွမ်းမြို့ထဲမှာ သွေးဝိညာဉ်ဂိုဏ်း ကျင့်ကြံသူ ရာနဲ့ချီပြီး အောက်လမ်းဆင်းနေကြတာလား
ဒါပေမဲ့ သူ နားမလည်တာ တစ်ခု ရှိတယ်။
သူက ရွှမ်ဖျင် ရဲ့ သွေးကို သုံးမှ အောက်လမ်းဆင်းလို့ ရတာ၊ာ ကျီးလျန်လည်း အောက်လမ်းဆင်းဖို့ ရွှမ်ဖျင်ကို လိုက်ရှာနေတာ။
ဒါက အောက်လမ်းဆင်းဖို့ သတ်မှတ်ချက်က တော်တော် ခက်ခဲတယ်လို့ ဆိုလိုတာပဲ။
ဒါဆိုရင် ကျိန်းဝူနယ်မြေက ကျင့်ကြံသူတွေက တခြားနည်းလမ်းတွေ ရှာထားကြတာလား
ဖန့်ချန်က ကျောင်းအုပ်ဟောင်းကို တိုက်ရိုက် မမေးတော့ပါဘူး။
သူ အကဲခတ်မိသလောက်တော့ ကျောင်းအုပ်ဟောင်းက ဝိညာဉ်သုတ်သင်ဌာန အကြောင်းလည်း မသိဘူး ရှေးဟောင်းနယ်မြေ အကြောင်းလည်း မသိဘူး။
ကျောင်းအုပ်ဟောင်းရဲ့ အမြင်မှာတော့ ချီသန့်စင်ခြင်းအဆင့် ၆ ဆိုတာ ကျင့်ကြံသူကြီးပဲ ဒါဆိုရင် အခြေခံတည်ဆောက်ခြင်း နဲ့ ရွှေအမြုတေ အဆင့်တွေက ဒဏ္ဍာရီတွေ ဖြစ်နေမှာပဲ။
ဒီယူဟွမ်းမြို့ကလည်း ထူးထူးခြားခြား မဟုတ်ဘဲ အောက်လမ်းဆင်းတဲ့ အသစ်အသစ်တွေ စုဝေးတဲ့နေရာ ဖြစ်လိမ့်မယ်။
မဟုတ်ရင် မာမန်လုံလို အဆင့်မျိုးက ဘယ်လိုလုပ် လူကြီးလို့ အခေါ်ခံရမှာလဲ။
မကြာခင်မှာပဲ သူတို့နှစ်ယောက် တံတားအဆုံးကို ရောက်လာပြီး အဝေးက ခန့်ညားထည်ဝါလှတဲ့ မြို့ကြီးတစ်မြို့ကို မြင်လိုက်ရတယ်။
မြို့တံခါးမှာရှိတဲ့ အနက်ရောင် ဆိုင်းဘုတ်ပေါ်မှာ ရွှေရောင်စာလုံးကြီးတွေနဲ့ ယူဟွမ်းမြို့ လို့ ရေးထိုးထားပါတယ်။
"ကျန်းအဘိုးကြီး မင်းက တာဝန်ကျနေတဲ့လူလေ ဘာလို့ အပြင်ထွက်နေတာလဲ လူကြီး သိသွားရင်တော့ မင်းရဲ့ ယင်သက်တမ်းကို အဖြတ်ခံရတော့မှာပဲ"
မြို့တံခါးက စစ်သည်တစ်ယောက်က ကျောင်းအုပ်ဟောင်းကို မြင်တော့ အော်ပြောလိုက်တယ်။
ကျောင်းအုပ်ဟောင်းက ချက်ချင်း မျက်နှာပျက်သွားပြီး
"တိုးတိုးပြောစမ်း"
အဲဒီနောက် သူက စစ်သည်ဝတ်စုံကို လဲဝတ်လိုက်ပြီး ဖန့်ချန်ကို ပြောတယ်
"မြို့ထဲဝင်ပြီး လျှောက်ကြည့်လိုက်ဦး အလုပ်ရရင်လည်း နည်းနည်းပါးပါး လက်ခံလိုက် ယင်သက်တမ်းကြေးပြား အရင်တောင်းဖို့ မမေ့နဲ့ ငါကတော့ တာဝန်ထမ်းဆောင်ရတော့မယ်"
"မင်း တည်းခိုမယ့်နေရာ ရှာတွေ့ရင် ငါ့ကို လာပြောဦး အားရင် ငါ လာပြီး သောက်စားကြတာပေါ့ ဒါနဲ့... တစ်ယောက်ယောက်က မင်းကို ယင်မိစ္ဆာ သတ်ခိုင်းရင်တော့ သေသေချာချာ စဉ်းစားဦး ကိုယ့်ကိုယ်ကိုယ် သွားမသေစေနဲ့"
ပြောပြီးတာနဲ့ ကျောင်းအုပ်ဟောင်းက မြို့တံခါးဆီကို ပြေးသွားပြီး မြို့စောင့်စစ်သည်အဖြစ် တာဝန်ယူတော့တယ်။
"ဒါက အရာရှိငယ်လေး ဆိုတာလား..."
ဖန့်ချန်ရဲ့ မျက်လုံးထဲမှာ အပြုံးရိပ်လေး ဖြတ်ပြေးသွားတယ်။
တကယ်ကို သနားစရာကောင်းလောက်အောင် သေးငယ်တဲ့ အရာရှိလေးပါ။
"ဟေ့ ကျန်းအဘိုးကြီး... အဲဒီလူက ဘယ်သူလဲ မင်းရဲ့ နောက်ပေါက်လား မင်းတော့ တော်တော် ဟန်ကျနေတာပဲ ယူဟွမ်းမြို့က အောက်လမ်းဆင်းသူတွေထဲမှာ မင်း မသိတဲ့သူ တစ်ရာမရှိတောင် ရှစ်ဆယ်လောက် ရှိနေပြီ ငါတို့တော့ မင်းကို အားကျလိုက်တာ"
ဘေးက မြို့စောင့်စစ်သည်က ကျောင်းအုပ်ဟောင်းကို တံတောင်နဲ့ တို့ပြီး မြို့ထဲဝင်သွားတဲ့ ဖန့်ချန်ကို ကြည့်ကာ မေးလိုက်တယ်။
ဝိညာဉ်တွေရဲ့ ကိုယ်ထည်က အားနည်းပေမဲ့ အောက်လမ်းဆင်းသူတွေရဲ့ ကိုယ်ထည်ကတော့ အစိုင်အခဲဖြစ်နေတာမို့လို့ အတွေ့အကြုံရှိတဲ့သူတွေဆိုရင် တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တာပါ။
"သူက ပထမဆုံးအကြိမ် ဆင်းလာတာ ဘာမှမသိသေးဘူး အားကျစရာ မရှိပါဘူး အောက်လမ်းဆင်းတာ အန္တရာယ်မရှိဘူး ထင်နေလား ငါ့ရဲ့ အခုအခြေအနေကို ကြည့်ရင် သိနိုင်တာပဲ ငါ မြို့ထဲစဝင်တုန်းက မင်းက ငါ့ကို အရိုအသေပေးခဲ့ရတာလေအခုတော့ ငါတို့က အဆင့်တူတူပဲ ဖြစ်နေပြီ"
ကျောင်းအုပ်ဟောင်းက မျက်စောင်းထိုးပြီး ပြောလိုက်တယ်။
အဲဒီနောက် သူ ရုတ်တရက် သတိရသွားပြီး
"ဟာ... သွားပြီ အောက်လမ်းဆင်းတဲ့ အချိန်က ၁၀ ရက်ထက် မကျော်ရဘူးဆိုတာ ပြောဖို့ မေ့သွားတယ်..."
သူ လှည့်ရှာကြည့်တဲ့အခါမှာတော့ ဖန့်ချန်ရဲ့ အရိပ်အယောင်ကို မမြင်ရတော့ပါဘူး။