အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
Chapter 51
~
အခန်း ၅၁
~
ယန်မြို့ပြင်ရှိ တောင်တန်းများအတွင်း ယာယီခံတပ်...
ချောင်မူက သူ့အလောင်းကို အခေါင်းထဲသို့ ဂရုတစိုက် ထည့်လိုက်၏ ။ ထို့နောက် ထွက်မသွားသေးဘဲ ဝမ်စုန့်ဟဲနှင့် ကုံးယန်အကြောင်း ဆွေးနွေးနေသည် ။
ချောင်မူက သူ ကုံးယန်ကို သတ်မည့်အကြောင်းပြောချင်းမှာ စကားအဖြစ်သာ မဟုတ် ။ အသက်လက်ကျန် ၅ ကြိမ်သို့ ပြန်ရောက်လျှင် ကုံးယန်အား သတ်ရန် ကြိုးစားတော့မည်ဖြစ်သည် ။
သူ၏ လက်ရှိ ခွန်အားမှာ အဆင့် ၇ အထိတ်အထိပ်တွင် ရှိ၍ ဒဏ်ရာ ရထားသော အဆင့် ၆ တစ်ယောက်အား ထိပ်တိုက်ရင်ဆိုင်နိုင်မည်ဟု သူ ထင်သည် ။
ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပါကလည်း အသက် ၅ ခု အပိုရှိ၏ ။ သို့သော်လည်း သူ ကုံးယန်အား သတိပေးလိုက်သလို ဖြစ်ခဲ့၍ အိမ်တော်အတွင်းသို့ နောက်တစ်ကြိမ်ခိုးဝင်ရန် မလွယ်ကူတော့ချေ ။ တခြားနည်းလမ်းဖြင့် လုပ်ကြံရန်သာ ကြိုးစားရတော့မည် ။
ထို့ကြောင့် ချောင်မူသည် ဝမ်စုန့်ဟဲအား အကူအညီတောင်းရန် ဆုံးဖြတ်လိုက်၏ ။
ဝမ်စုန့်ဟဲသည် ကုံးယန်အား ဆန့်ကျင်ပုန်ကန် နေသူဖြစ်သဖြင့် ရေကန်အသင့် ကြာအသင့် ဖြစ်သွုးနိုင်ပေသည် ။
ချောင်မူက ဝမ်စုန့်ဟဲကို လေးနက်စွာကြည့်၍...
" အကိုဝမ် .. ကုံးယန်တို့ မိသားစုက ယန်မြို့မှာ သောင်းကြမ်းနေတာ ကြာလှပြီ.. အခု ကျုပ်သား သေသွားပေမဲ့ ကုံးယန်က အသက်ရှင်နေသေးတယ်.. "
" ကျုပ်သား က စာထဲမှာ ထည့်ရေးဖူးတယ်.. ခင်ဗျားတို့ ဓားပြတွေထဲက ယန်မြို့ခံ လူတွေပဲဆို .. အခု ယန်မြို့ ပျက်ဆီးနေတာကို ခင်ဗျား ကြည့်နေနိုင်လား.. "
" ယောကျ်ားကောင်းတစ်ယောက်ဆိုတာ တောတွေ တောင်တွေ ထဲမှပဲ ပုန်းမနေသင့်ဘူး .. လုပ်သင့်တာကို ဖြစ်အောင်လုပ်ရင်း နောင်တမရဘဲ နေထိုင်သင့်တယ်.. အကို ဝမ်.. ခင်ဗျား တောထဲက ထွက်ပြီး ကျုပ်နဲ့ အတူတူ ကြီးကျယ်တယ့် အရာတစ်ခုကို အောင်နိုင်ဖို့ ဆန္ဒရှိလား.. "
ဝမ်စုန့်ဟဲ..... " ....."
ဝမ်စုန့်ဟဲ ဤစကားများကို ရင်းနှီးသည်ဟု ခံစားမိလိုက်၏ ။ ဤသို့သော စကားမျိုးကို သူ ချောင်းလင်းအား ပြောဖူးပေသည် ။
" ညီအကိုချောင်ဆန်းက အမြင်ရှိတာပဲ.. ကျုပ်မှာ ရည်မှန်းချက်ကြီးကြီး ရှိတာ ခင်ဗျား ချက်ချင်း မြင်လိုက်တယ်.. ကျုပ် သာမန်ဓားပြ မဖြစ်ချင်ဘူး.. "
ဝမ်စုန့်ဟဲက ခဏ စဥ်းစားလိုက်၏ ။ သူနှင့် ကုံးယန်သည် တိုက်ခိုက်နေသည်မှာ ကြာလေပြီ ။ နောက်ဆုံးတိုက်ပွဲတွင် နှစ်ယောက်လုံး ဒဏ်ရာပြင်းထန်စွာရခဲ့၏ ။ သူ ထို့သို့ ဖြစ်စေရန် တမင် လုပ်ခဲ့ခြင်းပင် ။ သူ၏ ဆေးပညာ ကျွမ်းကျင်မှုဖြင့် ကုံးယန်ထက် ပို၍ မြန်ဆန်စွာ ပြန်ကောင်းနိုင်သဖြင့် တမင် ဒဏ်ရာ အရခံ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ။ သူ အတွင်းဒဏ်ရာ သက်သာလာသည့်အချိန်တွင် ကုံးယန်အား တိုက်ခိုက်ပေမည် ။
" ကျုပ်လည်း ကုံးယန်ကို သတ်ချင်ပေမဲ့ သူ့အိမ်တော်ထဲအထိ အတင်းဝင်လို့ အဆင်မပြေဘူး.. "
ဝမ်စုန့်ဟဲက တွေးတွေးဆဆ ပြောလိုက်သည် ။ သူ့နောက်တွင် မှီခိုသူ များစွာရှိနေ၍ အလျင်စလို ဆုံးဖြတ်နိုင်မည် မဟုတ်ပေ ။ ချောင်းဆန်း သည် တစ်ယောက်ထဲဖြစ်၍ သူ့ထက်ပို၍ ရဲရင့်နိုင်၏ ။
" ဒါဆိုလည်း ခင်ဗျား စဥ်းစားပါ.. ခင်ဗျား စဥ်းစားပြီးရင် ကျုပ်ဆီကို အကြောင်းကြားလိုက်ပေါ့.. "
ချောင်မူက အခေါင်းအား သယ်ပြီး ထွက်လာခဲ့သည် ။ ဝမ်စုန့်ဟဲ ငြင်းဆန်လျှင်ပင် သူ ဂရုမစိုက်ချေ ။ သူ့ဘာသာ ကျိုးစားရပေလိမ့်မည် ။ ယခု ကုံးယန်အား သတ်ရမည်ထက် အရေးကြီးသော ကိစ္စတစ်ခု ရှိနေသေးသည် ။
ချောင်စန်းရွှယ် ။ ချောင်မူသည် အဘိုးကြီး ဟွမ်အား ကူညီပြီးသော်လည်း ချောင်စန်းရွှယ်နှင့် သူ၏ ကိစ္စများ မပြီးသေးချေ ။
သူမ ထွက်မသွားခင်တွင် သူ့အား လျို့ဝှက် သိုင်းကျမ်း ပေးပြီး ကုံးယန်ရန် မတိုက်ခိုက်ရန် ဖြောင့်ဖြခဲ့၏ ။ ထိုအချိန်က သူမ ထွက်သွားစေရန် ချောင်မူက သဘောတူဟန် ဆောင်ခဲ့သည် ။
ထို့နောက် ချောင်စန်းရွှယ် ထွက်မသွားခင် သူ့အား ထပ်ဆင့်လှိုင်းခွန်အား သိုင်းကျမ်းပေးခဲ့ပြီး ယန်မြို့အနီးရှိ မြို့ငယ်လေး တစ်မြို့တွင် ဆုံတွေ့ရန် ချိန်းဆိုခဲ့သည် ။ ဤသည်က သူစဥ်းစားနိုင်သမျှ ချောင်စန်းရွှယ်အတွက် ယာယီအစီအစဥ်တစ်ခုသာ ဖြစ်၏ ။
သို့သော်လည်း ဝမ်စုန့်ဟဲက သူ့အသက်အား ငါးရက်ကြာအောင် ဆွဲဆန့်ခဲ့သဖြင့် သူ မသွားဖြစ်ခဲ့ချေ ။ ယခု သူမ ဘယ်ကို ရောက်နေမှန်း သူ မသိတော့ ။ ထို့ကြောင့် ထိုမြို့ငယ်လေးသို့ သွားရှာရန် ဆုံးဖြတ်လိုက်သည် ။
……………
ပန်ရှန်းမြို့သည် ယန်မြို့အနီးရှိ ချောက်ကပ်ကပ် မြို့ငယ်လေး တစ်မြို့ဖြစ်၏ ။
ဝေးလံခေါင်သီပြီး တောင်တန်းများ အနီးတွင် တည်ရှိနေ၍ မုဆိုးအများစု နေထိုင်ကြသည် ။
သို့ရာတွင် များမကြာသေးမီက မြို့ထဲရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ထူးဆန်းသော ပုံပြောသူတစ်ဦး ရောက်လာပြီး နာမည်ကြီးလာခဲ့၏ ။
သာမန်ပုံပြောသူများသည် ပညာရှင်ဆန်သော ဝတ်စုံကိုသာ ဝတ်ဆင်ကြသော်လည်း ထိုသူက အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး အစိမ်းရောင် ဓားတစ်ချောင်းကို ကိုင်ထားသဖြင့် ဓားသမားနှင့် ပိုတူနေသည် ။
ထိုသူက အသက် သုံးဆယ်အရွယ်ခန့်ရှိပြီး မျက်ခုံးကောင်းကောင်း နှင့် စူးရှသည့် မျက်လုံးများ ပိုင်ဆိုင်ထားသည် ။ သူ့တွင် ထူးခြားသည့် ရုပ်သွင်ရှိပေသည် ။
သူ ပုံပြောသည့်အခါတိုင်း လက်ဖက်ရည်ဆိုင် လူပြည့်နေလေ့ရှိပြီး တဝက်လောက်မှာ အမျိုးသမီးများပင် ။
အမျိုးသားပုရိတ်သတ် များသည် ဇာတ်လမ်းအား စိတ်ဝင်တစား အော်ဟစ်အားပေးနေကြပြီး အမျိုးသမီးများသည်တော့ စိတ်ဝင်စားဖွယ်ရာအတွေ့အကြုံများသည်ဟု ထင်ရသော အနှီ ပုံပြောသူ၏ ချောမောသော မျက်နှာအား ချစ်ရည်ရွှမ်းနေသော မျက်လုံးများဖြင့် ထိုင်ကြည့်နေကြ၏ ။
" ချောင်လင်းက မြို့စားရဲ့သားကို ဖမ်းမိသွားတော့ သူတောင်းတာက ရွှေငွေ လက်ဝတ်ရတနာတွေ အဖိုးတန်ပစ္စည်းတွေ မဟုတ်ဘူး.. တရားမျှတမှုကိုပဲ လိုချင်တယ်တဲ့ .."
" မြို့စားက အဲ့တာကို မယုံံဘဲ သူ့အစေခံကို တိတ်တဆိတ်လွှတ်ပြီး ရဲမက်တွေကို ဝိုင်းခိုင်းထားလိုက်တာပေါ့.. "
" ဒါပေမဲ့ ချောင်လင်းက လုံးဝ မကြောက်ဘဲ မြို့စားသားရဲ့ ပြစ်မှုတွေကို လူသိရှင်ကြား ထုတ်ဖော်ခဲ့တယ်.. "
" မြို့စားရဲ့ အသက်ခြိမ်းခြောက်မှုကို ကြောက်ရမယ့်အစား ချောင်လင်းက ရဲဝံ့စွာ ရယ်လိုက်ပြီး... ပျော်ရွှင်မှုအတွက် လူသတ်တဲ့ လူယုတ်မာတွေကို ငါမုန်းတယ်.. တရားမျှတမှုကို မရမှာပဲ ငါကြောက်တယ် ..ဂုဏ်သိက္ခာရှိရှိ မသေရမှာကိုပဲ ငါကြောက်တယ်လို့ ပြောလိုက်ပြီးတော့.. သူ့ရဲ့ လှံရှည်နဲ့ မြို့စားသားရဲ့ နှလုံးသားကို ထိုးဖောက်လိုက်တာပေါ့.. "
" မြို့ စားက အဆုံးအထိ ချောင်လင်း တစ်ခုခု ကိုပဲ တောင်းဆိုလိမ့်မယ်လို့ထင်နေတာ.. ချောင်လင်းက တရားမျှတမှုကိုပဲ လိုချင်နေတယ်ဆိုတာ သူ မသိဘူး.. "
ပုံပြောသူက ခဏ အဆုံးသတ်လိုက်လျှင် ပုရိတ်သတ်များ၏ အားပေး လက်ခုတ်သံများ ဆူညံသွား၏ ။
ထောင့်တစ်နေရာတွင် ခမောက်ကို ခပ်ငိုက်ငိုက်ဆောင်းထားသော ပုံရိပ်တစ်ခုမှာ အနည်းငယ် တုန်ရီနေသည် ။
' ငါ အဲ့လောက် မိုက်တာလား.. '
ချောင်မူ တွေးလိုက်၏ ။ ပုံပြောနေသူအား အဆင့်သတ်မှတ်ပေးလို့ရလျှင် ကြယ်ငါးပွင့်ပင် ပေးလိုက်ချင်၏ ။
သူ နှင့် ချောင်စန်းရွှယ်တို့ ချိန်းဆိုထားသည့် နေရာမှာ ဤမြို့တွင် ဖြစ်သည် ။
ဤလက်ဖက်ရည်ဆိုင် အရှေ့မှ သူဖြတ်လျောက်လာစဥ် ချောင်ညီအကိုအကြောင်း ပုံပြင်ပြောနေသည်ကို ကြားလိုက်ရ၍ ဝင်ထိုင်နေခြင်းပင် ။ ပုံပြောသူ၏ ဇာတ်လမ်းကို သူ ကြားလိုက်ရလျှင် သူ၏ ခံစားချက်အား ရှက်ရွံခြင်း ဟူသည့် စကားလုံး သုံးလုံးဖြင့်သာ ဖော်ပြနိုင်တော့သည် ။
သူ အရမ်းရှက်လာသဖြင့် ကြက်သီးများပင် ထာလာမိ၏ ။ ပုံပြောသူ၏ ပါးစပ်အား ထပိတ်ချင်စိတ်ပင် ပေါ်လာသည် ။
သို့သော်လည်း သူဆက်လက် နားထောင်လေလေ ကျေနပ်မှုကပိုလာ လေလေ ဖြစ်ပြီး ပီတိဖြစ်မှုက ရှက်ရွံမှုထက် သာလွန်သွားသည် ။
' ဒါ ကြွားရတဲ့ ခံစားချက်လား.. '
ချောင်မူ သဘောပေါက်လိုက်၏ ။
ကြွားဝါခြင်းသည် လူသားတို့၏ ဘဝနေထိုင်မှုအတွက် အခြေခံလိုအပ်ချက် တစ်ခုသာဖြစ်၏ ။
လူများသည် သံနှင့်တူပြီး ကြွားဝါခြင်းသည် သံမဏိနှင့်တူသည် ။ တစ်ရက်မှ မကြွားဘဲ နေနိုင်သူဟူ၍မရှိ ။ အနည်းနှင့်အများတော့ ကြွားတက်ကြသည် ။
' ဖွီဖွီ.. ဘာကြွားတာလဲ.. ဒီစကားက ရိုင်းတယ်နော်.. လူအများရှေ့တွင် သူတော်စင်အဖြစ် ဟန်ဆောင်ခြင်းလို့ ခေါ်ရမယ်.. '
ချောင်မူက ရေနွေးကြမ်း တစ်ငုံံသောက်လိုက်၏ ။ ပုံပြောသူအား လူများ၏ လေးစားအားကျစွာ ကြည့်နေသည်ကိုမြင်လျှင် သူ ဖိအား အနည်းငယ်ကို ခံစားမိလိုက်သည် ။ သူ ဤမျှ ထိုက်တန်ပါ၏လော ။
ချောင်မူက ရုတ်တရက် မေးခွန်းတစ်ခုကို တွေးမိလိုက်၏ ။
' ငါ ကုံးယန်ကို သတ်တဲ့အခါကြရင်.. တခြားလူတွေ ငါ့ကို သူတော်စင်လို့ ထင်အောင် ဘယ်လိုလုပ်ရပါ့.. '
ချောင်မူသည် ကြွားလိုခြင်းသာမဟုတ် ။ မြင်သူများ၏ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေအောင် လုပ်နိုင်မှသာ သေဆုံးမှုအကဲဖြတ်ချက် မြင့်မားမည်ဖြစ်သည် ။
ထိုအခိုက် လက်ဖက်ရည်ဆိုင်အဝင်ဝတွင် မျက်မမြင်အဘွားကြီးတစ်ဦး ရပ်နေသည်ကို သူမြင်လိုက်ရသည် ။
Chapter 52
~
အခန်း ၅၂
~
လက်ဖက်ရည်ဆိုင် အဝင်ဝတွင် ရပ်နေသည့် အဘွားအို၏ မျက်နှာတွင် အသားအရေများပျော့တွဲကျနေပြီး အရေးအကြောင်းများ ၊ တင်းတိတ် ၊ မဲ့ခြောက်များနှင့် ပြည့်နေ၏ ။
သူမက တောင်ဝှေးကို အားပြု၍ တတောက်တောက် လျောက်လာပြီး ပုံပြောသူ၏ ဇာတ်လမ်းကို တိတ်ဆိတ်စွာ နားထောင်နေသည် ။
‘ မျက်စိမမြင်ရတဲ့ ချောင်စန်းရွှယ်က ဘာလို့ မိတ်ကပ်ပညာ အဆင့်မြင့်မြင့် တက်နေရတာလဲ.. သူ ရုပ်ဖျက်ထားတာ တကယ့် အဘွားကြီး ကျနေတာပဲ.. ‘
ချောင်မူ တွေးနေ၏ ။ ယေဘူယျအားဖြင့်ဆိုလျှင် မျက်မမြင်များသည် မိတ်ကပ် မလိမ်းတက်သင့် ။ မမြင်ရဘဲ မည်သို့ ချယ်သမည်နည်း ။
ချောင်မူ သူမကို မှတ်မိ နေရခြင်းမှာ ဤသို့ သူမ ရုပ်ဖျက်ထားခြင်းကို အရင်က မြင်ဖူး၍ပင် ။
ချောင်မူ၏ အကြည့်က ချောင်စန်းရွှယ် အပေါ်တွင် စက္ကန့်အနည်းငယ် ကြာသွား၏ ။ အဘွားအို၏ ခေါင်းက သူ့ဘက်သို့ အနည်းငယ် စောင်းလိုက်သည်ကို မြင်လျှင် သူ မျက်နှာအမြန်လွဲလိုက်ရသည် ။
‘ သူ.. သိုင်းသူတော်စင်လက်ထဲက လွတ်လာတာလည်း မပြောနဲ့.. သတိကောင်းလိုက်တာ…’
ချောင်မူသည် ယခုအချိန်တွင် အဆင့် ၇ သိုင်းပညာရှင် ဖြစ်၏ ။ သူ၏ အမြင်အာရုံနှင့် အကြားအာရုံမှာ သာမန်လူများထက် သာလွန်နေပြီး သိုင်းသူတော်စင် စိတ်ဝိညာဥ်ကျမ်းကိုပင် လေ့ကျင်ထားသည် ။
သို့သော်လည်း ချောင်မူသည် မျက်လုံးမှိတ်ပြီး သူ့အား ကြည့်နေသူကို အာရုံမခံနိုင်သေးချေ ။
ချောင်မူက ချောင်စန်းရွှယ်အား နှုတ်ဆက်လိုချင်းမရှိပေ ။ သူမည်သို့ စကားပြောရမည်ကိုပင် မသိတော့ ။
ချောင်မူသည် ချောင်လင်းဖြစ်ကြောင်း သိသူမှာ သူမ တစ်ယောက်သာရှိသည် ။ ယခု ချောင်လင်း သေဆုံးသွားလေပြီ ။
ချောင်မူ၏ ယခုအသက်သည် ချောင်စန်းရွှယ်၏ အဖေနှင့် ရွယ်တူလောက်ပင် ရှိနေသည် ။ သို့ရာတွင် သူမ မမြင်နိုင်သဖြင့် ဤသည်ကိုတော့ သိမည်မဟုတ် ။
ချောင်မူက ရေနွေးတစ်ငုံ သောက်လိုက်ပြီး တိတ်ဆိတ်စွာ စဥ်းစားနေသည် ။
အသွင်အပြင် ပြောင်းလဲသွားသော ကိစ္စမှာ ပြဿနာသေးသေးလေးသာ ဖြစ်သည် ။ ဖြစ်ပျက်သမျှ ကိစ္စရပ်များအား ခြုံငုံ သုံးသပ်ကြည့်ရလျှင်…
ချောင်မူနှင့် ချောင်စန်းရွှယ်တို့သည် ယန်မြို့သို့ ရောက်ပြီးနောက် ကုံးယန်ကို စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်လိုက်ကြ၏ ။ ထို့ကြောင့် ချောင်မူသည် သခင်လေးကုံးအား လမ်းမပေါ်တွင် ဖမ်းစီးခဲ့သည် ။
နောက်ပိုင်း အခြေအနေ ဆိုးလာပြီး ချောင်စန်းရွှယ်ပင် ခြိမ်းခြောက်ခံခဲ့ရ၏ ။ သူထိုသို့ မဖြစ်လို ။
ချောင်မူသည် သူ့ဘဝတွင် အကြိမ်ပေါင်းများစွာ သေဆုံးရမည် ကံကြမ္မာ ရှိသောကြောင့် ချောင်မိသားစုသည် မကြာခဏ ပြန်၍ထွက်ပေါ်လာမည်ပင် ။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို မကြောက်ရွံ့သော ၊ စည်းမျဥ်းများအား ချိုးဖောက်မည့် ချောင်မူသည် ပြည်နယ်ကိုးခုအား ချုပ်ကိုင်ထားသူများနှင့် ထိပ်တိုက် ရင်ဆိုင်တွေ့ပေမည် ။
ချောင်မူက သေခြင်းတရားအား မျှော်လင့်နေသူ ဖြစ်သော်လည်း အခြေအနေ ပိုဆိုးလာပြီး သူ၏ မိတ်ဆွေများအား အန္တရာယ်တော ထဲသို့ ဆွဲခေါ်မိခြင်း ဖြစ်မည်ကိုဆိုး၏ ။ သူ့ကြောင့် တခြားသူများအား သေဆုံးစေလိုခြင်း မရှိပေ ။
‘ ဟူး.. အရင်တုန်းက ထာဝရအသက် ရှိတယ်ဆိုပြီး ငါ မဆင်မခြင် လုပ်လွန်းတယ်.. ‘
ချောင်မူ တွေးနေသည် ။
‘ ခုငါ အသက် ၄၀ ကျော်လာပြီဆိုတော့.. ငါလေး တည်ငြိမ်သင့်ပြီ.. ‘
ချောင်မူက တဇွတ်ထိုး မလုပ်တော့ရန် ဆုံးဖြတ်လိုက်၏ ။
‘ အဘိုးကြီးတွေ ပြောတာ ကြားဖူးတယ်.. အသက်လေးဆယ်ကျော်လာရင် အရာရာ စဥ်းစားတက်လာပြီတဲ့.. ‘
‘ ခု ငါ အသက်လေးဆယ်ကျော်ပြီဆိုတော့ လူကြီးတစ်ယောက်လို နေသင့်ပြီ.. ‘
‘ ဒီနေ့က စပြီး ငါ က နူးညံ့သိမ်မွေ့.. ဆင်ခြင်တုံတရားရှိရှိ..အရာရာ နှစ်ဖက်မျှတွေးတက်တဲ့ လူတစ်ယောက် ဖြစ်လာတော့မယ် .. ငယ်ရွယ်တုန်းကလို တဇွတ်ထိုး မလုပ်တော့ဘူး.. ခေါင်းလည်း မမာတော့ဘူး.. တခြားသူတွေကြားမှာ ကျောက်စိမ်းလို နူးညံ့သိမ်မွေ့သူ ဖြစ်တော့မယ်..’
‘ အဲ့… မဟုတ်သေးဘူး.. ငါကုံးယန်ကို သတ်ရအုံးမယ်ဟ.. ‘
ချောင်မူ ရုတ်တရက် သတိရသွား၏ ။
‘ နောက်နှစ်ရက် ငါ ကုံးယန်ကို သတ်ပြီးမှ.. ငါ က နူးညံ့သိမ်မွေ့.. ဆင်ခြင်တုံတရားရှိရှိ..အရာရာ နှစ်ဖက်မျှတွေးတက်တဲ့ လူတစ်ယောက် ဖြစ်လာတော့မယ် .. ငယ်ရွယ်တုန်းကလို တဇွတ်ထိုး မလုပ်တော့ဘူး.. ခေါင်းလည်း မမာတော့ဘူး.. တခြားသူတွေကြားမှာ ကျောက်စိမ်းလို နူးညံ့သိမ်မွေ့သူ ဖြစ်တော့မယ်..’
ချောင်မူက အဘွားအိုထံသို့ မသွားဘဲ ဘေးတံခါး တစ်ခုမှ ပြန်ထွက်လာခဲ့၏ ။ သူ ရှိနေခြင်းက အန္တရာယ်ကို လက်ယက်ခေါ်သလို ဖြစ်နေ၍ တစ်ယောက်ထဲသာ နေပေတော့မည် ။
…………………….
ချောင်မူ ထွက်သွားသည်နှင့် ချောင်စန်းရွှယ်က မသိစိတ်ဖြင့် ချောင်မူ ထွက်သွားရာဘက်သို့ လှည့်ကြည့်လိုက်မိ၏ ။
သူမ ဘာမှ သတိမထားမိ ။ ရုတ်တရက် တစ်စုံတစ်ခု လက်လွတ်လိုက်ရမည်ဟု ခံစားမိလိုက်ခြင်းပင် ။
သူမ နောက်မှလိုက်ရန် ခြေနှစ်လှမ်း လှမ်းလိုက်မိသော်လည်း ပုံပြောသူ၏ ပုံပြင်က အထွတ်အထိပ်သို့ ရောက်နေသဖြင့် သူမ တုန့်ဆိုင်းသွားမိသည် ။
သူမ တုန့်ဆိုင်းနေသည့်အခိုက် ထိုသူ၏ ခြေသံက ပျောက်ရှသွားလေပြီ ။
ဓားသမား ပုံပြောသူက…
“ သူရဲ့ အလောင်းကို အရှက်ခွဲခံရမှာကို ကြောက်တဲ့ ချောင်လင်းက.. အလောင်းချန်မထားချင် ဘူးလေ.. အဲ့တာကြောင့် သူ့ရဲ့ နောက်ဆုံးခွန်အားနဲ့ ရေတွင်းနံရံကို ခေါင်းနဲ့တိုက်ပြီး အသေခံခဲ့တာပေါ့.. ရေတွင်းနံရံ ပြိုပြီးသူရေတွင်းထဲ ကျသွားပြီး နောက်ထပ် ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးတဲ့.. “
လက်ဖက်ရည်ဆိုင်ရှိ လူတိုင်း တိတ်ဆိတ်သွားကြသည် ။ ဤသို့ ဝမ်းနည်းဖွယ် အဆုံးသတ်မည်ဟု သူတို့ ထင်မထား ။
နှလုံးသားနူးညံ့သူ အချို့က မျက်ရည်များ ခိုးသုတ်နေရ၏ ။ ထို့နောက် ပုံပြင်ကို ရင်းနှီးသူအချင်းချင်း ဆွေးနွေးကာ ကျေနပ်စွာဖြင့် အိမ်ပြန်သွားကြသည် ။
ဤလက်ဖက်ရည်ဆိုင်သို့ လာရောက်နားထောင်သူများအတွက် ဓားသမားပုံပြောသူ၏ ပုံပြင်က စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်သည် ။
သို့ပေသိ ဆိုင်ဝင်ပေါက်တွင် ရပ်နေသည့် ချောင်စန်းရွှယ် အတွက်တော့ သူတို့နှင့်မတူ ။ ဤသည်က သူမနှင့် တိုက်ရိုက်ပက်သက်နေသည့် ကိစ္စဖြစ်သည် ။
သူမ က တောင်ဝှေးကို တတောက်တောက် ထောက်ရင်း တစ်လှမ်းခြင်း လမ်းလျောက်လာခဲ့သည် ။
ချောင်လင်း အမှန်တကယ် သေသွားပြီလော ။ သူမ ပြန်တွေးကြည့်မှ ချောင်မူသည် သူမအား ယန်မြို့မှ ထွက်ခွာရန် တမင် လိမ်ညာခဲ့မှန်း သိလိုက်သည် ။
ဤမြို့တွင် တွေ့ဆုံရန် သူ ချိန်းဆိုထားခြင်းမှာ အချိန်ဆွဲရန်သာ ဖြစ်ရမည် ။ သူမအား ယန်မြို့ဆီသို့ ပြန်မလာစေချင်သည့်ပုံ ပေါ်သည် ။
‘ သူ ငါ့အတွက် အများကြီး လုပ်ပေးခဲ့တယ်.. ပထမတစ်ခါ မနည်းလွတ်လာတာတောင် ခုတော့ သေမှန်းရှင်မှန်း မသိ ..’
‘ သူ ငါနဲ့ စတွေ့ ကတည်းက ငါ့အပေါ်ကို ကောင်းခဲ့တာပဲ.. သူ ငါ့ခန္ဓာကိုယ်ကိုပဲ စိတ်ဝင်စားနေတာ မဟုတ်ဘူးဆိုတာ သိသာတယ်.. ‘
‘ အဲ့တာကြောင့် သူ မကောင်းမှုကို မုန်းတီးတာနဲ့ တရားမျှတမှုကို လိုလားတာထက် တခြား အကြောင်းတစ်ခုတော့ ရှိရမယ်.. ‘
‘ သူ ငါ့ကို ချစ်နေတာ သေချာတယ်.. ‘
‘ သူ အဲ့လောက်အထိ ချစ်ခဲ့တာကို.. ငါဘာလို့ ခုချိန်အထိ သတိမထားမိရတာလဲ.. ‘
ချောင်စန်းရွှယ်က ဝမ်းနည်းစွာဖြင့် လျောက်လှမ်းလာ၏ ။ မျက်ရည်များ ကျဆင်းလာသဖြင့် သူမ ၏ အမြင်အာရုံပင် ဝေ့ဝါးလာသည် ။
‘ ဟမ်.. ငါ… ငါ မြင်နေရတာလား.. ‘
သူမ မျက်ရည်သုတ်ကာ သူမ ရှေ့တွင် ရှိသော တောင်ကုန်းလေးကို အံ့အားသင့်စွာ ကြည့်လိုက်သည် ။
လွန်ခဲ့သော ခြောက်လခန့် ၊ ချောင်မိသားစု ၏ အဖြစ်ဆိုး ကြုံ့တွေ့ခဲ့ရစဥ်က သူမ ၏ မျက်လုံးများ လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့သည် ။ ယခုတော့ အမြင်အာရုံ ပြန်ရခဲ့လေပြီ ။
‘ ငါ အခုမှ မြင်ရတယ်တဲ့လား.. ‘
သူမ မြင်နေရသော်လည်း မပျော်နိုင် ။ သူမ မြင်နေရသော်လည်း လမ်းပျောက်နေသလို ခံစားနေမိ၏ ။ မည်သည့်အတွက်ကြောင့် အမြင်အာရုံ စောစော မရခဲ့ပါသနည်း ။ ယခုတော့ဖြင့်…
‘ ဟူး.. ငါ သူ့ကို စတွေ့ချိန်ကစပြီး သေတဲ့အချိန်အထိ ရုပ်ကို မမြင်ဖူးလိုက်ဘူး.. ‘
ချောင်စန်းရွှယ်က သက်ပြင်းချလိုက်၏ ။ ထို့နောက် သူမ၏ မျက်ဝန်းထဲတွင် တဖြည်းဖြည်း စိတ်ပိုင်းဖြတ်လိုက်သော အမူအရာများ ပေါ်လာသည် ။
သူမ၏ အသိညဏ်သည် သာမန်လူများနှင်မတူ ။ ဆယ်ကျော်သက် အရွယ်တည်းကပင် မျက်မမြင်တစ်ယောက်ဖြစ်သော်လည်း လက်စားချေရန် ကြိုးပမ်းနေခဲ့သူဖြစ်၏ ။
ယခုအခါတွင်မတော့ သူမ၏ လက်စားချေရန် စာရင်းထဲတွငိ ကုံးယန်ဟူသည့် လူတစ်ဦး ထပ်တိုးလာခဲ့လေပြီ ။ သိုင်းပညာ မလေ့ကျင့်နိုင်လျှင် တာအိုလမ်းစဥ် ရွေးချယ်ရမည် ။ တာအိုလမ်းစဥ်သည် မည်မျှပင် ခက်ခဲ့ပါစေ ၊ ဆူးခင်းထားသော လမ်းဖြစ်ပါစေ သူမ ရအောင်နင်းလျောက်မည်ဖြစ်သည် ။
‘ ဒီနေ့ကစပြီး ငါ့ရဲ့ အင်မော်တယ်လမ်းစဥ်အတွက် ပထမဆုံး ခြေလှမ်းစတော့မယ်..’
ချောင်စန်းရွှယ်က တွေးပြီးသည်နှင့် ပထမဆုံး ခြေလှမ်း စလှမ်းလိုက်သည် ။
ထို့နောက် သူမ လေကိုသာ နင်းမိလိုက်ပြီး မြေပြင်ပေါ်သို့ ခွေးကျ ကျကာ နှစ်ပတ် သုံးပတ် လိမ့်သွား၏ ။ သူမ ချက်ချင်း ထမရပ်ဘဲ ထိုနေရာတွင်သာ ကြောင်တောင်တောင် လှဲနေလိုက်သည် ။
သူမ တောင်ကုန်းပေါ်သို့ တက်လိုက်သည် မဟုတ်လော ။ မည်သည့် အတွက်ကြောင့် သူမ အောက်သို့ လဲကျသွားပါသနည်း ။ သို့မဟုတ် သူမ မြင်နေရသည်များက လက်တွေ့ မြင်ကွင်းနှင့် ကွဲပြားနေခြင်း ဖြစ်မည်လော ။