← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

Chapter 53

~

အခန်း ၅၃

~

ချောင်လင်း ရေတွင်းထဲ ကျပြီးနောက် ခြောက်ရက်မြောက်နေ့ ...

မြို့စားအိမ်တော်အတွင်း ကုံးယန်သည် စာကြည့်ခန်းထဲတွင် ထိုင်နေ၏ ။

စာကြည့်ခန်း တံခါးအား ဖွင့်ထားပြီး ရေတွင်းကို ညိုးငယ်သည့် မျက်နှာဖြင့် ကြည့်နေသည် ။

ကုံးယန်၏ အသားအရေမှာ ဖြူဖတ်ဖြူရော် ဖြစ်နေပြီး အရင်ရက်များထက်ပင် ပို၍ ပိန်လာသည် ။

ဤ ရက်များအတွင်း ကုံးယန်သည် စိုးရိမ်ပူပန်စိတ်ကြောင့် စားမဝင် အိပ်မပျော်ခဲ့ပေ ။

သူ ချောင်လင်းနှင့် မတိုက်ခိုက်ခဲ့သော်လည်း ဒေါသကြောင့် သွေးအန်ခဲ့၏ ။ သူ့ အတွင်းဒဏ်ရာ ပိုဆိုးလာခဲ့ပြီး ဤရက်ပိုင်း အနားမယူနိုင်သဖြင့် ခန္ဓာကိုယ်က ယဲ့ယဲ့သာ ကျန်တော့သည် ။

ရုတ်တရက်....

" ဖလပ်..ဖလပ်..ဖလပ်.."

အနက်နှင့် အနီရောင်ရောစပ်ထားသော မျက်ဝန်းတစ်စုံ ရှိသည့် ချိုးဖြူငှက် တစ်ကောင်သည် အပြင်မှ ပျံသန်းလာပြီး စာကြည့်ခန်းပြတင်းပေါက်တွင် နားလိုက်သည် ။

ကုံးယန်၏ မျက်နှာက ချက်ချင်း ပြုံးရွှင်သွားပြီး ငှက်ခြေထောက်တွင် ချည်ထားသော စာလိပ်ကို ယူရန် ထလိုက်စဥ် သူ့နောက်မှ လေပြေတစ်ချက် ဖြတ်တိုက်သွား၏ ။

သူ လှည့်ကြည့်လိုက်သောအခါ အမှောင်ထု အတွင်း အရိပ်များ ဖုံးလွှမ်းနေသည့် ပုံရိပ်တစ်ခု စာကြည့်ခန်းထဲရောက်နေသည်ကို မြင်လိုက်ရသည် ။ ထိုသူက အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ကြယ်ပုံစံ အနက်ရောင် မျက်နှာဖုံး ဝတ်ဆင်ထားကာ ပုခုံးပေါ်တွင် ချိုးဖြူလေးတစ်ကောင် နားနေသည် ။

' ဝူကျိ အသင်းက လျှို့ဝှက်ကြယ် သံတမန်ပါလား.. ဒီလို လူမျိုးက ဟဲရန်လို မြို့ကြီးမှာပဲ နေသင့်တာလေ.. ဘာလို့ ယန်မြို့ကို ရောက်လာတာလဲ.. '

" သံတမန်.. ဘာအမိန့်ရှိလို့ ကိုယ်တိုင်ကြွလာတာလဲ ခင်ဗျ.. "

ကုံးယန်က စိတ်လှုပ်ရှားစွာဖြင့် စာကြည့်ခန်း တံခါးကို ပိတ်လိုက်၏ ။

ကုံးယန်သည် ပြီးခဲ့သည့် ခုနှစ်ရက်အတွင်း တန်ဖိုးကြီးကြီးပေးဆပ်၍ ဝူကျိအသင်းမှတဆင့် ချောင်မိသားစုအား စုံစမ်းခဲ့၏ ။ ယခုကဲ့သို့ အရေးပါသည့် လျှို့ဝှက်ကြယ် သံတမန်ကိုယ်တိုင် ရောက်လာမည်ဟု သူလုံးဝ မမျှော်လင့်မိခဲ့ ။

လျှို့ဝှက်ကြယ် သံတမန်သည် ဝူကျိ အသင်း ထောက်လှမ်းရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သည် ။ ထောက်လှမ်းရေး အဖွဲ့ဝင်များ၏ သိုင်းအဆင့်ကို မည်သူမှ မသိသော်လည်း သိုင်းသူတော်စင်၏ အားထားရာများ ဖြစ်သဖြင့် အားနည်းမည်မဟုတ်ချေ ။

ဝူကျိအသင်းသည် စတင်တည်ထောင်ချိန်မှ စ၍ ဆယ်နှစ်အတွင်း ဂိုဏ်းများနှင့် သိုင်းလောက မိသားစုများကို လွှမ်းမိုးကာ သိုင်းကျမ်းမျိုးစုံ စုဆောင်းခဲ့သည် ။ သူတို့၏ အုတ်မြစ်နှင့် ခွန်အားသည် သိုင်းလောကတစ်ခုလုံးတွင် အသန်မာဆုံးဟု ဆိုနိုင်လေသည် ။ ထို့ကြောင့် လျှို့ဝှက်ကြယ်သံတမန်၏ ခွန်အားသည် သိုင်းလောက ထိပ်ဆုံးတွင် ရှိနေနိုင်သည် ။

" ဒီအတိုင်း လာရုံပါပဲ.. မင်းအများကြီးတွေးမနေနဲ့.. "

သံတမန်၏ အေးစက်စက်အသံက ထွက်ပေါ်လာသည် ။ အသံဖြင့် အထီးအမ ခွဲခြား၍ မရပေ ။

တွေးမနေနှင့် ဟု ဆိုသော်လည်း ကုံးယန်က မတွေးဘဲ မနေနိုင် ။

ယန်ဧကရာဇ်လာမည့် သတင်းက မှန်နေသည်လော ။ မဟုတ်လျှင် လျှို့ဝှက်ကြယ်သံတမန်၏ အဆင့်ဖြင့် ယန်မြို့အနီးတွင် ရှိနေမည်မဟုတ် ။ သူ အရင်က ယန်ဧကရာဇ်အား ဝူကျိအသင်းထံ သတင်းမပေါက်ကြားဟု အထင်ကြီးမိခဲ့သော်လည်း သူအတွေးလွန်မိခြင်းသာ ဖြစ်ပုံရသည် ။

" ကုံးယန်.. မင်းစုံစမ်းချင်တဲ့ ချောင်မိသားစုရဲ့ သတင်းက ကနဦးသတင်း​တော့ ရလာပြီ.. "

​သံတမန်က အတွေးလွန်နေသည့် ကုံးယန်ကို ဂရုမစိုက်ဘဲ ပြောလိုက်၏ ။ ထို့နောက်...

" မင်းက ချောင်မိသားစု အကြောင်း သတင်းပို့တော့ ဟဲရန်မြို့က ချောင်မိသားစုထင်လို့ ငါကိုယ်တိုင်စုံစမ်းခဲ့တာ ဒါပေမဲ့ ရလဒ်က စိတ်ပျက်စရာပဲ .."

" နန်းကုန်းပြည်နယ် တစ်ခုလုံးမှာ မင်းပြောတဲ့ ချောင်မိသားစုရဲ့ အရိပ်အယောင်မရှိဘူး.. "

ကုံးယန် အံ့အားသင့်သွားပြီး...

" အဲ့တာဘာကို ဆိုလိုတာလဲဗျ .."

" ဖြစ်နိုင်ချေ နှစ်ခုရှိတယ်.. "

သံတမန်က...

" ပထမ တစ်ခုက ဒီချောင်မိသားစုဟာ ဝေးလံတဲ့ ပြည်နယ်တစ်ခုခုက ဖြစ်နိုင်တယ်.. မဟုတ်ရင် အဲ့လို ထူးခြားတဲ့ မိသားစုမျိုးကို ငါမသိနိုင်စရာ အကြောင်းမရှိဘူး... "

ကုံးယန်က ခေါင်းညိတ်လိုက်ပြီး သေချာစဥ်းစားလိုက်၏ ။

သံတမန်က ဆက်ပြောသည် ။

" ဒုတိယက ..ချောင်မိသားစုက အရမ်းသေးတဲ့ မိသားစုလေးတစ်ခု ဒါမှမဟုတ် လုံးဝ မရှိတာလဲ ဖြစ်နိုင်တယ်.. "

" မရှိတာလား.. "

ကုံးယန် အံ့သြသွားသည် ။ ဤသည်က သူစိတ်ကူးယဥ်ထားသည်နှင့်မတူ ။ သူ ချောင်မူနှင့် ချောင်လင်းကို သတ်ပြီး​နောက် ရန်သူဖြစ်လာသည့် ချောင်မိသားစုကို အမြစ်ဖြုတ်ရန် စိတ်ကူးယဥ်နေခဲ့၏ ။ ယခု ထိုမိသားစုက အတုကြီး ဖြစ်နေသည်လော ။

" ချောင်မူနဲ့ ချောင်လင်းက ချောင်မိသားစု ရှိတယ်ဆိုပြီး လိမ်ပြောတာလို့ ဆိုလိုတာလားဗျ.. "

ကုံးယန် က မေးလိုက်မိသည် ။

" မင်းကိုယ်တိုင် စဥ်းစားကြည့်ပေါ့.. "

သံတမန်က မရေမရာ ပြန်ဖြေ၏ ။ သူ ငြင်းလည်းမငြင်း ၊ ဝန်လည်းမခံ ။ သူလည်း စိတ်ပျက်နေသည်မှာ သိသာလှ၏ ။ ဟဲရန်မြို့၏ ချောင်မိသားစု အကြွင်းအကျန်များဟု ထင်၍ သေချာစုံစမ်းခဲ့ခြင်းဖြစ်သည် ။

တကျွီကျွီ မြည်၍ အခန်းတံခါး ပွင့်သွားသည် ။ လျှို့ဝှက်ကြယ် သံတမန်၏ ပုံရိပ်က မှုန်ဝါးလာပြီး ကုံးယန်၏ အကြည့်အောက်တွင်ပင် ပျောက်ကွယ်သွား၏ ။

ကုံးယန် တစ်ယောက်ထဲသာ မှင်သက်လျက် ရပ်ကျန်ခဲ့သည် ။

ခဏအကြာတွင် သူ့ နှုတ်ခမ်းက တွန့်ကွေးသွားပြီး အားရ ပါးရ ရယ်လေတော့သည် ။

ဤ သတင်းအား သူကိုယ်တိုင် စစ်ဆေးတွေ့ရှိလျှင် ချောင်မိသားစုအား တခြားဒေသမှဟု ထင်မိမည်ဖြစ်သော်လည်း ယခု လျှို့ဝှက်ကြယ် သံတမန်ပင် ဘာမှ ရှာမတွေ့၍ ချောင်မိသားစုသည် ဤလောကတွင် ရှိပုံမရ ။ ဝူကျိအသင်း၏ ​အမြင်အာရုံ အောက်မှ ပုန်းကွယ်နေနိုင်သည့် မိသားစု ရှိနိုင်မည် မဟုတ်ပေ ။

' သံတမန် ပြောသလို မိသားစု သေးသေးလေး ဖြစ်နေရင်တောင် ငါ့ကို လာလက်စားချေမှာကို စိုးရိမ်နေစရာ မလို​တော့ဘူး.. '

' ငါ ထင်သားပဲ.. ထိုက်တန်တဲ့ သေခြင်းတရားနဲ့ သေရမယ် ဆိုတဲ့ ဆောင်ပုဒ်ကို ဘယ်မိသားစုမျိုးက လက်ဆင့်ကမ်းမှာလဲ.. ရှိရင်တောင် မျိုးပြုတ်နေတာ ကြာလှပြီ.. '

ဤ အကြောင်း စဥ်းစားရင်း သူ၏ တွန့်ကွေးနေသော နဖူးကြောများ ပြေလျော့လာသည် ။ သူ စိတ်သက်သာရာ ရသွားလေပြီ ။

ချောင်မိသားစုသာ အစွမ်းထက်လျှင် ချောင်လင်းအား လက်စားချေရန် တစ်ယောက်ထဲ လွှတ်လိုက်မည် မဟုတ် ။ ချောင်လင်း၏ ခွန်အားဖြင့် မြို့စားအိမ်တော်တစ်ခုသို့ ဝင်ရောက်တိုက်ခိုက်လျှင် သေရမည်မှာ သေချာနေသည် ။ ချောင်မိသားစုတွင် ခွန်အားကြီးသူများ ရှိလျှင် ချောင်လင်းအား သေတွင်းပို့မည် မဟုတ်ချေ ။

…….

ခုနစ်ရက်မြောက်နေ့...

ကုံးယန် စာကြည့်ခန်းထဲတွင် တိတ်ဆိတ်စွာထိုင်နေစဉ် အစေခံတစ်ဦးထံမှ အရေးကြီးသော သတင်းစကားကို လက်ခံရရှိခဲ့သည် ။

" သခင်ကြီး... ချောင်လင်းရဲ့ အလောင်းကို ရှာတွေ့ပါပြီ.."

" သူ့ကို ဘယ်မှာ တွေ့တာလဲ အသေးစိတ်ပြော .."

ကုံးယန် ထရပ်လိုက်မိ၏ ။

ချောင်လင်း ပြင်းထန်စွာ ဒဏ်ရာ ရသွား၍ မုချ သေဆုံးမည်ကို သူ သိသော်လည်း အလောင်းမမြင်ရ၍ စိတ်မသက်မသာ ဖြစ်နေခဲ့သည် ။

" ပန်ရှန်း မြို့မှာ တွေ့တာပါ.. "

အစေခံက ရှင်းပြသည် ။

" ပန်ရှန်းမြို့က ဝမ်မျိုးရိုး ဆေးဆရာရဲ့ မိသားစုက မြစ်ထဲ အဝတ်လျော်နေတုန်း မျောလာတဲ့ ချောင်လင်းကို တွေ့တာတဲ့.. "

" သူက ကြင်နာတက်တော့ ဆေးကုပေးဖို့ အိမ်ကို သယ်လာပေမဲ့ သူ့ဆေးပညာက အကန့်အသတ်ရှိတော့ ချောင်လင်းကို ရက်အတော်ကြာအောင် နှိပ်စက်သလို ဖြစ်နေပြီး နောက်ဆုံး မကယ်နိုင်ခဲ့ဘူးတဲ့.. "

" ဒီနေ့မှ ယန်မြို့က ထုတ်ပြန်ထားတဲ့ အလိုရှိတဲ့ ကြော်ငြာစာကို မြင်တော့မှ ရာဇဝတ်သားမှန်းသိပြီး ရုံးတော်ကို အကြောင်းကြားခဲ့တာ.. "

" ခု ချောင်လင်းရဲ့ အလောင်းက ဘယ်မှာလဲ.. "

ကုံးယန်က မေးလိုက်သည် ။

" အိမ်တော် အပြင်ဘက်အထိ ယူလာခဲ့ပါတယ်.. "

ကုံးယန်က ချက်ချင်းထွက်လာပြီး အခေါင်းအဖုံးကို ဖွင့်ကြည့်လိုက်ရာ ရင်းနှီးသည့် အလောင်းကို မြင်လိုက်ရသည် ။ သူ ခေါင်းညိတ်လိုက်ပြီး...

" အင်း အတုမဟုတ်ဘူး.. ဒါ ချောင်လင်း အစစ်ပဲ. "

သူ စိတ်သက်သာရာ ရသွားသည် ။ လျှို့ဝှက် ကြယ်သံတမန်ကြောင့် ချောင်မိသားစုအား မကြောက်တော့သလို ယခု ချောင်လင်း၏ အလောင်းကို မြင်နေ၍ ဝန်ထုတ်ဝန်ပိုး တစ်ခု လျော့သွားသလို ခံစားမိကာ စိတ်အေးလက်အေး ဖြစ်သွားသည် ။

" အဲ့ ဆေးဆရာကို သေချာ စစ်မေးပါ.. သူ အပြစ်ကင်းတာ သေချာရင် ဒီကိစ္စ ပြီးပြီ.. "

ကုံးယန်က ချောင်းလင်း၏ အလောင်းကို ကိုက်စားမတက် စိုက်ကြည့်နေ၏ ။

' ချောင်လင်း...ခုရက် နည်းနည်း ကြာသွားပေမဲ့ နောက်မကျသေးဘူး.. . ငါ အရင်က ကျိန်ထားသလိုပဲ မင်းရဲ့ အလောင်းကို မြို့တံခါးမှာ ဆယ်ရက်လောက် ချိတ်ဆွဲထားမယ်.. '

မနက်ဖြန်တွင် ဆေးဆရာအား စစ်ဆေးပြီးသည်နှင့် သူ၏ ကတိကို ဖြည့်စီးရန် ချောင်မူ၏ အလောင်းကို မြို့တံခါးတွင် ဆယ်ရက် ချိတ်ဆွဲ၍ ပြပွဲ ပြရပေမည် ။

Chapter 54

~

အခန်း ၅၄

~

ပန်ရှန်းမြို့မှ ပြန်လည်ထွက်ခွာလာပြီးနောက်...

ချောင်မူက လှံရှည်တစ်ချောင်းကို ကိုင်ပြီး လက်တစ်ဖက်လျှင် လှံတစ်​​ချောင်းကိုင်ထားသော ကျန်းခွေနဲ့ တိုက်ခိုက်နေ၏ ။ သူတို့နှစ်ဦး လေ့ကျင့် နေကြခြင်း ဖြစ်သည် ။

လှံချင်းထိမိသည့် အချိန်တိုင်း ရိုက်ခတ်လာသည့်အားကြောင့် ချောင်မူ၏ လက်များ တုန်ရီနေ၏ ။

' ကျန်းခွေရဲ့ အတွင်းအားက ငါ့ထက် အများကြီးနည်းပေမဲ့ ခန္ဓာကိုယ် ခွန်အားက ငါ့ထက် အများကြီးသာနေပါလား.. '

' အဲ့လို ​ဆိုတော့လည်း .. ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်း ...'

" ဝှီး.."

ချောင်မူကိုင်ထားသော လှံရှည်ဖြင့် သိမ်းရိုက်လိုက်ရာ စူးရှသည့် အသံတစ်ခု ထွက်ပေါ်လာသည် ။

လှံရှည်က ကျန်းခွေ၏ ခါးကို ရိုက်မိသွားပြီး ထိုလူသန်ကြီးမှာ နှစ်မီတာ သုံးမီတာ ခန့် လွင့်ထွက်သွားသည် ။

ချောင်မူက လှံရှည်ကို ကိုင်ပြီး ခပ်တည်တည် ရပ်နေ၏ ။ သူ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်း သုံးလိုက်သဖြင့် သူ၏ အတွင်းအင်္ဂါများအားလုံး ပူလောင်နေချေသည် ။ သို့သော်လည်း ထိုသည်ကို ကျန်းခွေ မမြင်စေရန် ခပ်တည်တည် ရပ်နေလိုက်သည် ။

ချောင်မူ အသက် ၄၂ နှစ်ပြည့်ပြီးနောက် ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်းသည် ကနဦး အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည် ။ ဆယ်နှစ်ကြာ အချိန်အတွင်း ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်းကို နက်ရှိုင်းစွာ နားလည်လာသည် ။

ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်းကို အသုံးပြုလျှင် ခန္ဓာကိုယ်၏ အလားအလာကို စားသုံးပြီး ပုံမှန်အတွင်းအားထက် အဆများစွာကို အချိန်တိုအတွင်း ထုတ်လွှတ်နိုင်သည် ။

ချောင်မူသည် ဤသိုင်းအား ပိုမို ထိန်းချုပ်နိုင်လာသည် ။ သူ ချက်ချင်း အတွင်းအား သုံးဆ လေးဆခန့်ကို တိုးမြှင့်နိုင်၏ ။ အခြားသူများထက် ပိုမို မြန်ဆန်စွာ သုံးနိုင်ပြီး ခန္ဓာကိုယ် ပျက်ဆီးမှု ပိုမို နည်းပါးလာသည် ။

သို့ရာတွင်လည်း မီးအားပိုကောင်းစေရန်အတွက် ထင်းပိုထည့်ရသလိုပင် ၊ အတွင်းအား သုံးဆ လေးဆကို အချိန်ကြာကြာ သုံးမိပါက သူ၏ ခန္ဓာကိုယ်ပျက်ဆီးမှုနှုန်းသည် တခြားလူများထက် ပိုမို နေပေမည် ။

ဤသိုင်းအပေါ် သူ၏ ကျွမ်းကျင်မှုက တခြားသူများထက် သာလွန်၏ ။ တခြားသူများမှာ တစ်သက်တွင် တစ်ကြိမ်နှစ်ကြိမ်ခန့်သာ အသုံးပြုနိုင်သော်လည်း သူက ခဏခဏ အသုံးပြုနေသည် ။

သို့သော်လည်း ချောင်မူက ထိုသည်ကို မကျေနပ်သေး ။

' ချီး ဒီသိုင်းက ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းလည်း ဆိုသေးတယ်.. မမိုက်လိုက်တာ.. '

' တကယ်ဆို ဒီသိုင်း သုံးပြီးရင် ခန္ဓာကိုယ် တစစီ ဖြစ်သွားသင့်တာလေ ..အဲ့တာဆို ဘယ်လိုသေရမလဲ တွေးပူနေစရာမလိုတော့ဘူး.. '

ချောင်မူ မကျေမနပ် တွေးလိုက်၏ ။ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်း အသုံးပြုနောက် ဖုန်မှုန့်အဖြစ် ပြိုကွဲ သွားပါက ပို၍ ကောင်းသည် ။

သူ တွေးနေစဥ် ကျန်းခွေက မြေပြင်ပေါ်မှ ပြန်ထလာပြီး ရှက်ရွံ့ဟန်ဖြင့်..

" အကိုချောင် ခင်ဗျားရဲ့ အတွင်းအားက ကောင်းလိုက်တာ.. ကျုပ်ထက် အများကြီး ပိုအားကောင်းတယ်.. "

သူ က ချောင်မူ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်း ထုတ်သုံးလိုက်သည်ကို မသိ ။ အရင်က အတွင်းချန်၍ သုံးနေသည်ဟု ထင်နေ၏ ။

ချောင်မူက မေးလိုက်သည် ။

" ဒါနဲ့ မင်းရဲ့ ခွန်အားက ဘာလို့ ဒီလောက် ကောင်းနေတာလည်း.. "

ယခု တိုက်ပွဲတွင် ကျန်းခွေသည် လက်တစ်ဖက်တွင် လှံတစ်ချောင်းကိုင်၍ တိုက်ခိုက်နေသော်လည်း လှံရှည်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားသော ချောင်မူထက် ပိုအားပြင်းနေသည် ။

ကျန်းခွေက ရှင်းပြ၏ ။

" အကိုချောင်.. ခန္ဓာကိုယ်ကို လေ့ကျင့်တဲ့ သိုင်းပညာရှင်တွေနဲ့ တွေ့ဘူးလား.. သိုင်းပညာရှင်တွေကို.. အတွင်း အပြင်လို့ ခွဲခြားလို့ ရတယ်လေ.. အတွင်းသိုင်းပညာရှင်တွေက အတွင်းအားကို ဦးစားပေး လေ့ကျင့်ပြီး အပြင်သိုင်းပညာရှင်တွေက ခန္ဓာကိုယ်ကို ဦးစားပေး လေ့ကျင့်တယ်.. အဲ့တာကြောင့် ကျုပ်ရဲ့ ခွန်အားက သာမန်သိုင်းပညာရှင်တွေထက် ပိုသန်မာနေတာ.. အတွင်းသိုင်းပညာ ရှင်တွေက အတွင်းအား သုံးပြီး ချက်ချင်း ခွန်အားတိုးမြှင့် နိုင်သလို.. အပြင်အားသိုင်းပညာရှင်တွေက သက်လုံပိုကောင်းပြီး ခွန်အားပိုကြီးတာပေါ့.. သူ့အားသာချက်နဲ့ သူပဲ.. "

ကျန်းခွေက ရှင်းပြရင်း သက်ပြင်းချလိုက်ပြီး..

" အတွင်းအား.. အပြင်အား နဲ့ သိုင်းကျွမ်းကျင်မှု တွေက သိုင်းပညာရှင်တွေအတွက် လမ်းသုံးခုပဲလေ.. "

" သိုင်းပညာရှင်တွေရဲ့ အတွင်းအားနဲ့ ကျွမ်းကျင်မှုက အသက်အရွယ် အတွေအကြုံတွေ များလာရင် ပိုပြီး တိုးတက်လာနိုင်တယ်.. အသက်ကြီးလာတာနဲ့ ပိုပြီး သန်မာလာတယ်လို့ ဆိုရမှာပေါ့.. "

" တစ်ခါက သိုင်းပညာရှင် တစ်ယောက်အကြောင်း ကျုပ်ကြားဖူးတယ်.. သူ အသက်ရှစ်ဆယ် ကျော်ပြီး အသက်စွမ်းအင် လျော့နည်းလာပေမဲ့ သူ့ဓားသိုင်းက အဆင့်လွန်ကို ရောက်နေပြီ.. သူက သစ်သားဓားတစ်ချောင်းကိုပဲ သုံးပြီး အထွတ်အထိပ် ရောက်နေတဲ့ အဆင့် ၂ သိုင်းပညာရှင်ကို အနိုင်ယူခဲ့တယ်တဲ့ .."

" အတွင်းအား လေ့ကျင့်တာက အချိန်ကြာလာရင် ပိုအားကောင်းလာပြီး အပြင်အား လေ့ကျင့်တာက အသက်အရွယ်တခု ရောက်လာရင် ခွန်အား လျော့လာရော.. "

" ကျုပ်အခု သန်မာနေပေမဲ့ နောက် ၈ နှစ် ၁၀ နှစ်လောက်ကြာလို့မှ အဆင့်မတက်နိုင်ရင် အသက်စွမ်းအင် မြန်မြန်ကျဆင်းပြီး ခွန်အား လျော့လာမှာ.. "

" ကျုပ်တို့ သိုင်းပညာရှင်တွေမှာ ထာဝရအသက် မရှိနိုင်တာ ဆိုးတာပဲ.. ဒီထက် အသက်အများကြီး ပိုရှည်ပြီး ကျွမ်းကျင်မှုနဲ့ အပြင်အား ပိုတိုးတက်နိုင်ရင် မျိုးနွယ်ခြားတွေကို ကြောက်နေစရာ လိုမှာ မဟုတ်ဘူး.. "

" အင်း.. လူသားတွေမှာ သက်တန်းအကန့်အသတ်ရှိနေတာ ဆိုးတာပေါ့.. ဘယ်လောက် ကျွမ်းကျင်တဲ့သူဖြစ်ပါစေ အသက် ၁၀၀ ကျော်လာရင် ဖုန်မှုန်ဖြစ်သွားမှာပဲ.. "

ချောင်မူက သက်ပြင်းချပြီး ပြောလိုက်၏ ။

' ငါက လွဲရင်ပေါ့.. '

ချောင်မူသည် အသက်ကြီးလာမည်ဖြစ်သော်လည်း သေမည်မဟုတ် ။ သက်ရှည်လက်သီးကြောင့် အသက်စွမ်းအား လျော့နဲ လာမည် မဟုတ်၍ အဘိုးကြီး ဖြစ်နေလျှင်ပင် ကြံ့ခိုင်သန်စွမ်းနေမည်ဖြစ်သည် ။

နှစ်ယောက်သား စကားပြောနေစဥ် ဝမ်စုန့်ဟဲက အဝေးမှ လမ်းလျှောက်လာ၏ ။

ချောင်မူသည် ပန်ရှန်းမြို့မှ ထွက်လာပြီးနောက် ကုံးယန်အား လုပ်ကြံမည့် ကိစ္စ ဆွေးနွေးရန် ဓားပြခံတပ်သို့ ပြန်လာခဲ့သည် ။

" ညီအကိုချောင်.. ကျုပ်တို့ တိုင်ပင်ထားတဲ့ ကိစ္စကို ဖြေရှင်းပြီးပြီ.. "

" ချောင်လင်းရဲ့ အလောင်းကို ကျုပ်လက်အောက်ခံ နောက်ခံရှင်းတဲ့ ဆေးဆရာ တစ်ယောက်ဆီကနေ ရုံးတော်ကို ပို့ခိုင်းလိုက်ပြီ.. ခု မြို့စားအိမ်အထိ ရောက်ရင် ရောက်နေလောက်ပြီ.. "

ဝမ်စုန့်ဟဲက ခဏတာ တွန့်ဆုတ်သလို ဖြစ်နေပြီမှ ပြောလိုက်၏ ။

" ဒါပေမဲ့ ကွယ်လွန်သူရဲ့ အလောင်းကို မလေးစားဘဲ ဒီလိုလုပ်တာ ကောင်းပါ့မလား.. "

ချောင်မူက ချောင်လင်း၏ အလောင်းကို ငါးစာအဖြစ် အသုံးပြုမည်ဆို၍ ဝမ်စုန့်ဟဲ အံ့အားသင့်ခဲ့ရ၏ ။ ဤလောကတွင် သေဆုံးသူများအား လေးစားမှုရှိကြသည် ။ ယခု ချောင်လင်း၏ အလောင်းကို ကုံးယန် ၏ လက်ထဲသို့ ပေး၍ အရှက်ခွဲ ခံရမည်ဆိုသည်က လူကြားမကောင်းပေ ။ ပို၍ ဆိုးသည်က အဖေတစ်ယောက် အနေဖြင့် သူရဲကောင်းဆန်စွာ သေဆုံးခဲ့သည့် သားဖြစ်သူ၏ အလောင်းအား ဤသို့ လုပ်နေသည်ကို သူ နားမလည်နိုင်တော့ ။

ချောင်မူသည်တော့ ထိုသည်ကို စိတ်ထဲမထား ။ ဖြစ်နိုင်လျှင် အလောင်းကောင်ကြီးအား ထ၍ပင် တိုက်ခိုင်းလိုက်ချင်သည် ။

ချောင်မူက...

" သေတဲ့သူက သေပြီပဲ.. ဘာဖြစ်လဲ.. သူရဲ့ ကျန်နေသေးတဲ့ ဆန္ဒကို ပြီးမြောက်အောင် ကျုပ်လုပ်ပေးမှာပါ.. "

" တကယ်လို့ ကုံးယန်ကို သတ်နိုင်မယ်ဆိုရင် ကျုပ်သားရဲ့ ခန္ဓာကိုယ် မပြောနဲ့ ကျုပ်ကိုယ်တိုင်တောင် ငါးစာအဖြစ်ခံလိုက်မယ်.. "

ဝမ်စုန့်ဟဲနှင့် ကျန်ခွေတို့ တိတ်ဆိတ်သွားကြ၏ ။ သူတို့ သိပ်နားမလည်သော်လည်း ချောင်ဆန်းသည် အလွန်ရက်စက်ကြမ်းကြုတ်ကြောင်းကိုမူ နားလည်လိုက်ကြသည် ။ ချောင်မူနှင့် ချောင်လင်း၏ အဖေဖြစ်ရန် အမှန်တကယ်ပင် ထိုက်တန်သည် ။

" ဒါပေမဲ့ ဒီကိစ္စမှာ အကိုချောင်ဆန်း ဘယ်လောက် ယုံကြည်မှု ရှိလဲ.. ကုံးယန်က တကယ်ပဲ သူ့စံအိမ်ကနေ အပြင်ထွက်လာမှာ သေချာလို့လား.. အဲ့ကောင်က ညဏ်များတယ်နော်.. "

ဝမ်စုန့်ဟဲက သေချာအောင် မေးလိုက်သည် ။ ကုံးယန်သည် အစောင့်အကြပ်များနှင့် စံအိမ်ထဲတွင် ပုန်းနေလျှင် သူတို့ လက်လျော့လိုက်ရမည်ဖြစ်သည် ။

" သေချာ သလောက်ပါပဲ. ."

ချောင်မူက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်၏ ။ သို့ရာတွင် သူ၏ စိတ်ထဲတွင် ၅၀ % သာ ထင်ထားသည် ။ ကုံးယန်၏ အပြုအမူများအရ သူ၏သားဖြစ်သူကို အလွန်ချစ်ကြောင်းသိနိုင်သည် ။

All Chapters