အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
Chapter 55
~
အခန်း ၅၅
~
ထို့ကြောင့် ကုံးယန်သည် သူ့သားအတွက် ချောင်လင်း၏ အလောင်းအား မြို့တံခါးတွင် ချိတ်ကာ လက်စားချေနိုင်ချေများသည် ။
သို့ရာတွင် သူ့တွင် အကြားအမြင်မရှိသလို ကျူးကဲခုံမင်း ( သုံးပြည်ထောင်က ကျူးကဲ့လျန် )လည်း မဟုတ်သဖြင့် ကြိုမတွက်နိုင်ပေ ။ အစီအစဥ် တစ်ထောင် သည်မျှော်လင့်မထားသည့် အသေးအဖွဲဖြစ်ရပ်လေးတစ်ခုကြောင့် ကျရှုံးနိုင်၏ ။
သို့သော်လည်း ချောင်မူသည် သေရန် အသင့်ဖြစ်နေ၍ စွန့်စားရန် ဆုံးဖြတ်ထားသည် ။ အသက် တစ်သက်ဖြင့် မရနိုင်လျှင် နှစ်ခါ သုံးခါ ကြိုးစားပေမည် ။
………………..
မနက်ခင်း၏ လင်းရောင်ခြည်က ကျဆင်းလို့ လာချေပြီ ။
ယန်မြို့တံခါးကို တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး စစ်သည်များက စောင့်ကြပ်နေ၏ ။
ကုန်သည် လှည်းတစ်စီးသည် မြို့အတွင်းသို့ ဝင်လိုသော်လည်း တံခါးတွင် တားဆီးခံထားရသည် ။ ကုန်သည်က တောင်းပန်၍ လျှို့ဝှက်စာ လာဘ်ထိုးသော်လည်း မည်သို့မှ ပြောမရချေ ။
ချောင်မူနှင့် ဝမ်စုန့်ဟဲတို့ အဖွဲ့သည် တောင်ကုန်းငယ်လေးတစ်ခုအပေါ်မှနေ၍ အကဲခတ်နေ၏ ။
ဝမ်စုန့်ဟဲက...
" ချောင်လင်း မြို့စားအိမ်တော်ထဲ ခိုးဝင်တဲ့နေ့ကစပြီး ယန်မြို့ကို ပိတ်ထားတာ ခု ၇ ရက်တောင် ရှိပြီ.. အပြင်လူတွေ မြို့ထဲဝင်ဖို့ လွယ်မှာ မဟုတ်ဘူး.. ချောင်လင်းရဲ့ အလောင်းတစ်ခုပဲ မြို့ထဲ အဝင်ခံသေးတယ်.. "
" ကုံးယန်က သူရဲကောင်း ချောင်လင်းရဲ့ အလောင်းကို နှစ်ရက်အတွင်း တစ်ခုခု လုပ်မှာသေချာတယ်.. ကျုပ်တို့ ဘယ်လို ဝင်ကြမလဲ.. "
" ကုံးယန်က အကိုချောင်ဆန်းလို အပြင်လူတွေကို သတိအရမ်းထားနေတဲ့ပုံပဲ. .."
ဝမ်စုန့်ဟဲက မည်သို့ ဆက်လုပ်ရမည်ကို မသိတော့သဖြင့် စိတ်ညစ်သွား၏ ။ သူတို့အဖွဲ့သည် ယန်မြို့အတွင်းသို့ တိတ်တိတ်လေးခိုးဝင်ပြီး ကုံးယန် အိမ်တော်အပြင်သို့ ထွက်သည်ကို စောင့်၍လုပ်ကြံချင်သော်လည်း မြို့ထဲသို့ ဝင်မရ၍ မည်သို့မည်ပုံ ဆက်လုပ်ရမည်မသိ ဖြစ်သွားသည် ။
" ကုံးယန်အိမ်မှာ မြေအောက်လမ်း တစ်ခုရှိတယ်လေ.. အဲ့ကနေ ဝင်လို့ ရလောက်တယ်.. "
ချောင်မူက အကြံပေးလိုက်သည် ။
" ကုံးယန်ရဲ့ အိမ်အောက်မှာ တောင်တန်းတွေအထိ စီဆင်းနေတဲ့ မြေအောက်မြစ်တစ်ခုရှိတယ်.. ကျုပ်သားက အဲ့ကနေ မျောလာတာ.. "
" ပြီးတော့ သူ့အိမ်ထဲမှာ လျှို့ဝှက်ခန်း တစ်ခန်း သေချာပေါက်ရှိတယ်.. အဲ့ခန်းထဲမှာ ဝူကျိအသင်းတဲ့ ပက်သက်တဲ့ တစ်ခုခု ရှိနိုင်ချေများတယ်.. "
ဝမ်စုန့်ဟဲက ချောင်မူကို ဆွံ့အစွာ စိုက်ကြည့်နေ၏ ။ ကုံးယန်အိမ်တော်အား မည်သည့်အတွက်ကြောင့် ဤမျှအထိ သိနေပါသနည်း ။ ထို့အပြင် ချောင်မူ၏ စကားအရ သူတို့နှင့် လိုက်မည့်ပုံ မပေါ်ချေ ။
" မြို့ထဲဝင်ဖို့ ကျုပ်မှာ နည်းလမ်းရှိတယ် ..ဒါပေမဲ့ ခင်ဗျားတို့တော့ ကျုပ်နဲ့ လိုက်လို့မရဘူး.. "
ချောင်မူက ခပ်တည်တည်ဖြင့်...
" ကျုပ်ကုံးယန်ကို သတ်မယ့်ကိစ္စမှာ ခင်ဗျားတို့ ဝင်ပါလို့မရဘူး.. ကုံးယန် သူ့ဂူကနေ ထွက်လာရင် ကျုပ် သတ်မယ်.. ပြီးကျမှ ခင်ဗျားတို့က သူ့အိမ်ကို ဝင်စီးပေါ့ .."
အသက်စွန့်၍ တိုက်ခိုက်ရမည့် ကိစ္စအား သူ့ ထံမှ မည်သူမှ လုယူ၍ရမည်မဟုတ် ။ လာလုပါက သည်းခံမည် မဟုတ်ချေ ။
သို့သော်လည်း ဝမ်စုန့်ဟဲတို့က ချောင်မူအား လေးစားမှု အပြည့်ဖြင့် ကြည့်နေကြသည် ။
ဤ အစီအစဥ် တစ်ခုလုံး၏ အန္တရာယ်အများဆုံး အပိုင်းမှာ ကုံးယန်နှင့် တိုက်ခိုက်သည့် နေရာတွင် ဖြစ်သည် ။ ယခု ချောင်ဆန်းက တစ်ယောက်တည်း စွန့်စားရန် ပြင်ဆင်နေပါသည်လော ။
စကားထက် လုပ်ရပ်ကသာ သက်သေပြနိုင်သည် ဟူသည့် ဆိုရိုးအတိုင်းပင် အန္တရာယ်အများဆုံး တာဝန်အား ယူလိုက်သည်က စကားလုံးတစ်သောင်းဖြင့် ကြွားဝါနေသည်ထက် ပို၍ထိမိစေသည် ။
' ချောင်ဆန်းက ကုံးယန်ကို အငြိုးထားနေလို့ ဒီလောက် စိတ်အားထက်သန်နေတာလား.. '
ဓားပြများ တွေးလိုက်မိကြ၏ ။ သူတို့ထဲမှ အများစုမှာ ယန်မြို့ခံများဖြစ်၍ သူတို့နှင့် ကုံးယန်၏ ရန်ကြွေးမှာ ချောင်ဆန်းထက် နည်းမည်မဟုတ်ချေ ။
အထူးသဖြင့် ကုံးယန်နှင့် ပြင်းထန်စွာ တိုက်ခိုက်ပြီး ဒဏ်ရာ ရရှိခဲ့သော ဝမ်စုန့်ဟဲ ကိုယ်တိုင်ပင် သတ်ချင်နေ၏ ။
ချောင်မူက ဓားပြများ၏ အကြည့်ကို မြင်လျှင် အိုးတိုးအံ့တံ့ ဖြစ်သွား၏ ။ သူ့အား ဖြောင့်မတ်လွန်းသည်ဟု ထင်နေကြသည်လော ။ သူ ထိုအကြည့်များအား မခံနိုင်တော့သဖြင့် ရှင်းပြလိုက်သည် ။
" ကျုပ်ဘဝတစ်လျှောက်လုံး ..လူတွေရှေ့မှာ ဝင့်ကြွားနိုင်ဖို့နဲ့ သိုင်းကျမ်းတွေ စုဆောင်းတာကလွဲပြီး တခြားဝါသနာ မရှိဘူး.. "
" ကုံးယန်ကို ကျုပ်နဲ့ လုမသတ်ဘူးဆိုရင်.. ဝူကျိအသင်းက သိုင်းကျမ်းတွေ ကျုပ်ကို ပေးနိုင်ရင်.. ကျုပ် ကျေးဇူးတင်မိမှာပါ.. "
သို့သော်လည်း ချောင်မူမည်သို့ပင် ပြောစေကာမူ ဓားပြများ၏ အကြည့်က မပြောင်းလဲပေ ။ အသက်စွန့်၍ ကြွားဝါချင်သည်လော ။ သူတို့က ငါးနှစ်သား ကလေးများ မဟုတ်ကြချေ ။ ဝူကျိအသင်း၏ သိုင်းကျမ်းများမှာလည်း ရှိမှန်းမသေချာနေ၍ ထိုသည်အတွက် စွန့်စားခြင်းဟု ပြောနေသည်က ရယ်စရာကောင်းလှသည် ။
နောက်ဆုံးတွင်မတော့ ဝမ်စုန့်ဟဲသည် ထွက်သွားရန် တွန့်ဆုတ်နေကြသော ဓားပြများကိုဖြောင့်ဖြပြီး ချောင်မူနှင့် လမ်းခွဲ လိုက်ကြသည် ။
ချောင်မူက သူရင်းနှီးသော တောင်တက်လမ်းအတိုင်း လျှောက်လာပြီး ချောက်ကမ်းပါး ဆီသို့ ရောက်လာ၏ ။ ဤနေရာကား အားဖူနှင့် သူ အတူတူ ပြုတ်ကျခဲ့သည့် နေရာပင် ။
ချောင်မူက ချောက်ထဲသို့ တွန့်ဆုတ်ခြင်း မရှိဘဲ ခုန်ချလိုက်၏ ။
" ဗုန်း...."
ကျယ်လောင်သည့် ပြုတ်ကျသံကြောင့် တောရိုင်းဝံပုလွေများ လန့်သွားကြ၏ ။ သူတို့၏မျက်လုံးများ တောက်ပလာပြီး ချောင်မူ၏ အလောင်းအနားသို့ တိုးလာကြသည် ။ သူတို့က ကျေးဇူးတင်စွာဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြ၏ ။
ကောင်းကင်ပေါ်မှ နတ်ဘုရားများက သူတို့အတွက် အသားပို့လိုက်ပြန်လေပြီ ။
..............
ချောင်မူ မျက်လုံးဖွင့်ကြည့်လိုက်လျှင် ယန်မြို့အတွင်းရှိ သူအမှတ်အသား ပြုခဲ့သော အိမ်အတွင်းသို့ ပြန်ရောက်နေသည်ကို မြင်လိုက်ရ၏ ။
ဤကဲ့သို့ အဓိပ္ပါယ်မဲ့စွာ သတ်သေမှုကို E အဆင့်သာ သတ်မှတ်၍ အသက် ၆ လမှ တစ်နှစ်အထိ ကုန်ဆုံးစေပြီး မည်သည့် ကျွမ်းကျင်မှုကိုမှ တိုးမပေးသော်လည်း သူ့အတွက် ဆိုးကျိုးမရှိ ။
သူ့ခန္ဓာကိုယ် တစ်ခုလုံး လန်းဆန်း တက်ကြွနေပြီး ကောင်းကင်နတ်ဆိုးပြိုကွဲခြင်း အသုံးပြုခဲ့သည်အတွက် ရရှိခဲ့သော ဒဏ်ရာများ ပျောက်သွားလေပြီ ။
ပို၍ အရေးပါသည်က သူ ယန်မြို့အတွင်းသို့ ရောက်ရှိနိုင်ခြင်းဖြစ်သည် ။ ကုံးယန်သည် ယန်မြို့အား လုံးဝ ပိတ်ဆို့ထား၍ သူ့ကိုယ်သူ လုံခြုံသည်ဟု မှတ်ယူထားပေမည် ။ ချောင်မူ လှုပ်ရှားမည်ကို ကုံးယန် ထင်ထားမည် မဟုတ် ။
ချောင်မူက ထိုအိမ်အတွင်းမှာ နေ၍ စိတ်ရှည်ရှည်ဖြင့် စောင့်နေ၏ ။
မြို့စား အိမ်တော်တွင် ချောင်လင်း၏ အလောင်း ရောက်ပြီးနောက် တင်းမာနေသော လေထုက ပြေလျော့သွားသည် ။ ချောင်မူသေမည်ကို ကုံးယန်သိသော်လည်း အလောင်းအား မြင်ရမှ စိတ်ဒုန်းဒုန်း ချလိုက်နိုင်၏ ။
ချောင်မိသားစုအားလည်း မကြောက်ရသဖြင့် မြို့စားအိမ်တော် တစ်ခုလုံး စိတ်အေးလက်အေး ဖြစ်နေကြသည် ။
နောက်တစ်နေ့...
ကောင်းကင်ပေါ်တွင် နေမင်းကြီးက ထွန်းလင်းတောက်ပလျက် ရှိသည် ။
အိမ်တွင်းပုန်းနေသော မြို့စားကုံးယန်က နောက်ဆုံးတွင် အပြင်သို့ ထွက်လာခဲ့၏ ။
သူ၏ ထွားကြိုင်းသန်မာသည့် အုန်းခွံရောင် မြင်းကြီးစီးပြီး ရှေ့ဆုံးမှ ချီတက်နေသည် ။ သူ၏ နောက်တွင် ရဲမက်စစ်သည် ရာဂဏန်းက စောင့်ကြပ် လိုက်ပါလာကြသည် ။
ဤသို့ ခမ်းနားထည်ဝါသည့် စီတန်းလှည့်လည်မှုကြောင့် ပြည်သူများ အံ့သြသွားကြ၏ ။ အခေါင်းတစ်ခေါင်းအား သယ်လာသည်ကို မြင်ကြ၍ လမ်းဘေးဝဲယာမှ တိုးဝှေ့ ကြည့်နေကြသည် ။
" သခင်ကြီးကုံးက သူ့သားအတွက် စျာပန လုပ်နေတာလား.. "
" မဟုတ်ဘူးဟ.. သေချာကြည့် ဘယ်သူမှ ဝမ်းနည်းခြင်းဝတ်စုံ ဝတ်မထားဘူး. "
ကုံးယန်က မျက်နှာသေ ဖြင့်သာ ဆွေးနွေးသံများကို နားထောင်နေ၏ ။ ရုတ်တရက် သူ့နှုတ်ခမ်းက တွန့်ကွေးသွားသည် ။
သူ ဤသို့ ကြီးကြီးမားမား စီစဥ်ရခြင်းမှာ လူထုအာရုံကို ဆွဲဆောင်လိုသောကြောင့်ပင် ။ ချောင်မူ၏ အလောင်းအား လမ်းမ တစ်လျှောက် ပြသ သွားမည်ဖြစ်ပြီး မြို့တံခါးသို့ ရောက်လျှင် အပြစ်ပေးသည့် နေရာတွင် ချိတ်ဆွဲ၍ ချောင်လင်း၏ ကံကြမ္မာအား လူတိုင်းကို သိစေမည်ဖြစ်သည် ။
" အခေါင်းဖွင့်ပြီး သူတို့ကို သေချာ မြင်အောင် ပြလိုက်.. "
ကုံးယန်က အမိန့်ပေးလိုက်၏ ။
Chapter 56
~
အခန်း ၅၆
~
" အခေါင်းဖွင့်ပြီး သူတို့ကို သေချာ မြင်အောင် ပြလိုက်.. "
ချောင်လင်း၏ အခေါင်းကို ရဲမက်များက လှည်းဖြင့် ဆွဲလာသည် ။
ကုံးယန် အမိန့်ပေးလိုက်လျှင် သန်မာသော ရဲမက်နှစ်ယောက်က လှည်းပေါ်ခုန်တက်ပြီး ရိုင်းစိုင်းစွာ ကန်ဖွင့်လိုက်သည် ။
" ဘာ..ဘာ.. သူတို့ ဘာလုပ်လိုက်တာလဲ. ."
" ကန်ဖွင့်တာလား.. ဒါဆို သခင်လေးကုံးရဲ့ အလောင်းမဖြစ်နိုင်တော့ဘူး.. ကွယ်လွန်သူကို ဘာလို့ မလေးမစား လုပ်နေတာလဲ.. "
" စျာပန ကျင်းပဖို့ မဟုတ်ရင် ဘာလို့ အခေါင်းကြီးသယ်လာတာလဲ. "
" အခေါင်းထဲက ဘယ်သူကြီးလဲ..."
လူအုပ်ကြီးက ပိုမို များပြားလာ၏ ။ ရဲမက်များ၏ ရိုင်းစိုင်းသည့် အပြုအမူကြောင့် သူတို့၏ စပ်စုချင်စိတ်ကို ပိုနိုးဆွပေးလိုက်သလို ဖြစ်နေသည် ။ လမ်းမနှစ်ဖက်မှ လူများက လည်ပင်းကို ဆန့်တန်း၍ အခေါင်းအတွင်းသို့ မြင်နိုင်အောင် ခြေဖျားထောက် ကြည့်နေကြသည် ။
အားချန်သည်လည်း ထိုလူအုပ်ထဲတွင် ပါဝင်နေ၏ ။ အနိမ့်ဆုံးအဆင့် အစေခံတစ်ယောက်သာဖြစ်၍ ဤအကြောင်းကို သူ မသိလိုက်သလို ။ သူ့အား မည်သူမှ ပြောမပြခဲ့ချေ ။
အားချန်သည် အသက် ၁၃ နှစ်ကျော်သာ ရှိသေးသဖြင့် လူအုပ်နောက်မှ ချေဖျားထောက်ပြီး ကြည့်ရန် ကြိုးစားသော်လည်း ရှေ့မှလူများကွယ်နေသဖြင့် မမြင်ရ ။
" အား..."
ရှေ့ဆုံးတန်းမှ လူတစ်ယောက်က ထိတ်လန့်တကြား အော်လိုက်၏ ။
" ဟာ.. အခေါင်းထဲက လူက ရုပ်ပျက်ဆင်းပျက် သေနေတာပဲ.. "
" ဓားနဲ့ အခုတ်ခံထားရတာလား.. ချုပ်ရိုးတွေ မနည်းဘူး.. "
" ဘယ်လိုလဲ ..ဘယ်လိုလဲ.. ငါလဲ ကြည့်အုံးမယ်.. "
" ဒါ ဘယ်သူကြီးလဲ.. ဘာအပြစ်လုပ်မိလို့ ဒီလို ပိုးစိုးပက်စက် သေနေတာလဲဟ.."
လူများက ချောင်လင်းကို ချက်ချင်း မမှတ်မိ ။ အဝေးမှသာ ကြည့်နေရခြင်းဖြစ်သဖြင့် မည်သူမှန်း ဝေကွဲမရကြချေ ။
ကုံးယန် က လူအများစိတ်ဝင်စားနေကြသည်ကို မြင်လျှင် လူယုတ်မာပြုံး ပြုံးလိုက်ပြီး...
" အလောင်းကို တိုင်မှာ ချိတ်ပြလိုက်.. "
ရဲမက်များက အသင့်ပြင်ထားသော သစ်သား လက်ဝကပ်တိုင်ကို ထုတ်လာပြီး အလောင်းအား ထိုပေါ်တွင် ချည်ထားလိုက်၏ ။ ထို့နောက် လှည်းပေါ်တွင် ထောင်ထားလိုက်သည် ။
ကြည့်နေကြသူများ၏ အာမေဋိသံများ ဆူညံသွားသည် ။
" ငါ မြင်ရပြီ.. ငါမြင်ရပြီ.."
" ငါလည်း မြင်တယ်.."
" သူ သေတဲ့ပုံက ကြောက်စရာ ကောင်းလိုက်တာ.."
" တိုက်ပွဲမှာ အသေမိတဲ့ ဓားပြခေါင်းဆောင် များလား.. "
လူအုပ်ကြီး၏ ဆွေးနွေးသံများက ပိုမိုဆူညံလာ၏ ။ အလောင်းအား မြင့်မြင့် ချိတ်ဆွဲ ထားသဖြင့် လူတိုင်းမြင်နိုင်ကြသည် ။
နောက်တွင် ရပ်နေသည့် အားချန်းတစ်ယောက် ခြေထောက်များ တုန်ရီသွားပြီး နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်မိသည် ။
ဤသည်က ချောင်လင်း မဟုတ်လော ။ သခင်လေးကုံးအား လည်ပင်းမှ ဆွဲမထားသည့် ပုံရိပ်အား သူ မှတ်မိသည် ။ သူ ရှင်းရှင်းလင်းလင်း မှတ်မိသည် ။ ထိုနေ့က ချောင်လင်း၏ အဆုံးသတ်ကိုပင် သူမြင်ခဲ့ရ၏ ။
နေပူရှိန်က ပြင်းသော်လည်း အားချန်း ချမ်းစိမ့်စိမ့် ခံစားမိလိုက်သည် ။ ယခု သူ ရှေ့မတိုးရဲတော့ ။ သူ့ပတ်ဝန်းကျင်အား ကြည့်လိုက်လျှင် ခေါင်းပု၍ ထိတ်လန့်ဟန်ဖြင့် ကြည့်နေကြသူများအား မြင်လိုက်ရ၏ ။
သူ လူအုပ်အတွင်း ရပ်နေသော်လည်း ထိုလူများနှင့် မသက်ဆိုင်ဟုပင် ခံစားမိလိုက်ရသည် ။
အားချန်းက လက်သီးတင်းတင်းဆုပ်ပြီး အသံတိုးတိုးဖြင့်...
" အဲ့တာ ချောင်လင်းလေ.. မြို့စားအိမ်တော်ထဲ ဝင်ပြီး သခင်လေးကုံးကို သတ်တဲ့သူ.. "
ဆူညံသံများက တိခန ငြိမ်ကျသွား၏ ။ ခဏနေမှ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည် ။
" ချောင်မူထက် ရဲရင့်တယ်ဆိုတဲ့ ချောင်လင်းလား.. "
" သူ မြို့စား အိမ်တော်ထဲအထိ ဝင်ပြီး သခင်လေးကုံးကို သတ်လိုက်တယ်လို့ ကြားတယ်.. "
" သူလား.. အရှင်ကုံး က သူ့အလောင်းကို ရှာတွေ့သွားတာလား.."
" သူတို့ညီအကို နှစ်ယောက်လုံးက ရဲရင့်ဖြောင့်မတ်တဲ့ သူတွေပါ.. နှမြောစရာ ကောင်းလိုက်တာ.. "
" အဓိပ္ပါယ် မရှိတာတွေ မပြောကြနဲ့.. "
ရဲမက်တစ်ယောက်က အော်လိုက်၏ ။
" ချောင်လင်းက မြို့စားအိမ်တော်ထဲ ခိုးဝင်ပြီး လူသတ်တဲ့ ရာဇဝတ်ကောင်ပဲ.. ယန်ဥပဒေအရ သူ့ကို စီရင်ရမှာ.. လူဆိုး တစ်ယောက်က သူရဲကောင်းဖြစ်မလားကွ.."
လူအများစုက ထိုနေ့တွင် ဖြစ်ပျက်ခဲ့သည် အမှန်တရားကို မသိကြချေ ။ ကောလဟာလများသာ ကြားခဲ့ကြ၏ ။
" ဒါပေမဲ့ လက်ဖက်ရည်ဆိုင်မှာ ပြောနေကြတာက.. "
လူတစ်ယောက် ဝင်ပြောလိုက်သော်လည်း ရဲမက်က အသံကျယ်ကျယ်ဖြင့် ဖြတ်ပြောလိုက်သည် ။
" အစိမ်းရောင် ဓားသမား ပုံပြောသူကို ပြောတာမှတ်လား.. အဲ့ကောင်က ချောင်မူနဲ့ တစ်ဖွဲ့ထဲဟ.. သူပြောတာ ဘယ်ယုံလို့ ရမလဲ.. "
အငြင်းအခုံများက ပိုမို ဆူညံလာ၏ ။
ကုံးယန်က လူအုပ်အား ခပ်တင်းတင်း ကြည့်လိုက်သည် ။
မြို့စားကုံးယန် ဟူသည်က ယန်မြို့တွင် လူတိုင်းမော့ကြည့်ရသည့် တောင်ကြီးတစ်လုံးနှင့် တူ၏ ။
သူ ခပ်တင်းတင်း ကြည့်လိုက်သည်နှင့် အသံများ တိတ်ဆိတ်သွားသည် ။ သူတို့၏ စိတ်ထဲမှ ကျိန်ဆဲ နေကြသော်လည်း အသံထွက်ရဲသူ မရှိ ။
ရှည်လျားသော လမ်းမတစ်လျောက် မြင်းခွာသံများနှင့် လှည်ဘီးမြည်သံ များသာ ပေါ်ထွက်နေသည် ။
ကုံးယန်က တည်ငြိမ်ဟန်ဖြင့် ပတ်ဝန်းကျင်အား ကြည့်နေသော်လည်း စိတ်ထဲတွင်မူ အလွန်ကျေနပ်နေ၏ ။ မြို့သူမြို့သားများ၏ တုံ့ပြန်မှုကို ကြည့်လျှင် သူ၏ အာဏာ မလျော့ပါးသွားကြောင်း သိနိုင်သည် ။
ကုံးယန်သည် ယန်မြို့အား နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် အတွက် လူများအား မည်သို့ ပြောဆို ဆက်ဆံရမည်ကို နောကျေနေလေသည် ။ ချောင်ညီအကိုနှစ်ယောက်၏ အဖြစ်အပျက်သည် အချိန်တစ်ခုကြာလျှင် ပျောက်ကွယ်သွားပေမည် ။
ယန်မြို့၏ ပိုင်ရှင် အစစ်အမှန်သည် ကုံးမိသားစုသာ ဖြစ်၏ ။