← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

Chapter 59

~

အခန်း ၅၉

~

ချောင်မူက ကုံးယန်ရှေ့သို့ ရောက်လာ၏ ။

" ကုံးယန်.. "

ချောင်မူ၏ ကြုံးဝါးသံကြောင့် ကုံးယန် တုန်လှုပ်သွားသည် ။ ယခု သူ့ရှေ့တွင် မည်သူမှ မရှိတော့ ။

ထိုအခိုက် မြို့အတွင်းမှ မီးခိုးငွေ့များ တက်လာ၏ ။

' ဒါ.. ငါ့အိမ်ဘက်က မှတ်လား.. ဒီချောင်က လှည့်စားရုံတင်မဟုတ်ဘဲ တကယ်ပဲ အဖော်တွေ ပါလာတာလား.. '

ကုံးယန်၏ နှလုံးသား တစ်ခုလုံး တုန်ရီနေ၏ ။ ချောင်မိသားစုသည် သေးငယ်သည့်ပုံ မပေါ်ပေ ။

သူ အာရုံလွတ်သွားသည့် တစ်ခဏ ချောင်မူ၏ လှံရှည်က အေးစက်သည့် သွေးရောင် အရှိန်အဝါများ တောက်ပလာပြီး သူ၏ လည်ပင်းကို ထိုးလိုက်၏ ။

" ချွမ်.. "

ကုံးယန်က ခါးတွင်ချိတ်ထားသော ဓားကို ဆွဲထုတ်၍ လှံရှည်ကို ခုခံလိုက်သည် ။

" ငါမင်းကို တကယ်ကြောက်နေတယ်များ ထင်နေတာလား.. "

ကုံးယန်က အံကြိတ်ပြီး ပြောလိုက်၏ ။ သို့သော်လည်း ထိုစကားပြောပြီးသည့်​နောက် ချောင်းဆိုး လိုက်သည် ။ သူ၏ သွေးနှင့်ချီများ မတည်​ငြိမ်တော့ပေ ။

ကုံးယန်သည် ဒဏ်ရာကြောင့် တိုက်ပွဲတွင် မပါဝင်ခဲ့၍ သူ၏ လှုပ်ရှားမှုကို ယခုမှသာ ချောင်မူ မြင်ဖူးလိုက်ခြင်းဖြစ်သည် ။

" ဝှစ်..ဝှစ်...ဝှစ်..ဝှစ်.."

ကုံးယန်၏ ဓားသိုင်းက လျင်မြန်၍ လှပသည် ။ ချောင်မူ သုံးနေသော စစ်ဘက်လှံသိုင်းနှင့် ယှဥ်လျှင် အဆများစွာ သာလွန်၏ ။

ချောင်မူနှင့် ကုံးယန် အချီအနည်းငယ် ထိပ်တိုက် ရင်ဆိုင်ပြီးနောက် ချောင်မူ၏ ကိုယ်ပေါ်တွင် ဓားဒဏ်ရာ နှစ်ခု သုံးခု ရသွားလေပြီ ။

ကုံးယန်သည် ဝူကျိအသင်းဝင် ဖြစ်သဖြင့် သူ၏ သိုင်းများမှာ သာမန်သိုင်းပညာရှင်များထက် ပိုကောင်းသည် ။

သူ၏ ပုခုံးတွင် လှံဖြင့် အထိုးခံထားရသော်လည်း လက်တစ်ဖက်တည်းဖြင့်ပင် ကောင်းကင်နတ်ဆိုးပြိုကွဲခြင်း သိုင်း အသုံးပြုနေသော ချောင်မူကို ဖိနှိပ်ထားနိုင်၏ ။ ကုံးယန်သည် ခေသူ မဟုတ်ပေ ။

သို့ရာတွင် သိပ်မကြာမီပင် ကုံးယန်က သွေးအန်လိုက်ပြန်သည် ။ အတွင်းအား အသုံးပြုနေရသဖြင့် အတွင်းဒဏ်ရာက ထကြွလာ၏ ။

သူ အသက်ရှုနိုင်ရန် နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်သော်လည်း ချောင်မူက ရှေ့သို့အတင်းတိုးလာသည်ကို မြင်လိုက်ရ၏ ။

" နေဦး.. နေဦး... အကိုချောင်.. ကျုပ်တို့ရဲ့ ခွန်အားက သိပ်မကွာဘူး.. ကျုပ်က မြို့စားတစ်ယောက်ပါ.. ခင်ဗျားကလည်း မိသားစု အကြီးအကဲတစ်ယောက်မှတ်လား.. "

" ကျုပ်တို့ နှစ်ယောက်လုံးက လူကြီးတွေဆိုတော့.. ဘာလို့ ရိုင်းစိုင်းတဲ့ လူတွေလို လမ်းမပေါ် တိုက်ခိုက်နေရမှာလဲ.. ကျုပ်တို့ ထိုင်ပြီးဆွေးနွေးရအောင်.. "

ကုံးယန်က ဓားဦးကို အောက်သို့ နိမ့်လိုက်ပြီး ချောင်မူကို အကဲခတ်နေ၏ ။ သူ့အမြင်အရ သူ၏ ခွန်အားကို ပြသပြီးဖြစ်၍ ဆွေးနွေးရန် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည် ။

" ကျုပ်နဲ့ စကားပြောချင်တာလား.. "

ချောင်မူက ကုံးယန်အား ကြောင်တောင်တောင်ဖြင့် ကြည့်နေ၏ ။ သူ ဇဝေဇဝါ ဖြစ်သွားသည် ။

" ဒီအခြေအနေအထိ ​ဖြစ်​နေတာတောင် စကားပြောလို့ ရသေးတယ်လား.."

" ဘာလို့ မဖြစ်နိုင်ရမှာလဲ.. "

ကုံးယန်က ဖော်ရွေစွာ ပြုံးပြလိုက်ပြီး..

" ယန်မြို့ထဲ ဝင်လာတာ ချောင်လင်းရဲ့ အလောင်းကို လိုချင်လို့လား.. ခင်ဗျားက ချောင်မိသားစုကို ကိုယ်စားပြုနိင်မယ်ဆိုရင် ကျုပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလို့ ရတာပဲလေ.. ဘာပဲဖြစ်ဖြစ်..."

ကုံးယန်၏ စကားမဆုံးခင် ချောင်မူက ကျယ်လောင်စွာ ရယ်မောလိုက်၏ ။

" ဟားဟားဟားးးး.. ကျုပ်နားလည်ပြီ.. "

" ဘာနားလည်တာလဲ.. "

ကုံးယန်က မျက်မှောင်ကြုတ်လိုက်၏ ။ ချောင်မိသားစုက မဆွေးနွေးချင်သည်လော ။

" ငါနားလည်တာက.. မင်းရှေ့မှာ မင်းရဲ့သား အသတ်ခံရတာကို ဘာလို့ တိုက်ပွဲမှာ ဝင်မပါရတာလဲ ဆိုတာကိုပဲ.. "

" ဘာလို့လဲဆို​တော့.. မင်းက သေမှာ ကြောက်နေတာ.. "

ချောင်မူ၏ မျက်လုံးက ပြူးကျယ်နေပြီး ဒေါသတကြီးဖြင့်...

" ရယ်စရာ ကောင်းလိုက်တာ.. မင်းမှာ သတ္တိမရှိတော့ဘူး.. သေမှာကြောက်လို့ အကြံအစည် ထုတ်ရင်း ပုန်းနေတယ့်သူပဲ.. "

" သိုင်းပညာရှင်ဆိုတာ သတ္တိရှိရမယ်.. ရဲရင့်ရမယ်ကွ.."

" မင်းက သိုင်းပညာရှင်ဖြစ်ဖို့ မထိုက်တန်ဘူး.. "

" ကောင်းကင်နတ်ဆိုးပြိုကွဲခြင်း..."

" ဗုန်း..."

ချောင်မူသည် ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်းကို ကျွမ်းကျင်နေပြီဖြစ်၍ ချက်ချင်းပင် ခွန်အား ၁၅ % တိုးမြှင့်လိုက်၏ ။

ယခုတစ်ခါ တိုက်ခိုက်မှုသည် အရင်တိုက်ခိုက်မှုများထက် ပို၍လျင်မြန်ပြီး အားပါသည် ။

ကုံးယန်က ဓားမြှောက်၍ တိုက်ခိုက်လိုက်သော်လည်း အချိန်မမီလိုက် ။ သူ့ဓားက ချောင်မူ၏ ဝမ်းဗိုက်ကို ထိုလိုက်သည့် အချိန်မှာပင် ချောင်မူ၏ လှံက သူ့လည်ပင်းကို ထိုးဖောက်သွားသည် ။

သူ တစ်စုံတစ်ခု ပြောလိုက်သော်လည်း အသံမထွက် ။ သွေးများသာ အန်ထွက်လာသည် ။ သူ၏ လည်ပင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း မြေပြင်ပေါ်သို့ ကျယ်လောင်သည့်အသံဖြင့် လဲကျသွား၏ ။

ကုံးယန်၏ မျက်လုံးက ပြူးကျယ်နေပြီး မြို့စားတစ်ယောက်အနေဖြင့် လမ်းမပေါ်တွင် အသတ်ခံခဲ့ရသည်ကို ယုံကြည်နိုင်သေးပုံ မပေါ်ချေ ။

' သြော်.. လျှို့ဝှက်ကြယ်သံတမန်က ငါ့ကို ဘာလို့ လှည့်စားခဲ့တာလဲ.. '

သူ၏ နောက်ဆုံးအတွေးမှာ ပျောက်ကွယ်သွားပြီး အသက်စွမ်းအင် ကုန်ဆုံးသွားသည် ။

ကုံးယန်ဟူသည့် မြို့စား တစ်ယောက် သေဆုံးသွားလေပြီ ။

" ဟူး..."

ချောင်မူက အသက်ပြင်းပြင်းရှူ၍ မှုတ်ထုတ်လိုက်၏ ။ သူမောပန်းနေသော်လည်း လှံရှည်ကို အားပြုပြီး မတ်မတ်ရပ်နေသည် ။ သူ့တစ်ကိုယ်လုံး သွေးများပေကျံနေသည် ။ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်းအား အကန့်အသတ်အထိ ထုတ်သုံးခဲ့၍ ချွေးပေါက်များမှ သွေးများ စိမ့်ထွက်သည်ထက် ကျော်လွန်၍ ရေသဖွယ်စီးဆင်းနေလေသည် ။

တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းနေသဖြင့် သွေးနီရောင် လူသားပင် ဖြစ်နေချေ၏ ။ အလွန်ရက်စက်ကြမ်းကြုတ်မည့်ပုံ ပေါ်နေသည် ။

ချောင်မူက ရဲမက်များအား ကြည့်လိုက်လျှင် ရဲမက်များက နောက်ဆုတ်ပြေးတော့သည် ။ မြို့စောင့် စစ်သည်များဘက်သို့ ကြည့်လိုက်လျှင်လည်း မြို့စောင့်စစ်သည်များက နောက်သို့ ဆုတ်သွားကြ၏ ။

ချောင်မိသားစုဝင်များက ရက်စက်လွန်းလှသည် ။ မည်သူက ယှဥ်၍ တိုက်ခိုက်ရဲပါမည်နည်း ။ သူတို့၏ အသက်အား အလဟသပ် မကုန်ဆုံးချင် ။ ယခု ကုံးယန်သေဆုံးပြီဖြစ်၍ ချောင်မိသားစုနှင့် တိုက်ပွဲသည် သူတို့နှင့် မဆိုင်တော့ ။

ချောင်မူက ရဲမက်စစ်သည်များကို အကြည့်လွဲလိုက်ပြီး ပြည်သူများဘက်သို့ လှည့်လိုက်၏ ။

စပ်စုနေကြသော လူအုပ်ကြီးသည် ဝရုန်းသုံးကား ထွက်ပြေးကုန်ကြပြီး သတ္တိကောင်းသူတချို့သာ ကျန်နေခဲ့သည် ။

ချောင်မူက ပတ်ပတ်လည်အား လိုက်ကြည့်လျှင် သူနှင့် ငြင်းခုံခဲ့သည့် ကွန်ဖူးရှပ်ပညာရှင်ကို တွေ့လိုက်၏ ။ သူ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး..

" ငါလုပ်နိုင်လို့ ငါသွားပြီးပြီ ..မင်းကရော.. "

ထိုပညာရှင်က ချောင်မူနှင့် မျက်လုံးခြင်းဆုံလိုက်မိလျှင် တစ်ကိုယ်လုံး တုန်ရီသွား၏ ။ သူ့မျက်နှာ တစ်ခုလုံး ဖြူဖျော့သွားပြီး ပေါင်ခြံမှ စိုစွတ်သည့် အကွက်တစ်ခု ပေါ်လာသည် ။ ထို့နောက် ကြောက်ရွံ့စွာ လှည့်ပြေးတော့သည် ။

ထိုအခိုက်... အဝေးမှ ကိုယ်ဖော့သိုင်း သုံးပြီး ပြေးလာသည့် ပုံရိပ်များ ထွက်ပေါ်လာသည် ။ သူတို့က မြို့တံခါးဆီသို့ ဦးတည်၍လာနေကြသည် ။

ထိုသူများအား ဦးဆောင်လာသူက ဝမ်စုန့်ဟဲပင် ။ သူတို့က မြို့စားအိမ်တော်အား လုယက်ပြီး​နောက် မြို့စောင့်တပ်အား အာရုံလွဲရန် စံအိမ်တော်အား မီးတင်ရှို့ခဲ့၏ ။

ဝမ်စုန့်ဟဲသည် မြို့အတွင်းသို့ ခိုးဝင်ရမည်ဖြစ်၍ ကိုယ်ဖော့သိုင်း ကျွမ်းကျင်သူများကိုသာ ခေါ်ဆောင်လာခဲ့သည် ။ ယခု သူတို့က ချောင်မူအား ကူညီရန် ပြေးလာကြခြင်းပင် ။

မြို့တံခါး အနီးသို့ရောက်လျှင် ဝမ်စုန့်ဟဲက ရပ်တန့်လိုက်၏ ။ ဤမြင်ကွင်းကား သူတို့ ထင်ထားသည်နှင့် တူမနေ ။ လမ်းမတလျောက် သွေးများ ရွဲနေကာ အလောင်းများက ပြန့်ကြဲနေပြီး ကုံးယန်၏ အလောင်းကိုပင် မြင်နေရသည် ။

သွေးများရွှဲနေသော ပုံရိပ်တစ်ခုက လှံရှည်ကို စုတ်တံအဖြစ်အသုံးပြု၍ မြို့စားမင်းကုံးယန်၏ သွေးကို မှင်အဖြစ်အသုံးပြုကာ စာကြောင်းတစ်ခု ရေးသားနေသည် ။

" ဤလူအား တရားမျှတမှုအတွက် ချောင်မိသားစုမှ ချောင်ဆန်းက အပြစ်ပေးခဲ့သည် ..."

Chapter 60

~

အခန်း ၆၀

~

" ပြီးသွားပြီလား.. ဒီလောက်တောင် မြန်တာလား.. "

ဝမ်စုန့်ဟဲ ဆွံအနေချေသည် ။ သူတို့ ကူညီဖို့ရန် လာခြင်းဖြစ်ပြီး ချောင်မူအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ရန် ပြင်ဆင်ထား၏ ။ ယခု လမ်းပေါ်မှ အခြေအနေကို ကြည့်လျှင် အလွန်ပြင်းထန်သည့် တိုက်ပွဲတစ်ခုဖြစ်ခဲ့ဖူးကြောင်း သိနိုင်သည် ။

ဝမ်စုန့်ဟဲ၏ အကြည့်က ​ချောင်မူ၏ ခြေထောက်နားတွင် လဲနေသည့် ကုံးယန် ထံသို့ ရောက်သွား၏ ။

" ဒီကောင် ..ချောင်ဆန်းရဲ့ လက်ချက်နဲ့ သေအုံးမယ် ထင်မထားဘူး.. "

" ကောင်းတယ်..ကောင်းတယ်..ကောင်းတယ်.. "

ဝမ်စုန့်ဟဲ၏ မျက်လုံးများက တောက်ပသွားသည် ။ ကုံးယန် ဆိုသူက အလွန်ကောက်ကျစ် ညဏ်များလှသူဖြစ်၏ ။ ဝူကျိအသင်းနှင့် အင်မော်တယ်ဂိတ်နှစ်ခုလုံးတွင် ပက်သက်နေပြီး ရင်ဆိုင်ရ ခက်ခဲသည့်သူ ဖြစ်သည် ။ ထို့အပြင် အရေးအကြီးဆုံးမှာ သူ၏ အတိတ်အကြောင်းအား ကုံးယန်က သိရှိနေသည် ။ ယခု ကုံးယန်သေသွားသဖြင့် ဝမ်စုန့်ဟဲ စိတ်အေးသွားသည် ။

ဝမ်စုန့်ဟဲနှင့် ကုံးယန်သည် အချင်းချင်း တိုက်ခိုက်နေသည်မှာ ကြာလှပြီ ဖြစ်ပြီး ယခုကဲ့သို့ လွယ်လင့်တကူ သေဆုံးမည်ဟု ဝမ်စုန့်ဟဲ မျှော်လင့်မထားပေ ။

ထို့ကြောင့် ဝမ်စုန့်ဟဲတို့ အဖွဲ့ အလွန်အံ့သြနေကြသည် ။

သို့သော်လည်း သူတို့ထက် အံ့သြနေကြသူများမှာ မြို့စောင့်တပ်သားများဖြစ်လေသည် ။ သူတို့ လှံကိုင်ထားသည့် လက်များပင် တုန်ရီနေ၏ ။

" ချောင်မိသားစုဝင်တွေ ထပ်ရှိသေးတာလား.. "

ဝမ်စုန့်ဟဲ၏ အဖွဲ့တွင် လူခြောက်ယောက် ခန့်သာ ပါပြီး အများကြီးမဟုတ်ပေ ။ သူတို့အဖွဲ့က မျက်နှာဖုံးများ ဝတ်ဆင်ပြီး ရုပ်သွင်ကို ဖုံးကွယ်ထားကြ၏ ။

ချောင်မူ တစ်ယောက်ထဲသာ မျက်နှာဖုံးတပ်မထားခြင်းဖြစ်သည် ။ သူ၏ မျက်နှာအား ယန်မြို့ရှိလူတိုင်း မှတ်မိစေချင်၏ ။

ထို့ကြောင့် မြို့စောင့်တပ်မှူးနှင့် တပ်သားများသည် ချောင်မူအား ဦးဆောင်လာသူဟု သတ်မှတ်ပြီး နောက်ထပ်ရောက်လာသူများကို ချောင်မိသားစုဟု ယူဆလိုက်ကြတော့သည် ။

" ချောင်မိသားစုက ဘယ်မှာလဲ.. အကိုချောင်ဆန်း တစ်ယောက်ထဲ မဟုတ်ဘူးလား.. "

ကျန်းခွေက ကြောင်တောင်တောင်ဖြင့် ဟိုဟိုဒီဒီလိုက်ရှာပြီး မေးလိုက်၏ ။

" သူတို့က ငါတို့ကို ပြောနေတာဟ.."

ဝမ်စုန့်ဟဲက သူ၏ အပေါင်းအသင်းအား အကူအညီမဲ့ဟန်ဖြင့် ကြည့်လိုက်သည် ။ ဦးနှောက်အား လေ့ကျင့်နိုင်သည့် သိုင်းကျမ်းရှိလျှင် ကောင်းပေမည် ။

ဝမ်စုန့်ဟဲ ၏ မူလမျိုးရိုးနာမည်မှာ ဝမ်ဖြစ်သော်လည်း လူအချို့က သူ့အား စုန့်ဟု ခေါ်ကြပြီး အချို့က စုန့်ဟဲဟု ခေါ်ကြသည် ။ ယခု ချောင်နာမည်တစ်ခု ထပ်တိုးလာလေပြီ ။

ဝမ်စုန့်ဟဲက အတွေးများနေသော်လည်း ရုတ်တရက် ဤနေရာတွင် ကြာကြာမနေသင့်မှန်း သတိရသွားပြီး ချောင်မူထံသို့ လျောက်သွားသည် ။

" အကိုချောင်ဆန်း.. သွားရ​​အောင် .."

သူက သွေးများပေကျံနေသော ချောင်မူကို စိုးရိမ်တကြီး ကြည့်၍ သတိပေးလိုက်၏ ။

" ကုံးယန်သေသွားပြီဆိုတော့ မြန်မြန်သွားရအောင်..သိပ်မကြာခင် မြို့စောင့်တပ်တွေ ရောက်လာတော့မယ်.. "

သို့သော်လည်း ဝမ်စုန့်ဟဲ ပြောလိုက်သည်နှင့် မြင်းခွာသံများ လွင့်ပျံလာပြီး မြေပြင်တစ်ခုလုံး တုန်ခါနေသည် ။ မြို့စောင့်တပ်ကြီး ချီတက်လာလေပြီ ။

မြို့စားမင်း နေ့ခင်းကြောင်တောင် လုပ်ကြံခံရ၍ မြို့စောင့်တပ်က မြန်နိုင်သမျှ မြန်အောင် ချီတက်လာကြ၏ ။

' ဘာလို့ ထွက်သွားရမှာလဲ သေတာ ပိုကောင်းတာပေါ့.. '

ချောင်မူက မြို့ရိုးပေါ်မှ မြို့စောင့်တပ်မှူးကို မော့ကြည့်လိုက်ပြီး...

" မြို့တံခါးကို ဖွင့်လိုက်.. "

ချောင်မူ၏ အသံက သိပ်မကျယ်သော်လည်း စစ်သည်များအဖို့ ဖိအားအကြီးကြီး ခံစားမိလိုက်ကြ၏ ။ တပ်မှူးကိုယ်တိုင်ပင် ခြေမခိုင်ချင်တော့ ။ အဝေးမှ စစ်သည်များ ချီတက်လာကြသော်လည်း နီးရာဓား ကို ကြောက်ရပေမည် ။ သူသာ ချောင်မူ၏ အမိန့်ကို ငြင်းပယ်မိပါက ပြေးချိန်ပင် ရလိမ့်မည် မဟုတ်ပေ ။

" မြို့တံခါး ဖွင့်လိုက်.. "

တပ်မှူးက ကျယ်လောင်စွာ အမိန့်ပေးလိုက်၏ ။ သူ ချောင်မူကို ကြောက်၍ မဟုတ် ။ မြို့ပြင်မှ လတ်ဆတ်သည့် လေကို ရှူချင်ယုံသာ ဖြစ်သည် ။

ဝင်ရိုး၏ တကျွီကျွီ​မြည်သံနှင့်အတူ မြို့တံခါးက တဖြည်းဖြည်း ပွင့်လာသည် ။

" မင်းတို့ ရှေ့ကသွား.. ငါနောက်ကလိုက်ခဲ့မယ်.. "

ချောင်မူက မြင်းတစ်ကောင်ကိုဆွဲ၍ နောက်မှ လိုက်လာခဲ့သော်လည်း မြို့ပြင်အထိ မထွက် ။ သူမြို့တံခါးသို့ ရောက်လျှင် နောက်သို့ လှည့်ပြီး မြို့စောင့်တပ်အား ရင်ဆိုင်လိုက်သည် ။

" အကိုချောင်... "

ဓားပြများ ထိတ်လန့်သွားကြ၏ ။ ချောင်ဆန်းက သူတို့ ပြေးချိန်ရရန် အချိန်ဆွဲ ပေးနေသည်လော ။

" အကိုချောင်ဆန်းက တကယ့်သူရဲကောင်းပဲ.. "

ဓားပြများ ရင်ထဲ ထိမိသွားကြပြီး မြင်စီး၍ လျင်မြန်စွာ ထွက်ခွာ သွားကြသည် ။

ဤမျှ အရေးကြီးသည့် အချိန်တွင် မင်းအရင်သွား ငါအရင်သွားဟူပြီး ဒရမ်မာချိုးနေကြမည်မဟုတ် ။ စွန့်လွှတ်ခဲ့သူအား လေးစားသည့်အားဖြင့် မြန်နိုင်သမျှ မြန်မြန် ပြေးရပေမည် ။ သူတို့ သေဆုံးသွားပါလျှင် ချောင်ဆန်း စတေးသည်က အလဟသတ် ဖြစ်ချေမည် ။

ဓားပြများက ချောင်လင်း၏ အလောင်းကို သယ်ပြီး ပြေးကြလေတော့သည် ။

ချောင်မူက အ​​ပြင်းချီတက်လာသော မြင်းတပ်ကြီးကို မျက်နှာချင်းဆိုင်လိုက်ပြီး ရဲရင့်သည့် အပြုံးဖြင့် မျက်လုံးမှိတ်ထားလိုက်၏ ။ သူ သေရန် အသင့်ဖြစ်နေပြီ ။

သို့သော်လည်း နောက်ထပ်ဖြစ်လာသည်က သူ့အား ဆွံအ သွားချေသည် ။ မြင်းတပ်က ကုံးယန်၏ အလောင်းကိုမြင်လျှင် အရှိန်လျော့သွားပြီး ခပ်လှမ်းလှမ်းတွင် ရပ်တန့်သွားကြသည် ။

' မြန်မြန်လာစမ်း.. '

ချောင်မူက မျက်လုံး ခိုးဖွင့်ကြည့်ပြီး စိတ်ထဲမှ အော်လိုက်၏ ။ သူ သူရဲကောင်းဆန်စွာ သေဆုံးတော့မည်ဖြစ်သည် ။

' မြို့တံခါးကြီး ပွင့်နေတာ မြန်မြန်ပြေးဟ.. '

စစ်သည်များကလည်း စိတ်ထဲမှ ပြန်အော်နေကြ၏ ။

ဤသို့နှင့် တစ်ဖက်နှင့် တစ်ဖက် စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်နေကြပြီး တိတ်ဆိတ်သွားသည် ။

" မြို့စားကို သတ်ရဲတယ့်ကောင်ကို သတ်.. ဒီနေ့ သူနဲ့ငါ တစ်ယောက်ပဲ အသက်ရှင်ရမယ် .."

ဦးဆောင်လာသူ တပ်မှူးကြီးက မာန်ဟုန်ပြင်းပြင်းဖြင့် ဓားကိုဝင့်၍ အမိန့်ပေးနေသော်လည်း နေရာမှ မရွေ့ ။ သူက မျက်နှာ တစ်ဖက်လှည့်ကာ ချောင်မူအား မမြင်ချင်ယောင် ဆောင်နေ၏ ။

ထိုအခါမှ ချောင်မူ သဘောပေါက်သွားသည် ။ ထိုလူများ၏ အကြည့်အား သူနားလည်သွားသည် ။

" ထွီ.. ကြောက်တက်တဲ့ကောင်တွေ.. သတ္တိမရှိတဲ့ ကြွက်စုတ်တွေ.. "

ချောင်မူ ဒေါသထွက်သွား၏ ။ သူ အလွန့်အလွန် ဒေါသထွက်သွား၏ ။

" ငလူးပဲ.. ယဲ့ယဲ့လေးရပ်နေတဲ့ ငါ့ကို ဝင်မချရဲဘူးလား.. "

သို့သော်လည်း သူ့တွင် ရွေးချယ်စရာမရှိ ။ သူ့အား ကြောက်နေကြသူများအား ဝင်၍ တိုက်ခိုက်လျှင် သူရဲကောင်းဆန်သောပုံရိပ် ပျက်ဆီးသွားမည်ဖြစ်ပြီး သေဆုံးမှုအကဲဖြတ်ချက် လျော့ကျသွားပေမည် ။

ချောင်မူက မြင်းပေါ်သို့ ခုန်တက်ပြီး ဒုန်းဆိုင်းထွက်ခွာလာ၏ ။

ဝမ်စုန့်ဟဲ က မပြေးသေးဘဲ ချောင်မူအား စောင့်နေသည် ။ သူက သက်ပြင်းချလိုက်ပြီး...

" အကိုချောင်.. သူတို့က အားနည်းလို့ ကြောက်နေတာ မဟုတ်ဘူး.. အကိုတို့ သားအဖ သုံးယောက်က ယန်မြို့မှာ လုပ်ခဲ့တာလည်း ကြည့်အုံးလေ.. "

ချောင်မူက သခင်လေးကုံးအား လမ်းမပေါ်တွင် ပြန်ပေးဆွဲပြီး ပါးရိုက်ခဲ့၏ ။

ချောင်လင်းက မြို့စားအိမ်တော်သို့ ခိုးဝင်ပြီး သခင်လေးကုံးအား သတ်ခဲ့သည် ။

ချောင်ဆန်းက လူတစ်စုကို ဦးဆောင်ပြီး မြို့တံခါးဝတွင် မြို့စားကုံးယန်အား လုပ်ကြံခဲ့သည် ။

ကုံးယန်ကဲ့သို့ မြို့၏ အုပ်ချုပ်သူတစ်ယောက်ပင် ဤသို့ ခံ​နေရ၍ မည်သူက ချောင်မိသားစုအား အပြစ်ပြုရဲပါ​တော့မည်နည်း ။

ချောင်ဆန်းသည် ဒဏ်ရာများစွာ ရထားသော်လည်း မည်သူမှ မသတ်ရဲကြ ။ နောက်ထပ် ချောင်များ ပေါ်လာပါက ပြန်သတ်ခံရမည်ကို ကြောက်ကြသည် ။

ချောင်မူ ၊ ချောင်လင်းနှင့် ချောင်ဆန်းဟူသော အမည်နာမ သုံးခုက ယန်မြို့တွင် သူတို့၏ သွေးဖြင့် အမှတ်အသား ပြုခဲ့ပြီးလေပြီ ။

" သူတို့က အားနည်းတာ မဟုတ်ဘူး ခင်ဗျားတို့က ကြောက်စရာ ကောင်းလွန်းနေတာ.. "

ဝမ်စုန့်ဟဲက လေးစားအားကျဟန်ဖြင့် ပြောလိုက်၏ ။ သူရဲကောင်း သုံးယောက် ဆက်တိုက်လာနေ၍ အကုန်ထိတ်လန့်တုန်လှုပ်နေကြသည် ။

ချောင်မူက ဝမ်စုန့်ဟဲ၏ ချီးကျူးစကားကို ပျော်နိုင်ခြင်းမရှိ ။ သူ ဒေါသထွက်နေဆဲပင် ။ သူ့ ရင်ထဲတွင် ဒေါသများ စုပုံလာသဖြင့် နောက်သို့ လှည့်၍ ဆဲလိုက်၏ ။

" မင်းသာ ကြောက်စရာကောင်းတာ.. မင်းတို့ တစ်မျိုးလုံးသာ ကြောက်စရာကောင်းတာ.. "

သူ ကျိန်ဆဲ ပြီးသည်နှင့် သွေးနှစ်ပွက်အန်ကာ သတိလစ်သွားသည် ။ မြင်းပေါ်မှ ပြုတ်ကျသွား၏ ။

" ချောင်ဆန်းပြုတ်ကျသွားပြီ.. "

ဝမ်စုန့်ဟဲက ​မြင်းပေါ်မှ အမြန်ခုန်ဆင်းလိုက်ပြီး ချောင်ဆန်းအား ခံစားချက်အပြည့်ဖြင့် ကြည့်လိုက်ပြီး ...

" ခင်ဗျားတို့ သားအဖ သုံးယောက်လုံးက တစ်ထပ်တည်းတူတဲ့ သူရဲကောင်းတွေပဲ .."

ဝမ်စုန်ဟဲက စိတ်ထဲတွင် သစ္စာဆိုလိုက်သည် ။ သူ ချောင်လင်းအား မကယ်နိုင်ခဲ့သော်လည်း နောက်တစ်ခါ မဖြစ်စေရ ။

' အကိုချောင်ဆန်း.. ကျုပ် ချောင်လင်း အပေါ်မှာ ကတိမတည်နိုင်ခဲ့ပေမဲ့.. ကျုပ် ခင်ဗျားကို သေခွင့်မပေးနိုင်ဘူး.. ကျုပ်ရအောင် ကုပေးမယ်.. "

…………………………..

ယန်မြို့အပြင်ဘက်၊ တောင်တန်းများကြား ဓားပြခံတပ်.....

ဝမ်စုန့်ဟဲသည် ခံတပ်သို့ ပြန်ရောက်သည်နှင့် ခံတပ်အတွင်းရှိ ဆေးဆရာများ အားလုံးကို စုဝေးလိုက်၏ ။ ပြင်းထန်ဒဏ်ရာ ရနေသည့် ချောင်ဆန်းကို ကုသရန် အားလုံးဝိုင်းဝန်း လုပ်ဆောင်ကြတော့သည် ။

သုံးရက်ကြာပြီး​နောက်...

ချောင်မူ နိုးမလာသေးသော်လည်း ဒဏ်ရာများ တည်ငြိမ်သွားလေပြီ ။

ဝမ်စုန့်ဟဲ အနားယူရန် ပြင်လိုက်စဥ် ကျန်းခွေ ရောက်လာ၏ ။ ကျန်းခွေလည်း အသေးစား ဒဏ်ရာ ရခဲ့သဖြင့် ကုသနေရသည် ။

" အကို..."

ကျန်းခွေက ခဏတာ တွန့်ဆုတ်နေပြီးမှ လေးနက်စွာ ပြောလိုက်သည် ။

" ကျုပ်တို့ ပစ္စည်းတွေ အရင်ခွဲကျမလား.. "

" ဒီတစ်ခါ ကျုပ်တို့ ရခဲ့တာက တော်တော်များတယ် လက်ဝတ်ရတနာတွေရော.. လျှို့ဝှက်ခန်းထဲက သိုင်းကျမ်းတွေရော.. ဝူကျိအသင်းက သိုင်းကျမ်းတွေဆိုရင် အတော်လေး အဖိုးတန်တဲ့ပုံပဲ.. "

" ခု ခွဲထားသင့်လား.. အကိုချောင်ဆန်း နိုးလာမှ သူ့ဝေစု ပေးကြတာပေါ့.. "

ကျန်းခွေက စိတ်မငြိမ်မသက် ဖြစ်နေ၏ ။ အဖိုးတန် ရတနာများ ရလာခဲ့သော်လည်း အလှကြည့်နေရသဖြင့် မရိုးမရွ ဖြစ်နေသည် ။

" ငါတို့ အဲ့လို လုပ်လို့ မဖြစ်ဘူး.. "

ဝမ်စုန့်ဟဲက ခေါင်းခါလိုက်ပြီး ...

" အကိုချောင်ဆန်းက မြို့စားအိမ်တော်ထဲ လိုက်မလာပေမဲ့ ဒီပွဲမှာ အဓိက ပဲ.. အကိုချောင်ဆန်း မနိုးသေးရင် ဒီအကြောင်းမပြောနဲ့တော့.. "

ထိုအခိုက် သတိလစ်နေသော ချောင်မူက နိုးလာပြီး နားစွန်နားဖျား ကြားလိုက်ရ၏ ။

" ဘာ..ဘာသိုင်းကျမ်းတွေလဲ.. "

ချောင်မူက ဇဝေဇဝါဖြင့် မျက်လုံးဖွင့်ကြည့်လိုက်လျှင် သူ့အား ငုံ့ကြည့်နေသည့် ဝမ်စုန့်ဟဲ၏ မျက်နှာအိုကြီးကို မြင်လိုက်ရသည် ။

' ထွီ.. '

ချောင်မူက စက်ဆုပ်ရွံ့ရှာဟန်ဖြင့် မျက်လုံးလွဲလိုက်၏ ။ ဤလူက သူ၏ ကံမကောင်းခြင်း နတ်ဘုရားပင် ။ ယနေ့လည်း သေနိုင်မည့်ပုံ မပေါ်တော့ချေ ။ လောင်းကြေးများအား စုထားသည်ဟုသာ သဘောထားလိုက်ပေ​တော့မည် ။

ချောင်မူသည် ဝမ်စုန့်ဟဲ၏ နှစ်ခါဆေးကုခံရအပြီး စုကြေးများကို ပိုသဘောပေါက်လာ၏ ။ သူ မသေမခြင်း ဂုဏ်သတင်း တိုးပွါးနေပါက သေဆုံးမှုအညွှန်းကိန်း မြင့်တက်လာမည်ဖြစ်သည် ။ ယခု နာမည် သုံးခုစာ ရနေသဖြင့် ယခု အသက်ရှင်နေခြင်းကလည်း တစ်မျိုးကောင်း၏ ။

" အကိုချောင်ဆန်း နိုးပြီလား.. "

ဝမ်စုန့်ဟဲက စိတ်သက်သာရာ ရသွားသော အပြုံးဖြင့် ပြောလိုက်၏ ။ ယခုအခါတွင် သူ ကုသနိုင်ခဲ့လေပြီ ။ ချောင်ဆန်းသာ သေဆုံးသွားပါက သူ၏ ဆေးပညာဂုဏ်သတင်းသည် မြောင်းထဲသို့ ရောက်ပေတော့မည် ။

" ငါ မင်းနဲ့ စကားမပြောချင်ဘူး.. ကျန်း...ကျန်းခွေ.. ဝူကျိအသင်းနဲ့ ပက်သက်တဲ့ ဘာသိုင်းကျမ်းတွေ ရခဲ့လည်း.. "

ချောင်မူက ခန္ဓာကိုယ်အား စစ်ဆေးကြည့်ရာ နာကျင်နေသော်လည်း အရင်တစ်​ခေါက်လောက် ဒဏ်ရာမများသည်ကို သိလိုက်သည် ။

သူ လှုပ်ရှားနိုင်သော်လည်း အတွင်းအားများ ပျောက်ကွယ်နေပြီး သွေးကြောများ ပျက်ဆီးသွား၏ ။

" အဲ့ကိစ္စ စိတ်မပူပါနဲ့.. သိုင်းကျမ်းတွေ အကြောင်း​နောက်မှပြောရအောင်.. ခု အရေးကြီးဆုံးက ခင်ဗျားရဲ့ ကျန်းမာရေးပဲ..."

ဝမ်စုန့်ဟဲက နှစ်သိမ့်ဟန်ဖြင့် နူးညံ့ညင်သာစွာ ပြောလိုက်၏ ။ ယခုတစ်​ခေါက် ချောင်မူ၏ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာက အသက်အန္တရာယ် မရှိသော်လည်း အတော်လေးပြင်းထန်ပေသည် ။ ချောင်မူ နိုးလာရန် သူ သုံးရက်ကြာအောင် ကုခဲ့ရ၏ ။ ထို့အပြင် ပို၍ ပြင်းထန်သည်မှာ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်းကြောင့် ထိခိုက်ခဲ့သော အတွင်းအင်္ဂါများပင် ။

" ခင်ဗျားရဲ့ သွေးကြောတွေ အကုန်နီးပါ ပျက်ဆီးကုန်ပြီ.. အတွင်းအားလည်း မရှိတော့ သလောက်ပဲ.. ဒီဒဏ်ရာတွေက ရန်သူကြောင့် မဟုတ်ဘဲ ခင်ဗျားကြောင့် ဖြစ်လာတာတွေ.."

ဝမ်စုန်ဟဲက ရှင်းပြရင်း နားမလည်နိုင်ဖြစ်လာ၏ ။ ချောင်သုံးယောက်လုံး သက်ရှည်လက်သီးသိုင်း တက်သည်က ထင်ရှားသည် ။ ဟဲရန်မြို့မှ ချောင်မိသားစု၏ အခွဲဖြစ်နိုင်သည်မှာ ထင်ရှား၏ ။ သို့ရာတွင် အသက်ရှည်စေရန် သက်ရှည်လက်သီးသိုင်းကျင့်သူများမှာ ဤသို့ အသေခံနေကြသည်ကို သူနားမလည်နိုင်​တော့ ။ ဟဲရန်မြို့မှ ချောင်မိသားစု၏ ဂုဏ်သတင်းနှင့် ကိုက်ညီသည့်ပုံ ပေါ်မနေချေ ။

" ကျုပ်ဒဏ်ရာက အသေးအမွှားလေးပါ.. လျို့ဝှက်သိုင်းကျမ်းတွေ အကြောင်းပဲ ပြောကြစို့.. "

ချောင်မူက လက်ဝါးနှစ်ဖက်အား ပွတ်သတ်ရင်း လောဘတကြီး ပြောလိုက်၏ ။

All Chapters