အခန်း (၈၀၃-၈၀၄)
Vol. 81 Ch. 803-804
အခန်း (၈၀၃) ငါ သုံးအထိ ရေတွက်မယ်
"ဒုက္ခ ဘယ်လို ဒုက္ခမျိုး ရှိလို့လဲ"
ဖန့်ချန်က ပြုံးလိုက်တယ်။
ဝမ်ဖန့် စကားမပြောရသေးခင်မှာပဲ သူက ဝါးအိမ်ထဲကနေ ထွက်လာပြီး ထိုလူငယ်ရဲ့ ရှေ့ကို ရောက်သွားပြီ။
လူငယ်က အခုထိ သတိပြန်မဝင်သေးပုံပဲ၊ ဖန့်ချန် အနားရောက်လာတော့မှ မြေကြီးပေါ်ကနေ ယိုင်တိုင်တိုင်နဲ့ ထရပ်နိုင်တယ်။
သူ့ကိုယ်ပေါ်က ယင်စွမ်းအား တွေကလည်း ဖရိုဖရဲ ဖြစ်နေပြီး ပျက်စီးတော့မယ့် အရိပ်အယောင်တွေ ရှိနေတယ်။
"ကောင်းပြီ... အရမ်းကောင်းတာပဲ"
လူငယ်က အသက်ကို ပြင်းပြင်းရှူပြီး ဖရိုဖရဲ ဖြစ်နေတဲ့ ယင်စွမ်းအားတွေကို ပြန်ထိန်းလိုက်တယ်၊ အဲဒီနောက် ဖန့်ချန်ကို ကြည့်ပြီး ဆက်တိုက် လှောင်ရယ်တော့တယ်
"မွေးကင်းစ နွားပေါက်လေးက ကျားကို မကြောက်ဘူးပေါ့ ဟုတ်လား ယူဟွမ်းမြို့ကို အခုမှ ရောက်လာပြီးတော့ အောက်လမ်းဆင်းသူကို တိုက်ခိုက်ရဲတယ်ပေါ့ မင်း တော်တော် လုပ်နိုင်တာပဲ တကယ် တော်တာပဲ"
"ခဏနေရင်တော့ ငါ့ကို တိုက်ခိုက်လိုက်တဲ့ အကျိုးဆက်က ဘာလဲဆိုတာ မင်း သိစေရမယ် ဒီယူဟွမ်းမြို့ထဲမှာ မင်းကို ဘယ်သူက အလုပ်ခိုင်းရဲဦးမလဲဆိုတာ ငါ ကြည့်နေမယ်"
"ဖြန်း"
ကြည်လင်ပြတ်သားတဲ့ အသံကြီး တစ်သံ ထွက်လာတယ်။
လူငယ်က လေထဲမှာ အကြိမ်ပေါင်းများစွာ လွင့်ထွက်သွားပြီး မြေကြီးပေါ်ကို ပြင်းပြင်းထန်ထန် ကျသွားပြန်တယ်။
ဒီတစ်ကြိမ်မှာတော့ သူက ဆယ်စက္ကန့်လောက်ကြာမှ အနိုင်နိုင် ပြန်ထလာနိုင်ပြီး ဖန့်ချန်ကို အံ့ဩတကြီးနဲ့ စိုက်ကြည့်နေတော့တယ်။
ပတ်ဝန်းကျင်က ဝိညာဉ်တွေလည်း ကြည့်ရင်းနဲ့ မှင်သက်ကုန်ကြပြီး ဖန့်ချန်က ဘယ်သူလဲဆိုတာကို တိုးတိုးတိတ်တိတ် စုံစမ်းနေကြတော့တယ်။
"ဟားဟားဟား"
လူငယ်က ဒေါသထွက်လွန်းလို့ လှောင်ရယ်လိုက်ပြီး
"မင်းရဲ့ ခွေးအသက်ကို ချမ်းသာပေးမလို့ ကြံရွယ်ထားတာ ဒါပေမဲ့ မင်းက ပေးတဲ့မျက်နှာကို မယူဘူးပဲ ဒီနေ့ ဘယ်သူလာလာ မထူးဘူး မင်း လွတ်မှာ မဟုတ်ဘူး နောက်ပိုင်းတော့ ယူဟွမ်းမြို့မှာ လေလွင့်ဝိညာဉ် တစ်ကောင်အဖြစ်ပဲ နေခဲ့ပေတော့"
စကားအဆုံးမှာတော့ သူ့ရဲ့ ခန္ဓာကိုယ်ထဲက ယင်စွမ်းအားတွေ အရှိန်အဟုန်နဲ့ တိုးလာပြီး ဟင်းလင်းပြင်ထဲမှာ အနက်ရောင် မြူခိုးတွေ လိပ်တက်လာကာ ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားတယ်။
လူငယ်က ဓားရှည်ကို ကိုင်ပြီး ဖန့်ချန်ဆီကို ပိုင်းချလိုက်တော့တယ်
"အရှင်... သတိထားပါ"
ဝမ်ဖန့်က ထိတ်လန့်တကြား အော်လိုက်တယ်။
ပတ်ဝန်းကျင်က ဝိညာဉ်တွေကတော့ အားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။
ဒါက ယင်လောကမှာရှိတဲ့ အောက်လမ်းဆင်းသူတွေရဲ့ အစွမ်းပဲ၊ ယင်စွမ်းအားကို အလွယ်တကူ သုံးနိုင်ကြတာ။
သူတို့လို ဝိညာဉ်တွေကတော့ လူ့ပြည်မှာတုန်းက ဘယ်လောက်ပဲ အစွမ်းထက်တဲ့ သိုင်းသမား ဖြစ်နေပါစေ သေပြီးနောက်မှာ ကျင့်ကြံတဲ့ နည်းလမ်း မရှိရင်တော့ ယင်စွမ်းအား တစ်စက်တောင် သုံးဖို့ မတွေးဝံ့ကြပါဘူး။
အဲဒါတင်မကသေးဘူး၊ အောက်လမ်းဆင်းသူတွေက တကယ်သေနေတဲ့ လူတွေ မဟုတ်ကြဘူး။
သူတို့ တိုက်ခိုက်တဲ့အခါ ယင်စွမ်းအားထဲမှာ လူ့ပြည်က ယန် စွမ်းအား အနည်းငယ် ပါဝင်နေတတ်တယ်။
အဲဒါက ဝိညာဉ်တွေအတွက်ရော၊ တခြား အောက်လမ်းဆင်းသူတွေ အတွက်ပါ အကြီးအကျယ် ခြိမ်းခြောက်မှု ဖြစ်စေနိုင်ပါတယ်။
"သေစမ်း"
ဖန့်ချန်က ဘာတုံ့ပြန်မှုမှ မရှိတာကို မြင်တော့ လူငယ်ရဲ့ မျက်လုံးထဲမှာ ရက်စက်တဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားတယ်။
ဓားသွားက ကျလာတော့မယ့် အချိန်မှာပဲ ဖန့်ချန်က လက်မောင်းကို အသာလေး မြှောက်လိုက်ပြီး ဓားသွားကို အသာလေး ဖမ်းကိုင်လိုက်တယ် အဲဒီနောက် အသာလေး ညှစ်လိုက်တယ်။
"ဘုန်း"
ယင်စွမ်းအားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဓားရှည်ကြီးက ချက်ချင်း ပျက်စီးသွားတော့တယ်။
လူငယ်ရဲ့ မျက်လုံးထဲမှာ တုန်လှုပ်မှုတွေ ပေါ်လာတယ် တစ်ဖက်လူက သူ့ရဲ့ ယင်ဓားကို လက်ဗလာနဲ့ ဖျက်ဆီးလိုက်တာလား
ယေဘုယျအားဖြင့် အောက်လမ်းကို အကြိမ်တစ်ရာကျော် ဆင်းဖူးတဲ့ ဆရာကြီးတွေမှပဲ ဒီလို နည်းလမ်းမျိုး ရှိကြတာ။
ဒီလူက ပထမဆုံးအကြိမ် ဆင်းလာတာ မဟုတ်ဘူးလား
"မင်းမှာ သောက်အရည်ချင်းက ဒီလောက်ပဲရှိတာလား"
ဖန့်ချန်က ပြုံးပြီး မေးလိုက်တယ်။
လူငယ်ရဲ့ မျက်နှာက အရောင်မျိုးစုံ ပြောင်းသွားပြီးမှ လှောင်ရယ်ကာ ပြောတယ်
"မင်း သိပ်ပြီး မဝမ်းသာနဲ့ဦး ယူဟွမ်းမြို့မှာ ဆရာကြီးတွေ အများကြီး ရှိတယ် ငါက သူတို့ထဲမှာ အဆင့်မရှိဘူး ငါ မင်းကို မနိုင်တာက သူတို့ မင်းကို မနိုင်ဘူးလို့ မဆိုလိုဘူး မင်းက အကြောင်းမဲ့ မာစီနီယာရဲ့ ကိစ္စကို ဝင်ရှုပ်တာဆိုတော့ သေဖို့ပဲ ပြင်ထားလိုက်တော့"
စကားအဆုံးမှာတော့ သူက လှည့်ထွက်သွားပြီး တစ်ဖက်လူနဲ့ ဆက်ပြီး မပတ်သက်ချင်တော့ဘူး။
"မင်း သွားလို့ရတယ် ဒါပေမဲ့ မင်းရဲ့ အသက်ကို ထားခဲ့"
ဖန့်ချန်က အေးအေးဆေးဆေး ပြောလိုက်တယ်။
လူငယ်က ခေတ္တမျှ ကြောင်သွားပြီး မျက်လုံးကို ကျဉ်းကာ ဖန့်ချန်ကို ကြည့်လိုက်တယ်
"မင်းက ငါ့ကို ဒီမှာ ထားခဲ့မလို့လား"
"ငါ့ကို တိုက်ခိုက်ပြီးတော့မှ ဘာမှမဖြစ်သလို ပြန်ထွက်သွားလို့ ရမယ်လို့ မင်း ထင်နေတာလား မင်းက အောက်လမ်းဆင်းသူဆိုတော့ လောကအကြောင်းလည်း သိမှာပါ ဒီလောက်အထိတော့ မရိုးအနံ့ မရှိပါနဲ့"
ဖန့်ချန်က ပြုံးလိုက်တယ်။
လူငယ်က ခဏလောက် ကြောင်နေပြီးမှ သူ့ရဲ့ အမူအရာက တဖြည်းဖြည်း တည်ကြည်လေးနက်လာတယ်။
သူ့ရဲ့ မျက်လုံးတွေကလည်း သတိထားမှုတွေနဲ့ ပြည့်နှက်လာပြီး ဖြည်းဖြည်းချင်း အနောက်ဆုတ်ရင်းနဲ့ ခြိမ်းခြောက်လိုက်တယ်
"ငါက ယူဟွမ်းမြို့က အကြီးအကဲ အတော်များများနဲ့ သိတာနော် မင်း ငါ့ကို သတ်လိုက်ရင် တခြား အောက်လမ်းဆင်းသူတွေက ငြိမ်နေမှာ မဟုတ်တဲ့အပြင် ယူဟွမ်းမြို့က အာဏာပိုင်တွေကလည်း မင်းကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး"
စကားပြောနေတုန်းမှာပဲ လူငယ်က ရင်းနှီးတဲ့ လူရိပ်အချို့ကို တွေ့လိုက်ရတော့ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားပြီး အကျယ်ကြီး အော်လိုက်တယ်
"လင်စီနီယာကြီး ကျွန်တော့်ကို ကယ်ပါဦး"
ပတ်ဝန်းကျင်က ဝိညာဉ်တွေကလည်း အဲဒီလူရိပ်တွေဆီကို လှည့်ကြည့်လိုက်ကြတယ်။
ထိုလူတွေထဲက တစ်ယောက်က သက်ပြင်းအသာလေး ချလိုက်တယ်
"ဒီဒုက္ခကို ဝင်မပါတော့ဘူးလို့ ကြံထားတာ ဒီကောင်က မျက်စိတော်တော် လျင်တာပဲ ထားပါတော့လေ..."
ပြောပြောဆိုဆိုနဲ့ အဲဒီလူက ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး ဖန့်ချန်နဲ့ လူငယ်ရဲ့ ကြားထဲမှာ ရပ်လိုက်တယ်။
"လင်စီနီယာ... ဒီလူက အကြောင်းမဲ့ မာစီနီယာရဲ့ ကိစ္စကို ဝင်ရှုပ်တဲ့အပြင် အခု ငါ့ကို သတ်မယ်လို့တောင် ပြောနေတာ သူက စည်းကမ်းတွေကို လုံးဝ ဂရုမစိုက်တော့တာပဲ လင်စီနီယာပဲ သူ့ကို ပညာပေးလိုက်ပါဦး"
လူငယ်က အလျင်အမြန် ပြောတယ်။
"အို"
ရောက်လာတဲ့လူက အဝေးက ဝမ်ဖန့်တို့ နှစ်ယောက်ကို ကြည့်လိုက်တယ်၊ ပြီးတော့ ဖန့်ချန်ကို ပြန်ကြည့်လိုက်တဲ့အခါ အခြေအနေကို သဘောပေါက်သွားတယ်။
ဘာလို့ ပြဿနာဖြစ်တာလဲဆိုတာ ဒီကိစ္စကြောင့်ဆိုတာ သိလိုက်တာပေါ့။
ဒါကို သိလိုက်တာနဲ့ သူက ချောင်းတစ်ချက်ဟန့်ပြီး ဖန့်ချန်ကို ပြုံးကာ ပြောလိုက်တယ်
"မိတ်ဆွေက မျက်နှာစိမ်းပဲ ဒီနေ့ ယူဟွမ်းမြို့ကို အောက်လမ်းဆင်းသူ အသစ်တစ်ယောက် ရောက်လာတယ်လို့ ကြားတယ် အဲဒါ မိတ်ဆွေ ထင်ပါတယ်"
"မိတ်ဆွေက အသစ်ဆိုတော့ စည်းကမ်းတွေကို နားမလည်တာ ရှိမှာပါ တခြားဟာတွေ ထားလိုက်ပါဦးမိတ်ဆွေ မာ ကိစ္စကိုတော့ မိတ်ဆွေ ဝင်မပါသင့်ဘူး"
"ငါက ကြားလူအနေနဲ့ စေ့စပ်ပေးပါ့မယ် မိတ်ဆွေ ဒီကိစ္စကို ဆက်ပြီး မပတ်သက်ပါနဲ့တော့ ငါလည်း မိတ်ဆွေ မာ ရှေ့မှာ မိတ်ဆွေအတွက် စကားကောင်းလေးတွေ ပြောပေးပါ့မယ် ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင် ဘယ်လိုလဲ"
အဝေးက ဝမ်ဖန့်နဲ့ ရှောင်လန်တို့ နှစ်ယောက်ကတော့ တစ်ဦးကိုတစ်ဦး ကြည့်ပြီး စိုးရိမ်ပူပန်နေကြတယ်။
သူတို့ ဒီအတောအတွင်း အောက်လမ်းဆင်းသူ အများကြီးကို ရှာခဲ့ပေမဲ့ တချို့က ကိစ္စက ခက်ခဲတယ်လို့ ယူဆကြပြီး တချို့ကတော့ မာမန်လုံကို မပြစ်မှားချင်ကြဘူး။
အဲဒါကြောင့်ပဲ သူတို့ရဲ့ အလုပ်ကို ဘယ်သူမှ လက်မခံခဲ့ကြတာပါ။
အခု အောက်လမ်းဆင်းသူ အသစ်လေးက လက်ခံလိုက်ပြီဆိုကာမှ တစ်ဖက်လူရဲ့ စကားအနည်းငယ်နဲ့ နောက်ဆုတ်သွားမှာကို သူတို့ အင်မတန် စိုးရိမ်နေကြတာပါ။
"ငါက သဘောမတူဘူး ဆိုရင်ကော"
ဖန့်ချန်က ပြုံးပြီး မေးလိုက်တယ်။
ရောက်လာတဲ့လူက မျက်မှောင်ကြုတ်သွားတယ်
"ဒါဆို မင်းက ငါ လင် ရဲ့ မျက်နှာကို မထောက်ဘူးပေါ့ ဟုတ်လား ငါက လူကြီးလူကောင်း တစ်ယောက် မဟုတ်ပေမဲ့ ယူဟွမ်းမြို့မှာတော့ မျက်နှာရှိတဲ့သူ တစ်ယောက်ပါ"
"မင်း နောက်ပိုင်း ယူဟွမ်းမြို့မှာ လမ်းလျှောက်ရ ခက်မသွားချင်ရင် ငါ့ရဲ့ အကြံပေးချက်ကို သေသေချာချာ စဉ်းစားသင့်တယ်နော်"
"စဉ်းစားမနေတော့ဘူး ဒီလူက ဒီနေ့ သေကို သေရမယ် မင်းက ဝင်ရှုပ်မှာလား ဒါမှမဟုတ် ဒီအတိုင်းပဲ ကြည့်နေမှာလား"
ဖန့်ချန်က ပြုံးပြီး မေးတယ်။
"လင်စီနီယာ ကြည့်စမ်း သူက ဘယ်လောက်တောင် ရိုင်းစိုင်းလဲဆိုတာ ဒီနေ့သာ သူ့ကို မဆုံးမလိုက်ရင် နောင်ကျရင် ဘယ်လိုလုပ်မလဲ"
လူငယ်က ဒေါသတကြီး ပြောတယ်။
"မင်း ပြောတာ မှန်တယ်"
ရောက်လာတဲ့လူက လူငယ်ကို ခေါင်းညိတ်ပြလိုက်ပြီး၊ အဲဒီနောက် ဖန့်ချန်ကို ကြည့်ပြီး ပြုံးကာ ပြောတယ်
"ငါ သုံးအထိ ရေတွက်မယ် မင်းသာ အခုချက်ချင်း ထွက်မသွားရင် မင်း သေပြီပဲ"
စကားအဆုံးမှာ သူက စပြီး ရေတွက်တော့တယ်
"တစ်"
"နှစ်"
ဖန့်ချန်
"သုံး"
ရောက်လာတဲ့လူက ခေတ္တမျှ ကြောင်သွားတယ် သူ သုံးလို့ မရေရသေးခင်မှာ တစ်ဖက်လူက အရင် ရေတွက်လိုက်တာလား
သူ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပဲ၊ သူ့ရဲ့ တစ်ကိုယ်လုံးက ယင်စွမ်းအားတွေက ချက်ချင်း ပေါက်ကွဲထွက်သွားပြီး တစ်ကိုယ်လုံး ယင်စွမ်းအား မြူခိုးတွေအဖြစ် ပြောင်းလဲကာ အားလုံးရဲ့ ရှေ့မှာတင် ပျောက်ကွယ်သွားတော့တယ်။
ပတ်ဝန်းကျင်က ဝိညာဉ်တွေလည်း မှင်သက်သွားကြတယ်။
ရောက်လာတဲ့လူနဲ့ အတူပါလာတဲ့ တခြား အောက်လမ်းဆင်းသူတွေလည်း တစ်ဦးကိုတစ်ဦး ကြည့်ပြီး မျက်လုံးထဲမှာ တုန်လှုပ်မှုတွေ ပေါ်လာတော့တယ်။
ဒီအခုမှ ရောက်လာတဲ့ကောင်... သူ့ရဲ့ အစွမ်းက တကယ့်ကို နက်နဲလွန်းတယ်...
လူငယ်ကတော့ လင်စီနီယာ ရပ်နေခဲ့တဲ့ နေရာမှာ အခုတော့ ဘာမှမရှိတော့ဘဲ ယင်စွမ်းအား မြူခိုးအနည်းငယ်ပဲ ကျန်တော့တာကို ကြည့်ပြီး ကြောင်အမ်းနေတော့တယ်။
သူ သတိပြန်ဝင်လာတဲ့ အချိန်မှာတော့ သူ့မျက်နှာပေါ်က ရိုင်းစိုင်းတဲ့ အမူအရာတွေ ပျောက်ကွယ်သွားပြီး၊ အဲဒီအစား ကြောက်လန့်တကြား ဖြစ်နေတဲ့ အမူအရာတွေ ပေါ်လာကာ အနောက်ကို တဖြည်းဖြည်း ဆုတ်သွားတော့တယ်။
"မင်း... ငါ့ကို မသတ်ပါနဲ့ ငါ မင်းကို ယင်သက်တမ်းကြေးပြားတွေ ပေးမယ် မင်း ဘယ်လောက် လိုချင်လဲ ငါးနှစ်စာလား ဆယ်နှစ်စာလား နှစ်ဆယ်စာလား"
"အရှင်... သူ့ရဲ့ လှည့်ကွက်တွေကို မယုံပါနဲ့ ယူဟွမ်းမြို့က အောက်လမ်းဆင်းသူ အချင်းချင်း ကိစ္စတွေကို ဝင်မပါပေမဲ့ တကယ်လို့ ယင်သက်တမ်းကြေးပြားတွေကို လူသိရှင်ကြား လုယူရင်တော့ ယူဟွမ်းမြို့ အာဏာပိုင်တွေက ကိုင်တွယ်လိမ့်မယ်"
ရှောင်လန်က အကျယ်ကြီး လှမ်းသတိပေးလိုက်တယ်။
လူငယ်က သူမကို ရက်စက်စွာ ကြည့်လိုက်ပြီး
"ပေလို့မ...."
နှမြောစရာပဲ တကယ်လို့ တစ်ဖက်လူက ဒီအချက်ကို မသိဘဲ သူ့ရဲ့ ယင်သက်တမ်းကြေးပြားတွေကို ယူလိုက်ရင် သူ သေသွားရင်တောင် ယူဟွမ်းမြို့က အာဏာပိုင်တွေက ဒီကိစ္စကို လိုက်ပါလိမ့်မယ်။
ဆဲဆိုပြီးနောက်မှာ လူငယ်က တောင်းပန်ဖို့ စကားလုံးတွေ ထပ်ရှာဖို့ ကြံလိုက်ပေမဲ့ သူ ပါးစပ်မဟရသေးခင်မှာတင် သူ့ရဲ့ ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပြီး ယင်စွမ်းအား မြူခိုးတွေအဖြစ်နဲ့ပဲ ပျောက်ကွယ်သွားတော့တယ်။
အနီးအနားက ဝိညာဉ်တွေရဲ့ မျက်နှာမှာတော့ ကြောက်ရွံ့မှုတွေ ပြည့်နှက်နေပြီ။
အောက်လမ်းဆင်းသူ နှစ်ယောက်စလုံး ဆက်တိုက် သေသွားတာက ယူဟွမ်းမြို့မှာ နှစ်အတော်ကြာအောင် မဖြစ်ဖူးတဲ့ ကိစ္စပဲလေ...
ဝမ်ဖန့်နဲ့ ရှောင်လန်တို့ကတော့ အင်မတန် ဝမ်းသာသွားကြတယ်။
ဒီအောက်လမ်းဆင်းသူ အသစ်ရဲ့ အစွမ်းက သူတို့ ထင်ထားတာထက် အများကြီး သာလွန်နေတာကြောင့် ဒီအလုပ်ကို အောင်အောင်မြင်မြင် လုပ်နိုင်ဖို့ အခွင့်အလမ်း အများကြီး ရှိသွားပြီလေ
အခန်း (၈၀၄) ယင်ဝန်ထမ်းဌာန
"ဒီလူသစ်က စိတ်ဆတ်ရုံတင်မကဘူး ပညာလည်း ရှိသားပဲ လူ့ပြည်မှာဆိုရင် သူ့ကျင့်ကြံမှုက အနည်းဆုံးတော့ အခြေခံတည်ဆောက်ခြင်း အဆင့်ပဲ ဖြစ်ရမယ်"
"အောက်လမ်းဆင်းသူ နှစ်ယောက်တောင် ဆက်တိုက် သေသွားတာပဲ ဟို ကျောက်ဆိုတဲ့ကောင်ကတော့ ကိစ္စမရှိပါဘူး မာမန်လုံရဲ့ ခွေးခြေကောင် အဆင့်မရှိတဲ့ကောင်ပဲ ဒါပေမဲ့ လင်စီနီယာကိုပါ သူ သတ်လိုက်တာပဲ လင်စီနီယာရဲ့ အစ်ကိုက ယူဟွမ်းမြို့ရဲ့ ယင်ဝန်ထမ်းဌာနက ဝူကျန့် လေ ဒီအတိုင်းတော့ လွယ်လွယ်နဲ့ ပြီးသွားမှာ မဟုတ်ဘူး"
"အစိုးရပိုင်းကတော့ ငါတို့ အောက်လမ်းဆင်းသူတွေရဲ့ ကိစ္စကို တိုက်ရိုက် ဝင်မစွက်ဖက်နိုင်ဘူး ဒါပေမဲ့ သူတို့အတွက်တော့ အခြေအမြစ် မရှိသေးတဲ့ အောက်လမ်းဆင်းသူ အသစ်တစ်ယောက်ကို ဒုက္ခပေးဖို့ဆိုတာ မခက်ခဲပါဘူး..."
အောက်လမ်းဆင်းသူ အနည်းငယ်က အဝေးကနေ ဖန့်ချန်ကို စောင့်ကြည့်ရင်း တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြတယ်။
ဝမ်ဖန့်တို့ အမျိုးသမီး နှစ်ယောက်က ဖန့်ချန်ရဲ့ ရှေ့ကို အပြေးအလွှား ရောက်လာကြတယ်။
ဝမ်ဖန့်က ပတ်ဝန်းကျင်ကို အကဲခတ်ရင်း အသံကို နှိမ့်ပြီး တိုက်တွန်းလိုက်တယ်
"အရှင်... ဒီကိစ္စက ဒုက္ခရောက်နိုင်ပါတယ် အရှင့်အနေနဲ့ အခုပဲ အမြန် လူ့ပြည်ကို ပြန်လိုက်ပါဦးကျွန်မရဲ့ ခင်ပွန်းကိုသာ ကယ်တင်နိုင်ခဲ့မယ်ဆိုရင် သူက ယူဟွမ်းမြို့က အာဏာပိုင်တွေနဲ့ အဆက်အသွယ် ရှိတာမို့ အရှင့်အတွက် ကြားဝင်စေ့စပ်ပေးပြီး ဒီပြဿနာကို ဖြေရှင်းပေးနိုင်မှာပါ"
ဖန့်ချန်က ပြုံးပြီး ခေါင်းခါလိုက်တယ်
"အခုမှ ရောက်ကာစရှိသေးတယ် ဒီနေရာအကြောင်းကိုတောင် သေသေချာချာ မသိရသေးဘဲနဲ့ အခုလို ပြန်သွားရမယ်ဆိုရင် အလကား ဖြစ်သွားမှာပေါ့ မင်းတို့ ပြန်ကြတော့ ကျုပ်ကတော့ တည်းခိုဖို့ နေရာတစ်ခု အရင်ရှာဦးမယ်"
ကြီးမားလှတဲ့ ယူဟွမ်းမြို့ကြီးထဲမှာ ဖန့်ချန် ခံစားမိသလောက်တော့ အစွမ်းအထက်ဆုံး အငွေ့အသက်ကတောင် ရွှေအမြုတေ အဆင့် ကျင့်ကြံသူနဲ့ပဲ ယှဉ်နိုင်မှာပါ ဒါမှမဟုတ် အဲဒီထက်တောင် အနည်းငယ် နိမ့်ဦးမယ်။
သူ့ရဲ့ အခုလက်ရှိ အစွမ်းနဲ့ဆိုရင် ဒီမြို့ကို ခြေတစ်ဖက်နဲ့တင် နင်းခြေဖျက်ဆီးပစ်လို့ ရပါတယ်။
ဒီနေရာမှာ သူ့ကို ခြိမ်းခြောက်နိုင်တဲ့ တည်ရှိမှုမျိုး တစ်ခုမှ မရှိပါဘူး။
စကားပြောလို့မှ မဆုံးသေးဘူး၊ ယင်စွမ်းအားတွေ ထွက်ပေါ်နေတဲ့ စစ်သည်တစ်စု ပြေးဝင်လာတာကို တွေ့လိုက်ရတယ်။
ရှေ့ဆုံးက ဦးဆောင်လာတဲ့လူက ဟန်ပါပါနဲ့ လျှောက်လာတာပါ။
လမ်းလျှောက်နေတဲ့ အငွေ့အသက်က မာမန်လုံလောက် မပြင်းထန်ပေမဲ့ သူ့ပတ်ပတ်လည်မှာတော့ ယင်စွမ်းအား မြူခိုးတွေ ရစ်ပတ်နေတယ်။
ဦးဆောင်လာတဲ့ စစ်သည်က မျက်နှာ အေးစက်စက်နဲ့ ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်တယ်၊ ပြီးတော့ ဟို လင်စီနီယာ ပျောက်ကွယ်သွားတဲ့ နေရာကို သွားပြီး အကြာကြီး ရပ်နေကာ တစ်ခုခုကို အာရုံခံနေပုံရတယ်။
"အရှင်... ဒါက ယူဟွမ်းမြို့ရဲ့ ယင်ဝန်ထမ်း တွေပါ ယူဟွမ်းမြို့မှာ ယင်ဝန်ထမ်းဌာန ဆိုတာ ရှိတယ် သူက မြို့တော်ဝန်နန်းတော်နဲ့ အဆင့်အတန်း တူတူပဲယန်မင်းကြီး ရဲ့ တိုက်ရိုက် ကွပ်ကဲမှုကို ခံရတာ အခု အရှင်သတ်လိုက်တဲ့ လင်မျိုးနွယ် အောက်လမ်းဆင်းသူက ဒီလူရဲ့ ညီအရင်းပဲ..."
အနက်ရောင်ဝတ် အမျိုးသမီးက စိုးရိမ်တကြီးနဲ့ အသံကို နှိမ့်ပြီး ပြောပြတယ်
"ဒီလူ့နာမည်က လင်စန်း တဲ့ ယင်ဝန်ထမ်းဌာနရဲ့ ဝူကျန့် ပေါ့ အစွမ်းကတော့ မာမန်လုံတို့ထက် မနိမ့်ဘူး"
"ငါ့ညီ ဘယ်လိုသေသွားလဲဆိုတာ ဘယ်သူသိလဲ"
လင်စန်းက အေးအေးဆေးဆေး စပြောလိုက်တယ်
"သူက အောက်လမ်းဆင်းသူ ဖြစ်တဲ့အတွက် သူ့ရဲ့ ရုပ်ကလာပ်က လူ့ပြည်မှာ ရှိနေတုန်းပဲ ဝိညာဉ်နဲ့ ရုပ်ခန္ဓာ ကွဲကွာပြီး သေဆုံးသွားတာဟာ ဝိညာဉ် လွင့်စင်သွားတာနဲ့ အတူတူပဲ လေလွင့်ဝိညာဉ် ဖြစ်ခွင့်တောင် မရှိတော့ဘူး ဘယ်သူက ဒီလောက်အထိ ရက်စက်ရတာလဲ"
သူက မေးမြန်းနေပုံ ပေါက်ပေမဲ့ သူ့ရဲ့ အကြည့်ကတော့ ဖန့်ချန်ဆီမှာပဲ စိုက်ကြည့်နေတာပါ။
မျက်လုံးထဲက အာဃာတနဲ့ အေးစက်မှုတွေက အပြင်ကို ထွက်လာတော့မလိုပါပဲ။
"လင်ဝူကျန့် ဒီကိစ္စက ရိုးရှင်းပါတယ် ဒီလူကပဲ လင်စီနီယာကို သတ်လိုက်တာပါ လင်စီနီယာအပြင် ကျောက်မျိုးနွယ် အောက်လမ်းဆင်းသူ တစ်ယောက်လည်း သူ့လက်ချက်နဲ့ပဲ သေသွားပါပြီ"
လင်စီနီယာနဲ့ အတူပါလာတဲ့ အောက်လမ်းဆင်းသူ အနည်းငယ်က လင်စန်း ရောက်လာတာကို မြင်တော့ အနားကို ကပ်လာပြီး ဖန့်ချန်ကို ဝိုင်းပြီး လက်ညှိုးထိုးကြတော့တယ်။
"အဆွေ... ဘယ်လို ခေါ်ရမလဲ"
လင်စန်းက ဖန့်ချန်ကို အေးစက်စက် အကြည့်နဲ့ ကြည့်ပြီး မေးလိုက်တယ်။
"ကျုပ်နာမည်က ဖန့် ပါ"
ဖန့်ချန်က ပြုံးပြလိုက်တယ်။
တစ်ဖက်လူက နာမည်အရင်းကို မပြောချင်တာ သိလိုက်တော့ လင်စန်းရဲ့ မျက်လုံးတွေက ပိုပြီး အေးစက်သွားတယ်
"ဒါဆို ဖန့်မိတ်ဆွေပေါ့ ငါ့ညီ လင်ကျန့်စန်း က ဖန့်မိတ်ဆွေကို ဘယ်လိုများ ပြစ်မှားမိလို့ ဝိညာဉ် လွင့်စင်တဲ့အထိ အဆုံးသတ်လိုက်ရတာလဲ "
"ငါတို့ အောက်လမ်းဆင်းသူအချင်းချင်း ကြားက ကိစ္စတွေကို ယူဟွမ်းမြို့ရဲ့ ယင်ဝန်ထမ်းတွေက ဝင်စွက်ဖက်လို့ ရလို့လား "
ဖန့်ချန်က ပြုံးပြီး ဆက်ပြောတယ်
"ခင်ဗျားတို့က ဒီမြို့က လေလွင့်ဝိညာဉ်တွေကိုပဲ အုပ်ချုပ်ရတာလို့ ကျုပ်ကြားထားတယ် ငါတို့ အောက်လမ်းဆင်းသူတွေက ခင်ဗျားတို့ရဲ့ စီရင်ပိုင်ခွင့်ထဲမှာ မရှိဘူး မဟုတ်လား"
လင်စန်းက အသက်ကို ပြင်းပြင်းရှူပြီး စိတ်ထဲက ဒေါသကို ထိန်းလိုက်ကာ ဖြည်းဖြည်းချင်း ပြောလိုက်တယ်
"မိတ်ဆွေ ပြောတာ မမှားပါဘူး အောက်လမ်းဆင်းသူတွေ ကြားက ရန်ငြိုးတွေကို ယူဟွမ်းမြို့က ဝင်မပါဘူး ယင်ဝန်ထမ်းဌာနကလည်း ဝင်မစွက်ဘူးဒါပေမဲ့ ဒါက ငါ့ရဲ့ ညီအရင်း ကိစ္စ ဖြစ်နေလို့ ငါကတော့ ရှင်းရှင်းလင်းလင်း သိအောင် မေးရမယ်"
"လင်အရှင်... တကယ်တော့ ဒီကိစ္စကို ကျွန်တော် ကိုယ်တိုင် မြင်လိုက်ပါတယ် ကိစ္စရဲ့ အစက ဒီ ဖန့်အရှင်ကြောင့် မဟုတ်ပါဘူး"
လေလွင့်ဝိညာဉ်တွေ ကြားထဲကနေ လူရိပ်တစ်ခု ထွက်လာပြီး လင်စန်းကို လက်အုပ်ချီ အရိုအသေ ပေးလိုက်တယ်။
ဒီလူကလည်း ယင်ဝန်ထမ်းရဲ့ ဝတ်စုံကို ဝတ်ထားပေမဲ့ လင်စန်းနဲ့ ယှဉ်လိုက်ရင်တော့ အဝတ်အစားက ရိုးရှင်းလွန်းပါတယ်၊ သာမန် ယင်ဝန်ထမ်း တစ်ယောက်ပါပဲ။
ဖန့်ချန် သူ့ကို မှတ်မိတယ်။
ဟိုတုန်းက ဝမ့်ချွမ်းမြစ် မှာ လူလာကြိုတဲ့ စစ်သည်ပဲလေ။
"မင်းက ဘယ်သူလဲ ယင်ဝန်ထမ်းဌာနကို အခုမှ ရောက်တာလား ငါ မင်းကို မမြင်ဖူးဘူး"
လင်စန်းက တစ်ဖက်လူကို ကြည့်ပြီး မျက်လုံးကို ကျဉ်းလိုက်တယ်။
ထိုစစ်သည်က
"ကျွန်တော့် နာမည်က ချင်းဆွေ့ ပါ ဒီနေ့မှ ယင်ဝန်ထမ်းဌာနမှာ စပြီး တာဝန်ထမ်းဆောင်တာပါ"
"မင်းရဲ့ ဝူကျန့် က ဘယ်သူလဲ"
လင်စန်းက မေးတယ်။
"အထက်လူကြီး ကျိုးပုရှောက် ပါ"
ချင်းဆွေ့က ပြန်ဖြေတယ်။
"အို... ကျိုးပုရှောက် ကိုး"
လင်စန်းက ပြုံးပြီး ခေါင်းညိတ်လိုက်တယ်
"ငါ သူနဲ့ အရက်သောက်ဖူးပါတယ် လူကတော့ မဆိုးပါဘူး ဒါပေမဲ့ အခု ကြည့်ရတာတော့..."
သူ့ရဲ့ လေသံက ချက်ချင်း အေးစက်သွားတယ်
"သူ့လက်အောက်က လူတွေကို ဘယ်လို ဆုံးမရမလဲဆိုတာတောင် သူ မသိဘူးပဲ သူက ဝူကျန့် လုပ်ဖို့ တန်လို့လား မင်းက ငါ့ကို ဘာလာပြောနိုင်တဲ့ အရည်အချင်း ရှိလို့လဲ ဖယ်စမ်း ဟိုဘက် သွားနေ"
ချင်းဆွေ့ရဲ့ မျက်နှာက အရောင်မျိုးစုံ ပြောင်းသွားပြီး ခဏလောက် တိတ်ဆိတ်သွားတယ်။
ပြီးမှ သူက ထပ်ပြီး လက်အုပ်ချီကာ
"လင်အရှင်... ကျေးဇူးပြုပြီး ဥပဒေကို မချိုးဖောက်ပါနဲ့ ကျွန်တော်တို့ ယင်ဝန်ထမ်းဌာနက အောက်လမ်းဆင်းသူတွေရဲ့ ကိစ္စကို ဝင်မစွက်ရဘူးဆိုတာ ဒါက စည်းကမ်းပါ ဒါဟာ ထာဝရအရှင် ယန်မင်းကြီးချမှတ်ထားတဲ့ စည်းကမ်းပါ"
တစ်ဖက်လူက ယန်မင်းကြီးကိုရော စည်းကမ်းကိုရော ထုတ်ပြောလိုက်တော့ လင်စန်းနဲ့ သူ့ရဲ့ လက်အောက်ခံ ယင်ဝန်ထမ်း ငါးယောက်စလုံး မျက်နှာတွေ ပျက်သွားကြတယ်။
"ကောင်းပြီ... အရမ်းကောင်းတာပဲ မင်းက ယင်ဝန်ထမ်းဌာနကို အခုမှ ရောက်ပေမဲ့ ဒီစည်းကမ်းကိုတော့ အင်မတန် နှံ့နှံ့စပ်စပ် သိတာပဲ ကျိုးပုရှောက်မှာ မင်းလို လက်အောက်ငယ်သား ရှိတာ သူ့ရဲ့ ကံကောင်းမှုပဲ"
လင်စန်းက မဲ့ပြုံး ပြုံးပြလိုက်ပြီး ဖန့်ချန်ကို လက်အုပ်ချီလိုက်တယ်
"ဖန့်မိတ်ဆွေ... ငါတို့ ရေစက်ရှိရင် ပြန်ဆုံကြတာပေါ့"
ပြောပြီးတာနဲ့ သူက သူ့ရဲ့ ယင်ဝန်ထမ်းတွေကို ခေါ်ပြီး လှည့်ထွက်သွားတော့တယ်။
ဟို အောက်လမ်းဆင်းသူတွေလည်း ဒါကို မြင်တော့ သူ့နောက်ကနေ အပြေးအလွှား လိုက်သွားကြတယ်။
လင်စန်း ထွက်သွားပေမဲ့ ချင်းဆွေ့ရဲ့ မျက်နှာပေါ်က စိုးရိမ်မှုတွေကတော့ မပြယ်သေးဘူး။
သူက ဖန့်ချန်ရဲ့ ရှေ့ကို လာပြီး လက်အုပ်ချီကာ
"အရှင် ကျေးဇူးပြုပြီး အမြန် လူ့ပြည်ကို ပြန်ပါတော့ သူတို့က ဒီအတိုင်း ငြိမ်နေမှာ မဟုတ်ဘူး"
"မင်းကလည်း ဒီနေရာက ယင်ဝန်ထမ်း တစ်ယောက်ပဲလား"
ဖန့်ချန်က ပြုံးပြီး မေးလိုက်တယ်။
ချင်းဆွေ့က ခေတ္တမျှ ကြောင်သွားပြီးမှ ခေါင်းညိတ်ပြတယ်
"ကံကောင်းလို့ အထက်လူကြီးက သဘောကျပြီး ဌာနထဲကို အလုပ်သွင်းပေးလိုက်တာပါ"
"အခု အားရဲ့လား"
ဖန့်ချန်က ထပ်မေးတယ်။
ချင်းဆွေ့က ထူးထူးဆန်းဆန်း အမူအရာနဲ့
"အားတော့ အားပါတယ်၊ ဒါပေမဲ့..."
"အားရင် ရပြီ ကျုပ်ကို တည်းခိုဖို့ နေရာတစ်ခု လိုက်ရှာပေးစမ်းပါ ကျုပ် ဒီမှာ ယင်အိမ် တစ်လုံးလောက် ဝယ်ချင်လို့"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်။
ချင်းဆွေ့လည်း ဘာဖြစ်မှန်း မသိဘဲ ဖန့်ချန်ရဲ့ နောက်ကို ယောက်ယက်ခတ်ပြီး လိုက်သွားတော့တယ်။
ဖန့်ချန်ကို လူ့ပြည် အမြန်ပြန်ဖို့ တိုက်တွန်းချင်ပေမဲ့လည်း ဖန့်ချန်က တခြား စကားဝိုင်းတွေနဲ့ပဲ လွှဲဖယ်သွားခဲ့တယ်။
ဝမ်ဖန့်တို့ အမျိုးသမီး နှစ်ယောက်က သူတို့ ထွက်သွားတာကို လှမ်းကြည့်နေကြတယ်။
အနက်ရောင်ဝတ် အမျိုးသမီးက တိုးတိုးလေး ပြောလိုက်တယ်
"သခင်မ... ကျွန်မတို့ ဒီတစ်ခါတော့ လူမှန်ကို ရှာတွေ့ပြီ ထင်တယ် ဒီအရှင့်ရဲ့ အစွမ်းက သခင်မရဲ့ ခင်ပွန်းထက်တောင် မနိမ့်လောက်ဘူး"
"ရှောင်လန် ကိုလည်း ကျေးဇူးတင်ရမှာပါ မင်းသာ ယူဟွမ်းမြို့ထဲမှာ လိုက်ရှာမပေးရင် ဒီအရှင်နဲ့ အလုပ်တွဲလုပ်ဖို့ အခွင့်အရေး လွဲသွားမှာ"
ဝမ်ဖန့်က အနက်ရောင်ဝတ် အမျိုးသမီးကို အရိုအသေ ပေးလိုက်တယ်။
အနက်ရောင်ဝတ် အမျိုးသမီးက ပြုံးပြီး
"ဒီလောက်အထိ အားနာနေစရာ မလိုပါဘူး ဒါပေမဲ့ နောင်ကျရင် အပြင်ထွက်ရင်တော့ သတိထားမှ ဖြစ်မယ် မာမန်လုံရဲ့ လူတွေက ကျွန်မတို့ကို အမြဲ စောင့်ကြည့်နေပုံရတယ်"
ဝမ်ဖန့်က ခေါင်းညိတ်ပြလိုက်ပေမဲ့ သူမရဲ့ မျက်လုံးထဲက စိုးရိမ်မှုတွေကတော့ ပျောက်မသွားသေးပါဘူး။
အိမ်ဆိုတာ အိမ်ရှင်မရှိရင် မဖြစ်ဘူးလေ။
သူမရဲ့ ခင်ပွန်းသာ ပြန်မလာရင် ရွှမ်ယင်ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်တဲ့ သူမဟာ ဟို လေလွင့်ဝိညာဉ်တွေနဲ့ အောက်လမ်းဆင်းသူတွေရဲ့ မျက်စိကျစရာ သားကောင် ဖြစ်နေဦးမှာပါပဲ။
"အရှင်တို့ နှစ်ယောက်... ဒီ ယင်အိမ် ကို ဘယ်လို ထင်ပါသလဲ
"အရင်တုန်းက ဒီအိမ်မှာ ယင်ဝန်ထမ်းဌာနက အကြီးအကဲ တစ်ယောက် နေသွားဖူးပါတယ် ဒါပေမဲ့ အဲဒီ အကြီးအကဲက ယင်မိစ္ဆာ လက်ချက်နဲ့ သေဆုံးသွားတယ်လို့ ကြားရပြီးကတည်းက ဒီအိမ်က အခုလို နှစ်အတော်ကြာ အလွတ် ဖြစ်နေတာပါ"
ခုနစ်ဆင့်ဝင် အိမ်ကြီး တစ်လုံးထဲမှာ လတ်လတ်ဆတ်ဆတ် သေဆုံးထားတဲ့ လူလတ်ပိုင်း ဝိညာဉ်တစ်ယောက်က ဖန့်ချန်နဲ့ ချင်းဆွေ့ကို မျှော်လင့်ချက်အပြည့်နဲ့ ကြည့်နေတယ်။
"ဒီအိမ်ကတော့ မဆိုးပါဘူး ဒါပေမဲ့ ဈေးကတော့ မနည်းလောက်ဘူး ထင်တယ်နော်"
ချင်းဆွေ့ရဲ့ မျက်လုံးထဲမှာ အားကျတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားတယ်။
ကောင်းမွန်တဲ့ ယင်အိမ်တွေဟာ ယင်သက်တမ်းကို တည်ငြိမ်စေတယ် ဒီမှာ နေရင် ယင်သက်တမ်း ကုန်ဆုံးမှု ပိုနှေးတဲ့အတွက် ဒါကို သက်တမ်းတိုးစေတဲ့ နည်းလမ်းလို့တောင် ပြောကြတာလေ။