အခန်း (၈၀၅-၈၀၆)
Vol. 81 Ch. 805-806
အခန်း (၈၀၅) ယင်အိမ် ဝယ်ယူခြင်း
"ဒီအရှင်က အောက်လမ်းဆင်းသူပဲ ခင်ဗျားကလည်း ယင်ဝန်ထမ်းဌာနက အရှင်တစ်ယောက်ပဲ ဒီလောက် ပိုက်ဆံအနည်းအကျဉ်းကို အရှင်တို့နှစ်ယောက်က မထုတ်နိုင်ဘဲ နေမလား"
လူလတ်ပိုင်း လေလွင့်ဝိညာဉ်က ပြုံးရွှင်စွာနဲ့ ပြောတယ်
"ဒီယင်အိမ်က ယင်သက်တမ်း ၁၄၀ စာ ကြေးပြားပဲ ကျသင့်မှာပါဗျာ"
"၁၄၀ ဟုတ်လား သွားပြီး ဓားပြတိုက်ပါလား"
ချင်းဆွေ့ရဲ့ မျက်နှာက ပျက်သွားတယ်
"ခင်ဗျားက ငါတို့ကို ဈေးကွက်ပေါက်ဈေး မသိဘူးလို့ တကယ် ထင်နေတာလား "
ပြောပြီးတာနဲ့ ချင်းဆွေ့က ဖန့်ချန်ကို ပြောလိုက်တယ်
"ဖန့်အရှင် ကျွန်တော်တို့ တခြား အိမ်ခြံမြေအကျိုးဆောင်ဆီ ပြောင်းကြည့်ရအောင် ဒီဆိုင်က လူလိမ်ဆိုင်ပဲ"
လူလတ်ပိုင်း လေလွင့်ဝိညာဉ်က ကပျာကယာ ရှင်းပြတယ်
"အရှင် အရင် စိတ်မဆိုးပါနဲ့ဦး ဟိုဘက်က သစ်ပင်ကို မြင်လား အဲဒါ မိုးမခပင် လေ သက်တမ်းက နှစ်တစ်ရာရှိပြီ အဲဒါကမှ ဒီအိမ်ရဲ့ တန်ဖိုးအရှိဆုံး အရာပဲ ဒီ မိုးမခ တစ်ပင်တည်းတင် ယင်သက်တမ်း ၁၅၀ စာ တန်တယ်ဗျ"
သူတို့နှစ်ယောက်စလုံး လူလတ်ပိုင်း လေလွင့်ဝိညာဉ် ညွှန်ပြတဲ့ဘက်ကို ကြည့်လိုက်တော့ မှောင်မှောင်မှိုင်မှိုင် မိုးမခပင်တစ်ပင်ကို တကယ်ပဲ တွေ့လိုက်ရတယ်။
"မိုးမခ ဟုတ်လား"
ချင်းဆွေ့က သံသယရှိတဲ့ မျက်နှာနဲ့
"ငါ သွားကြည့်ဦးမယ် မင်းသာ ငါတို့ကို လိမ်ရဲရင် ယင်ဝန်ထမ်းဌာနကို တစ်ခေါက် လိုက်ခဲ့ဖို့သာ ပြင်ထား"
အဲဒီနောက် ချင်းဆွေ့က မိုးမခပင်ရှေ့ကို သွားပြီး ဟိုကြည့်ဒီကြည့် လုပ်ကာ တစ်ခါတစ်ရံ လက်နဲ့ ထိကြည့်တယ်။
တကယ်တော့ ဖန့်ချန်က ဒီမိုးမခပင်မှာ ယင်စွမ်းအား စုစည်းပေးနိုင်တဲ့ အာနိသင် ရှိနေတာကို စောစောကတည်းက မြင်ပြီးသားပါ။
စုပ်ယူထားတဲ့ ယင်စွမ်းအားက အများကြီး မဟုတ်ပေမဲ့လည်း ဒီအိမ်ထဲက ယင်စွမ်းအားကိုတော့ အပြင်ထက် အနည်းဆုံး တစ်ဆလောက် ပိုပြီး ထူထပ်နေစေပါတယ်။
အတော်ကြာတော့ ချင်းဆွေ့က ဖန့်ချန်ဆီ ပြန်လာပြီး ရိုရိုသေသေ ပြောတယ်
"အရှင် ဒီသစ်ပင်က တကယ်ပဲ တင်းဟွန်းမိုးမခ ပါယင်စွမ်းအား စုစည်းပေးတဲ့ အာနိသင် ရှိပါတယ်"
"တွေ့လား... ကျွန်တော် မလိမ်ပါဘူး ဒီအိမ်က ဒီဈေးနဲ့ တန်ပါတယ်ဗျ"
လူလတ်ပိုင်း ဝိညာဉ်က ဂုဏ်ယူစွာနဲ့ ပြုံးလိုက်တယ်။
ချင်းဆွေ့က သူ့ကို တစ်ချက်ကြည့်ပြီး အေးအေးဆေးဆေး ပြောတယ်
"ဒီ တင်းဟွန်းမိုးမခ ရှိနေရင်တောင် ခင်ဗျားပေးတဲ့ဈေးက အရမ်းကြီးလွန်းတယ် ယူဟွမ်းမြို့ထဲမှာ ဘယ်သူမှ ဝယ်မှာ မဟုတ်ဘူး"
ဖန့်ချန်က ပြုံးလိုက်တယ်
"ခင်ဗျား ခုနက ပြောတော့ ဒီ တင်းဟွန်းမိုးမခက ယင်သက်တမ်း ၁၅၀ စာ တန်တယ်ဆို"
"ဟုတ်ကဲ့၊ ဟုတ်ကဲ့"
လူလတ်ပိုင်း ဝိညာဉ်က ခေါင်းကို အဆက်မပြတ် ညိတ်တယ်
"အရှင်က အောက်လမ်းဆင်းသူဆိုတော့ ဒီ တင်းဟွန်းမိုးမခရဲ့ တန်ဖိုးကို သိမှာပါ ယင်သက်တမ်း ၁၅၀ စာတော့ အသာလေး တန်ပါတယ်"
"ဒီလိုလုပ် ခင်ဗျား အဲဒီသစ်ပင်ကို တူးပြီး ယူသွားလိုက် ပြီးတော့ ကျုပ်ကို ယင်သက်တမ်း ၁၀ နှစ်စာ ပြန်ပေး ဒါဆိုရင် ဒီအိမ်ကို ကျုပ် ဝယ်လိုက်မယ်"
ဖန့်ချန်က အသာလေး ပြုံးပြီး ပြောလိုက်တယ်။
လူလတ်ပိုင်း ဝိညာဉ်က ခဏလောက် ကြောင်အမ်းသွားပြီးမှ မျက်နှာပျက်ပျက်နဲ့ ရယ်လိုက်တယ်
"အရှင်ကလည်း နောက်နေပြန်ပြီ တင်းဟွန်းမိုးမခ ဆိုတာ တစ်ခါစိုက်ပြီးရင် ပြန်ရွှေ့လို့ မရဘူးဗျ ရွှေ့လိုက်ရင် သေသွားလိမ့်မယ် အရှင်ပဲ ဈေး ပေးပါဦးအဆင်ပြေရင် အရှင့်ကို ရောင်းပေးလိုက်ပါ့မယ် ရေစက်ဆုံတာပေါ့"
"အမှန်အတိုင်း ပြောရရင် ဒီ တင်းဟွန်းမိုးမခ က ကျုပ်အတွက် ဘာမှ အသုံးမဝင်ဘူး"
ဖန့်ချန်က လက်ကို လေထဲမှာ ဆုပ်လိုက်တဲ့အခါ မရေမတွက်နိုင်တဲ့ ယင်စွမ်းအားတွေက ဒီနေရာကို အရူးအမူး တိုးဝင်လာပြီး လူတိုင်းရဲ့ ပတ်ပတ်လည်မှာ ရစ်ပတ်ကုန်ကြတယ်။
အိမ်ထဲက ယင်စွမ်းအားတွေဟာ ချက်ချင်းဆိုသလို ခုနစ်ဆ ရှစ်ဆမက ပိုပြီး ထူထပ်လာတာကို ချင်းဆွေ့နဲ့ လူလတ်ပိုင်း ဝိညာဉ်တို့ သိသိသာသာ ခံစားလိုက်ရပြီး သူတို့ရဲ့ မျက်လုံးတွေထဲမှာ တုန်လှုပ်မှုတွေ ပေါ်လာတော့တယ်။
ချင်းဆွေ့ရဲ့ စိတ်ထဲမှာလည်း အင်မတန် ထိတ်လန့်သွားတယ် သူ ယင်လောကအကြောင်း သိထားသလောက်ဆိုရင် ရှေ့က ဖန့်အရှင့်ရဲ့ အစွမ်းက... ယူဟွမ်းမြို့ရဲ့ ထိပ်တန်း အဆင့်မှာ ရှိနေနိုင်တယ်
"ကျုပ်က တည်းခိုဖို့ နေရာတစ်ခုပဲ လိုတာပါ တကယ်လို့ ဈေးက ယင်သက်တမ်း နှစ် ၂၀ စာထက် ကျော်ရင်တော့ ကျုပ် တို့ မပြောတော့ဘူး"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်။
"နှစ် ၂၀..."
လူလတ်ပိုင်း ဝိညာဉ်က အတန်ကြာ မှင်သက်သွားတယ်။
ပုံမှန်ဆိုရင်တော့ သူ လက်ခါပြီး လှည့်ထွက်သွားမှာပါ ပြီးရင် ဆဲဆိုပြီး တံတွေးနဲ့တောင် ထွေးသွားဦးမှာ။
ဒါပေမဲ့ ဒီနေ့ အခြေအနေက မတူဘူး ရှေ့က အောက်လမ်းဆင်းသူရဲ့ အစွမ်းက သူ့ကို အင်မတန် တုန်လှုပ်စေတယ်။
ခဏလောက် စဉ်းစားပြီးနောက် လူလတ်ပိုင်း ဝိညာဉ်က တိုးတိုးလေး မေးလိုက်တယ်
"အရှင့်အနေနဲ့ ရေရှည်ငှားဖို့ကော စဉ်းစားမလား"
"ငှားရမယ် မင်းက ငါ့ကို အထင်သေးတာလား ဖန့်အရှင်ကို အထင်သေးတာလား"
ချင်းဆွေ့ရဲ့ မျက်နှာက ပျက်သွားတယ်။
ဖန့်ချန်ကတော့ လက်ကာပြလိုက်ပြီး စိတ်ဝင်တစားနဲ့ မေးတယ်
"ဘယ်လိုမျိုး ရေရှည်ငှားမှာလဲ တစ်နှစ်ကို ယင်သက်တမ်း ဘယ်လောက်လဲ"
"အရှင်... ရေရှည်ငှားတာဖြစ်ဖြစ် ခဏငှားတာဖြစ်ဖြစ် မကိုက်ဘူးဗျ အချိန်ပြည့်ရင် အိမ်ကို သူတို့ဆီ ပြန်ပေးရမှာ ဒါဆိုရင် ဒီယင်သက်တမ်းတွေက အလကား ဆုံးရှုံးသွားမှာပေါ့..."
ချင်းဆွေ့က ဖန့်ချန်ကို ရေရှည်ငှားမယ့် အစီအစဉ်ကို လက်လျှော့ဖို့ ဖျောင်းဖျချင်နေတယ်။
သူ့အမြင်မှာတော့ ဘယ်မြို့မှာမဆို တစ်သက်လုံး နေရမှာဆိုတော့ ဝယ်လိုက်တာကမှ ကိုက်မယ်လို့ ထင်နေတာပါ။
သူ မသိတာက ဖန့်ချန်က ယူဟွမ်းမြို့မှာ အကြာကြီး နေမှာ မဟုတ်ဘူးဆိုတာပါပဲ။
"အရှင်က ရေရှည်ငှားမယ်ဆိုရင် ကျွန်တော်ကပဲ ဆုံးဖြတ်ပေးပါ့မယ် ယင်သက်တမ်း နှစ် ၂၀ နဲ့ နှစ် ၄၀ ကြာ နေထိုင်ခွင့် ပေးပါ့မယ်"
လူလတ်ပိုင်း ဝိညာဉ်က အံကြိတ်ပြီး ပြောတယ်
"တခြားလူဆိုရင် နှစ် ၂၀ စာကို နှစ် ၂၀ ပဲ ပေးတာပါ ဒါက ကျွန်တော့်ဘက်က အများဆုံး လျှော့ပေးတာပါပဲ"
"ကောင်းပြီ"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး လူလတ်ပိုင်း ဝိညာဉ်ဆီကို အနက်ရောင် ကြေးပြား ၂၀ ပစ်ပေးလိုက်တယ်၊ ပြီးတော့ ချင်းဆွေ့ကို ရေရှည်ငှားရမ်းတဲ့ စာချုပ်ကိစ္စ သွားလုပ်ခိုင်းလိုက်တယ်။
သူတို့နှစ်ယောက် ထွက်သွားပြီးနောက်မှာ ဖန့်ချန်ရဲ့ ဘေးမှာ ယင်စွမ်းအား နှစ်ခု စုစည်းလာပြီး အဖြူနဲ့ အမည်း စက္ကူရုပ်လေး နှစ်ရုပ်က ပတ်ဝန်းကျင်ကို စပ်စုတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။
"ဖြူလေး မည်းလေး မင်းတို့ အိမ်ပြန်ရောက်သလို ခံစားရလား"
ဖန့်ချန်က ပြုံးပြီး မေးလိုက်တယ်။
"နည်းနည်းတော့ အဲဒီလို ခံစားရတယ်"
စက္ကူရုပ်အမည်းလေးက တိုးတိုးလေး ပြောတယ်။
စက္ကူရုပ်အဖြူလေးရဲ့ မျက်နှာမှာတော့ အပြုံးတစ်ခု ပေါ်လာပြီး
"ဒီက ယင်စွမ်းအားတွေက ကျွန်တော့်ကို အရမ်း သက်သောင့်သက်သာ ဖြစ်စေတယ် ကံတရားစွမ်းအား တွေနဲ့ ရစ်ပတ်ထားသလိုပဲ"
"ကံတရားစွမ်းအား..."
ဖန့်ချန်ရဲ့ မျက်လုံးတွေ လှုပ်ရှားသွားတယ် သူ့ရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်နေတဲ့ ယင်စွမ်းအားတွေကို ငြိမ်သက်စွာ ခံစားကြည့်လိုက်တော့... တကယ်ပဲ ကံတရားစွမ်းအား ရနံ့လေး တစ်စုံတစ်ရာ ပါဝင်နေသလိုပဲ။
ဖန့်ချန်ရဲ့ မျက်လုံးထဲမှာ တုန်လှုပ်မှုတွေ ပိုလာတယ် ယင်လောကရဲ့ လည်ပတ်ပုံကို သူ ခပ်ရေးရေး မှန်းဆမိလိုက်တယ်။
လူသေပြီးရင် ကံတရားတွေ ပြတ်တောက်သွားတယ် အတိတ်ဘဝနဲ့ ပစ္စုပ္ပန်ဘဝက ဘာမှ မသက်ဆိုင်တော့ဘူး။
ဒါဆိုရင် ပြတ်တောက်သွားတဲ့ ကံတရားတွေက ဘယ်ကို ရောက်သွားသလဲ
လူ့ပြည်မှာ ပျောက်ကွယ်သွားတာ မဟုတ်ဘဲ ယင်လောကထဲကို ရောက်လာပြီး ဒီလို ယင်စွမ်းအားတွေအဖြစ် ပြောင်းလဲသွားတာလား...
အခုတော့ သူ့ရဲ့ ရွှမ်ဖျင့်မူလဝိညာဉ်က ဒီကံတရားတွေ ရောနှောနေတဲ့ ယင်စွမ်းအားတွေကို စုပ်ယူပြီး မူလဝိညာဉ်ကို သန်မာအောင် လုပ်နေပြီ
"ကံတရားက ဘေးဒုက္ခသုံးမျိုးနဲ့ ကပ်ဘေးကိုးပါး ကို သက်ရောက်စေတယ် ဖြူလေးနဲ့မည်းလေးလည်း ကံတရားစွမ်းအားကိုပဲ စားသုံးကြတယ် သွေးဝိညာဉ်ဂိုဏ်း ရဲ့ သွေးဝိညာဉ်ဆေးလုံးကလည်း သာမန်လူ ဒါမှမဟုတ် ကျင့်ကြံသူတွေဆီက ကံတရားတွေကို ထုတ်ယူပြီး ဖော်စပ်ထားတာပဲ"
"ပြီးတော့ ဒီယင်လောက ရွှမ်ဖျင့်မူလဝိညာဉ် ကြည့်ရတာ ဒီလောကရဲ့ အရာအားလုံးက ကံတရား ဆီကနေပဲ မြစ်ဖျားခံလာတာပဲ..."
"ဝိညာဥ်သိုင်းနယ်မြေက ဝိညာဉ်နတ်ဘုရား က သွေးဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်နိုင်တယ် အခု ယင်လောကမှာလည်း အဲဒီ ဝိညာဉ်နတ်ဘုရားကို ကိုးကွယ်တဲ့ အောက်လမ်းဆင်းသူတွေ ရှိနေတယ် သွေးဝိညာဉ်ဂိုဏ်းက ယင်လောကမှာပါ အကွက်ချနေတာပဲ ငါကတော့ ဝိညာဉ်သုတ်သင်ဌာန က နယ်ရုပ် တစ်ရုပ်လား"
ဖန့်ချန်ရဲ့ စိတ်ထဲမှာ တဖြည်းဖြည်း ရှင်းလင်းလာတယ်။
သူက နယ်ရုပ်တစ်ရုပ် ဖြစ်ရတာကို မငြင်းပါဘူးအဓိကက ဘယ်သူက ကစားနေတာလဲ ဆိုတာပါပဲ။
နယ်ရုပ် ဖြစ်ရမယ်ဆိုရင်တောင် သူက အကြမ်းဆုံးနဲ့ အယုတ်ဆုံး နယ်ရုပ် ဖြစ်အောင် လုပ်မှာပါ။
"ဒါပေမဲ့... ဟိုလူက ကျုပ်တစ်ယောက်တည်းကိုပဲ ပစ်ချလိုက်တာ မဟုတ်လောက်ဘူး တခြား လုပ်ဖော်ကိုင်ဖက်တွေလည်း ဒီမှာ ရှိနေမှာပဲ သူတို့ ဘယ်လို ဖြစ်နေကြမလဲ ဝမ့်ချွမ်းမြစ်ကိုတောင် ဖြတ်နိုင်ကြပါ့မလား မသိဘူး"
"အရှင် ဒီမိုးမခပင်က စိတ်ဝင်စားစရာပဲ ဝိညာဉ်ပူးကပ်ခြင်းအတတ် နဲ့ တစ်ချက်လောက် စမ်းကြည့်မလား"
စက္ကူရုပ်အမည်းလေးရဲ့ အသံက ဖန့်ချန်ရဲ့ အတွေးကို ဖြတ်လိုက်တယ်။
ဖန့်ချန်က တင်းဟွန်းမိုးမခကို ကြည့်လိုက်တယ် သူ့မျက်နှာက ထူးဆန်းသွားတယ် ဝိညာဉ်ပူးကပ်ခြင်းအတတ်နဲ့ စမ်းကြည့်မယ်
ဟုတ်သားပဲ လူ့ပြည်မှာတော့ မိစ္ဆာတွေ အများကြီး မရှိဘူး ဒါပေမဲ့ ဒီယင်လောကမှာတော့... နေရာအနှံ့မှာ မိစ္ဆာတွေချည်းပဲ။
ဒီ တာအို ဂိုဏ်းရဲ့ ဝိညာဉ်ပူးကပ်ခြင်းအတတ်က တကယ်တော့ ဒီယင်လောကအတွက် သီးသန့် ဖန်တီးထားတာလား ဒီနေရာကမှ သူ့ရဲ့ တကယ့် အသုံးချရာ နေရာလား
"ငါက ဒီမှာ ငှားနေတာပဲရှိသေးတယ် ဒီ တင်းဟွန်းမိုးမခ က ငါပိုင်တာ မဟုတ်သေးတော့ အခုလောလောဆယ်တော့ မလုပ်သေးပါဘူး"
"မင်းတို့နှစ်ယောက် မင်းတို့ရဲ့ ယင်စွမ်းအားတွေကို ဖျောက်ထားပြီး အပြင်ကို သွားကြည့်ကြဦး ဒီယူဟွမ်းမြို့မှာ အောက်လမ်းဆင်းသူ ဘယ်လောက်ရှိလဲ လေလွင့်ဝိညာဉ် ဘယ်လောက်ရှိလဲဆိုတာ ငါ သိချင်တယ်"
"ပြီးတော့ ယင်မိစ္ဆာ ဆိုတာ ဘာလဲဆိုတာကိုလည်း စုံစမ်းခဲ့ဦး ဒီမြို့ကနေ ဘယ်လို ထွက်သွားလို့ ရမလဲဆိုတာကိုလည်း မမေ့နဲ့ဦး"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်။
လမ်းတစ်လျှောက်မှာ သူ စက္ကူရုပ်တွေ အများကြီး တွေ့ခဲ့တယ် အဲဒါတွေက လေလွင့်ဝိညာဉ်တွေ သေပြီးနောက် လူ့ပြည်ကနေ ယူလာကြတာတွေပါ။
ဒါကြောင့် ဖြူလေးနဲ့ မည်းလေးတို့ ဒီနေရာမှာ ပေါ်လာရင်လည်း သူတို့ရဲ့ ယင်စွမ်းအားတွေကို ဖျောက်ထားသရွေ့တော့ လူတွေ သိပ်သတိထားမိမှာ မဟုတ်ပါဘူး။
"ဟုတ်ကဲ့ပါ"
စက္ကူရုပ် နှစ်ရုပ်က အရိုအသေ ပေးလိုက်ပြီး ယင်စွမ်းအားတွေကို ဖျောက်ကာ အပြင်ကို ထွက်သွားကြတယ်။
အပြင်မှာ ချင်းဆွေ့နဲ့ လူလတ်ပိုင်း ဝိညာဉ်တို့နဲ့ တည့်တည့် တိုးမိတော့ သူတို့နှစ်ယောက်က စက္ကူရုပ်လေးတွေကို ထူးထူးဆန်းဆန်း လှည့်ကြည့်သွားကြတယ်။
"ကိစ္စတွေ အဆင်ပြေခဲ့လား"
ဖန့်ချန်က ပြုံးပြီး မေးလိုက်တယ်။
"ပြေပါတယ်၊ ပြေပါတယ်"
လူလတ်ပိုင်း ဝိညာဉ်က အလျင်အမြန် ခေါင်းညိတ်ပြီး စာချုပ်ကို ဖန့်ချန်ရဲ့ လက်ထဲကို ကိုယ်တိုင် အပ်နှင်းကာ နှုတ်ဆက်ပြီး ထွက်သွားတယ်။
"မိတ်ဆွေချင်း ဒီလောက်ကြီးတဲ့ အိမ်ကြီးထဲမှာ လက်ထောက်လေး ဘာလေး မရှိရင်လည်း မကောင်းဘူးနော် မင်းမှာ အကြံကောင်း ရှိလား"
ဖန့်ချန်က စာချုပ်ကို သိမ်းလိုက်ပြီး ချင်းဆွေ့ကို ပြုံးကာ မေးလိုက်တယ်။
အခန်း (၈၀၆) နေ့ခင်းကင်းလှည့် အရှင်
ချင်းဆွေ့က အနည်းငယ် မှင်သက်သွားပြီး စိတ်လှုပ်ရှားမှုတွေက တဖြည်းဖြည်း မြင့်တက်လာတယ်၊ စိတ်ကို တည်ငြိမ်အောင် အသက်ပြင်းပြင်း ရှူလိုက်ပြီးမှ လက်အုပ်ချီကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်
"တကယ်လို့ ဖန့်အရှင်ကသာ ယုံကြည်မယ်ဆိုရင် ကျွန်တော် ဒီနေ့ သွားကြိုလာတဲ့ ညီအစ်ကိုတွေထဲကနေ အရှင့်ရဲ့ အိမ်တော်ကို စောင့်ရှောက်ဖို့ လူတချို့ ရွေးထုတ်ပေးနိုင်ပါတယ်"
ဒီလိုပြောပြီးမှ သူက စကားမှားသွားမှန်း သိလိုက်ပုံရပြီး ကပျာကယာ ပြင်ပြောတယ်
"ဒါပေမဲ့ အရှင့်ရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် ဘယ်သူမှ လာပြီး နှောင့်ယှက်ရဲမှာ မဟုတ်ပါဘူး သူတို့ကတော့ သာမန် ဝေယျာဝစ္စတွေကိုပဲ လုပ်ပေးဖို့ပါ"
"လစာက ဘယ်လိုပေးရမလဲ"
ဖန့်ချန်က ပြုံးပြီး မေးလိုက်တယ်။
"တစ်ယောက်ကို ယင်သက်တမ်း ခြောက်လစာ ပေးရင် ရပါပြီ"
ချင်းဆွေ့က ဖန့်ချန်ကို အကဲခတ်ရင်း စိုးရိမ်တကြီး ကြည့်နေတယ်၊ ဖန့်ချန်က တိတ်ဆိတ်နေတာကို မြင်တော့ သူက လေသံပြောင်းပြီး
"အဲဒီထက် နည်းနည်း လျှော့ပေးရင်လည်း ရပါတယ်..."
"ယင်သက်တမ်း ခြောက်လပဲလား ဒါဆိုရင် ယင်သက်တမ်းကြေးပြား တစ်ပြားနဲ့ ကျုပ်ရဲ့ အိမ်ကို စောင့်ရှောက်ဖို့ လူနှစ်ယောက်ကို တစ်နှစ်စာ ငှားလို့ရတာပေါ့ မဈေးဘူးပဲ"
ဖန့်ချန်က ပြုံးလိုက်တယ် ဒီယင်သက်တမ်းကြေးပြားက အတော်လေး တန်ဖိုးရှိတာကို သူ ရုတ်တရက် သတိထားမိသွားတယ်။
ဝမ်ဖန့်က ယင်သက်တမ်း နှစ် ၂၀၀ တောင် ပေးပြီး လူကယ်ခိုင်းတယ်ဆိုတော့ သူမရဲ့ ခင်ပွန်းကို ဘယ်လောက်တောင် ချစ်လဲဆိုတာ သိသာလှပါတယ်။
"ဈေးနှုန်းကတော့ မင်းပြောတဲ့အတိုင်းပဲ ပေးမယ် ဒါပေမဲ့ ငါက လူအများကြီး မလိုဘူး ဆယ်ယောက်ဆိုရင် လုံလောက်ပြီ အခြေအနေကတော့ အလိုက်သိရမယ် အလုပ်လုပ်တတ်ရမယ် စကားမများရဘူး ပြီးတော့ ပါးစပ်လုံရမယ်"
ဖန့်ချန်က ပြုံးပြီး ဆက်ပြောတယ်
"ဒါ့အပြင် ခုနက လမ်းမှာတွေ့ခဲ့တဲ့ လေလွင့်ဝိညာဉ်လေးတွေကို ရောင်းတဲ့နေရာမှာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ဝယ်ခဲ့ဦး"
ပြောပြီးတာနဲ့ သူက ယင်သက်တမ်းကြေးပြား အပြား ၂၀ ထုတ်ပြီး ချင်းဆွေ့ကို ပေးလိုက်တယ်။
"အရှင်... ဒီလောက်အထိ အများကြီး မလိုပါဘူး ကျွန်တော့် ညီအစ်ကိုတွေအတွက် ငါးပြားပဲ ပေးရမှာပါ ဝိညာဉ်လေးတွေကလည်း သုံးပြား ငါးပြားလောက်ပဲ ရှိတာပါ"
ချင်းဆွေ့က ပြောတယ်။
"ကျန်တာကို မင်းကို ဆုချလိုက်မယ်"
ဖန့်ချန်က ပြုံးပြီး လက်ကာပြလိုက်တယ်
"အမြန် သွားတော့"
ချင်းဆွေ့ ကြောင်အမ်းသွားပြီး အတန်ကြာမှ သတိပြန်ဝင်လာတယ်၊ အိမ်ထဲကနေ ထွက်သွားတဲ့အချိန်မှာ သူ့ခြေလှမ်းတွေက လွင့်မျောနေသလိုပဲ။
ဒီလောက်အထိ လက်ဖွာတဲ့ အောက်လမ်းဆင်းသူမျိုး ရှိလို့လား ဆုချတာတင် ယင်သက်တမ်း နှစ်အတော်ကြာစာ ရှိနေပြီလား
ချင်းဆွေ့ဟာ ယင်ဝန်ထမ်းဌာနကနေ အလုပ်ထွက်ပြီး ဖန့်ချန်ရဲ့ လက်အောက်မှာ အလုပ်ဝင်လုပ်ချင်တဲ့ စိတ်ဆန္ဒတွေ တဖွားဖွား ပေါ်ပေါက်လာတယ်။
ကံကောင်းတာက ဒီစိတ်ကို သူ ထိန်းနိုင်ခဲ့လို့ပါ။
ယင်လောကမှာ စကားပုံတစ်ခု ရှိတယ် ဌာနဆိုတာ သံမဏိလို ခိုင်မြဲပြီး အောက်လမ်းဆင်းသူဆိုတာ စီးဆင်းနေတဲ့ ရေလိုပဲ တဲ့။
ဒါက အစိုးရဌာနတွေနဲ့ အောက်လမ်းဆင်းသူတွေရဲ့ သဘောသဘာဝကို ပြောတာပါ။
ယင်ဝန်ထမ်းဌာနက လစာမများဘူး တစ်နှစ်မှ ကြေးပြား တစ်ပြားပဲ ရပေမဲ့ ဒါက အမြဲတမ်း အလုပ်အကိုင် ဖြစ်နေလို့ပါ။
"ရှေ့ကလူက ယင်ဝန်ထမ်းဌာနက ချင်းဆွေ့ မဟုတ်လား "
"ဟုတ်ပါတယ်"
ချင်းဆွေ့ ခေါင်းမော့လိုက်ရုံရှိသေးတယ်၊ စူးရှတဲ့ အော်ဟစ်သံတစ်ခု ကြားလိုက်ရတယ်
"သူပဲ၊ ဖမ်းပြီး ခေါ်သွားကြ"
ချင်းဆွေ့ ဘာမှ တုံ့ပြန်ချိန်မရခင်မှာပဲ သူ့ကို ဂုန်နီအိတ်နဲ့ စွပ်ပြီး ဝိုင်းရိုက်ကြတော့တယ် ပြီးတော့ သူ့ကို မပြီး ခေါ်သွားကြလေရဲ့။
လင်စန်းရဲ့ မျက်နှာမှာ မဲ့ပြုံးတစ်ခု ပေါ်လာပြီး သူ့ဘေးက မုတ်ဆိတ်ဗလပွနဲ့ လူသန်ကြီးကို လက်အုပ်ချီကာ ပြောလိုက်တယ်
"ဝမ်အရှင်... ကျေးဇူးတင်ပါတယ်"
မုတ်ဆိတ်ဗလပွ လူသန်ကြီးက သူ့မုတ်ဆိတ်ကို ပွတ်ရင်း
"ဒီလောက်အထိ အားနာစရာ မလိုပါဘူး မင်းကလည်း ငါ့ကို ယင်သက်တမ်းတွေ အမြဲ လာကန်တော့နေတာပဲ မင်း ကိစ္စရှိလာပြီဆိုတော့ ငါကလည်း ကြည့်ပေးရမှာပေါ့ ဒီ ချင်းဆွေ့ကို ဖမ်းသွားပြီးရင် မင်းကြိုက်သလို လုပ်လို့ရတယ် မသေစေနဲ့ပေါ့"
"အခု ငါက အဲဒီ အောက်လမ်းဆင်းသူဆီ သွားပြီး သူက ဘယ်လိုလူလဲဆိုတာ စမ်းကြည့်လိုက်ဦးမယ် အခြေအနေ မကောင်းဘူးဆိုရင်တော့ အောက်လမ်းဆင်းသူ နည်းနည်းလောက် ခေါ်ပြီး မင်းအတွက် ရှင်းခိုင်းလိုက်မယ်"
"ဝမ်အရှင်... အရှင့်ရဲ့ ကျေးဇူးကို စကားနဲ့တောင် ဖော်ပြလို့ မရပါဘူး အရှင့်ဘက်ကသာ ကျွန်တော့်ညီအတွက် လက်စားချေပေးနိုင်မယ်ဆိုရင် နောင်ကျရင် အရှင့်ကို ကျွန်တော် အစွမ်းကုန် ပြန်ပေးဆပ်ပါ့မယ်"
လင်စန်းက မျက်နှာကို တည်ထားပြီး လက်အုပ်ချီ ဂါရဝပြုလိုက်တယ်။
မုတ်ဆိတ်ဗလပွ လူသန်ကြီးက တစ်ချက်ရယ်လိုက်ပြီး ဖန့်ချန် ငှားထားတဲ့ ယင်အိမ်ဆီကို လျှောက်သွားတယ်။
သူက တံခါးတောင် မခေါက်ဘဲ တံခါးကို ဖြတ်ပြီး လင်စန်းတို့ရဲ့ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားတော့တယ်။
"လင်အစ်ကို ဝမ်အရှင်လို နေ့ခင်းကင်းလှည့်စစ်သည် က ထွက်ရှင်းပေးတာဆိုတော့ အဲဒီ အောက်လမ်းဆင်းသူလည်း လက်လျှော့ရမှာပါပဲ"
လင်စန်းရဲ့ လက်အောက်ငယ်သား ယင်ဝန်ထမ်းက ပြုံးစိစိနဲ့ ပြောတယ်
"ယင်သက်တမ်း ရာနဲ့ချီပြီး မပေးဘူးဆိုရင်တော့ ဒီကိစ္စက ပြီးမှာ မဟုတ်ဘူး"
"ငါ့ညီရဲ့ အသက်က ယင်သက်တမ်း ရာဂဏန်းလောက်ပဲ တန်တယ်လို့ မင်း ထင်နေတာလား"
လင်စန်းက မျက်နှာထားတင်းတင်းနဲ့ ပြောလိုက်တယ်။
လက်အောက်ငယ်သားက ကြောင်သွားပြီး မျက်နှာပျက်သွားတယ်၊ ဒါပေမဲ့ တခြား ယင်ဝန်ထမ်း တစ်ယောက်က ဝင်ပြောတယ်
"အရှင်... ဟိုလူက အောက်လမ်းဆင်းသူ ဖြစ်တဲ့အပြင် အစွမ်းကလည်း မနိမ့်ဘူး ဝမ်အရှင်က ကူညီမယ်ဆိုရင်တောင် သူ့ကို ယူဟွမ်းမြို့မှာ တကယ် ဖမ်းဆီးထားဖို့က အင်မတန် ခက်ခဲပါတယ် ဒါကြောင့် သူ့ဆီက ယင်သက်တမ်း နည်းနည်းလောက် ညှစ်ထုတ်ပြီးမှ နောက်ပိုင်းကျမှ ဖြည်းဖြည်းချင်း ဖိနှိပ်တာက ပိုကောင်းပါလိမ့်မယ်"
လင်စန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာတယ်
"မင်းကမှ အခြေအနေကို နားလည်တာပဲ သူ့ဆီက ယင်သက်တမ်း တစ်ထောင်လောက် မညှစ်ထုတ်နိုင်ရင်တော့ ဒီကိစ္စက မပြီးသေးဘူး"
"ဒါဆိုရင်တော့ အဲဒီ အောက်လမ်းဆင်းသူတော့ ဒုက္ခရောက်ပြီပေါ့ ယင်သက်တမ်း တစ်ထောင်ဆိုတာ အနည်းဆုံး နှစ်တစ်ရာလောက်မှ ရှာလို့ရတာလေ ငါတို့ လင်အရှင်ကို ပြစ်မှားမိရင် ဘာဖြစ်မလဲဆိုတာ သူ သိသွားအောင် လုပ်ပေးလိုက်ရမှာပေါ့"
ယင်ဝန်ထမ်းတွေက ဝမ်းသာအားရ ဖြစ်နေကြသလို တစ်ခုခု ရခဲ့ရင် သူတို့လည်း ဝေစုရမလားဆိုပြီး မျှော်လင့်နေကြတယ်။
ယင်အိမ်ထဲမှာတော့ မုတ်ဆိတ်ဗလပွ လူသန်ကြီးက ဟန်ပါပါနဲ့ ဝင်လာတယ်၊ အဲဒီမှာ သူ့ကို ကျောပေးထားတဲ့ လူရိပ်တစ်ခုကို ချက်ချင်း တွေ့လိုက်ရတယ်။
"မင်းက အခုမှ ရောက်တဲ့ အောက်လမ်းဆင်းသူလား"
မုတ်ဆိတ်ဗလပွ လူသန်ကြီးက ပါးစပ်ကို တွန့်လိုက်ပြီး အေးအေးဆေးဆေး မေးလိုက်တယ်။
"ယူဟွမ်းမြို့ထဲမှာ အိမ်ရှင်က ခွင့်မပြုဘဲနဲ့ ကြိုက်သလို ဝင်လာလို့ ရတာလား"
ဖန့်ချန်က ပြုံးပြီး လှည့်ကြည့်လိုက်တယ်။
"ငါက နေ့ခင်းကင်းလှည့်စစ်သည် ပဲ မင်းတို့လို အောက်လမ်းဆင်းသူတွေနဲ့လည်း မတူဘူး သာမန် အစိုးရ ယင်ဝန်ထမ်းတွေနဲ့လည်း မတူဘူး ငါက မင်းတို့ရဲ့ ယင်အိမ်တွေကို ကြိုက်သလို ဝင်နိုင်ရုံတင်မကဘူး ငါက နေ့ခင်းဘက်မှာ လူ့ပြည်ကိုလည်း လှည့်လည်နိုင်တယ်"
မုတ်ဆိတ်ဗလပွ လူသန်ကြီးက မဲ့ပြုံး ပြုံးပြလိုက်တယ်
"မင်း လူ့ပြည်ကို ပြန်သွားတဲ့ အခါကျရင် ငါက မင်းဆီကို လက်ဖက်ရည် သောက်ရင်း တရားဆွေးနွေးဖို့ လာချင်လာမှာပေါ့"
ဖန့်ချန်ရဲ့ မျက်လုံးတွေ လှုပ်ရှားသွားတယ်။
မုတ်ဆိတ်ဗလပွ လူသန်ကြီးဆီကနေ အောက်လမ်းဆင်းသူတွေရဲ့ အငွေ့အသက်နဲ့ ဆင်တူတဲ့ အရာတစ်ခုကို သူ ခံစားလိုက်ရလို့ပါ။
ဒီအငွေ့အသက်က အောက်လမ်းဆင်းသူတွေ ပါးစပ်ထဲမှာ ငုံထားတဲ့ ယန်စွမ်းအား နဲ့ ဆင်တူပါတယ် အဲဒါက အောက်လမ်းဆင်းသူတွေ လူ့ပြည်ကို ပြန်နိုင်တဲ့ အခြေခံ အကြောင်းရင်းပါပဲ။
သာမန် လေလွင့်ဝိညာဉ်တွေကတော့ ဝမ့်ချွမ်းမြစ်ကို ဖြတ်ပြီး မြို့ထဲကို ရောက်လာပြီဆိုရင် ဘဝကူးဖို့ကလွဲလို့ လူ့ပြည်ကို ပြန်ဖို့ လုံးဝ အခွင့်အရေး မရှိပါဘူး။
"ကျုပ်ရဲ့ လက်ဖက်ရည်က သောက်လို့ သိပ်မကောင်းဘူးနော်"
ဖန့်ချန်က ပြုံးလိုက်တယ်
"ပြောပါဦး... ကျုပ်ဆီကို ဘာကိစ္စနဲ့ လာတာလဲ"
"ဒါဆိုရင်လည်း ငါက ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်"
မုတ်ဆိတ်ဗလပွ လူသန်ကြီးက အေးအေးဆေးဆေး ပြောတယ်
"ငါ့နာမည်က ဝမ်ဟူ ယင်ဝန်ထမ်းဌာနရဲ့ နေ့ခင်းလှည့်စစ်သည် ပဲ ငါ့လက်အောက်မှာ ယင်ဝန်ထမ်းတွေ မရှိပေမဲ့ ကြီးမားလှတဲ့ ယူဟွမ်းမြို့ကြီးမှာ ငါတစ်ယောက်တည်းပဲ နေ့ခင်းလှည့်စစ်သည် ရှိတာ"
"မြို့တော်ဝန် ဒါမှမဟုတ် ယင်ဝန်ထမ်းဌာနက စီရှန်တွေတောင် ငါ့ကို လက်ဖက်ရည် သောက်ဖို့ ခဏခဏ ဖိတ်ကြတယ် ငါ့မျက်နှာက ယူဟွမ်းမြို့မှာတော့ တော်တော်လေး အရာရောက်တယ်"
သူ့ရဲ့ နောက်ကြောင်းကို ပြောပြပြီးနောက် ဝမ်ဟူက တဟားဟား ရယ်လိုက်တယ်
"မင်းက ဒီနေ့ ယင်ဝန်ထမ်းဌာနက ဝူကျန့် လင်စန်းရဲ့ ညီအရင်းကို သတ်လိုက်တယ် ဒါက ရန်ငြိုးဖွဲ့လိုက်တာပဲ ဒါကို ဖြေရှင်းချင်ရင်တော့ မင်းမှာ ယင်သက်တမ်းကြေးပြား အလုံအလောက် ရှိဖို့ လိုမယ်"
" မင်းက အခုမှ ရောက်ကာစဆိုတော့ လက်ထဲမှာ သိပ်မရှိဘူးဆိုတာ ငါ သိပါတယ် ဒါကြောင့် နောက်ပိုင်း မင်း အောက်လမ်းဆင်းတိုင်း ငါ့ကို ယင်သက်တမ်း နှစ် ၃၀ စာ ပေးရမယ် ဒါဆိုရင် ဒီကိစ္စကို ငါ တာဝန်ယူ ရှင်းပေးမယ်"
"မဟုတ်ရင်တော့ မင်း ယူဟွမ်းမြို့ကနေ အသက်ရှင်လျက် ထွက်သွားနိုင်ရင်တောင် တစ်သက်လုံး အောက်လမ်းဆင်းဖို့ ခက်သွားလိမ့်မယ် ငါ့ရဲ့ စေတနာကို မငြင်းပါနဲ့ဦး"
"ငါ က ငြင်းလိုက်ရင်ကော"
ဖန့်ချန်က စဉ်းစားဟန်နဲ့ မေးလိုက်တယ်။
"ငြင်းမယ် ဟုတ်လား"
ဝမ်ဟူက ရယ်လိုက်တယ်
"မင်းက နေ့ခင်းကင်းလှည့်စစ်သည်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို နားမလည်သေးဘူး ထင်တယ် မင်းအတွက်တော့ ငါက တောင်ကြီးတစ်လုံးလိုပဲ မင်း အသက်ရှူလို့ မရအောင် ဖိထားနိုင်တယ်"
"မင်း အောက်လမ်း မဆင်းရင် ငါနဲ့ မတွေ့တော့ဘူးလို့ မထင်နဲ့ ငါက လူ့ပြည်ကို သွားနိုင်တယ် ပြီးတော့ လူ့ပြည်က ကျင့်ကြံသူ တချို့နဲ့လည်း ရင်းနှီးတယ် ငါ တစ်ချက်ပြောလိုက်ရုံနဲ့ သူတို့က ငါ့ခိုင်းတာကို လုပ်ပေးကြမှာပဲ"
စကားပြောလို့မှ မဆုံးသေးဘူး၊ ဝမ်ဟူရဲ့ မျက်နှာက ရုတ်တရက် ပျက်သွားတယ်။
အနီနဲ့ ရွှေရောင် ရောနှောထားတဲ့ စစ်ဝတ်တန်ဆာကို ဝတ်ဆင်ထားတဲ့ လူငယ်တစ်ယောက်က လေဟာနယ်ထဲကနေ ထွက်ပေါ်လာလို့ပါ။
"နေ့.....နေ့ခင်းကင်းလှည့်နတ်ဘုရား"
ဝမ်ဟူ ကြောင်အမ်းသွားပြီး ချက်ချင်းပဲ မြေကြီးပေါ်မှာ ဒူးထောက်လိုက်ရတယ်
"လက်အောက်ငယ်သား ယူဟွမ်းမြို့ရဲ့ ဝမ်ဟူ အရှင်ကို ဂါရဝပြုပါတယ်"
သူ့ရဲ့ ခန္ဓာကိုယ်က တုန်ယင်နေတာကို မထိန်းနိုင်တော့ဘူး နေ့ခင်းကင်းလှည့်နတ်ဘုရား လို တည်ရှိမှုမျိုးက ယူဟွမ်းမြို့လို နေရာသေးသေးလေးကို ဘာလို့ ရောက်လာရတာလဲ...
ဒါပေမဲ့ မထင်မှတ်ဘဲ ရှေ့က နေ့ခင်းကင်းလှည့်နတ်ဘုရားက ဖန့်ချန်ကို လက်အုပ်ချီပြီး ဂါရဝပြုလိုက်တယ်
"လက်အောက်ငယ်သား တုယွင်ရွှီ က နေ့ခင်းကင်းလှည့်အရှင် ကို ဂါရဝပြုပါတယ်"
နေ့ခင်းကင်းလှည့် အရှင် ဟုတ်လား
ဝမ်ဟူဟာ ချက်ချင်းဆိုသလို အားအင်တွေ ကုန်ခမ်းပြီး ဖျော့တော့သွားတော့တယ် သူ ဖန့်ချန်ကို ကြောင်ကြည့်နေမိတယ်။
နေ့ခင်းကင်းလှည့်အရှင် ဆိုတဲ့ စကားလုံး သုံးလုံးဟာ ယင်လောက တစ်ခုလုံးကို မှောက်လှန်ပြီး သူ့အပေါ် ဖိချလိုက်သလိုမျိုး ခံစားလိုက်ရပြီး သူ အသက်ရှူတောင် မဝတော့ဘူး။
နေ့ခင်းကင်းလှည့်ခြင်းမျိုးနွယ်စုရဲ့ အမြင့်ဆုံး အရာရှိကြီးပဲ အဲဒီထက် မြင့်တာဆိုလို့... ယန်မင်းကြီး ပဲ ရှိတော့တာလေ...