← Chapters

အခန်း (၈၀၇-၈၀၈)

Vol. 81 Ch. 807-808

အခန်း (၈၀၇-၈၀၈)

Vol. 81 Ch. 807-808

​​အခန်း (၈၀၇) နေ့ခင်းဘက် လူ့ပြည်ကို လှည့်လည်ကာ အကောင်းအဆိုးကို စစ်ဆေးခြင်း

​ဖန့်ချန်ဟာ ဝမ်ဟူက နေ့ခင်းကင်းလှည့်နတ်ဘုရားလို့ ခေါ်ဆိုနေတဲ့ တုယွင်ရွှီကို အကဲခတ်ကြည့်လိုက်တယ်၊ တစ်ဖက်လူရဲ့ အရှိန်အဝါဟာ ဝမ်ဟူတို့လိုလူတွေထက် မရေမတွက်နိုင်အောင် သာလွန်တာတော့ အမှန်ပဲ။

​ဒါပေမဲ့ သူ့နဲ့ နှိုင်းယှဉ်ရင်တော့ အနည်းဆုံး ကျင့်ကြံခြင်း အဆင့်ကြီး တစ်ဆင့်လောက် ကွာဟနေပါသေးတယ်။

​"မိတ်ဆွေ... လူမှားနေတာ မဟုတ်ဘူးလား"

​ဖန့်ချန်က အတန်ကြာ စဉ်းစားပြီးနောက် မေးလိုက်တယ်။

​လူမှားတာ ဟုတ်လား

​ဝမ်ဟူ စိတ်ဓာတ်တွေ နိုးကြားလာပြီး မျှော်လင့်ချက်အပြည့်နဲ့ အဲဒီ နေ့ခင်းကင်းလှည့်နတ်ဘုရားကို ကြည့်လိုက်တယ်။

​လူမှားတာပဲ ဖြစ်ရမယ်

သေချာပေါက် လူမှားတာပဲ ဖြစ်ရမယ်

​တကယ်လို့ တစ်ဖက်လူကသာ တကယ့် နေ့ခင်းကင်းလှည့်အရှင် ဖြစ်နေရင် သူ့ရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲဆိုတာ သူ မတွေးရဲတော့ဘူး

​"နေ့ခင်းကင်းလှည့်အရှင် ဒါက အခုလေးတင် ကျလာတဲ့ ခန့်အပ်လွှာပါ လက်အောက်ငယ်သားက အထူးတလည် လာပို့ပေးတာပါ အထဲမှာ အရှင့်ရဲ့ နာမည် ဟုတ် မဟုတ် ကြည့်ရှုပေးပါဦး"

​တုယွင်ရွှီက ရိုရိုသေသေနဲ့ စာရွက်စာတမ်းတစ်ခုကို ထုတ်ပေးလိုက်တယ်။

​ဖန့်ချန်က လက်ခံယူပြီး ဖွင့်ကြည့်လိုက်တော့ အထဲမှာ ဖန့်ချန် ဆိုတဲ့ စာသားနှစ်လုံးက အထင်အရှား ရေးထိုးထားတာပါ။

​နောက်တစ်စက္ကန့်မှာတော့ အဲဒီစာရွက်စာတမ်းဟာ ခရမ်းရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ဖန့်ချန်ရဲ့ ခန္ဓာကိုယ်ထဲကို တိုးဝင်သွားတယ် ခရမ်းရွှေရောင် အငွေ့အသက်တွေ အလျှံပယ် ထွက်ပေါ်လာပြီး စစ်ဝတ်တန်ဆာတစ်ခုအဖြစ် ပေါင်းစည်းသွားတော့တယ်။

​နေ့ခင်းကင်းလှည့်နတ်ဘုရား တုယွင်ရွှီရဲ့ ကိုယ်ပေါ်က အနီရွှေရောင် စစ်ဝတ်တန်ဆာနဲ့ နှိုင်းယှဉ်ရင် ဖန့်ချန်ရဲ့ ကိုယ်ပေါ်က ခရမ်းရွှေရောင် စစ်ဝတ်တန်ဆာက ပိုပြီး မြင့်မြတ်ဂုဏ်ကျက်သရေ ရှိလှပါတယ်။

​ဝမ်ဟူဟာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားပြီးကြောက်လန့်တကြားနဲ့ မြေကြီးပေါ်မှာ ဝပ်စင်ကာ တုန်တုန်ရင်ရင် အသံနဲ့ ပြောရှာတယ်

​"လူငယ်လေး ဝမ်ဟူ... နေ့... နေ့ခင်းကင်းလှည့်အရှင်ကို ဂါရဝပြုပါတယ်..."

​မှားစရာ အကြောင်းမရှိတော့ဘူး။

​ဒီ ယင်အရှင်စစ်ဝတ်တန်ဆာ ကို ယင်လောကက ယင်အရှင်တွေကလွဲရင် ဘယ်သူမှ ဝတ်လို့မရသလိုဝတ်ဆင်ဖို့လည်း အရည်အချင်း မရှိကြဘူး။

​အောက်လမ်းဆင်းသူက နေ့ခင်းကင်းလှည့်အရှင် ဖြစ်လာတယ်ဆိုတာကလည်း အရင်က သာဓကတွေ ရှိခဲ့ဖူးပါတယ် ပြီးတော့ ယင်လောကက ယင်အရှင် အတော်များများကလည်း... အောက်လမ်းဆင်းသူတွေ ဖြစ်ခဲ့ကြတာပဲ

​ဒါကြောင့်လည်း အစိုးရဌာနတွေမှာ အောက်လမ်းဆင်းသူတွေကြားက ကိစ္စတွေကို ဝင်မစွက်ဖက်ရဘူးဆိုတဲ့ စည်းကမ်းရှိနေတာပါ။

နောက်ပိုင်းကျရင် ကိုယ်ပြစ်မှားမိတဲ့ အောက်လမ်းဆင်းသူက ကိုယ့်ရဲ့ အထက်လူကြီး တိုက်ရိုက်ဖြစ်လာမှာကို အစွမ်းကုန် ရှောင်ရှားချင်လို့ ဖြစ်နိုင်ချေ များပါတယ်။

​ဝမ်ဟူရဲ့ စိတ်ထဲမှာတော့ နောင်တတွေ ရပြီး အော်ဟစ်ငိုယိုချင်စိတ် ပေါက်နေပြီ သူသာ စည်းကမ်းကို လိုက်နာခဲ့ရင် ဒီနေ့ ဒီလို အခြေအနေမျိုး ရောက်မှာမဟုတ်သလို သူ့ရဲ့ အမြင့်ဆုံး အထက်လူကြီးကိုလည်း ပြစ်မှားမိမှာ မဟုတ်ဘူး

​"ကြည့်ရတာ... ဒါက ဝိညာဉ်သုတ်သင်ဌာနက ဟိုလူကြီးရဲ့ လက်ချက်ပဲ ဖြစ်ရမယ် သူက ငါ့ကို နယ်ရုပ်တစ်ရုပ်အနေနဲ့ တကယ်ပဲ အလေးထားတာပဲ..."

​ဖန့်ချန်က ခရမ်းရွှေရောင် စစ်ဝတ်တန်ဆာက သူ့ကို ပေးစွမ်းတဲ့ စွမ်းအားမြှင့်တင်မှုတွေကို ငြိမ်သက်စွာ ခံစားနေမိတယ် ဝိညာဉ်သုတ်သင်ဌာနက လူကြီးရဲ့ ယင်လောကထဲက အရှိန်အဝါက ဘယ်လောက်တောင် ကြီးမားသလဲဆိုတာ သူ ပိုပြီး စပ်စုချင်လာတယ်။

​သူက ပထမဆုံးအကြိမ် အောက်လမ်းဆင်းရုံရှိသေးတယ်၊ တန်းပြီး ရာထူးတိုးပေးခံရတဲ့အပြင် ဒီရာထူးကလည်း သေးသေးလေး မဟုတ်ပုံရဘူး...

​"နေ့ခင်းကင်းလှည့်အရှင်... အရှင်က အခုမှ ရာထူးလက်ခံတာဆိုတော့ တာဝန်ဝတ္တရားတွေအကြောင်း သိပ်မသိသေးဘူး ထင်တယ် လက်အောက်ငယ်သားက အသေးစိတ် ရှင်းပြရမလားခင်ဗျာ"

​တုယွင်ရွှီက ရိုရိုသေသေ မေးလိုက်တယ်။

​"ပြောပြပါဦး"

ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်တယ်။

​သူက ဒီခရမ်းရွှေရောင် စစ်ဝတ်တန်ဆာရဲ့ စွမ်းပကားကို ခံစားနေတုန်းပါ။

ဝတ်ဆင်လိုက်ပြီးနောက်မှာ ပတ်ဝန်းကျင်ကနေ သူ့ခန္ဓာကိုယ်ထဲကို အဆက်မပြတ် စီးဝင်နေတဲ့ ယင်စွမ်းအားတွေဟာ အဆပေါင်း ရာနဲ့ချီပြီး ရုတ်တရက် တိုးပွားလာတယ်။

​ဒါတင်မကဘူး၊ သူဟာ ထပ်ဆင့်နေတဲ့ လေဟာနယ်တွေကို ဖြတ်ကျော်ပြီး ဝမ့်ချွမ်းမြစ်အောက်က ရုန်းကန်အော်ဟစ်နေတဲ့ မရေမတွက်နိုင်တဲ့ မိစ္ဆာဝိညာဉ်တွေကိုပါ မြင်နေရပြီ။

​ပြီးတော့ ဝမ့်ချွမ်းမြစ်ပေါ်က ဝေဝေဝါးဝါး ပေါ်နေတဲ့ တံတားကြီးတွေ၊ အဲဒီ မရေမတွက်နိုင်တဲ့ တံတားတွေပေါ်မှာလည်း မရေမတွက်နိုင်တဲ့ လေလွင့်ဝိညာဉ်တွေ တံတားဖြတ်ကူးနေကြတာကို မြင်နေရတယ်။

​အဲဒီထဲက တစ်စင်းကတော့ အင်မတန် ခမ်းနားထည်ဝါပြီး စကားလုံးနဲ့ ဖော်ပြဖို့ ခက်ခဲလှပါတယ်၊ ပြီးတော့ အစောင့်အကြပ်တွေလည်း အထပ်ထပ် ချထားတာပါ။

​ဒါတွေအားလုံးက သူ့မျက်စိရှေ့တင် ရှိနေသလို ထင်ရပေမဲ့ တကယ်တော့ အင်မတန် ဝေးကွာတဲ့ နေရာမှာ ရှိနေတာပါ သူက အခုမှ မြင်နိုင်စွမ်း ရှိလာတာပဲ ဖြစ်တယ်။

​"ယင်ဝန်ထမ်းဌာနရဲ့ အထက်မှာ ဌာနအရှင်တစ်ပါး၊နေ့ခင်းကင်းလှည့်အရှင် နဲ့ ညဉ့်လှည့်ကင်းအရှင် တစ်ပါးစီ ရှိပါတယ်"

​တုယွင်ရွှီက လေးလေးနက်နက် ပြောတယ်

"အထက်လူကြီး သုံးပါးလုံးက အနိမ့်အမြင့် မခွဲခြားထားပါဘူး၊ ယင်လောကမှာ ရာထူးတူ အထက်လူကြီးတွေပါပဲ ဌာနအရှင် က ယင်ဝန်ထမ်းတွေ စေလွှတ်တာ ပုန်ကန်မှု နှိမ်နင်းတာနဲ့ ယင်မိစ္ဆာတွေကို တိုက်ခိုက်တာကို တာဝန်ယူရပါတယ်"

​"နေ့ခင်းကင်းလှည့်အရှင် ကတော့ နေ့ခင်းကင်းလှည့်မျိုးနွယ်ကို တာဝန်ယူရတယ် သူ့လက်အောက်မှာ နေ့ခင်းကင်းလှည့်နတ်ဘုရား ၁၀၈ ပါး ရှိပါတယ်နေ့ခင်းကင်းလှည့်နတ်ဘုရား တစ်ပါးစီရဲ့ လက်အောက်မှာ နေ့ခင်းကင်းလှည့်စစ်သူကြီး ၁၀၈ ယောက် ရှိပါတယ်"

​"အဲဒီနောက် နေ့ခင်းကင်းလှည့်စစ်သူကြီးတွေကနေ သူတို့လက်အောက်က နေ့ခင်းကင်းလှည့်ဗိုလ်မှူးတွေ၊ ဗိုလ်ချုပ်တွေ၊ အရာခံဗိုလ်တွေနဲ့ စစ်သည်တွေကို အဆင့်ဆင့် အုပ်ချုပ်ရပါတယ်"

​ဖန့်ချန် စိတ်ထဲမှာ အနည်းငယ် လှုပ်ရှားသွားတယ်။

​နေ့ခင်းကင်းလှည့်နတ်ဘုရားတင် ၁၀၈ ပါးတောင် ရှိတာလား ဒါဆိုရင် နေ့ခင်းကင်းလှည့်စစ်သူကြီးတင် တစ်သောင်းကျော် ရှိနေပြီပေါ့...

​ဒါပေမဲ့ ဒီကြီးမားလှတဲ့ ယူဟွမ်းမြို့မှာတော့ ဝမ်ဟူ ပြောပုံအရ သူတစ်ယောက်တည်းပဲ နေ့ခင်းကင်းလှည့်စစ်သည် ရှိတာတဲ့။

​ယင်လောကကြီးရဲ့ ကျယ်ပြောပုံက စိတ်ကူးကြည့်ဖို့တောင် ခက်ခဲလှပါတယ်။

​တုယွင်ရွှီက နေ့ခင်းကင်းလှည့်အရှင် မျိုးနွယ်ရဲ့ ဖွဲ့စည်းပုံကို ပြောပြပြီးနောက်မှာ ဝတ္တရားတွေအကြောင်း ဆက်ပြောတယ်

​"ကျွန်တော်တို့ နေ့ခင်းကင်းလှည့်မျိုးနွယ်က နေ့ခင်းဘက်မှာ လူ့ပြည်ကို လှည့်လည်ပြီး အကောင်းအဆိုးကို စစ်ဆေးဖို့ အဓိကထားရပါတယ် ပြီးရင် တစ်ခုချင်းစီကို စာရင်းသွင်း မှတ်တမ်းတင်ရပါတယ်"

​ဖန့်ချန်က ခေါင်းညိတ်လိုက်ပြီး တုယွင်ရွှီ ဆက်ပြောမှာကို စောင့်နေတယ်။

​မထင်မှတ်ဘဲ တုယွင်ရွှီက ပြောပြီးတာနဲ့ ပါးစပ်ပိတ်သွားတယ်။

​"ဒါပဲလား"

ဖန့်ချန်က မေးလိုက်တယ်။

​"ဒါပါပဲ အကောင်းအဆိုးကို မှတ်တမ်းတင်ပြီးရင် ကျန်တဲ့ကိစ္စတွေကိုတော့ တရားသူကြီးဌာန က တာဝန်ယူရတာပါ"

​တုယွင်ရွှီက ပြောတယ်၊ ပြီးတော့ ခဏရပ်ကာ

"အရှင် အထက်မြို့တော် က ဌာနကို သွားကြည့်ချင်လား လက်အောက်ငယ်သား လမ်းပြပေးနိုင်ပါတယ်"

​"ဒီကနေ ရှန်ကျင်းကို ဘယ်လောက် ဝေးလဲ"

​"မဝေးပါဘူး၊ တံတားဖြတ်လိုက်တာနဲ့ ရောက်ပါပြီ"

တုယွင်ရွှီက ပြုံးပြီး ပြောတယ်။

​"ဟိုဘက်က တံတားလား"

ဖန့်ချန်က အဝေးက ခမ်းနားလှတဲ့ တံတားကြီးကို ညွှန်ပြလိုက်တယ်။

​တုယွင်ရွှီက ခပ်ဖွဖွ ခေါင်းညိတ်တယ်

"ဟုတ်ပါတယ်"

​"အဲဒီတံတားတွေက မတူညီတဲ့ မြို့တွေကို ဆက်သွယ်ထားတာပေါ့ မြို့တစ်မြို့က လူ့ပြည်က နယ်မြေတစ်ခုကို ကိုယ်စားပြုတာလား"

ဖန့်ချန်က မေးတယ်။

​"ဟုတ်ပါတယ်"

တုယွင်ရွှီက ရိုရိုသေသေ ခေါင်းညိတ်တယ်။

​ဖန့်ချန်က ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်တယ်

"မင်း အရင်ပြန်နှင့်ဦး ဌာနဆီကိုတော့ ခဏနေမှ ငါ သွားကြည့်လိုက်မယ်"

​"ဒါဆိုရင် လက်အောက်ငယ်သား ခဏ နှုတ်ဆက်ခွင့်ပြုပါဦး"

​တုယွင်ရွှီက လက်အုပ်ချီ နှုတ်ဆက်ပြီး နောက်ဆုတ်သွားတယ်၊ ချက်ချင်းဆိုသလိုပဲ ယင်စွမ်းအားတွေက သူ့ကို စုပ်ယူသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ဟိုအဝေးက ခမ်းနားတဲ့ တံတားကြီးပေါ်မှာ ပေါ်လာတော့တယ်။

​သူထွက်သွားတော့ ယင်အိမ်ထဲမှာ ဖန့်ချန်နဲ့ ဝမ်ဟူ နှစ်ယောက်တည်း ကျန်ခဲ့တယ်။

​ဖန့်ချန်က စိတ်နဲ့ စေခိုင်းလိုက်တဲ့အခါ သူ့ကိုယ်ပေါ်က ယင်အရှင်စစ်ဝတ်တန်ဆာဟာ ခန္ဓာကိုယ်ထဲကို တိုးဝင်ပြီး ပျောက်ကွယ်သွားတယ်။

​ဝမ်ဟူရဲ့ ခေါင်းက မြေကြီးနဲ့ ကပ်နေပြီး သူ့တစ်ကိုယ်လုံး တုန်ယင်နေကာ အသံတစ်ချက်တောင် မထွက်ရဲရှာဘူး။

​"မင်း ခုနက ပြောတော့ နေ့ခင်းကင်းလှည့်စစ်သည် ဆိုတဲ့ စကားလုံးက ငါ့အတွက်တော့ တောင်ကြီးတစ်လုံးလိုပဲ၊ ငါ အသက်ရှူလို့ မရအောင် ဖိထားနိုင်တယ် ဆို"

ဖန့်ချန်က အေးအေးဆေးဆေး ပြောလိုက်တယ်။

​ဝမ်ဟူဟာ မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားပြီး တစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွားကာ ဖန့်ချန်ဆီကို လူးလဲပြေးလာပြီး တဖုန်းဖုန်းနဲ့ ခေါင်းနဲ့ ဆောင့်ကာ တောင်းပန်တော့တယ်

​"ကျွန်တော်မျိုး အမှားကို သိပါပြီ ကျွန်တော်မျိုး အမှားကို သိပါပြီ အရှင်မင်းကြီး... အသက်ကို ချမ်းသာပေးပါ ချမ်းသာပေးပါ..."

​သူ ခေါင်းနဲ့ ဆောင့်လိုက်တိုင်း မြေကြီးတောင် တုန်ခါသွားသလိုပဲ။

​ယင်အိမ်ရဲ့ အပြင်ဘက်မှာတော့ လင်စန်းက စိုးရိမ်တကြီး ဖြစ်နေတယ်။

​လက်အောက်ငယ်သား ယင်ဝန်ထမ်းက မျက်မှောင်ကြုတ်ပြီး

​"အရှင်... ဝမ်အရှင်က ဒေါသထွက်ပြီး တိုက်ရိုက် လက်ပါလိုက်တာ မဟုတ်ဘူးလား ဒါက ငါတို့ ယင်လောကရဲ့ စည်းကမ်းကို ဖောက်ဖျက်ရာ ရောက်နေတယ်၊ ဝမ်အရှင်အတွက် ပြဿနာဖြစ်မလား"

​"ပြဿနာတော့ မရှိနိုင်ပါဘူး မြို့တော်ဝန်နဲ့ ငါတို့ရဲ့ စီရှန် တောင် ဝမ်အရှင်ကို မျက်နှာသာ ပေးနေတာပဲ နေ့ခင်းကင်းလှည့်မျိုးနွယ်ရဲ့ အာဏာက... မင်းတို့ ထင်ထားတာထက် ပိုကြီးတယ်"

​လင်စန်းက ခေါင်းခါပြလိုက်ပြီး တိုးတိုးလေး ရေရွတ်တယ်

"ဒီအဘိုးကြီးက ငါ့ဆီကနေ ယင်သက်တမ်းတွေ အများကြီး ယူထားလို့ တကယ်ပဲ စိတ်ထဲ မကောင်းဖြစ်ပြီး ငါ့အတွက် အစွမ်းကုန် တရားမျှတမှု ရှာပေးနေတာလား"

​ဒီလိုတွေးမိတော့ လင်စန်းက မဲ့ပြုံး ပြုံးလိုက်မိတယ်၊ နှစ်ပေါင်းများစွာ ကန်တော့လာတာတွေက အလကား မဖြစ်ဘူးပဲ။

​ဒီ ဝမ်ဟူ ဆိုတဲ့ နေ့ခင်းလှည့်စစ်သည်ကလည်း လူမှုရေးတော့ သိတတ်သားပဲ။

​ဆယ်စက္ကန့်လောက် ကြာတော့ အိမ်တံခါးကြီး ပွင့်လာပြီး ဝမ်ဟူက အထဲကနေ နောက်ပြန်ဆုတ်ပြီး ထွက်လာတာကို လူတိုင်း မြင်လိုက်ရတယ်။

​လင်စန်း ကြောင်သွားတယ်၊ တစ်ခုခု မှားနေပြီ၊ ဘာလို့ လမ်းလျှောက်မထွက်ဘဲ နောက်ပြန်ဆုတ်ပြီး ထွက်လာတာလဲ

​သူက ဝမ်ဟူရဲ့ ကျောပြင်ကို အံ့သြတကြီး ကြည့်နေမိတယ်၊ ဝမ်ဟူက ခေါင်းငုံ့ပြီး တစ်စုံတစ်ယောက်ကို ပြန်ပြောနေသလိုမျိုး ရိုရိုသေသေနဲ့ နောက်ပြန်ဆုတ်လာတာပါ။

​နောက်ဆုံးမှာတော့... မြေကြီးပေါ် ဒူးထောက်ပြီး ပိတ်သွားတဲ့ တံခါးကြီးကို ခေါင်းနဲ့ အကြိမ်ကြိမ် ဆောင့်ပြီး ဂါရဝပြုလိုက်သေးတယ်။

​ယင်ဝန်ထမ်းတွေအားလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြတုန်း ဝမ်ဟူက ထလာပြီး သူတို့ဆီ လျှောက်လာတယ်။

​"ဝမ်အရှင်... ခုနက အဲဒါက..."

လင်စန်းက ကြိုဆိုလိုက်တယ်။

​ဖြန်းးးးး

​ဝမ်ဟူက ဘာမှ မပြောဘဲ လင်စန်းရဲ့ ပါးကို အားနဲ့ ရိုက်ချလိုက်တယ်။

​လင်စန်း မျက်နှာ ပျက်သွားပြီး တိုးတိုးလေး မေးတယ်

"ဝမ်အရှင်... ဘာဖြစ်လို့လဲ အဲဒီ အောက်လမ်းဆင်းသူက ကျွန်တော့်ထက် ပိုပြီး ပေးလိုက်လို့လား"

​"မင်း သေချင်ရင် တစ်ယောက်တည်း သေပါလား လူးမသားးရ ငါ့ကိုပါ ဆွဲမထည့်နဲ့ ဘာဖြစ်လို့လဲ ဆိုတာတော့..."

​ဝမ်ဟူက လင်စန်းကို အေးစက်စက် ကြည့်လိုက်တယ်

"မင်း သိဖို့ အရည်အချင်း မရှိဘူး မှတ်ထား... နောက်ကို အဲဒီလူကို သွားမနှောင့်ယှက်နဲ့ ဟို ချင်းဆွေ့ကိုလည်း အခု ချက်ချင်း လွှတ်ပေးလိုက် သူ့ရဲ့ အမွေးတစ်ပင်တောင် ကျွတ်သွားရင် မင်းရဲ့ အသက်နဲ့ ပြန်ပေးဆပ်ရမယ်"

​"မင်းတို့ လင်မျိုးနွယ်တွေ လူ့ပြည်က ဘိုးဘွားအိမ် ဘယ်မှာရှိလဲဆိုတာ ငါသိတယ်နော် သူတို့အားလုံး အောက်ကို ဆင်းလာပြီး မင်းနဲ့ အတူနေချင်အောင် မလုပ်နဲ့ မင်းမှာ သူတို့ကို ကျွေးဖို့ ယင်သက်တမ်း အဲဒီလောက် မရှိဘူး"

​ပြောပြီးတာနဲ့ ဝမ်ဟူက လင်စန်းရဲ့ ပါးကို နောက်တစ်ချက် ထပ်ရိုက်ပြီး အလျင်အမြန် ထွက်ခွာသွားတော့တယ်။

​"အ... အရှင်"

​လင်စန်းရဲ့ လက်အောက်ငယ်သားတွေ ကြောင်အမ်းပြီး ကျန်ခဲ့တယ်။

​လင်စန်းက အဲဒီ ယင်အိမ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး လေသံနှိမ့်ကာ ပြောလိုက်တယ်

"အရင် ထွက်သွားကြရအောင် ကိစ္စက... တော်တော် ထူးဆန်းနေပြီ!"

​အခန်း (၈၀၈) ရာထူးတက်ခြင်း

​ယင်ဝန်ထမ်းဌာနမှာ ချင်းဆွေ့က သူ့ကိုယ်ပေါ်က ဂုန်နီအိတ်ကို တစ်စုံတစ်ယောက်က ဖယ်ရှားလိုက်တာ ခံစားလိုက်ရတယ် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ သူဟာ နှိပ်စက်ခန်းထဲကို ရောက်နေမှန်း သိလိုက်ရပြီး သူ့ရှေ့မှာတော့ ယင်ဝန်ထမ်းအချို့က သူ့ကို မသကာတဲ့အကြည့်တွေနဲ့ ဝိုင်းကြည့်နေကြတာပါ။

​"လုပ်ဖော်ကိုင်ဖက်တို့... ဘာဖြစ်လို့ ဒီလောက်အထိ လုပ်ကြတာလဲ"

​ချင်းဆွေ့က တည်တည်ငြိမ်ငြိမ်နဲ့ပဲ နှုတ်ဆက်လိုက်တယ်။

​ကံဆိုးတာက အဲဒီယင်ဝန်ထမ်းတွေက သူ့ကို အဖက်တောင်မလုပ်ကြပါဘူး အဲဒီထဲက တစ်ယောက်က ရှေ့တိုးလာပြီး ကိုယ်ခန္ဓာကို ရှာဖွေစစ်ဆေးရာမှာ အနက်ရောင်ကြေးပြား အပြား ၂၀ ထွက်လာတာကို မြင်တော့ အံ့အားသင့်သွားတယ်။

​"ဟိုး... ချင်းဆွေ့ မင်း ဌာနထဲဝင်တာ မကြာသေးဘူး လာဘ်လာဘတွေ အတော်များများ ရနေတာပဲလား"

​အဲဒီယင်ဝန်ထမ်းက မဲ့ပြုံးပြုံးပြီး

"ဒီယင်သက်တမ်းကြေးပြားတွေကို ငါတို့ ပြည်သူပိုင်အဖြစ် သိမ်းဆည်းရမယ်"

​"မင်းတို့ရဲ့ ဝူကျန့် (တပ်စိတ်မှူး) က ဘယ်သူလဲ သူ့ကို ထွက်လာခဲ့ခိုင်းလိုက်"

​ချင်းဆွေ့က လေသံမာမာနဲ့ ပြောလိုက်တယ်

"ဒီယင်သက်တမ်းကြေးပြားတွေက အောက်လမ်းဆင်းသူတစ်ယောက်က ကျုပ်ကို ယင်အိမ်စောင့်ရှောက်ဖို့ လူငှားခိုင်းထားတဲ့ ပိုက်ဆံတွေပဲကျုပ်ရဲ့ ယင်သက်တမ်းတွေ မဟုတ်ဘူး မင်းတို့သာ ပြည်သူပိုင် သိမ်းလိုက်ရင် ပြဿနာတက်လိမ့်မယ်"

​ဂီ...

​မည်းနက်နေတဲ့ တံတားကြီးက ဖြည်းဖြည်းချင်း ပွင့်လာပြီး အပြင်ကနေ လူရိပ်တစ်ခု ဝင်လာတယ်၊ သူက ချင်းဆွေ့ကို မဲ့ပြုံးနဲ့ ကြည့်ပြီး

​"ပြဿနာ ဟုတ်လား အဲဒီ အောက်လမ်းဆင်းသူကတော့ ကိုယ့်ကိုယ်ကိုယ်တောင် ကာကွယ်နိုင်ပါ့မလား မသိဘူး မင်း မသိသေးဘူး ထင်တယ် လင်စန်းက ဝမ်ဟူအရှင်ကို သူ့ဆီ လွှတ်လိုက်ပြီကွ"

​"ဝမ်ဟူအရှင် ဟုတ်လား"

​ချင်းဆွေ့ အနည်းငယ် ထိတ်လန့်သွားတယ် ဒါက ယူဟွမ်းမြို့ ယင်ဝန်ထမ်းဌာနရဲ့ နေ့ခင်းကင်းလှည့်စစ်သည်ပဲ အဆင့်အတန်းက အတော်လေး ထူးခြားတယ်။

​ယူဟွမ်းမြို့မှာ နေ့ခင်းကင်းလှည့်စစ်သည်နဲ့ ညဉ့်လှည့်ကင်းစစ်သည် တစ်ယောက်စီပဲ ရှိတာပါ သူတို့နှစ်ယောက်လုံးက ဒီက စီရှန် (ဌာနနတ်ဘုရား) ရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိဘဲ သူတို့ရဲ့ သက်ဆိုင်ရာ အထက်လူကြီးတွေရဲ့ အမိန့်ကိုပဲ နာခံရတာ ဖြစ်သလို ယင်၊ ယန် နှစ်လောကစလုံးကို သွားလာနိုင်တဲ့ အရည်အချင်းလည်း ရှိကြတယ်

​"ခုမှ ကြောက်တတ်သွားပြီလား မင်းရဲ့ အထက်လူကြီးက ကျိုးပုရှောက် မဟုတ်လား သူက ဝူကျန့် တစ်ယောက်အနေနဲ့ မင်းကို စည်းကမ်းတွေအကြောင်း သေသေချာချာ မပြောပြထားဘူးလား"

​"ယင်ဝန်ထမ်းဌာနက ဝန်ထမ်းတစ်ယောက် ဖြစ်နေပြီးတော့ ကိုယ့်လူကိုယ် မကူညီတဲ့အပြင် အောက်လမ်းဆင်းသူတွေရဲ့ ကိစ္စထဲ ဝင်ပါရတယ်လို့ ငါ ပြောလိုက်မယ် ဒီနေ့ မင်းရဲ့ ယင်ဝန်ထမ်း ရာထူးကို ထိန်းထားနိုင်ရင်တောင် မင်းရဲ့ ကံပဲဒါပေမဲ့ အရိုက်အနှက် ဒဏ်ရာတွေကတော့ ရှောင်လွှဲလို့ ရမှာမဟုတ်ဘူး"

​ဝင်လာတဲ့လူက အေးစက်စက် ရယ်လိုက်တယ်

"ငါ ကျိုးပုရှောက်ကို အကြောင်းကြားထားပြီးပြီ သူကိုယ်တိုင် မင်းကို နှိပ်စက်လိမ့်မယ် ဒါမှ ငါတို့ ယင်ဝန်ထမ်းဌာနထဲ ဝင်လာရင် ဘယ်လိုနေထိုင်ရမလဲဆိုတာ မင်း သိသွားမှာ"

​"အရှင်... ဒီ ယင်သက်တမ်းကြေးပြား ၂၀ က သူ့ဆီကနေ ရှာတွေ့တာပါ အောက်လမ်းဆင်းသူက အိမ်စောင့်ရှောက်ဖို့ ခိုင်းထားတာလို့ သူက ပြောနေပါတယ်"

​ယင်ဝန်ထမ်းတစ်ယောက်က ကြေးပြားတွေကို ဝင်လာတဲ့လူဆီ ရိုရိုသေသေ ကမ်းပေးလိုက်တယ်။

​ဝင်လာတဲ့လူရဲ့ မျက်လုံးတွေက ချက်ချင်း တောက်ပသွားတယ်၊ ကြေးပြား ၂၀ ဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ဘူးလေ၊ သူတို့ရဲ့ လစာက တစ်နှစ်မှ ကြေးပြား တစ်ပြားတည်းပဲကိုး။

​"အရှင်... ကျွန်တော် မှားတယ်ဆိုရင် ကျွန်တော့်ကိုပဲ အပြစ်ပေးပါ၊ ဒီကြေးပြားတွေကိုတော့ ပိုင်ရှင်ဆီ ပြန်ပေးလိုက်ပါ"

​ချင်းဆွေ့ရဲ့ မျက်နှာက အတော်လေး ပျက်နေပြီ။

​တကယ်လို့ ဒီကြေးပြားတွေကို မကာကွယ်နိုင်ရင် သူနဲ့ အဲဒီအရှင် (ဖန့်ချန်) ကြားက သဘောတူညီချက်က ပျက်သွားမှာ သေချာတယ်။

​"ဒီကိစ္စကို မင်း ပြောလို့ မရဘူး"

​ဝင်လာတဲ့လူက အေးစက်စက် ရယ်လိုက်တယ်။

​သိပ်မကြာခင်မှာပဲ လူရိပ်တစ်ခု ကပျာကယာ ဝင်လာတယ်၊ အဲဒါက ချင်းဆွေ့ရဲ့ အထက်လူကြီး ကျိုးပုရှောက်ပဲ သူကလည်း ယင်ဝန်ထမ်းဌာနက ဝူကျန့် တစ်ယောက်ပါပဲ။

​"ချန်ဟောက်... တကယ်တော့ ဘာဖြစ်လို့လဲ ချင်းဆွေ့က အလုပ်ဝင်တာ မကြာသေးဘူး ပြစ်မှားမိတာ ရှိရင်လည်း သူ့ကိုယ်စား ငါကပဲ တောင်းပန်ပါရစေ၊ နှိပ်စက်ခန်းအထိ ခေါ်လာဖို့ မလိုပါဘူးကွာ၊ အားလုံးက ကိုယ့်လူတွေပဲဟာ"

​ကျိုးပုရှောက်က လေးလေးနက်နက် ပြောလိုက်တယ်။

​"ကိုယ့်လူ ဟုတ်လား ချင်းဆွေ့ ဘာလုပ်ခဲ့လဲဆိုတာ မင်း သူ့ကို မေးကြည့်လိုက်ဦး"

​ချန်ဟောက်က အေးစက်စက် ရယ်ပြီး

"လင်စန်းကိုတော့ မင်း သိမှာပေါ့ သူ့ညီ ဒီနေ့ အောက်လမ်းဆင်းသူ တစ်ယောက်ရဲ့ လက်ချက်နဲ့ သေသွားတယ် အဲဒီမှာ ချင်းဆွေ့က အဲဒီ အောက်လမ်းဆင်းသူ ဘက်ကနေ ကာကွယ်ပေးနေတယ်လေ၊ ဒါကို မင်းက ကိုယ့်လူလို့ ခေါ်မလို့လား"

​"ကျွန်တော် မြင်တာ ကြားတာကိုပဲ အမှန်အတိုင်း ပြောခဲ့တာပါ ဘာမှ ပိုမပြောခဲ့ပါဘူး"

ချင်းဆွေ့က ခပ်တည်တည်ပဲ ပြောလိုက်တယ်။

​"လင်စန်းရဲ့ ညီ သေသွားပြီ ဟုတ်လား"

​ကျိုးပုရှောက်ရဲ့ မျက်နှာ ပျက်သွားတယ်၊ သူက ချင်းဆွေ့ကို တစ်ချက်ကြည့်ပြီး ချန်ဟောက်ဘက် လှည့်ကာ

"ဒါဆိုရင် ဒါက လင်စန်း ခိုင်းလို့ မင်း လုပ်တာပေါ့ ငါ့မျက်နှာကို ထောက်ပြီးတော့..."

​"ထောက်လို့ မရဘူး ဒီကိစ္စက လင်စန်းက ဝမ်ဟူအရှင်ကိုတောင် ထွက်ရှင်းခိုင်းထားတာ ငါက မင်းမျက်နှာကို ဘယ်လို ထောက်ရမလဲ ဝမ်ဟူအရှင်ရဲ့ မျက်နှာကိုကော ဘယ်သူက ထောက်မှာလဲ?"

​ချန်ဟောက်က မဲ့ပြုံးပြုံးပြီး

"အခု မင်းကိုယ်တိုင် လက်စွမ်းပြမလား ဒါမှမဟုတ် ငါကပဲ မင်းကိုယ်စား လုပ်ပေးရမလား ငါ သတိမပေးဘူးလို့ မပြောနဲ့ဦး မင်းကိုယ်တိုင် လုပ်တာက ပိုကောင်းလိမ့်မယ်၊ အနည်းဆုံးတော့ လင်စန်းဘက်က ဒေါသ နည်းနည်း လျော့သွားမှာပေါ့"

​"ကျိုးအရှင်... လင်အရှင် ဒေါသပြေဖို့အတွက်ဆိုရင် ကျွန်တော့်ကို ဘာလုပ်လုပ် ကိစ္စမရှိပါဘူး ဒါပေမဲ့ ချန်အရှင် ကျွန်တော့်ဆီက ယူသွားတဲ့ ကြေးပြားတွေကိုတော့ ပြန်ပေးရပါလိမ့်မယ် ဒါက ကျွန်တော့်ကြေးပြား မဟုတ်ဘူး ဖန့်အရှင်ရဲ့ ကြေးပြားတွေပါ"

​ချင်းဆွေ့က လေးလေးနက်နက် ပြောလိုက်တယ်။

​ကျိုးပုရှောက် မျက်မှောင်ကြုတ်သွားတယ်

"ချန်ဟောက်... မင်း တခြားလူရဲ့ ကြေးပြားတွေကို ယူထားတာလား ဒါက စည်းကမ်းဖောက်ဖျက်တာပဲ"

​"တခြားလူ ဟုတ်လား သူက အောက်လမ်းဆင်းသူရဲ့ ပိုက်ဆံလို့ ပြောတိုင်း အဲဒီလူရဲ့ ပိုက်ဆံ ဖြစ်သွားရောလား ဒီကြေးပြားတွေကို ပြည်သူပိုင် သိမ်းလိုက်ပြီ၊ ပြန်ယူချင်ရင်တော့ လင်စန်းနဲ့ ဝမ်ဟူအရှင်ကိုပဲ သွားမေးကြည့်လိုက်တော့"

​ချန်ဟောက်က ခပ်အေးအေးပဲ ပြောလိုက်တယ်။

​သူ့လက်အောက်က ယင်ဝန်ထမ်းတွေကလည်း တဟားဟား ရယ်မောနေကြတယ်။

​အဲဒီအချိန်မှာပဲ တံခါးကြီးက ရုတ်တရက် ထပ်ပွင့်လာတယ်၊ လူတိုင်း လှမ်းကြည့်လိုက်တော့ မျက်နှာ အတော်လေး ညိုမှောင်နေတဲ့ လင်စန်း ဝင်လာတာကို တွေ့လိုက်ရတယ်။

​"လင်အစ်ကို... မင်း လာတာ အတော်ပဲ ဒီကောင်ကို မင်းကိုယ်တိုင်ပဲ ကိုင်တွယ်မလား"

​ချန်ဟောက်က ပြုံးပြီး မေးလိုက်တယ်။

​လင်စန်းက သူ့ကို တစ်ချက်ကြည့်ပြီး ဘာခံစားချက်မှ မပါတဲ့ အသံနဲ့

"လူကို လွှတ်ပေးလိုက်တော့ ဒီကိစ္စက ပြီးသွားပြီ"

​"လွှတ်ပေးလိုက်မယ်"

​ချန်ဟောက် ကြောင်သွားတယ်။

​ကျိုးပုရှောက်ရဲ့ မျက်နှာကလည်း ထူးထူးဆန်းဆန်း ဖြစ်သွားတယ်။

​ချင်းဆွေ့ကတော့ အလိုအလျောက်ပဲ

"မင်းတို့ ဖန့်အရှင်ကို ဘာလုပ်လိုက်ကြပြီလဲ"

​"ဘာလုပ်ရမှာလဲ မင်းရဲ့ ဖန့်အရှင်ဆိုတဲ့ လူက နောက်ခံ မသေးဘူးပဲ ငါ မင်းကို အထင်သေးခဲ့မိတာပဲ ကြည့်ရတာ မင်း တစ်ခုခု သိထားလို့ သူ့ကို ကြိုပြီး ဖားထားတာပေါ့ နွယ်ပင်ကောင်းကောင်း တက်လိုက်တာပဲ"

​လင်စန်းက လှောင်ပြုံးပြုံးလိုက်ပြီး ကျိုးပုရှောက်ကို ကြည့်ကာ

"မင်း သတိထားဦး မင်းရဲ့ ဝူကျန့် ရာထူးက နောက်ဆုံးကျရင် လူသစ်တစ်ယောက်ရဲ့ လက်ထဲ ရောက်မသွားအောင်ပေါ့"

​လူတိုင်း အံ့အားသင့်သွားကြတယ်။

​ဝမ်ဟူအရှင်တောင် အဲဒီ အောက်လမ်းဆင်းသူကို မနှိမ်နိုင်ဘူးလား လင်စန်းရဲ့ ပုံစံကို ကြည့်ရတာ တော်တော်လေး အရှက်ရလာတဲ့ ပုံပဲ

​ကျိုးပုရှောက်က ချင်းဆွေ့ကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်နေပြီး၊ ချင်းဆွေ့ စိတ်ထဲမှာတော့ အံ့သြဝမ်းသာ ဖြစ်နေတယ်။

​"လင်စန်း... မင်း တကယ်ပဲ ဒီအတိုင်း လွှတ်ပေးမှာလား ဝမ်အရှင်ကရော ဘာပြောလဲ"

​ချန်ဟောက် မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်။

​လူကို ဖမ်းလာပြီးမှ ဒီအတိုင်း ပြန်လွှတ်ပေးရမယ် ဆိုတော့... ဒါက ရယ်စရာ ဖြစ်နေပြီ မဟုတ်လား

​"ဝမ်အရှင်ကတော့..."

​လင်စန်း စကားမဆုံးသေးခင်မှာပဲ ဝမ်ဟူက အထဲကို ပြေးဝင်လာပြီး ချင်းဆွေ့ကို ချည်နှောင်ထားတာ မြင်တော့ ချက်ချင်း အော်ဟစ်တော့တယ်

​"ငါ ပြောမထားဘူးလား လူကို အမြန်လွှတ်ပါဆို မင်းတို့တွေ သေချင်နေကြတာလား"

​ချန်ဟောက်ကတော့ မဆိုင်းမတွတော့ဘဲ ထူးဆန်းတဲ့ မျက်နှာထားနဲ့ ချင်းဆွေ့ကို ပြန်လွှတ်ပေးဖို့ အမိန့်ပေးလိုက်ရတယ်။

​"ယင်သက်တမ်းကြေးပြားတွေ"

​ချင်းဆွေ့က လက်ဖြန့်ပြီး တောင်းလိုက်တယ်။

​ချန်ဟောက် သွားကြိတ်ပြီး ကြေးပြားတွေကို ချင်းဆွေ့ဆီ ပြန်ပေးလိုက်ရတယ်။

​"လင်စန်း... ငါ ခုနလေးတင် စီရှန် (ဌာနနတ်ဘုရား) နဲ့ စကားပြောခဲ့ပြီးပြီ မင်းက ယင်ဝန်ထမ်းဌာနမှာ ဆက်ပြီး တာဝန်ထမ်းဆောင်ဖို့ မသင့်တော်တော့ဘူးဒီနေ့ပဲ မင်းရဲ့ ဝူကျန့် ရာထူးကို စွန့်လွှတ်လိုက်တော့"

​ဝမ်ဟူက ခပ်အေးအေးပဲ ပြောလိုက်တယ်။

​လင်စန်းရဲ့ မျက်နှာက ချက်ချင်း ပျက်သွားပြီး မျက်လုံးထဲမှာ ဒေါသရိပ်တွေ ဖြတ်ပြေးသွားတယ်။

​ချန်ဟောက်နဲ့ ကျိုးပုရှောက်လည်း မှင်သက်သွားကြတယ်။

​ဒါက အမြဲတမ်း အလုပ်အကိုင် (ထမင်းပန်းကန်) လေ၊ ယူဟွမ်းမြို့ ယင်ဝန်ထမ်းဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝူကျန့်တစ်ယောက် ရာထူးက ဖြုတ်ခံရတယ်ဆိုတာမျိုး မကြားဖူးဘူး ယင်မိစ္ဆာတွေရဲ့ လက်ချက်နဲ့ သေသွားတာကလွဲလို့ပေါ့...

​ဒါတွေအားလုံးက အဲဒီ အောက်လမ်းဆင်းသူနဲ့ ပတ်သက်နေတာလား

​ဘယ်လို နောက်ခံမျိုးက ဒီလောက်အထိ ကြောက်စရာကောင်းနေရတာလဲ၊ ယင်ဝန်ထမ်းဌာနကိုတောင် လွှမ်းမိုးနိုင်တယ်ဆိုတော့

​လင်စန်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး လက်အုပ်ချီကာ

"ဝမ်ဟူအရှင်... အဲဒီကိစ္စကို ကျွန်တော် ဆက်ပြီးပြသနာမများ ချင်တော့ပါဘူး ဒီလောက်အထိတော့ အမြစ်ပြတ် မလုပ်သင့်ဘူး မဟုတ်လား ကျွန်တော် ဒီနှစ်တွေမှာ အရှင့်ကို ကန်တော့ခဲ့တာတွေလည်း..."

​"တခြားအကြောင်းတွေ ငါ့ကို လာမပြောနဲ့ ဒီကိစ္စက မင်း စွဲလမ်းတာ မစွဲလမ်းတာနဲ့ မဆိုင်တော့ဘူး"

​ဝမ်ဟူက အေးစက်စက် လေသံနဲ့

"မင်း မထွက်ရင် ယင်ဝန်ထမ်းဌာနက စီရှန်ကနေ ငါ့အထိ အားလုံး ဒုက္ခရောက်ကုန်မယ် ဒီကိစ္စရဲ့ အရေးကြီးပုံကို မင်း သေသေချာချာ စဉ်းစားစမ်း"

​ရှူးးး

​လူတိုင်း အသက်ရှူမှားသွားကြတယ်။

​လင်စန်းက မယုံနိုင်သလိုနဲ့

"အဲဒီလူက ဘယ်လို အဆင့်အတန်းမို့လို့လဲ ဘာဖြစ်လို့လဲ..."

​"မမေးနဲ့ မင်း သိဖို့လည်း အရည်အချင်း မရှိဘူး ဒီနေ့ပဲ လစ်လိုက်တော့ ပြီးတော့ မင်းရဲ့ ဒီရာထူးက..."

​ဝမ်ဟူက ချက်ချင်းပဲ မျက်နှာပြောင်းပြီး ချင်းဆွေ့ဘက်ကို ပြုံးပြရင်း

"ညီလေး... ဒီရာထူးကို မင်းပဲ ဆက်ခံလိုက်ပါတော့"

​အခုတော့ လူတိုင်းဟာ အဲဒီအောက်လမ်းဆင်းသူရဲ့ နောက်ခံကို သံသယ မရှိကြတော့ပါဘူး ဝမ်ဟူကိုတောင် ဒီလို ဆုံးဖြတ်ချက်မျိုး ချခိုင်းနိုင်တယ်ဆိုရင် သူတို့ ပြစ်မှားလို့ ရတဲ့သူ မဟုတ်တာ သေချာသွားပါပြီ...

​ချင်းဆွေ့ ကြောင်အမ်းသွားတယ် သူက ဒီအတိုင်းပဲ ရာထူးတက်သွားတာလား

All Chapters