အခန်း (၈၁၃-၈၁၄)
Vol. 82 Ch. 813-814
အခန်း (၈၁၃) မိတ်ဆွေတို့ ကျုပ်ကို မှတ်မိကြသေးရဲ့လား
ဒီနေရာမှာရှိတဲ့ ယင်ဝန်ထမ်းတွေဟာ လောကအမြင် မကျယ်ကြပေမဲ့ ကောလာဟလတွေကိုတော့ ကြားဖူးကြပါတယ်။
ဒဏ္ဍာရီတွေအရ ရှန့်ကျန်း မှာရှိတဲ့ ယင်အရှင် တွေဟာ ခရမ်းရွှေရောင် ယင်အရှင်စစ်ဝတ်တန်ဆာကို ဆင်မြန်းထားကြတယ်လို့ ဆိုပါတယ်။
အခုဆိုရင် နေ့ခင်းကင်းလှည့်စစ်သည် အရာရှိကြီး ကျိုးဝမ်ရှင်းတောင် မြေကြီးပေါ်မှာ ဒူးထောက်နေပြီဆိုတော့ သူတို့ရှေ့က ပုဂ္ဂိုလ်ဟာ ဘယ်လိုအဆင့်အတန်းမျိုးလဲဆိုတာ မသိဘဲ နေပါ့မလား
ယင်ဝန်ထမ်း အုပ်စုလိုက်ကြီးဟာ ဝုန်းခနဲ ဒူးထောက်ချလိုက်ကြတယ်၊ ရှောင်းရှန်ချဲ့ရဲ့ လက်အောက်ငယ်သား ယင်ဝန်ထမ်းတွေလည်း အပါအဝင်ပေါ့။
အခုအချိန်မှာ မတ်တတ်ရပ်နေနိုင်သူဆိုလို့ လက်ချိုးရေလို့ ရပါတယ်။
ဥပမာအားဖြင့်... ကြောင်တောင်တောင် ဖြစ်နေတဲ့ ရှောင်းနတ်သမီး။
မှင်သက်မိနေတဲ့ ရှောင်းရှန်ချဲ့။
ပြီးတော့ မယုံနိုင်အောင် ဖြစ်နေတဲ့ ရှယွီ ဇနီးမောင်နှံတို့ပါပဲ။
"ကျိုးဝမ်ရှင်း... ဒီနေ့ကစပြီး မင်းက နေ့ခင်းကင်းလှည့်အဖွဲ့ရဲ့ စစ်သည်တစ်ယောက် မဟုတ်တော့ဘူး၊ သေသေချာချာ ကြားလိုက်ရဲ့လား"
ဖန့်ချန်က ခပ်အေးအေးပဲ ပြောလိုက်တယ်။
ကျိုးဝမ်ရှင်းဟာ တုန်တုန်ရင်ရင် ဖြစ်သွားပြီး စိတ်ထဲမှာ လျှပ်စစ်စီးသလို အမြန်စဉ်းစားကာ အားတင်းပြီး ပြောလိုက်တယ်
"အရှင်... အရှင်က နေ့ခင်းကင်းလှည့်အရှင် မဟုတ်ဘူးပဲ ကျွန်တော့်ကို အပြစ်ပေးပိုင်ခွင့် မရှိ..."
"ငါက နေ့ခင်းကင်းလှည့်အရှင် ပဲ"
ဖန့်ချန်က ခပ်ဖွဖွ ရယ်မောလိုက်တယ်၊ ကျိုးဝမ်ရှင်းရဲ့ ကိုယ်ထဲမှာ စစ်ဝတ်တန်ဆာ တစ်စုံ ပုန်းကွယ်နေတာကို သူ တစ်ချက်ကြည့်ရုံနဲ့ သိလိုက်ပြီး လက်နဲ့ လှမ်းဖမ်းလိုက်တယ်။
စစ်ဝတ်တန်ဆာဟာ ယင်အငွေ့အသက်တွေနဲ့အတူ ချက်ချင်းပဲ ကိုယ်ထဲက ထွက်ပေါ်လာတော့တယ်။
စစ်ဝတ်တန်ဆာနဲ့ အဲဒီယင်အငွေ့အသက်တွေ မရှိတော့တဲ့နောက်မှာ ကျိုးဝမ်ရှင်းရဲ့ အရှိန်အဝါဟာ သာမန်ကာလျှံကာ ဖြစ်သွားပြီး ကိုယ်ပေါ်က ယင်ဓာတ်တွေလည်း ရုတ်တရက် လျော့နည်းသွားတယ်၊ အရင်ကလို မခန့်ညားတော့ဘဲ သာမန် ဝိညာဉ်တစ်ခုလို ဖြစ်သွားခဲ့ပြီ။
ကျိုးဝမ်ရှင်းဟာ တစ်ချိန်က မိမိပိုင်ဆိုင်ခဲ့တဲ့၊ အခုတော့ ဖန့်ချန်ရဲ့ လက်ထဲ ရောက်နေတဲ့ စစ်ဝတ်တန်ဆာကို ကြည့်ပြီး ထိတ်လန့်တုန်လှုပ်နေတယ်၊ သူ့မျက်လုံးထဲမှာ ကြောက်လန့်မှုကလွဲလို့ ဘာမှ မရှိတော့ဘူး။
နေ့ခင်းကင်းလှည့်အရှင်
သူ့ရှေ့က ပုဂ္ဂိုလ်က တကယ်ပဲ နေ့ခင်းကင်းလှည့်အဖွဲ့ရဲ့ အမြင့်ဆုံး အရာရှိကြီး နေ့ခင်းကင်းလှည့်အရှင် ဖြစ်နေတာလား
သူ့စိတ်ထဲမှာ မယုံချင်ပေမဲ့ တစ်ဖက်လူက နေ့ခင်းကင်းလှည့်စစ်သည်ရဲ့ ရာထူးတံဆိပ်ဖြစ်တဲ့ စစ်ဝတ်တန်ဆာကို သိမ်းယူနိုင်တယ်ဆိုတာ သူတို့အဖွဲ့ရဲ့ အထက်အရာရှိကြီးတွေသာ လုပ်နိုင်တာပါ။
ဘာလို့ ဒီလို ဖြစ်နေရတာလဲ
ကျိုးဝမ်ရှင်းဟာ စဉ်းစားလို့ မရနိုင်တော့ဘဲ စိတ်တွေ ရှုပ်ထွေးကုန်တော့တယ်။
ရာထူး အသိမ်းခံလိုက်ရတာဟာ ဝမ့်ချွမ်းမြစ်ကို ဖြတ်ကျော်နိုင်တဲ့ အခွင့်အရေး ဆုံးရှုံးသွားတာပါပဲ နေ့ခင်းဘက် လူ့လောကကိုလည်း သွားပြီး ကင်းလှည့်လို့ မရတော့ဘူး သာမန် လေလွင့်ဝိညာဉ်တွေနဲ့ ယှဉ်ရင်တော့ ယင်သက်တမ်း နည်းနည်းပိုရှည်တာနဲ့ ပညာနည်းနည်း ပိုတတ်တာပဲ ရှိတော့မှာ...
"နေ့ခင်းကင်းလှည့်အရှင် ယင်အရှင် မဖြစ်နိုင်ဘူး သူက ဘယ်လိုလုပ်ပြီး ယင်အရှင် ဖြစ်နိုင်မှာလဲ တစ်နေရာရာမှာ မှားနေတာ ဖြစ်ရမယ်"
ရှယွီရဲ့ မျက်နှာထားက အကြိမ်ကြိမ် ပြောင်းလဲနေတယ်။
ယင်အရှင်ဆိုတာ အခုအချိန်မှာ ယင်လောကရဲ့ အလွန်အမင်း နည်းပါးလှတဲ့ အရာရှိကြီးတွေပါ အဲဒီထက် မြင့်တာဆိုလို့ ဒဏ္ဍာရီလာ ငရဲမင်း ပဲ ရှိတော့တာ။
ဒါက လူ့လောကမှာဆိုရင် ဝန်ကြီးချုပ်နဲ့ ဧကရာဇ်မင်းမြတ်တို့ရဲ့ ကွာခြားချက်လိုပါပဲ။
မျိုးရိုးမြင့် ပညာတတ် တစ်ယောက်တောင်မှ နှစ်ပေါင်းများစွာ ကြိုးစားမှ ဝန်ကြီးချုပ် ရာထူးကို ရဖို့ဆိုတာ မလွယ်ကူတဲ့ ကိစ္စပါ။
သာမန် လူတစ်ယောက်ဆိုရင်တော့ ပြောနေဖို့တောင် မလိုတော့ဘူး
သူ့အမြင်မှာတော့ ဖန့်ချန်က ယင်လောကကို အခုမှ ရောက်လာတဲ့ သာမန် လေလွင့်ဝိညာဉ်ပဲ ဖြစ်ရမယ်၊ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ယင်အရှင် ဖြစ်သွားရတာလဲ
ဒါက လုံးဝ မဖြစ်နိုင်ဘူး
"ကျိုးအရှင်... ခင်ဗျား တစ်ခုခု မှားနေတာ ဖြစ်ရမယ် သူက ယင်အရှင် မဟုတ်ပါဘူး သူ ယင်အရှင် ဖြစ်လာစရာ အကြောင်းရင်း လုံးဝ မရှိဘူး"
"ဖန့်ချန် ဆိုတဲ့ကောင်က ပရိယာယ် အရမ်းများတယ် သူ တစ်ခုခု လှည့်စားထားတာ ဖြစ်ရမယ်ခင်ဗျား သူ့အလိမ်အညာမှာ မမိပါစေနဲ့"
ရှယွီက ကျိုးဝမ်ရှင်းကို အသည်းအသန် သတိပေးနေတယ်။
ဒါပေမဲ့ ကျိုးဝမ်ရှင်းကတော့ မိမိရဲ့ စစ်ဝတ်တန်ဆာ အချွတ်ခံလိုက်ရတာကို ကိုယ်တိုင် မြင်လိုက်ရပြီဆိုတော့ ရှယွီရဲ့ စကားကို ဘယ်နားထောင်တော့မလဲ။
ဘာတုံ့ပြန်မှုမှ မရှိတာကို မြင်တော့ ရှယွီက ရှောင်းရှန်ချဲ့ဘက် လှည့်ကြည့်ပြီး
"ရှောင်းအရှင်... သူ့ကို အမြန် ဖမ်းစမ်းပါ!"
"..."
ရှောင်းရှန်ချဲ့ကတော့ လှုပ်တောင် မလှုပ်ပါဘူး၊ သူက ဖန့်ချန်ကို သတိကြီးကြီးနဲ့ စိုက်ကြည့်နေတယ်။
ဖန့်ချန်က ယင်အရှင် ဖြစ်နေလိမ့်မယ်လို့ သူလည်း မယုံပေမဲ့ အခုမြင်နေရတဲ့ အခြေအနေတွေက သူ မခန့်မှန်းနိုင်တဲ့ အပြောင်းအလဲတစ်ခု ဖြစ်နေပြီဆိုတာ သက်သေပြနေတာပဲ။
နေ့ခင်းကင်းလှည့်စစ်သည် ကျိုးဝမ်ရှင်းတောင် မြေမှာ ဝပ်စင်နေပြီဆိုရင် အရာရာဟာ ရှင်းနေပါပြီ
"မင်းတို့ ဘာလို့ ဒီအတိုင်း ကြည့်နေကြတာလဲ ယင်လောကကို အခုမှ ရောက်လာတဲ့ လေလွင့်ဝိညာဉ် တစ်ယောက်ရဲ့ လှည့်စားတာကို မင်းတို့က ဒီအတိုင်း အခံမှာလား "
ရှယွီ ဒေါသထွက်သွားတယ်
"ကျိုးဝမ်ရှင်း... ခင်ဗျားက နေ့ခင်းကင်းလှည့်စစ်သည်လေ ပုံမှန်ဆို ပိုင်ယွဲ့မြို့မှာ မြို့တော်ဝန် စီရှန်၊ ညဉ့်လှည့်ကင်းစစ်သည်တွေနဲ့ တန်းတူနေတဲ့သူပဲ၊ ဒီလို ကလေးတစ်ယောက်ရဲ့ လှည့်စားတာကို ဘယ်လိုလုပ် ခံနေရတာလဲ "
ကျိုးဝမ်ရှင်းကတော့ ခေါင်းငုံ့ထားပြီး ဘာမှ ပြန်မပြောပါဘူး။
ရှယွီရဲ့ ဇနီးကတော့ အခြေအနေ မဟန်တော့တာကို သတိပြုမိသွားတယ်၊ လူတွေ ခေါ်လာမိတာကိုလည်း နောင်တရသွားပြီ၊ သူမက ရှယွီရဲ့ အင်္ကျီစကို ဆွဲပြီး
"အရှင်... ဘာမှ ထပ်မပြောပါနဲ့တော့..."
"မိဖုရား... မင်းပါ ဒီကောင့်အလိမ်မှာ မိနေတာလား ငါ ယင်လောက ရောက်တာ ဘယ်လောက်ကြာပြီလဲ၊ သူ ရောက်တာ ဘယ်လောက်ရှိသေးလို့လဲ"
"ငါက မင်းတို့အိမ်က သမက်အဆင့်ပဲ ရှိသေးချိန်မှာ သူက ယင်အရှင် ဖြစ်နေရမယ်ဆိုတာ ဘယ်လို ယုတ္တိရှိလို့လဲ ဒါက လောကမှာ အကြီးမားဆုံး ဟာသပဲ"
ရှယွီရဲ့ ပုံစံက တဖြည်းဖြည်းနဲ့ ရူးသွပ်သလို ဖြစ်လာတော့တယ်။
အဲဒီအချိန်မှာပဲ လူပေါင်း ဒါဇင်ချီပြီး ဒီဘက်ကို အပြေးအလွှား ရောက်လာကြတယ်၊ ဦးဆောင်လာသူတွေကတော့ ပိုင်ယွဲ့မြို့ ယင်ဝန်ထမ်းဌာနရဲ့ စီရှန် ညဉ့်လှည့်ကင်းစစ်သည် နဲ့ ပိုင်ယွဲ့မြို့ရဲ့ မြို့တော်ဝန်တို့ပါပဲ။
"ယောက္ခမကြီး... လာတာ အတော်ပဲ ဒီကောင့်ကို ဖမ်းခိုင်းလိုက်ပါ ဒီမှာ လာပြီး နတ်ဘုရားလိုလို ဘာလိုလိုနဲ့ လှည့်စားနေတာကို ခွင့်မလွှတ်ပါနဲ့ "
ရှယွီက သူ့ဇနီးရဲ့ လက်ကို ခါထုတ်လိုက်ပြီး မြို့တော်ဝန်ရှေ့ကို အပြေးသွားကာ လက်အုပ်ချီ ပြောလိုက်တယ်။
ဖြောင်း
ပိုင်ယွဲ့မြို့တော်ဝန်က ရှယွီကို ပါးရိုက်ချက် ပြင်းပြင်းတစ်ချက် ကျွေးလိုက်တယ်၊ ပြီးတော့ ဖန့်ချန်ကို လှမ်းကြည့်လိုက်တယ် ဖန့်ချန်ရဲ့ ကိုယ်ပေါ်က ယင်အရှင်စစ်ဝတ်တန်ဆာကို မြင်လိုက်ရတဲ့အခါ သူ တုန်လှုပ်သွားပြီး စီရှန် ညဉ့်လှည့်ကင်းစစ်သည်တို့နဲ့အတူ ဖန့်ချန်ရှေ့မှာ ဝပ်စင် ဒူးထောက်လိုက်ကြတယ်
"ပိုင်ယွဲ့မြို့တော်ဝန် ၊ ညဉ့်လှည့်ကင်းစစ်သည် ယင်အရှင် အရာရှိကြီးကို ဂါရဝပြုပါတယ်"
ဒီပုဂ္ဂိုလ် သုံးယောက်ဟာ မတူညီတဲ့ ဌာနတွေက ဖြစ်ပြီး ပိုင်ယွဲ့မြို့ရဲ့ တကယ့် အရာရှိကြီးတွေပါ အခုတော့ သူတို့အားလုံး ထိတ်လန့်တုန်လှုပ်နေကြပြီ။
ဒဏ္ဍာရီလာ ယင်အရှင်က ဘာလို့ ဒီပိုင်ယွဲ့မြို့ သေးသေးလေးကို ရောက်လာရတာလဲ
ဒါက လုံးဝ ယုတ္တိမရှိဘူးလေ
ပိုင်ယွဲ့မြို့ စတင်တည်ထောင်ကတည်းက ယင်အရှင်တစ်ယောက် ခြေချဖူးတဲ့ သမိုင်း လုံးဝ မရှိခဲ့ပါဘူး
ရှယွီကတော့ အဲဒီမြင်ကွင်းကို ကြည့်ပြီး စိတ်ဓာတ်တွေ အကုန်ပြိုလဲသွားတယ်၊ မျက်နှာကလည်း တဖြည်းဖြည်း ဖြူဖျော့လာတော့တယ်။
"မင်းက ပိုင်ယွဲ့မြို့တော်ဝန်လား ခုနက မင်းသမီးက နေ့ခင်းကင်းလှည့်စစ်သည်ကို အမိန့်ပေးပြီး ငါ့ကို ယင်ဝန်ထမ်းဌာနကို ဖမ်းခိုင်းနေတယ် အခု ယင်လောကမှာ မြို့တော်ဝန်သမီးက အစိုးရကိစ္စတွေကို ဝင်စွက်ဖက်လို့ ရနေပြီလား"
ဖန့်ချန်က ခပ်အေးအေးပဲ မေးလိုက်တယ်။
ပိုင်ယွဲ့မြို့တော်ဝန်ဟာ မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားပြီး အဲဒီအမျိုးသမီးကို မှင်သက်စွာ လှည့်ကြည့်လိုက်တယ်။
အမျိုးသမီးရဲ့ မျက်နှာ ဖြူဖျော့သွားပြီး ဘာလုပ်ရမှန်းမသိဘဲ တုန်လှုပ်နေတော့တယ်။
ယင်ဝန်ထမ်းဌာန စီရှန်က အားတင်းပြီး ရိုရိုသေသေ မေးလိုက်တယ်
"ဒီကို ကြွလာတဲ့သူက ဘယ်ယင်အရှင်လဲဆိုတာ သိခွင့်ရှိမလားခင်ဗျာ"
"ကျိုးဝမ်ရှင်းကို မေးလိုက်လေ"
"ဒါ... ဒီအရှင်က နေ့ခင်းကင်းလှည့်အရှင် ပါ..."
ကျိုးဝမ်ရှင်းက တိုးတိုးလေး ပြန်ဖြေတယ်။
နေ့ခင်းကင်းလှည့်အရှင်
ဒါက ယင်ဝန်ထမ်းဌာနရဲ့ အမြင့်ဆုံး အရာရှိကြီး သုံးဦးထဲက တစ်ဦး မဟုတ်လား
ဒီနေရာက စီရှန်ဟာ စီကျွင်း အဖွဲ့အစည်းက ဖြစ်ပေမဲ့ နေ့ခင်းကင်းလှည့်အဖွဲ့ရဲ့ အမြင့်ဆုံး အရာရှိကြီးနဲ့ တွေ့တဲ့အခါမှာတော့ သားက အဖေကိုတွေ့သလိုအမတ်က ဘုရင်ကို တွေ့သလိုပဲ ရိုသေရမှာပါ။
သူ့ရဲ့ ရာထူးနာမည်မှာ ရှန် ဆိုတဲ့ စကားလုံး ပါနေပေမဲ့ နေ့ခင်းကင်းလှည့်အဖွဲ့နဲ့ ညဉ့်လှည့်ကင်းအဖွဲ့က ရှေ့မှာတော့ အဆင့်ချင်း အများကြီး ကွာခြားပါတယ်။
သူ့လို ရာထူးအနိမ့်ဆုံး အရာရှိလေးအတွက်တော့ ပုံမှန်ဆိုရင် သူ့ထက် တစ်ဆင့်မြင့်တဲ့ စီရှန်ကိုတောင် မနည်းတွေ့ရတာပါ။
အခုဆိုရင် သူ့ရဲ့ အထက်အရာရှိကြီး ရောက်လာရင်တောင် ဒီနေ့ခင်းကင်းလှည့်အရှင် ရှေ့မှာတော့ မြေးလေးတစ်ယောက်လို ငြိမ်နေရမှာပဲ၊ မဟုတ်ရင်တော့ ဘေးဒုက္ခကြီး တွေ့ရတော့မှာ
ဘေးက ညဉ့်လှည့်ကင်းစစ်သည်ကတော့ ကျိုးဝမ်ရှင်းကို တိတ်တဆိတ် လှမ်းကြည့်လိုက်တယ် ကျိုးဝမ်ရှင်းရဲ့ စစ်ဝတ်တန်ဆာ အချွတ်ခံလိုက်ရပြီး ရာထူးပြုတ်သွားပြီဆိုတာ မြင်လိုက်ရတော့ ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားတယ်။
ကျိုးဝမ်ရှင်းဟာ ဒီနေ့ခင်းကင်းလှည့်စစ်သည် ရာထူးကို တာဝန်ထမ်းဆောင်လာတာ နှစ်ပေါင်း တစ်ထောင်ကျော်ပြီ၊ မကြာခင်မှာ နေ့ခင်းကင်းလှည့်ဝေ့ အဖြစ် ရာထူးတက်ဖို့ မျှော်လင့်ချက် ရှိနေတာ ဒီနေ့မှာတော့ ဒီလို ဘေးဒုက္ခနဲ့ တွေ့ပြီး ရာထူးပါ အသိမ်းခံလိုက်ရလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ...
"မင်းတို့ ကိစ္စတွေကိုတော့ ခဏနေမှ ပြောကြတာပေါ့ လောလောဆယ်တော့ ဒူးထောက်နေကြဦး"
ဖန့်ချန်က အေးအေးဆေးဆေး ပြောလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တယ်၊ ရှောင်းရှန်ချဲ့ဟာ ဘယ်အချိန်ကတည်းက ဒူးထောက်လိုက်မှန်းမသိဘဲ ခေါင်းငုံ့ပြီး ငြိမ်နေတာကို တွေ့လိုက်ရတယ်။
ရှယွီတောင်မှ သူ့ဇနီးရဲ့ အတင်းဆွဲချမှုကြောင့် အတူတူ ဒူးထောက်နေရပြီ။
ဖန့်ချန်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး ကျယ်ပြောလှတဲ့ ဝမ့်ချွမ်းမြစ်ဘက်ကို လှည့်ကြည့်လိုက်တယ် သူ့ရဲ့ မျက်လုံးထဲမှာတော့ ဝမ့်ချွမ်းမြစ်အောက်ခြေမှာ နစ်မြုပ်နေတဲ့ ဝိညာဉ်ဆိုးတွေကို မြင်နေရတယ်။
သူတို့ဟာ နာကျင်စွာနဲ့ ရုန်းကန်နေကြပြီး ရေပြင်ပေါ်တက်ဖို့ ကြိုးစားရင်း ဘေးနားက မိရာဆွဲဖို့ လက်လှမ်းနေကြတာဟာ ဂဏန်းအိုးထဲက ဂဏန်းတွေလိုပါပဲ။
ဖန့်ချန်ဟာ ရင်းနှီးတဲ့ မျက်နှာတွေ အများကြီးကို တွေ့လိုက်ရတယ် အချို့လူတွေက ဒီမှာ မရှိကြပေမဲ့ လူ့လောကမှာ လေလွင့်နေကြတုန်း ဖြစ်မှာပါ ဟွမ်ချွမ်လမ်းကို မဖြတ်သန်းရသေးသရွေ့တော့ ဝမ့်ချွမ်းမြစ်ထဲ ကျမှာမဟုတ်ဘူးလေ။
"မိတ်ဆွေတို့ ကျုပ်ကို မှတ်မိကြသေးရဲ့လား"
ဖန့်ချန်က တိုးတိုးလေး မေးလိုက်တယ်။
အခန်း (၈၁၄) ပြုပြင်ပြောင်းလဲခြင်း
ဖန့်ချန်ရဲ့ အသံဟာ တည်ငြိမ်တဲ့ လှိုင်းဂယက်တစ်ခုလို ဝမ့်ချွမ်းမြစ်ထဲမှာ ပျံ့နှံ့သွားပြီး ရူးသွပ်နေကြတဲ့ ဝိညာဉ်ဆိုး အများအပြားဟာ ချက်ချင်းပဲ ငြိမ်သက်သွားကြတယ်။
မြစ်အောက်ခြေမှာ လှုပ်ရှားမှုမရှိဘဲ နစ်မြုပ်နေတဲ့ အချို့သော ဝိညာဉ်တွေတောင်မှ သူတို့ရဲ့ တောင့်တင်းနေတဲ့ လည်ပင်းတွေကို လှည့်ပြီး အပေါ်ဘက်ကို လှမ်းကြည့်လိုက်ကြတယ်။
သူတို့ မျက်လုံးထဲက ဝေဝါးမှုတွေဟာ ရေခဲတွေ အရည်ပျော်သလို တဖြည်းဖြည်း ကြည်လင်လာပြီး တိုးတိုးတိုးတိုး ပြောဆိုသံတွေ ထွက်ပေါ်လာတော့တယ်
"ဒါ... စစ်သူကြီးလား"
"မဟုတ်လောက်ပါဘူး စစ်သူကြီးက အသက်ရာကျော် ရှည်မှာပဲ ဘယ်လိုလုပ် ယင်လောကကို ရောက်လာမှာလဲ"
"အော်... ငါတို့ ကြည့်မှားတာ ဖြစ်မှာပါ ဒါပေမဲ့ သူက ဘယ်သူလဲ ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ ငါ့မှတ်ဉာဏ်တွေက ပိုပိုပြီး ဆိုးလာပြီ"
ဝမ့်ချွမ်းမြစ်ထဲကနေ တိုးတိုးတိုးတိုး ပြောဆိုသံတွေ ထွက်ပေါ်လာတဲ့အခါ ရှောင်းနတ်သမီးရဲ့ မျက်လုံးတွေဟာ တဖြည်းဖြည်းနဲ့ ထိတ်လန့်မှုတွေ ပြည့်နှက်လာတော့တယ်။
ဒီလူတွေအားလုံးဟာ... တစ်ချိန်က ဖန့်ချန်နဲ့အတူ အရပ်ရပ်ကို စစ်ချီရင်း စစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ မဟာရှရဲ့ စစ်သည်တော် ဝိညာဉ်တွေလား
ဒီအသံတွေရဲ့ အရေအတွက်အရ ဆိုရင်တော့... တစ်သိန်းမရှိတောင် ရှစ်သောင်းလောက်တော့ ရှိလိမ့်မယ်...။
ရှယွီနဲ့ ရှောင်းရှန်ချဲ့တို့ဟာလည်း အဲဒီအသံတွေကို ကြားလိုက်ရတဲ့အခါ မျက်နှာတွေက ပိုပြီး ဖြူဖျော့လာတော့တယ်။
ဖန့်ချန်က သူ့ရဲ့ အင်္ကျီလက်ကို ခပ်ဖွဖွ တစ်ချက် ဝေ့ယမ်းလိုက်တဲ့အခါ ကျယ်ပြောလှတဲ့ ဝမ့်ချွမ်းမြစ်ပြင်ပေါ်မှာ လှေငယ်လေးတွေဟာ လေထဲကနေ ပေါ်လာတော့တယ်။
ဆယ်စင်း၊ ရာစင်း၊ ထောင်စင်း... မသိလိုက်ဘာသာနဲ့ပဲ ဝမ့်ချွမ်းမြစ်ပြင် တစ်ခုလုံးမှာ လှေငယ်လေးတွေ အစီအရီနဲ့ ပြည့်နှက်သွားတော့တယ်
ကျိုးဝမ်ရှင်းနဲ့ ကျန်တဲ့သူတွေဟာ ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အခါ ဘာသံသယမှ မရှိတော့ပါဘူး။
ယင်အရှင် ကလွဲလို့ ဘယ်သူက ဒီလောက်အထိ လုပ်ပိုင်ခွင့် အာဏာ ရှိမှာလဲ
"မဟာရှစစ်သည်တော်များ... လှေပေါ်တက်ကြ"
ဖန့်ချန်က လေးနက်တဲ့ အသံနဲ့ ပြောလိုက်တယ်။
အရှိန်အဝါကြီးမားပြီး ရင်းနှီးလှတဲ့ ဒီအသံဟာ လေလွင့်ဝိညာဉ်တွေရဲ့ နားထဲကို ရောက်သွားတဲ့အခါ သူတို့ရဲ့ ဦးနှောက်ထဲက ဝေဝါးမှုတွေ အကုန်ပျောက်ကွယ်သွားပြီး အသိပြန်ဝင်လာကြကာ တစ်စုံတစ်ဦးရဲ့ ခေါ်ယူမှုကြောင့် ရေပေါ်ကို ပေါ်တက်လာကြတော့တယ်။
မကြာခင်မှာပဲ မရေမတွက်နိုင်တဲ့ လှေငယ်လေးတွေပေါ်မှာ ဝိညာဉ်တွေ ပြည့်နှက်သွားတော့တယ်။
သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ကြရင်း ရင်းနှီးတဲ့ မျက်နှာတွေကို မှတ်မိသွားကြတယ်
"ကျန်းကြီး... မင်းလား"
"ငါပါကွ မင်းကြည့်ဦး အားလုံး ရှိနေကြတာပဲ"
"ခုနက... စစ်သူကြီးရဲ့ အသံလား"
လူတိုင်းဟာ တံတားဦးဆီကို လှည့်ကြည့်လိုက်ကြတဲ့အခါ ခရမ်းရွှေရောင် စစ်ဝတ်တန်ဆာ ဝတ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က သူတို့ကို ငြိမ်သက်စွာ စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။
အဲဒီမျက်နှာကိုတော့ သူတို့တွေ ဆယ်ခါသေရင်တောင် မေ့ကြမှာ မဟုတ်ပါဘူး။
"စစ်သူကြီးပဲ... စစ်သူကြီးပါလား"
တစ်စုံတစ်ယောက်က ဝမ်းသာအားရ အော်ဟစ်လိုက်တယ်။
တိတ်ဆိတ်ခြောက်ကပ်နေတဲ့ ဝမ့်ချွမ်းမြစ်ဟာ အခုတော့ ဆူညံသံတွေနဲ့ ပြည့်နှက်သွားခဲ့ပြီ။
မရေမတွက်နိုင်တဲ့ လှေငယ်တွေကြားမှာ သာမန် လေလွင့်ဝိညာဉ်တွေရဲ့ ယင်သက်တမ်းနဲ့ ဝယ်ထားတဲ့ လှေငယ်အချို့လည်း ရောပါနေပါတယ်။
အဲဒီထဲက လှေတစ်စင်းပေါ်မှာတော့ ဘိုးဘွား မိဘ သားသမီး သုံးဆက် ပါဝင်တဲ့ မိသားစုတစ်ခု ရှိနေပြီး အဲဒီထဲက လူရွယ်တစ်ယောက်ဟာ မရေမတွက်နိုင်တဲ့ လှေငယ်တွေ ရုတ်တရက် ပေါ်လာတာကို မြင်တော့ ထိတ်လန့်သွားပြီး လှေကို အမြန်လှော်ကာ ရှောင်ဖို့ ကြိုးစားနေတယ်။
"ဖိုးဖိုးနဲ့ ဖွားဖွား... ဟိုလူတွေက ဘယ်သူတွေလဲဟင် သူတို့လည်း သားတို့နဲ့အတူ ပိုင်ယွဲ့မြို့ကို လာတာလား"
ကလေးလေးကတော့ အပြစ်ကင်းစင်စွာနဲ့ အဝေးက လှေတွေကို လှမ်းကြည့်ရင်း လက်ညှိုးထိုးပြီး မေးနေတယ်။
လူရွယ်က အဲဒါကို မြင်တော့ ကလေးကို အမြန်ငေါက်လိုက်ပြီး လှမ်းမကြည့်ဖို့ တားလိုက်တယ်။
"ငါ့မြေးလေးကို လန့်အောင် မလုပ်ပါနဲ့ဦး"
အဖိုးအိုက မျက်မှောင်ကြုတ်လိုက်ပြီး မြေးလေးကို ရင်ခွင်ထဲ ပွေ့ပိုက်လိုက်ကာ အဝေးက လှေတွေကို လေးလေးနက်နက် ကြည့်ရင်း ပြောလိုက်တယ်
"အဲဒါတွေက... မဟာရှစစ်သည်တွေ ဖြစ်ရမယ် ငါတို့ မဟာရှရဲ့ စစ်သည်တော်တွေပေါ့"
"အဖေကလည်း နောက်နေပြန်ပြီ ဒီနှစ်ပိုင်းတွေမှာ မဟာရှစစ်သည်တွေ ဒီလောက် ထောင်သောင်းချီပြီး သေတာမှ မရှိတာ..."
လူရွယ်က မနေနိုင်ဘဲ ပြောလိုက်တယ်။
"ဘယ်သူက ဒီနှစ်ပိုင်းတွေမှာ သေတာလို့ ပြောလဲ"
အဖိုးအိုက နှာခေါင်းရှုံ့လိုက်ပြီး တံတားဦးဘက်ကို လှမ်းကြည့်လိုက်တယ်၊ အဲဒီက ပုဂ္ဂိုလ်ရဲ့ မျက်နှာကို မြင်လိုက်ရတဲ့အခါ သူ့မျက်လုံးထဲမှာ အံ့အားသင့်မှုတွေ ဖြတ်ပြေးသွားတော့တယ်။
"အဖေ... တကယ်လို့ ဒီနှစ်ပိုင်းမှာ သေတာ မဟုတ်ရင် သူတို့က ဝမ့်ချွမ်းမြစ်ထဲကနေ ပြန်တက်လာတာလား"
လူရွယ်က တိုးတိုးလေး ရေရွတ်လိုက်တယ်။
"သူတို့က... သုံးလောကတောင်တန်း တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ မဟာရှစစ်သည်တွေ ဖြစ်လိမ့်မယ်..."
အဖိုးအိုက တိုးတိုးလေး ပြောလိုက်တယ်။
လူရွယ်ရဲ့ မျက်နှာထား ပြောင်းလဲသွားတယ်
"အဲဒါက ဘယ်လောက်တောင် ကြာခဲ့ပြီလဲ ဘယ်လိုလုပ် သူတို့ ဖြစ်နိုင်မှာလဲ..."
"မင်း ကြည့်ဦး... သူတို့ကို ဘယ်သူ လာကြိုနေတာလဲဆိုတာ"
အဖိုးအိုက ပြောလိုက်တယ်။
လူရွယ်က သူညွှန်ပြတဲ့ဘက်ကို လှမ်းကြည့်လိုက်ပြီး ခဏနေတော့ သူ့မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုတွေ ပေါ်လာတော့တယ်
"ဒါ... ဒါက ဟို ဖန့်... ဖန့်..."
"ဟုတ်တယ် အဲဒါ ဖန့်စစ်သူကြီး ပဲ"
အဖိုးအိုက လေးလေးနက်နက် ခေါင်းညိတ်လိုက်တယ်။
...
ရှောင်းနတ်သမီးဟာ မရေမတွက်နိုင်တဲ့ လှေတွေကြားထဲက လှေတစ်စင်းပေါ်မှာ တစ်ယောက်တည်း ထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။
အဲဒီလူဟာ ဒူးပေါ်မှာ လက်တင်ပြီး တရားထိုင်တဲ့ ပုံစံနဲ့ ထိုင်နေတယ် ခေါင်းငုံ့ထားပြီး ရှည်လျားတဲ့ ဆံပင်တွေက မျက်နှာရဲ့ အစိတ်အပိုင်း တော်တော်များများကို ဖုံးအုပ်ထားတယ်။
ဒါပေမဲ့ သူမကတော့ တစ်ချက်ကြည့်ရုံနဲ့ မှတ်မိလိုက်ပါတယ် ဒါဟာ သူမရဲ့ အဖေ၊ တစ်ချိန်က ချင်းစုန်းနိုင်ငံရဲ့ စစ်နတ်ဘုရား ရှောင်းစစ်သူကြီး ပါပဲ
"အဖေ"
ရှောင်းနတ်သမီးက မနေနိုင်ဘဲ အော်ခေါ်လိုက်တယ်။
ရှောင်းစစ်သူကြီးက ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်တယ် ရှောင်းနတ်သမီးကို တစ်ချက်ကြည့်ပြီးနောက် သူ့ရဲ့ အကြည့်က ဖန့်ချန်ဆီ ရောက်သွားတယ်၊ ဖြူဖျော့နေတဲ့ မျက်နှာပေါ်မှာ ခပ်ဖျော့ဖျော့ အပြုံးလေးတစ်ခု ပေါ်လာပြီး ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်တယ်။
မကြာခင်မှာပဲ လှေငယ်လေးတွေ တစ်စင်းပြီးတစ်စင်း ကမ်းကပ်လာတာနဲ့အမျှ တံတားပေါ်မှာ လေလွင့်ဝိညာဉ် အုပ်စုတွေ အများကြီး ရောက်လာတော့တယ်။
ဒီဝိညာဉ်တွေဟာ အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး ဖန့်ချန်ကို ကြည်ညိုလေးစားတဲ့ အကြည့်တွေနဲ့ စိုက်ကြည့်နေကြပေမဲ့ ဘယ်သူမှ ဆူဆူညံညံ မလုပ်ကြပါဘူး။
သူတို့ဟာ တံတားပေါ်မှာ စစ်စနစ်တကျ စီတန်းပြီး တံတားရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ ရပ်နေကြတာပါ။
ရှောင်းစစ်သူကြီးဟာ ရှောင်းနတ်သမီးရဲ့ ရှေ့ကို ဖြည်းဖြည်းချင်း လျှောက်လာပြီး သူမရဲ့ ခေါင်းကို ခပ်ဖွဖွ ပုတ်ပေးလိုက်တယ်၊ ပြီးတော့မှ ဖန့်ချန်ကို လှည့်ကြည့်ပြီး အက်ကွဲအက်ကွဲ အသံနဲ့ ပြောလိုက်တယ်
"ဖန့်စစ်သူကြီး... မတွေ့တာ ကြာပြီနော်"
"အင်း တော်တော်ကြာသွားပြီ"
ဖန့်ချန်က ပြုံးပြီး ခေါင်းညိတ်လိုက်တယ် ပြီးတော့ ကျိုးဝမ်ရှင်းဆီက ချွတ်ထားတဲ့ စစ်ဝတ်တန်ဆာကို ရှောင်းစစ်သူကြီးဆီ လှမ်းပေးလိုက်ပြီး
"စမ်းဝတ်ကြည့်ဦး... မင်းနဲ့ တော်ရဲ့လားလို့"
"ဒါက"
ရှောင်းစစ်သူကြီးရဲ့ မျက်လုံးထဲမှာ သံသယတွေ ပေါ်လာတယ်။
ရှောင်းနတ်သမီးကတော့ ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားပြီး မယုံနိုင်စွာနဲ့ ဖန့်ချန်ကို ကြည့်လိုက်တယ်၊ ပြီးတော့မှ သူမအဖေကို အလျင်အမြန် ရှင်းပြလိုက်တယ်
"အဖေ... ဒါက ပိုင်ယွဲ့မြို့ ယင်ဝန်ထမ်းဌာနက နေ့ခင်းကင်းလှည့်စစ်သည်ရဲ့ စစ်ဝတ်တန်ဆာပါ ဒါကို ဝတ်လိုက်ရင် အဖေက ဒီနေရာရဲ့ နေ့ခင်းကင်းလှည့်စစ်သည် ဖြစ်သွားပြီ နေ့ခင်းဘက် လူ့လောကကို သွားပြီး ကောင်းမှုဆိုးမှုတွေကို ကင်းလှည့်လို့ ရပြီ"
"အော် နေ့ခင်းကင်းလှည့်စစ်သည်လား ယင်လောကက အရာရှိပေါ့ "
ရှောင်းစစ်သူကြီးရဲ့ မျက်လုံးတွေက လှုပ်ရှားသွားပြီး တစ်စုံတစ်ခုကို နားလည်သွားပုံရပါတယ်။
ကျိုးဝမ်ရှင်းကတော့ ဒီမြင်ကွင်းကို ကြည့်ပြီး အလွန်အမင်း မျှော်လင့်ချက်မဲ့သွားတယ်၊ သူ ရာထူးပြန်ရဖို့ အခွင့်အရေး မရှိတော့ပါဘူး။
ယင်ဝန်ထမ်းဌာန စီရှန်၊ ညဉ့်လှည့်ကင်းစစ်သည်နဲ့ ပိုင်ယွဲ့မြို့တော်ဝန်တို့ဟာ အခုအချိန်မှာ ထိတ်လန့်တုန်လှုပ်နေကြပြီ။
ဒီယင်အရှင်ဟာ ဝမ့်ချွမ်းမြစ်ထဲက ဝိညာဉ် အများအပြားနဲ့ ရင်းနှီးနေတာလား သူက ဘယ်လို နောက်ခံမျိုး ရှိတာလဲ
ဒါမှမဟုတ်... ဒီယင်အရှင်ဟာ လူ့လောကမှာတုန်းက ပိုင်ယွဲ့မြို့ရဲ့ အုပ်ချုပ်မှုအောက်က နယ်မြေမှာ မွေးဖွားခဲ့တာလား
သူတို့ သုံးယောက်ရဲ့ စိတ်ထဲမှာ လှိုင်းတံပိုးတွေ ထနေတော့တယ်၊ သူတို့ရဲ့ မျက်စိအောက်မှာတင် လူတစ်ယောက်ဟာ ယင်လောကရဲ့ ယင်အရှင်အဖြစ် ရာထူးတိုးသွားတာကို သူတို့ လုံးဝ မသိလိုက်တာကတော့ မယုံနိုင်စရာပါပဲ...။
ရှောင်းစစ်သူကြီးဟာ စစ်ဝတ်တန်ဆာကို ဝတ်ဆင်လိုက်တဲ့အခါ တစ်ကိုယ်လုံးက အရှိန်အဝါဟာ အကြီးအကျယ် ပြောင်းလဲသွားတော့တယ်။
မူလကတည်းက မာနကြီးတဲ့သူဖြစ်ပြီး သူ့ရဲ့ မျက်လုံးထဲက ထွက်ပေါ်နေတဲ့ စူးရှမှုတွေဟာ ခေါင်းပေါ်မှာ ဆွဲထားတဲ့ ဓားတစ်စင်းလိုပဲ ကြောက်စရာ ကောင်းလှပါတယ်။
အခု ယင်အရာရှိ ရာထူးကို ရပြီး နေ့ခင်းကင်းလှည့်စစ်သည် ဖြစ်လာတဲ့အခါမှာတော့ အဲဒီအရှိန်အဝါဟာ အရင်ကထက် အဆပေါင်းများစွာ ပိုပြီး ထင်ရှားလာတော့တယ်။
"နေ့ခင်းကင်းလှည့်အရှင် အရာရှိကြီး... ဒီပုဂ္ဂိုလ်ကို ဘယ်လို ခေါ်ရမလဲဆိုတာ သိခွင့်ပြုပါဦး နောင်ကျရင် ကျုပ်တို့အားလုံး လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားကြပြီဆိုတော့..."
စီရှန်က အခြေအနေ တင်းမာနေတာကို လျှော့ချဖို့အတွက် သတိကြီးကြီးနဲ့ စကားစလိုက်တယ်။
ဒီကိစ္စက အစကနေ အဆုံးအထိ သူနဲ့ ဘာမှ မဆိုင်ပါဘူး အခုတော့ ဒီမှာ ဒူးထောက်ခိုင်းခံထားရတယ် ဆက်ပြီး စကားမပြောရင် ဘာတွေ ဆက်ဖြစ်လာမလဲ မသိနိုင်ဘူးလေ။
"မင်းတို့ နှစ်ယောက် ထလို့ ရပြီ"
ဖန့်ချန်က စီရှန်နဲ့ အဲဒီညဉ့်လှည့်ကင်းစစ်သည်ကို တစ်ချက် ကြည့်လိုက်တယ်။
နှစ်ယောက်လုံးဟာ ဘေးဒုက္ခကနေ လွတ်မြောက်သွားသလို ခံစားလိုက်ရပြီး အမြန်ပဲ ထရပ်လိုက်ကြတယ်။
ပိုင်ယွဲ့မြို့တော်ဝန်ကတော့ ဒီယင်အရှင်က သူ့ကို ဂရုမစိုက်တာကို မြင်တော့ စိတ်ထဲမှာ မကောင်းတဲ့ အငွေ့အသက်တွေ ပိုပြီး ခံစားလာရတယ်။
ဖန့်ချန်က ရှောင်းစစ်သူကြီးကို အဲဒီနှစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်ပြီးနောက် အေးအေးဆေးဆေး ပြောလိုက်တယ်
"နောက်ဆိုရင် မင်းတို့ နှစ်ယောက်က ရှောင်းစစ်သူကြီးကို ကူညီပေးကြပါ"
"ကူညီပေးရမယ် နေ့ခင်းကင်းလှည့်အရှင် အရာရှိကြီး ဘာများ အမိန့်ရှိပါသလဲခင်ဗျာ"
စီရှန်က သတိကြီးကြီးနဲ့ မေးလိုက်တယ်။
"ချိပ်ပိတ်သင့်တာ ချိပ်ပိတ် သတ်သင့်တာ သတ် ပိုင်ယွဲ့မြို့ရဲ့ အမြစ်တွေက နည်းနည်း ပုပ်နေပြီ ငါ တစ်ခါတည်း ပြုပြင်ပြောင်းလဲပစ်မယ်"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်။
လူတိုင်းရဲ့ မျက်လုံးထဲမှာ ထိတ်လန့်မှုတွေ ဖြတ်ပြေးသွားတယ်၊ ဒါက... ပိုင်ယွဲ့မြို့ကို ဓားနဲ့ ခုတ်တော့မှာလား
"ဖန့်ချန် လုပ်တဲ့သူပဲ ခံမယ်"
ရှယွီက ရုတ်တရက် ထရပ်လိုက်ပြီး ဖန့်ချန်ကို စိုက်ကြည့်ကာ
"ငါက မင်းကို စော်ကားခဲ့တာ အပြစ်မရှိတဲ့သူတွေကို မပတ်သက်ပါနဲ့"
ဖန့်ချန်က ခေါင်းကို ခပ်ဖွဖွ ညိတ်လိုက်တယ်
"ကောင်းပြီ၊ ဒါဆို မြို့တော်ဝန်အိမ်တော်ကို အရင်ဆုံး ချိပ်ပိတ်တာကနေ စတာပေါ့"
ပိုင်ယွဲ့မြို့တော်ဝန်ဟာ မျက်လုံးတွေ ပြူးသွားပြီး မေ့လဲမတတ် ဖြစ်သွားတော့တယ်။