အခန်း (၈၁၇-၈၁၈)
Vol. 82 Ch. 817-818
အခန်း (၈၁၇) အပြစ်မေးခြင်း
ဖန့်ချန်ဟာ ဟွမ်ချွမ်လမ်းထဲ လျှောက်ဝင်ပြီး ဝမ့်ချွမ်းမြစ်ကို ဖြတ်ကျော်ကာ ခမ်းနားထည်ဝါလှတဲ့ တံတားကြီးပေါ်ကို တက်လှမ်းလိုက်တယ်။
"ကျွန်တော်မျိုးတို့ နေ့ခင်းကင်းလှည့်အရှင်ကို ကြိုဆိုပါတယ်"
တံတားပေါ်မှာ လူရိပ်တွေ အစီအရီ ရပ်နေကြတယ် အဲဒီလူရိပ်တွေရဲ့ အရှိန်အဝါတွေက အတော်လေးကို မြင့်မားလှပြီး အရင်ကတွေ့ခဲ့တဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရား တုယွန်းရွှိထက် မနိမ့်ကြပါဘူး။
ဖန့်ချန်က ခေါင်းကို ခပ်ဖွဖွ ငြိမ့်လိုက်ပြီး သူ့ရဲ့အဆင့်အတန်းနဲ့ တူညီတဲ့ အရှိန်အဝါရှိသူ နှစ်ယောက်ကို လှမ်းကြည့်လိုက်တယ်။
ခုနက သူ အပြင်မှာရှိစဉ်တုန်းက မြင်ခဲ့ရတဲ့သူတွေက ဒီနှစ်ယောက်ပါပဲ။
အဲဒီထဲက တစ်ယောက်က ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး အချောအလှ သခင်လေးတစ်ယောက်လိုပါပဲ၊ အခုတော့ သူက ပြုံးရွှင်စွာနဲ့ တိုးတိုးလေး ပြောလိုက်တယ်
"ဖန့်ယင်အရှင်... ကျွန်တော်ကတော့ ရှန့်ကျန်း ယင်ဝန်ထမ်းဌာနရဲ့ ယိုဖန့် ပါ"
အခြားတစ်ယောက်ကတော့ အရပ်ရှည်ပြီး ယင်အရှင်စစ်ဝတ်စုံကို ဝတ်ဆင်ထားတယ် သူမရဲ့ အမူအရာက အေးစက်လှပနေပေမဲ့ သတိမထားမိနိုင်လောက်တဲ့ ဆွဲဆောင်မှုမျိုးလည်း ရှိနေပါတယ်။
သူမက ခပ်အေးအေးပဲ ပြောလိုက်တယ်
"ယင်ဝန်ထမ်းဌာနရဲ့ ညဉ့်လှည့်ကင်းစစ်သူကြီး ကျင်ရွှေ ပါ"
"ဖန့်ချန်ပါ၊ နှစ်ယောက်လုံးကို တွေ့ရတာ ဝမ်းသာပါတယ်"
ဖန့်ချန်က နှုတ်ဆက်လိုက်ပြီး
"နှစ်ယောက်လုံးက ကျုပ်ကို အထူးတလည် လာရှာတယ်ဆိုတော့... ဘာအရေးကြီးကိစ္စ ရှိလို့လဲ"
ယိုဖန့်က ရယ်မောလိုက်ပြီး
"တကယ်တော့ အရေးကြီးကိစ္စတော့ မဟုတ်ပါဘူး ဖန့်ယင်အရှင်က အခုမှ ရာထူးတက်ခါစဆိုတော့ အောက်ခြေတွေကို လူမသိအောင် ဆင်းစစ်ဆေးနေတာကို မနှောင့်ယှက်သင့်ဘူးလို့ တွေးထားတာပါ"
"ဒါပေမဲ့ တရားစီရင်ရေးဌာန ဘက်က သတင်းတစ်ခု ရောက်လာတယ် ဖန့်ယင်အရှင်က ပိုင်ယွဲ့မြို့တော်ဝန်ကို ခွင့်ပြုချက်မရှိဘဲ ဝမ့်ချွမ်းမြစ်ထဲ ပစ်ချလိုက်တယ်ဆိုတာ ဟုတ်ပါသလား "
သူတို့နှစ်ယောက်ဘေးက ယင်လောက အရာရှိတွေ အားလုံးက ဖန့်ချန်ကို ဝိုင်းကြည့်လိုက်ကြတယ်။
ဖန့်ချန်က ခေါင်းကို ခပ်ဖွဖွ ငိတ်လိုက်တယ်
"ဟုတ်တယ် အဲဒီလို လုပ်ခဲ့တယ်"
ယိုဖန့်က သက်ပြင်းချလိုက်ပြီး
"တကယ်လို့ အဲဒီလူက ယင်ဝန်ထမ်းဌာနက လူဆိုရင်တော့ ဖန့်ယင်အရှင်က ဘယ်လိုပဲ စီရင်စီရင် ကျွန်တော်နဲ့ ကျင်ယင်အရှင်တို့က ဝင်စွက်ဖက်မှာ မဟုတ်ပါဘူး ဒါပေမဲ့ အောက်ခြေက မြို့တော်ဝန်တွေက တရားစီရင်ရေးဌာနရဲ့ လက်အောက်မှာ ရှိတာလေ... အခု တရားစီရင်ရေးဌာနက အရာရှိကြီးက အတော်လေး မကျေမနပ်ဖြစ်ပြီး ယင်ဝန်ထမ်းဌာနကို လာတိုင်ထားတယ်"
"ကျွန်တော်ကတော့ အားလုံးက ရှန့်ကျန်းက လုပ်ဖော်ကိုင်ဖက်တွေပဲဆိုတော့ ဖန့်ယင်အရှင်ကို ဖိတ်ခေါ်ပြီး စကားပြောကြည့်ဖို့ပါ ဘာနားလည်မှုလွဲတာတွေ ရှိလဲဆိုတာ ဖြေရှင်းပေးချင်လို့ပါ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က နေ့တိုင်း မျက်နှာချင်းဆိုင်နေရမယ့်သူတွေပဲလေ"
အဲဒီအချိန်မှာပဲ နောက်ထပ် လူဆယ်ဂဏန်းလောက် အလျင်အမြန် ရောက်လာကြတယ်၊ ခေါင်းဆောင်လာသူကတော့ ဖန့်ချန် တစ်ခါတွေ့ဖူးတဲ့ တုယွန်းရွှိ ပါပဲ။
"ကျွန်တော်မျိုးတို့ နေ့ခင်းကင်းလှည့်အရှင်ကို ဂါရဝပြုပါတယ်"
တုယွန်းရွှိနဲ့ လူတွေက ဖန့်ချန်ရဲ့အနားကို ရောက်လာပြီး လက်အုပ်ချီ ရိုသေလိုက်ကြတယ်။
ဖန့်ချန်က ခေါင်းငြိမ့်ပြလိုက်တယ်။
တုယွန်းရွှိတို့ အုပ်စုရဲ့ အရှိန်အဝါတွေက တစ်ယောက်နဲ့တစ်ယောက် သိပ်မကွာခြားလှပါဘူး သူတို့တွေအားလုံးက နေ့ခင်းကင်းလှည့်နတ်ဘုရားတွေ ဖြစ်ကြပြီး၊ နေ့ခင်းကင်းလှည့်စနစ်မှာ နေ့ခင်းကင်းလှည့်အရှင်ပြီးရင် အမြင့်ဆုံးသူတွေပါပဲ။
တုယွန်းရွှိ ပြောဖူးတာကတော့ ရှန့်ကျန်း မှာ နေ့ခင်းကင်းလှည့်နတ်ဘုရား ၁၀ ယောက်ကျော် အခြေစိုက်နေထိုင်ပြီး၊ ကျန်တဲ့သူတွေကတော့ အဓိက မြို့ကြီးတွေမှာ အခြေစိုက်ကြတယ်လို့ ဆိုပါတယ်။
"မြို့တော်မှာ အခြေစိုက်တဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရားတွေ အကုန်ရောက်ပြီလား "
ဖန့်ချန်က မေးလိုက်တယ်။
တုယွန်းရွှိရဲ့ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး တိုးတိုးလေး ပြောလိုက်တယ်
"နောက်တစ်ယောက် မရောက်သေးပါဘူး သူက တရားစီရင်ရေးဌာနကို သွားနေတယ် မကြာခင် ရောက်လာမှာပါ"
ဖန့်ချန်က ပြုံးလိုက်ပြီး ယိုဖန့်ဘက် လှည့်ကာ
"ယိုစီကျွင်း တရားစီရင်ရေးဌာနဘက်က ဘာပြောလဲ ကျုပ်ရဲ့ လုပ်ရပ်က မသင့်တော်ဘူးလို့ သူတို့ ထင်နေတာလား"
ယိုဖန့်က စဉ်းစားဟန်နဲ့
"ဖန့်ယင်အရှင်... အဲဒီ မြို့တော်ဝန်က ဘာအမှားတွေ လုပ်ခဲ့လို့ ဝမ့်ချွမ်းမြစ်ထဲ ပစ်ချခံလိုက်ရတာလဲဆိုတာ မေးလို့ရမလား"
"အင်း..."
ဖန့်ချန်က ခဏလောက် စဉ်းစားပြီး ခေါင်းကို ခပ်ဖွဖွ ခါလိုက်တယ်
"သူ ဘာမှတော့ မမှားပါဘူး၊ ကျုပ်က သူ့ကို ကြည့်ရတာ မျက်စိစပါးမွှေး ထွက်နေလို့ပဲ"
ကြည့်ရတာ မျက်စိစပါးမွှေး ထွက်လို့
သူတို့ခေါ်လာတဲ့ အရာရှိတွေတင်မကဘဲ တုယွန်းရွှိတို့တောင် ဖန့်ချန်ကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ ဝိုင်းကြည့်လိုက်ကြတယ်။
"ကြည့်ရတာ ဖန့်ယင်အရှင်က ဒေါသကြီးပုံပဲ ဒါပေမဲ့ ဒီကိစ္စက ယင်ဝန်ထမ်းဌာနကနေ ဖြစ်လာတာဆိုတော့ ကျွန်မနဲ့ စီကျွင်းတို့လည်း စီမံရမှာပဲ အနည်းဆုံးတော့ တရားစီရင်ရေးဌာနဘက်က ကျေနပ်သွားအောင် ရှင်းပြရမယ် ဒီလို အကြောင်းပြချက်မျိုးနဲ့ဆိုရင်တော့ မရလောက်ဘူး"
ကျင်ရွှေက ခေါင်းကို ခပ်ဖွဖွ ခါလိုက်တယ်။
ဖန့်ချန်က သိချင်စိတ်နဲ့ မေးလိုက်တယ်
"ကျုပ်ရဲ့ ဒီရာထူးကို ခင်ဗျားတို့က ပေးထားတာလား"
ယိုဖန့်နဲ့ ကျင်ရွှေတို့ ခဏလောက် ကြောင်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ထူးဆန်းတဲ့ အမူအရာနဲ့ ခေါင်းခါလိုက်ကြတယ်။
"တရားစီရင်ရေးဌာနက ကျုပ်ကို ရာထူးကနေ ဖြုတ်နိုင်သလား"
ဖန့်ချန်က ထပ်မေးလိုက်တယ်။
သူတို့နှစ်ယောက် ဆက်ပြီး ခေါင်းခါပြပါတယ်။
"ဒါဆိုရင် ကျုပ်က ဘာလို့ တရားစီရင်ရေးဌာနကို ရှင်းပြနေရမှာလဲ တရားစီရင်ရေးဌာနက ယင်အရှင် ရှိလား ကျုပ် ကိုယ်တိုင်ပဲ မျက်နှာချင်းဆိုင် မေးလိုက်မယ်"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်။
ယိုဖန့်က ခဏလောက် ကြောင်အသွားပြီး မျက်နှာမှာ ခါးသီးတဲ့ အပြုံးတစ်ခု ပေါ်လာတယ်
"ဖန့်ယင်အရှင်... မင်းက အခုမှ ရာထူးတက်ခါစဆိုတော့ အချို့သော စည်းမျဉ်းတွေကို မသိသေးတာ ဖြစ်နိုင်ပါတယ်..."
"ငရဲမင်း ချမှတ်ထားတဲ့ စည်းမျဉ်းလား"
ဖန့်ချန်က သိချင်စိတ်နဲ့ မေးလိုက်ပြန်တယ်။
ယိုဖန့်ကတော့ ဒုတိယအကြိမ်အဖြစ် ကြောင်အသွားပြန်ပါတယ်။
ခဏအကြာမှာတော့ ကျင်ရွှေက သူ့ကိုယ်စား ဖန့်ချန်ရဲ့ မေးခွန်းကို ဖြေပေးလိုက်တယ်၊ သူမက ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်ပြီး အေးစက်စက် အသံနဲ့
"ငရဲမင်း ချမှတ်ထားတဲ့ စည်းမျဉ်း မဟုတ်ပါဘူး ဒါပေမဲ့ ဒါက ကျွန်မတို့ ရှန့်ကျန်းမှာ လက်ခံထားတဲ့ အစဉ်အလာ စည်းမျဉ်းတွေပဲ မင်း ရှန့်ကျန်းမှာ အရာရှိ လုပ်ချင်တယ်ဆိုရင် ဒီစည်းမျဉ်းတွေကို မလိုက်နာလို့ မရဘူး မဟုတ်ရင် မင်းရဲ့ အလုပ်တွေက ရှေ့ဆက်ဖို့ ခက်ခဲလိမ့်မယ်"
"အရှင်... ညဉ့်လှည့်ကင်းစစ်သူကြီး ပြောတာ အမှန်ပါပဲ ကျွန်တော်တို့ နေ့ခင်းကင်းလှည့်အဖွဲ့ဟာ တကယ်တော့ တရားစီရင်ရေးဌာနရဲ့ ထိန်းချုပ်မှုကိုလည်း ခံနေရတာပါ..."
တုယွန်းရွှိက ဖန့်ချန်ရဲ့ နားနားကို လာပြီး တိုးတိုးလေး ပြောလိုက်တယ်။
ဖန့်ချန်က ကျင်ရွှေကို တစ်ချက်ကြည့်လိုက်ပြီး ယိုဖန့်ဘက်ကို ပြန်လှည့်ကာ စကားပြောဖို့ ပြင်လိုက်စဉ်မှာပဲ ပျင်းရိပျင်းတွဲ အသံတစ်ခု ထွက်ပေါ်လာတယ်။
"ဖန့်ယင်အရှင် မင်းရဲ့ အရှိန်အဝါက တကယ့်ကို ကြီးမားလှတာပဲ ရှေးယခင်ကတည်းက ယင်အရှင် ရာထူးကို ရတဲ့သူတိုင်းဟာ ချက်ချင်းပဲ ရှန့်ကျန်းကို လာပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ မျက်နှာချင်းဆိုင် နှုတ်ဆက်ကြစမြဲပဲ"
" မင်း တစ်ယောက်တည်းပဲ ငါက ယိုဖန့်နဲ့ ကျင်ရွှေကို ပြောခိုင်းမှ သူတို့က မင်းကို သွားရှာလာရတာ ငါသာ ဘာမှ မပြောခဲ့ရင် မင်းနဲ့ ငါတို့ တွေ့ဖို့က အတော်လေး ကြာဦးမယ့်ပုံပဲနော် "
လူတိုင်းက လှည့်ကြည့်လိုက်တဲ့အခါ၊ ယင်အရှင် စစ်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ပညာတတ်ပုံစံ အလတ်တန်းစား လူကြီးတစ်ယောက် ဖြည်းဖြည်းချင်း လျှောက်လာတာကို တွေ့လိုက်ရတယ်။
သူ့နောက်မှာတော့ တရားစီရင်ရေးဌာနက အရာရှိ တော်တော်များများ ပါလာပြီး၊ သူတို့ရဲ့ အရှိန်အဝါတွေကလည်း တုယွန်းရွှိတို့ထက် မနိမ့်ကြပါဘူး။
အဲဒီအထဲက တစ်ယောက်ကတော့ တုယွန်းရွှိတို့ထက်တောင် ပိုပြီး အစွမ်းထက်ပုံရကာ ဒီနေရာမှာရှိတဲ့ ယင်အရှင်တွေရဲ့ အဆင့်ကိုတောင် နီးကပ်နေပါပြီ။
သူက ဖန့်ချန်ကို ကြည့်တဲ့ အကြည့်တွေထဲမှာ အေးစက်မှုနဲ့အတူ ဖုံးကွယ်မထားတဲ့ ရန်လိုမှုတွေ ပါဝင်နေပါတယ်။
"ဖန့်ယင်အရှင်... မင်းကို မိတ်ဆက်ပေးပါရစေ ဒီပုဂ္ဂိုလ်ကတော့ တရားစီရင်ရေးဌာနရဲ့ စီကျွင်း ရှန်ထူချန်း ပါ ရှန်ထူစီကျွင်း ဒီလူကတော့ ကျွန်တော်တို့ ယင်ဝန်ထမ်းဌာနမှာ အခုမှ ရာထူးတက်လာတဲ့ နေ့ခင်းကင်းလှည့်အရှင် ဖန့်ချန် ပါ"
" ဒီနေ့ ခင်ဗျားတို့ နှစ်ယောက် ဒီမှာ တွေ့ဆုံကြတာ အကောင်းဆုံးပါပဲ နားလည်မှုလွဲတာတွေကို ရှင်းလိုက်ကြပြီး ကျွန်တော့်အိမ်မှာ သွားပြီး အရက်သောက်ကြတာပေါ့"
ယိုဖန့်က လာတဲ့လူကို မြင်တဲ့အခါ ရယ်မောလိုက်ပြီး ဖန့်ချန်ကို ရင်းရင်းနှီးနှီး မိတ်ဆက်ပေးလိုက်ပါတယ်။
"ရှန်ထူစီကျွင်း... နာမည်ကြားဖူးတာ ကြာပါပြီ"
ဖန့်ချန်က အဲဒီ ပညာတတ်ပုံစံ လူကြီးကို ကြည့်ပြီး ခေါင်းကို ခပ်ဖွဖွ ငြိမ့်ပြလိုက်တယ်။
နာမည်ကြားဖူးတာ ကြာပြီလို့ ပြောပေမဲ့ လက်ကိုတောင် မြှောက်ပြီး နှုတ်မဆက်ပါဘူး၊ ခုနက ယိုဖန့်နဲ့ ကျင်ရွှေတို့ကို နှုတ်ဆက်တုန်းကတောင် ဂါရဝပြုခဲ့ပါသေးတယ်။
ဒါကို မြင်တဲ့အခါ လူတိုင်းရဲ့ မျက်နှာထားတွေ ပြောင်းလဲသွားကြတယ်။
ရှန်ထူချန်းက ဘာမှ ပြန်မပြောဘဲ ဖန့်ချန်ကို တိတ်တဆိတ် သေချာ စိုက်ကြည့်နေတယ်၊ အတော်ကြာမှ သူက အေးအေးဆေးဆေး ပြောလိုက်တယ်
"ဖန့်ယင်အရှင်... မင်းက ဘယ်ကလာမှန်း ငါ မသိပါဘူး နဂိုကတော့ ယင်ဝန်ထမ်းဌာနရဲ့ နေ့ခင်းကင်းလှည့်အရှင် နေရာက အတော်ကြာအောင် လစ်လပ်နေခဲ့တာ မထင်မှတ်ဘဲ အထက်ကနေ ရုတ်တရက် ခန့်အပ်စာ ပို့လိုက်ပြီး မင်းကို နေ့ခင်းကင်းလှည့်အရှင် ဖြစ်စေခဲ့တယ်"
" မင်းမှာ အစွမ်းတော့ ရှိမှာပါ မဟုတ်ရင် ဒီနေရာကို ရမှာ မဟုတ်ဘူး ဒါပေမဲ့... နေ့ခင်းကင်းလှည့်အဖွဲ့မှာ သူတို့ရဲ့ တာဝန် ရှိသလိုပဲ မင်းတို့က လူ့လောကရဲ့ ကောင်းမှုဆိုးမှုကို ကင်းလှည့်ဖို့ပဲ အဲဒါကလည်း နေ့ခင်းပိုင်းပဲလေ ညဘက်ရောက်ရင်တော့ အဲဒါက ညဉ့်လှည့်ကင်းစစ်သူကြီးရဲ့ တာဝန်ပဲ ဖြစ်သွားပြီ"
ခဏရပ်ပြီးနောက် သူက ခပ်ဖျော့ဖျော့ ပြုံးလိုက်တယ်
"မင်းတို့ မှတ်တမ်းတင်သမျှ အားလုံးကို ငါ့ရဲ့ တရားစီရင်ရေးဌာနကို ပို့ရမယ် အဲဒါကို ငါကိုယ်တိုင် စစ်ဆေးပြီးမှ ပြစ်ဒဏ်ပေးမပေးဆိုတာ ဆုံးဖြတ်ရတာ ဒါပေမဲ့ အခုတော့ မင်းက ငါ့ရဲ့ ခွင့်ပြုချက်မပါဘဲ ငါ့လက်အောက်က မြို့တော်ဝန် တစ်ယောက်ကို စီရင်လိုက်တယ်"
"သူက ကျင့်ကြံမှု နိမ့်ပေမဲ့ သူက ငါ့တရားစီရင်ရေးဌာနက လူပဲလေ မြို့တစ်မြို့ရဲ့ အရှင်ဖြစ်ပြီး ဝိညာဉ်တွေ အများကြီးကို အုပ်ချုပ်နေရတဲ့သူကို မင်းက ဒီလောက်အထိ လွယ်လွယ်ကူကူ စီရင်လိုက်တာလားဖန့်ယင်အရှင် အနေနဲ့ ငါ့ကို အကြောင်းပြချက် တစ်ခု ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
"တောင်းပန်ပါတယ်ဗျာ ဒီလိုမှန်း သိရင်တော့ ရှန်ထူစီကျွင်းကို အရင်ဆုံး အကြောင်းကြားလိုက်မိမှာပဲ ဒါပေမဲ့ အကြောင်းကြားခဲ့ရင်တောင် ကျုပ်ကတော့ အဲဒီ ပိုင်ယွဲ့မြို့တော်ဝန်ကို စီရင်မှာပဲ ဘာမှ ထူးခြားသွားမှာ မဟုတ်ပါဘူး"
ဖန့်ချန်က ပြုံးရွှင်စွာနဲ့ ပြောလိုက်တယ်။
တံတားပေါ်က အခြေအနေက ချက်ချင်းပဲ တင်းမာသွားတော့တယ်။
ရှန်ထူချန်းက ဖန့်ချန်ကို အေးစက်စက် စိုက်ကြည့်နေစဉ်မှာပဲ သူ့ဘေးက လူတစ်ယောက်က ရုတ်တရက် စကားပြောလာတယ်
"နေ့ခင်းကင်းလှည့်အရှင်... ကျွန်တော်တို့ နေ့ခင်းကင်းလှည့်အဖွဲ့ဟာ ဘယ်တုန်းကမှ ဒီလိုမျိုး အလုပ်မလုပ်ခဲ့ဘူး၊ မင်းရဲ့ လုပ်ရပ်က စည်းကျော်သွားပြီ"
"ဪ... မင်းက ဘယ်ကကောင်လဲ "
ဖန့်ချန်က အဲဒီလူကို လှမ်းကြည့်လိုက်တယ်။
တစ်ဖက်လူက အေးစက်စက် မျက်နှာနဲ့
"ယင်ဝန်ထမ်းဌာနရဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရား ဖူကျင့် ပါ"
အခန်း (၈၁၈) အနိုင်ကျင့်ခြင်း
ဖန့်ချန် သဘောပေါက်သွားပြီ ကြည့်ရတာ ဒီလူက တုယွန်းရွှိ ပြောခဲ့တဲ့ တရားစီရင်ရေးဌာနကို သွားနေတယ်ဆိုတဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရား ဖြစ်ရမယ်။
သူ့ရဲ့ အမူအရာကို ကြည့်ရတာ ဖန့်ချန်က နေ့ခင်းကင်းလှည့်အရှင် နေရာကို ထိုင်လိုက်တာကို အတော်လေး မကျေမနပ် ဖြစ်နေပုံရတယ် မဟုတ်ရင် ရှန်ထူချန်းနဲ့အတူ လိုက်လာမှာ မဟုတ်ဘူး။
အခု သူပြောတဲ့ စကားက ဖန့်ချန်ကို နေ့ခင်းကင်းလှည့်အဖွဲ့ရဲ့ စည်းမျဉ်းတွေကို သတိပေးနေသလို ထင်ရပေမဲ့ တကယ်တမ်းတော့ သူ ဘယ်ဘက်က ရပ်တည်နေသလဲဆိုတာကို ပေါ်ပေါ်တင်တင် ပြသလိုက်တာပါပဲ။
"ဖူကျင့်က မင်းတို့ နေ့ခင်းကင်းလှည့်အဖွဲ့ရဲ့ ထူးချွန်တဲ့ လူရည်ချွန်ပဲ နေ့ခင်းကင်းလှည့်နတ်ဘုရား ၁၀၈ ယောက်ထဲမှာ သူက ပါရမီအရှိဆုံးနဲ့ ဝါအရင့်ဆုံးပဲ"
ရှန်ထူချန်းက ခပ်အေးအေး ပြုံးလိုက်ပြီး
"တကယ်တော့ ရှန့်ကျန်းက ယင်အရှင်တွေ အားလုံးက သူ့ကို နောက်တက်မယ့် နေ့ခင်းကင်းလှည့်အရှင် ဖြစ်လာမယ်လို့ ထင်ထားကြတာ အခုကြည့်ရတာတော့ အထက်ကလူတွေက သူ့ဝါရင့်မှု မလုံလောက်သေးဘူးလို့ ထင်လို့ ထပ်စောင့်ခိုင်းလိုက်တာ ထင်ပါရဲ့"
"ဒါပေမဲ့လေ... သူက နေ့ခင်းကင်းလှည့်အဖွဲ့ရဲ့ စည်းမျဉ်းတွေကို အတော်လေး နှံ့စပ်တယ် ဖန့်ယင်အရှင်က အခုမှ ရာထူးတက်ခါစဆိုတော့ သူ့စကားကို သေသေချာချာ နားထောင်ကြည့်ရင် မကောင်းဘူးလား အဲဒါမှ ကျုပ်တို့ နှစ်ယောက်ကြားမှာ အပိုစကားတွေ များနေမှာ မဟုတ်ဘူး"
"ဖူကျင့်က ဒီနှစ်တွေထဲမှာ တကယ်ပဲ အပင်ပန်းခံ လုပ်ဆောင်ခဲ့တာပါ ဒါပေမဲ့ ယင်အရှင် ရာထူးဆိုတာ ကလေးကစားစရာ မဟုတ်ဘူး အထက်က ဖန့်ယင်အရှင်ကို ဒီတာဝန် ပေးအပ်ခဲ့တယ်ဆိုရင် အမှားရှိမှာ မဟုတ်ပါဘူး"
ယိုဖန့်က ရယ်မောရင်း ပြောလိုက်တယ်
"ဖူကျင့်... မင်းလည်း စိတ်ထဲမှာ အာဃာတတွေ မထားပါနဲ့ မင်းသာ အလုပ်ကို ကြိုးကြိုးစားစား လုပ်မယ်ဆိုရင် မဝေးတော့တဲ့ အနာဂတ်မှာ ယင်အရှင် ရာထူးက မင်းအတွက် ဖြစ်လာမှာပါ"
"စီကျွင်း နှစ်ယောက်ရဲ့ စကားတွေကြောင့် ကျွန်တော်မျိုး ရှက်တောင် ရှက်မိပါတယ် ကျွန်တော်မျိုး တစ်နေရာရာမှာ လိုအပ်ချက် ရှိနေလို့သာ ငရဲမင်းက ဒီရာထူးကို မပေးတာ ဖြစ်မှာပါ စိတ်ထဲမှာ အာဃာတ ထားရက်စရာ အကြောင်း မရှိပါဘူး"
ဖူကျင့်က ပြုံးလိုက်ပြီး တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တယ်
"အခု ကျွန်တော်မျိုး မျှော်လင့်တာကတော့ ယင်ဝန်ထမ်းဌာနနဲ့ တရားစီရင်ရေးဌာနတို့ ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်ဖို့ပါပဲ ပြဿနာတွေ မတက်စေချင်ဘူး ဘာပဲဖြစ်ဖြစ် နှစ်ပေါင်းများစွာကတည်းက ဒီနှစ်ဌာနက ဆက်ဆံရေး အရမ်းကောင်းခဲ့တာလေ အကြောင်းမဲ့ ရန်သူဖြစ်သွားရင်တော့ တကယ်ကို နှမြောဖို့ ကောင်းပါတယ်"
ဒီနေရာမှာ ဖူကျင့်က ဖန့်ချန်ကို လှမ်းကြည့်ပြီး လက်အုပ်ချီလိုက်တယ်
"နေ့ခင်းကင်းလှည့်အရှင် အဲဒီ ပိုင်ယွဲ့မြို့တော်ဝန်ကို အရှင်ကိုယ်တိုင် ဝမ့်ချွမ်းမြစ်ထဲ ပစ်ချခိုင်းခဲ့တာဆိုတော့ အရှင်ကိုယ်တိုင်ပဲ ပြန်ဆယ်ပေးဖို့ဆိုတာက ယင်အရှင် တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပါတယ်"
"ဒါကြောင့် ဒီကိစ္စကို ကျွန်တော်မျိုးကိုပဲ လွှဲပေးပါကျွန်တော်မျိုး ကိုယ်တိုင် ဝမ့်ချွမ်းမြစ်ကို သွားပြီး လူသွားခေါ်ပေးပါ့မယ် ဒါဆိုရင် ပိုင်ယွဲ့မြို့ဘက်ကလည်း ဘာမှ ကန့်ကွက်ရဲမှာ မဟုတ်ပါဘူး"
"ဒါဆိုရင် တရားစီရင်ရေးဌာနနဲ့ နားလည်မှုလွဲတာလည်း ပြေလည်သွားမယ် နေ့ခင်းကင်းလှည့်အရှင်ရဲ့ ဂုဏ်သိက္ခာလည်း ဆက်ရှိနေမယ်၊ နှစ်ဦးနှစ်ဖက် အဆင်ပြေသွားတာပေါ့"
အောက်ခြေ အရာရှိတွေကတော့ ဖန့်ချန် ဘာပြန်ပြောမလဲဆိုတာကို တိတ်တဆိတ် စောင့်ကြည့်နေကြတယ်။
တကယ်လို့ ဖန့်ချန်က သူ့အယူအဆကိုပဲ ဆက်ကိုင်စွဲထားရင် တရားစီရင်ရေးဌာနကို လုံးဝ ရန်သူဖြစ်သွားစေလိမ့်မယ် အဲဒါတင်မကဘူး နေ့ခင်းကင်းလှည့်နတ်ဘုရား ထက်ဝက်လောက်က သူ့ကို ဝိုင်းပယ်ကြလိမ့်မယ်။
နေ့ခင်းကင်းလှည့်နတ်ဘုရား ထက်ဝက်လောက် မရှိတော့ရင် နေ့ခင်းကင်းလှည့်အရှင် ရာထူးကလည်း မြဲဖို့ မလွယ်တော့ပါဘူး။
ဒါပေမဲ့ ဖူကျင့်ရဲ့ အဆိုပြုချက်ကို လက်ခံလိုက်ရင်လည်း နောက်ပိုင်း နေ့ခင်းကင်းလှည့်အဖွဲ့ထဲမှာ ဖူကျင့်က စကားပြောခွင့် ရလာလိမ့်မယ်။
သူ့နောက်မှာ တရားစီရင်ရေးဌာန စီကျွင်းက ကျောထောက်နောက်ခံ ပေးထားသလို၊ နယ်စားပယ်စားတွေလို အစွမ်းထက်တဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရားတွေနဲ့လည်း ရင်းနှီးနေတော့...
နေ့ခင်းကင်းလှည့်အရှင်ကို အာဏာမရှိတဲ့ ရုပ်ပြသက်သက် ဖြစ်သွားအောင် လုပ်ဖို့ဆိုတာ မခက်ခဲပါဘူး...
ဒါက ဘယ်လိုပဲကြည့်ကြည့် ပိတ်မိနေတဲ့ လမ်းတစ်ခုပါပဲ။
တိုးရမှာလား၊ ဆုတ်ရမှာလား ဆိုတာ နှစ်ခုလုံးက ခက်ခဲနေပါတယ်။
ယိုဖန့်နဲ့ ကျင်ရွှေတို့လည်း ဒါကို တွေးမိပုံရတယ်၊ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဘာမှမပြောဘဲ ဖန့်ချန်ကိုပဲ ကြည့်နေကြတယ်။
ရှန်ထူချန်းကတော့ နှုတ်ခမ်းနားမှာ အပြုံးတစ်ခုနဲ့ ဘာမှမပြောဘဲ ကျေနပ်စရာကောင်းတဲ့ အဖြေတစ်ခုကို စောင့်နေပါတယ်။
"ဒီလို လုပ်ကြတာပေါ့"
ဖန့်ချန်က သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်တယ်
"တုယွန်းရွှိ ရှိလား"
"ကျွန်တော်မျိုး ရှိပါတယ် အရှင်"
တုယွန်းရွှိက ရှေ့ကို တစ်လှမ်း တိုးလာတယ်။
လူတိုင်းရဲ့ မျက်နှာထားတွေက ထူးဆန်းသွားကြတယ် ဖူကျင့်ကတော့ ခဏ ကြောင်သွားပြီးနောက် ရွဲ့တဲ့တဲ့ အပြုံးတစ်ခု ပြုံးလိုက်တယ်။
"မင်း ပိုင်ယွဲ့မြို့ကို ကိုယ်တိုင် သွားလိုက်"
ဖန့်ချန်က ပြောလိုက်တယ်။
တုယွန်းရွှိက ဖြည်းဖြည်းချင်း ခေါင်းငိတ်လိုက်တယ်။
"အဲဒါမှပေါ့... အားလုံးက အလျှော့အတင်း..."
ယိုဖန့် စကားမဆုံးခင်မှာပဲ ဖန့်ချန်က ကြားဖြတ်ပြောလိုက်တယ်
"အဲဒီ ပိုင်ယွဲ့မြို့တော်ဝန်ကို သွားရှာပြီး သူ့ရဲ့ ယင်ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်"
"သူ့ရဲ့ ယင်ဝိညာဉ်ကို ဖျက်ဆီးပစ်ရမယ်"
တုယွန်းရွှိ ကြောင်အသွားတယ်။
ဘေးနားက နေ့ခင်းကင်းလှည့်နတ်ဘုရားတွေလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်၊ ဒါက... တရားစီရင်ရေးဌာနကို အသေအကျေ ရန်သူဖြစ်အောင် လုပ်နေတာ မဟုတ်ဘူးလား
ယိုဖန့်နဲ့ ကျင်ရွှေတို့ ဖန့်ချန်ကို ဝင်တားဖို့ မပြင်နိုင်ခင်မှာပဲ၊ ဖူကျင့်က ဒေါသတကြီးနဲ့ အသံမာမာ ပြောလိုက်တယ်
"နေ့ခင်းကင်းလှည့်အရှင် မင်း ဒီလို လုပ်ရင် ငရဲမင်းက မင်းကို ရာထူးကနေ ချက်ချင်း ဖြုတ်လိမ့်မယ် မင်းရဲ့ အမိန့်ကို အခုချက်ချင်း ပြန်ရုပ်သိမ်းပါမဟုတ်ရင်..."
စကားမဆုံးသေးခင်မှာပဲ ဖန့်ချန်ရဲ့ ကိုယ်ထဲကနေ ယင်အရှင် စစ်ဝတ်စုံတစ်ခု ပေါ်ထွက်လာပြီး သူ့ရဲ့ အရှိန်အဝါက အဆပေါင်းတစ်ရာလောက် ရုတ်တရက် မြင့်တက်သွားတယ်၊ သူက လက်နဲ့ လှမ်းဖမ်းလိုက်ရုံလေးနဲ့ ဖူကျင့်ရဲ့ ကိုယ်ထဲက စစ်ဝတ်စုံကို ဆွဲထုတ်လိုက်တယ်။
စစ်ဝတ်စုံ ပျောက်ကွယ်သွားတဲ့ ခဏမှာ ဖူကျင့် ကြောင်အသွားတယ်။
သူ ဘာမှ တုံ့ပြန်ဖို့ မမီခင်မှာပဲ ကြောက်စရာကောင်းတဲ့ ယင်အငွေ့အသက် တစ်ခုက သူ့ရဲ့ မျက်ခုံးအလယ်ထဲကို တိုးဝင်သွားတော့တယ်။
"ရှန်ထူစီကျွင်း..."
ဖူကျင့်က တောင့်တောင့်ကြီး လှည့်ကြည့်ပြီး ရှန်ထူချန်းကို အကူအညီတောင်းတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။
ဒါပေမဲ့... ရှန်ထူချန်းက နှုတ်ခမ်းလေး လှုပ်ရုံရှိသေးတယ်၊ ဖူကျင့်ရဲ့ ကိုယ်ထဲကို ဝင်သွားတဲ့ ယင်အငွေ့အသက်က ပေါက်ကွဲထွက်သွားပြီ။
ဖူကျင့်ရဲ့ ယင်ဝိညာဉ်ဟာ ချက်ချင်းပဲ အပိုင်းပိုင်းကွဲကြေပြီး ဝိညာဉ်လွင့်စင် ပျောက်ကွယ်သွားတော့တယ်၊ ကြယ်ပွင့်လေးတွေလို တံတားပေါ်မှာ လွင့်ပျံ့သွားပြီး ပျောက်ကွယ်သွားတာပါပဲ။
တစ်နေရာလုံး တိတ်ဆိတ်သွားတယ်။
တုယွန်းရွှိတို့ အုပ်စုဟာလည်း မယုံနိုင်စရာ ဖြစ်နေကြတယ်၊ နေ့ခင်းကင်းလှည့်နတ်ဘုရား တစ်ယောက်က... ဒီလိုပဲ ပျောက်ကွယ်သွားတာလား
ယင်အရှင်တစ်ယောက်မှာ အာဏာအရှိန်အဝါ ကြီးမားတယ် ဆိုဦးတော့ နေ့ခင်းကင်းလှည့်နတ်ဘုရား တစ်ယောက်ကို ဒီလောက်အထိ လွယ်လွယ်ကူကူ စီရင်လိုက်တာဟာ ငရဲမင်းရဲ့ ဒေါသကို ဆွလိုက်တာပဲ မဟုတ်ဘူးလား...
ယိုဖန့်ရဲ့ မျက်နှာပေါ်က အပြုံးတွေ ပျောက်ကွယ်သွားပြီး အမူအရာက အလွန်လေးနက်သွားတယ်၊ သူက မသိမသာ နောက်ကို နှစ်လှမ်းလောက် ဆုတ်ပြီး ဖန့်ချန်နဲ့ ခပ်ခွာခွာ နေလိုက်တယ်။
ကျင်ရွှေကလည်း သူ့လိုပဲ လုပ်ဆောင်ပါတယ်။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာမှာ တစ်ဖက်လူရဲ့ မျက်လုံးထဲက ထိတ်လန့်မှု၊ နားမလည်မှုနဲ့ ကြောက်ရွံ့မှုတွေကို မြင်နေရတယ်။
"မင်း... ခုနက..."
ရှန်ထူချန်းက ဖြည်းဖြည်းချင်း ပြောလိုက်တယ်။
"ကျုပ် ခုနက နေ့ခင်းကင်းလှည့်နတ်ဘုရား တစ်ယောက်ကို စီရင်လိုက်တာပါ"
ဖန့်ချန်က ပြုံးပြီး ခေါင်းငိတ်ပြလိုက်တယ်၊ သူ့လက်ထဲက ရွှေရောင်စစ်ဝတ်စုံဆီကနေ အကြည့်လွှဲပြီး ရှန်ထူချန်းကို ကြည့်လိုက်တယ်
"သူက ကျုပ်ရဲ့ နေ့ခင်းကင်းလှည့်အဖွဲ့က နတ်ဘုရား ဖြစ်ပေမဲ့ သူ့ရဲ့ အဆင့်အတန်းကို မသိဘဲ အထက်လူကြီးကို ပြန်ပြောခဲ့တယ် ဒီလိုကိစ္စမျိုး နောက်ထပ် မဖြစ်ရအောင် ကျုပ်လည်း ပြင်းပြင်းထန်ထန် နှိမ်နင်းပြလိုက်တာပါ ဒါမှ တခြားသူတွေအတွက် သင်ခန်းစာ ရမှာပေါ့"
"မင်းရဲ့ ရာထူးကတော့ မြဲမှာ မဟုတ်တော့ဘူး"
ရှန်ထူချန်းက အေးစက်စက် ပြောလိုက်တယ်။
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်၊ ရှေ့က နေ့ခင်းကင်းလှည့်အရှင်ဟာ သမိုင်းတစ်လျှောက်မှာ ရာထူးသက်တမ်း အတိုဆုံး အရှင် ဖြစ်လာတော့မယ် ထင်ပါရဲ့...
နောက်ပြီး လူတိုင်းက ကောင်းကင်ကို မော့ကြည့်လိုက်ကြတယ်၊ တစ်စုံတစ်ခုကို စောင့်နေကြသလိုပါပဲ။
အချိန်တွေ တစ်စက္ကန့်ချင်း ကုန်လွန်သွားတယ်။
ဘယ်လောက်ကြာသွားလဲ မသိဘူး ရှန်ထူချန်းရဲ့ တည်ငြိမ်နေတဲ့ မျက်နှာထားက ရုတ်တရက် ပြောင်းလဲသွားပြီး မျက်လုံးထဲမှာ သံသယတွေ ဖြတ်ပြေးသွားတယ်။
"ကြည့်ရတာ ငရဲမင်းက ကျုပ်ရဲ့ စီရင်မှုကို ဘာမှ ကန့်ကွက်စရာ မရှိဘူးထင်တယ်"
ဖန့်ချန်က ပြုံးလိုက်တယ်။
ဝိညာဥ်သုတ်သင်ဌာန က အဲဒီလူက တကယ်ကို အစွမ်းထက်တာပဲ ဖန့်ချန်က အဲဒီလူက ယင်လောကရဲ့ ငရဲမင်းများလားလို့တောင် သံသယ ဝင်မိပါတယ်။
ယင်အရှင် ရာထူးကို ပေးရုံတင်မကဘူး၊ အခုလို စမ်းသပ်ကြည့်လိုက်တော့လည်း သူလုပ်ချင်သလို လုပ်လို့ရတဲ့ အတိုင်းအတာက မသေးပါဘူး။
ဒါဆိုရင်တော့ ယင်လောကထဲမှာ ရှိနေတဲ့ သွေးဝိညာဉ်ဂိုဏ်း ရဲ့ အင်အားစုတွေကို ရှင်းလင်းဖို့ ဖန့်ချန်မှာ ယုံကြည်ချက် အချို့ ရှိလာပြီ။
"ငရဲမင်းက ဖန့်အရှင်ကို ဒီလောက်အထိ အလေးထားမယ်လို့ မထင်ထားမိဘူး ကျွန်တော်ကတော့ အမှားလုပ်မိသွားပြီ"
ရှန်ထူချန်းက ရုတ်တရက် ရယ်မောလိုက်တယ်
"ကျွန်တော် အရင် သွားလိုက်ပါဦးမယ်၊ နောက်မှ အခွင့်ကြုံရင် ထပ်တွေ့ကြတာပေါ့"
ပြောပြီးတာနဲ့ သူက တရားစီရင်ရေးဌာနက အရာရှိတွေကို ခေါ်ပြီး လှည့်ထွက်သွားတော့တယ်။
သူ ထွက်သွားတဲ့အခါ ယိုဖန့်ရဲ့ မျက်နှာမှာ အားတင်းထားတဲ့ အပြုံးတစ်ခု ပေါ်လာပြီး ရှေ့ကို တိုးလာတယ်
"ဖန့်ယင်အရှင်... ဒီနေ့တော့ ကျွန်တော် တကယ်ပဲ မျက်စိပွင့်သွားပါပြီ ခုနက ကျွန်တော်နဲ့ ကျင်ယင်အရှင် ပြောခဲ့တဲ့ စကားတွေကို စိတ်ထဲ မထားပါနဲ့ အခု နားလည်မှုလွဲတာတွေ ပြေလည်သွားပြီဆိုတော့ ဖန့်ယင်အရှင်ကို ကျွန်တော့်အိမ်မှာ အရက်ကလေး ဘာလေး သောက်ဖို့ ဖိတ်ချင်ပါတယ်၊ ဘယ်လိုလဲ "
"ယိုစီကျွင်းက အရမ်းယဉ်ကျေးတာပဲ အရက်ကတော့ နောက်မှ သောက်ကြတာပေါ့ ကျုပ်က အခုမှ ရောက်ခါစဆိုတော့ ဒီ ရှန့်ကျန်း မြို့ထဲကို လျှောက်ကြည့်ချင်သေးလို့"
ဖန့်ချန်က ပြုံးပြီး ငြင်းလိုက်တယ်။
ယိုဖန့်က ဖန့်ချန် ငြင်းလိုက်တာကို မြင်တော့ ဘာမှ ဆက်မပြောတော့ဘဲ ပြုံးပြုံးရွှင်ရွှင်နဲ့ ခဏလောက် စကားပြောပြီးနောက် နှုတ်ဆက် ထွက်ခွာသွားတယ်။
သူ ထွက်သွားတဲ့အခါ ကျင်ရွှေကလည်း သူမရဲ့ လူတွေကို ခေါ်ပြီး ထွက်သွားတော့တယ်၊ တံတားပေါ်မှာ ဖန့်ချန်နဲ့ တုယွန်းရွှိတို့ အုပ်စုပဲ ကျန်ခဲ့တော့တယ်။
တုယွန်းရွှိကတော့ ဖန့်ချန်နဲ့ ထိတွေ့ဖူးလို့ အနည်းငယ် အဆင်ပြေပေမဲ့၊ ကျန်တဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရားတွေကတော့ အတော်လေးကို ကြောက်ရွံ့ တုန်လှုပ်နေကြတယ်။
ဖူကျင့်ရဲ့ အဖြစ်အပျက်က... သူတို့ကို တကယ်ပဲ ထိတ်လန့်သွားစေတာပါ။
"ကျုပ်ကို ရှန့်ကျန်း ထဲ လိုက်ပြပေးပါဦး"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်။
"အရှင်... ကြွပါခင်ဗျာ"
တုယွန်းရွှိက ချက်ချင်းပဲ ခေါင်းငိတ်လိုက်တယ်။
"ဒါနဲ့... ဒီတံတားမှာ နာမည် ရှိလား"
"အရှင်... ဒါက နိုက်ဟယ် ပါ"
"ဪ... နိုက်ဟယ်တံတား ကိုး ဒါပေမဲ့ ဘာလို့ မုန့်ဖော် ကို မမြင်ရတာလဲ"
"အရှင်... မုန့်ဖော် ဆိုတာ ဘယ်သူလဲခင်ဗျာ"