အခန်း (၈၂၅-၈၂၆)
Vol. 83 Ch. 825-826
အခန်း (၈၂၅) မယ်တော်စီ
"မင်းတို့က ဒီမှာ ဘာရပ်လုပ်နေကြတာလဲ သွားကြစို့"
ထွက်သွားပြီလို့ ထင်ရတဲ့ ကျီးလျန်နဲ့ သွေးရောင်စက္ကူရုပ်ဟာ ပြန်ပေါ်လာပြန်တယ်။
မွေးရာပါတာအိုဂိုဏ်းနဲ့ ကြယ်စင်တာအိုဂိုဏ်း က ဝိညာဥ်သန္ဓေသားတွေဟာ မျက်မှောင်ကြုတ်ပြီး သူတို့နှစ်ယောက်ကို ကြည့်ကာ
"ဘာလို့ ခုနက ငါတို့ကို တစ်ခါတည်း ခေါ်မသွားတာလဲ တာအိုမိတ်ဆွေ ချန် တစ်ယောက်တည်း ဒီမှာ အလကား အသေခံလိုက်ရပြီ"
"ယင်မိစ္ဆာ မင်္ဂလာဆောင်တယ်ဆိုတာ ရည်ရွယ်ချက် မအောင်မချင်း ဘယ်တော့မှ လက်မလျှော့ဘူး"
သွေးရောင်စက္ကူရုပ်က အေးအေးဆေးဆေး ပြောတယ်
"တစ်ယောက်ယောက်ကတော့ သူမနဲ့ မင်္ဂလာဆောင်ကို ဆောင်ရမှာပဲ မဟုတ်ရင် သူမက ငါတို့နောက်ကို တစ်ကောက်ကောက် လိုက်နေလိမ့်မယ်"
"စီနီယာက သူတို့ကို သတ်ပစ်လို့ မရဘူးလား ခုနက အဲဒီ ယင်မိစ္ဆာတွေက စီနီယာ့ရဲ့ ပြိုင်ဘက် မဟုတ်လောက်ပါဘူး"
"သတ်ရမယ်"
သွေးရောင်စက္ကူရုပ်က လှောင်ရယ်လိုက်ပြီး
"ဒီယင်မိစ္ဆာတွေက ဘယ်ကလာသလဲ ဘယ်သူ့နောက်ခံရှိသလဲဆိုတာ ဘယ်သူမှ မသိဘူး စိတ်လိုက်မာန်ပါ လက်ပါမိလို့ ပိုကြီးတဲ့ ပြဿနာတွေ တက်လာရင် ငါတို့ ဒီခရီးစဉ်က အေးအေးချမ်းချမ်း ရှိမှာ မဟုတ်တော့ဘူး"
လူအချို့ရဲ့ မျက်နှာတွေဟာ အမျိုးမျိုး ပြောင်းလဲသွားကြတယ် သွေးရောင်စက္ကူရုပ်ရဲ့ စကားကို လက်ခံလိုက်ပုံရတယ်။
ဒါပေမဲ့ သူတို့ရဲ့ မျက်လုံးထဲမှာတော့ သတိထားတဲ့ အရိပ်အယောင်တွေ ရှိနေကြတယ် နောက်ထပ် အန္တရာယ်တစ်ခုခု ကြုံလာရင် သွေးရောင်စက္ကူရုပ်က သူတို့ကို အသုံးမဝင်တဲ့ အပိုင်းအစတွေလို ထားပစ်ခဲ့မှာကို စိုးရိမ်နေကြတာပါ။
နောက်ရက်အနည်းငယ်မှာတော့ လူတိုင်းဟာ ဘာစကားမှ သိပ်မပြောဘဲ လမ်းကိုသာ အသည်းအသန် လျှောက်ခဲ့ကြတယ် လူသူကင်းမဲ့တဲ့ ဘုရားကျောင်းအိုကြီး တစ်ခုကို ဖြတ်တဲ့အခါကျမှ သွေးရောင်စက္ကူရုပ်က အားလုံးကို အထဲမှာ ခဏနားဖို့ အချက်ပြလိုက်တယ်။
"တာအိုသားတော်... ငါတို့ မပင်ပန်းသေးပါဘူး နားမနေတော့ဘဲ ခရီးဆက်တာ ပိုကောင်းမယ် ထင်တယ်လမ်းခရီးက ပိုအရေးကြီးတယ်လေ"
မွေးရာပါတာအိုဂိုဏ်းက ဝိညာဥ်သန္ဓေသားက ထူးဆန်းတဲ့ အမူအရာနဲ့ ပြောတယ်။
ကျီးလျန်က သွေးရောင်စက္ကူရုပ်ကို တစ်ချက် ကြည့်လိုက်တယ်။
"ရှေ့မှာရှိတဲ့ နေရာက ဒီဘုရားကျောင်းအိုထဲမှာ တစ်ည မအိပ်ရင် ဝင်လို့မရဘူး"
သွေးရောင်စက္ကူရုပ်က ခပ်အေးအေး ပြောလိုက်တယ်။
လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြတယ်၊ ဖန့်ချန်က သိချင်စိတ်နဲ့ မေးတယ်
"ဒါက ဘာလို့လဲဗျ"
သွေးရောင်စက္ကူရုပ်က ဖန့်ချန်ကို တစ်ချက်ဝေ့ကြည့်ပြီး ထူးဆန်းတဲ့ အပြုံးတစ်ခု ပြုံးလိုက်တယ်
"ငါတို့က ဖူထူလောကရဲ့ ယင်မိစ္ဆာတွေ မဟုတ်ဘူးရှေ့မှာ ငါတို့သွားရမှာက ယင်မိစ္ဆာတွေ အုပ်စုလိုက် စုဝေးနေတဲ့ မြို့တစ်မြို့ပဲ"
"နောက်ထပ် ယင်မိစ္ဆာ မင်္ဂလာဆောင်တာမျိုးတွေနဲ့ မကြုံချင်ဘူးဆိုရင် ဒီဘုရားကျောင်းအိုထဲမှာ ဆရာ တစ်ယောက်ကို စောင့်ရမယ်"
"ဆရာ တစ်ယောက်ကို စောင့်ရမယ်"
မဟာချဲ့ထွင်းဂိုဏ်းနဲ့ ကြယ်စင်တာအိုဂိုဏ်းက ဝိညာဥ်သန္ဓေသားတွေက ဆက်မေးဖို့ ကြိုးစားပေမဲ့ သွေးရောင်စက္ကူရုပ်က သူတို့ကို ဂရုမစိုက်တော့ဘဲ ကျီးလျန်ကို ဦးဆောင်ကာ ဘုရားကျောင်းထဲ ဝင်သွားတော့တယ်။
ဒီဘုရားကျောင်းအိုမှာ ရှေ့နောက် ဝင်းနှစ်ခုပဲ ရှိပြီး အလယ်မှာ နတ်ကွန်းဆောင် ရှိတယ်၊ အထဲမှာတော့ ကျိုးပဲ့နေတဲ့ နတ်ရုပ်ကြီး တစ်ရုပ် ရှိနေတယ်။
သန်းခေါင်ယံအချိန်မှာ ဘုရားကျောင်းအပြင်ဘက်ကနေ လေတိုးသံနဲ့အတူ ခေါင်းလောင်းသံလေးတွေ ကြားလိုက်ရတယ် အားလုံးက ပြိုင်တူ အပြင်ဘက်ကို လှမ်းကြည့်လိုက်ကြရာ သာမန်ဝတ်စုံ ဝတ်ထားတဲ့ ဗေဒင်ဆရာ တစ်ယောက် ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်လာတာကို မြင်လိုက်ရတယ်။
မျက်လှည့်ပြနေသလား ထင်ရအောင်ပဲ ဗေဒင်ဆရာ ဝင်လာတဲ့ အခိုက်အတန့်မှာ ဘုရားကျောင်းထဲက မှိန်ဖျော့နေတဲ့ ဖယောင်းတိုင်မီးတွေဟာ ပိုပြီးတော့တောင် မှောင်သွားသလို ခံစားရတယ်။
"မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ"
ဗေဒင်ဆရာက သွေးရောင်စက္ကူရုပ်ကို ကြည့်ပြီး အသံဩဩနဲ့ ပြောလိုက်တယ်။
လူတိုင်း အံ့သြသွားကြတယ် ဒီနှစ်ယောက်က သိနေကြတာလား
သွေးရောင်စက္ကူရုပ်က ပြုံးလိုက်ပြီး
"စကားအပိုတွေ ပြောမနေနဲ့ ငါလိုချင်တဲ့ ပစ္စည်း ပါလာရဲ့လား"
ဗေဒင်ဆရာက ခပ်ဖွဖွ ရယ်မောကာ အင်္ကျီလက်ထဲကနေ ယင်စွမ်းအားတွေ ပတ်လည်ဝိုင်းနေတဲ့ ဝါးဆစ်အချို့ကို ထုတ်ပြီး သွေးရောင်စက္ကူရုပ်ဆီ ပစ်ပေးလိုက်တယ်။
သွေးရောင်စက္ကူရုပ်က ဝါးဆစ်တွေကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းငြိမ့်ကာ ပိုက်ဆံအိတ်တစ်ခု ထုတ်ပေးလိုက်တယ်။
ဒါပေမဲ့ ဗေဒင်ဆရာက ပိုက်ဆံအိတ်ကို မဖမ်းဘဲ ခြေရင်းနားမှာ ကျခွင့်ပြုထားလိုက်ပြီး ဖန့်ချန်တို့ လူအုပ်ကို အေးစက်တဲ့ အကြည့်တွေနဲ့ စစ်ဆေးနေတယ်။
"ယန်စွမ်းအားတွေ ပြည့်နှက်နေတဲ့ လတ်ဆတ်တဲ့ ဝိညာဉ်တွေကို မတွေ့ရတာ ကြာပြီပဲ ငါ တစ်ယောက်လောက် ခေါ်သွားချင်တယ်"
ဗေဒင်ဆရာက ပြုံးလျက် ပြောတယ်။
ကျီးလျန်ကလွဲလို့ ကျန်တဲ့ ဝိညာဥ်သန္ဓေသားတွေရဲ့ မျက်နှာဟာ ထိတ်လန့်သွားကြတယ်။
သွေးရောင်စက္ကူရုပ်က မျက်မှောင်ကြုတ်လိုက်ပြီး
"မင်း ဒါက စည်းကမ်းဖောက်တာပဲ ငါတို့ လုပ်တာက တစ်ခုချင်းစီ သီးခြားစီပဲလေ မင်း ယင်သက်တမ်းဒင်္ဂါးတွေကို ယူပြီး မြန်မြန် ထွက်သွားလိုက်တော့"
"မင်း ပြန်မလာတာ ကြာတော့ စည်းကမ်းတွေက ပြောင်းကုန်ပြီလေ မင်းက ငါ့ကို ဝိညာဉ်တစ်ယောက် မပေးချင်ဘူးဆိုရင်..."
ဗေဒင်ဆရာက ထူးဆန်းစွာ ရယ်မောလိုက်တယ်
"ဒါဆို ငါ အားလုံးကို ယူသွားလိုက်မယ်"
သူ့စကားလည်း ဆုံးရော ဘုရားကျောင်းအပြင်ဘက်မှာ လှုပ်ရှားသံတွေ တစီစီ ထွက်ပေါ်လာပြီး မရေမတွက်နိုင်တဲ့ သရဲတစ္ဆေ မိစ္ဆာတွေ အပြင်မှာ ဝိုင်းနေသလိုပဲ။
ကျီးလျန်ရဲ့ အကြည့်က လေးနက်သွားပြီး သွေးရောင်စက္ကူရုပ်ကို လှမ်းကြည့်လိုက်တယ်။
"စိတ်မပူနဲ့"
သွေးရောင်စက္ကူရုပ်က သူ့ကို မျက်ရိပ်ပြလိုက်ပြီး ဗေဒင်ဆရာဆီ လမ်းလျှောက်သွားတယ်
"ငါ ပြန်မလာတာ ကြာတာတော့ ဟုတ်တယ် ဒါပေမဲ့ မင်းလို ရောင်းဝယ်ရေးသမားလေးက တောပုန်းဓားပြ လုပ်ချင်နေတာလား ငါ အရင်တုန်းက ဘယ်သူလဲဆိုတာ မင်း မေ့သွားပြီလား"
စကားပြောနေတုန်းမှာပဲ သွေးရောင်စက္ကူရုပ်ရဲ့ ကိုယ်ပတ်ပတ်လည်မှာ ယင်စွမ်းအားတွေ တဟုန်ထိုး ထွက်ပေါ်လာပြီး တစ်ဘုရားကျောင်းလုံးကို ဖိအားတွေနဲ့ လွှမ်းမိုးသွားစေတယ်။
ဗေဒင်ဆရာရဲ့ အငွေ့အသက်ဟာ သူ့ရှေ့မှာ သေးငယ်သွားသလိုပဲ ဒါပေမဲ့ ဗေဒင်ဆရာက နည်းနည်းလေးမှ မကြောက်တဲ့အပြင် မျက်နှာမှာ ထူးဆန်းတဲ့ အပြုံးကြီးနဲ့
"အရင်တုန်းကတော့ မင်းတို့ ယင်စစ်သည် တွေကို တွေ့ရင် ငါတို့လို ရောင်းဝယ်ရေးသမားလေးတွေက သတိထား ဆက်ဆံရတာပေါ့"
" ဒါပေမဲ့ နှစ်ပေါင်း ထောင်ချီ ကြာသွားပြီလေ မင်းတို့ ယင်စစ်သည်တွေက သေတဲ့သူသေ ဒုက္ခိတဖြစ်တဲ့သူဖြစ်နဲ့ ဒီဖူထူလောကထဲက ယင်မိစ္ဆာ အသေးအဖွဲလေးတွေကို ခြောက်လို့ ရချင်ရမယ်"
"ဒီနေ့ ငါတစ်ယောက်တည်း လာတာ မဟုတ်ဘူး မင်းတို့ လမ်းမှာ မယ်တော်စီ ကို တွေ့ခဲ့တယ် မဟုတ်လား သူမက အပြင်မှာ ရှိနေတယ် မင်းသာ လက်ပါကြည့်လိုက် ချက်ချင်း ဝိညာဉ်လွင့်သွားစေရမယ်"
"မယ်တော်စီ ခုနက မင်္ဂလာဆောင်ဖို့ လူလာရှာတဲ့ ယင်မိစ္ဆာလား"
သွေးရောင်စက္ကူရုပ်ရဲ့ ခြေလှမ်းတွေ ခေတ္တ ရပ်တန့်သွားတယ်။
"မယ်တော်စီက မင်းတို့ ဒဏ္ဍာရီလာ ငရဲမင်းရဲ့ အမွေအနှစ်ကို လာရှာတယ်ဆိုတာ ကြားလို့ စိတ်ဝင်စားသွားပြီး လာတွေ့ချင်နေတာလေ"
ဗေဒင်ဆရာက ပြုံးလျက် ပြောတယ်။
ငရဲမင်း အမွေအနှစ်
မွေးရာပါတာအိုဂိုဏ်းနဲ့ ကြယ်စင်တာအိုဂိုဏ်းက ဝိညာဥ်သန္ဓေသားတွေက ကျီးလျန်ကို ပြိုင်တူ လှည့်ကြည့်လိုက်ကြတယ် မျက်လုံးထဲမှာ အံ့သြတုန်လှုပ်မှုတွေ ပြည့်နေတယ်။
ကျီးလျန်ရဲ့ မျက်နှာက အမျိုးမျိုး ပြောင်းလဲသွားပြီး ဗေဒင်ဆရာကို စိုက်ကြည့်ကာ
"ဘာ ငရဲမင်း အမွေအနှစ်လဲ ငါတို့ တစ်ခါမှ မကြားဖူးဘူး"
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ ငရဲမင်း အမွေအနှစ် ငါတို့လို ယင်စစ်သည် အသေးအဖွဲလေးက ငရဲမင်း အမွေအနှစ်နဲ့ ဘာဆိုင်လို့လဲ မင်းနောက်က မယ်တော်စီ တစ်ခုခု မှားနေပြီ ထင်တယ်"
သွေးရောင်စက္ကူရုပ်ကလည်း အမူအရာမပျက် ငြင်းလိုက်တယ်။
အဲဒီအချိန်မှာပဲ အပြင်ဘက်ကနေ မင်္ဂလာပွဲ ကျင်းပနေသလို စည်ကားသံတွေ ထပ်ထွက်လာပြန်တယ် ခုနက မင်္ဂလာဆောင်အဖွဲ့ဟာ ဘုရားကျောင်းရှေ့ကို ဖြည်းဖြည်းချင်း ရောက်လာခဲ့တယ်။
ထမ်းစင်ပေါ်က စက္ကူရုပ် အမျိုးသမီးက လိုက်ကာကို လှန်ပြီး သူမရဲ့ တောင့်တင်းနေတဲ့ မျက်နှာကြီးနဲ့ ပြုံးပြကာ လူအုပ်ဆီကို တစ်လှမ်းချင်း လျှောက်လာတယ်။
ဗေဒင်ဆရာဟာ ချက်ချင်းပဲ ရိုသေတဲ့ အမူအရာနဲ့ ခေါင်းငုံ့လိုက်တယ်။
ဖန့်ချန်ကတော့ ဘေးကနေ အခြေအနေအားလုံးကို စောင့်ကြည့်နေတယ် ပထမဆုံးအကြိမ် ဒီမင်္ဂလာအဖွဲ့ကို တွေ့ကတည်းက တစ်ခုခု မှားနေတယ်လို့ သူ ခံစားမိတယ်။
အခုတော့ သူ့ရဲ့ ခန့်မှန်းချက်က မှန်သွားပြီ ဒီစက္ကူရုပ် အမျိုးသမီးရဲ့ ကျင့်ကြံမှုကို သူတောင် မခန့်မှန်းနိုင်ဘူး။
ပြီးတော့ သူမက ကျီးလျန်ရဲ့ ရည်ရွယ်ချက်ကို တစ်ခါတည်း ပြောချင်တိုင်း ပြောလိုက်တာက သူမ ရောက်လာတာဟာ တိုက်ဆိုင်မှု မဟုတ်ဘူးဆိုတာ သက်သေပြနေတယ်။
ငါ့ရဲ့ ယင်လောကက အစွမ်းက လူ့လောကက မသေမျိုး ဘုရင် အဆင့်နဲ့ ညီမျှနေတာတောင် ဒီစက္ကူရုပ် အမျိုးသမီးရဲ့ အစွမ်းကို ငါ မမြင်ရဘူး...
သူမက ဂိုဏ်းချုပ်အဆင့် တွေနဲ့ တန်းတူ ကျင့်ကြံမှု ရှိနေတာလား
ဒါကို တွေးမိတော့ ဖန့်ချန်ဟာ ဘာမှမသိသလို ရိုးရိုးသားသားလေးပဲ ရပ်နေလိုက်တယ် ကိုယ်နဲ့မဆိုင်သလို ပုံစံမျိုးပေါ့။
သွေးရောင်စက္ကူရုပ်ကတော့ ဒီတစ်ခါ မပြေးတော့ဘဲ မင်္ဂလာဝတ်စုံ ဝတ်ထားတဲ့ စက္ကူရုပ် အမျိုးသမီးကို သတိကြီးစွာနဲ့ ကြည့်နေတယ်။
မွေးရာပါတာအိုဂိုဏ်းနဲ့ ကြယ်စင်တာအိုဂိုဏ်းက ဝိညာဥ်သန္ဓေသားတွေကတော့ မဟာချဲ့ထွင်းဂိုဏ်းက တာအိုမိတ်ဆွေ ချန် ပါမလာမလားလို့ အပြင်ကို လှမ်းကြည့်ပေမဲ့ သရဲအရိပ်တွေပဲ မြင်ရပြီး ချန် ကို မတွေ့ရဘူး။
"မျိုးဆက်သစ်က မယ်တော်စီကို ဂါရဝပြုပါတယ်"
သွေးရောင်စက္ကူရုပ်က လက်အုပ်ချီ ဦးညွှတ်လိုက်တယ်။
မယ်တော်စီရဲ့ ပါးပေါ်က နီနီလေးတွေက အရောင်တွေ တလက်လက် ထွက်နေသလိုပဲ သူမက သွေးရောင်စက္ကူရုပ်ကို စိုက်ကြည့်နေပြီး အတော်ကြာမှ ပြုံးလျက် ပြောတယ်
"လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ကျော်က ယင်စစ်သည် မျိုးနွယ်ဝင်တွေ အကုန်သေကုန်ပြီလို့ ငါ ထင်ထားတာ မမျှော်လင့်ဘဲ လွတ်သွားတဲ့သူ ရှိနေသေးတာပဲ မင်းတို့ ယင်လောက အသေးစား ကနေ ပြန်လာနိုင်တာ မလွယ်လှဘူးပဲ"
ယင်လောက အသေးစား
ဖန့်ချန်ရဲ့ မျက်လုံးတွေ လှုပ်ရှားသွားတယ်။
သွေးရောင်စက္ကူရုပ် စကားမပြောခင်မှာပဲ မယ်တော်စီက ဖန့်ချန်ဘက်ကို လှည့်ကြည့်လိုက်တယ်
"ယင်လောက အသေးစားက နေ့ခင်းကင်းလှည့်အရှင် ဘာလို့ ခေါင်းမြီးခြုံပြီး ပုန်းနေရတာလဲ"
နေ့ခင်းကင်းလှည့်အရှင်
ကျီးလျန်နဲ့ သွေးရောင်စက္ကူရုပ်တို့ အံ့သြသွားကြပြီး ဖန့်ချန်ကို ဇဝေဇဝါနဲ့ လှည့်ကြည့်လိုက်ကြပါတော့တယ်။
အခန်း (၈၂၆) ယင်လောက အကြီးနှင့် အသေး
ကျီးလျန်ရဲ့ စိတ်ထဲမှာ အေးစက်သွားတယ် သူ့ရှေ့က ဒီ တုန်းဖန်းညီအစ်ကို ကို မယ်တော်စီက ဘာလို့ နေ့ခင်းကင်းလှည့်အရှင် လို့ ခေါ်ရတာလဲ
သူက တကယ်ပဲ ယင်ဝန်ထမ်းဌာန ရဲ့ နေ့ခင်းကင်းလှည့်အရှင်လား ဒါဆို ဘာဖြစ်လို့ သာမန်အောက်ဆင်းသူအဖြစ် ဟန်ဆောင်ပြီး သူတို့နဲ့အတူ လိုက်လာရတာလဲ
သွေးရောင်စက္ကူရုပ်ရဲ့ မျက်နှာကလည်း အမျိုးမျိုး ပြောင်းလဲနေပြီး ဖန့်ချန်ကို စိုက်ကြည့်နေတယ်။
မွေးရာပါတာအိုဂိုဏ်းနဲ့ ကြယ်စင်တာအိုဂိုဏ်းက ဝိညာဉ်သန္ဓေသားတွေကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတယ်။
ကြီးမြတ်လှတဲ့ နေ့ခင်းကင်းလှည့်အရှင်ဆိုတာ လူ့လောကမှာဆိုရင် မသေမျိုးဘုရင် အဆင့်ရှိတဲ့ ပုဂ္ဂိုလ်ပဲ သာမန်အောက်ဆင်းသူအဖြစ် ဟန်ဆောင်ပြီး သူတို့နဲ့ လိုက်လာတာက ဘာရည်ရွယ်ချက်ရှိလို့လဲ
"မယ်တော်စီက မျက်စိ တော်တော်စူးတာပဲ ကျွန်တော့်ရဲ့ ဒီလိုအတတ်ပညာလေးတွေက မယ်တော်စီရဲ့ ရှေ့မှာတော့ ပညာရှိကို နည်းပြသလို ဖြစ်နေပါပြီ"
ဖန့်ချန်က ခဏလောက် စဉ်းစားပြီး ပြုံးလျက် ရှေ့ကို အနည်းငယ် တိုးကာ နှုတ်ဆက်လိုက်တယ်
"ယင်ဝန်ထမ်းဌာနရဲ့ နေ့ခင်းကင်းလှည့်အရှင် တုန်းဖန်းဟောက်ကျဲ က မယ်တော်စီကို ဂါရဝပြုပါတယ်"
"တကယ်ကြီး နေ့ခင်းကင်းလှည့်အရှင် ဖြစ်နေတာလား"
ကျီးလျန်တို့အဖွဲ့ မှင်တက်သွားကြတယ်။
မယ်တော်စီက ဖန့်ချန်ကို ခနဲ့တဲ့တဲ့ ကြည့်ပြီး
"ယင်လောက အသေးစား က ယင်အရှင်တစ်ပါးက ဒီဖူထူလောကကို ကိုယ်တိုင်လာတာဆိုတော့ ပြန်မသွားနိုင်မှာ မကြောက်ဘူးလား မင်းရဲ့ သတ္တိကတော့ မသေးဘူးပဲ"
"ကျွန်တော်က သိချင်စိတ်ရှိလို့ပါ ဖူထူလောကဟာ စည်းကမ်းမဲ့နယ်မြေလို့ ကြားဖူးလို့ လာကြည့်တာပါဒီကို ရောက်ရောက်ချင်း မယ်တော်စီလို ပုဂ္ဂိုလ်ထူးနဲ့ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး ဖူထူလောကက တကယ့်ကို နာမည်ကြီးတဲ့အတိုင်းပါပဲ"
ဖန့်ချန်က ရယ်မောကာ ပြောလိုက်တယ်။
"မင်းက ဗဟုသုတ လာရှာတာလား ဒါမှမဟုတ် သူတို့က ယင်စစ်သည် တွေဆိုတာကို သိလို့ လိုက်လာပြီး ငရဲမင်း အမွေအနှစ်ကို လာရှာတာလား"
မယ်တော်စီက ခပ်အေးအေး မေးတယ်။
ကျီးလျန်ရဲ့ မျက်နှာက ပိုပြီး ပျက်သွားတယ် ဘာလို့ ဒီလောက် လျှို့ဝှက်တဲ့ ကိစ္စကို လူအများကြီး သိနေကြတာလဲ
ဖူထူလောကက မယ်တော်စီလည်း သိတယ် ယင်စဝန်ထမ်းဌာနက နေ့ခင်းကင်းလှည့်အရှင်ကလည်း သိနေတယ်
သူက သွေးရောင်စက္ကူရုပ်ကိုတောင် သံသယဝင်လာပြီး အမြဲတမ်း ခိုးကြည့်နေတော့တယ်။
"မယ်တော်စီ... မယ်တော်စီ ပြောတဲ့ ငရဲမင်းအမွေအနှစ်ဆိုတာ ဘယ်လိုမျိုးလဲ ကျွန်တော် မသိပါဘူး ငရဲမင်းက အခု ယင်လောကကို အုပ်ချုပ်နေတာပဲ သူ့ရဲ့ အမွေအနှစ်တွေ ဖူထူလောကမှာ ကျန်ရစ်နေတယ်ဆိုတာ ကျွန်တော် တစ်ခါမှ မကြားဖူးဘူး"
ဖန့်ချန်က ပြောလိုက်တယ်။
"ဘာလို့ ဟန်ဆောင်နေတာလဲ ယင်လောက အသေးစားက အဲဒီ ငရဲမင်းဆိုတဲ့သူက ဘာကောင်မို့လဲ သူက ဖူထူလောကကို ခြေတောင် မချရဲဘူး"
မယ်တော်စီက ခပ်အေးအေးပဲ ပြောတယ်
"မင်းတို့ အခု ရောက်နေတဲ့ ဖူထူလောကကမှ တကယ့် ယင်လောက အကြီး အစစ်ပဲ ဝိညာဉ်သေးသေးလေးတွေ စုပြီး တည်ထောင်ထားတဲ့ ယင်လောက အသေးစား မဟုတ်ဘူး"
စကားဆုံးတော့ သူမက သွေးရောင်စက္ကူရုပ်ဘက် လှည့်ပြီး
"မင်းတို့ ယင်စစ်သည် မျိုးနွယ်တွေဟာ ငရဲမင်းနဲ့အတူ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ခဲ့ကြတာ ငါသိတယ် ငရဲမင်းရဲ့ အလောင်း မြှုပ်နှံထားတဲ့နေရာကို မင်း သိမှာပဲ မဟုတ်လား ငါ့ကို အဲဒီကို ခေါ်သွားပေးမင်းကို ငါ စည်းစိမ်တွေ ပေးမယ်"
သွေးရောင်စက္ကူရုပ်က မျက်မှောင်ကြုတ်ပြီး ခဏကြာမှ ဖြည်းဖြည်းချင်း ပြောတယ်
"မယ်တော်စီ... ငရဲမင်း အမွေအနှစ်ကို နတ်မျိုးစေ့ မဟုတ်ရင် မရနိုင်ဘူး လတ်ဆတ်တဲ့ ဝိညာဉ် မဟုတ်ရင်လည်း မရနိုင်ဘူး"
"အရင်တုန်းက ငရဲမင်းဟာ လူ့ခန္ဓာကိုယ်နဲ့ အောက်ဆင်းခဲ့တာဆိုတော့ အခု ကြည့်ရတာ ကောလာဟလတွေက အမှန်ပဲပေါ့"
မယ်တော်စီက ပြုံးလျက် ပြောတယ်။
"ဒါဆိုရင် မယ်တော်စီက ငရဲမင်း အမွေအနှစ်ကို ဘာလို့ စွဲလမ်းနေမှာလဲ ကျွန်တော့်ရဲ့ သခင်လေးက အမွေအနှစ်ကို ရပြီး ယင်လောက အကြီးအသေး နှစ်ခုလုံးကို သိမ်းပိုက်တဲ့အခါ မယ်တော်စီကို စည်းစိမ်တွေ ပြန်ပေးရင် မကောင်းဘူးလား "
သွေးရောင်စက္ကူရုပ်က ပြောလိုက်တယ်။
"ယင်လောက အကြီးအသေးကို သိမ်းပိုက်မယ်"
မယ်တော်စီက ရုတ်တရက် ရယ်မောလိုက်တယ်
"ဖူထူလောကထဲမှာ ယင်မိစ္ဆာတွေ အများကြီး ရှိတယ် ငါ့ထက် သန်မာတဲ့သူတွေလည်း အများကြီးပဲ မင်းတို့က ငါ့ကိုတောင် မယှဉ်နိုင်ဘဲနဲ့ ယင်လောကကြီး တစ်ခုလုံးကို သိမ်းပိုက်မယ်ဆိုတာ အိမ်မက် မက်နေတာပဲ"
"အရာရာက တဖြည်းဖြည်းချင်း လုပ်ရမှာပါ"
သွေးရောင်စက္ကူရုပ်က အသံကို နှိမ့်ပြီး ပြောတယ်
"ယင်လောက အကြီးကြီးကလည်း ပရမ်းပတာ ဖြစ်နေတာ ကြာပြီ တစ်ယောက်ယောက်က ဦးဆောင်ပြီး ဒါတွေကို နှိမ်နင်းရမှာပဲ"
"သူ့ကို အားကိုးပြီးလား"
မယ်တော်စီက ကျီးလျန်ကို ညွှန်ပြလိုက်တယ်။
ကျီးလျန်ရဲ့ မျက်နှာက ပျက်သွားတယ်၊ မယ်တော်စီရဲ့ မျက်လုံးထဲမှာ သူ့ကို အထင်အမြင်သေးတဲ့ အရိပ်အယောင်ကို မြင်လိုက်ရလို့ပဲ။
သူဟာ ကိုးဆက်မြောက် ဘုရင်ကြီးရဲ့ သားတော်ဖြစ်သလို တာအိုဂိုဏ်း အမွေအနှစ်တွေ အများကြီးကို ရထားတဲ့သူ ဘယ်သူက သူ့ကို ဒီလို အကြည့်နဲ့ ကြည့်ဖူးလို့လဲ
"မယ်တော်စီ မသိသေးတာက သခင်လေးဟာ လူ့လောကမှာ အဆင့်အတန်း မြင့်မားတဲ့သူပါ သူ့အဖေက လူ့လောကရဲ့ မသေမျိုးဘုရင် ပဲတကယ်လို့ နတ်တံခါးသာ ပွင့်နေရင် သူက အထက်ဘုံ ကိုတောင် တက်သွားလောက်ပြီ"
သွေးရောင်စက္ကူရုပ်က ဆက်ပြောတယ်
"တကယ်လို့ သခင်လေးက ငရဲမင်း အမွေအနှစ်ကို ရပြီး လူ့လောကမှာ သေသေချာချာ ကျင့်ကြံရင် အောင်မြင်တဲ့အခါ ယင်လောကကို ပြန်လာပြီး ယင်မိစ္ဆာတွေ အားလုံးရဲ့ အထက်မှာ ရှိနေလိမ့်မယ်"
"လူ့လောကက မသေမျိုးဘုရင်က ဘာပြောပလောက်လို့လဲ ဖူထူလောကဟာ ယင်လောက အကြီးကြီး အဖြစ် ရှိနေတုန်းက အထက်ဘုံက နတ်ဘုရားတွေတောင် ကြောက်ခဲ့ရတာ တချို့ အချိန်တွေမှာ အထက်ဘုံထက်တောင် အစွမ်းထက်သေးတယ်"
"အခု ပျက်စီးနေတယ် ဆိုပေမဲ့လည်း နေရာအနှံ့မှာ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ ပုန်းအောင်း ကျင့်ကြံနေကြတာပဲ"
မယ်တော်စီက အေးစက်စွာ ပြောတယ်
"မင်းက ဒီလူကို ကူညီချင်တာဟာ အဓိပ္ပာယ် မရှိတာပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ကျော်က မင်းတို့ ယင်လောက အသေးစားထဲကို ကျူးကျော်ခဲ့တုန်းက အခြေအနေမျိုးပေါ့"
ဖန့်ချန်ကတော့ ဘာမှ မသိသလို နေနေပေမဲ့ စိတ်ထဲမှာတော့ အံ့သြသွားတယ်။
သူမ ပြောတဲ့ ယင်လောက အကြီးကြီးဟာ အထွက်အထိပ် ရောက်စဉ်တုန်းက အထက်ဘုံကတောင် ကြောက်ခဲ့ရတယ် ဟုတ်လား
တချို့အချိန်တွေမှာ အထက်ဘုံထက်တောင် အစွမ်းထက်တယ်
ဒါသာ အမှန်ဆိုရင် ပီထု က နတ်ဘုရား တစ်ပါး ဖြစ်ပါလျက်နဲ့ သေပြီးနောက် ယင်လောကကို ရောက်လာတာဟာ အဓိပ္ပာယ် ရှိသွားပြီ။
အခု သူ ရှစ်ပုံ ကိုးပုံလောက် သေချာသွားတာက သံသရာနတ်တံခါး က လာတဲ့ စီနီယာ အစ်ကိုကြီး ပီထု ဟာ ဒီဖူထူလောကထဲမှာ ရှိနေမှာပဲ။
ဒီဖူထူလောကထဲမှာ ဂိုဏ်းချုပ်အဆင့်တွေထက် အများကြီး ပိုသန်မာတဲ့ ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်တွေ ရှိနေနိုင်တယ်။
သွေးရောင်စက္ကူရုပ်က ခေတ္တ ငြိမ်သွားပြီးမှ ပြောလိုက်တယ်
"မယ်တော်စီ... မင်းက ဒါတွေကို အများကြီး ပြောနေတာက အခြား ရည်ရွယ်ချက် ရှိလို့လား"
"ဒီနေ့ခင်းကင်းလှည့်အရှင်က ယင်လောက အသေးစားရဲ့ ယင်အရှင် ဖြစ်သလို အောက်ဆင်းသူလည်း ဖြစ်နေတယ်"
မယ်တော်စီက ဖန့်ချန်ဘက် လှည့်ပြီး ရုတ်တရက် အနီးကို တိုးကာ အနံ့ခံလိုက်တယ်
"အင်း... နတ်ဘုရား အငွေ့အသက်တွေလည်း ပါနေသေးတာပဲ လူ့လောကမှာလည်း နတ်တံခါးရဲ့ အသိအမှတ်ပြုမှုကို ရထားပုံရတယ် ငါ့အမြင်တော့ သူ့ကို ငရဲမင်းအမွေအနှစ် ပေးလိုက်တာက ပိုကောင်းတဲ့ ရွေးချယ်မှုပဲ"
ကျီးလျန်တို့ မှင်တက်သွားကြတယ်။
သွေးရောင်စက္ကူရုပ်ကလည်း ဖန့်ချန်ကို တစ်ချက် ကြည့်လိုက်ပြီး စဉ်းစားသလို ဖြစ်သွားတယ်။
ဒါပေမဲ့ ချက်ချင်းပဲ သူက ခေါင်းခါလိုက်တယ်
"ငရဲမင်း အမွေအနှစ်က တာအိုဂိုဏ်းက လာတာ အဲဒီ အချက်နှစ်ချက် ပြည့်စုံရုံနဲ့ မရဘူး ယင်နတ်ဘုရားသားရဲ ရဲ့ အသိအမှတ်ပြုမှုကိုလည်း ရရဦးမယ်"
"သခင်လေးက ယင်နတ်ဘုရားသားရဲရဲ့ အသိအမှတ်ပြုမှုကို ရထားပြီးပြီ ကောင်းကင်လှည့်စားခြင်းကျင့်စဥ် ကိုလည်း သုံးနိုင်နေပြီ သူပဲ ငရဲမင်းရဲ့ အမွေကို ဆက်ခံနိုင်မှာ"
"ဟုတ်တယ်"
ကျီးလျန်က ရှေ့ကို တစ်လှမ်းတိုးပြီး မယ်တော်စီကို ကြည့်ကာ
"မယ်တော်စီ စီနီယာ ကျွန်တော်ဟာ ယင်စစ်သည်အတတ် ကို ကောင်းကောင်း တတ်မြောက်ထားပါတယ် ငရဲမင်း အမွေအနှစ်ကို ရတာနဲ့ ယင်စစ်သည်တွေကို ခန့်အပ်ပြီး ယင်လောကကြီးကို သိမ်းပိုက်နိုင်မှာပါ"
"ယင်လောက အကြီးအသေးမှာရှိတဲ့ မယ်တော်စီလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေဟာ လူ့လောကကို သွားနိုင်ရင်တောင် ဘာမှ မလုပ်နိုင်ဘဲ ကြည့်နေရုံနားထောင်နေရုံပဲ ရှိမယ် ယင်လောကက တန်ခိုးတွေ ပျောက်သွားလိမ့်မယ် ဒါပေမဲ့ ယင်စစ်သည် မျိုးနွယ်တွေကတော့ လူ့လောကမှာ သွားလာလှုပ်ရှားနိုင်တယ်"
"ကျွန်တော်သာ ငရဲမင်း ဖြစ်လာရင် ယင်လောက အကြီးအသေးကိုသာမက လူ့လောက နယ်မြေကိုးခုလုံးကိုပါ အုပ်ချုပ်နိုင်မှာပါ"
"ဒါကြောင့်ကိုး..."
ဖန့်ချန်ရဲ့ မျက်လုံးတွေထဲမှာ ရုတ်တရက် နားလည်သွားတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားတယ် ဒီသွေးရောင်စက္ကူရုပ်က သူ့ကိုယ်သူ ယင်စစ်သည်လို့ ခေါ်တာ သူတို့က လူ့လောကမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီး အစွမ်းတွေ သုံးနိုင်တယ် ယင်လောကထဲ ရောက်တော့လည်း ရေထဲက ငါးလိုပဲ။
ဒါပေမဲ့ နေ့ခင်းကင်းလှည့်မျိုး နွယ်တွေကတော့ သူ အရင်က မဟာရှ ကို ပြန်တုန်းကလိုပဲ ဘာမှ ဝင်ရောက် မစွက်ဖက်နိုင်ဘဲ ကြည့်နေရုံပဲ တတ်နိုင်တယ်။
သေချာ စဉ်းစားကြည့်ရင် စက္ကူရုပ် အမည်းနဲ့ အဖြူကလည်း ယင်စစ်သည်တွေနဲ့ တော်တော်တူတာပဲ မဟုတ်လား သူတို့တွေလည်း အရင်တုန်းက အခန့်အပ်ခံခဲ့ရလို့ ဒီလိုမျိုး ဖြစ်နေတာလား မသိဘူး။
"ဪ... ငရဲမင်း အမွေအနှစ်က ဒီလို အချက်တွေ လိုသေးတာလား... ယင်နတ်ဘုရားသားရဲ... ဟုတ်သားပဲ ဒီသားရဲက ခေါင်းငြိမ့်မှ အရင်တုန်းက ငရဲမင်းက ငရဲမင်း ဖြစ်လာတာပဲ..."
မယ်တော်စီရဲ့ မျက်လုံးထဲမှာ စဉ်းစားနေတဲ့ အရိပ်အယောင်တွေ ပေါ်လာပြီး တိုးတိုးလေး ရေရွတ်လိုက်တယ်၊ ပြီးတော့မှ ခေါင်းညိတ်လိုက်တယ်
"မင်းတို့ရဲ့ အစီအစဉ်ကို ပြောပြစမ်း ယင်လောက အသေးစားမှာ ငါ့လူတွေ ရှိနေတာတင် မဟုတ်ဘူး အဖိုးကြီး တချို့ကလည်း ယင်လောက အသေးစားထဲမှာ သူတို့လူတွေ ထည့်ထားကြတာ"
"သူတို့သာ မင်းတို့ဟာ ယင်စစ်သည်တွေဆိုတာ သိသွားရင်၊ ဖူထူလောကကို ငရဲမင်း အမွေအနှစ် လာရှာတာဆိုတာ ချက်ချင်း ရိပ်မိသွားလိမ့်မယ် ဒီနေရာမှာ ကြာကြာ မနေသင့်ဘူး"
လူတိုင်း အခုမှ သဘောပေါက်သွားကြတယ်၊ သူတို့ ဖူထူလောကကို မရောက်ခင်ကတည်းက စောင့်ကြည့်ခံနေရတာလား
ကျီးလျန်က ရုတ်တရက် ရိုရိုသေသေ လက်အုပ်ချီလိုက်တယ်
"မယ်တော်စီ... ဒီယင်လောက အသေးစားက နေ့ခင်းကင်းလှည့်အရှင်က စိတ်ကောင်းနဲ့ လာတာ မဟုတ်နိုင်ဘူး သတင်းတွေ ပေါက်ကြားမသွားအောင် မယ်တော်စီက သူ့ကို နှိမ်နင်းပေးပါဦး"
"ကျီးညီအစ်ကို... ဒါက ချက်ချင်းကြီး မျက်နှာပျက်ပြလိုက်တာလား"
ဖန့်ချန်က သက်ပြင်းတိုးတိုးလေး ချလိုက်တယ်။
"မင်းက ငါတို့ကို အရင် လှည့်စားခဲ့တာလေ"
ကျီးလျန်ရဲ့ အကြည့်က အေးစက်နေတယ်။
"နေ့ခင်းကင်းလှည့်အရှင် ဖြစ်နေမှတော့ အလကား မဖြုန်းသင့်ဘူး ငါနဲ့အတူ အဆောင်ထဲကို မင်္ဂလာဦးည အတွက် လိုက်ခဲ့တော့"
မယ်တော်စီက ခနဲ့တဲ့တဲ့ ပြုံးပြီး ပြောလိုက်တယ်။
ကျီးလျန်ကတော့ တခြားသူရဲ့ ဒုက္ခကို ဝမ်းသာအားရ ကြည့်နေတော့တယ်။
သူ့အထင်တော့ မင်္ဂလာဦးည ဆိုတာ အသက်ဆုံးရှုံးမယ့် ကိစ္စပဲ။
"မယ်တော်စီ တကယ်လို့ ကျုပ်လည်း ယင်နတ်ဘုရားသားရဲရဲ့ အသိအမှတ်ပြုမှုကို ရထားပြီးကောင်းကင်လှည့်စားခြင်းအတတ်ကိုလည်း သုံးနိုင်နေတယ်ဆိုရင်... ဒီငရဲမင်း အမွေအနှစ်ကို ကျုပ် ဆက်ခံသင့်သလား မေးပါရစေ"
ဖန့်ချန်က မေးလိုက်ပါတော့တယ်။