← Chapters

အခန်း (၈၂၉-၈၃၀)

Vol. 83 Ch. 829-830

အခန်း (၈၂၉-၈၃၀)

Vol. 83 Ch. 829-830

​အခန်း (၈၂၉) ပန်ဆန်းအရှင်

​ဖန့်ချန်ဟာ မယ်တော်စီရဲ့ ပါးစပ်ကနေ ထွက်လာတဲ့ သတင်းအချက်အလက်တွေကို အစာခြေဖျက်နေမိတယ်။

​နတ်ဘုရားတွေ သေဆုံးသွားရင် ယင်လောကအကြီးကို ခဏဝင်ပြီး သံသရာကို စောင့်ရတယ် ဟုတ်လား

​တကယ်လို့ သံသရာထဲ မဝင်နိုင်ရင် ယင်မိစ္ဆာအဖြစ် အသွင်ပြောင်းရတာ ဒါမှမဟုတ် ကိုယ်ယောင်ဖျောက် နေထိုင်ရတာပဲ ရှိတာလား

​"အဲဒီတုန်းက သံသရာဂိုဏ်း က အစောဆုံး ပြဿနာတက်ခဲ့တာ"

​သွေးရောင်စက္ကူရုပ်ရဲ့ မျက်လုံးထဲမှာ အတိတ်ကို ပြန်ပြောင်းအောက်မေ့တဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်

​"ဘာအရိပ်အယောင်မှ မရှိဘဲနဲ့ သံသရာဂိုဏ်းရဲ့ အဖွဲ့ဝင်အားလုံး သေဆုံးကုန်ကြတယ် နတ်ဘုရားတွေ သံသရာထဲဝင်ဖို့ အသုံးပြုတဲ့ သံသရာမှန် ကလည်း သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့တယ်"

​"သံသရာမှန် မရှိတော့တဲ့အခါ နတ်ဘုရားတွေဟာ အထက်ဘုံမှာ ပြန်လည်မွေးဖွားဖို့ မဖြစ်နိုင်တော့ဘူး တကယ်လို့ လူ့လောကမှာ ပြန်ဝင်စားမယ်ဆိုရင်လည်း နောင်တစ်ချိန်မှာ နတ်ဘုရားဖြစ်ဖို့ အခွင့်အလမ်း ရှိတော့မှာ မဟုတ်ဘူး"

​"နတ်ဘုရားတွေရဲ့ သံသရာက သာမန်လူတွေနဲ့ မတူဘူးလား"

​ဖန့်ချန်က သွေးရောင်စက္ကူရုပ်ကို တစ်ချက်ကြည့်လိုက်တယ်။

​"ဒါပေါ့"

​သွေးရောင်စက္ကူရုပ်က ပြုံးလိုက်တယ်

"ဘယ်ကလာလာ အဲဒီကိုပဲ ပြန်သွားရမယ် ဆိုတာ ယင်လောကရဲ့ စည်းမျဉ်းပဲ ကိုယ့်အဆင့်အတန်းကို နှိမ့်ချပြီး လူ့လောကကို သွားလို့ရပေမဲ့ ကိုယ့်အဆင့်ထက် မြင့်တဲ့နေရာကိုတော့ အတင်းတက်လို့ မရဘူး"

​"သာမန်လူတွေက အထက်ဘုံကို သွားလို့မရပေမဲ့နတ်ဘုရားတွေကတော့ သူတို့သဘောနဲ့သူတို့ လူ့လောကမှာ ဝင်စားလို့ရတယ် ဒါပေမဲ့ လူ့လောကမှာ ဝင်စားချင်တဲ့ နတ်ဘုရား ဘယ်နှစ်ယောက် ရှိမှာလဲ နှစ်ပေါင်းများစွာအတွင်းမှာ လက်ချိုးရေလို့ ရတယ်"

​"တကယ်လို့ ယင်မိစ္ဆာအဖြစ် အသွင်မပြောင်းချင်တဲ့ နတ်ဘုရားဝိညာဉ်တွေဆိုရင် ဒီယင်လောကထဲမှာ ဘယ်လို အခြေအနေမျိုးနဲ့ ကြုံရမှာလဲ"

​ဖန့်ချန်က မေးလိုက်တယ်။

​"နတ်ဘုရားဝိညာဉ်တွေက ယင်လောကထဲမှာ ကျင့်ကြံလို့မရသလို အထက်ဘုံက တန်ခိုးတွေကိုလည်း မသုံးနိုင်ဘူး ဒီယင်လောကထဲမှာဆိုရင် ခြေတစ်လှမ်းလှမ်းဖို့တောင် ခက်ခဲလိမ့်မယ် သာမန်ယင်မိစ္ဆာတွေထက်တောင် အစွမ်းနိမ့်တယ်"

​"ပြီးတော့ သူတို့က နတ်ဘုရားဝိညာဉ်မှန်း အသိမခံရအောင် အမြဲတမ်း ကိုယ်ယောင်ဖျောက်နေရတယ် သူတို့ရဲ့ ဝိညာဉ်တွေက ယင်မိစ္ဆာတွေအတွက်တော့ အင်မတန် အားရှိစေတဲ့ အာဟာရတွေပဲလေ"

​မယ်တော်စီက ခပ်အေးအေးပဲ ပြုံးလိုက်တယ်

"ကျွန်မလည်း အရင်တုန်းက နတ်ဘုရားဝိညာဉ် အချို့နဲ့ တွေ့ဖူးတယ် အဲဒီအရသာက တစ်သက်လုံး မေ့မှာ မဟုတ်ဘူး"

​သွေးရောင်စက္ကူရုပ်က မျက်မှောင် အနည်းငယ် ကြုတ်သွားတာကို မယ်တော်စီက သတိထားမိပြီး စွေကြည့်လိုက်တယ်

​"ဘာလဲ အခု ယင်လောကအကြီးက စည်းကမ်းမဲ့တဲ့နေရာ ဖြစ်နေပြီလေ အရင်တုန်းကတော့ ရှင်တို့က ယင်မိစ္ဆာတွေကို နတ်ဘုရားဝိညာဉ်တွေနား မကပ်ခိုင်းဘူးဆိုပေမဲ့ အခုတော့ ဘယ်သူမှ လာမတားတော့ဘူး ကျွန်မ မစားရင် တခြားယင်မိစ္ဆာတွေ စားမှာပဲ"

"​ဟို ထိုက်ယင်နဂါးမင်းကြီးကိုပဲ ကြည့်လေ သူ့ရဲ့ ဝါရင့်မှုက ကျွန်မထက် အများကြီး နိမ့်ပေမဲ့ ဘာလို့ ကျွန်မထက် ကျင့်ကြံမှု ပိုမြင့်နေတာလဲ နတ်ဘုရားဝိညာဉ် တစ်ရာထက်မနည်း စားထားလို့ မဟုတ်ဘူးလား"

​ဒီလို ပြောပြီးတာနဲ့ မယ်တော်စီက ပြုံးရွှင်တဲ့မျက်နှာနဲ့ ဖန့်ချန်ကို ကြည့်လိုက်တယ်

"အနာဂတ် ငရဲမင်းလေး ရှင် ငရဲမင်းအမွေအနှစ်ကို ရသွားတဲ့အခါ နတ်ဘုရားဝိညာဉ်တွေကို မစားရဘူးလို့ အမိန့်ထုတ်ရင် ကျွန်မ မစားတော့ပါဘူး ရှင့်စကားအတိုင်း အကုန်နားထောင်မှာပါ"

​ဖန့်ချန်က ပြုံးလိုက်ရုံပဲရှိပြီး ဘာမှ ပြန်မပြောခဲ့ဘူး။

​သူ့စိတ်ထဲမှာတော့ စိုးရိမ်စိတ်တစ်ခု ဝင်လာတယ်။

စီနီယာအစ်ကိုကြီး ပီထု ကလည်း နတ်ဘုရားဝိညာဉ်ပဲ မဟုတ်လား အဲဒါကြောင့်လည်း သူက သေလူတွေရဲ့ဘဝက ခက်ခဲတယ်လို့ ပြောခဲ့တာ ဖြစ်မှာပဲ။

​စီနီယာအစ်ကိုကြီးရဲ့ ယင်လောကအကြီးထဲက အခြေအနေက တော်တော်လေး ဆိုးနေပုံရတယ် ဒါပေမဲ့ အခုတော့ ဘာသဲလွန်စမှ မရှိသေးတဲ့အတွက် သူ့ကို ဘယ်ကနေ ရှာရမှန်း မသိသေးဘူး။

​ငရဲမင်းအမွေအနှစ်ကို ရပြီးမှပဲ သွေးရောင်စက္ကူရုပ်နဲ့ မယ်တော်စီတို့ကို ပီထုရဲ့ သတင်းကို စုံစမ်းခိုင်းရမယ်။

​"မင်းမှာ နာမည်ရှိလား"

​ဖန့်ချန်က သွေးရောင်စက္ကူရုပ်ကို ရုတ်တရက် လှည့်မေးလိုက်တယ်။

​"ကျုပ် ယင်စစ်သည် မဖြစ်ခင်တုန်းက နာမည်က ရှင်းရှန်း ပါ"

​သွေးရောင်စက္ကူရုပ်က ခေါင်းညိတ်ပြတယ်။

​"ရှင်းရှန်း..."

​ဖန့်ချန်က ခဏလောက် စဉ်းစားပြီးမှ

"မင်းလည်း သိတဲ့အတိုင်းပဲ ကျုပ်နဲ့ တာအိုသုံးထောင်ဂိုဏ်း ကြားမှာ ကံကမ္မပတ်သက်မှုတွေ ရှိတယ် တာအိုဂိုဏ်းရဲ့ နတ်သားရဲ သုံးပါးကတော့ ယန်နတ်ဘုရားသားရဲ မု ၊ ယင်နတ်ဘုရားသားရဲ ယဲ့ နဲ့ မိုးကြိုးနတ်ဘုရားသားရဲ ချန်း တို့ပဲ"

​"ငရဲမင်းအမွေအနှစ်က ယင်နတ်ဘုရားသားရဲ ယဲ့ ရဲ့ အသိအမှတ်ပြုမှု လိုအပ်တယ်ဆိုရင် ငရဲမင်းအမွေအနှစ်ဟာ တာအိုသုံးထောင်ဂိုဏ်းကနေ ဆင်းသက်လာတာလို့ ယူဆလို့ ရမလား"

​"တာအိုသုံးထောင်ဂိုဏ်း"

​မယ်တော်စီရဲ့ မျက်လုံးထဲမှာ စဉ်းစားခန်း ဝင်သွားတယ်

"တစ်နေရာရာမှာ ကြားဖူးသလိုပဲ ဘာလို့ မမှတ်မိတော့တာလဲ မသိဘူး"

​ရှင်းရှန်းက အတော်ကြာအောင် စဉ်းစားပြီးမှ ခေါင်းကို ဖြည်းဖြည်းချင်း ခါပြတယ်

"တာအိုဂိုဏ်းဆိုတာ ယန် ၊ ယင် နဲ့ မူလအစစွမ်းအင်ဆိုပြီး ကွဲပြားတယ် ယန်နတ်ဘုရားသားရဲ မု က ယန်လမ်းစဉ်ကို ကိုယ်စားပြုတယ် ယင်နတ်ဘုရားသားရဲ ယဲ့ က ယင်လမ်းစဉ်ကို ကိုယ်စားပြုတယ်မိုးကြိုးနတ်ဘုရားသားရဲ ချန်းကတော့ မူလအစလမ်းစဉ်ကို ကိုယ်စားပြုတာပါ"

​"ကောလာဟလတွေအရ ဒီသုံးပါးစလုံးဟာ အရင်က ယွမ်ဟယ် ရဲ့ မိတ်ဆွေတွေဖြစ်ခဲ့ကြဖူးတယ် ခဏခဏ အဝင်အထွက် ရှိကြတော့ လူတွေက ဒီလေးမျိုးစလုံးဟာ အရင်းအမြစ် တစ်ခုတည်းက လာတာလို့ အထင်မှားခဲ့ကြတာ"

"​တကယ်တော့ ကျုပ် ကြားဖူးတာကတော့... ယွမ်ဟယ်ရဲ့ လမ်းစဉ်က သူ့ဘာသာ သီးခြားလမ်းစဉ်ပဲဒါပေမဲ့ အခုထိတော့ သူ့ရဲ့ လမ်းစဉ် ကို မြင်ဖူးတဲ့သူ မရှိသေးဘူး နတ်သားရဲ သုံးပါးကလွဲရင် ကျန်တဲ့သူတွေအားလုံး သေကုန်ကြပြီ ထင်တယ်"

​"ရှင်တို့ ပြောနေတဲ့ တာအိုသုံးထောင်ဂိုဏ်း ဆိုတာ အရင်တုန်းက လူ့လောက နယ်မြေကိုးခုကို စောင့်ကြပ်ခဲ့တဲ့ တာအိုဂိုဏ်းချုပ် ကို ပြောတာလား"

​မယ်တော်စီက ရုတ်တရက် အသက်ပြင်းပြင်း ရှူလိုက်ပြီး သွေးရောင်စက္ကူရုပ်နဲ့ ဖန့်ချန်ကို မယုံနိုင်သလို ကြည့်လိုက်တယ်

​"ကောလာဟလတွေအရ အဲဒီ တာအိုဂိုဏ်းချုပ်က ယွမ်ဟယ်ဟာ လွတ်လပ်သော မသေမျိုး လမ်းစဉ်ကို လျှောက်ခဲ့တာတဲ့ သူ လမ်းစဉ်ပေါက်မြောက်တဲ့နေ့မှာ ငရဲမင်းနဲ့ နတ်ဘုရားဧကရာဇ် တောင်မှ ကိုယ်တိုင်ကိုယ်ကျ သွားပြီး ဂုဏ်ပြုခဲ့ကြတယ်ဆိုတာ အမှန်ပဲလား"

​"တာအိုဂိုဏ်းချုပ်"

​ဖန့်ချန်က ရှင်းရှန်းကို လှည့်ကြည့်လိုက်တယ်။

​ရှင်းရှန်းက ခေါင်းညိတ်ပြတယ်

"ဖြစ်နိုင်ပါတယ် ကျုပ်လည်း အသေအချာတော့ အတည်မပြုနိုင်ဘူး ဘာလို့လဲဆိုတော့ ကျုပ် သိသမျှ အားလုံးက ကောလာဟလတွေပဲ ဖြစ်နေလို့ပါ"

​"တကယ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ကျော်က ကျုပ် လူ့လောကထဲကို ကျူးကျော်ပြီး မှန်ကန်တဲ့နေရာကို ရောက်မသွားခဲ့ဘူးဆိုရင် ဒီနေ့အထိ ယင်နတ်ဘုရားသားရဲရဲ့ အသိအမှတ်ပြုမှုကို ရတဲ့ နတ်မျိုးစေ့တစ်ယောက်ကို ရှာတွေ့ဖို့ ခက်ပါလိမ့်မယ်"

​"မသေးဘူးပဲ၊ အနာဂတ် ငရဲမင်းလေးရဲ့ နောက်ခံက ဒီလောက်အထိ ထူးခြားနေလိမ့်မယ်လို့ မထင်ထားဘူး"

​မယ်တော်စီရဲ့ မျက်လုံးတွေက တောက်ပလာပြီး သူ့အပေါ်ထားတဲ့ သဘောထားကလည်း သိသိသာသာ ပိုကောင်းလာတယ်။

​ဒါပေမဲ့ သူမက ခဏလောက် ပြန်စဉ်းစားပြီး သံသယနဲ့ ရှင်းရှန်းကို ကြည့်လိုက်တယ်

"ဖန့်ချန်လိုမျိုး ကောင်းမွန်တဲ့ ရွေးချယ်မှု ရှိနေတာကို ရှင်က ဘာလို့ ဒီလူကို ရွေးခဲ့ရတာလဲ"

​သူမက သစ်သားတုံးကြီးလို တောင့်တောင့်ကြီး ဖြစ်နေတဲ့ ကျီးလျန်ကို ညွှန်ပြပြီး မေးလိုက်တယ်။

​ရှင်းရှန်းရဲ့ မျက်နှာက အနည်းငယ် ပျက်သွားပြီး

"သူက ကျုပ် လက်ပေါ်မှာ ကြီးလာတာလေ ပြီးတော့ ဖန့်သခင်လေးက တာအိုဂိုဏ်းနဲ့ ပတ်သက်မှုရှိမှန်း သိပေမဲ့ သူ ယင်နတ်ဘုရားသားရဲရဲ့ အသိအမှတ်ပြုမှုကို ရထားတယ်ဆိုတာကိုတော့ ကျုပ် အသေအချာ မသိခဲ့ဘူး"

​မယ်တော်စီက ပြုံးပြီး တစ်ခုခုပြောဖို့ ပြင်လိုက်စဉ်မှာပဲ၊ သူမရဲ့ ချောမောလှပတဲ့ မျက်နှာက ရုတ်တရက် တည်သွားပြီး သူတို့နှစ်ယောက်ရှေ့ကနေ ချက်ချင်း ပျောက်ကွယ်သွားတော့တယ်။

​ဖန့်ချန်နဲ့ ရှင်းရှန်းတို့ အချင်းချင်း ကြည့်လိုက်ကြပြီး ထမ်းစင်လိုက်ကာကို ဖွင့်ကာ အပြင်ကို ကြည့်လိုက်ကြတယ်။

​မယ်တော်စီဟာ ဟင်းလင်းပြင်ထဲမှာ ရပ်နေပြီး သူမရဲ့ ရဲရဲတောက် မင်္ဂလာဆောင်ဝတ်စုံက လေထဲမှာ တလွင့်လွင့် ဖြစ်နေတယ်။

သူမရဲ့ ရှေ့မှာတော့ လှံရှည်ကို ကိုင်ထားပြီး နဂါးအကြေးခွံ သံချပ်ကာတွေကို ဝတ်ဆင်ထားတဲ့ တစ်လံကျော်လောက် မြင့်မားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရပ်နေတယ်။

​ဒီပုဂ္ဂိုလ်ရဲ့ အသားအရည်က စိမ်းဖျော့ဖျော့ရှိပြီး အသားထဲမှာ မြှုပ်နေတဲ့ အကြေးခွံတွေလိုမျိုး အနက်ရောင် အစင်းကြောင်းတွေ ပါနေတယ်။

​"ပန်ဆန်း ရှင် ဘာလို့ ကျွန်မရဲ့ လမ်းကို လာပိတ်တာလဲ ရှင်က... ကျွန်မကို လက်ထပ်ချင်လို့လား"

​မယ်တော်စီက မြူဆွယ်တဲ့ အပြုံးနဲ့ ပြောလိုက်တယ်။

​ပန်ဆန် က အေးစက်စွာ ပြောတယ်

"ဒီယင်စစ်သည်နဲ့ သူခေါ်လာတဲ့ အောက်ဆင်းသူကို ထားခဲ့ပြီး မင်း အေးအေးဆေးဆေး ထွက်သွားလို့ရတယ် မဟုတ်ရင် နောက်ထပ် နာရီဝက်နေရင် ထိုက်ယင်နဂါးမင်းကြီး ရောက်လာလိမ့်မယ် အဲဒီကျရင် မင်းရဲ့ ဝိညာဉ်ပါ လွင့်သွားလိမ့်မယ်"

​"ထိုက်ယင်နဂါးမင်းကြီး ပန်ဆန်းအရှင် ရှင်က ကျွန်မကို တကယ် စိတ်ပျက်အောင် လုပ်တာပဲ ရှင့်ရဲ့ အစွမ်းက သူ့ထက် မနိမ့်သလို ဝါရင့်မှုကလည်း သူ့ထက် သာပါလျက်နဲ့ ဘာလို့ သူ့ရဲ့ လက်ပါးစေ လုပ်နေရတာလဲ"

​မယ်တော်စီက ရယ်မောရင်း ပြောလိုက်တယ်။

​ဖန့်ချန်က ရှင်းရှန်းကို ကြည့်ပြီး မေးလိုက်တယ်

"ဒီ ပန်ဆန်းအရှင်ရဲ့ အစွမ်းက ဘယ်လိုလဲ ဟို ထိုက်ယင်နဂါးမင်းကြီးနဲ့ ဘာပတ်သက်တာလဲ "

​"ကျုပ် ယင်လောကအကြီးကနေ ထွက်သွားတာ နှစ်ပေါင်း ထောင်ချီနေပြီ အခု ပေါ်နေတဲ့ လူအတော်များများကို ကျုပ် မသိတော့ဘူး ဒါပေမဲ့ ပန်ဆန်းအရှင် အကြောင်းတော့ ကြားဖူးတယ် သူ့ရဲ့ ဝါရင့်မှုက မယ်တော်စီထက်တောင် ပိုရင့်နိုင်တယ်အနည်းဆုံး နှစ်ပေါင်း သောင်းနဲ့ချီပြီး သက်တမ်းရှိတဲ့ ယင်မိစ္ဆာကြီးပဲ"

​ရှင်းရှန်းရဲ့ မျက်နှာက တည်ကြည်နေတယ်။

​ယင်လောကထဲက သက်တမ်းဟာ လူ့လောကနဲ့ လုံးဝ ခြားနားတယ် သာမန် ဝိညာဉ်တွေတောင် ယင်သက်တမ်း လုံလောက်ရင် နှစ်ပေါင်း ရာနဲ့ချီ ထောင်နဲ့ချီ နေနိုင်ကြတယ် ဒီယင်မိစ္ဆာကြီးတွေ နှစ်ပေါင်း သောင်းနဲ့ချီ ရှင်သန်နေတာကလည်း ပုံမှန်ပါပဲ။

​ဒါပေမဲ့ ဒီလို ကိန်းဂဏန်းမျိုးကို ကြားလိုက်ရတဲ့အခါ ဖန့်ချန်ရဲ့ စိတ်ထဲမှာ ထိတ်လန့်သွားရတယ်။

​နှစ်ပေါင်း သောင်းနဲ့ချီ ဆိုတာ လူ့လောကမှာဆိုရင် ခေတ်တွေ အလီလီ ပြောင်းသွားနိုင်တဲ့ အချိန်ပဲ။

​မသေမျိုးဘုရင် တောင်မှ သက်တမ်း လေးထောင်ပဲ ရှိတာလေ။

​ဒီရှေ့က ပန်ဆန်းအရှင် ဆိုရင် အဘိုးရွှင် တို့လို ဂိုဏ်းချုပ်အဆင့်တွေ မမွေးခင်ကတည်းက ယင်လောကအကြီးထဲမှာ နာမည်ကြီးနေတဲ့ ပုဂ္ဂိုလ် ဖြစ်နေလိမ့်မယ်။

​"ထိုက်ယင်နဂါးမင်းကြီးက နဂါးစစ်စစ်ရဲ့ ဝိညာဉ်ပဲ ငါ သက်ရှိထင်ရှား ရှိတုန်းက သူ့ရဲ့ နဂါးကျွန် တွေထဲက တစ်ယောက်ပဲ သူ့အမိန့်ကို နာခံတာ ဘာမှားလို့လဲ"

​ပန်ဆန်းအရှင်က အေးစက်စွာ ပြောတယ်

"မင်းရဲ့ ကျင့်ကြံမှုတွေ မပျက်စီးစေချင်လို့ ငါ လမ်းဖွင့်ပေးတာ ကိုယ့်ကိုယ်ကိုယ် အမှားမလုပ်မိစေနဲ့"

​မယ်တော်စီက ပြုံးနေဆဲ ဖြစ်ပေမဲ့ ရှင်းရှန်းကတော့ အခြေအနေ မဟန်တော့မှန်း ရိပ်မိသွားပြီး ဖန့်ချန်ကို အသံလှိုင်းနဲ့ တည်ကြည်စွာ ပြောလိုက်တယ်

​"ဒီခရီးက ချောမွေ့မှာ မဟုတ်ဘူး မင်းရဲ့ ယင်လောကထဲက ကျင့်ကြံမှုက ဒီယင်မိစ္ဆာကြီးတွေပြီးရင် အမြင့်ဆုံးပဲ ငါ မင်းကို လိပ်စာတစ်ခု ပေးမယ် တကယ်လို့ မင်း ဒီကနေ အောင်အောင်မြင်မြင် ထွက်ပြေးနိုင်ရင် မင်းရဲ့ ကျင့်ကြံမှုနဲ့ အဲဒီနေရာကို ရောက်ဖို့ မခက်ခဲပါဘူး"

​"ဒီဝါးဆစ်အချို့ကို ပါးစပ်ထဲမှာ ငုံထားရင် မင်းရဲ့ အငွေ့အသက်တွေကို ဖျောက်ထားနိုင်ပြီး ယင်မိစ္ဆာတစ်ကောင်နဲ့ လုံးဝ တူသွားလိမ့်မယ် ဝါးဆစ်တစ်ချောင်းက ဆယ်ရက် ခံတယ် ချွေတာပြီး သုံးပါ"

​သူက ပြောပြောဆိုဆိုနဲ့ အရင်တုန်းက ဗေဒင်ဆရာဆီက ဝယ်ထားတဲ့ ဝါးဆစ်တွေကို ဖန့်ချန်လက်ထဲကို တိတ်တဆိတ် ထည့်ပေးလိုက်တယ် ဒါဟာ နောက်ဆုံး နှုတ်ဆက်တဲ့ စကားတွေနဲ့ တူနေတယ်။

​"ငါ မျှော်လင့်တာကတော့ ဒီလောကမှာ ငရဲမင်း အသစ်တစ်ပါး ထပ်ပေါ်လာပြီး ငါတို့ ယင်စစ်သည်တော် မျိုးနွယ်တွေရဲ့ အဖိုးတန်ရတနာတွေ ဖုန်မတက်သွားဖို့ပါပဲ"

​​အခန်း (၈၃၀) နောက်ချန်

​ရှင်းရှန်းက မှာကြားလို့အပြီးမှာပဲ မင်္ဂလာဆောင်စီတန်းလှည့်လည်တဲ့အဖွဲ့ဟာ ရုတ်တရက် တေးဂီတတွေ စတင်တီးမှုတ်လိုက်ကြရာ ပျော်ရွှင်မြူးထူးဖွယ် ဂီတသံစဉ်တွေဟာ ကောင်းကင်နဲ့ မြေကြီးကြားမှာ ပျံ့လွင့်သွားတော့တယ်။

​မယ်တော်စီ ဝတ်ဆင်ထားတဲ့ ရဲရဲတောက် မင်္ဂလာဆောင်ဝတ်စုံဟာ သက်ရှိတစ်ခုလို လှုပ်ရှားလာပြီး အရပ်မျက်နှာအနှံ့ကို ဖြန့်ကျက်သွားကာ ခဏချင်းမှာပဲ ကောင်းကင်နဲ့ မြေကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး သူမနဲ့ ပန်ဆန်းအရှင်တို့ကို ပိုးအိမ်ကြီးတစ်ခုလိုမျိုး အတွင်းထဲမှာ ပိတ်လှောင်လိုက်တယ်။

​"အနာဂတ် ငရဲမင်းလေး... ကျွန်မ ရှင့်တို့ကို လမ်းတစ်ဝက်လောက် ပို့ပေးလိုက်မယ်"

​သူမရဲ့ အသံဟာ ဖန့်ချန်နဲ့ ရှင်းရှန်းတို့ရဲ့ နားထဲမှာ ပဲ့တင်ထပ်သွားတယ်။

​အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ မျက်စိရှေ့က မြင်ကွင်းတွေ တရိပ်ရိပ် ပြောင်းလဲသွားတာကို ခံစားလိုက်ရပြီး ခုနကနေရာကနေ လွတ်မြောက်လာခဲ့ကြပြီ ဖြစ်တယ်။

​မယ်တော်စီကိုလည်း မမြင်ရတော့သလို၊ ပန်ဆန်းအရှင်ကိုလည်း မတွေ့ရတော့ဘူး။

​မင်္ဂလာဆောင်အဖွဲ့ဟာ ထူးဆန်းတဲ့ အရှိန်အဟုန်နဲ့ ဆက်လက်ရွေ့လျားနေပြီး နေရာကူးပြောင်းသလိုမျိုး ပတ်ဝန်းကျင်မြင်ကွင်းတွေက အဆက်မပြတ် ပြောင်းလဲနေတုန်းပဲ။

​ရှင်းရှန်းက ခဏလောက် ကြောင်အသွားပြီးမှ အံ့အားသင့်စွာနဲ့ ဖန့်ချန်ကို ကြည့်လိုက်တယ်

"ဖန့်သခင်လေး... ဒီမယ်တော်စီက ငရဲမင်းအပေါ် ဒီလောက်အထိ သစ္စာရှိတဲ့သူ ဖြစ်လိမ့်မယ်လို့ ကျုပ် မထင်ထားဘူး"

​"သူမက ငါတို့အတွက် နောက်ချန် နေခဲ့တာလား"

​ဖန့်ချန်ရဲ့ မျက်နှာက ထူးဆန်းသွားတယ်။

​မယ်တော်စီဟာ ခုနတုန်းက သူမနောက်လိုက်လာတဲ့ ယင်မိစ္ဆာအုပ်စုကို ဘာမှမပြောဘဲ ဝိညာဉ်ပါလွင့်အောင် သတ်ပစ်ခဲ့တာကို ကြည့်ရင် သူမဟာ တခြားသူအတွက် အနစ်နာခံပြီး နောက်ချန်ပေးမယ့် လူစားမျိုး မဟုတ်ပုံရဘူး။

​"ကျုပ် စဉ်းစားလို့ မရဘူး ငရဲမင်းကွယ်လွန်တာ နှစ်ပေါင်းများစွာ ကြာပြီ အဲဒီတုန်းက သစ္စာရှိတဲ့သူတွေ ရှိခဲ့ရင်တောင် သေတဲ့သူသေ လူစုကွဲတဲ့သူကွဲကုန်ကြပြီ နောက်ဆုံးကျန်တဲ့ ယင်စစ်သည်တွေလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ကျော်က ယင်လောကအသေးစားမှာ အကုန်နီးပါး သေကုန်ကြပြီ"

​"ကျုပ်လိုပဲ ကံကောင်းလို့ လူ့လောကထဲ ရောက်သွားတဲ့သူ ရှိရင်တောင် အခုထိ သင့်တော်တဲ့သူကို လိုက်ရှာရင်း ဟိုဟိုဒီဒီ လွင့်မျောနေဦးမှာပဲ.."

​"မယ်တော်စီမှာ ဘာရာထူးအာဏာမှ မရှိဘူးလွတ်လွတ်လပ်လပ် နေထိုင်တဲ့ ယင်မိစ္ဆာ တစ်ယောက်ပဲ ဖြစ်တာကို ဘာလို့ ဒီလို ဆုံးဖြတ်ချက်မျိုး လုပ်ရတာလဲ"

​ရှင်းရှန်းက မျက်မှောင်ကြုတ်လိုက်တယ်

"မမှန်ဘူး၊ ဒီထဲမှာ တစ်ခုခု မမှန်ဘူး"

​သူ ခုနက မှာကြားခဲ့တာတွေက မယ်တော်စီဟာ အသက်ဘေးက လွတ်ဖို့ သူတို့ကို စွန့်ပစ်လိမ့်မယ်လို့ ထင်ခဲ့လို့ပဲ။

ဒါပေမဲ့ သူမရဲ့ ရွေးချယ်မှုက သူခန့်မှန်းတာနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတယ်။

​"အမှန်တရားကတော့ မျက်စိရှေ့မှာပဲလေ သူမ ငါတို့ကို သစ္စာမဖောက်ခဲ့ဘူး"

​ဖန့်ချန်က တိုးတိုးလေး ပြောလိုက်တယ်။

​ရှင်းရှန်းက ခေတ္တစဉ်းစားပြီး ထမ်းစင်ထမ်းတဲ့သူတွေကို စမ်းသပ်မေးမြန်းလိုက်တယ်

"ဘယ်ကို သွားနေတာလဲ"

​"အရှင် သွားချင်တဲ့နေရာကို သွားလို့ရပါတယ် "

ထမ်းစင်ထမ်းသူတစ်ယောက်က နောက်ကို လှည့်မကြည့်ဘဲ ပြန်ဖြေတယ်။

​"'နတ်ဘုရားမြှုပ်နှံရာချောက် ကို သွားမယ်"

​ရှင်းရှန်းက ခဏလောက် စဉ်းစားပြီး အမိန့်ပေးလိုက်တယ်။

​မင်္ဂလာဆောင်အဖွဲ့ဟာ လမ်းကြောင်းပြောင်းပြီး ဆက်သွားကြတယ်။

လမ်းခရီးမှာလည်း ယင်မိစ္ဆာအချို့နဲ့ ရံဖန်ရံခါ တွေ့ပေမဲ့ အဲဒီယင်မိစ္ဆာတွေရဲ့ အစွမ်းက ရှင်းရှန်းနဲ့ မရှေးမနှောင်း အချို့က ဖန့်ချန်နဲ့ အဆင့်တူလောက်ပဲ ရှိကြတယ်။

​သူတို့တွေဟာ မင်္ဂလာဆောင်စီတန်းအဖွဲ့ကို မြင်တာနဲ့ မြွေနဲ့ကင်းမြီးကောက်ကို တွေ့သလိုမျိုး အဝေးကနေ ရှောင်ပြေးကြပြီး လာတားဖို့တောင် မတွေးရဲကြဘူး။

​ဒါကို ကြည့်ရင် မယ်တော်စီဟာ ဒီယင်လောကအကြီးထဲမှာ တော်တော်လေး နာမည်ကြီးပုံရတယ်။

​ဘယ်လောက်ကြာသွားလဲ မသိဘူး မင်္ဂလာဆောင်အဖွဲ့ရဲ့ အရှိန်က တဖြည်းဖြည်း နှေးကွေးလာတယ်။

ဖန့်ချန်နဲ့ ရှင်းရှန်းတို့က တစ်ခုခုထူးခြားနေမှန်း သိလိုက်တာနဲ့ ထမ်းစင်လိုက်ကာကို ဖွင့်ကြည့်လိုက်ရာ၊ ရှေ့ဆုံးက ထမ်းစင်ထမ်းသူအချို့ဟာ တဖြည်းဖြည်း ဆွေးမြည့်လာတာကို တွေ့လိုက်ရတယ်။

​ပထမတစ်ယောက် ပြီးတော့ ဒုတိယတစ်ယောက်နောက်တော့ တတိယတစ်ယောက် အဲဒီ ဆွေးမြည့်သွားတဲ့ ထမ်းစင်ထမ်းသူတွေဟာ ခြောက်သွေ့နေတဲ့ အလောင်းကောင်တွေ အဖြစ် ပြောင်းလဲသွားကြတယ်။

သူတို့ ဆွေးမြည့်သွားတဲ့အတွက်ကြောင့်ပဲ အဖွဲ့ရဲ့ အရှိန်က နှေးသွားတာ ဖြစ်တယ်။

​ဒီအခြေအနေဟာ ဆက်လက် ကူးစက်သွားပြီး နောက်ဆုံးမှာတော့ ထမ်းစင်ထမ်းသူ ၃၂ ယောက်လုံးဟာ အလောင်းခြောက်တွေ ဖြစ်သွားကြတော့တယ်။

​ထမ်းစင်ကြီးကလည်း နေရာမှာတင် ရပ်တန့်သွားပြီး လုံးဝ မလှုပ်ရှားတော့ဘူး။

​"မယ်တော်စီ တစ်ခုခုဖြစ်ပြီ"

​ရှင်းရှန်းရဲ့ မျက်နှာက တည်ကြည်သွားပြီး ဖန့်ချန်နဲ့အတူ ထမ်းစင်ပေါ်က ဆင်းကာ နောက်ဘက်ကို လှည့်ကြည့်လိုက်တယ်။

ထမ်းစင်ထမ်းသူတွေတင်မကဘဲ ပစ္စည်းထမ်းလာတဲ့ ယင်မိစ္ဆာတွေလည်း အလောင်းခြောက်တွေ ဖြစ်ကုန်ကြပြီ။

​ရှင်းရှန်းက ခဏလောက် တွန့်ဆုတ်နေပြီးမှ ပစ္စည်းတောင်းပေါ်က အနီရောင်ပိတ်စကို ဖွင့်ကြည့်လိုက်ရာ အတွင်းထဲမှာ သာမန် မင်္ဂလာဆောင်လက်ဖွဲ့ ပစ္စည်းတွေကိုပဲ တွေ့ရတယ်။

​ဆန်၊ ဂျုံမှုန့်၊ အလယ်မှာ အနီစက်ပါတဲ့ ပေါက်စီတွေ၊ အလှပြင်ပစ္စည်းတွေ၊ သစ်သားဗီရိုတွေ...။

​ခြွင်းချက်မရှိဘဲ အဲဒီပစ္စည်းတွေ အားလုံးဟာ ဟောင်းနွမ်းဆွေးမြည့်နေပြီး အသာလေး ထိလိုက်တာနဲ့ ပြာမှုန့်ဖြစ်သွားမယ့်အတိုင်းပဲ။

​"ငါတို့သွားမယ့်နေရာကို ရောက်ဖို့ ဘယ်လောက် လိုသေးလဲ"

​ဖန့်ချန်က တိုးတိုးလေး မေးလိုက်တယ်။

​ရှင်းရှန်းက ပတ်ဝန်းကျင်ကို ကြည့်ပြီး

"တစ်လလောက်တော့ ခရီးဆက်ရဦးမယ် ထင်တယ် လမ်းမှာ မြို့အချို့ကို ဖြတ်ရမယ် တကယ်လို့ ပတ်သွားမယ်ဆိုရင်တော့ အချိန်က အဆပေါင်းများစွာ ပိုကြာသွားလိမ့်မယ်"

​သူက ဖန့်ချန်ဆီကနေ ဝါးဆစ်တစ်ချောင်းကို ယူပြီး ကျီးလျန်ရဲ့ ပါးစပ်ထဲ ထည့်ပေးလိုက်တယ်။

ချက်ချင်းဆိုသလိုပဲ ကျီးလျန်ရဲ့ အငွေ့အသက်တွေ ပြောင်းလဲသွားပြီး အောက်ဆင်းသူတွေမှာ ရှိတတ်တဲ့ ယန်ဓာတ်အငွေ့အသက်တွေ ပျောက်ကွယ်သွားကာ မျက်နှာက ညိုမှောင်သွားပြီး ယင်လောကအကြီးက ယင်မိစ္ဆာတွေနဲ့ လုံးဝ တူသွားတော့တယ်။

​"မင်းလည်း တစ်ချောင်း ငုံထားလိုက် မင်းက အောက်ဆင်းသူ ဖြစ်နေသေးတာပဲ ယင်လောကအသေးစားက နေ့ခင်းကင်းလှည့်အရှင် ဖြစ်နေရင်တောင် ယင်မိစ္ဆာတွေရဲ့ အငွေ့အသက်နဲ့တော့ လုံးဝ တူမှာ မဟုတ်ဘူး"

​ရှင်းရှန်းက ဖန့်ချန်ကို ကြည့်ပြီး ပြောတယ်။

​ဖန့်ချန်က ခေါင်းညိတ်ပြီး ဝါးဆစ်တစ်ချောင်းကို ငုံလိုက်ရာ၊ သူ့ရဲ့ အငွေ့အသက်တွေကလည်း ကျီးလျန်လိုပဲ ထူးဆန်းစွာ ပြောင်းလဲသွားပြီး ယင်မိစ္ဆာတစ်ကောင်နဲ့ ပိုတူသွားတယ်။

​"ဒါဆိုရင် မယ်တော်စီလို ယင်မိစ္ဆာကြီးတွေနဲ့ တွေ့ရင်တောင် မင်းရဲ့ နေ့ခင်းကင်းလှည့်အရှင် အထောက်အထားကို ရိပ်မိဖို့ မလွယ်တော့ဘူး ဒါမှ ငါတို့ခရီးက ပိုပြီး ချောမွေ့မှာ"

​ရှင်းရှန်းက ဖန့်ချန်ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြတယ် အဲဒီနောက် သူတို့နှစ်ယောက်ဟာ ကျီးလျန်ကို ခေါ်ပြီး အဲဒီနေရာကနေ အမြန် ထွက်ခွာခဲ့ကြတော့တယ်။

​နောက်ထပ် ရက်အနည်းငယ် ကြာတဲ့အခါမှာတော့၊ ပန်ဆန်းအရှင်ဟာ ဆွေးမြည့်နေတဲ့ မင်္ဂလာဆောင်အဖွဲ့ရှေ့မှာ ပေါ်လာတယ်။

သူက သူ့ရဲ့ လှံရှည်ကြီးကို အေးစက်စက် ကြည့်လိုက်ရာ၊ အဲဒီလှံဖျားမှာ မယ်တော်စီရဲ့ ရင်ဘတ်ကို ထိုးဖောက်ပြီး ချိတ်ဆွဲထားတာကို တွေ့ရတယ်။

​"သူတို့ သွားမယ့်နေရာကို မင်း သိလား"

​"ကျွန်မက ဘယ်လိုလုပ် သိမှာလဲ အဲဒီယင်စစ်သည်က ကျွန်မကို မယုံဘူးလေ ငရဲမင်း မြှုပ်နှံထားတဲ့နေရာကို ကျွန်မကို မပြောပြခဲ့ဘူး"

​မယ်တော်စီက ပြုံးလိုက်တယ် သူမရဲ့ အပြုံးက အရင်အတိုင်း တောက်ပနေတုန်းပဲ ဖြစ်ပေမဲ့ အနည်းငယ်တော့ ဖြူဖျော့နေတယ်။

​"မယ်တော်စီ... မင်း ဘာလို့ သူတို့ကို ကူညီရတာလဲ"

​အနက်ရောင် တိမ်တိုက်ကြီးတွေ လိမ့်တက်လာပြီး ဟိန်းထွက်နေတဲ့ အသံကြီး ထွက်ပေါ်လာတယ်။

​ပန်ဆန်းအရှင်ရဲ့ မျက်နှာမှာ ရိုသေခန့်ညားတဲ့ အရိပ်အယောင်တွေ ပေါ်လာပြီး တိမ်တိုက်တွေဆီကို ဦးညွှတ်လိုက်တယ်။

​မယ်တော်စီရဲ့ မျက်လုံးထဲမှာတော့ လှောင်ပြောင်တဲ့ အရိပ်အယောင်တွေနဲ့

"ထိုက်ယင်နဂါးမင်းကြီး... ရှင်ကရော ဘာလို့ သူတို့ကို လိုက်ရှာနေတာလဲ"

​"ကျွန်မနဲ့ ရှင့်တို့ကြားမှာ ဘာပတ်သက်မှုမှ မရှိဘူးဘာလို့ ကျွန်မကို တိုက်ခိုက်ရတာလဲ"

​"ယင်လောကအကြီးထဲမှာ ကျွန်မမှာလည်း သူငယ်ချင်း အချို့ ရှိတယ် တကယ်လို့ သူတို့ သိသွားရင်တော့..."

​"ဟဲဟဲ... ငါ့ကို ခြိမ်းခြောက်နေတာလား"

​အရိုးစု နဂါးဦးခေါင်းကြီးက ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး မယ်တော်စီကို အထက်စီးကနေ ကြည့်လိုက်တယ်။

​တစ်လံကျော် မြင့်တဲ့ ပန်ဆန်းအရှင်ဖြစ်စေ၊ မယ်တော်စီဖြစ်စေ ဒီနဂါးဦးခေါင်းကြီးရှေ့မှာတော့ အင်မတန် သေးငယ်နေတော့တယ်။

​"မင်းရဲ့ အဲဒီသူငယ်ချင်းတွေသာ... မင်းက ငရဲမင်းအမွေအနှစ်ကို တစ်ယောက်တည်း ဝါးမြိုချင်နေတယ်ဆိုတာ သိသွားရင် သူတို့ မင်းကို နှိပ်စက်မယ့် နည်းလမ်းတွေက ငါ့ထက်တောင် ပိုပြီး ရက်စက်လိမ့်မယ်လို့ မင်း မထင်ဘူးလား"

​"ဘာကို တစ်ယောက်တည်း ဝါးမြိုတာလဲ ကျွန်မတို့က ယင်မိစ္ဆာတွေပဲ ဘယ်လိုမှ ငရဲမင်း ဖြစ်လာမှာ မဟုတ်ဘူး"

မယ်တော်စီက အေးစက်စက် ရယ်မောလိုက်တယ်။

​"မစမ်းသပ်ကြည့်ဘဲ ဘယ်သိမလဲ အရင်တုန်းကတော့ အဲဒီယင်စစ်သည်တွေက အင်အားတောင့်တင်းလွန်းလို့ ငါတို့ ဘာမှ မလုပ်ရဲခဲ့ဘူး"

​ထိုက်ယင်နဂါးမင်းကြီးက အေးအေးဆေးဆေး ပြောတယ်

"အခုကတော့ မင်းနဲ့ ငါ့အတွက် အခွင့်ကောင်းပဲတကယ်လို့ ငါသာ ငရဲမင်း ဖြစ်လာရင် မင်းကိုလည်း ရာထူးလေးတစ်ခု ပေးပြီး လူ့လောကကို လှည့်လည်ခွင့် ပေးမှာပေါ့"

​"ငါ ကြားတာတော့ မင်းရဲ့ စိတ်ထဲမှာ အဲဒီသတို့သားကို အမြဲ တသသ ဖြစ်နေတယ် ဆိုတာပဲ မင်း လူ့လောကကို ပြန်သွားပြီး သူနဲ့ ဆုံချင်တယ် မဟုတ်ဘူးလား "

​"ရှင် ဘာသိလို့လဲ"

​မယ်တော်စီရဲ့ အကြည့်တွေက ရုတ်တရက် ရူးသွပ်သွားသလို ဖြစ်သွားတယ်

​"ရှင် ဘာမှ မသိဘူး ရှင်က နဂါးစစ်စစ်ရဲ့ ဝိညာဉ်အကြွင်းအကျန် တစ်ခုပဲ ရှိတာ ငရဲမင်း ဖြစ်ချင်သေးတယ် ဟုတ်လား အိပ်မက်ယောင်နေတာပဲ ရှင် မသေခင်တုန်းက အဲဒီနတ်ဘုရားတွေရဲ့ မျက်လုံးထဲမှာ ရှင်က မြွေငယ်လေး တစ်ကောင်ထက် မပိုဘူး နတ်ဘုရားတွေရဲ့ စီးတော်ယာဉ်ပဲ ရှိတာ အခုတော့ သူတောင်းစားက ဧကရာဇ် ဖြစ်ချင်နေတယ်ပေါ့"

​ထိုက်ယင်နဂါးမင်းကြီးဟာ ဒေါသတကြီးနဲ့ ဟိန်းဟောက်လိုက်ရာ မြေကမ္ဘာတစ်ခုလုံး တုန်ခါသွားပြီး မယ်တော်စီရဲ့ စက္ကူခန္ဓာကိုယ်ကို ချက်ချင်း ဆုတ်ဖြဲပစ်တော့မလိုပဲ။

​နောက်ဆုံးတော့ သူက အောင့်အီးသည်းခံပြီး ပန်ဆန်းအရှင်ကို ကြည့်လိုက်တယ်

​"သူ့ရဲ့ မင်္ဂလာဆောင်ဝတ်စုံကို ချွတ်လိုက် ပြီးရင် သူမကို ကျန်းကွမ်မြို့ မှာ ချိတ်ဆွဲထားလိုက် ကျန်းကွမ်မြို့က ယင်မိစ္ဆာတွေ အကုန်လုံးကို မြင်စေရမယ် သူတို့ကို နှစ်ပေါင်းများစွာ ကျွန်ပြုလာတဲ့ မယ်တော်စီ အဝတ်အစား မပါတဲ့အခါမှာ ဘယ်လိုပုံစံ ဖြစ်နေမလဲ ဆိုတာကိုပေါ့"

​"ရှင် ရဲရင် စမ်းကြည့်လေ "

​မယ်တော်စီရဲ့ မျက်လုံးထဲမှာ ထိတ်လန့်သွားတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားပြီး ဒေါသတကြီး ဟစ်အော်လိုက်တော့တယ်။

​"ငါက ဘာကို မရဲရမှာလဲ မင်း ငါ့ရဲ့ အစီအစဉ်ကို ဖျက်ဆီးခဲ့တာပဲ ဒီလို အဆုံးသတ်မျိုး ကြုံရမယ်ဆိုတာ မင်း သိထားသင့်တယ်"

​ထိုက်ယင်နဂါးမင်းကြီးက ရက်စက်စွာ ပြုံးလိုက်တယ်။

​ပန်ဆန်းအရှင်က မျက်မှောင် အနည်းငယ် ကြုတ်သွားပေမဲ့ ဘာမှ ပြန်မပြောဘဲ၊ အဆက်မပြတ် ဆဲဆိုနေတဲ့ မယ်တော်စီကို ခေါ်ပြီး ဟင်းလင်းပြင်ကို ဖြတ်ကာ ထွက်ခွာသွားတော့တယ်။

All Chapters