← Chapters

အခန်း (၈၃၁-၈၃၂)

Vol. 84 Ch. 831-832

အခန်း (၈၃၁-၈၃၂)

Vol. 84 Ch. 831-832

​အခန်း (၈၃၁) လူသူထူထပ်ရာမှာ ပုန်းအောင်းခြင်း

​ရက်အနည်းငယ် ကြာပြီးနောက်မှာတော့ ဖန့်ချန်တို့ဟာ အုပ်ချုပ်မယ့်သူ မရှိသလို ထင်ရတဲ့ မြို့တစ်မြို့ကို ရောက်လာကြတယ်။

​မြို့တံခါးက ဖြုတ်ယူခံထားရသလိုပဲ အရင်က ဆိုင်းဘုတ်ချိတ်ခဲ့တဲ့ နေရာမှာလည်း ဘာမှမရှိဘဲ ဟောင်းလောင်းဖြစ်နေလို့ ဒီမြို့ရဲ့ နာမည်ကို သိဖို့ မဖြစ်နိုင်ဘူး။

​"ဟားဟားဟား"

​မြို့တံခါးခြေရင်းမှာ ယင်မိစ္ဆာတစ်အုပ် ရပ်နေကြပြီး ဘာတွေပြောနေကြလဲ မသိဘူး ရုတ်တရက် အကျယ်ကြီး ရယ်မောလိုက်ကြတယ်။

​အဲဒီထဲက တစ်ယောက်က ထူးဆန်းတဲ့ လေသံနဲ့ ရယ်ပြီး

"မယ်တော်စီဆိုတဲ့ အဘွားကြီးက မကောင်းမှုတွေ အကုန်လုပ်ခဲ့တာ ဘယ်သူမှ သူမကို မနှိမ်နင်းနိုင်ဘူး ထင်နေတာ အခုတော့ ထိုက်ယင်နဂါးမင်းကြီးကို သွားစော်ကားမိလို့ အဝတ်အစားတွေ အကုန်ချွတ်ခံရပြီး ကျန်းကွမ်မြို့မှာ ချိတ်ဆွဲခံထားရပြီ ဟားဟား"

​"သူမက ကျန်းကွမ်မြို့က ဆင်းသက်လာတာ မဟုတ်လား အဲဒီက ယင်မိစ္ဆာတွေဟာ နှစ်ပေါင်းများစွာ သူမရဲ့ ကျွန်ပြုတာကို ခံခဲ့ရတာ မကြာခဏဆိုသလို ဝိညာဉ်ပါလွင့်အောင် အရိုက်ခံရတာ အခုတော့ ဝဋ်လည်ပြီပေါ့ဗျာ"

​"မင်းတို့ ကြားပြီးပြီလား အရင်တုန်းက ယင်လောကအသေးစားကို ကျူးကျော်ဝင်ရောက်သွားတဲ့ ယင်စစ်သည်တွေထဲက တစ်ယောက်က အခု ငါတို့ ယင်လောကအကြီးကို ပြန်ရောက်လာပြီတဲ့ မင်းတို့ ခန့်မှန်းကြည့်စမ်း သူ ဘာလို့ ပြန်လာတာလဲ"

​"ဒါကို ခန့်မှန်းနေစရာ လိုသေးလို့လား ငရဲမင်းအမွေအနှစ်ကို ဆက်ခံမယ့် နတ်မျိုးစေ့ကို ရှာတွေ့လို့ ဖြစ်မှာပေါ့ မဟုတ်ရင် လူ့လောကလို သာယာတဲ့နေရာမှာ မနေဘဲ ယင်စစ်သည်က ဘာကိစ္စ ပြန်လာမှာလဲ သူတို့က ငါတို့နဲ့ မတူဘူးလေ ငါတို့က ပြန်လို့မရလို့ ရွေးချယ်စရာ မရှိတာ"

​"ဒါဆို မထူးဆန်းတော့ဘူး ထိုက်ယင်နဂါးမင်းကြီးနဲ့ အဆင့်တူတဲ့ ယင်မိစ္ဆာကြီးတွေ အတော်များများ အခု လူလိုက်ရှာနေကြပြီ အဲဒီယင်စစ်သည်နဲ့ သူခေါ်လာတဲ့ အောက်ဆင်းသူကို ရှာနေတာ နေမှာပေါ့"

​အဲဒီယင်မိစ္ဆာအုပ်စုဟာ စကားပြောရင်းနဲ့ မြို့ထဲကို ဝင်လာတဲ့ ဖန့်ချန်တို့ သုံးယောက်ကို လှည့်ကြည့်လိုက်ကြတယ်။

သူတို့ရဲ့ အကြည့်တွေထဲမှာ စစ်ဆေးလိုတဲ့ အရိပ်အယောင်နဲ့ အကြောင်းပြချက်မရှိတဲ့ မနာလိုမုန်းတီးမှုတွေ ပါနေတယ်။

​မထင်မှတ်ဘဲ ရှင်းရှန်းက သူတို့ကို ပြန်ကြည့်ပြီး ပါးစပ်ထောင့်ကနေ အနည်းငယ် ပြုံးလိုက်တယ်။

အဲဒီလို ယုတ်မာတဲ့ အေးစက်စက် အပြုံးကြောင့် ယင်မိစ္ဆာအုပ်စုဟာ တော်တော်လေး ဒေါသထွက်သွားကြတယ်။

​"မင်းက ဘာကို ရယ်တာလဲ"

​ယင်မိစ္ဆာတစ်ယောက်က ရှင်းရှန်းဆီ လျှောက်လာပြီး

"ငါ့ကို ဒီလို လာပြုံးပြရအောင် သေချင်နေတာလားမင်းကို ငါ ဝါးမြိုပစ်လိုက်ရမလား အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်"

​ရှင်းရှန်းက လက်ကို လှမ်းဆွဲလိုက်ရာ အဲဒီယင်မိစ္ဆာဟာ နေရာမှာတင် တောင့်ခဲသွားတယ်။

နောက်တစ်ခဏမှာတော့ သူ့ရဲ့ ယင်မိစ္ဆာခန္ဓာကိုယ်ဟာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး အသံကုန် အော်ဟစ်ကာ ယင်မြူခိုးတွေအဖြစ် ပျောက်ကွယ်သွားတော့တယ်။

​ခုနကတင် ပြုံးစိစိ လုပ်နေတဲ့ ယင်မိစ္ဆာအုပ်စုဟာ ချက်ချင်း ခေါင်းလှည့်ပြီး မြို့ထဲကို ဝင်ပြေးသွားကြပြီး ဘာမှမမြင်သလို ဟန်ဆောင်နေကြတော့တယ်။

​"မင်းက သံသယဖြစ်ခံရမှာ မကြောက်ဘူးလား ကြည့်ရတာ လူအများကြီးက ငါတို့ရှိနေတာကို သိနေကြပြီ ထင်တယ်"

ဖန့်ချန်က ခပ်အေးအေး ပြုံးပြီး မေးလိုက်တယ်။

​ရှင်းရှန်းက ရယ်လိုက်တယ်

"ဖန့်သခင်လေး... ဒီလိုနေရာမျိုးမှာ အရမ်းနှိမ့်ချနေရင် ပိုပြီး သံသယဖြစ်ခံရလွယ်တယ်"

​ဖန့်ချန်က ပြန်စဉ်းစားကြည့်တဲ့အခါ ရှင်းရှန်း ပြောတာ မှန်တယ်လို့ ခံစားရတယ်။

ယင်လောကအကြီးက ဆင်းသက်လာတဲ့ ယင်စစ်သည်ပီပီ ဒီက စည်းမျဉ်းတွေကို သူထက် ပိုနားလည်တာကိုး။

​"ခုနက သူတို့ပြောတာအရဆိုရင် မယ်တော်စီရဲ့ အခြေအနေက သိပ်မကောင်းဘူး"

ဖန့်ချန်က ဆိုတယ်။

​ရှင်းရှန်းက ခေါင်းညိတ်ပြတယ်

"ဖြစ်နိုင်တာကတော့ ထိုက်ယင်နဂါးမင်းကြီးက မင်းနဲ့ ငါ့ကို ပေါ်လာအောင် ဖိအားပေးနေတာပဲ ငါတို့ ပေါ်မလာသရွေ့တော့ မယ်တော်စီကို ဝိညာဉ်လွင့်အောင် သတ်မှာ မဟုတ်ဘူး ယင်မိစ္ဆာတစ်ယောက်အတွက်တော့ အရှက်ခွဲခံရတာက ဘာမှ မဟုတ်ပါဘူး"

​"ဒါကတော့ ပြောရခက်တယ် ယင်မိစ္ဆာပဲ ဖြစ်ဖြစ် သူမက အမျိုးသမီးတစ်ယောက်ပဲလေ"

ဖန့်ချန်က တွေးတောရင်း

"တကယ်လို့ ငါသာ ငရဲမင်းအမွေအနှစ်ကို ရခဲ့ရင် ထိုက်ယင်နဂါးမင်းကြီး လက်ထဲကနေ မယ်တော်စီကို ကယ်ဖို့ အခွင့်အရေး ရှိမလား"

​ရှင်းရှန်းရဲ့ မျက်နှာက ထူးဆန်းသွားတယ်

"ဖန့်သခင်လေး... ကျုပ် အကြံပေးချင်တာကတော့ ဒီစိတ်ကူးကို လက်လျှော့လိုက်ပါ တကယ်လို့ အမွေအနှစ်ကို ရခဲ့ရင် ပထမဆုံး လုပ်ရမှာက ယင်လောကအကြီးကနေ ချက်ချင်း ထွက်သွားဖို့ပဲ ယင်လောကအသေးစားမှာတောင် မနေသင့်ဘူးလူ့လောကကို ပြန်သွားပြီး ကျင့်ကြံမှု လုံလောက်မှ ပြန်လာရမယ်"

​"မဟုတ်ရင် မင်းက နတ်ဘုရားဝိညာဉ်တွေထက်တောင် ပိုပြီး ယင်မိစ္ဆာတွေ ဝိညာဉ်တွေကို ဆွဲဆောင်နိုင်လိမ့်မယ် ယင်လောကအသေးစားမှာ မင်းနဲ့ အတူအလုပ်လုပ်နေတဲ့ ယင်အရှင်တွေကိုတောင် မယုံနဲ့ ငရဲမင်းရဲ့ အသားနဲ့ အသွေးက သူတို့အတွက်တော့ အင်မတန် အားရှိစေတဲ့ အာဟာရပဲ"

​"မယ်တော်စီက ငါတို့ကြောင့် ဒုက္ခရောက်နေတာပဲ မင်းက အရင်က ယင်စစ်သည် တစ်ယောက်ပဲ ဒီယင်လောကအကြီးထဲမှာ ထိုက်ယင်နဂါးမင်းကြီးထက် ပိုအစွမ်းထက်တဲ့ ယင်မိစ္ဆာ သူငယ်ချင်းတွေ မရှိဘူးလား"

ဖန့်ချန်က ပြုံးပြီး မေးလိုက်တယ်။

​"ရှိတော့ ရှိတယ် ဒါပေမဲ့ ကျုပ် သူတို့ကို မရှာရဲဘူး သူတို့ကရော ထိုက်ယင်နဂါးမင်းကြီးလို မလုပ်ဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ မယ်တော်စီလို ယင်မိစ္ဆာမျိုးက အရမ်းနည်းပါတယ် ယင်မိစ္ဆာ အများစုကတော့ သူတို့ကိုယ်တိုင် ငရဲမင်း ဖြစ်ချင်ကြတာပဲ"

​"တကယ်လို့ မဖြစ်နိုင်ရင်တောင် ငရဲမင်းအသစ် တက်လာတာကို သူတို့ မလိုလားကြဘူး ဒါက သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်စေလို့ပဲ"

​ရှင်းရှန်းက စကားဆုံးတော့ မျက်လုံးတွေ တည်သွားပြီး

"ဒါပေမဲ့ နည်းလမ်းတစ်ခုတော့ ရှိတယ်"

​"ဘာနည်းလမ်းလဲ"

​"အဲဒီအချိန်ကျရင် မင်းက ကျုပ်ကို အမိန့်ပြန်တမ်း တစ်ခု ပေးခဲ့ မင်း အရင်ထွက်သွား ကျုပ်က အဲဒီအမိန့်ပြန်တမ်းနဲ့ မယ်တော်စီကို သွားကယ်မယ်ဒါပေမဲ့... အဲဒီအမိန့်ပြန်တမ်းက ယင်မိစ္ဆာကြီးတွေကို အမိန့်ပေးနိုင်လောက်တဲ့အထိ အစွမ်းထက်ရမယ် မင်းရဲ့ အခု ကျင့်ကြံမှုနဲ့တော့ လုပ်ဖို့ ခက်လိမ့်မယ်"

​"အဲဒီအချိန်ကျရင် စမ်းကြည့်တာပေါ့"

ဖန့်ချန်က ခေါင်းညိတ်လိုက်တယ်။

​တစ်လ ကြာပြီးနောက်...

​ယင်မိစ္ဆာမြို့ကြီး အတော်များများကို ဖြတ်ကျော်ပြီး၊ မိုင်ပေါင်းများစွာ ရှည်လျားတဲ့ တောင်တန်းကြီးတွေကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့...

​သူတို့ သုံးယောက်ဟာ ခန့်ညားထည်ဝါတဲ့ မြို့ကြီးတစ်မြို့ရဲ့ ရှေ့ကို ရောက်လာကြတယ်။

ဒီမြို့ရဲ့ နာမည်က ရှောင်ဟွာ တဲ့။

​"နတ်ဘုရားမြှုပ်နှံရာချောက် မဟုတ်ဘူးလား"

ဖန့်ချန်က ထူးဆန်းစွာ မေးလိုက်တယ်။

​ရှင်းရှန်းက

"ထမ်းစင်ထမ်းတဲ့သူတွေက စိတ်ချရလား ကျုပ် မသိလို့ပါ"

​"ဒီ ရှောင်ဟွာမြို့က ကြည့်ရတာ တော်တော်လေး စည်ကားတာပဲ ငရဲမင်းက ဒီမှာ ကွယ်လွန်ခဲ့တာလား ဒါကို ဘာလို့ ဘယ်သူမှ မသိကြတာလဲ "

​"လူသူထူထပ်ရာမှာ ပုန်းအောင်းခြင်း ပေါ့"

​ရှင်းရှန်းက ပြုံးလိုက်တယ်

"ကျုပ်တို့ ယင်လောကအသေးစားကို မဝင်ခင်အထိ ကျုပ်လည်း ငရဲမင်းက ဒီမှာ ကွယ်လွန်ခဲ့တယ်ဆိုတာ မသိခဲ့ဘူး အဲဒီတုန်းက ကျုပ်ရဲ့ အဖွဲ့ထဲမှာ ကျုပ်တစ်ယောက်ပဲ လူ့လောကကို သွားဖို့ အခွင့်အရေး ရခဲ့တာ အဲဒီတော့မှ အထက်လူကြီးက ကျုပ်ကို ဒါကို ပြောပြခဲ့တာ ကျုပ်လည်း မင်းလိုပဲ အံ့သြခဲ့ရတာပဲ"

​"ဒီ ရှောင်ဟွာမြို့မှာလည်း ယင်မိစ္ဆာကြီးတွေ စောင့်နေမှာပဲ မဟုတ်လား"

ဖန့်ချန်က အသံလှိုင်းနဲ့ မေးလိုက်တယ်။

​ရှင်းရှန်းက ခေါင်းညိတ်ပြတယ်၊ အကြည့်တွေက တည်ကြည်နေတယ်

"ဒီမြို့က နှစ်ပေါင်းများစွာ တည်ရှိခဲ့တာ ငရဲမင်းက ယင်လောက နှစ်ခုလုံးကို အုပ်ချုပ်စဉ်ကတည်းက ဒီမြို့က စည်ကားလို့ နာမည်ကြီးတာ"

​"ဒီမှာ စုဝေးနေတဲ့ ယင်မိစ္ဆာကြီးတွေက အမြဲတမ်း တစ်ရာထက် မနည်းဘူး အဲဒီထဲမှာ နတ်ဘုရားတွေနဲ့တောင် ယှဉ်နိုင်တဲ့ အစွမ်းထက်သူတွေ ပါဝင်တယ်"

​ဖန့်ချန်က စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်တယ်။

​ဒီယင်မိစ္ဆာကြီးတွေ တစ်ယောက်ချင်းစီက ဂိုဏ်းချုပ် အဆင့်တွေချည်းပဲ။

တစ်ပြည်လုံး မှာတောင် ငါးယောက်ပဲ ရှိတာကို ဒီ ရှောင်ဟွာမြို့မှာတင် တစ်ရာကျော် ရှိနေတယ် အချို့က နတ်ဘုရားတွေနဲ့တောင် တူနေပြီ။

​ရုတ်တရက် အတွေးတစ်ခု ဝင်လာပြီး ဖန့်ချန်ရဲ့ မျက်နှာက ပိုတည်သွားတယ်

"တကယ်လို့ ငါသာ ငရဲမင်းအမွေအနှစ်ကို ရခဲ့ရင် ထူးဆန်းတဲ့ နိမိတ်တွေ ပေါ်လာမလား"

​"ဒါ... ကျုပ်လည်း မသိဘူး..."

​ရှင်းရှန်းရဲ့ မျက်လုံးတွေက ဝေဝါးသွားပြီး ခေါင်းခါပြတယ်

"တကယ်တော့ ဒါမျိုးက ကျုပ်လို ယင်စစ်သည်လေး တစ်ယောက်က ဝင်ပါရမယ့် ကိစ္စမဟုတ်ဘူး အထက်လူကြီးတွေက ဆက်ခံမယ့်သူကို ခေါ်လာရမှာ"

​"ဒါဆိုရင် ကံစမ်းရမှာပေါ့ တကယ်လို့ နိမိတ်တွေသာ ပေါ်လာရင် မင်းနဲ့ ငါ ချက်ချင်း အကြုံးခံရမှာပဲ"

ဖန့်ချန်က ဆိုတယ်။

​"မျှော်လင့်ချက် အနည်းငယ်ပဲ ရှိရင်တောင် စွန့်စားသင့်တယ်"

​ရှင်းရှန်းက ပြတ်သားတဲ့ အကြည့်နဲ့ ဖန့်ချန်ကို ကြည့်လိုက်တယ်

"ဒီအထိ ရောက်လာပြီပဲ မင်း လက်လျှော့မှာတော့ မဟုတ်ဘူး မဟုတ်လား"

​ဖန့်ချန်က အကြာကြီး တိတ်ဆိတ်နေပြီးမှ ကျီးလျန်ကို လှည့်ကြည့်လိုက်တယ်

​"ကျုပ် ထင်တာကတော့ ကျီးလျန်က ပါရမီ မဆိုးဘူး ဧကရာဇ် ဖြစ်မယ့် အရည်အချင်းရှိတယ် မင်း သူ့ကိုပဲ ခေါ်ပြီး စမ်းကြည့်ပါလား"

​"တကယ်လို့ သူသာ ငရဲမင်းအမွေအနှစ်ကို ဆက်ခံနိုင်ခဲ့ရင် မယ်တော်စီကို ကူညီခိုင်းလိုက်ပါ ဒီကိစ္စမှာ... ကျုပ် ထပ်မပါတော့ဘူး"

​ရှင်းရှန်းက မျက်မှောင်ကြုတ်သွားတယ်၊ သူ ဘာမှ ပြန်မပြောခင်မှာပဲ ဖန့်ချန်က လှည့်ထွက်သွားပြီ။

​သူက အစကတည်းက ကျီးလျန်ကို ငရဲမင်း ဖြစ်စေချင်ခဲ့တာ၊ ဒါပေမဲ့ နောက်ပိုင်းမှာ ဖန့်ချန်က ပိုသင့်တော်တယ်လို့ ထင်လာခဲ့တာ။

​အခုတော့ တစ်ဖက်လူက လက်လျှော့လိုက်ပြီလား

​ခဏအကြာမှာတော့ ထွက်သွားဖို့ ပြင်နေတဲ့ ဖန့်ချန်က ခြေလှမ်းရပ်လိုက်ပြီး ရှင်းရှန်းဆီ ပြန်လာတယ်

​"သွားကြစို့၊ မြို့ထဲဝင်မယ်"

​"ဘာလို့လဲ"

ရှင်းရှန်းက နားမလည်သလို မေးတယ်

"မင်း ကြောက်လို့ မဟုတ်ဘူးလား"

​"ကြောက်တာ မဟုတ်ဘူး အကျိုးနဲ့ အပြစ်ကို တွက်ကြည့်နေတာ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့... ကျုပ်ရဲ့ စီနီယာအစ်ကိုကြီး တစ်ယောက်က ယင်လောကထဲကနေ ခက်ခက်ခဲခဲ ထွက်လာပြီး ကျုပ်ကို မှာကြားခဲ့တာပဲ ဒီထဲမှာ တစ်ခုခု ထူးခြားနေလိမ့်မယ် သူတို့ကို စိတ်ပျက်အောင် မလုပ်ချင်ဘူး သွားကြည့်ပြီးမှပဲ ဆုံးဖြတ်တော့မယ်"

​အခန်း (၈၃၂) ငရဲမင်းအမိန့်

​စီနီယာအစ်ကိုကြီး

​ရှင်းရှန်းကတော့ ဖန့်ချန် ဘာတွေပြောနေမှန်း မသိပေမဲ့ အခုက မေးမြန်းရမယ့်အချိန် မဟုတ်တာကြောင့် ဘာမှမပြောဘဲ ကျီးလျန်ကိုခေါ်ကာ ဖန့်ချန်နောက်ကနေ လိုက်လာခဲ့တယ်။

​ယင်လောကအကြီးရဲ့ အားသာချက်တစ်ခုကတော့ ဒါဟာ စည်းမဲ့ကမ်းမဲ့နေရာ ဖြစ်နေတာပဲ။

ဒီ ရှောင်ဟွာမြို့က အနည်းငယ် ပိုကောင်းတယ်ဆိုပေမဲ့ သိပ်တော့လည်း မထူးလှပါဘူး။

​ကြီးမားလှတဲ့ မြို့တံခါးမှာ ဘယ်သူဝင်ဝင် ဘယ်သူထွက်ထွက် ဘယ်သူမှ ဂရုမစိုက်ကြဘူး။

ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက် လွတ်လပ်ပြီး စိတ်အလိုကျပဲ။

​ဖန့်ချန်က ရှောင်ဟွာမြို့ထဲက မြင်ကွင်းတွေကို လေ့လာကြည့်ရှုရင်း အသံလှိုင်းနဲ့ မေးလိုက်တယ်

​"ကျီးလျန်တို့ရဲ့ ဝိညာဥ်လောကသွားခြင်းအတတ် ကို မင်း သင်ပေးခဲ့တာလား "

​"ဟုတ်ပါတယ်"

​"ဝိညာဥ်လောကသွားခြင်းအတတ်က ကြားခံပစ္စည်း လိုတယ် မဟုတ်လား မင်းတို့ ဘာကို ကြားခံအဖြစ် သုံးခဲ့တာလဲ"

​ဖန့်ချန်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ၊ ဒီ ရှောင်ဟွာမြို့ဟာ လူ့လောကက မြို့တွေနဲ့ တော်တော်လေး တူတာကို တွေ့ရတယ်။

စားသောက်ကုန်ပိုင်းမှာဆိုရင် လူ့လောကထက်တောင် ပိုပြီး စုံလင်နေသေးတယ် အမျိုးမျိုးသော အမယ်တွေက အစုံအလင်ပဲ။

​လူအချို့က လမ်းဘေးမှာ အရက်သောက် ပျော်ပါးနေကြပြီး စားမြိန်ဖွယ်ရာလေးတွေနဲ့ မြိန်ရည်ယှက်ရည် စားနေကြသလို ဘေးနားမှာလည်း ချောမောလှပတဲ့ ယင်မိစ္ဆာမလေးတွေက အဖော်ပြုပေးနေကြတယ်။

​သူတို့စားသုံးနေတဲ့ အစားအစာတွေထဲမှာ ယင်အငွေ့အသက်တွေ စုစည်းနေပြီး ယင်ငွေ နဲ့ ဆင်တူပေမဲ့ အနည်းငယ်တော့ ကွာခြားတယ်၊ အငွေ့အသက်က ပိုပြီးတော့ နိမ့်ကျတယ်။

​"အစကတော့ ရွှမ်ဖျင့်ယင်သားရဲ ရဲ့ သွေးအဆီအနှစ်ကို သုံးမလို့ပဲ အရင်တုန်းက အောက်ဆင်းသူတစ်ယောက်က ပြောဖူးတယ် အဲဒီသွေးက အောက်ဆင်းဖို့အတွက် အကောင်းဆုံးပဲတဲ့"

​"နှမြောစရာကောင်းတာက ကျုပ်လွှတ်လိုက်တဲ့လူတွေက အသုံးမကျလို့ ရွှမ်ဖျင့်ယင်သားရဲကို ပြန်မခေါ်လာနိုင်ခဲ့ဘူး ဒါနဲ့ပဲ ကျုပ်က ဝိညာဉ်ခေါ်အမွှေးတိုင် ကို လုပ်လိုက်ရတယ် ဒါက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ကို ကြားခံအဖြစ် သုံးရတာ တခြားရွေးချယ်စရာ မရှိတော့လို့သာ ဒါကို အောက်ဆင်းဖို့ ကြားခံအဖြစ် သုံးခဲ့ရတာပါ"

​ရှင်းရှန်းက အသံလှိုင်းနဲ့ ပြန်ဖြေတယ် သူက လမ်းမှတ်မိအောင် ပတ်ဝန်းကျင်ကို လိုက်ကြည့်နေပုံရတယ်။

​"အဆင့်မြင့် ဝိညာဉ်ကျောက်တုံး... ဝိညာဉ်ခေါ်အမွှေးတိုင်..."

​ဖန့်ချန်က ခေါင်းညိတ်လိုက်တယ်။

ကြည့်ရတာ အောက်ဆင်းဖို့ ကြားခံပစ္စည်းတွေက အမျိုးမျိုးရှိပုံရပြီး အဲဒီကြားခံတွေရဲ့ အစွမ်းက ယင်လောကထဲ ရောက်လာတဲ့အခါ ဝိညာဉ်ရဲ့ ခိုင်ခံ့မှုအပေါ်မှာ မူတည်ပုံရတယ်။

​သူ့ရဲ့ ဝိညာဉ်ကတော့ မူလကတည်းက ထူးခြားလွန်းတဲ့အပြင် ရွှမ်ဖျင့်သွေးအဆီအနှစ် ကိုးစက်နဲ့လည်း ပေါင်းစပ်ထားတာကြောင့် ယင်လောကထဲ ရောက်တာနဲ့ မသေမျိုးဘုရင် အဆင့် စွမ်းအားရှိနေတာမို့ အဲဒီကွာခြားချက်တွေကို သူ သတိမပြုမိတာ သဘာဝပါပဲ။

​မကြာခင်မှာပဲ ရှင်းရှန်းဟာ ဖန့်ချန်တို့ နှစ်ယောက်ကို တံခါးဝမှာ အဖြူရောင် မီးအိမ်တွေ ချိတ်ထားတဲ့ ယင်အိမ်ကြီး တစ်လုံးရှေ့ကို ခေါ်လာခဲ့တယ်။

​မီးအိမ်ထဲက ဖယောင်းတိုင်မီးဟာ တဖျတ်ဖျတ်နဲ့ လင်းလက်နေပြီး မှိန်လိုက်လင်းလိုက် ဖြစ်နေတယ်။

​ရှင်းရှန်းရဲ့ မျက်နှာမှာ စိုးရိမ်စိတ်တွေ ပေါ်လာပြီး အသက်ကို ပြင်းပြင်းရှူကာ တံခါးကို ခေါက်လိုက်တယ်။

​ဘယ်လောက်ကြာသွားလဲ မသိဘူး၊ တံခါးပွင့်လာပြီး ခါးကုန်းကုန်း အဘိုးအိုတစ်ယောက် ထွက်လာတယ်။

သူက ဝေဝါးနေတဲ့ မျက်လုံးတွေနဲ့ ရှင်းရှန်းကို ခဏလောက် ကြည့်ပြီးမှ ခေါင်းညိတ်ပြတယ်

​"ဝင်ခဲ့ကြ"

​ဖန့်ချန်က ရှင်းရှန်းကို ကြည့်ပြီး

"ဒါ ဘယ်သူလဲ"

​"ငရဲမင်း ထားရစ်ခဲ့တဲ့ အိမ်စောင့်သူ ပါ"

​ရှင်းရှန်းက တည်ကြည်စွာ ပြောတယ်

"စိတ်ချပါ ဒီပုဂ္ဂိုလ်ကတော့ လုံးဝ ယုံကြည်လို့ရတယ် ငရဲမင်းကတော့ လူမမှားပါဘူး"

​ငရဲမင်း ထားရစ်ခဲ့တဲ့ အိမ်စောင့်သူ

​ဖန့်ချန် စိတ်ထဲမှာ အံ့သြသွားမိတယ်။

ဒီခါးကုန်းအဘိုးအိုက ငရဲမင်းနဲ့ တစ်ခေတ်တည်းသား ဖြစ်နေတာလား

​ဒီလောက်အထိ အသက်ရှည်နိုင်တယ်ဆိုရင်... သူ့ရဲ့ အစွမ်းက အတိုင်းအဆမရှိ နက်ရှိုင်းနေမှာပဲ။

​မထူးဆန်းပါဘူး၊ အိမ်စောင့်သူ ခုနက ပေါ်လာတုန်းက သူ့ရဲ့ ကျင့်ကြံမှုနဲ့တောင် တစ်ဖက်လူဆီကနေ ဘာယင်အငွေ့အသက်ကိုမှ မခံစားရဘူး။

အောက်ခြေမမြင်ရတဲ့ မှောင်မည်းနေတဲ့ ချောက်နက်ကြီးတစ်ခုလိုပဲ။

​အိမ်ထဲကို ရောက်တဲ့အခါ အိမ်စောင့်သူက သူတို့ သုံးယောက်ကို ဝင်းတစ်ခုရဲ့ ရှေ့ကို ခေါ်လာပြီး ကျီးလျန်နဲ့ ဖန့်ချန်ကို အေးစက်စက် ကြည့်ကာ မေးလိုက်တယ်

​"မင်းတို့ထဲက ဘယ်သူ ဝင်မှာလဲ"

​"စီနီယာ... အထဲမှာက... ငရဲမင်း ကွယ်လွန်ခဲ့တဲ့ နေရာလား"

​ရှင်းရှန်းက ရိုရိုသေသေနဲ့ လက်အုပ်ချီ မေးမြန်းလိုက်တယ်။

​အိမ်စောင့်သူက ခေါင်းညိတ်ပြတယ်

"သူ မသေခင်က ဒီဝင်းထဲကနေ တစ်ဖဝါးမှ မခွာခဲ့ဘူး"

​"တကယ်လို့ တစ်ယောက်ယောက်က ငရဲမင်းရဲ့ အမွေအနှစ်ကို ဆက်ခံလိုက်ရင် ထူးဆန်းတဲ့ နိမိတ်တွေ ပေါ်လာမလား ဒီ ရှောင်ဟွာမြို့ထဲမှာ... ယင်မိစ္ဆာကြီး အတော်များများက ဒါကို စောင့်ကြည့်နေကြတာ စိုးရိမ်ရတယ်"

ရှင်းရှန်းက ထပ်မေးတယ်။

​အိမ်စောင့်သူက ရှင်းရှန်းကို မလှုပ်မယှက် စိုက်ကြည့်နေတာကြောင့် ရှင်းရှန်းမှာ တစ်ကိုယ်လုံး ကြက်သီးထကာ ကျောချမ်းသွားရတယ်။

အချိန်အတော်ကြာမှ အဘိုးအိုက တိုးတိုးလေး ပြောတယ်

​"သိပ်ပြီး ထူးထူးခြားခြား ဖြစ်လာမှာ မဟုတ်ပါဘူး သူက မင်းတို့ကို ဒုက္ခပေးမယ့် အကြောင်းမရှိဘူးလေ"

​ဒီလိုပြောပြီးနောက် အိမ်စောင့်သူက လှည့်ထွက်သွားတော့တယ်။

​ရှင်းရှန်းက ခဏလောက် ကြောင်အသွားပြီးမှ တစ်ဖက်လူရဲ့ စကားကို နားလည်သွားပုံရပြီး ခါးသက်သက် ပြုံးကာ ဖန့်ချန်ကို ပြောလိုက်တယ်

​"ဖန့်သခင်လေး... မင်းပဲ ဝင်သွားလိုက်ပါ ငရဲမင်းက အကုန်လုံး စီစဉ်ထားပြီးသား ဖြစ်မှာပါ ဘာနိမိတ်မှ ထူးထူးခြားခြား ပေါ်လာမှာ မဟုတ်ဘူး"

​ဖန့်ချန်လည်း အိမ်စောင့်သူ ပြောတဲ့စကားကို နားလည်လိုက်တယ်။

ခဏလောက် တွေးတောပြီးနောက် ခေါင်းညိတ်ပြကာ ဝင်းထဲကို ဝင်သွားခဲ့တယ်။

​ရှင်းရှန်းက ဖန့်ချန်ရဲ့ ကျောပြင်ကို ကြည့်ပြီးမှ ကျီးလျန်ကို တစ်ချက်ကြည့်ကာ ရုတ်တရက် သက်ပြင်းချလိုက်တယ်။

​တကယ်တော့ ဒီအခွင့်အရေးက ကျီးလျန် ရသင့်တာ နှမြောစရာပဲ...။

​ဝင်းထဲမှာတော့ အင်မတန် တိတ်ဆိတ်ပြီး သန့်ရှင်းနေတယ်။

နှစ်ပေါင်းများစွာ လူမနေတဲ့ ပုံစံမျိုး မဟုတ်ဘူး။

​ဖြစ်နိုင်တာကတော့ အိမ်စောင့်သူက ရံဖန်ရံခါ ဝင်ပြီး သန့်ရှင်းရေး လုပ်ပေးတာ ဖြစ်လိမ့်မယ်။

​အထဲမှာ ဝါးအိမ် တစ်လုံးပဲ ရှိတယ်။

ဖန့်ချန် ဝါးအိမ်ထဲကို ဝင်လိုက်တဲ့အခါ ဧည့်ခန်းထဲမှာ တံဆိပ် တစ်ခုကို တွေ့လိုက်ရတယ်။

​အဲဒီတံဆိပ်မှာ ယင်အငွေ့အသက်တွေ ရစ်ပတ်နေပြီး မှောင်မည်းတဲ့ညထဲက ဖယောင်းတိုင်မီးလိုပဲ၊ သတိမထားမိဘဲ နေဖို့ မဖြစ်နိုင်ဘူး။

​ဖန့်ချန်က တံဆိပ်ကို ပတ်ကြည့်လိုက်ရာ၊ အဲဒါက သုံးလက်မလောက်ပဲ ရှည်ပြီး သာမန်တံဆိပ်တွေရဲ့ အရွယ်အစားအတိုင်းပဲ။

​အဲဒီတံဆိပ်နားကို ချဉ်းကပ်လေလေ သူ့မှာ အဲဒါကို လှမ်းယူချင်တဲ့ စိတ်ဆန္ဒတွေ ပိုပြင်းထန်လာလေလေပဲ။

​ဖန့်ချန်က သတိထားပြီး နောက်ကို တစ်လှမ်းဆုတ်ကာ တံဆိပ်ကို ငြိမ်ပြီး ကြည့်နေမိတယ်။

ဒီတံဆိပ်ဟာ သက်ရှိတစ်ခုနဲ့ တော်တော်လေး တူနေတယ်လို့ ခံစားရတယ်။

​အဲဒါမှာ အသက်ရှိနေသလိုပဲ။

​ဖန့်ချန်ရဲ့ စိတ်ထဲမှာ ငြင်းဆန်လိုတဲ့စိတ် ပေါ်လာတာကို သိလိုက်လို့လား မသိဘူး တံဆိပ်ပေါ်က ယင်အငွေ့အသက်တွေက ပိုပြီး ထူထပ်လာပြီး နောက်ဆုံးမှာတော့ အမျှင်တန်းပေါင်း ထောင်သောင်းချီ ဖြစ်လာကာ ဖန့်ချန်ကို လွှမ်းခြုံဖို့ ကြိုးစားတော့တယ်။

​ဖန့်ချန်ရဲ့ မျက်နှာ တည်သွားတယ် ဝါးအိမ်ထဲကနေ ပြန်ထွက်ဖို့ အချိန်မမီတော့ဘူး ရှေ့ရောနောက်ပါ လမ်းပိတ်သွားပြီ။

​အမျှင်တန်းပေါင်းများစွာတဲ့ ယင်အငွေ့အသက်တွေက ဖန့်ချန်ရဲ့ ခန္ဓာကိုယ်ထဲကို ချက်ချင်း တိုးဝင်သွားကြတယ်၊ အဲဒီတံဆိပ်နဲ့ ဖန့်ချန်ကို ကြိုးတွေနဲ့ ချိတ်ဆက်ထားသလိုပဲ။

​ဖန့်ချန်ရဲ့ မျက်နှာက အပြာရောင်၊ ခရမ်းရောင် တရိပ်ရိပ် ပြောင်းလဲနေပြီး သူ့ရဲ့ အသိစိတ်ကလည်း အနှိပ်စက်ခံနေရသလိုပဲ။

ကြည့်ရတာ ဒီယင်အငွေ့အသက်တွေက သူ့ကိုယ်ထဲမှာ ဝင်ရောက် နေရာယူ ချင်နေပုံရတယ်။

​"တံဆိပ်တစ်ခုကများ... ငါ့ကို နေရာယူချင်တယ် ဟုတ်လား"

​ဖန့်ချန်ရဲ့ အကြည့်တွေက ရုတ်တရက် တည်ကြည်သွားပြီး ခန္ဓာကိုယ်ထဲက ယင်အငွေ့အသက်တွေကို ရူးသွပ်စွာ လှုပ်ရှားစေလိုက်တယ်။

ရွှမ်ဖျင့် ရဲ့ ပုံရိပ် ကိုးခု ပေါ်ထွက်လာပြီး သူ့အပြင်ဘက်က ယင်အငွေ့အသက် အမျှင်တန်းအားလုံးကို တစ်ခဏချင်းမှာပဲ ကိုက်ဖြတ်ပစ်လိုက်တယ်။

​ဖယောင်းတိုင်နဂါးတွေက အဲဒီမှာတင် ရပ်မသွားဘဲ တံဆိပ်ဆီကို ပြေးဝင်သွားကြတယ်။

​ဆယ်စက္ကန့်လောက်အတွင်းမှာပဲ တံဆိပ်မှာ ရစ်ပတ်နေတဲ့ ယင်အငွေ့အသက်တွေ အားလုံးကို ရွှမ်ဖျင့်တွေက ဝါးမြိုပစ်လိုက်ကြပြီ။

​ပြီးတော့မှ သူတို့က ကျေနပ်အားရစွာနဲ့ ဖန့်ချန်ရဲ့ ခန္ဓာကိုယ်ထဲကို ပြန်ဝင်သွားကြတယ်။

​အခုတော့ အဲဒီတံဆိပ်ဟာ ခုနကလို သက်ရှိတစ်ခုလို ခံစားချက်မျိုး မရှိတော့ဘူး။

​ဖန့်ချန် သံသယဖြစ်တာကတော့ ဒီတံဆိပ်ဟာ ဒီမှာရှိနေတာ ကြာလွန်းလို့ ယင်အငွေ့အသက်တွေ အလိုအလျောက် စုစည်းမိနေတာပဲ။

ယင်လောကရဲ့ ယင်အငွေ့အသက်ဆိုတာ သူ့အလိုလို ကံကမ္မ တွေ ပါဝင်နေတာ။

​ကံကမ္မ ရှိလာရင် မိစ္ဆာ ဖြစ်ဖို့ လွယ်သွားပြီ။

ခုနက အငွေ့အသက်တွေကတော့ ပုံမဖော်ရသေးတဲ့ ယင်မိစ္ဆာ တစ်ကောင်ပဲ။

​တကယ်လို့ ဒီတံဆိပ်က ငရဲမင်း ထားရစ်ခဲ့တဲ့ အမွေအနှစ် ဖြစ်နေပြီး အဲဒါကို အရင်းပြုပြီး ယင်မိစ္ဆာတစ်ကောင်သာ ပုံပေါ်လာခဲ့ရင် ဖန့်ချန်အတွက် ပြေးဖို့ကလွဲပြီး တခြားနည်းလမ်း ရှိမှာ မဟုတ်ဘူး။

​ဖန့်ချန်က ရှေ့ကို နှစ်လှမ်း တိုးသွားပြီး တံဆိပ်ကို လှမ်းကိုင်လိုက်ရာ တစ်ခဏချင်းမှာပဲ သူ့ရဲ့ နားထဲမှာ အမိန့်ပြန်တမ်းတစ်ခု ကြားလိုက်ရသလိုပဲ

​[ ယနေ့မှစ၍၊ သံသရာနတ်မျိုးစေ့ လူ့လောကမှ ဖန့်ချန်အား၊ ငရဲမင်းရာထူးကို ခေတ္တဆက်ခံစေပြီး ကောင်းကင်ယံမှ အပ်နှင်းသည့် အခွင့်အာဏာဖြင့် အသက်ရှည်ကျန်းမာကာ ထာဝရ စည်ပင်ဝပြောစေသတည်း။ ]

​အသံက တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။

ဖန့်ချန်က သူ့လက်ထဲက တံဆိပ်ကို ကြည့်ပြီး ဖြည်းဖြည်းချင်း လှန်ကြည့်လိုက်ရာ၊ အောက်ခြေမှာ ချန် ဆိုတဲ့ စာလုံးကို ထွင်းထုထားတာ တွေ့လိုက်ရတယ်။

​ဒီ ချန် ဆိုတာက သူ့ကို ကိုယ်စားပြုသလို ငရဲမင်းကိုလည်း ကိုယ်စားပြုတာပဲ။

​ဒီ ငရဲမင်းအမိန့် ဟာ အခုတော့ ဖန့်ချန်ရဲ့ လက်ထဲကို အပြည့်အဝ ရောက်ရှိသွားပြီ။

​ဖန့်ချန်က စိတ်လှုပ်ရှားစွာနဲ့ ခန္ဓာကိုယ်ထဲက ယင်အငွေ့အသက်တွေကို ငရဲမင်းအမိန့်ပြားထဲကို ထည့်သွင်းလိုက်ရာ စာသားအချို့ ပေါ်လာတယ်

​ယင်သက်တမ်း - ရှစ်ရာနှစ်။

​ဖန့်ချန်က ရှင်းရှန်းဆီက ရထားတဲ့ ယင်ငွေတွေကို ထုတ်လိုက်ရာ အဲဒီငွေတွေက ယင်အငွေ့အသက်တွေအဖြစ် ပြောင်းလဲသွားပြီး ငရဲမင်းအမိန့်ပြားထဲကို အဆက်မပြတ် တိုးဝင်သွားကြတယ်။

​ငရဲမင်းအမိန့်ပြားထဲမှာ စုဆောင်းထားတဲ့ ယင်သက်တမ်းကလည်း တရိပ်ရိပ် တက်လာတော့တယ်။

​ကိုးရာနှစ်...

​တစ်ထောင်နှစ်...

​တစ်ထောင်လေးရာနှစ်...

​နှစ်ထောင်နှစ်...

​သုံးထောင်နှစ်...

​ယင်ငွေတွေ ကုန်သွားတဲ့အခါ ငရဲမင်းအမိန့်ပြားထဲမှာ စုဆောင်းထားတဲ့ ယင်သက်တမ်းဟာ သုံးထောင်နှစ် ဖြစ်သွားခဲ့ပြီ။

All Chapters