အခန်း (၈၄၁-၈၄၂)
Vol. 85 Ch. 841-842
အခန်း (၈၄၁) အားလုံးကို ဖြုတ်ပစ်မယ်
ဝမ်ဖန့်နဲ့ အဝတ်နက်ဝတ် အမျိုးသမီးဟာ ဖန့်ချန်ရှေ့မှာ ရိုရိုသေသေ ရပ်နေကြတယ်။
"ဖန့်အရာရှိ... ကျမ ယောကျာ်းဘက်က ကိစ္စက..."
ဝမ်ဖန့်က အရိုအသေပေးလိုက်ပြီး ဖန့်ချန်ကို မျှော်လင့်တကြီး ကြည့်နေတယ်။
"ငါ ဒီရက်ပိုင်းအတွင်း လူ့လောကကို မပြန်ဖြစ်သေးဘူး မင်းယောကျာ်း ကိစ္စကိုတော့ ငါ လူ့လောကကို ပြန်ရောက်တာနဲ့ သွားကြည့်ပေးမယ်"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်။
လူ့လောကကို မပြန်ဖြစ်သေးဘူး
ဝမ်ဖန့် စိတ်ထဲမှာ နည်းနည်းတော့ စိတ်ပျက်သွားပေမဲ့ မကျေမနပ်တော့ မဖြစ်ပါဘူး။ သူမက ရိုရိုသေသေပဲ
"အရာရှိကြီးကို အားကိုးရမှာပါပဲ အရာရှိကြီးလို အဆင့်အတန်းမျိုးနဲ့ ဒီလုပ်ငန်းကို လက်ခံပေးတာကိုပဲ ကျမ ရင်ထဲကနေ အထူးကျေးဇူးတင်လှပါပြီ"
ဖန့်ချန်က ပြုံးပြီး လက်ကာပြလိုက်တယ် အမျိုးသမီးနှစ်ယောက်နဲ့ စကားစမြည် အနည်းငယ် ပြောဆိုပြီးနောက် ဖန့်ယွမ်ကို သူတို့အား လိုက်ပို့ခိုင်းလိုက်တယ်။
အမျိုးသမီးနှစ်ယောက် ထွက်သွားရုံရှိသေးတယ် ကျောင်းအုပ်ဟောင်းက အိမ်ကို ရောက်လာတော့တယ်။
"ကျောင်းအုပ်ဟောင်း... ခင်ဗျားက အလုပ်အရမ်းများနေတဲ့လူပဲ ဒီနေ့ ဘာကိစ္စရှိလို့ လာတာလဲ"
ဖန့်ချန်က ပြုံးပြီး မေးလိုက်တယ်။
ကျောင်းအုပ်ဟောင်းက ရှက်ကိုးရှက်ကန်းနဲ့
"ဖန့်အရာရှိကလည်း ကျုပ် ကို နောက်မနေပါနဲ့ဗျာ ဖန့်အရာရှိက ပထမဆုံးအကြိမ် အောက်ဆင်းလာတာနဲ့ ယင်လောကမှာ ရာထူးကြီးကြီး ရလိမ့်မယ်လို့ ကျုပ် လုံးဝ ထင်မထားခဲ့ဘူး ဒီနေ့ လာတာက ဟို ယင်ရဲမက်ဌာနမှာ ရာထူးနေရာလေး ဘာလေး လစ်လပ်တာ ရှိမလားလို့ လာမေးတာပါ..."
"မြို့စောင့်ရဲမက်က ယင်ရဲမက်နဲ့ အဆင့်တူတူပဲလေပြီးတော့ ခင်ဗျားက မြို့စားရဲ့ အဆက်အနွယ် တရားသူကြီးဌာန အောက်မှာ ရှိတာ"
ဖန့်ချန်က ရယ်ပြီး ပြောတယ်
"ခင်ဗျားက ယင်ရဲမက်ဌာနမှာ တာဝန်ထမ်းဆောင်ချင်လို့လား လာရင်လည်း သာမန် ယင်ရဲမက်ပဲ ဖြစ်မှာ အခု အခြေအနေနဲ့ ဘာမှ ထူးခြားမှာ မဟုတ်ဘူး"
"ဖန့်အရာရှိ... အရာရှိကြီးလို လူမျိုးကတောင် ကျုပ်အတွက် ရာထူးလေး တစ်ခုလောက် စီစဉ်မပေးနိုင်ဘူးလားဗျာ ကျုပ် အများကြီး မတောင်းဆိုပါဘူး ယင်ရဲမက်ဌာနမှာ တပ်ကြပ် လောက် ဖြစ်ရင်ကို ကျေနပ်ပါပြီ"
ကျောင်းအုပ်ဟောင်းက ဖားတဲ့ မျက်နှာပေးနဲ့ ပြောတယ်။
ဖန့်ချန် ခဏလောက် စဉ်းစားပြီး ခေါင်းညိတ်ပြလိုက်တယ်
"ယင်ရဲမက်ဌာနက ချင်ဆွေ့ ဆီကို သွားလိုက် သူ့ကို အစီအစဉ်လုပ်ခိုင်းလိုက်မယ် အရင်က တံတားထိပ်မှာ ခင်ဗျား တွေ့ခဲ့တဲ့ တစ်ယောက်လေ"
"ကျေးဇူးအများကြီး တင်ပါတယ် ဖန့်အရာရှိ အဲဒီ ချင်ဆွေ့အရာရှိကို ကျုပ် မှတ်မိပါတယ် အခုပဲ သူ့ဆီ သွားလိုက်ပါ့မယ်"
ကျောင်းအုပ်ဟောင်းက ဟဲဟဲဟဲနဲ့ ရယ်ပြီး အကြိမ်ကြိမ် အရိုအသေပေးကာ စိတ်ကျေနပ်စွာနဲ့ ပြန်သွားတော့တယ်။
"မင်းတို့ ငါနဲ့အတူ ရှန်းကျင်း ကို လိုက်ခဲ့ကြ ဒီ ယင်လောကအသေး ရဲ့ အစည်ကားဆုံး နေရာကိုလည်း ကြည့်ရအောင်"
ဖန့်ချန်က ဖြူလေးနဲ့ မည်းလေးကို ပြုံးပြလိုက်တယ်၊ ဒီကိစ္စတွေ အကုန် ရှင်းပြီးရင်တော့ လူ့လောကကို ပြန်ရမယ့် အချိန်ပဲ။
ရှန်းကျင်း၊ ယင်ရဲမက်ဌာန။
တုယွန်းရွှီဟာ ရှန်းကျင်းမှာ အခြေစိုက်တဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရားတွေနဲ့အတူ ဝါးမျှော်စင်ရှေ့မှာ ရပ်နေတယ်။
ဒီနေ့ခင်းကင်းလှည့်နတ်ဘုရား အုပ်စုဟာ သတင်းတွေ ရထားပြီးပြီဖြစ်လို့ အခု သူတို့မျက်နှာတွေက အမျိုးမျိုး ဖြစ်နေကြတယ် တချို့က စိုးရိမ်နေသလိုတချို့က အေးစက်စက်နဲ့ တချို့ကတော့ ဘေးကနေ ကဲ့ရဲ့ချင်နေကြတဲ့ ပုံစံမျိုး။
"တုယွန်းရွှီ... မင်းက အဲဒီ နေခင်းကင်းလှည့်အရှင်နဲ့ ရင်းနှီးတယ်မလား ပြောစမ်းပါဦး... သူ ဘာတွေ ကြံစည်နေတာလဲ တကယ်လို့ ဒီဆုံးဖြတ်ချက်ကိုသာ ချလိုက်ရင် အခု ယင်လောကရဲ့ အခြေအနေက သေချာပေါက် ပြောင်းလဲသွားမှာပဲ လူတော်တော်များများရဲ့ ထမင်းအိုးကို ရိုက်ခွဲသလို ဖြစ်သွားလိမ့်မယ်..."
နေ့ခင်းကင်းလှည့်နတ်ဘုရား တစ်ယောက်က ခါးသီးစွာ ပြုံးပြီး
"တကယ်လို့ ယင်နယ်စားတွေသာ မကျေနပ်လို့ အတူတူ စုပြီး တိုင်တန်းကြရင် ဒီ နေခင်းကင်းလှည့်အရှင်က သူ့ရာထူးတောင် မြဲပါ့မလား"
"ဒါ အမှန်ပဲ ငါတို့က နှစ်ပေါင်းများစွာ ဒီစည်းမျဉ်းတွေအတိုင်း သွားနေတာ သူ ဒီလို လုပ်လိုက်ရင် အောက်ဆင်းသူတွေဘက်ကလည်း အကြီးအကျယ် ကန့်ကွက်ကြမှာပဲ"
တခြား နေ့ခင်းကင်းလှည့်နတ်ဘုရား တစ်ယောက်က အေးအေးဆေးဆေးပဲ ပြောတယ်
"ငါကတော့ ဘာမှ မဖြစ်ပေမဲ့ ဒီအောက်ဆင်းသူတွေရဲ့ ပတ်သက်မှုကွန်ရက်က အရမ်းရှုပ်ထွေးတယ် ယင်နယ်စား တချို့လည်း သူတို့နဲ့ ဆက်ဆံရေး ကောင်းကြတာ ငါတို့ နေ့ခင်းကင်းလှည့်နတ်ဘုရားတွေထဲမှာတင် အောက်ဆင်းသူတွေ အများကြီး ပါတာပဲ အဲဒီအခါကျရင် စာရင်းကို ဘယ်လို ရှင်းမလဲ ၁၀ ပုံ ၄ ပုံ ဆိုတာ... အရမ်းများလွန်းတယ်"
"ငါကတော့ အဲဒီလို မထင်ဘူး တကယ်လို့ နေခင်းကင်းလှည့်အရှင် ခိုင်းတဲ့အတိုင်း လုပ်ရင် နောက်ဆို ငါတို့လက်ထဲ ရောက်လာမယ့် ယင်သက်တမ်းဒင်္ဂါးတွေက မျှမျှတတ ရှိသွားမှာပဲ ဘယ်သူမှလည်း ဘာမှ အပိုပြောလို့ မရတော့ဘူး"
နောက်ထပ် နေ့ခင်းကင်းလှည့်နတ်ဘုရား တစ်ယောက်က ပြုံးပြုံးလေး ပြောတယ်။
လူတိုင်းက ကိုယ့်အမြင်နဲ့ကိုယ် ငြင်းခုံနေကြတာကို တုယွန်းရွှီ မြင်တော့ အသံတိုးတိုးနဲ့ သတိပေးလိုက်တယ်
"ဒီ နေခင်းကင်းလှည့်အရှင်ရဲ့ စိတ်က အရမ်းပြင်းတယ် မင်းတို့လည်း ဖူကျင့်ရဲ့ အဆုံးသတ်ကို မျက်မြင်တွေ့ခဲ့ကြတာပဲ တရားသူကြီးဌာနက လူတောင် မျက်နှာသာ မရခဲ့ဘူး မင်းတို့ ဘာတွေးလဲဆိုတာက အရေးမကြီးဘူး အရေးကြီးတာက နေခင်းကင်းလှည့်အရှင် ဘာတွေးလဲ ဆိုတာပဲ"
လေသံတွေ ချက်ချင်း တိတ်သွားတယ် နေ့ခင်းကင်းလှည့်နတ်ဘုရား အုပ်စုဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးမှာတော့ တိတ်ဆိတ်သွားကြတော့တယ်။
အဲဒီအချိန်မှာပဲ ဖန့်ချန်ဟာ ဖြူလေးနဲ့ မည်းလေးကို ခေါ်ပြီး ဝါးဥယျာဉ်ထဲကို ဝင်လာတယ်။
တုယွန်းရွှီက ဒါကို မြင်တာနဲ့ ချက်ချင်း ရှေ့တက်ပြီး လက်အုပ်ချီ အရိုအသေပေးလိုက်တယ်
"ကျုပ် တုယွန်းရွှီ... နေခင်းကင်းလှည့်အရှင်ကို ဂါရဝပြုပါတယ်"
"ကျုပ်တို့ နေခင်းကင်းလှည့်အရှင်ကို ဂါရဝပြုပါတယ်"
နေ့ခင်းကင်းလှည့်နတ်ဘုရား အားလုံး ရှေ့တက်ပြီး တပြိုင်နက် အရိုအသေပေးကြတယ်။
ဖန့်ချန်က ခေါင်းညိတ်ပြလိုက်ပြီး တုယွန်းရွှီဆီကနေ သူ့လက်အောက်က နေ့ခင်းကင်းလှည့်နတ်ဘုရားတွေရဲ့ အမည်စာရင်းကို တောင်းလိုက်တယ်။
ဖတ်ကြည့်ပြီးတဲ့နောက် နာမည်တွေကို တစ်ခုချင်းစီ ရွတ်ဆိုလိုက်ပြီး နောက်ဆုံးမှာ မြေကြီးကို ခြေတစ်ချက် ဆောင့်လိုက်တဲ့အခါ နာမည်ခေါ်ခံရတဲ့ သူတွေဟာ အခု ဘာပဲလုပ်နေနေ ဝါးဥယျာဉ်ထဲမှာ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြတော့တယ်။
တချို့ နေ့ခင်းကင်းလှည့်နတ်ဘုရားတွေဆိုရင် ရှန်းကျင်း ယင်ရဲမက်ဌာနကို မလာဖြစ်တာ နှစ်ပေါင်းများစွာ ကြာနေပြီ။
သူတို့ရဲ့ အထက်လူကြီးက ဆင့်ခေါ်လိုက်တာကို တွေ့တော့ သူတို့တွေ တော်တော်လေး ကြောင်သွားကြတယ်။
တုယွန်းရွှီတို့ အပါအဝင် စုစုပေါင်း နေ့ခင်းကင်းလှည့်နတ်ဘုရား ၁၀၇ ယောက်လုံး စုံသွားပြီ။
သူတို့တွေ ချက်ချင်းပဲ သတိပြန်ဝင်လာကြပြီး မျက်နှာပေး အသီးသီးနဲ့ ဖန့်ချန်ကို ကြည့်ကာ လက်အုပ်ချီ နှုတ်ဆက်ကြတယ်။
သူတို့ မျက်လုံးတွေထဲမှာတော့ အကဲခတ်လိုတဲ့ အရိပ်အယောင်တွေ အနည်းနဲ့အများ ပါနေကြတာပဲ။
တကယ်တော့ ဖန့်ချန် ရာထူးတက်ကတည်းက သူတို့ သတင်းရပြီးသားပါ။
ဒါပေမဲ့ ဒီအထက်လူကြီးကို လာပြီး မတွေ့ကြတာကတော့ ဘေးကနေ အခြေအနေကို စောင့်ကြည့်ချင်လို့ပဲ ဒီလူ ဒီရာထူးမှာ ဘယ်လောက်ကြာကြာ ထိုင်နိုင်မလဲဆိုတာ သူတို့ သိချင်နေကြတာ။
မထင်မှတ်ဘဲ ဒီနေ့မှာ တစ်ဖက်လူက သူတို့ကို အရင် ဆင့်ခေါ်လိုက်တာကြောင့် သူတို့အားလုံး စိတ်ထဲမှာ ထိတ်လန့်သွားကြတယ်။
ဖန့်ချန်က ပြုံးလိုက်ပြီး
"ဒီနေ့ မင်းတို့ကို ခေါ်လိုက်တာက အသိပေးစရာ ကိစ္စတစ်ခု ရှိလို့ပဲ ပြီးတော့ မင်းတို့အားလုံး အသေအချာ ပူးပေါင်းပေးကြဖို့ မျှော်လင့်တယ်"
"အရှင် အမိန့်ရှိပါ"
နေ့ခင်းကင်းလှည့်နတ်ဘုရား တစ်ယောက်က လက်အုပ်ချီပြီး ရိုရိုသေသေ ပြောတယ်။
ဖန့်ချန်က တုယွန်းရွှီကို ပြောခဲ့တဲ့ စကားတွေကိုပဲ နောက်တစ်ခေါက် ပြန်ပြောပြလိုက်တယ်။
ရှေ့က နေ့ခင်းကင်းလှည့်နတ်ဘုရားတွေဟာ နားထောင်ရင်းနဲ့ မျက်နှာတွေက တစ်ယောက်ပြီးတစ်ယောက် လေးနက်လာကြတယ်။
အဲဒီအထဲက နေ့ခင်းကင်းလှည့်နတ်ဘုရား တစ်ယောက်က ဖန့်ချန် စကားမဆုံးခင်မှာတင် ကြားဖြတ်ပြောလိုက်တယ်
သူက ရိုရိုသေသေပဲ
"အရှင်... အရှင်ပြောတာတွေကို ကျုပ် နားလည်ပါတယ် ဒါပေမဲ့ ဒါကို လက်တွေ့လုပ်ဖို့က အခက်အခဲတွေ အများကြီး ရှိနေတယ် ကျုပ်တို့ နေ့ခင်းကင်းလှည့် မျိုးနွယ်ကိုလည်း အကျပ်ရိုက်စေလိမ့်မယ် ယင်ရဲမက်ဌာနက စီရင်စုမင်းနဲ့ ညကင်းလှည့်အရှင်တို့ကလည်း သဘောတူကြမှာ မဟုတ်ဘူး"
သူက အစပြုလိုက်တာနဲ့ ကျန်တဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရားတွေကလည်း သူတို့ရဲ့ အမြင်တွေကို အသီးသီး ထုတ်ပြောကြတော့တယ်။
အကုန်လုံးက အရမ်းကို ယဉ်ကျေးပျူငှာစွာနဲ့ ပြောကြတာ၊ ဖူကျင့်လို အဖြစ်မျိုး မကြုံချင်လို့ ဘာအပြစ်အနာအဆာမှ မချန်ဘဲ ပြောကြတာပဲ။
ဒါပေမဲ့ အဲဒီ ယဉ်ကျေးပျူငှာမှုတွေရဲ့ နောက်ကွယ်မှာတော့ ဖန့်ချန် လုပ်မယ့် ကိစ္စကို အကုန်လုံးက ကန့်ကွက်နေကြတာချည်းပဲ။
"ကိစ္စမရှိပါဘူး မင်းတို့ရဲ့ အကြံပြုချက်တွေကို ပြောကြပါဦး ငါ နားထောင်ပေးမယ်"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်။
စောစောက စကားမပြောသေးတဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရားတွေလည်း အခြေအနေကို ကြည့်ပြီး ဝေခွဲမရ ဖြစ်နေကြပေမဲ့ နောက်ဆုံးတော့ သူတို့အမြင်တွေကို ပြောပြကြတယ်။
နာရီဝက်လောက် ကြာပြီးတဲ့နောက် နေ့ခင်းကင်းလှည့်နတ်ဘုရား ၁၀၇ ယောက်ထဲမှာမှ ၂၀ ကျော်လောက်ပဲ ဘာစည်းကမ်းချက်မှမပါဘဲ ထောက်ခံကြတယ်။
၅၀ ကျော်လောက်ကတော့ လှည့်ပတ်ပြီး ကန့်ကွက်ကြတယ်။
ကျန်တဲ့သူတွေကတော့ မထောက်ခံသလို မကန့်ကွက်တဲ့ ကြားနေသမားတွေပေါ့။
ဖန့်ချန်က ခေါင်းညိတ်ပြလိုက်တယ်
"မင်းတို့ရဲ့ အကြံပြုချက်တွေကို ငါ အကုန်ကြားပါတယ် ဒီကိစ္စက လက်တွေ့လုပ်ဖို့ တကယ်ပဲ ခက်ခဲတာပဲ"
အဲဒီ ကန့်ကွက်တဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရား ၅၀ ကျော်ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ထဲမှာ သက်ပြင်းချလိုက်ကြတယ်။
သူတို့ကတော့ ဒီကိစ္စရဲ့ အကျိုးအမြတ်ကို သိနေကြတာပဲ၊ သူတို့အကုန်လုံး စုပြီး ကန့်ကွက်နေသရွေ့တော့ တစ်ဖက်လူက အတင်းအကျပ် လုပ်မှာ မဟုတ်ဘူးလို့ တွေးနေကြတာ။
ဒါက နေ့ခင်းကင်းလှည့်နတ်ဘုရား တစ်ယောက်တည်း မဟုတ်ဘူးလေ နယ်ပယ်အသီးသီးကို အုပ်ချုပ်နေတဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရား ၅၀ ကျော် ဖြစ်သလို သူတို့နောက်ကွယ်မှာလည်း ယင်နယ်စားတွေ ရှိနေကြတာ။
"မင်းတို့ ပစ္စည်းပစ္စယတွေ သိမ်းဆည်းလိုက်ကြတော့ ဒီနှစ်အတွက် လစာတွေကို ထုတ်ယူပြီး ခေတ္တ အိမ်မှာပဲ အမိန့်ကို စောင့်နေကြ ရာထူးခန့်အပ်မှု အသစ်တွေ ထွက်လာရင် တုယွန်းရွှီကို လွှတ်ပြီး အသိပေးခိုင်းလိုက်မယ်"
ဖန့်ချန်က ခပ်အေးအေးလေး ပြောလိုက်တယ်။
"..."
နေရာတစ်ခုလုံးမှာရှိတဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရားတွေဟာ တစ်ယောက်ကိုတစ်ယောက် ကြောင်ကြည့်နေကြပြီး၊ နောက်ခဏမှာတော့ ရင်ထဲမှာ အေးခနဲ ဖြစ်သွားကာ ဖန့်ချန်ကို မယုံနိုင်သလို ကြည့်လိုက်ကြတော့တယ်။
အထူးသဖြင့် ကန့်ကွက်ခဲ့တဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရား ၅၀ ကျော်ဟာ ဒီနေခင်းကင်းလှည့်အရှင်က သူတို့အားလုံးကို ရာထူးကနေ ဖြုတ်ပစ်တော့မယ် ဆိုတာကို လုံးဝ မယုံနိုင်အောင် ဖြစ်နေကြပြီ
အခန်း (၈၄၂) ယွန်းရွှီ၊ ဧည့်သည်ကို လိုက်ပို့လိုက်
တုယွန်းရွှီဟာ ရင်ထဲမှာ သက်ပြင်းတစ်ချက် ချလိုက်မိတယ် သူ့မျက်ဝန်းထဲမှာလည်း မတတ်သာတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားတယ်။
သူနဲ့အတူ ရှန်းကျင်းမှာ အခြေစိုက်တဲ့ ဒီနေ့ခင်းကင်းလှည့်နတ်ဘုရားတွေဟာ စောစောကတော့ ပါးစပ်ကနေ ထောက်ခံတယ်လို့ ပြောခဲ့ကြပေမဲ့ စိတ်ထဲမှာတော့ ဟုတ်ချင်မှ ဟုတ်မှာပါ။
ဒါပေမဲ့ အခု ဖန့်ချန်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ သူတို့တွေဟာ ရုတ်တရက် ကံကောင်းသွားသလို ခံစားလိုက်ရသလို၊ တုန်လှုပ်ခြောက်ခြားမှုလည်း ဖြစ်သွားကြတယ်။
နေ့ခင်းကင်းလှည့်နတ်ဘုရား ၅၀ ကျော်ကို တစ်ပြိုင်နက် ဖြုတ်ပစ်လိုက်တာလား
ဒါသာ အပြင်ကို ပြန့်သွားရင် နေ့ခင်းကင်းလှည့်မျိုးနွယ်ဟာ သူတစ်ပါးရဲ့ လှောင်ပြောင်စရာ ဖြစ်မသွားပေဘူးလား
အစောဆုံးကတည်းက ကန့်ကွက်ခဲ့တဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရားဟာ မျက်နှာမှာ အတင်းပြုံးကာ
"အရှင်... ကျုပ် ခုနက နားကြားမှားသွားတာလား မသိဘူးဗျ..."
"မင်း နားကြား မမှားပါဘူး"
ဖန့်ချန်က ခပ်အေးအေးလေး ပြုံးပြီး
"မင်းတို့ လက်ထဲမှာရှိတဲ့ အလုပ်တွေကို တခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ လွှဲပြောင်းလိုက်ကြတော့ ပြီးရင် အိမ်ပြန်ပြီး သတင်းစောင့်နေကြ"
"အရှင်... ထုံးစံအရဆိုရင် အရှင့်မှာ နေ့ခင်းကင်းလှည့်နတ်ဘုရား ခန့်အပ်ပိုင်ခွင့် ရှိတာ မှန်ပေမဲ့ ရာထူးကနေ ထုတ်ပယ်ဖို့ဆိုရင်တော့ အနည်းဆုံး စီရင်စုမင်း နဲ့ ညကင်းလှည့်အရှင်တို့က အမိန့်စာ ထုတ်ပေးမှ ရမှာပါ ဒီကိစ္စကို... အဲဒီနှစ်ယောက် သိပြီးပြီလား"
"မင်း နာမည်က ဝူးလျို တဲ့လား ဝူး ဆိုတဲ့ မျိုးရိုးက တွေ့ရခဲတယ် ပြီးတော့ နေ့ခင်းကင်းလှည့်နတ်ဘုရားလည်း ဖြစ်သလို လူ့လောကမှာလည်း ဘေးဒုက္ခဖြတ်ကကျော်ခြင်း အဆင့်ဆိုတော့ ဒီအဆင့်ထိ ရောက်လာဖို့ မလွယ်ခဲ့ဘူး မဟုတ်လား"
ဖန့်ချန်က အဲဒီ နေ့ခင်းကင်းလှည့်နတ်ဘုရားကို ကြည့်ပြီး ပြုံးကာ မေးလိုက်တယ်။
ဝူးလျိုရဲ့ မျက်နှာက တင်းမာသွားပြီး ရိုရိုသေသေ
"ကျုပ် ဒီအဆင့်ထိ ရောက်လာဖို့ တကယ်ပဲ မလွယ်ကူခဲ့ပါဘူး ကျုပ်က အရှင့်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဘာမှ သဘောထားကွဲလွဲတာ မရှိပါဘူး ဒါပေမဲ့ အရှင်က လက်တွေ့ကျကျ စဉ်းစားပြီး လက်ရှိ ယင်လောကရဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားပေးဖို့ပဲ တောင်းဆိုချင်တာပါ အရှင် သေချာစဉ်းစားပေးပါဦး"
ဖန့်ချန်က ခေါင်းကို အသာအယာ ညိတ်လိုက်တယ်
"မင်းပြောတာ မှန်တယ်၊ အကျိုးအမြတ်ကို ထည့်သွင်းစဉ်းစားဖို့က ငါ့ရဲ့ တာဝန်ပဲ"
ဝူးလျိုရဲ့ မျက်လုံးတွေ လှုပ်ရှားသွားတယ်၊ ဒီအထက်လူကြီးက လေသံလျှော့ပြီး အလျှော့ပေးတော့မှာလား သူ့ရင်ထဲမှာ ရုတ်တရက် သက်ပြင်းချနိုင်သွားတယ်။
"အကျိုးအမြတ်ကို စဉ်းစားဖို့က ငါ့ရဲ့တာဝန်ဆိုတာ မင်းသိနေမှတော့... မင်းတို့ရဲ့ တာဝန်က အမိန့်အတိုင်း လုပ်ဆောင်ဖို့ပဲ ဖြစ်ပြီး ငါ့အတွက် အကျိုးအမြတ်တွေကို စဉ်းစားပေးဖို့ မဟုတ်ဘူးဆိုတာလည်း မင်းသိသင့်တယ် မဟုတ်လား"
ဖန့်ချန်က အေးအေးဆေးဆေး ပြုံးပြီး ပြောလိုက်တယ်။
ဝူးလျို ကြောင်သွားတယ်၊ သူ ဘာမှ ပြန်မပြောနိုင်ခင်မှာပဲ ဖန့်ချန်က ဆက်ပြောတယ်
"မင်းတို့က ကိုယ့်တာဝန်ကိုယ်တောင် မသိကြမှတော့ ဒီနေ့ခင်းကင်းလှည့်နတ်ဘုရား ရာထူးက မင်းတို့နဲ့ မကိုက်ညီတော့ဘူး ဒီနေ့ကစပြီး မင်းတို့ နေ့ခင်းကင်းလှည့်နတ်ဘုရား ရာထူးကနေ ပြုတ်ပြီ ငါတို့ နေ့ခင်းကင်းလှည့်မျိုးနွယ်နဲ့လည်း ဘာမှ မသက်ဆိုင်တော့ဘူး မင်းတို့ ပိုင်ဆိုင်သမျှ အားလုံးကို ကျန်တဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရားတွေက လွှဲပြောင်းယူလိမ့်မယ်"
ဝူးလျိုတို့ အုပ်စုရဲ့ မျက်နှာတွေဟာ တဖြည်းဖြည်း ဖြူဖျော့လာကြတယ်။
သူတို့ရဲ့ နယ်မြေတွေဆိုတာ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း တည်ဆောက်ခဲ့ရတာဖြစ်ပြီး သူတို့ပိုင်ဆိုင်သမျှ ဆယ်ပုံကိုးပုံက အဲဒီမှာ ရှိနေတာ။
အခု ဒါတွေကို လက်လွှတ်လိုက်ရတော့မှာလား
ဒါပေမဲ့ သူတို့တွေ ဒီနေခင်းကင်းလှည့်အရှင်ကို မျက်နှာချင်းဆိုင် မချေပရဲကြဘူး။
ဖူကျင့်ရဲ့ အဆုံးသတ်ကို သူတို့ ကိုယ်တိုင် မမြင်ခဲ့ရပေမဲ့ တစ်ဆင့်စကားတွေအရတော့ ဒီနေခင်းကင်းလှည့်အရှင်က လက်စမနှေးသလို ငရဲမင်းရဲ့ အားကိုးမှုကိုလည်း ရထားတဲ့ပုံပဲ...
"အားလုံးပဲ... မင်းတို့ရဲ့ ယင်ချပ်ကာအင်္ကျီတွေကို အပ်လိုက်ကြတော့"
တုယွန်းရွှီက လေးလေးပင်ပင် စကားစလိုက်တယ်။
ရာထူးက မပြုတ်တဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရားတွေဟာ ရုတ်တရက် သတိဝင်လာကြတယ်။
တကယ်လို့ ဒီဖြုတ်ခံရတဲ့ကောင်တွေရဲ့ နယ်မြေတွေကို သူတို့ လွှဲပြောင်းယူရမယ်ဆိုရင် နောက်ဆို သူတို့ရမယ့် ယင်သက်တမ်းဒင်္ဂါးတွေနဲ့ အကျိုးအမြတ်တွေက နှစ်ဆ၊ သုံးဆ တိုးလာတော့မှာ မဟုတ်လား
ဒါကို တွေးမိတာနဲ့ သူတို့ရဲ့ အသက်ရှူသံတွေက မြန်လာကြတယ် ဒါက သာမန်လူတွေ စိတ်ကူးလို့တောင် မရနိုင်တဲ့ အကျိုးအမြတ်ကြီးပဲ
ဝူးလျိုဟာ ခဏလောက် တိတ်ဆိတ်သွားပြီးနောက် သူ့ကိုယ်ပေါ်က သံချပ်ကာကို အသာအယာ ချွတ်လိုက်ပြီး တုယွန်းရွှီဆီကို အပ်ဖို့ လုပ်နေတုန်းမှာပဲ ယိုဖန့် နဲ့ ကျင်ရွှေ တို့ အပြေးအလွှား ရောက်လာကြတော့တယ်။
သူတို့နှစ်ယောက်တင် မဟုတ်ဘူး၊ သူတို့ရဲ့ လက်အောက်ငယ်သားတွေဖြစ်တဲ့ ယင်ရဲမက်တွေနဲ့ ညကင်းလှည့်နတ်ဘုရားတွေကိုလည်း အများကြီး ခေါ်လာခဲ့ကြတယ်။
ဝူးလျိုက ဒါကို မြင်တာနဲ့ သံချပ်ကာကို ပြန်ယူလိုက်ပြီး တုယွန်းရွှီဆီ မအပ်တော့ဘဲ ကျင်ရွှေကို လက်အုပ်ချီ နှုတ်ဆက်လိုက်တယ်
"ဝူးလျို... ညကင်းလှည့်အရှင် ကျင်ရွှေကို ဂါရဝပြုပါတယ်"
ကျင်ရွှေက ခေါင်းညိတ်ပြလိုက်ပေမဲ့ သူ့ကို ဂရုစိုက်ဖို့ စိတ်မပါဘူး။
သူမက ဖန့်ချန်ကို ကြည့်ပြီး လေးနက်တဲ့ မျက်နှာထားနဲ့
"ဖန့်အရှင် တစ်စုံတစ်ယောက်က ကျမကို ပြောတယ်... ရှင်က ယင်လောကရဲ့ စည်းမျဉ်းတွေကို ပြောင်းလဲပစ်တော့မယ် ဆိုတာ ဟုတ်ပါသလား"
ယိုဖန့်က အသက်ပြင်းပြင်းရှူလိုက်ပြီး
"ဖန့်အရှင် ဒီစည်းမျဉ်းတွေကို လွယ်လွယ်နဲ့ ပြောင်းလို့ မရဘူးဗျ တကယ်လို့ ယင်လောကမှာ ဆူပူမှုတွေ ဖြစ်လာရင် ခင်ဗျားနဲ့ ကျုပ်လည်း ဒီပြစ်ဒဏ်ကို မခံနိုင်ဘူး ငရဲမင်းကလည်း သေချာပေါက် ဒေါသထွက်လိမ့်မယ်"
"နှစ်ယောက်လုံး... တကယ်လို့ ငါက ဒီနေ့ ဒီစည်းမျဉ်းကို ပြောင်းမှ ဖြစ်မယ်ဆိုရင် မင်းတို့ ငါ့ကို တိုက်ခိုက်ကြမှာလား"
ဖန့်ချန်က ပြုံးပြီး မေးလိုက်တယ်။
ယိုဖန့်နဲ့ ကျင်ရွှေတို့ ကြောင်သွားကြသလို ဝူးလျိုတို့ နေ့ခင်းကင်းလှည့်နတ်ဘုရားတွေရဲ့ မျက်လုံးထဲမှာလည်း တုန်လှုပ်မှုတွေ ဖြတ်ပြေးသွားတယ်။
ဒီနေခင်းကင်းလှည့်အရှင်က ဘယ်လိုလုပ် စကားကို ဒီလောက်အထိ အပြတ်ပြောရဲရတာလဲ တကယ်လို့ ယင်အရှင် တွေအချင်းချင်း စစ်ခင်းကြရင် ယင်လောကကြီးကတော့ ဖရိုဖရဲ ဖြစ်ကုန်တော့မှာပဲ
"ငါက ငါ့ရဲ့ နေ့ခင်းကင်းလှည့်မျိုးနွယ်ရဲ့ ကိစ္စတွေကို ရှင်းနေတာ တကယ်လို့ မင်းတို့နှစ်ယောက် အားနေရင်တော့ တရားသူကြီးဌာန ဘက်ကို သွားပြီး ခဏလောက် ထိုင်နေလိုက်ကြပါဦး"
ဖန့်ချန်က ပြုံးပြီး
"ယွန်းရွှီ... ဧည့်သည်ကို လိုက်ပို့လိုက်"
တုယွန်းရွှီ စိတ်ထဲမှာ ခါးသီးစွာ ပြုံးလိုက်မိတယ် သူက နှစ်ယောက်ရှေ့ကို အသာအယာ သွားလိုက်ပြီး
"ယင်အရှင်တို့.....ကြွပါဗျာ"
ယိုဖန့်ရဲ့ မျက်နှာက အရောင်မျိုးစုံ ပြောင်းသွားပြီး နောက်ဆုံးမှာတော့ ဝတ်ရုံကို ခါကာ လှည့်ထွက်သွားတော့တယ်။
သူ့မျက်နှာကတော့ အသားကုန် စိမ်းပုပ်နေတာပဲ။
ကျင်ရွှေက ခဏလောက် တိတ်ဆိတ်သွားပြီး တိုးတိုးလေး ပြောတယ်
"နေ့ခင်းကင်းလှည့်နဲ့ ညကင်းလှည့်က တစ်နွယ်တည်းပဲလေ ဖန့်ယင်အရှင်အနေနဲ့ မီးနဲ့မကစားမိဖို့ မျှော်လင့်ပါတယ် တကယ်လို့ ယင်လောကသာ ဆူပူသွားရင် ငရဲမင်းကတော့ ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး"
"ကျင်ယင်အရှင်... ဒီကိစ္စအတွက်တော့ မင်း စိုးရိမ်ပေးဖို့ မလိုပါဘူး မင်း စဉ်းစားပေးရမှာက ဝူးလျိုကို ဘယ်လို စီစဉ်ပေးမလဲ ဆိုတာပဲ"
ဖန့်ချန်က ပြုံးပြီး
"သူ့မှာ နေ့ခင်းကင်းလှည့်နတ်ဘုရား ရာထူး မရှိတော့ဘူးဆိုတော့ မင်းရဲ့ ညကင်းလှည့်နတ်ဘုရားတွေထဲမှာ သူ့အတွက် လစ်လပ်တဲ့နေရာ ရှိလား"
ဝူးလျိုရဲ့ မျက်နှာက ချက်ချင်း ပျက်သွားတယ်။
တစ်ဖက်လူက အကုန်သိနေတာလား သူက တုယွန်းရွှီကို အလိုအလျောက် လှမ်းကြည့်လိုက်မိတယ် သေချာပေါက် ဒီလူ ပြောလိုက်တာပဲ ဖြစ်ရမယ်
ကျင်ရွှေက ဖန့်ချန်ကို အကဲခတ်သလို ကြည့်လိုက်ပြီး နှာခေါင်းတစ်ချက် ရှုံ့ကာ
"ဒါက ဖန့်ယင်အရှင် ပူစရာ မလိုတဲ့ ကိစ္စပါ ကျမဘာသာ စီစဉ်လိုက်ပါ့မယ်"
ပြောပြီးတာနဲ့ သူမလည်း လှည့်ထွက်သွားတော့တယ်။
"အားလုံးပဲ... သံချပ်ကာတွေ အပ်လိုက်ကြတော့"
တုယွန်းရွှီက ဝူးလျိုတို့ကို ကြည့်ပြီး ပြောလိုက်တယ်။
ယင်နယ်စား ယိုဖန့်နဲ့ ကျင်ရွှေတို့ ရောက်လာရင် ဒီနေ့ အခြေအနေက ပြောင်းလဲသွားမယ်လို့ သူတို့ ထင်ခဲ့ကြတာ။
မထင်မှတ်ဘဲ သူတို့နှစ်ယောက်က ဟန်ပြလောက်ပဲ လာပြောပြီး သူတို့ဘက်က ရပ်တည်မပေးဘဲ ပြန်ထွက်သွားကြတာပဲ။
ဒီနေ့ခင်းကင်းလှည့်နတ်ဘုရားတွေ စိတ်ထဲမှာ နည်းနည်းတော့ နောင်တရသွားကြတယ်။
ဒီလောက် စောစောစီးစီး ရပ်တည်ချက် မပြခဲ့သင့်ဘူး၊ အပြင်မြို့တွေမှာ နှစ်ပေါင်းများစွာ နေခဲ့ကြလို့ စိတ်ကြီးဝင်နေတဲ့ အကျင့်တွေက အခုတော့ သူတို့ကို ဒုက္ခပေးလိုက်ပြီ။
ဝူးလျိုက သံချပ်ကာကို အပ်လိုက်တာနဲ့ ကျန်တဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရားတွေလည်း မျက်နှာသေလေးတွေနဲ့ သံချပ်ကာတွေကို တစ်ယောက်ပြီးတစ်ယောက် အပ်လိုက်ကြရတော့တယ်။
သံချပ်ကာ မရှိတော့ဘူးဆိုရင် အမိန့်တော်တံဆိပ်မရှိတော့တာနဲ့ အတူတူပဲ ဒါဆိုရင် ယင်လောကမှာ နေ့ခင်းကင်းလှည့်နတ်ဘုရားအဖြစ် ရထားတဲ့ အခွင့်ထူးတွေ အကုန် ဆုံးရှုံးသွားပြီ။
နောက်ဆို သူတို့ အောက်ဆင်းချင်ရင် တစ်ခေါက်တိုင်းအတွက် ယင်သက်တမ်းဒင်္ဂါးတွေ သုံးပြီး ဝမ့်ချွမ်းမြစ် ကို ဖြတ်ကျော်ရတော့မယ်...
ဒါတင်မကဘူး၊ တခြားမြို့တွေကို သွားချင်ရင်လည်း ယင်သက်တမ်းဒင်္ဂါး အများကြီး ပေးဆောင်ရဦးမယ်။
အောက်ဆင်းသူတွေ ပေးတဲ့ အကျိုးအမြတ်တွေလည်း သူတို့ဆီ ရောက်လာတော့မှာ မဟုတ်ဘူး။
အချုပ်ပြောရရင် ဒီတစ်ခေါက်တော့ အရှုံးကြီး ရှုံးသွားပြီ။
ကံကောင်းတာတစ်ခုကတော့ သူတို့ စိတ်ထဲမှာ မျှော်လင့်ချက်လေး တစ်ခု ရှိနေသေးတယ်၊ ဒီကိစ္စကို ယင်နယ်စားတွေက ဖိအားပေးပြီး နှိမ်လိုက်နိုင်ရင် သူတို့ ရာထူးပြန်ရနိုင်တယ်လို့ တွေးနေကြတာကြောင့် အခုထိတော့ မျက်နှာပျက်အောင် မလုပ်ကြသေးဘူး။
ဝူးလျိုတို့ အုပ်စု ဝါးဥယျာဉ်ထဲက ထွက်သွားပြီးတဲ့နောက်၊ ကျန်နေတဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရားက ၅၀ ဝန်းကျင်ပဲ ရှိတော့တယ်၊ တစ်ဝက်လောက် လျော့သွားတာပဲ။
"မင်းတို့ သွားပြီး အလုပ်တွေ လွှဲပြောင်းယူလိုက်ကြတော့ ပြီးတော့ ငါ့စကားကိုလည်း အောက်ကို ဖြန့်လိုက်ပါ"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်။
နေ့ခင်းကင်းလှည့်နတ်ဘုရားတွေ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ထဲမှာ စိတ်လှုပ်ရှားမှုတွေနဲ့အတူ အမိန့်ကို နာခံကာ ထွက်ခွာသွားကြတော့တယ်။
တုယွန်းရွှီက သိမ်းထားတဲ့ သံချပ်ကာတွေကို ဖန့်ချန်ဆီ ရိုရိုသေသေ အပ်လိုက်တယ်။
ဖန့်ချန်က အဲဒီအထဲက နှစ်စုံကို ထုတ်ပြီး ဖြူလေးနဲ့ မည်းလေး ဆီကို ပစ်ပေးလိုက်တယ်။
"မင်းတို့ နေ့ခင်းကင်းလှည့်ဗိုလ်ချုပ် မလုပ်နဲ့တော့တိုက်ရိုက် နေ့ခင်းကင်းလှည့်နတ်ဘုရား ပဲ လုပ်လိုက်ကြ မကြာခင်မှာ မင်းတို့ရဲ့ ကျင့်ကြံမှုတွေကလည်း သူတို့ကို မီလာလိမ့်မယ်လို့ ငါ ယုံကြည်တယ်"
ဖြူလေးနဲ့ မည်းလေး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ စိတ်ဝင်တစားနဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရားရဲ့ ရွှေနီရောင် သံချပ်ကာတွေကို ဝတ်လိုက်ကြတဲ့အခါ သူတို့ရဲ့ အမူအရာက ချက်ချင်း ပြောင်းလဲသွားတယ်။
ထူးဆန်းတဲ့ ခံစားချက်တစ်ခု သူတို့ဆီမှာ ပေါ်လာတယ်၊ ကျင့်ကြံမှု တိုးတက်လာသလိုခံစားရရုံတင်မကဘဲ ဆန်းကြယ်တဲ့ နတ်ဘုရားစွမ်းအင် တွေပါ ရလာသလိုပဲ။
"ယွန်းရွှီ... ဒီကိစ္စက အချိန်တိုအတွင်းတော့ အောင်မြင်မှာ မဟုတ်ဘူး ဒါပေမဲ့ ဘယ်သူတွေ ဘာလှုပ်ရှားမလဲဆိုတာ စောင့်ကြည့်လို့ရတယ် မင်း ဒါကို ဆက်ကြည့်ပေးထား ဘယ်သူကပဲ လာတားတား မင်း ဂရုစိုက်စရာ မလိုဘူး ငါ နောက်တစ်ခေါက် ရှန်းကျင်းကို လာမှ ငါ့ကို ပြောပြရင် ရပြီ ဖြူလေးနဲ့ မည်းလေးက ငါ့ရဲ့ လူယုံတွေဆိုတော့ သူတို့ကိုလည်း နည်းနည်း လမ်းပြပေးပါဦး"
ဖန့်ချန်က မှာကြားပြီးနောက် ဝါးဥယျာဉ်ထဲက ထွက်ခွာသွားတော့တယ်။
တုယွန်းရွှီကတော့ လေးလေးနက်နက်နဲ့ ဖြူလေး၊ မည်းလေးကို လက်အုပ်ချီပြီး
"အရာရှိဖြူ၊ အရာရှိမည်း... နောက်ဆို ကျုပ်ကို လမ်းပြပေးပါဦးဗျာ"
"အားနာစရာကြီးဗျာ ကူညီပေးပါဦး"
ဖြူလေးနဲ့ မည်းလေးက ပြုံးပြီး လက်အုပ်ချီ နှုတ်ဆက်လိုက်ကြတော့တယ်။