အခန်း (၂၄၁)
Vol. 25 Ch. 241
ယခုအချိန်တွင် လီလီဗီ ဖိတ်ခေါ်ထားသော ထိုငရဲမိစ္ဆာအရှင်သခင်များသည် အသုံးမကျသော သူများသဖွယ် ဖြစ်နေကြပြီး စကားတစ်ခွန်းပင် မဟရဲကြချေ။ ရှီမင်သည်လည်း ကျုံးရှန်၏ ညွှန်ကြားချက် မရရှိသေးသဖြင့် မည်သည့်အသံမျှ မထွက်ဘဲ ငြိမ်သက်နေပေသည်။
သို့သော်လည်း ကျုံးရှန် ကိုယ်တိုင်မှာမူဆိတ်ချိုမိစ္ဆာလေးအဖြစ်ဟန်ဆောင်ထားသော်လည်း သူ၏ခေါင်းလောင်းကဲ့သို့ ဝိုင်းစက်လှသော မျက်လုံးများဖြင့် ဂူချီရှာကို အားမနာတမ်း စိုက်ကြည့်နေသည်။
ဤသို့ ရန်လိုသော အကြည့်ကို ခံစားလိုက်ရပြီးနောက်တွင် ဂူချီရှာ၏ ခန္ဓာကိုယ်မှ လူသတ်လိုသော အရှိန်အဝါများ ချက်ချင်း ထွက်ပေါ်လာသည်။
အကယ်၍ အစစ်အမှန် မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ် အဆင့်ရှိသော မိစ္ဆာအိုကြီးများသာ ဘေးပတ်ဝန်းကျင်၌ စောင့်ကြည့်မနေခဲ့ကြပါက ဂူချီရှာ၏ စရိုက်အရ ဤဆိတ်ချိုမိစ္ဆာလေးကို နေရာ၌ပင် ချက်ချင်း သတ်ဖြတ်ပစ်မည်ဖြစ်သည်။ သူသည် အပြင်ပန်း၌ တိုက်ရိုက် တိုက်ခိုက်ခြင်း မပြုနိုင်သော်လည်း တိတ်တဆိတ် လုပ်ကြံရန်မူ လက်မနှေးခဲ့ချေ။
သူသည် ကျုံးရှန်ဘက်သို့လှည့်ကြည့်ကာ မျက်စိမှိတ်ပြလိုက်သည်။ ထိုအခါ ဂူချီရှာ၏မျက်လုံးအတွင်းမှမြွေဆိုး ခုနစ်ကောင်ကဲ့သို့ အလွန် နက်နဲလှသည့် သတ်ဖြတ်ခြင်း ဆန္ဒများထွက်ပေါ်လာကာ ကျုံးရှန်၏ မျက်လုံးများအတွင်းသို့ တိုးဝင်သွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားသည်။
ဂူချီရှာ၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားကာ ရက်စက်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ ဤ ဂမ္ဘီရမြွေခုနစ်ကောင်သတ်ဖြတ်ခြင်းဆန္ဒကို ထိမှန်သွားပြီးနောက်တွင် သူ၏ ရှေ့မှ ရဲတင်းလှသော သူတော်စင်အဆင့် ဆိတ်ချိုမိစ္ဆာလေးသည် သေချာပေါက် သေဆုံးရတော့မည်ဟု ယူဆထားလိုက်သည်။
သူ၏ စိတ်ဆန္ဒ တစ်ချက်မျှဖြင့်ပင် ထိုသတ်ဖြတ်ခြင်း ဆန္ဒများကို ဆိတ်ချိုမိစ္ဆာလေး၏ ဝိညာဉ်အတွင်း၌ ပေါက်ကွဲသွားအောင် မကြာခင်ပြုလုပ်နိုင်ပေလိမ့်မည်။ ဆိတ်ချိုမိစ္ဆာလေး၏အသက်ရှင်ခြင်းနှင့် သေခြင်းသည် သူ၏ လက်ခုပ်အတွင်း၌သာ ရှိနေလေသည်။
"မင်းသမီးက တိုင်းပြည်ကို ဖျက်ဆီးနိုင်တဲ့ အလှမျိုး ပိုင်ဆိုင်ထားတာပဲ... ဘာလို့ ဒီလို အဆင့်မရှိတဲ့ကောင်တွေနဲ့ ရောနှောနေရတာလဲ..."
"ငါနဲ့အတူ မျှော်စင်တက်တာက ပိုမကောင်းဘူးလား... ငါ ဂူချီရှာက ဟိုမိစ္ဆာအိုကြီးတွေကို မယှဉ်နိုင်သေးဘူး ဆိုပေမဲ့ လူငယ်မျိုးဆက်ထဲမှာတော့ ထိပ်တန်း ကျွမ်းကျင်သူ တစ်ယောက်ပဲလေ..."
သူ၏ အမြင်တွင် ထိုဆိတ်ချိုမိစ္ဆာလေးသည် သေလူတစ်ယောက်နှင့် မခြားတော့သဖြင့် လီလီဗီကိုသာ ဆက်လက်၍ ဖိတ်ခေါ်နေလိုက်သည်။
အကယ်၍ လီလီဗီသာ သူ၏ ဖိတ်ခေါ်မှုကို လက်ခံလိုက်ပါက မည်သို့သော အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို မည်သူမဆို ခန့်မှန်းနိုင်ပေသည်။
သို့သော်လည်း ကျုံးရှန်အတွက်မူ ဤဂူချီရှာ၏ အစွမ်းသည် သူ့ကိုဒဏ်ရာတစ်ချက်ရအောင်လုပ်ရန်ပင် အဆင့်မမီသေးချေ။ သတ်ဖြတ်ခြင်း ဆန္ဒဖြင့် ဖန်တီးထားသော မြွေဆိုး ခုနစ်ကောင်သည် ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ၏ နတ်ဘုရားနန်းဝောာ် ငါးခုမှ အရှင်သခင်များ၏ ချုပ်နှောင်မှုကိုခံလိုက်ရသည်။
ထို့အပြင် ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်တော်မှ ဖန်တီးထားသော ရွှေရောင်ကိုယ်ပွားငယ်လေးသည်လည်း ထိုသတ်ဖြတ်ခြင်းဆန္ဒများကို ထပ်မံဖိနှိပ်လိုက်ရာ ကျုံးရှန်၏ခန္ဓာကိုယ်အတွင်း၌ မည်သည့် ပေါက်ကွဲကိုမျှ မပြုလုပ်နိုင်ကြတော့ပေ။
ကျုံးရှန် ရုပ်ဖျက်ထားသော ဆိတ်ချိုမိစ္ဆာလေးသည် ထိုမဟာမိစ္ဆာအိုကြီးများ၏ စူးစမ်းမှုကို မကျော်လွှားနိုင်သော်လည်း ဤဂူချီရှာကိုမူ ကောင်းစွာ လှည့်စားနိုင်လိုက်ပေသည်။ ဤအချက်ကို ကြည့်ခြင်းဖြင့်ပင် ဂူချီရှာသည် ထိပ်တန်း မဟာမိစ္ဆာအရှင်သခင်ကြီးများနှင့် ယှဉ်လျှင် ကွာခြားချက် များစွာ ရှိနေသေးကြောင်း ထင်ရှားလှသည်။
လီလီဗီသည် သူမ၏ နှုတ်ခမ်းပါးလေးကို ကိုက်လိုက်ကာ ဝေခွဲမရဖြစ်နေသည်။ ဤနေရာ၌ ရှိနေသူများအနက် ကျုံးရှန်နှင့် အစစ်အမှန်မိစ္ဆာနတ်ဘုရားနယ်ပယ်အဆင့် ၃ အထွတ်အထိပ် အဆင့်ရှိကျွမ်းကျင်သူများသာ ဂူချီရှာကို လျစ်လျူရှုနိုင်ကြသည်။ သို့ဖြစ်ရာ ဂူချီရှာဆီမှ ထွက်ပေါ်နေသည့်အလွန် ပြင်းထန်သော ဖိအားတစ်ခုကို အခြားမိစ္ဆာများနည်းတူ လီလီဗီလည်း ခံစားနေရကာ လက်ခံရန်လည်း ခက်ခဲသကဲ့သို့ ငြင်းပယ်ရန်မှာလည်း မလွယ်ကူလှချေ။
ယခုအခါတွင် ကောင်းကင်တက်လှမ်းမျှော်စင် ပွင့်ရန် နာရီအနည်းငယ်သာ လိုတော့သည်။ ဂူချီရှာသည် လီလီဗီကို နှောင့်ယှက်နေစဉ်၌ ရုတ်တရက် ကိုးထပ်မြောက် ကုန်းမြေတိုက်ကြီးသည် အနည်းငယ် တုန်ခါသွားသည်။ ဤတုန်ခါမှုသည် သာမန်ကာလျှံကာ မဟုတ်ချေ။ မျက်လုံးများမှိတ်ကာ မိမိကျင့်စဉ်ကိုသာအာရုံစူးစိုက်နေကြသော မဟာမိစ္ဆာအရှင်သခင်ကြီးများ အားလုံးသည်လည်း သူတို့၏ မျက်လုံးများကို ဖွင့်လိုက်ကြလေသည်။
ကိုးထပ်မြောက် ကုန်းမြေတိုက်သည် ကိုးထပ်ငရဲဘုံ၏ အသေးငယ်ဆုံး အစိတ်အပိုင်းဖြစ်သော်လည်း အခိုင်မာဆုံးသော နယ်မြေတစ်ခုလည်း ဖြစ်သည်။ ယင်းသည် ကောင်းကင်ထောက်တိုင်၏ အဆုံး၌ တည်ရှိနေသကဲ့သို့ အခြားသော အထပ်ရှစ်ထပ်ရှိကုန်းမြေတိုက်များကိုလည်း အရှိန်အဝါဖြင့် ဖိနှိပ်ထားခြင်း ဖြစ်ကာ တုန်ခါမှုတစ်ခုဖြစ်အောင်ပြုလုပ်ရန်မလွယ်ကူလှပေ။
သို့ဖြစ်ရာ ထိုသို့သော ကုန်းမြေတိုက်ကြီးကို တုန်ခါသွားအောင် ပြုလုပ်နိုင်ခြင်းသည် အထွတ်အထိပ် မဟာမိစ္ဆာအရှင်သခင်ကြီးများ၏ အားမာန်ဖြင့် ဆင်းသက်လာမှုကြောင့်သာ ဖြစ်နိုင်ချေ ရှိသည်။
လာရောက်သူ၌ မကောင်းသောစိတ်ဓာတ်ရှိ နေသည်မှာ သေချာလှသည်။
ကိုးထပ်ကုန်းမြေတိုက်၏ ကောင်းကင်ထက်မှ ဖိအားတစ်ခု သက်ရောက်လာသည်။ မိစ္ဆာအရှင်သခင်တိုင်းသည် မိမိတို့၏ အထက်၌ အလေးချိန် သန်းချီစီးသည့် ဧရာမဓားကြီးတစ်လက် ဖိချလာသကဲ့သို့ ခံစားလိုက်ရသည်။
"မိစ္ဆာသောက်သုံးဓားဆန္ဒ..."
ချောက်နက်မိစ္ဆာအရှင်သခင်သည် ဖြည်းညှင်းစွာ ထရပ်လိုက်၏။ လာရောက်သူသည် သူ၏ ရန်သူဟောင်း တစ်ဦး ဖြစ်သော်လည်းသူ၏ မျက်နှာထားသည် ပြောင်းလဲခြင်း မရှိဘဲ တည်ငြိမ်နေမြဲပင် ဖြစ်သည်။
"ဂူကျဲထူ ဆိုတဲ့ အကောင်"
"လျန့်ယွီမိစ္ဆာအရှင်သခင်ကိုယ်တိုင် အကြိမ်ကြိမ် သတ်ဖို့ ကြိုးစားခဲ့တာတောင် မသေတဲ့အပြင် ကြီးမားတဲ့ ကံကောင်းမှုတွေကို ရရှိပြီး အဆင့် ၃ အထွတ်အထိပ် အဆင့်ကိုတောင် ရောက်သွားပြီပဲ..."
သူသည် သူ၏ရှေ့မှမြင်ကွင်းကိုကြည့်ကာ တိုးညှင်းစွာ ရေရွတ်လိုက်သည်။
ထိုအချိန်တွင် အဆုံးမရှိသော ဓားဆန္ဒများသည် ကောင်းကင်ထက်မှ ကျဆင်းလာပြီး အရာအားလုံးကို ဖြတ်တောက်တော့မည့်အလား ရှုပ်ထွေးမာန်ဝံ့လှသော ထက်ရှသည့်ဖြတ်တောက်ခြင်းစွမ်းအားများကို သယ်ဆောင်လာသည်။
ဤသို့သော အပြုအမူသည် ကောင်းကင်တက်လမ်းခြင်းမျှော်စင်၏အနီးတစ်ဝိုက်တွင်ရပ်ကြည့်နေကြသည့် သောင်းနှင့်ချီသည့် မိစ္ဆာများနှင့် မဟာမိစ္ဆာအရှင်သခင်ကြီးများကိုပါ အစွမ်းပြလိုကြောင်းဖော်ပြနေခြင်းပင် ဖြစ်သည်။ သို့သော်လည်း ထိုမြင့်မြတ်လှသော တည်ရှိမှုများသည် ဤအခြေအနေကို ခွင့်ပြုမည် မဟုတ်ချေ။
"ဂူကျဲထူ... မင်းက သိပ်ကို ရဲတင်းလွန်းတာတယ်..."
"မျှော်စင်ပွင့်တာက အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တဲ့အတွက်... မင်းကို နှောင့်ယှက်ခွင့် မပြုနိုင်ဘူး..."
ယမမင်းသည် သူ၏ စီရင်ချက်စုတ်တံကို ကိုင်ကာ သေခြင်းရှင်ခြင်းစာအုပ်နှင့်အတူ ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ အခြားသော မဟာမိစ္ဆာအရှင်သခင်ကြီးများသည်လည်း သူတို့၏ နည်းလမ်းအသီးသီးဖြင့် ကောင်းကင်ယံမှကျဆင်းလာသော ဓားဆန္ဒအရှိန်အဝါများကို ဖယ်ရှားလိုက်ကြသည်။
ဓားဆန္ဒအရှိန်အဝါများ ကုန်ဆုံးသွားပြီးနောက်တွင် အရပ်မြင့်မားသော ပုံရိပ်တစ်ခုသည် မိစ္ဆာအမှတ်အသားများ ပါရှိသည့် မိစ္ဆာသတ်ဖြတ်ခြင်းဓားကို ပခုံးထက်၌ ထမ်းကာ ပေါ်ပေါက်လာသည်။ သူသည် ကျောက်စိမ်းရောင်ဘူသီးခြောက်ကို ကိုင်ကာ အရက်တစ်ချိုက် သောက်လိုက်ပြီးနောက်တွင် အရိုင်းဆန်စွာ ရယ်မောလိုက်၏။
"ဟားဟားဟား..."
"မင်းတို့လို လိပ်အိုကြီးတွေက မျှော်စင်ပွင့်တဲ့ အချိန်ကို အခွင့်ကောင်းယူပြီး တားမြစ်နယ်မြေ သုံးခုဆီကို သွားပြီး စူးစမ်းနေကြတာပဲ မဟုတ်လား..."
"ဒါမှမဟုတ်ရင်လည်း မိစ္ဆာပျက်သုဥ်းနယ်မြေ ဆီကို သွားပြီးတော့ လူမသိတဲ့ ကိစ္စတွေကို လုပ်နေကြတာပဲကို..."
"ဒီလို ပုံရိပ်ယောင်ကိုယ်ပွား လောက်နဲ့ ငါ့ကို ခြောက်လှန့်နိုင်မယ်လို့ မင်းတို့ ထင်နေတာလား..."
"နှမြောစရာ ကောင်းတာက အဲ့လူအိုကြီးလျန့်ယွီ ဒီမှာ မရှိတာပဲ..."
"ဒီနေ့တော့ မင်းတို့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်တွေကို ခဏလွှတ်ထားပေးပြီး... ဒီမျှော်စင်တက်မယ့် မိစ္ဆာအရှင်သခင်တွေကို သတ်ဖြတ်ပြီး အကြွေးတချို့ အရင်တောင်းတာပေါ့..."
သူ၏ အသံသည် ကိုးထပ်မြောက် ကုန်းမြေတိုက်ကြီး တစ်ခုလုံး၌ ဟိန်းထွက်သွားပေသည်။
နတ်ဘုရားအဆင့် ၂ ရှိသော မိစ္ဆာအရှင်သခင်များ အားလုံး ထိတ်လန့်သွားကြသည်။
မဟာမိစ္ဆာအရှင်သခင်ကြီးများသည် ဤနေရာ၌ ကိုယ်ပွားများဖြင့်သာ ရှိနေကြခြင်း ဖြစ်သည်မှာ အမှန်ပင်လော။
ဤဓားကျင့်ကြံသူမိစ္ဆာ၏ အစွမ်းသည် ထိုမဟာမိစ္ဆာအရှင်သခင်ကြီးများထက် မနိမ့်ကျရာ ဂူချီရှာ၏ အရှိန်အဝါပင် ဤသူနှင့် ယှဉ်လိုက်ပါက အမှိုက်သဖွယ်သာ ဖြစ်သွားရသည်။
ထို့နောက်တွင် ကောင်းကင်ပေါ်မှပုံရ်ိပ်သည် မည်သို့ လှုပ်ရှားလိုက်သည်ကို မသိလိုက်ဘဲ တဖြည်းဖြည်း ဝေဝါး ပျောက်ကွယ်သွားကာ မြို့လယ်ရှိ ဟင်းလင်းပြင် အထက်၌ ပေါ်ပေါက်လာသည်။ ထို့နောက်သူသည် မိစ္ဆာသတ်ဖြတ်ခြင်းဓားကို မြောက်လိုက်ရာ ဓားသွားထက်ရှိ မိစ္ဆာအမှတ်အသားများလင်းလက်လာကာ ဓားချက် မကျဆင်းမီမှာပင် ပတ်ဝန်းကျင်ရှိ မိစ္ဆာစွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူလိုက်ကြသည်။
ကိုးထပ်မြောက် ကုန်းမြေတိုက်ကြီးသည်လည်း အဆက်မပြတ် တုန်ခါနေကာ ဓားချက်အောက်ရှိ ဟင်းလင်းပြင်များသည် အထပ်ထပ် ဖြတ်တောက်ခံလိုက်ရ၏။
ဟင်းလင်းပြင်၏ အစစ်အမှန် မျက်နှာပြင်များ ပေါ်ထွက်လာလေသည်။ ထိုအထပ်ထပ်သော ဟင်းလင်းပြင် ကြားခံလွှာများအတွင်း၌ မရေတွက်နိုင်သော အချိန်နှင့် နေရာများ ရှိနေပြီး ကမ္ဘာကြီး တစ်ခုစီသည် အရုပ်ငယ်များ တစ်ခုအတွင်း တစ်ခု ထည့်ထားသကဲ့သို့ ရှိနေကြသည်။
အမှန်စင်စစ်တွင် သူတော်စင်အဆင့် ၆ သို့ ရောက်ရှိပြီးနောက်တွင် ကောင်းကင်တာအို၏ အသိအမှတ်ပြုခြင်းကို ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ဟင်းလင်းပြင်အတွင်း၌ သူတော်စင်ဘုံများကို တည်ထောင်နိုင်ကြသည်။ စစ်မှန်သော နတ်ဘုရားနှင့် အတုအယောင် နတ်ဘုရားများအကြား အကြီးမားဆုံး ကွာခြားချက်သည် သက်တမ်းနှင့် စွမ်းအားသာ ဖြစ်၏။
ယခုအခါတွင် ရုတ်တရက် ရောက်ရှိလာသော ဤဓားသမားသည် သူ၏ အစွမ်းတစ်ခုတည်းဖြင့် မျှော်စင်တက်မည့် မိစ္ဆာအရှင်သခင် အားလုံးကို သတ်ဖြတ်ရန် ကြိုးစားနေသည်။
ဟင်းလင်းပြင်သည် လုံးဝ ပျက်စီးသွားကာ အချိန်နှင့် နေရာများ ရှုပ်ထွေးကုန်သည်။ ကိုးထပ်မြောက် ကုန်းမြေတိုက် မဟုတ်သော အရာများပင်လျှင် ဟင်းလင်းပြင် အက်ကြောင်းများကြားမှ ထွက်ပေါ်လာသည်။
ဂူကျဲထူ၏ဓားချက်သည် ဟင်းလင်းပြင် အထပ်ပေါင်းများစွာကို ဖြတ်တောက်သွားခြင်း ပင်ဖြစ်ပြီး ယင်းသည် ဓားချက်မှထုတ်လွှတ်လိုက်သည့် စွမ်းအားအနည်းငယ်သာ ရှိသေးသည်။
မိစ္ဆာအရှင်သခင် အားလုံးသည် အလွန်အမင်း ထိတ်လန့်နေကြသကဲ့သို့ ဂူချီရှာနှင့် အခြားသော ပါရမီရှင်များသည်လည်း သူတို့၏ ရတနာများကို အသုံးပြုကာ ဝေးရာသို့ ထွက်ပြေးနေကြသည်။
'ဒီမိစ္ဆာရဲ့ ဓားပညာက တကယ့်ကို အံ့မခန်းပဲ...'
'ဓားဆန္ဒက သန့်စင်နေသလို ထင်ရပေမဲ့ အမှန်တကယ်ကျတော့ သိပ်ကို ရှုပ်ထွေးလွန်းနေတယ်...'
'ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ရဲ့ အငွေ့အသက်တွေတောင် ပါဝင်နေပါ့လား...'
'အဲဒါက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကွယ်လွန်သွားခဲ့တဲ့ ဓားနတ်ဘုရားရဲ့ အရှိန်အဝါပဲ...'
'ဒီလူက ကမ္ဘာနှစ်ခုလုံးရဲ့ ဓားနတ်ဘုရား အမွေအနှစ်ကို ရရှိထားပြီးတော့ ပေါင်းစပ်ထားတာ ဖြစ်ရမယ်...'
'ဒီလောက်အထိ ရဲတင်းတာကိုတော့ ငါတောင် နည်းနည်း သဘောကျမိတယ်...'
ကျုံးရှန်သည် လက်ပိုက်ကာ ကောင်းကင်ယံကို ကြည့်ရင်း စိတ်ထဲမှ မှတ်ချက်ပေးနေလေသည်။ သူသည် မည်သို့မျှ ထိတ်လန့်ခြင်း မရှိဘဲ တည်ငြိမ်နေမြဲပင် ဖြစ်၏။