အခန်း (၂၄၆)
Vol. 25 Ch. 246
ထို့နောက်တွင် အံ့ဩသင့်တုန်လှုပ်သံများသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွား၏။
''ဒီနာမည်က စိမ်းနေသလိုပဲ''
''ခုနက ဂူကျဲထူကို ရုတ်တရက် တိုက်ခိုက်လိုက်တဲ့ ကျွမ်းကျင်သူလား''
''ဖြစ်နိုင်ခြေ အများကြီး ရှိတယ်...''
''ဒါပေမဲ့ သူ့ရဲ့ ကံတရားကတော့ သိပ်မကောင်းဘူး ထင်ရတာပဲ...''
''ဒီလေသဲငရဲဘုံဆိုတာ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ရဲ့ အန္တရာယ်အရှိဆုံးနေရာ မဟုတ်လား''
''ဖိနှိပ်မှုစွမ်းအားက အရမ်းပြင်းထန်ရုံတင်မကဘူး... အထွတ်အထိပ် မိစ္ဆာအရှင်သခင်ကြီးတွေတောင် မျက်မှောင်ကြုတ်ရမယ့် နေရာမျိုးပဲ''
မိစ္ဆာအရှင်သခင်အများအပြားသည် အချင်းချင်း ဆွေးနွေးနေကြကာ သူတို့၏ လေသံထဲတွင် နှမြောတသဟန်များ ပါဝင်နေသည်။
အဘယ်ကြောင့်ဆိုသော် ဂူကျဲထူသည် ကိုးထပ်မြောက် ကုန်းမြေတိုက်တွင် အကြီးအကျယ် သတ်ဖြတ်ခဲ့ပြီး မျှော်စင်ကို အချိန်မတိုင်မီ ပွင့်စေခဲ့သကဲ့သို့ အချိန်မတိုင်မီလည်း ပိတ်သွားစေခဲ့သည်။ ထို့ကြောင့် မိစ္ဆာအရှင်သခင် ဆယ်ပုံကိုးပုံသည် မျှော်စင်အတွင်းသို့ ဝင်ရောက်ရန် အချိန်မရခဲ့ကြဘဲ သူတို့အားလုံးသည် ဂူကျဲထူအပေါ် အငြိုးအတေးများ ရှိနေကြ၏။ ထိုသူ၏ အကြံအစည်ကို ဖျက်ဆီးခဲ့သော ကျုံးရှန်အပေါ်တွင်မူ အထင်ကြီးလေးစားစိတ်များ ရှိနေကြသည်ဖြစ်သည်။
လျှို့ဝှက်ဆန်းကြယ်သော မိစ္ဆာစွမ်းအင်များ ဖုံးလွှမ်းထားသည့် ကျွမ်းကျင်သူတစ်ဦးသည်ခေါင်းကို ခါယမ်းလိုက်သည်။
''နှမြောစရာကောင်းလိုက်တာ..."
"ဒီလူက ဂူကျဲထူကို တားဆီးနိုင်တယ်ဆိုတော့ တကယ့်ကို အထွတ်အထိပ် ကျွမ်းကျင်သူ တစ်ဦး ဖြစ်ရမယ်..."
"ဒါပေမဲ့ အဲဒီလေသဲငရဲဘုံထဲကို ရောက်သွားမှတော့ ဒီတစ်ခါ မျှော်စင်တက်တဲ့ခရီးမှာ ကြီးကြီးမားမား အောင်မြင်မှုရဖို့ ခက်ခဲသွားပြီ''
ထိုစဉ် အနောက်ဘက်တစ်နေရာမှ နှစ်ပေါင်းသန်းချီ၍ တံခါးပိတ်ကျင့်ကြံနေခဲ့သဖြင့် မျှော်စင်တက်ပွဲကို တစ်ခါမျှ မတက်ရောက်ဖူးဘဲ လာရောက်ကြည့်ရှုသည့် မိစ္ဆာတစ်ဦးသည် အခြေအနေကို နားမလည်နိုင်ဘဲ မေးမြန်းလိုက်၏။
''လူကြီးမင်းတို့... ကျုံးရှန်က လေသဲငရဲဘုံကို ရောက်သွားတာကို ဘာလို့ အားလုံးက ဒီလောက်တောင် အဆိုးမြင်နေကြတာလဲ''
သူ၏ ဘေးတွင်ရှိနေသော ဦးခေါင်းထက်၌ ချွန်ထက်သည့် မိစ္ဆာဦးချိုသုံးချောင်း ပါရှိသည့် မိစ္ဆာက သူ့ကို တစ်ချက် ကြည့်လိုက်သည်။
''ဒါကိုတောင် မသိဘူးလား... မင်းက ဘယ်ချောင်ကြိုချောင်ကြားက ထွက်လာတာလဲ''
''လေသဲငရဲဘုံဆိုတာ ပါရမီရှင်တွေရဲ့ သင်္ချိုင်း... ကျွမ်းကျင်သူတွေရဲ့ ပျက်စီးရာနေရာလို့ ကျော်ကြားတာကွ''
''ရှေးဟောင်း မိစ္ဆာအရှင်သခင်ကြီး သုံးဦး လက်ထက်ကနေ အခုအချိန်ထိ ကျွမ်းကျင်သူ ဘယ်နှယောက်များ ဒီနေရာမှာ လမ်းပျောက်ခဲ့ရလဲ... တချို့ဆိုရင် အထဲမှာတင် သေဆုံးသွားပြီး ဘယ်တော့မှ ပြန်မထွက်လာနိုင်တော့ဘူး''
''သန်းပေါင်းများစွာသော နှစ်တွေအတွင်းမှာ အထဲမှာ ဘာရှိလဲဆိုတာ ဘယ်သူမှ အတိအကျ မသိကြဘူး... အထဲကို ရောက်ဖူးခဲ့တဲ့ မိစ္ဆာအရှင်သခင်ကြီးတွေလည်း ဒီအကြောင်းကို လျှို့ဝှက်ထားကြတာ''
''ဘာပဲဖြစ်ဖြစ်... ဒီနေရာက လုံးဝ မရိုးရှင်းဘူး... ကျန်တာကိုတော့ ထပ်မမေးနဲ့တော့''
သူတို့ ဆွေးနွေးနေကြစဉ်မှာပင် ကောင်းကင်နှင့်မြေကြီးအကြား၌ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ထပ်မံ၍ ကျရောက်လာပြန်သည်။
မိစ္ဆာများသည် ဂူကျဲထူ ပြန်လာသည်ဟု ထင်မှတ်ကာ အသက်လု၍ ထွက်ပြေးရန် ပြင်လိုက်ကြ၏။
ထိုစဉ် ဝေးကွာသော နေရာမှ မြင်းခွာသံများ ထွက်ပေါ်လာသည်။ စူးစမ်းလိုစိတ်ရှိသော မိစ္ဆာအချို့က လှည့်ကြည့်လိုက်သောအခါ ကမ္ဘာဦးအစွမ်းများ ဖြာထွက်နေသည့် မီးခိုးရောင်မြင်းတစ်ကောင်သည် ဟင်းလင်းပြင်ကို နင်းဖြတ်ကာ လျင်မြန်စွာ ပြေးဝင်လာသည်ကို တွေ့မြင်လိုက်ရသည်။
မြင်းပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အမည်းရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး မီးခိုးရောင် လှံရှည်တစ်စင်းကို ကိုင်ဆောင်ထားထိုင်နေသည်။ သူ၏ နောက်ကျောမှ ဝတ်ရုံစသည်လေထဲတွင် တဖျတ်ဖျတ် လွင့်နေကာ အလွန်ပင် ခန့်ညားထည်ဝါလှ၏။
''အာ... ဒါက နဂါးတစ်ကောင်လို ဖမ်းရခက်တဲ့ လျန့်ယွီမိစ္ဆာအရှင်သခင် မဟုတ်လား''
''ဟုတ်တယ်... သူ စီးလာတဲ့မြင်းကို ကြည့်ဦး... အဲဒါ ဒဏ္ဍာရီလာ အိပ်မက်ဆိုးဘုရင်ပဲ... ငရဲကမ္ဘာ တစ်ခုလုံးမှာ တစ်ကောင်တည်းရှိတာကို သူက ယဉ်ပါးအောင် လုပ်ထားတာ''
''အဲဒီ အိပ်မက်ဆိုးဘုရင်က မိစ္ဆာနတ်ဘုရားအမြုတေ ပိုင်ဆိုင်ထားတဲ့ အစစ်အမှန် မိစ္ဆာနတ်ဘုရားတစ်ပါးပဲ...''
လူအုပ်ကြီးသည် ထွက်ပြေးနေခြင်းကို ရပ်တန့်လိုက်ကာ အချင်းချင်း တီးတိုး ပြောဆိုနေကြသည်။
သူတို့သည် ဂါရဝပြုရန် ပြင်လိုက်သော်လည်း လျန့်ယွီမိစ္ဆာအရှင်သခင်မှာမူ ရပ်တန့်ခြင်း မရှိပေ။ သူ စီးနင်းလာသော အိပ်မက်ဆိုးဘုရင်သည် အမည်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ မျက်တောင်တစ်ခတ်အတွင်း ကျောက်တိုင်ကြီး၏ အောက်ခြေသို့ ရောက်ရှိသွား၏။ သူသည် ရွှေရောင် စာသားများကို စိုက်ကြည့်ကာ ခေတ္တမျှ ငြိမ်သက်နေပြီးနောက် ထိုနေရာမှ ထွက်ခွာသွားလေသည်။
....
ပြင်ပလောကတွင် ဆူညံပွက်လောရိုက်နေသော်လည်း ကျုံးရှန်မှာမူ အလွန်ပင် တည်ငြိမ်နေသည်။
သူ၏ လက်ထဲတွင် ဝမ်ရှန့်ကုန်းမြေတိုက် မှတ်တမ်း အမည်ရှိ စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထား၏။ ထိုစာအုပ်သည် ချင်ထျန်းတောင်ထိပ်တွင် ရှိစဉ်က အပျင်းပြေ ဖတ်လေ့ရှိသော စာအုပ်တစ်အုပ် ဖြစ်ကာ စစ်မှန်သော ရှေးဟောင်းမူရင်းစာအုပ် ဖြစ်ပြီး စာမျက်နှာများကို ကောင်းကင်နိမိတ်စက္ကူဖြင့် ပြုလုပ်ထားသည်။
ဝမ်ရှန့်ကုန်းမြေတိုက် မှတ်တမ်း စာအုပ်သည် ထူထပ်သောစာအုပ်မဟုတ်သော်လည်း စာမျက်နှာတိုင်းသည် အဆက်မပြတ် ပြောင်းလဲနိုင်ကာ အကြောင်းအရာသစ်များ ပေါ်ထွက်လာနိုင်သလို နှစ်သန်းပေါင်းများစွာကြာသွားသည်အထိ ပျက်စီးခြင်း မရှိပေ။
စာအုပ်အတွင်း၌ ဝမ်ရှန့်ကုန်းမြေတိုက်ရှိ ထူးဆန်းသော ရတနာများနှင့် သက်ရှိများအကြောင်းကို မှတ်တမ်းတင်ထားလေသည်။
ယခုအခါ ကျုံးရှန်သည် စာမျက်နှာတစ်ခုကို လှန်လိုက်လျှင် ထိုစာမျက်နှာပေါ်တွင် ကောင်းကင်အထိ မြင့်မားသော နတ်ဘုရားနွယ်ပင်ကြီးတစ်ပင်ကို ရေးဆွဲထား၏။ ဧရာမ ဘီလူးကြီးများနှင့် နတ်ဘုရားများသည် ထိုနွယ်ပင်ကို အသုံးပြုကာ အောက်ဘက်ကမ္ဘာသို့ ဆင်းသက်လာကြပြီး သက်ရှိတို့အား အသိပညာများ ဖြန့်ဝေပေးခဲ့ကြသည်။ ထို့နောက်ပါရမီရှိသော သက်ရှိများသည် ထိုနွယ်ပင်ပေါ်သို့ တက်လှမ်းကာ နတ်ဘုရားများ ဖြစ်လာခဲ့ကြလေသည်။
သို့သော်လည်း တစ်နေ့တွင် ကောင်းကင်နှင့်မြေကြီးသည် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့၏။ မြေပြင်သည် အက်ကွဲကာ ကောင်းကင်ယံတွင် ထူထပ်သော အမှောင်ထု ဖုံးလွှမ်းသွားသည်။ နတ်ဘုရားများသည် မိုးရေစက်များကဲ့သို့ သေဆုံးခဲ့ကြရကာ ကမ္ဘာမြေကြီးပေါ်တွင် ငိုကြွေးသံများ ပြည့်နှက်သွားခဲ့လေသည်။
ထိုနွယ်ပင်ကြီးသည်လည်း ထူးဆန်းသော စွမ်းအားတစ်ခု၏ ထိမှန်ခြင်းကို ခံလိုက်ရကာ ညှိုးနွမ်းသွားပြီး တဖြည်းဖြည်း သေးငယ်သွားခဲ့ရာမှ နောက်ဆုံးတွင် မျိုးစေ့တစ်ခုအဖြစ် ပြောင်းလဲပျောက်ကွယ်သွားခဲ့သည်။
ကျုံးရှန်သည် လက်ထဲမှ စာအုပ်ကို ပိတ်လိုက်ကာ သူ၏ ခြေရင်းမှ နွယ်ပင်ငယ်၏ အရွက်များကို ထပ်မံ၍ အသေအချာ စူးစမ်းလိုက်၏။ သူ၏ ဘေးပတ်ဝန်းကျင်၌ သဲများဖြင့် ဖုံးလွှမ်းနေသော်လည်း သူ၏ ကာကွယ်မှုကြောင့် နွယ်ပင်ငယ်လေးသည် သဲထဲသို့ နစ်မြုပ်သွားခြင်း မရှိတော့ပေ။အကယ်၍ ဤသဲမုန်တိုင်းများအတိုင်းသာ ဆက်သွားမည်ဆိုပါက နှစ်အနည်းငယ်အတွင်း သဲများသည် မီတာတစ်ရာခန့်အထိ မြင့်တက်လာမည် ဖြစ်ရာ သူသည် လှေကားထစ်များဆီသို့ ရောက်ရှိနိုင်ပေသည်။ ထိုသည်က မိုက်မဲသော နည်းလမ်းတစ်ခုပင်ဖြစ်သည်။
သို့သော်လည်း မျှော်စင်တက်ခြင်းထက် ကျုံးရှန်ကို ပိုမိုဆွဲဆောင်နေသည်မှာ ဤနွယ်ပင်ငယ်လေးပင် ဖြစ်သည်။ စာအုပ်ပါ မှတ်တမ်းများသာ မှန်ကန်မှုရှိပါက ဤနွယ်ပင်သည် ပထမတန်းစား ရတနာတစ်ခု ဖြစ်သည်။
''ဒါက ခေါင်တီးယက်စ် နတ်ဘုရားနွယ်ပင်ပဲ''
ကျုံးရှန်၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်နေသည်။
သူသည် နှစ်ပေါင်း တစ်သန်းခန့် လက်ဆောင်များ ရယူခဲ့သဖြင့် ရတနာများစွာကို မြင်ဖူးသော်လည်း ယခုအခါတွင်မူ အံ့အားသင့်နေရသည်။ ဤခေါင်တီးယက်စ် နတ်ဘုရားနွယ်ပင်သည် ကမ္ဘာဦးအစကာလကတည်းက ပေါ်ပေါက်ခဲ့သော နတ်ဘုရားပစ္စည်းတစ်ခု ဖြစ်ကာ ယင်းသည် ဝမ်ရှန့်ကုန်းမြေတိုက်မှ ရှေးဟောင်းကောင်းကင်ဘုံသို့ ဆက်သွယ်ပေးထားသည့် ရှေးအကျဆုံး လမ်းကြောင်းပင် ဖြစ်၏။
ထို့ပြင် နွယ်ပင်၏ အဆင့်အတန်းသည် မဟာတာအိုအဆင့်ထက်ပင် သာလွန်နေကာ စကြဝဠာတစ်ခုလုံးတွင် အမြင့်ဆုံးအဆင့်ရှိသော ရတနာများထဲမှ တစ်ခု ဖြစ်သည်။
ဤကဲ့သို့သော အရာမျိုးကို အဆင့်မြင့် နတ်ဘုရားများပင် ဖန်တီးနိုင်ခြင်း မရှိပေ။ အရာအားလုံးသည် ကမ္ဘာဦးအစ၌ သဘာဝအလျောက် ပေါ်ထွက်လာခြင်းဖြစ်ကာ လျှို့ဝှက်ဆန်းကြယ်လှသော ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကဲ့သို့ပင် မည်သူမျှ ပိုင်ဆိုင်နိုင်ခြင်း မရှိခဲ့ပေ။
ယခု သူ၏ရှေ့မှ နွယ်ပင်ငယ်သည် ထိုနတ်ဘုရားနွယ်ပင်၏ ပျိုးပင် ဖြစ်ပုံရသည်။
ကျုံးရှန်၏ တည်ငြိမ်လှသော နှလုံးသားသည် ယခုအခါ ပြင်းထန်စွာလှုပ်ရှားနေသည်။
'ကံကောင်းခြင်းပဲ... တကယ့်ကို ကံကောင်းခြင်းအကြီးစားပဲ'
'ဒီနွယ်ပင်က ရှေးခေတ်မှာ ဒဏ်ရာရခဲ့ပြီး နောက်ပိုင်း မျိုးစေ့အဖြစ် ပြောင်းလဲသွားခဲ့တယ်...ကြည့်ရတာ ကမ္ဘာ့အကာအကွယ်အလွှာတွေကို ဖြတ်ကျော်ပြီး ဒီမျှော်စင်ထဲလာ ပုန်းနေခဲ့တာပဲ ဖြစ်ရမယ်'
'ဒီငရဲဘုံကလည်း အရင်က ဒီလောက်အထိ ပျက်စီးနေတာ မဟုတ်လောက်ဘူး... ဒီမျိုးစေ့က စွမ်းအားတွေ အားလုံးကို စုပ်ယူလိုက်တာကြောင့်ပဲ ဖြစ်ရမယ်'
'ဒီနေရာကို ကြောက်စရာကောင်းတဲ့ လေသဲငရဲဘုံအဖြစ် ပြောင်းလဲလိုက်ပြီး စွမ်းအားတွေကို စုပ်ယူလိုက်တာတောင် ဒီအပင်လေးက အခုမှ အညှောင့်ထွက်ရုံပဲ ရှိသေးတယ်'
ကျုံးရှန်တစ်ယောက် စဉ်းစားခန်းဝင် နေသည်။
ခေါင်တီးယက်စ် နတ်ဘုရားနွယ်ပင် မျိုးစေ့တစ်ခု အညှောင့်ထွက်ရန် မည်မျှအထိ စွမ်းအားများ လိုအပ်မည်နည်း။
သူ၏ ကံတရားမှာ အလွန်ပင် ကောင်းမွန်လှသည်။
ကျုံးရှန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ကာ နောက်ဆုံးတွင် ဆုံးဖြတ်ချက် တစ်ခုချလိုက်၏။ သူသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဟင်းလင်းပြင်မှ ငွေဖြူရောင် ချပ်ပြားငယ်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုချပ်ပြားသည်ပိုင်ရွှီနယ်မြေရှိ ဝမ်ချွမ်းကုန်းမြေတိုက်တွင် တွေ့ရှိခဲ့ရသော ပန်းကန်ပြားပျံနှင့် ပုံစံတူသော်လည်း ပိုမို၍ လက်ရာမြောက်ကာ ပြည့်စုံလှသည်။