← Chapters

အခန်း (၂၄၈)

Vol. 25 Ch. 248

အခန်း (၂၄၈)

Vol. 25 Ch. 248

ဤနိုအာချပ်ပြားသည် နည်းပညာတိုးတက်သည့် မဟာကမ္ဘာကြီးတစ်ခုမှဖြစ်ပြီး ထိုမဟာကမ္ဘာကြီး၏ အရင်းအမြစ်များနှင့် အသိပညာအားလုံးကို စုစည်းကာ ထုတ်လုပ်ထားသော ရတနာတစ်ပါးပင်ဖြစ်သည်။ နိုအာချပ်ပြား၏ အောက်တွင် ဟင်းလင်းပြင်ချပ်ပြားနှင့် စကြဝဠာချပ်ပြားဟူ၍ ရှိကြသော်လည်း နိုအာချပ်ပြားသည်သာ အဆင့်အတန်းအမြင့်မားဆုံးဖြစ်သည်။

ထိုနည်းပညာမဟာကမ္ဘာကြီးရှိ သက်ရှိများသည် စစ်သင်္ဘောများ တစ်နည်း ပန်းကန်ပြားပျံများ ၊ ချပ်ပြားများ ကို အသုံးပြုလျက် ပိုင်ရွှီနယ်မြေကို ဖြတ်ကျော်ကာ အခြားကမ္ဘာများသို့ ဆင်းသက်ရန် ကြံစည်ခဲ့ကြသော်လည်း မမျှော်လင့်သော ဘေးအန္တရာယ်တစ်ခုကြောင့် နိုအာချပ်ပြားများမှာ ပျက်စီးခဲ့ရသည်။

ထိုမဟာကမ္ဘာကြီးပင်လျှင် လုံးဝဥဿုံပျက်စီးသွားခဲ့ကာ အဆုံးမဲ့ ဟင်းလင်းပြင်အတွင်း၌ ပျောက်ကွယ်သွားခဲ့ရပြီး ကမ္ဘာအတွင်းရှိ မရေမတွက်နိုင်သော သက်ရှိများအားလုံးသည်လည်း အသက်ပျောက်ခဲ့ကြရလေသည်။

သို့သော် ကျုံးရှန်သည် မည်သို့သော ကံကောင်းခြင်းမျိုးနှင့် ကြုံတွေ့ခဲ့သည်မသိရဘဲ ဤနိုအာချပ်ပြားကိုရရှိခဲ့ပြီး ပြည့်စုံလုနီးပါးဖြစ်အောင် ပြန်လည်ပြုပြင်နိုင်ခဲ့သည်။ အရေးကြီးသော အစိတ်အပိုင်းအချို့ လိုအပ်နေသေးသော်လည်း ဤသည်ကိုပင် အံ့ဖွယ်ဟု ဆိုနိုင်ပေသည်။

နိုအာချပ်ပြား၏ ခုခံနိုင်စွမ်းဖြင့်ဆိုပါက မည်မျှပင် အစွမ်းထက်သော ရန်သူနှင့် ကြုံတွေ့ရသည်ဖြစ်စေ အတွင်း၌ ပုန်းအောင်းနေရုံဖြင့် အဆင့် ၃ အထွတ်အထိပ်ရှိသော အစစ်အမှန်နတ်ဘုရားများပင်လျှင် မည်သို့မျှ တိုက်ခိုက်နိုင်မည်မဟုတ်ပေ။

ထို့အပြင် ဤနိုအာချပ်ပြားပေါ်၌ အလွန်ပြင်းထန်သော လက်နက်စနစ်များလည်း ရှိနေသေးကာ ထိုလက်နက်များ၏ပစ်ခတ်မှုစွမ်းအားသည် အထွတ်အထိပ် နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသည်။ ဤကဲ့သို့သော တိုက်စစ်နှင့် ခုခံစစ် ပြည့်စုံသည့် ရတနာမျိုးဖြင့်ဆိုလျှင် လောကတစ်ခုလုံး၌ လှည့်လည် သွားလာနိုင်မည်ဖြစ်သည်။

သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ဤရတနာသည် ယခုထိတိုင် မပြည့်စုံသေးဘဲ အပြင်ပန်း၌သာ ကောင်းမွန်နေခြင်းဖြစ်၏။ ထို့ကြောင့် နတ်ဘုရားအမြုတေကျောက်တုံးများကိုအတွင်း၌ ထည့်သွင်းကာ စွမ်းအင်များကို အမြဲမပြတ် စုပ်ယူစေလျက် ရံဖန်ရံခါမှသာ အသုံးပြုနိုင်သေးသည်။

ကျုံးရှန်သည် နိုအာချပ်ပြားကို သိမ်းဆည်းလိုက်ပြီးနောက်တွင် သူ၏အကြည့်များသည် ထက်ရှလာသည်။ ဤတစ်ကြိမ် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ခရီးစဉ်သည် သူထင်ထားသည့်ထက်ပင် ပို၍ အကျိုးအမြတ်ကြီးလှသည်။

ခေါင်တီးယက်စ် နတ်ဘုရားနွယ်ပင် တစ်ပင်တည်းဖြင့်ပင် လွတ်မြောက်ခြင်းအဆင့် ရတနာတစ်ခုရရှိသည်ထက် သာလွန်ပေသည်။ ထို့အပြင် ကျုံးရှန်အတွက် ကောင်းကင်တက်လှမ်း‌မျှော်စင်ကိုဆက်၍တက်ရန်အတွက် လမ်းစတစ်ခုကိုလည်း ရှာဖွေတွေ့ရှိသွားစေခဲ့သည်။

မူလက ကျုံးရှန်သည် ကျိန်စာပြယ်သွားလျှင် သူတော်စင်နယ်ပယ်သို့ တက်လှမ်းပြီး ယင်ယန်ကမ္ဘာ့ကြေးမှုံမှန်ကို အသုံးပြုကာ သူတော်စင်ဘုံကို တည်ငြိမ်အောင် ပြုလုပ်ရန် ကြံစည်ထားသော်လည်း ယခုမူ ပိုမိုကောင်းမွန်သော ရွေးချယ်မှု ပေါ်ထွက်လာခဲ့လေသည်။ ဤမဟာကမ္ဘာကြီးအတွင်း၌ မည်သူမျှ ဤကဲ့သို့သော ကံကောင်းခြင်းမျိုးနှင့် ကြုံတွေ့နိုင်မည်မဟုတ်ကြောင်း သူ ယုံကြည်နေ၏။

'ဟဲဟဲ... ဒီတစ်ခါတော့ မျှော်စင်ဆက်တက်ဖို့ လမ်းကြောင်းတောင် ရသွားပြီပဲ...'

ကျုံးရှန်သည် ပြုံးလိုက်ကာ သူ၏ကိုယ်တွင်းဟင်းလင်းပြင်အတွင်းမှ အင်တုံအရွယ်အစားခန့်ရှိ ရေကန်ငယ်တစ်ခုကို ထုတ်ယူလိုက်သည်။

ခေါင်တီးယက်စ် နတ်ဘုရားနွယ်ပင်သည် ကြီးထွားရန်အတွက် စွမ်းအင်များကို ရွေးချယ်ရာတွင် အလွန်အမင်း ချေးများလေသည်။

ထို့ကြောင့် ဤဟင်းလင်းပြင်အတွင်းရှိ သက်ရှိစွမ်းအားအားလုံးကို စုပ်ယူပြီး နှစ်ပေါင်းများစွာ ကြာသည့်အခါတွင်ပင် အညှောင့်သေးသေးလေးသာထွက်လာခြင်းဖြစ်၏။

ကျုံးရှန်၏ လက်ထဲရှိ ထိုက်ယီအစစ်အမှန်ရေသည် ထိုနွယ်ပင်အတွက် အကောင်းဆုံးသော အာဟာရပင်ဖြစ်သည်။

''တောက်...''

''တောက်...''

ရှေးဟောင်းနတ်ဘုရားတောင်ကဲ့သို့ လေးလံလှသော ထိုက်ယီအစစ်အမှန်ရေစက်များ နွယ်ပင်ပေါ်သို့ ကျရောက်သွားသည်။

ထိုရေစက်များသည် နို့နှစ်ရောင်အစင်းရှိကာ ဖန်တီးခြင်းစွမ်းအားများဖြင့် ပြည့်နှက်နေ၏။ သို့သော် ထိုနွယ်ပင်လေးသည် အနည်းငယ်မျှပင် တုန်ခါသွားခြင်းမရှိဘဲ မျက်တောင်တစ်ခတ်အတွင်းပင် ရေစက်ပေါင်းတစ်ထောင်ခန့်ကို စုပ်ယူသွားသည်။ ထိုသည်က ပျိုးပင်လေးတစ်ပင်ကို ရေလောင်းချင်းနှင့်မတူဘဲ အကန့်အသတ်မဲ့သည့်တွင်းထဲသို့ ရေ‌လောင်းထည့်ခြင်းနှင့်တူညီနေခဲ့သည်။

ဤထိုက်ယီအစစ်အမှန်ရေသည် သာမန်လက်နက်တစ်ခုကို ထိုရေအတွင်းထည့်ထားလျှင်ပင် နိယာမနယ်ပယ် သို့မဟုတ် သူတော်စင်နယ်ပယ်အဆင့် ရတနာများအဖြစ် ပြောင်းလဲပေးနိုင်သော အဖိုးတန်ဆေးရည်ဖြစ်သော်လည်း ထိုနွယ်ပင်ငယ်လေးသည် အားမရသေးသကဲ့သို့ ရှိနေသည်။

ထိုသည်ကိုမြင်သော်လည်း ကျုံးရှန်သည် စိတ်မပျက်ဘဲ ပို၍ပင် ဝမ်းသာသွားခဲ့သည်။

"ကောင်းတယ်... တကယ့်ကို ခေါင်တီးယက်စ် နတ်ဘုရားနွယ်ပင် အစစ်မှပဲ... ကြီးထွားဖို့အတွက် ဒီလောက်ထိ များပြားတဲ့ စွမ်းအင်တွေ လိုအပ်မှာ...''

''အဆင့်လွန်ရတနာတစ်ခုဖြစ်ထိုက်ပါတယ်"

ကျုံးရှန်သည် ချန်ကွန်း ပါးကွရေကန်ငယ်ကို မှောက်ချလိုက်သည်။

''ဝေါ...''

ထိုက်ယီအစစ်အမှန်ရေများသည် မြစ်ကြီးတစ်ခုသဖွယ် အဟုန်ပြင်းစွာ စီးဆင်းသွားကာ လေသဲငရဲဘုံ၏ဟင်းလင်းပြင်ကြီးတစ်ခုလုံးပင် ဆူညံသွားရသည်။

ရေလောင်းချမှု အရှိန်သည် အဆပေါင်း ရာနှင့်ချီ၍ မြန်ဆန်သွားသဖြင့် စုပ်ယူမှုအရှိန်သည်လည်း ပို၍မြန်လာလေသည်။ ထိုအခါမှသာ နွယ်ပင်ငယ်လေးသည် စတင်လှုပ်ရှားလာကာ တဖြည်းဖြည်းကြီးထွားလာ၏။ နွယ်ပင်ပေါ်တွင် အရွက်သစ်များ တစ်ရွက်ပြီးတစ်ရွက် ထွက်ပေါ်လာကာ ဘယ်နှင့်ညာ သဟဇာတဖြစ်စွာဖြင့် ခေါင်တီးယက်စ် ဟူသော စာလုံးများကို ပုံဖော်လိုက်ကြသည်။

ကျုံးရှန်သည် မြင့်တက်လာသော နွယ်ပင် လေးကို အသေအချာ စိုက်ကြည့်နေမိသည်။ ထိုနွယ်ပင်သည် ဆယ်မီတာခန့် မြင့်လာသောအခါ တစ်စုံတစ်ခုကို တိုက်မိသွားသကဲ့သို့ ပြင်းထန်သော တုန်ခါမှုတစ်ခုပေါ်ထွက်လာပြီး လေသဲငရဲဘုံတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ဤလေသဲငရဲဘုံ၏ဟင်းလင်းပြင်ကို ချုပ်နှောင်ထားသော နိယာမစွမ်းအားများသည် နွယ်ပင်၏မြန်ဆန်စွာကြီးထွားလာသည့်အရှိန်ကြောင့် ကျိုးပျက်သွားခြင်းပင်ဖြစ်သည်။

နွယ်ပင်၏ ကြီးထွားမှုသည် ပို၍မြန်ဆန်လာကာ ကျုံးရှန်၏လက်ထဲရှိရေကန်အတွင်းမှ ရေများ ကုန်ခါနီးအချိန်၌ နွယ်ပင်သည် မီတာတစ်ရာခန့် အမြင့်သို့ ရောက်ရှိသွားလေသည်။

နွယ်ပင်၏ ထိပ်ဖျားသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ လှေကားထစ်များဆီသို့ အတိအကျ ကျရောက်သွာကာ ကောင်းကင်သို့ တက်လှမ်းနိုင်မည့် လမ်းကြောင်းတစ်ခု ပေါ်ထွက်လာသည်။

ကုန်ခမ်းသွားသော ရေကန်ငယ်ကို ကြည့်ကာ ကျုံးရှန်သည်လည်း အံ့အားသင့်နေမိသည်။ နှစ်သန်းပေါင်းများစွာ စုဆောင်းထားသော ရေများသည် တစ်နာရီမပြည့်မီအချိန်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဤမျှအထိ အကုန်အကျများသော နွယ်ပင်ကို ကျုံးရှန်ကဲ့သို့ ချမ်းသာသောသူပင်လျှင် ကျွေးမွေးရန် ခက်ခဲလှပေသည်။

'ထားလိုက်ပါတော့... များများစားမှ မြန်မြန်ကြီးမှာပဲ... ငါ့ကိုတော့ မွဲအောင် မလုပ်နိုင်ပါဘူး...'

သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ကာ လျင်မြန်သော အရှိန်ဖြင့် နွယ်ပင်ပေါ်သို့ ခုန်တက်လိုက်၏။ အကြိမ်အနည်းငယ်ခုန်ကူးလိုက်ပြီးနောက်တွင် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏လှေကားထစ်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်နိုင်သွားလေသည်။

ကျုံးရှန်သည် နွယ်ပင်ကို မည်သို့ယူဆောင်သွားရမည်ကို မစဉ်းစားရသေးခင်မှာပင် နွယ်ပင်အတွင်းမှ ဝေဝါးသော အသိစိတ်တစ်ခု ပေါ်ထွက်လာသည်ကို ခံစားလိုက်ရသည်။

ထိုအသိစိတ်သည် နူးညံ့သော ပိုးကြိုးများသဖွယ် သူ့ကို ဝန်းရံလာပြီး ကျုံးရှန်အပေါ် ကျေးဇူးတင်ခြင်းနှင့် တွယ်တာခြင်းကို ဖော်ပြလာသည်။

'ဟမ်... ဒါက ဒီနွယ်ပင်ရဲ့ အသိစိတ်နိုးကြားလာတာလား...'

'ငါ အခုနက ရေလောင်းပေးလိုက်တဲ့ လုပ်ရပ်က ကလေးတစ်ယောက်ကို မိခင်ကနို့တိုက်သလို ဖြစ်သွားလို့ ငါ့ကို ယုံကြည်သွားတာနေမှာပဲ...'

ကျုံးရှန်သည် စိတ်ထဲမှ အတွေးတစ်ခုကို စေလွှတ်လိုက်သည်။

''မင်း ငါနဲ့အတူ ဒီကနေ ထွက်သွားချင်လား...''

''ဝုန်း...''

ခေါင်တီးယက်စ် နွယ်ပင်သည် ထိုအချက်အလက်ကို ရရှိလိုက်သည်နှင့် အလွန်အမင်း စိတ်လှုပ်ရှားသွားကာ သူ၏နွယ်ပင်ကိုယ်ထည်ကြီးတစ်ခုလုံး ပင်ယိမ်းနွဲ့လာသည်။

ထိုအခါ လေသဲငရဲဘုံတစ်ခုလုံးပင် ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားရပြီး ဟင်းလင်းပြင်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော အက်ကြောင်းများ ပေါ်ထွက်လာသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အပြင်ဘက်၌လည်း ထူးခြားမှုများ ဖြစ်ပေါ်လာ၏။ လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေသော ကောင်းကင်တက်လှမ်းမျှော်စင်၏ကိုယ်ထည်သည် ပြင်းထန်စွာ တုန်ခါလာသည်။

ဤလှုပ်ရှားမှုကြောင့် ငရဲမဟာကမ္ဘာကြီးတစ်ခုလုံးသည်လည်း လိုက်လံတုန်ခါသွားခဲ့ရာ ငရဲကမ္ဘာများစွာ၌ အက်ကြောင်းများ ပေါ်ထွက်လာပြီး သက်ရှိများစွာ သေဆုံးသွားလေသည်။

ငရဲမဟာကမ္ဘာကြီးတစ်ခုလုံး ပြင်းထန်စွာတုန်လှုပ်သွားခဲ့ခြင်းဖြစ်သည်။

ငရဲဘုံ၏ တားမြစ်နယ်မြေများထဲမှ တစ်ခုဖြစ်သည့် ဟာမိုမိစ္ဆာသွေးပင်လယ်အတွင်း၌ အထွတ်အထိပ် မိစ္ဆာအရှင်သခင်ကြီးများနှင့် ရှေးဟောင်းကျွမ်းကျင်သူများအားလုံး အစီအစဉ်အချို့ လုပ်ဆောင်နေကြသည်။ ထိုအချိန်တွင် ငလျင်လှုပ်သကဲ့သို့ တားမြစ်နယ်မြေတစ်ခုလုံးတုန်ခါသွားရာ သူတို့အားလုံးသည် တုန်ခါမှု၏အရင်းအမြစ်ဖြစ်သည့် ငရဲမဟာကမ္ဘာကြီး၏ဗဟို ကိုးထပ်ငရဲဘုံရှိရာသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။

''ကောင်းကင်တက်လှမ်းခြင်းမျှော်စင်က ဘာလို့ ဒီလောက်ထိ တုန်ခါနေရတာလဲ...''

''ဒါက ဂူကျဲထူရဲ့ အတင်းအကြပ်ဖိအားပေးပြီး အချိန်မတိုင်ဘဲဖွင့်လှစ်လိုက်မှုကြောင်လား...''

''စုံစမ်းကြစမ်း... ချက်ချင်းသွားပြီး စုံစမ်းကြစမ်း...''

ရှေးဟောင်းအင်အားစုများစွာသည် ချက်ချင်းပင် လှုပ်ရှားလာကြလေတော့သည်။

All Chapters