အခန်း (၂၄၂)
Vol. 25 Ch. 242
၂၄၂)
ဓားဆွဲထုတ်သူ ဂူကျဲထူသည် လွန်ခဲ့သော နှစ်ပေါင်း ဆယ်သန်းခန့်အတွင်း ပေါ်ထွက်လာခဲ့သည့် ငရဲဘုံ၏ မျိုးဆက်သစ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ကျုံးရှန်သည် ထိုသူကို မသိသော်လည်း သူ၏ ရဲတင်းမှုကို သဘောကျမိနေ၏။ ဤဓားကျင့်ကြံသူ မိစ္ဆာအရှင်သခင်သည် ထိပ်တန်း မဟာမိစ္ဆာအရှင်သခင်ကြီးများနှင့် အလွန်အမင်း အဆင်မပြေဖြစ်နေကာ ထိုသူသည် မိမိ၏ အစွမ်းတစ်ခုတည်းဖြင့် မျှော်စင်တက်ရန် စောင့်ဆိုင်းနေသော မိစ္ဆာအရှင်သခင် အားလုံးကို သတ်ဖြတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
မိစ္ဆာအရှင်သခင်များထဲ၌ မိစ္ဆာနတ်ဘုရား အမြုတေ ပိုင်ဆိုင်ထားသော အစစ်အမှန် မိစ္ဆာနတ်ဘုရားများနှင့် ရှေးဟောင်း မိစ္ဆာသူတော်စင်များ အများအပြား ပါဝင်နေကြသည်။ သူတို့သည် အစစ်အမှန်မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ် မဟာမိစ္ဆာအရှင်သခင်ကြီးများကဲ့သို့ အစွမ်းမထက်သော်လည်း ငရဲကမ္ဘာငယ် အသီးသီးကို စိုးမိုးအုပ်ချုပ်နေကြသော အာဏာပိုင်များ ဖြစ်ကြ၏။
အကယ်၍ ဂူကျဲထူသာ ဤနေရာရှိမိစ္ဆာအားလုံးကို အမှန်တကယ်သတ်ဖြတ်နိုင်ခဲ့ပါက ငရဲဘုံ၏ အလယ်အလတ်နှင့် အထက်တန်းလွှာ အင်အားစုများ တစ်ဝက်ခန့် ပျက်စီးသွားပေလိမ့်မည်။ ထိုသို့ဖြစ်ပါက ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးသို့ သွားရာ လမ်းကြောင်းကို ဖွင့်လှစ်နိုင်ခဲ့လျှင်ပင် မည်သည့် အဓိပ္ပာယ်မျှ ရှိတော့မည် မဟုတ်ချေ။
ငရဲဘုံ၌ အစစ်အမှန်မိစ္ဆာနတ်ဘုရားနယ်ပယ်အဆင့် ၃ အထွတ်အထိပ် မိစ္ဆာနတ်ဘုရားအိုကြီးများ ရှိနေသကဲ့သို့ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီး၏ ဟင်းလင်းပြင်အတွင်း၌လည်း လူမသိအောင် ပုန်းအောင်းနေကြသော မျိုးနွယ်စုပေါင်းစုံမှ ကျွမ်းကျင်သူအိုကြီးများစွာ ရှိနေသည်။ ထိုသူတို့သည် နယ်မြေအသစ်များကို တိုက်ခိုက်သိမ်းပိုက်နေကြသူများ သို့မဟုတ် လောကကို ကျောခိုင်း၍ ကျင့်ကြံနေကြသူများသာ ဖြစ်ကြ၏။
ယခုအခါ ဝမ်ရှန့်ကုန်းမြေတိုက်သည် အတွင်းစစ်ပွဲများ ဖြစ်ပွားနေသည်ကို အခြားသော လူမျိုးစု နတ်ဘုရားများက အခွင့်ကောင်းယူနေကြပြီး လူသားမျိုးနွယ်မှ ကျွမ်းကျင်သူ လူအိုကြီးများမှာမူ ပို၍ပင် လောကကို ကျောခိုင်းနေကြသည်။ သို့သော်လည်း ငရဲဘုံမှ ကျူးကျော်မှု စတင်လိုက်သည်နှင့် ဤကိစ္စ၏ သဘောသဘာဝမှာ လုံးဝ ပြောင်းလဲသွားပေလိမ့်မည်။ ထိုအခါ လောကကို ကျောခိုင်းထားသော ကျွမ်းကျင်သူလူအိုကြီး များစွာ ထွက်ပေါ်လာကြမည်မှာ သေချာလှ၏။
ဤမဟာမိစ္ဆာအရှင်သခင်ကြီးများသည် ဝမ်ရှန့်ကုန်းမြေတိုက်အတွင်းရှိ အင်အားစုအချို့ကို တိတ်တဆိတ် ထောက်ပံ့ထားပြီး ဖြစ်သကဲ့သို့ အခြားသော လူမျိုးစုများနှင့်လည်း အပေါ်ယံ သဘောတူညီချက်အချို့ ရယူထားပြီး ဖြစ်သည်။ သူတို့သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသို့ ကျူးကျော်ဝင်ရောက်ပါက လူသားကျင့်ကြံသူများကိုအဓိကထားတိုက်ခိုက်ကြမည်ဖြစ်သည်။ သို့သော်လည်း ဤသဘောတူညီချက်အားလုံး၏ အခြေခံမှာ ငရဲဘုံ၌ လုံလောက်သော အင်အားရှိနေခြင်းအပေါ်တွင်သာ မူတည်နေသည်။ လုံလောက်သောအင်အားမရှိပါက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်လျှင်ပင် သူတို့အတွက် အကျိုးအမြတ်ကျန်ရစ်မည်မဟုတ်ပေ။
နှမြောစရာ ကောင်းသည်မှာ ဂူကျဲထူသည် ရဲတင်းလွန်းသော်လည်း ပရိယာယ်ပိုင်းတွင်မူ အားနည်းလွန်းနေသည်။
ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ပွင့်ခြင်းသည် ငရဲဘုံ၏ နှစ်ပေါင်း သန်းချီမှ တစ်ခါသာ ကြုံရသော ကြီးကျယ်သည့် အခမ်းအနား ဖြစ်၏။
ထိုမဟာမိစ္ဆာအရှင်သခင်ကြီးများသည် အကွက်စေ့လှသော မိစ္ဆာအိုကြီးများ ဖြစ်ကြရာ သူတို့အနေဖြင့် ငရဲကမ္ဘာကြီး၏ ဗဟိုချက်ဖြစ်သော ကိုးထပ်မြောက် ကုန်းမြေတိုက်ကြီးကို မည်သို့လျှင် အကာအကွယ်မဲ့ ထားပါမည်နည်း။
ဂူကျဲထူသည် ဤနေရာရှိ မဟာမိစ္ဆာအရှင်သခင်ကြီးများမှာ ပုံရိပ်ယောင်ကိုယ်ပွားများသာ ဖြစ်ကြောင်း တစ်ချက်တည်းနှင့် သိမြင်နိုင်သကဲ့သို့ ထိုသူတို့၏ အစစ်အမှန် ခန္ဓာကိုယ်များမှာ ငရဲကမ္ဘာနှင့် ဝေးကွာလှသော နယ်မြေများဆီသို့ ရောက်ရှိနေကြသည်ကိုလည်း သိရှိနိုင်လေသည်။ သို့သော်လည်း ထိုမဟာမိစ္ဆာအရှင်သခင်ကြီးများသည် တည်ငြိမ်နေဆဲပင် ဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုများစွာကိုလည်း ပြုလုပ်ထားပြီး ဖြစ်သည်။ ထိုမျှမက ငရဲကိုးထပ် ကုန်းမြေတိုက်ကြီးကိုယ်တိုင်သည်ပင်လျှင် ကြီးမားလှသော မဟာကာကွယ်ရေး အစီရင်ခံကြီးတစ်ခု ဖြစ်နေသေး၏။
ယမမင်း၏ ကိုယ်ပွားသည် ဖြောင့်မတ်တည်ကြည်သော အရှိန်အဝါဖြင့် ရှိနေသည်။ သူ၏ စီရင်ချက်စုတ်တံသည် ဟင်းလင်းပြင်အတွင်း၌ အဆက်မပြတ် လှုပ်ရှားနေကာ မိစ္ဆာသောက်သုံးဓားဆန္ဒကြောင့် ပြတ်တောက်သွားသော ဟင်းလင်းပြင် အက်ကြောင်းများကို တစ်ခုချင်းစီ ပြန်လည် စေ့စပ်ပေးနေသည်။
"ဟေးဝူချန် ၊ ပိုင်ဝူချန်..."
"ဒီမိစ္ဆာက ငရဲဘုံရဲ့ စည်းမျဉ်းကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်..."
"သူ့ရဲ့ ဝိညာဉ်ကိုဖမ်းဆီးပြီး ငရဲ ၁၈ ထပ်ထဲကို ပစ်ချလိုက်စမ်း... ဘယ်တော့မှ ပြန်မထွက်လာနိုင်အောင် နှိပ်စက်ပစ်လိုက်..."
ယမမင်း၏ အသံသည် စီရင်ချက်ချနေသည့်အလား ဟိန်းထွက်သွားသည်။ သူ၏ အာဏာကို မည်သူမျှ မေးခွန်းထုတ်ရန် မဝံ့ရဲကြပေ။
"ယမမင်းရဲ့ အမိန့်အတိုင်းပါ..."
အသံနှစ်သံသည် တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။ တစ်သံသည် အေးစက်လှပြီး အခြားတစ်သံမှာမူ စူးရှလှသည်။ ထိုအသံများသည် အနီးနားမှ ထွက်ပေါ်လာသကဲ့သို့ ရှိသော်လည်း မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကိုမူ ခန့်မှန်း၍ မရနိုင်ပေ။
ကောင်းကင်ယံ၌ ရပ်နေသော ဂူကျဲထူသည် သူ၏လက်ထဲမှဓားကို ရုတ်တရက် မြှောက်လိုက်ပြီး ဘယ်မှညာသို့ ပင့်၍ ခုတ်ပိုင်းလိုက်သည်။
သူ၏ ဘေးပတ်ဝန်းကျင်၌ အဖြူရောင်နှင့် အမည်းရောင် ပုံရိပ်နှစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၏။ ထိုပုံရိပ်တို့မှ မည်သည့် အရှိန်အဝါမျှ ထွက်ပေါ်နေခြင်း မရှိသော်လည်း ဤနေရာရှိ မိစ္ဆာအရှင်သခင် အားလုံးမှာမူ ထိတ်လန့်သွားကြလေသည်။ ထိုသူတို့ကား ယမမင်းကြီး၏ လက်အောက်မှ အစွမ်းအထက်ဆုံးသော စစ်သူကြီးနှစ်ဦး ဖြစ်သည့် ဖြူမဲသေမင်းတမန်ညီနောင် ပင် ဖြစ်သည်။
ဒဏ္ဍာရီများအရ ထိုသူတို့သည်လည်း သေခြင်းရှင်ခြင်းစာအုပ်ကဲ့သို့ပင် သေခြင်းနှင့် ရှင်ခြင်းကို စိုးမိုးနိုင်သော ကမ္ဘာဦးခေတ်မှ အစွမ်းများပိုင်ဆိုင်ထားသည်။ ပိုင်ဝူချန်၏ အမည်ရင်းသည် ရှဲ့ပိအန်းဖြစ်ပြီး ယန် ဓာတ်စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။
သူသည် အမြဲတမ်း ပြုံးရွှင်နေလေ့ရှိကာ ခန္ဓာကိုယ်မှာ ရှည်လျားပိန်ပါးပြီး ဖြူလျော်သောမျက်နှာရှိသည်။ သူ၏ လျှာမှာလည်း အပြင်သို့ ရှည်ထွက်နေကာ ဦးခေါင်းထက်ရှိ အရာရှိဦးထုပ်ပေါ်တွင် တစ်ချက်မြင်ရုံဖြင့်ချမ်းသာစေရမယ် ဟူသော စာလုံးလေးလုံးကို ရေးသားထားသည်။
သူသည် နတ်ဘုရားများကို ရိုသေသူများအား ကံကောင်းခြင်းကို ပေးစွမ်းသဖြင့် ရှင်သန်နေသော ဝူချန် သို့မဟုတ် ကံကောင်းခြင်းခုနစ်ပါး သခင် ဟုလည်း ခေါ်ကြပေသည်။ သူသည် အမျိုးသားများ၏ ယင်ဝိညာဉ်ကို စုပ်ယူနိုင်သကဲ့သို့ အမျိုးသမီးများ၏ ယင် ဝိညာဉ်ကိုလည်း ဖျက်ဆီးနိုင်ပေသည်။ သူ၏ လက်ထဲ၌ အဖြူရောင် ငိုချင်းချတုတ်နှင့် ဝိညာဉ်ဖမ်းသံကြိုးကို ကိုင်ဆောင်ထား၏။
ဟေးဝူချန်၏ အမည်ရင်းသည် ဖန့်ဝူကျို့ဖြစ်ပြီး ယင် ဓာတ်စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။ သူ၏ မျက်နှာသည် ရက်စက်ကြမ်းကြုတ်ကာ ပုပြတ်တုတ်ခိုင်သောခန္ဓာကိုယ်ရှိပြီး မျက်နှာမှာ မည်းမှောင်နေသည်။ သူ၏ ဦးခေါင်းထက်ရှိ အရာရှိဦးထုပ်ပေါ်တွင် လောကငြိမ်းချမ်းရေး ဟူသော စာလုံးလေးလုံးကို ရေးသားထားသည်။
ယင်း၏ အဓိပ္ပာယ်မှာ စည်းမျဉ်းကို ဖောက်ဖျက်သူများကို ဘယ်သောအခါမှ ခွင့်မလွှတ်ခြင်းပင် ဖြစ်၏။ သူသည် အမျိုးသမီးများ၏ ယန် ဝိညာဉ်ကို စုပ်ယူကာ အမျိုးသားများ၏ ယန် ဝိညာဉ်ကို ဖျက်ဆီးနိုင်သည်။ သူ၏ လက်ထဲ၌ အမည်းရောင် ငိုချင်းချတုတ်နှင့် ဝိညာဉ်ဖမ်းသံကြိုးကို ကိုင်ဆောင်ထားလေသည်။
ယခင်က သုံးထပ်မြောက် ကုန်းမြေတိုက်မှ လေးထပ်မြောက်သို့ သွားရာ လမ်းကြောင်းတွင် ဟေးဝူချန်သည် ကျုံးရှန်ကို တစ်ကြိမ် လွှတ်ပေးခဲ့ဖူးသည်။ ထို့ကြောင့်ပင် ဤသူနှစ်ဦးသည် ကမ္ဘာမြေ၏ ဒဏ္ဍာရီများထဲမှ မြို့စောင့်နတ်များနှင့် ပတ်သက်မှု ရှိနေနိုင်သည်ဟု ကျုံးရှန်က ခန့်မှန်းလိုက်မိသည်။ အရာအားလုံးသည် ခန့်မှန်းချက်သာ ဖြစ်သော်လည်း ဤနေရာ၌မူ ထိုသူတို့သည် အမှန်တကယ် တည်ရှိနေကြခြင်းဖြစ်သည်။
သေမင်းတမန်နှစ်ဦးသည် တစ်ဦးက ငိုကာ တစ်ဦးက ရယ်နေပြီး တစ်ဦးက အဖြူ ဖြစ်ကာ တစ်ဦးက အမည်း ဖြစ်သည်။ ထိုသည်ကပင် အနိစ္စသဘောနှင့် ယင်ယန်သဘောတရားများကို ကိုယ်စားပြုနေသည်။ သူတို့ နှစ်ဦး ပေါင်းစပ်လိုက်ပါကအစစ်အမှန်မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ် မဟာမိစ္ဆာအရှင်သခင် တစ်ဦးကို ဖမ်းဆီးရန်မှာ ပြဿနာ မဟုတ် တော့ချေ။
သူတို့နှစ်ဦးသည် ဂူကျဲထူကို အရှေ့နှင့် အနောက်ညှပ်၍ ဝိညာဉ်ဖမ်းသံကြိုးများဖြင့် ပစ်ထုတ်တိုက်ခိုက်လိုက်ကြသည်။ ထို့နောက် တစ်ဦး၏ သံကြိုးကို တစ်ဦးက ဖမ်းယူပြီး ပြင်းထန်စွာ ဆွဲလိုက်သောအခါ ဂူကျဲထူသည် တင်းကျပ်စွာ ချည်နှောင်ခြင်း ခံလိုက်၏။
သူ၏ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာဝိညာဉ်သည် ချက်ချင်းပင် ဖိနှိပ်ခြင်း ခံလိုက်ရကာ သူ၏ စွမ်းအား ထက်ဝက်ကျော် ပျောက်ကွယ်သွားရသည်။ တစ်ချိန်တည်းမှာပင် အဖြူရောင်နှင့် အမည်းရောင် ငိုချင်းချတုတ် နှစ်ခုသည် သူ၏ ဦးခေါင်းထက်သို့ တစ်ပြိုင်တည်း ကျရောက်လာကြသည်။
ဤတုတ်ချက်များသည် မိစ္ဆာသောက်သုံးဓားဆန္ဒများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ယောင်များကို ဖန်တီးခြင်း မရှိဘဲ သာမန်ကာလျှံကာဟု ထင်ရသည်။ သို့သော်လည်း ထိုတုတ်ချက်များ၏အနောက်တွင် သေခြင်းနှင့် ရှင်ခြင်း၏ ကမ္ဘာဦးစွမ်းအင်များကပ်ပါလာ၏။ သို့ဖြစ်ရာ ဂူကျဲထူပင်လျှင် သေဘေးနှင့် ကြုံတွေ့နေရသကဲ့သို့ ခံစားလိုက်ရသည်။
''ဖြူမဲညီနောင်... ဝိညာဉ်ဖမ်း သေမင်းတမန်တွေလား...''
''ဒီလောက်နဲ့တော့ ငါ့ကို မတားနိုင်ဘူးကွ...''
''ငါ ဂူကျဲထူရဲ့ အသက်ကို ယူဖို့ဆိုရင် ဒီလောက် မလွယ်ကူဘူး...''
ဂူကျဲထူသည် ကြောက်ရွံ့ခြင်းအလျဉ်း မရှိသည့်အပြင် သူ၏ ရက်စက်သော စရိုက်မှာ ပို၍ပင် ထွက်ပေါ်လာသည်။ ငိုချင်းချတုတ်များ သူ၏ ဦးခေါင်းထက်သို့ ကျရောက်ခါနီးတွင် အဆုံးမရှိသော ဓားဆန္ဒများသည် ဟင်းလင်းပြင်အတွင်း၌ ထပ်မံ ပေါ်ပေါက်လာသည်။
"ဓားဆွဲထုတ်ခြင်း ကိုးချက်... ပထမဓား..."
မိစ္ဆာသတ်ဖြတ်ခြင်းဓားသည် ကောင်းကင်သို့ ပျံတက်သွားကာ အလွန်ပင် ရိုးရှင်းလှသော ကန့်လန့်ဖြတ် ခုတ်ချက်တစ်ခုကို ပြုလုပ်လိုက်သည်။ ထိုခုတ်ချက်သည် နက်နဲလှသောကမ္ဘာဦးစွမ်းများသယ်ဆာင်လာသည့် ငိုချင်းချတုတ်များကို ဘေးသို့ ဖယ်ရှားလိုက်၏။
ဟင်းလင်းပြင်အတွင်း၌ ဓားအရှိန်အဝါ မန္တလာပန်းများ တစ်ပွင့်ပြီး တစ်ပွင့် ပွင့်လန်းလာသည်။ ထိုမန္တလာပန်းများသည် တစ်ပတ်လည်လိုက်တိုင်းတွင်ပို၍ ကြီးမားလာကြပြီး နောက်ဆုံးတွင် ဧရာမ ဓားအရှိန်အဝါ ကြိတ်စက်များအဖြစ် ပြောင်းလဲသွားကာ ဖြူမဲသေမင်းတမန်ညီနောင်ဆီသို့တိုးဝင်ပျံသန်းသွားသည်။
"အတင့်ရဲလှချည်လား..."
စစ်သူကြီးနှစ်ဦးသည် တစ်ပြိုင်တည်း ဟိန်းဟောက်လိုက်ကြသည်။
ဤဂူကျဲထူသည် အမှန်တကယ်ပင် ရဲတင်းလွန်းလှသည်။ အကယ်၍ သူ့၌ စစ်မှန်သော အစွမ်းမရှိပါက ဤမျှအထိ ရူးသွပ်စွာ ကြုံးဝါးတိုက်ခိုက်ရဲမည် မဟုတ်ချေ။
သူတို့သည် ဝိညာဉ်ဖမ်းသံကြိုးများကို လွှတ်မပေးဘဲ ငိုချင်းချတုတ်များဖြင့် ထိုမန္တလာပန်း ကြိတ်စက်များကို ရိုက်နှက်လိုက်သည်။
"ဘုန်း... ဘုန်း... ဘုန်း..."
ကောင်းကင်ယံ၌ ပြင်းထန်သော အသံများ ဟိန်းထွက်သွားသည်။ တစ်ချိန်တည်းမှာပင် ပြင်းထန်လှသော မိစ္ဆာစွမ်းအင်များသည်လည်း မိုးသက်မုန်တိုင်းကဲ့သို့ အရပ်မျက်နှာအနှံ့ပျံ့နှံ့သွား၏။
ဤသည်မှာ ငိုချင်းချတုတ်နှင့် ဓားချက်တို့ ထိတွေ့ရာမှ ထွက်ပေါ်လာသော သက်ရောက်အားဖြစ်သည့်စွမ်းအင်လှိုင်းများပင် ဖြစ်သည်။
မိစ္ဆာသတ်ဖြတ်ခြင်းဓားသည် မူလကပင် အစီရင်များကို ဖျက်ဆီးနိုင်ကာ ဝိညာဉ်နှင့် မိစ္ဆာများကို ဝါးမြိုနိုင်သဖြင့် ငရဲဘုံ၌ နာမည်ဆိုးဖြင့် ကျော်ကြားလှကာ ထိုဓားအတွင်းတွင် ပါဝင်သော မိစ္ဆာစွမ်းအင်သည် အတိုင်းအဆ မရှိချေ။ ယခုအခါ ငိုချင်းချတုတ်နှင့် ရင်ဆိုင်ရသောအခါ ထွက်ပေါ်လာသော စွမ်းအားများသည် ကောင်းကင်တက်လှမ်းမျှော်စင်ကြီးကိုပင် ရိုက်ခတ်သွားလေသည်။
"ဓားဆွဲထုတ်ခြင်း ကိုးချက်... ဒုတိယဓား..."
မန္တလာပန်းများ တစ်ခုပြီးတစ်ခု ပျက်စီးသွားသော်လည်း ဂူကျဲထူသည် စိတ်ပျက်သွားခြင်း မရှိပေ။ သူသည် ကောင်းကင်တက်လှမ်းမျှော်စင်ကို တစ်ချက် ကြည့်လိုက်ကာ နက်နဲသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ဒုတိယမြောက် ဓားချက်ကို ဖြည်းညှင်းစွာ ခုတ်ချလိုက်ပြန်သည်။
ကန့်လန့်ဖြတ် ခုတ်ချက်သည် ဒေါင်လိုက် ခုတ်ချက်အဖြစ် ပြောင်းလဲသွားကာ တစ်ချက်မှ နှစ်ချက်၊ နှစ်ချက်မှ လေးချက်စသည်ဖြင့်အဆက်မပြတ် ကွဲထွက်သွားသည်။ နောက်ဆုံးတွင် သန်းပေါင်းများစွာသော ဓားချက်များအဖြစ် ပြောင်းလဲသွားကာ အလွန် ပြင်းထန်သော အရှိန်အဝါများနှင့်အတူ ကောင်းကင်ထက်မှ ကျဆင်းလာတော့သည်။