← Chapters

အခန်း (၂၄၃)

Vol. 25 Ch. 243

အခန်း (၂၄၃)

Vol. 25 Ch. 243

ထိုဓားရိပ်များ၏အရှိန်အဝါသည် မိုးသက်မုန်တိုင်းကဲ့သို့ပင် ပြင်းထန်လှကာ မျက်တောင်တစ်ခတ်အတွင်းပင် ကိုးထပ်မြောက်ကုန်းမြေတိုက်ရဲ့ အထက်ကောင်းကင်ယံ၌ မြင့်မားစွာ ရှိနေသည့် နေမင်းခြောက်စင်းလုံးကို ဖုံးလွှမ်းသွားသည်။

ဤဓားရိပ်များ၏အရှိန်အဝါများသည် မိုးရေစက်များကဲ့သို့ ထိမှန်ရုံဖြင့် ကိုယ်လက်စိုစွတ်သွားမည့်အရာမျိုး မဟုတ်ဘဲ အသက်ပျောက်သွားနိုင်သည်အထိ အန္တရာယ်ကြီးလှသည်။

ဖြူမဲသေမင်းတမန်ညီနောင်တို့သည် တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြပြီး ဂူကျဲထူနှင့် တစ်ချီရင်ဆိုင်လိုက်ကြသော်လည်း မည်သည့်အသာစီးမှ မရရှိခဲ့ကြပေ။

ဆန့်ကျင်ဘက်အနေနှင့် ဂူကျဲထူသည် တိုက်ပွဲကြာလေ ပိုမိုပြင်းထန်စွာတိုက်ခိုက်လာလေ ဖြစ်နေသည်။ သူ၏ ဓားကွက်များသည် နက်နဲခြင်း မရှိဘဲ အလွန်ပင် ရိုးရှင်းလှသော်လည်း ခုတ်ချက်တိုင်း၏ အစွမ်းမှာမူ ဤလောကရှိ ဓားပညာ၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

''လောကအနှံ့ အနိစ္စ... မိုးမြေအနှံ့ အနိစ္စ... သေမင်းတမန် အနိစ္စ...''

''ဝိညာဉ်ကို ချိတ်လိုက်ရင်... အမြဲတမ်း အနိစ္စ...''

ဖြူမဲသေမင်းတမန်ညီနောင်တို့သည် တစ်ဦးက ငိုကာ တစ်ဦးက ရယ်မောလျက် ထူးဆန်းသော စာသားအချို့ကို ရွတ်ဆိုလိုက်ကြသည်။

ထိုအခါ ဂူကျဲထူ၏ ခန္ဓာကိုယ်ကို ချည်နှောင်ထားသော သံကြိုးများသည် ဝိညာဉ်ချိတ်များအဖြစ် ပြောင်းလဲသွား၏။ ဂူကျဲထူ၏ ဦးခေါင်းထက်တွင် သူနှင့် တစ်ထပ်တည်းတူညီသည့် အဖြူအမည်း ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။ ထိုအရာမှာ ဝိညာဉ်ချိတ်များ၏ဆွဲထုတ်ခြင်းခံလိုက်ရသည့် သူ၏ မူလမိစ္ဆာဝိညာဉ်ပင် ဖြစ်သည်။

မူလဝိညာဉ်ဆွဲထုတ်ခံနေရသော်လည်း ကောင်းကင်ယံရှိ သန်းပေါင်းများစွာသော ဓားရိပ်များသည် ပျောက်ကွယ်သွားခြင်း မရှိဘဲ လမ်းကြောင်းပြောင်းကာ ဂူကျဲထူဆီသို့ပြန်လည် ဦးတည်ခုတ်ပိုင်းလာသည်။

သန်းပေါင်းများစွာသော ဓားများသည် ဂူကျဲထူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားကြသည်။ ယင်းတို့သည် သူ၏ မိစ္ဆာဝိညာဉ်ကို ဖြတ်တောက်သွားရုံသာမက ဝိညာဉ်ဖမ်းသံကြိုးများကိုပါ ထိမှန်သွားသဖြင့် သံကြိုးများ ပြုတ်ထွက်ကုန်ကာ ကိုးထပ်ကုန်း မြေတိုက်၏ကောင်းကင်ယံတွင် သံထည်ချင်း ထိခိုက်သံများ ဆူညံသွားလေသည်။

ထိုတိုက်ခိုက်မှု၏ အရှိန်အဝါများကြောင့် ဟင်းလင်းပြင်အတွင်း၌ စွမ်းအင်ပူဖောင်းများစွာ ဖြစ်ပေါ်လာရသည်။

ဤသည်မှာ ပြင်းထန်သော စွမ်းအားများ ဟင်းလင်းပြင် ကြားခံလွှာအတွင်း၌ ပေါက်ကွဲထွက်လာခြင်းကြောင့်ပင် ဖြစ်သည်။

အကယ်၍ ဘေးပတ်ဝန်းကျင်ရှိ မဟာမိစ္ဆာအရှင်သခင်ကြီးများ၏ ကိုယ်ပွားများကသာ အစွမ်းထက်သော ကာကွယ်ရေး အစီရင်ကို ချမထားခဲ့ပါက ဖြူမဲ သေမင်းတမန်ညီနောင်နှင့် ဂူကျဲထူတို့၏တိုက်ပွဲမှထွက်ပေါ်လာသော သက်ရောက်မှုစွမ်းအားများသည် ကိုးထပ်မြောက် ကုန်းမြေတိုက်ရှိ ရှေးဟောင်းမြို့ကြီးကို ဖျက်စီးသွားနိုင်ပေသည်။

သံကြိုးများ ပြုတ်ထွက်သွားပြီးနောက် ဂူကျဲထူ၏ မိစ္ဆာဝိညာဉ်သည် ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားသည်။ ဓားရိပ်များသည် မိစ္ဆာဝိညာဉ်ကို ဖြတ်သန်းသွားသည်ဟု ထင်ရသော်လည်း ဂူကျဲထူကိုမူ မည်သည့်ဒဏ်ရာမျှ မရရှိစေခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့် ဖြူမဲသေမင်းတမန်ညီနောင်တို့သာလျှင် ပြင်းထန်သော တုန်ပြန်စွမ်းအားကို ခံစားလိုက်ရပြီး ဝိညာဉ်ဖမ်းသံကြိုးများ လျော့ရဲသွားကာ နောက်သို့ ဆုတ်ခွာလိုက်ရသည်။

ဤအဖြစ်က စောင့်ကြည့်နေသူတိုင်းကို ဖြူမဲသေမင်းတမန်ညီနောင်တို့၏စွမ်းအားဖြင့် ဂူကျဲထူကို မယှဉ်နိုင်ကြောင်း သိမြင်သွားစေသည်။ ဂူကျဲထူ၏ ဓားကွက်များသည် ရိုးရှင်းသော်လည်း စွမ်းအားတစ်ခုတည်းဖြင့် အရာအားလုံးကို ချေမှုန်းနိုင်သည့် အသွင်ရှိနေခြင်းဖြစ်သည်။

ဟင်းလင်းပြင်၌ ရပ်နေသော ယမမင်း၏ ပုံရိပ်ယောင်ကိုယ်ပွားမှာမူ အံ့အားသင့်ခြင်း မရှိဘဲ တည်ငြိမ်မြဲဖြစ်သည်။

''ဟိုဘက်ကမ်းက မန္တလာပန်း... သံသရာလမ်းမှာ... ဝိညာဉ်မချုပ်ငြိမ်းရင်... ဘယ်မှာလဲ လမ်းဆုံး...''

''မြစ်ဝါမြစ်ထဲ... တစ်ယောက်တစ်လမ်း...''

ယမမင်းသည် တီးတိုး ရွတ်ဆိုလိုက်သည်။

ထိုအသံကို ကြားသည်နှင့် ဖြူမဲသေမင်းတမန်ညီနောင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြကာ အမည်းရောင်နှင့် အဖြူရောင် မြစ်နှစ်စင်းအဖြစ် ပြောင်းလဲသွားလေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုမြစ်နှစ်စင်းသည် ဂူကျဲထူကို အလယ်၌ ထားကာ ပတ်ပတ်လည် ဝိုင်းရံလိုက်ကြ၏။

ယင်နှင့် ယန်။

သေခြင်းနှင့် ရှင်ခြင်း။

သေခြင်းရှင်ခြင်း စွမ်းအားများသည် ဂူကျဲထူ၏ ခန္ဓာကိုယ်ပေါ်တွင် စတင်၍ တိုက်စားလာလေသည်။

''အား...''

ဂူကျဲထူဆီမှ နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ တိုက်ပွဲစတင်ချိန်မှစ၍ ဂူကျဲထူဆီမှ ထွက်ပေါ်လာသော တစ်ခုတည်းသော အသံဖြစ်သည်။ အဖြူအမည်း မြစ်နှစ်စင်းသည် သူ့ကို ဒဏ်ရာရစေနိုင်ကြောင်း ထင်ရှားလှသည်။

မြစ်နှစ်စင်းသည် ဝမ်ရှန့်ကုန်းမြေတိုက်၏ နတ်ဘုရားစွမ်းအားမျိုး မဟုတ်ဘဲ အခြားသော ကမ္ဘာတစ်ခုမှ ယမမင်း၏ စွမ်းအားများ ဖြစ်ကြသည်။ ယင်းမှာ လူရှင်များ ဖြတ်သန်း၍မရဘဲ သေလူများသာ ဖြတ်သန်းရသောမြစ်ဝါမြစ် ကို အတုယူထားခြင်း ဖြစ်သည်။ ထိုမြစ်အတွင်းရှိရေများကို ကိုးဘုံအဝီစိစမ်းရေ ဟု ခေါ်ပြီး သက်ရှိတို့၏ သေခြင်းရှင်ခြင်း ကံတရားများကို သယ်ဆောင်ထားသည်။

အမှန်စင်စစ်တွင် ဤငရဲမဟာကမ္ဘာကြီး၌လည်း မြစ်ဝါမြစ်ကဲ့သို့မြစ်တစ်စင်း ရှိခဲ့ဖူးသည်။ သို့သော်လည်း ဝူလုံနတ်ဘုရားမင်း၏ ချိတ်ပိတ်ခြင်းကို ခံလိုက်ရပြီးနောက်တွင် ငရဲဘုံသည် ဝမ်ရှန့်ကုန်းမြေတိုက်နှင့် သံသရာလည်ပတ်မှု ပြတ်တောက်သွားခဲ့ရာ ထိုမြစ်သည်လည်း ခမ်းခြောက်သွားခဲ့ရလေသည်။

အချို့သော ကောလာဟလများအရ ယမမင်းနှင့် ဖြူမဲညီနောင်တို့သည် ငရဲဘုံမှ မူလမွေးဖွားလာသော မိစ္ဆာများ မဟုတ်ဘဲ အခြားသော ကမ္ဘာတစ်ခုမှ သေခြင်းရှင်ခြင်း အစွမ်းများကို ကိုင်ဆောင်ကာ ကူးခတ် ရောက်ရှိလာခဲ့ကြသူများ ဖြစ်သည်ဟု ဆိုကြသည်။

ယခု အဖြူအမည်း မြစ်နှစ်စင်းသည်ပင်လျှင် မြစ်ဝါမြစ်၏ အစွမ်းကို အတုယူထားသော ကျင့်စဉ်တစ်ခုသာ ဖြစ်ကာ အစစ်အမှန်မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ် မဟာမိစ္ဆာအရှင်သခင် တစ်ဦးကိုပင် ချုပ်နှောင်ထားရန် လုံလောက်နေသည်။

အဆင့် ၃ အထွတ်အထိပ် ကျွမ်းကျင်သူသည် ဤငရဲမဟာကမ္ဘာကြီး၏ အမြင့်ဆုံး အဆင့်ဖြစ်သဖြင့် အချိန်တိုအတွင်း သတ်ဖြတ်ရန် ခက်ခဲသော်လည်း ဤကဲ့သို့သော မြစ်နှစ်စင်းအတွင်း၌ ချုပ်နှောင်ထားရန်မှာမူ ပြဿနာ မဟုတ်ပေ။

ဂူကျဲထူသည်လည်း အမှန်တကယ်ပင် အချုပ်အနှောင် ခံလိုက်ရပုံရသည်။ ကောင်းကင်ယံ၌ အဖြူအမည်း မြစ်နှစ်စင်းသည် ဧရာမ ပုံရိပ်ကြီးတစ်ခုကို ဝန်းရံထားကာ လည်ပတ်နေကြသည်။ ရံဖန်ရံခါတွင် စွမ်းအားလှိုင်းအချို့ ထွက်ပေါ်လာသော်လည်း ထိုစွမ်းအားများကို ကောင်းကင်တက်လှမ်းမျှော်စင်က အကုန်လုံး စုပ်ယူသွားလေသည်။

ကျုံးရှန်သည် အခြားသော မိစ္ဆာအရှင်သခင်များကဲ့သို့ ထိတ်လန့်နေခြင်း မရှိဘဲ တည်ငြိမ်စွာ စောင့်ကြည့်နေသည်။ သူသည် မျှော်စင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မြစ်နှစ်စင်းအတွင်း ပိတ်မိနေသော ဂူကျဲထူကို တစ်ချက် ကြည့်လိုက်ကာ တစ်ခုခု ထူးဆန်းနေသည်ကို သတိထားမိသွားသည်။

ကောင်းကင်တက်လှမ်း မျှော်စင်ကြီးသည် ဘေးသို့ လွင့်စင်လာသော စွမ်းအားလှိုင်းများကို လိုလိုလားလားနှင့် အကုန်လုံး စုပ်ယူနေခြင်း ဖြစ်ပြီး တိုက်ပွဲမှထွက်ပေါ်လာသည့်စွမ်းအားအကြွင်းအကျန်များကို စုပ်ယူပြီးနောက်တွင် မျှော်စင်ထက်၌ အလင်းတန်းများ စတင်၍ လှည့်ပတ်လာသည်။

'ဒီမိစ္ဆာရဲ့ ပစ်မှတ်က ဒီမှာရှိတဲ့ မိစ္ဆာအရှင်သခင်တွေ မဟုတ်ဘူး...'

'သူ့ပစ်မှတ်က ကောင်းကင်တင်လှမ်းမျှော်စင်ပဲ...'

ကျုံးရှန်သည် စိတ်ထဲ၌ တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။

ကောင်းကင်တက်လှမ်းခြင်းမျှော်စင်တွင် စုစုပေါင်း အထပ်ပေါင်း ၉၉၉၉ ထပ် ရှိကာ အထပ်တစ်ထောင်တိုင်းတွင် သီးခြား ကမ္ဘာငယ်တစ်ခုစီ ရှိနေသည်။ ထိုကမ္ဘာငယ်များသည် ကမ္ဘာဦးအစကာလနှင့် အလွန်တူညီလှသဖြင့်စွမ်းအင်များဖြင့်သိပ်သည်းနေကာ ရတနာများစွာ ထွက်ပေါ်လေ့ရှိသည်။

သီအိုရီအရ မျှော်စင်အတွင်း၌ ထိုကဲ့သို့သော ကမ္ဘာငယ် ၁၀ ခု ရှိရမည် ဖြစ်ကာ ၁၀ ခုမြောက် ကမ္ဘာငယ်မှာ ဒဏ္ဍာရီလာ ကောင်းကင်ဘုံ ဖြစ်သည်ဟု ယူဆထားကြသည်။ သို့သော်လည်း မည်သူမျှ ထိပ်ဆုံးသို့ မရောက်ဖူးသေးရာ ယင်းသည် ခန့်မှန်းချက်သက်သက်သာ ဖြစ်နေသည်။

ထိုကမ္ဘာငယ်တစ်ခုစီသည် ရှေးဟောင်း ကျင့်ကြံရာ နယ်မြေများသဖွယ် ဖြစ်နေပြီး ရတနာများစွာ ရှိနေသည်မှာမူ အမှန်ပင် ဖြစ်သည်။ ထိပ်ဆုံးသို့ မရောက်နိုင်လျှင်ပင် ကမ္ဘာငယ်အချို့ကို စူးစမ်းနိုင်ခြင်းမှ ကြီးမားသော အကျိုးအမြတ်များကိုရိတ်သိမ်းနိုင်လိမ့်မည်ဖြစ်သည်။

သို့သော်လည်း ဂူကျဲထူ၏ ရည်ရွယ်ချက်သည် ရတနာရှာရန်သက်သက် မဟုတ်သည်မှာ ထင်ရှားလှသည်။ သူသည် မျှော်စင်ကြီးကို တစ်ခုခု ပြုလုပ်ရန် ကြံစည်နေခြင်းသာ ဖြစ်၏။ ဤဓားကျင့်ကြံသူမိစ္ဆာသည် အပြင်ပန်း၌ သွေးရူးသွေးတန်းနိုင်ကာ ရိုင်းစိုင်းကြမ်းတမ်းပုံရသော်လည်း အမှန်တကယ်တွင်မူ အကွက်စေ့လှသည်။

ထိုအချိန်တွင် အောက်ဘက်ရှိ ချောက်နက်မိစ္ဆာအရှင်သခင်၏ ကိုယ်ပွားသည်လည်း တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိသွားသည်။ ကောင်းကင်တက်လှမ်းမျှော်စင်ကြီး စွမ်းအားများကို စုပ်ယူနိုင်သည်မှာ လျှို့ဝှက်ချက် မဟုတ်သော်လည်း ဂူကျဲထူတစ်ယောက် ထိုစွမ်းအားများကို မျှော်စင်အတွင်းသို့ စနစ်တကျ စီးဝင်သွားအောင် ပြုလုပ်နေသည်ကို သူ သတိပြုမိလိုက်သည်။

ယင်းမှာ ရတနာတစ်ခုကို အသက်သွင်းနေသည့်အလား ရှိနေသည်။

ဤမျှော်စင်ကြီးသည် ငရဲဘုံ၌ ကမ္ဘာဦးကာလကတည်းက ရှိနေခဲ့သော်လည်း မည်သူမျှ ပိုင်ဆိုင်နိုင်ခြင်းမရှိခဲ့ကြပေ။ သို့သော် အခြေခံအားဖြင့် ယင်းသည်လည်း ရတနာတစ်ခုသာ ဖြစ်ပြီး သူတို့ သိထားသော မဟာတာအိုအဆင့်ထက်ပင် သာလွန်နိုင်ပေသည်။ ရတနာတစ်ခု ဖြစ်နေလျှင် ယင်းကို အသုံးပြုနိုင်မည့် နည်းလမ်း ရှိနေမည်မှာ သေချာလှသည်။

''မကောင်းတော့ဘူး... တိုက်ခိုက်နေတာတွေရပ်လိုက်ကြစမ်း..."

"ကောင်းကင်တာအို မိစ္ဆာပိတ်ဆို့ခြင်း အစီရင်ကို ခင်းကျင်းပြီးတော့ ဟင်းလင်းပြင်ကို ချိတ်ပိတ်လိုက်ကြ...''

ချောက်နက်မိစ္ဆာအရှင်သခင်၏ အော်ဟစ်သံကိုကြားလျှင် အဖြူအမည်း မြစ်နှစ်စင်းသည် ခဏတာမျှ တုံ့ဆိုင်းသွားလေသည်။

''ဟားဟား... သတိထားမိသွားပြီလား...''

''နှမြောစရာကောင်းတာက နောက်ကျသွားပြီကွ...''

''မင်းတို့ ညီနောင်နှစ်ယောက်ရဲ့ ကမ္ဘာဦးစွမ်းအားဖြစ်တဲ့ သေခြင်းရှင်ခြင်း စွမ်းအားတွေအတွက် ကျေးဇူးပဲကွာ... ဒါကြောင့် ငါ့အတွက် အလုပ်အများကြီး သက်သာသွားတာပေါ့...''

ဂူကျဲထူ၏ ရူးသွပ်ကျယ်လောင်စွာ ပြောဆိုသံ ထွက်ပေါ်လာသည်။

ရုတ်တရက်ပင် ငရဲမဟာကမ္ဘာကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြန်သည်။

အားလုံး၏ အကြည့်များသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ဆီသို့ ကျရောက်သွားကြသည်။ ကောင်းကင်ယံသို့ ထိုးတက်နေသော မျှော်စင်ကိုယ်ထည်ကြီးသည် တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာခဲ့ကာ ငရဲကမ္ဘာကြီးတစ်ခုလုံးကို လင်းထိန်သွားစေတော့သည်။

ယခုအခါ ငရဲဘုံ၏ မည်သည့်နေရာမှမဆို ကြည့်ပါက ငရဲမဟာကမ္ဘာကြီး၏ ဗဟိုချက်ဖြစ်သည့် ဤကိုးထပ်ငရဲဘုံတွင် အလင်းတန်းများဖြင့် တောက်ပနေသော ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကြီးကို မြင်တွေ့နိုင်လေသည်။

မျှော်စင်ကြီးသည် အချိန်မတိုင်မီ ပွင့်လှစ်သွားခဲ့ခြင်းပင် ဖြစ်၏။

All Chapters