← Chapters

အခန်း (၂၄၅)

Vol. 25 Ch. 245

အခန်း (၂၄၅)

Vol. 25 Ch. 245

''ရွှပ်...''

ကျုံးရှန်သည် အလင်းတံခါးအတွင်းသို့ လှမ်းဝင်ပြီးနောက် သူ၏ ပတ်ဝန်းကျင်သည် ဝေဝါးသွားသည်။ ထို့နောက်မျက်စိတစ်မှိတ်အတွင်းပင် သူသည် ဝါကျင့်ကျင့်သဲများ လွင့်ပျံနေသည့် သဲကန္တာရတစ်ခုအတွင်းသို့ ရောက်ရှိသွား၏။

မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် သူ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်ပေါ်တွင် ဧရာမ ရှေးဟောင်းနတ်ဘုရားတောင်ကြီးတစ်လုံး ဖိထားသကဲ့သို့ ခံစားလိုက်ရသည်။ အကယ်၍ သူ၏ကျင့်စဉ်အဆင့်သည် သူတော်စင်နယ်ပယ်သို့ မရောက်ရှိသေးပါက ဤနေရာသို့ ဝင်ရောက်လာသည်နှင့် ထိုဖိအားကြောင့် မြေပြင်ပေါ်၌ လဲကျသွားပေမည်။

လေပြင်းများနှင့် သဲမှုန်များသည် ဓားချက်များသဖွယ် ကျုံးရှန်၏ ခန္ဓာကိုယ်ကို တဒေါင်ဒေါင်ဖြင့် ရိုက်ခတ်နေကြ၏။ လေဓားချက် တစ်ခုချင်းစီသည် အဆင့်မြင့်သူတော်စင် တစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် တူညီနေသည်။

သူ၏ စွမ်းအားဖြင့် ကာကွယ်ပေးထားသော လီလီဗီနှင့် ရှီမင်တို့မှာမူ ယခုအခါ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို မသိရတော့ပေ။

'ဒီအလင်းတံခါးက နက်နဲတဲ့ ဟင်းလင်းပြင်တာအို နိယာမစွမ်းအားတွေကို သယ်ဆောင်ထားတာပဲ...'

'အထဲကို ဝင်လာတဲ့သူတွေအားလုံးက နေရာအနှံ့ကို ကျပန်းရောက်သွားကြပြီနေမှာ...'

ကျုံးရှန်သည် ခေတ္တမျှ တွေးတောလိုက်၏။ ထို့နောက်သူသည် နတ်ဘုရားအာရုံကို လှုပ်ရှားလိုက်ကာ ပတ်ဝန်းကျင်ကို စူးစမ်းရန် ကြိုးစားလိုက်သည်။

''ဟမ်...''

''နတ်ဘုရားအာရုံအပေါ် ဖိနှိပ်မှုက တကယ်ကို ကြောက်စရာကောင်းတာပဲ...''

သူ၏ နတ်ဘုရားအာရုံသည် ခန္ဓာကိုယ်အပြင်ဘက် မီတာအနည်းငယ်အကွာအဝေးကိုသာ ခက်ခဲစွာဖြင့် စူးစမ်းနိုင်သည်ကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။ ထိုထက်ပို၍ ဝေးသောနေရာများသို့ မရောက်ရှိနိုင်တော့ဘဲ မမြင်နိုင်သော စွမ်းအားတစ်ခုသည် သူ့ကို တင်းကျပ်စွာ ပိတ်ဆို့ထားသလိုခံစားလိုက်ရ၏။

'ဒီကောင်းကင်တက်လှမ်းခြင်းမျှော်စင်ရဲ့ ကန့်သတ်ချက် နိယာမတွေက အဓိပ္ပာယ်မရှိလောက်အောင် ပြင်းထန်လွန်းတာပဲ...'

'အစစ်အမှန်မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ် ကျွမ်းကျင်သူတွေ ဝင်လာရင်တောင် ဒီလိုပဲ အဖိနှိပ်ခံရမလား မသိဘူး...'

ကျုံးရှန်သည် တွေးတောရင်း ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။

ဤတစ်လှမ်းတွင် သူသည် မြေကြောကျုံသည့်နည်းစနစ်ကို အသုံးပြုလိုက်၏။ သူ၏ လက်ရှိ ကျင့်စဉ်အဆင့်ဖြင့်ဆိုပါက ပြင်ပလောကတွင် ခြေတစ်လှမ်းလှမ်းရုံဖြင့် ကမ္ဘာငယ်တစ်ခုစာ အကွာအဝေးကို ဖြတ်ကျော်နိုင်ပေသည်။

''ရွှပ်...''

သူ၏ ပုံရိပ်သည် ရိပ်ခနဲ ဖြစ်သွားသော်လည်း ရှေ့သို့ ငါးမီတာခန့်သာ ရောက်ရှိသွားခဲ့သည်။

'မြေကြောကျုံသွားတာတောင် ငါးမီတာပဲ ရောက်သလို....နတ်ဘုရားအာရုံ စူးစမ်းနိုင်စွမ်းကလည်း မီတာအနည်းငယ်ပဲ ရှိတာလား...'

ကျုံးရှန်တစ်ယောက် ဆွံ့အသွားရ၏။

ဤအခြေအနေသည် သေမျိုးနယ်ပယ်တွင် ကိုယ်ခံပညာကို ဆယ်နှစ်ခန့် လေ့ကျင့်ထားသော သိုင်းဆရာတစ်ဦးထက်ပင် နိမ့်ကျနေသေးသည်။

သို့သော်လည်း အခြားသူများသည်လည်း ဤကဲ့သို့ပင် ကန့်သတ်ခံရမည်ကို တွေးမိသောအခါ စိတ်အေးသွားလေသည်။ ထို့နောက် ကျုံးရှန်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ကာ သဲမုန်တိုင်းများကို အန်တုလျက် ရှေ့သို့ တစ်လှမ်းချင်း လှမ်းသွားလေတော့သည်။

မျက်စိတစ်ဆုံး လှမ်းကြည့်လိုက်ပါက အလွန်ဝေးကွာသော နေရာတစ်ခုတွင် ကောင်းကင်ယံသို့ ထိုးတက်နေသည့် လှေကားထစ်များကို မရေမရာ မြင်တွေ့နေရ၏။

တစ်ချိန်တည်းမှာပင် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းသို့ ရောက်ရှိသွားသော အခြားကျွမ်းကျင်သူများ၏ ပုံရိပ်များ သည် နေရာအသီးသီး၌ပေါ်ထွက်လာကြသည်။

မျှော်စင်အတွင်းသို့ ရောက်ရှိသွားသော ထိုသူများသည် ကြီးမားသော ဖိအားများကို ရင်ဆိုင်ရသောအခါ ကျုံးရှန်ကဲ့သို့ အေးအေးဆေးဆေး မရှိနိုင်ကြပေ။

ကျုံးရှန် ခန့်မှန်းထားသည့်အတိုင်းပင် သူတို့ တစ်ဦးချင်းစီ ရောက်ရှိနေသော ပတ်ဝန်းကျင်သည်လည်း မတူညီဘဲ သိပ်သည်းသော သစ်တောများ၊ ခြောက်သွေ့သော ကြယ်စုများ၊ အဆုံးမဲ့ ချော်ရည်များနှင့် သမုဒ္ဒရာကြီးများအတွင်း သို့ ကျရောက်သွားကြ၏။ သူတို့အားလုံးသည် သီးခြား ဟင်းလင်းပြင်ကမ္ဘာများအတွင်းသို့ ခွဲထုတ် ခံလိုက်ရခြင်းပင် ဖြစ်သည်။

ဤကျွမ်းကျင်သူများသည် မျိုးဆက်သစ်များထဲမှ ပါရမီရှင်များ ဖြစ်ကြကာ သူတို့၏ နောက်ခံ အင်အားစုများသည်လည်း အလွန်တောင့်တင်းလှသည်။ သူတို့၏ မိသားစုများသည် သူတို့အတွက် သင့်တော်သော မိစ္ဆာအမြုတေများကို ကြိုတင် ရှာဖွေပေးထားကြသဖြင့် အများစုသည် နတ်ဘုရားနယ်ပယ် ဒုတိယအဆင့် အထက်တွင် ရှိနေကြကာ အချို့မှာမူ တတိယအဆင့်သို့ပင် ရောက်ရှိနေကြ၏။

သို့သော်လည်း အထွတ်အထိပ် အဆင့်သို့ ရောက်ရန်မှာမူ ဝေးကွာလွန်းနေသေးပေသည်။ အဘယ်ကြောင့်ဆိုသော် မဟာကမ္ဘာကြီးအတွင်း၌ပင် အဆင့် ၃ အထွတ်အထိပ်သို့ ရောက်ရှိသော မဟာမိစ္ဆာအရှင်သခင်ကြီးများမှာ အလွန်ရှားပါးလှသောကြောင့် ဖြစ်၏။

ထိုသူတိုင်းသည် သန်းပေါင်းများစွာသော သက်ရှိများထဲမှ ထူးချွန်စွာ ပေါ်ထွက်လာသော အထွတ်အထိပ် ကျွမ်းကျင်သူများ သာ ဖြစ်ကြသည်။

...

ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အပြင်ဘက်ရှိ အခြေအနေများသည် ရှုပ်ထွေးနေကာ အလွန်အန္တရာယ်များနေသည်။

ဓားမိစ္ဆာ ဂူကျဲထူသည် မျက်တောင်တစ်ခတ်အတွင်း ဓားချက်ပေါင်း သန်းနှင့်ချီ၍ ထုတ်လွှတ်ခဲ့ရာ ထိုဓားချက် တစ်ခုချင်းစီသည် အတုအ‌ယောင်နတ်ဘုရားနယ်ပယ် အဆင့်ရှိ မိစ္ဆာများကို နှစ်ပိုင်းပိုင်းဖြတ်ရန် လုံလောက်လှသည်။ သူတို့သည် သေဆုံးသွားခြင်း မရှိလျှင်ပင် တိုက်ခိုက်နိုင်စွမ်းလျော့ကျသွားမည် ဖြစ်သည်။

သို့သော်လည်း ထိုကဲ့သို့သော ရှုပ်ထွေးမှုများကြားမှပင် နတ်ဘုရားနယ်ပယ် အစစ်အမှန် ပါရမီရှင်များအပြင် အတုအယောင်နတ်ဘုရားနယ်ပယ် အဆင့်ရှိသော ကံကောင်းသည့် မိစ္ဆာအရှင်သခင် အချို့သည် ကောင်းကင်တက်လှမ်း‌ မျှော်စင်မပိတ်ခင်ပင် အလင်းတံခါးအတွင်းသို့ ဝင်ရောက်သွားနိုင်ခဲ့ကြသည်။

သို့သော်လည်း အရေအတွက်သည် သိပ်မများလှပေ။

ထိုမိစ္ဆာအရှင်သခင်များသည် အလင်းတံခါးအတွင်းသို့ ရောက်ရှိပြီးနောက် ဆိုးရွားသော ပတ်ဝန်းကျင်နှင့် နိယာမများ၏ ဖိနှိပ်မှုကို ခံလိုက်ရကာ ခက်ခဲစွာ တောင့်ခံနေကြရ၏။ သူတို့ထဲမှ ထူးချွန်သူအချို့သာလျှင် မျှော်စင်၏ အထက်ထပ် လှေကားထစ်များဆီသို့ လျင်မြန်စွာ ဦးတည်နိုင်ကြမည်ဖြစ်သည်။

...

သဲမုန်တိုင်းများကြားတွင် နေ့နှင့်ည အပြောင်းအလဲ မရှိသကဲ့သို့ အချိန်စီးဆင်းမှုသည်လည်း ဝေဝါးနေသည်။ မည်မျှကြာအောင် လျှောက်လှမ်းခဲ့သည်ကို မသိရသော်လည်း ကျုံးရှန်သည် နောက်ဆုံး၌ ထိုလှေကားထစ်များ၏ အောက်ခြေသို့ ရောက်ရှိသွားလေသည်။

သို့သော်လည်း လှေကားထစ်များဆီသို့ တိုက်ရိုက်တက်နိုင်သော လမ်းကြောင်း သို့မဟုတ် ကြိုးများ မတွေ့ရှိပေ။ သူသည် ခေါင်းကို မော့ကြည့်လိုက်လျှင် ထိုဧရာမ လှေကားထစ်ကြီးသည် သူ့ထက် မီတာတစ်ရာခန့် မြင့်သော နေရာတွင် ရှိနေလေသည်။

လက်ရှိ သူ၏ ငါးမီတာခန့်သာ ခုန်ကူးနိုင်သော အစွမ်းဖြင့်ဆိုပါက ထိုနေရာသို့ မည်သို့မျှ ရောက်ရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်က ပေးထားသော ပထမဆုံး ပဟေဠိပင် ဖြစ်သည်။

'ဒီနေရာမှာ ပျံသန်းနိုင်တဲ့ ရတနာတွေကိုတောင် ပိတ်ပင်ထားတာပဲ... အပေါ်တက်ဖို့ဆိုရင် တခြားနည်းလမ်း ရှိကိုရှိရမယ်...'

'ဒီမျှော်စင်က လမ်းပိတ်ကြီးတော့ဖြစ်မှာ မဟုတ်ဘူးလေ... ငါ တစ်ခုခုကို သတိမထားမိတာပဲ ဖြစ်ရမယ်...'

သူ၏ အကြည့်များသည် ပတ်ဝန်းကျင်သို့ ကျရောက်သွားသည်။

''ဟမ်...''

ကျုံးရှန်သည် သူ၏ ခြေထောက်နားတွင် စိမ်းစိုနေသော အပင်ငယ်လေးတစ်ပင် ပေါက်ရောက်နေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

ဝါကျင်ကျင် သဲပြင်ကြီးပေါ်တွင် ထိုအပင်ငယ်လေးသည် အားမာန်အပြည့်ဖြင့် ပေါက်ရောက်နေခြင်းဖြစ်သည်။ အပင်ငယ်လေးသည် အလွန်ပင် သေးငယ်လှကာ အရွက်ငယ် နှစ်ရွက်သာ ထွက်သေးပြီး စိမ်းလန်းစိုစွတ်နေသည်။

စိုက်ပျိုးခါစ ပဲပင်ပေါက်လေးနှင့်ပင်တူညီနေ၏။

ယင်းသည် ကြမ်းတမ်းခြောက်သွေ့သောသဲကန္တာရနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။ အကယ်၍ လေပြင်းများ တိုက်ခတ်သွားသဖြင့် သဲအလွှာတစ်ခု လွင့်စင်သွားခြင်း မရှိပါက သူသည်လည်း သတိထားမိမည် မဟုတ်ပေ။

ကျုံးရှန်သည် ထိုင်ချလိုက်ကာ သဲများကို ဖြည်းညင်းစွာ ဖယ်ရှားလိုက်ပြီး ထိုအပင်ငယ်လေးကို အသေအချာ စူးစမ်းလိုက်၏။

ယင်းအပင်ငယ်‌လေးသည် နွယ်ပင်အမျိုးအစား ဖြစ်ပုံရသည်။ ပင်စည်သည် ပဲပင်ပေါက်နီးပါးခန့်သာ ရှိသော်လည်း စိမ်းစိုနေသော အရွက်နှစ်ရွက်ပေါ်တွင်အလွန်ရှုပ်ထွေးလှသော နိယာမ အရေးအကြောင်းများ ရှိနေသည်။

အာရုံစိုက်ပြီး အသေအချာကြည့်ရှုလိုက်ပါလျှင် ထိုအရေးအကြောင်းများသည် ဆန်းကြယ်သော စာလုံးအချို့အဖြစ် ပေါက်ဖွားနေသကဲ့သို့ ရှိနေလေ၏။ သို့သော်လည်း ထိုအရွက်များသည် သေးငယ်လွန်းလှသဖြင့် ကျုံးရှန်အနေဖြင့် မည်သည့်စာလုံး ဖြစ်သည်ကို မခွဲခြားနိုင်ပေ။

'ကောင်းကင်တက်လှမ်းခြင်းမျှော်စင်... နွယ်ပင်ငယ်... စာလုံးတွေ...'

ကျုံးရှန်သည် ထိုနေရာတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ထိုအပင်ငယ်လေးကို သဲများအောက် ပြန်မနစ်မြုပ်သွားစေရန် လက်ဖြင့် အသာအယာ ကာကွယ်ပေးထားလိုက်၏။

ထို့နောက် သူ၏ ဦးနှောက်အတွင်း၌ အတွေးပေါင်းများစွာ ဖြတ်ပြေးသွားကာ လေးနက်စွာ စဉ်းစားခန်းဝင်နေတော့သည်။

....

ပြင်ပလောကတွင်မူ ကိုးထပ်မြောက် ကုန်းမြေတိုက်ကြီးသည် ဂူကျဲထူကြောင့် ပရမ်းပတာ ဖြစ်နေသည်။ ရှေးဟောင်းမြို့ကြီး၏ သုံးပုံတစ်ပုံသည် ပျက်စီးသွားခဲ့ပြီး လာရောက်ကြည့်ရှုကြသော မိစ္ဆာအရှင်သခင်များ၏ ငါးပုံတစ်ပုံခန့် သေဆုံးသွားလေသည်။

ထို့ပြင် သူ၏ဓားချက်များကြောင့် မသန်မစွမ်းဖြစ်သွားသူများမှာမူ ရေတွက်၍ပင် မရနိုင်ပေ။

သတင်းများအရ ယမမင်းကိုယ်တိုင် ဂူကျဲထူကို လိုက်လံဖမ်းဆီးနေသည်ဟု သိရ၏။ တစ်ချိန်က တန်ခိုးထွားခဲ့သော ဓားတစ္ဆေ ဂူကျဲထူသည် ယခုအခါ ကိုးထပ်ငရဲဘုံမှ ကြောက်လန့်တကြား ထွက်ပြေးနေရပြီဖြစ်သည်။

သံသရာဧည့်ဂေဟာ မှာမူ သီးခြား အစီရင်များဖြင့်အခိုင်အမာတည်ဆောက်ထားခြင်းဖြစ်၍ ပျက်စီးခြင်း မရှိဘဲ ကျန်ရစ်ခဲ့သည်။

ကောင်းကင်တက်လှမ်းခြင်းမျှော်စင် ပိတ်သွားပြီးနောက် ကိုးထပ်မြောက်ကုန်းမြေတိုက်၏ကောင်းကင်ယံအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။ ထိုနေရာတွင် ဧရာမ ကျောက်တိုင်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့၏။

ကျောက်တိုင်ပေါ်တွင် ရွှေရောင်စာလုံးများဖြင့် မျှော်စင်အတွင်းသို့ ဝင်ရောက်သွားသူများ၏ အမည်များကို ဖော်ပြထားကာ အမည်တစ်ခုချင်းစီ၏ နောက်တွင် သူတို့ လက်ရှိ ရောက်ရှိနေသော နေရာများကို ဖော်ပြထားသည်။

မြို့အတွင်းရှိ အသက်ရှင်ကျန်ရစ်သောမိစ္ဆာများသည်ခေါင်းကို မော့ကာ တစ်ကြောင်းချင်းစီ ဖတ်ကြည့်လိုက်ကြသည်။

''ဂူချီရှာ ... ခြောက်သွေ့အရိုးငရဲဘုံ''

''ပိုင်ကျင်းကျင်း ... မီးတောက်ငရဲဘုံ''

''မင်မော့ ... လေဟာနယ်ငရဲဘုံ''

''လီလီဗီ ... ထာဝရအမှောင်ငရဲဘုံ''

"...."

"...."

ထိုအချက်အလက်များကို ကြည့်ရင်း မိစ္ဆာများသည် ထူးဆန်းသည်ဟု မထင်ကြဘဲ သူတို့သည် ကံကောင်းလှသည်ဟုသာ မှတ်ချက်ပြုကြ၏။

အဘယ်ကြောင့်ဆိုသော် ထိုသူများသည် မျှော်စင်အတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော ပတ်ဝန်းကျင်အချို့ကို ရှောင်ရှားနိုင်ခဲ့ကြကာ နောက်အထပ်၏ဝင်‌ ပေါက်သို့တိုက်ရိုက်ပင်ရောက်သွားကြသောကြောင့်ဖြစ်သည်။

သို့သော်လည်း နောက်တစ်ကြောင်းကို မြင်လိုက်ရသောအခါတွင်မူ မိစ္ဆာအားလုံး ဆွံ့အသွားကြလေတော့သည်။

''ကျုံးရှန် ... လေသဲငရဲဘုံ''

All Chapters