← Chapters

အခန်း (၂၄၇)

Vol. 25 Ch. 247

အခန်း (၂၄၇)

Vol. 25 Ch. 247

''နိုအာချပ်ပြား... ဒီကမ္ဘာရဲ့ဟင်းလင်းပြင်နဲ့ ဒီနွယ်ပင်လေးကို တစ်ချက်လောက် စစ်ဆေးပေးစမ်း''

ကျုံးရှန် အမိန့်ပေးလိုက်သောအခါ နိုအာချပ်ပြားဟု ခေါ်ဆိုသော ငွေဖြူရောင် ပန်းကန်ပြားပျံလေးသည် လေထဲသို့ ပျံတက်သွားကာ ကျုံးရှန်၏ ရှေ့၌ ဖြည်းညင်းစွာ ဝဲပျံနေလိုက်သည်။ ခက်ထန်လှသော သဲမုန်တိုင်းများသည် ထိုပန်းကန်ပြားပျံလေးကို အနည်းငယ်မျှပင်လှုပ်ခတ်စေခြင်း မရှိချေ။

ထိုနောက် ပန်းကန်ပြားပျံအတွင်းမှ ငွေရောင်အလင်းတန်းများ မှိန်ဖျော့ဖျော့ ထွက်ပေါ်လာကာ အတွင်းပိုင်းမှ နူးညံ့သိမ်မွေ့သောအသံတစ်သံ ထွက်ပေါ်လာသည်။

''တပ်မှူးရဲ့ အမိန့်ကို လက်ခံရရှိပါတယ်..."

"စစ်ဆေးမှု အစီအစဉ်ကို စတင်လိုက်ပါပြီ''

"ဝှစ်...."

နိုအာချပ်ပြားသည် ကောင်းကင်သို့ မြင့်တက်သွားကာ ဗဟိုချက်မှ အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး နွယ်ပင်ငယ်လေးပေါ်သို့ ကျရောက်သွားသည်။

များပြားလှသော အချက်အလက်များသည် အပြာရောင်အလင်းတန်းအတွင်း၌ အဆက်မပြတ် စီးဆင်းနေကာ နိုအာချပ်ပြား၏ ကိုယ်ထည်သည်လည်း ဖြည်းညင်းစွာ လည်ပတ်လာသည်။ အမျိုးမျိုးသော အချက်အလက်များကို တွက်ချက်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းများကို လုပ်ဆောင်နေခြင်းပင်ဖြစ်သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် အပြာရောင်အလင်းတန်း ပြန်လည် ပျောက်ကွယ်သွား၏။

''ဂုဏ်ယူပါတယ် တပ်မှူး...အင်ပါယာရဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးချက်အရ ဒါဟာ အဆုံးမဲ့ ခေါင်တီးယက်စ် သမုဒ္ဒရာထဲမှာ ပေါက်ဖွားတဲ့ ထာဝရနွယ်ပင်ရဲ့ ပျိုးပင် ဖြစ်ပါတယ်''

''အင်ပါယာရဲ့ ရှေးဟောင်း မှတ်တမ်းတွေထဲမှာတော့ ခေါင်တီးယက်စ် နတ်ဘုရားနွယ်ပင်လို့ ခေါ်ဆိုကြပါတယ်''

ကျုံးရှန်သည် ထိုစကားကို ကြားလျှင် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။

'တကယ်ပဲ ခေါင်တီးယက်စ် နတ်ဘုရားနွယ်ပင် ဖြစ်နေတာလား'

သူသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ကာ ဆက်လက် မေးမြန်းလိုက်သည်။

''ဒီနွယ်ပင်ရဲ့ အသေးစိတ် အစွမ်းတွေက ဘာလဲ..."

"ရှေးဟောင်း မှတ်တမ်းတွေထဲမှာ ရေးထားသလို ကောင်းကင်ဘုံနဲ့ ဝမ်ရှန့်ကုန်းမြေတိုက်ကို ဆက်သွယ်ပေးရုံသက်သက်ပဲလား''

ကောင်းကင်ဘုံဟု ခေါ်ဆိုနေသော်လည်း အမှန်တကယ်တွင်မူ ထူးခြားသော ကမ္ဘာငယ်တစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ထိုကမ္ဘာငယ်တွင် ဝမ်ရှန့်ကုန်းမြေတိုက်ထက် ပိုမိုမြင့်မားသော စွမ်းအင်များ ရှိနေကာ ရှေးခေတ်ကာလ ဝမ်ရှန့်ကုန်းမြေတိုက်၏ အဆင့်မြင့်ဆုံး ကျင့်ကြံရာ အထူးနယ်မြေပင် ဖြစ်သည်။

ရှေးဦးကာလမှ အလယ်ခေတ်ကာလအထိ နတ်ဘုရားဘုရင်များ၊ ရှေးဟောင်း ကောင်းကင်ဧကရာဇ်များနှင့် မဟာဧကရာဇ်များသည် ထိုနေရာကို ဝမ်ရှန့်ကုန်းမြေတိုက်ကို အုပ်ချုပ်ရန် အခြေခံအဖြစ် အသုံးပြုခဲ့ကြသည်။ သူတို့သည် ကောင်းကင်ဘုံ၌ နတ်ဘုရားနန်းများကို တည်ဆောက်ကာ အထွတ်အထိပ် အုပ်ချုပ်မှုကို တည်ထောင်ခဲ့ကြ၏။

သို့သော်လည်း ရှေးဟောင်း မှတ်တမ်းများ၌ ခေါင်တီးယက်စ် နတ်ဘုရားနွယ်ပင်အကြောင်းကို အနည်းငယ်မျှသာ ဖော်ပြထားလေသည်။ ထို့ကြောင့် ကျုံးရှန်အနေဖြင့် ဤအရာသည် အလွန်ပင် အစွမ်းထက်ကြောင်း သိထားသော်လည်း မည်မျှအထိ အစွမ်းထက်သည်ကိုမူ အတိအကျ မသိရှိပေ။

ကျုံးရှန် မေးမြန်းပြီးနောက် နိုအာချပ်ပြားသည် တစ်ဖန် ပြန်လည် လည်ပတ်လာပြန်သည်။ အတွင်းပိုင်းရှိ ငွေဖြူရောင် အလင်းတန်းများသည် တစ်ခါတစ်ရံ မှိန်သွားကာ တစ်ခါတစ်ရံ လင်းထိန်လာ၏။

ဤတစ်ကြိမ်တွင်မူ တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာအောင် တွက်ချက်ပြီးမှသာ ရပ်တန့်သွားသည်။

''တပ်မှူးကို အစီရင်ခံပါတယ်... ခေါင်တီးယက်စ် နတ်ဘုရားနွယ်ပင်ရဲ့ အံ့ဩစရာအကောင်းဆုံး အစွမ်းကတော့ ခန္ဓာကိုယ်ထဲက သူတော်စင်ဘုံအတွင်းမှာ စိုက်ပျိုးနိုင်တာပဲ ဖြစ်တယ်''

''သူတော်စင်ဘုံထဲမှာ ဒီနွယ်ပင်ကို ကြီးထွားလာအောင် လုပ်နိုင်ရင် ထိုသူတော်စင်ဘုံရဲ့ အခြေခံကောင်းကင်ထောက်တိုင် ဖြစ်လာပါလိမ့်မယ်''

''ဒါကို အခြေခံအဖြစ်အသုံးပြုထားတဲ့ သူ တော်စင်ဘုံဟာ အလွန်သန်မာတဲ့ဖွဲ့စည်းပုံရရှိသွားမှာ ဖြစ်ပြီး ဘယ်အရာကမှ ဖျက်ဆီးလို့ မရနိုင်တော့ပါဘူး''

''ဒါကို အပြည့်အဝ ကြီးထွားအောင် ပျိုးထောင်နိုင်ရင် သူတော်စင်ဘုံကို အလယ်အလတ်ကမ္ဘာအဆင့်၊ အဲဒီကနေတစ်ဆင့် ဝမ်ရှန့်ကုန်းမြေတိုက်လို မဟာကမ္ဘာကြီးအဆင့်အထိ မြှင့်တင်ပေးနိုင်မှာပဲဖြစ်တယ်''

''ဒါ့အပြင် ပိုင်ရွှီနယ်မြေကို ဖြတ်ကျော်နိုင်တဲ့ စွမ်းအားနဲ့ ဘယ်လို ဟင်းလင်းပြင် အကာအကွယ်အလွှာကိုမဆို ဖြတ်ကျော်နိုင်တဲ့ စွမ်းအားကိုလည်း ပိုင်ရှင်ကို ပေးအပ်နိုင်ပါလိမ့်မယ်''

''တကယ်လို့ တခြားသော ကံကောင်းခြင်းတွေနဲ့သာ ကြုံဦးမယ်ဆိုရင် မဟာကမ္ဘာကြီးအဆင့်ရှိတဲ့ သူတော်စင်ဘုံကို တခြားသော ကမ္ဘာတွေကိုပါ ဝါးမြိုစေပြီး လွတ်မြောက်ခြင်းအဆင့်ကမ္ဘာအဖြစ်အထိ ဆင့်ကဲပြောင်းလဲမြှင့်တင်နိုင်မှာပဲဖြစ်တယ်''

နိုအာချပ်ပြား၏ နူးညံ့သောအသံသည်ပင်လျှင် အနည်းငယ် တုန်ယင်လာ၏။ တည်ငြိမ်လှသော ဉာဏ်ရည်တုပင်လျှင် ခေါင်တီးယက်စ် နတ်ဘုရားနွယ်ပင်၏ အစွမ်းကို အံ့ဩမိနေခြင်းဖြစ်သည်။

''ခန္ဓာကိုယ်တွင်းက သူတော်စင်ဘုံကို အလယ်အလတ်ကမ္ဘာ၊ မဟာကမ္ဘာကြီးအထိ အဆင့်မြှင့်တင်နိုင်တာလား...''

''ပိုင်ရွှီနယ်မြေနဲ့ ဟင်းလင်းပြင် အကာအကွယ်လွှာတွေကိုလည်း ဖြတ်ကျော်နိုင်တယ်ပေါ့...''

ကျုံးရှန်သည် တီးတိုး ရေရွတ်လိုက်၏။

ဤခေါင်တီးယက်စ် နတ်ဘုရားနွယ်ပင်သည် ကျုံးရှန် နှစ်ပေါင်း တစ်သန်းအတွင်း ကြုံတွေ့ခဲ့ရသော အကြီးမားဆုံးသော ကံကောင်းခြင်းဟုပင် ဆိုနိုင်ပေသည်။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို ငရဲဘုံရှိ အဖိုးကြီးများစွာက အကြိမ်ကြိမ် စူးစမ်းခဲ့ဖူးပြီး အန္တရာယ်များလှသော လေသဲငရဲဘုံသို့လည်း မိစ္ဆာအရှင်သခင်ကြီးများစွာ ရောက်ရှိခဲ့ဖူးသည်။

သို့သော်လည်း နှမြောစရာကောင်းသည်မှာ သူတို့ ဝင်ရောက်လာချိန်တွင် ခေါင်တီးယက်စ် နတ်ဘုရားနွယ်ပင်သည် စွမ်းအားများကို စုပ်ယူနေဆဲ ဖြစ်ပြီး အညှောင့်ထွက်ရန် ရှည်လျားသော အချိန်ကို စောင့်ဆိုင်းနေသည့် ကာလဖြစ်သည်။

ထို့ကြောင့် ထိုသူတို့သည် လေသဲငရဲဘုံ၏ ပတ်ဝန်းကျင်မှာ ဆိုးရွားလွန်းလှပြီး မျှော်စင်တက်ရန် ဖိအားသည် အခြားနေရာများထက် များစွာ ပိုနေသည်ဟုသာ ထင်မြင်ခဲ့ကြသည်။ ထိုသည်မှာ ခေါင်တီးယက်စ် နတ်ဘုရားနွယ်ပင် ဤနေရာတွင် အမြစ်တွယ်နေခြင်းကြောင့် ဖြစ်သည်ကိုမူ မည်သူမျှ မသိရှိခဲ့ကြပေ။

ယခုအခါတွင်မူ ဂူကျဲထူ၏ နှောင့်ယှက်မှုကြောင့် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် အချိန်မတိုင်မီ ပွင့်လှစ်ခဲ့ကာ အချိန်မတိုင်မီ ပိတ်သွားခဲ့သည်။ ကျုံးရှန်သည် အလင်းတံခါးအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် ဤလေသဲငရဲဘုံသို့ ရောက်ရှိလာခဲ့ကာ လှေကားထစ်များ၏ အောက်ခြေတွင် ခေါင်တီးယက်စ် နတ်ဘုရားပျိုးပင်လေးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အကယ်၍ မိနစ်အနည်းငယ်မျှ နောက်ကျသွားခဲ့ပါက ဤပျိုးပင်လေးသည် သဲများအောက်တွင် နစ်မြုပ်သွားပေလိမ့်မည်။ မျှော်စင်အတွင်းရှိ နတ်ဘုရားအာရုံကို ဖိနှိပ်ထားသော စွမ်းအားများနှင့် ခေါင်တီးယက်စ် နတ်ဘုရားနွယ်ပင်၏ အဆင့်လွန် စွမ်းအားများကြောင့် ကျုံးရှန်ပင်လျှင် သဲအောက်ရှိ ပျိုးပင်လေးကို ရှာတွေ့ရန် မည်သို့မျှ မဖြစ်နိုင်ပေ။

ဤအရာအားလုံးသည် ကံကြမ္မာနှင့်သက်ဆိုင်နေသည့် ကံကောင်းမှုများအခါအခွင့်သင့်ခြင်းပင် ဖြစ်သည်။ အထူးသဖြင့် ခေါင်တီးယက်စ် နတ်ဘုရားနွယ်ပင်၏ အစွမ်းသည် ကျုံးရှန်ကို အလွန် အံ့အားသင့်စေလေသည်။

သူတော်စင်နယ်ပယ် ဆဋ္ဌမအဆင့်သို့ ရောက်ရှိပြီးနောက်တွင် ဟင်းလင်းပြင်အတွင်း၌ ရတနာများကို ဖန်တီးနိုင်လာမည်ဖြစ်သည်။ အဆုံးမဲ့ ဟင်းလင်းပြင် အလွှာများအတွင်းမှ ဆုံမှတ်တစ်ခုကို ရွေးချယ်ပြီး ကိုယ်တွင်းဟင်းလင်းပြင်နှင့် ပေါင်းစပ်လျက် မြင့်မြတ်သောတံခါးမကြီးကို အပြည့်အဝ ဖွင့်လှစ်ကာ သူတော်စင်ဘုံတစ်ခုကို တည်ထောင်နိုင်လေသည်။

သူတော်စင်ဘုံ၏ အဆင့်နှင့် မိမိကိုယ်တိုင်၏ အဆင့်သည် ထိုဘုံအတွင်းရှိ သက်ရှိများ ကျင့်ကြံနိုင်မည့် အမြင့်ဆုံး အဆင့်ကို ကန့်သတ်ထားကာ သူတော်စင်ဘုံအတွင်းရှိ သက်ရှိများ၏ စွမ်းအားသည်လည်း မူလပိုင်ရှင်ထံသို့ ပြန်လည် အကျိုးပြုနိုင်ပေသည်။

အစောပိုင်းကာလတွင် သူတော်စင်ဘုံသည် အတွင်းရှိ သက်ရှိများကို နိယာမနယ်ပယ် အဆင့် ၁၄ အထိသာ ကျင့်ကြံခွင့် ပေးနိုင်မည်ဖြစ်ပြီး သူတော်စင်နယ်ပယ် နဝမအဆင့်ရှိသော အထွတ်အထိပ် သူတော်စင် ဖြစ်လာမှသာ ကိုယ်တွင်းသူတော်စင်ဘုံသည် တစ်ဆင့် မြင့်တက်လာကာ ကမ္ဘာငယ်တစ်ခု၏ အတိုင်းအတာအထိ ကျယ်ပြန့်သွားမည် ဖြစ်၏။

ထိုအခါတွင်မှ သက်ရှိများ၏ ကျင့်စဉ်အဆင့်သည် နိယာမနယ်ပယ် အဆင့် ၁၈ အထိ ရောက်ရှိနိုင်မည်ဖြစ်သည်။ အကယ်၍ ထပ်မံ၍ ကံကောင်းခြင်းများ ရှိပါက နတ်ဘုရားနယ်ပယ် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် သူတော်စင်ဘုံသည် ကမ္ဘာငယ်နှင့် အလယ်အလတ်ကမ္ဘာကြား အခြေအနေသို့ ရောက်ရှိနိုင်ကာ ထိုသည်မှာ သူတော်စင်ဘုံတစ်ခု၏အမြင့်ဆုံး ကန့်သတ်ချက်ပင် ဖြစ်သည်။

အကယ်၍ သူတော်စင်ဘုံသည် မဟာကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားနိုင်မည်ဆိုပါက ထိုကမ္ဘာအတွင်း၌ ကောင်းကင်တာအို မွေးဖွားလာပေလိမ့်မည်။ ထိုအခါ အစစ်အမှန် မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်ရှိသော နတ်ဘုရားများကိုပင် ပျိုးထောင်ပေးနိုင်လိမ့်မည် ဖြစ်၏။

စစ်မှန်သော ကမ္ဘာတစ်ခု ဖန်တီးခြင်း။

ထိုသည်မှာ မည်မျှအထိ ကြောက်စရာကောင်းသောအရာဖြစ်သည်ကို စဉ်းစားကြည့်ရုံဖြင့်ပင် သိရှိနိုင်ပေသည်။

ခေါင်တီးယက်စ် နတ်ဘုရားနွယ်ပင်သည် သူတော်စင်ဘုံကို မဟာကမ္ဘာကြီးအဖြစ် ပြောင်းလဲပေးနိုင်သည်ဟူသော အချက်သည် လူသားတို့၏ သိမြင်နားလည်မှုကို ကျော်လွန်နေလေသည်။ ဤနွယ်ပင်၏ အစွမ်းသည် ငရဲကမ္ဘာ၏အပြစ်သစ်ပင်နှင့် ဆင်တူသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။

ကျုံးရှန်ကိုယ်တိုင်မှာမူ သူတော်စင်နယ်ပယ်သို့ မရောက်ရှိသေးဘဲ ကိုယ်တွင်းအင်္ဂါငါးခုရှိ ဓာတ်ကြီးငါးပါးနန်းတော်အရှင်သခင်များမှတစ်ဆင့် သူတော်စင်စွမ်းအားများကို ရယူနေရခြင်း ဖြစ်သဖြင့် ကိုယ်ပိုင် သူတော်စင်ဘုံကို မတည်ထောင်နိုင်သေးပေ။ ထိုသို့သာ မဟုတ်ပါက သူသည် စိတ်မထိန်းနိုင်ဘဲ ဤနွယ်ပင်ကို ခန္ဓာကိုယ်အတွင်းသို့ သိမ်းဆည်းလိုက်မိမည် ဖြစ်၏။

ထိုစဉ် နိုအာချပ်ပြားသည် လေသဲငရဲဘုံ၏ ပတ်ဝန်းကျင်ကို စတင်၍ စူးစမ်းလာကာ ကောင်းကင်ပေါ်သို့ထပ်မံမြင့်တက်သွားပြန်သည်။ ချပ်ပြားကိုယ်ထည်အတွင်းမှ စူးစမ်းရေး အပြာရောင်အလင်းတန်းများသည် အရပ်မျက်နှာအနှံ့သို့ ပြန့်ကားသွားသည်။

သို့သော်လည်း ထိုအလင်းတန်းများသည် မီတာတစ်ရာခန့်အထိသာ ရောက်ရှိနိုင်ကာ ထိုထက်ပို၍ မသွားနိုင်တော့ပေ။ နိုအာချပ်ပြား၏ ကိုယ်ထည်သည်လည်း မြေပြင်မှ ဆယ်မီတာခန့်အထိ မြင့်တက်သွားသောအခါ မမြင်နိုင်သော အကာအကွယ်နံရံတစ်ခုကို တိုက်မိသကဲ့သို့ ဖြစ်သွားပြီး ရှေ့သို့ ဆက်သွား၍ မရတော့ချေ။

''သတိပေးချက်...''

''ဒီကမ္ဘာရဲ့ဟင်းလင်းပြင်ဟာ အလွန်မြင့်မားတဲ့ နိယာမတွေနဲ့ တည်ဆောက်ထားတဲ့ နေရာဖြစ်တယ်..."

"ကောင်းကင်နဲ့မြေကြီးရဲ့တာအို နိယာမတွေကို အပြည့်အဝ ပြောင်းလဲထားတာ တွေ့ရပါတယ်..."

"စစ်သင်္ဘော ကိုယ်ထည်မှာ စွမ်းအင်ဗဟိုချက် ပျောက်ဆုံးနေသလို မူလဉာဏ်ရည်တုရဲ့ အလုပ်လုပ်နိုင်စွမ်းသည် ၁၀ ရာခိုင်နှုန်းအောက်သာ ရှိပါတယ်..."

"ထို့ပြင်ဟင်းလင်းပြင် ခွဲခြမ်းစိတ်ဖြာရေး စနစ်တွေလည်း မပြည့်စုံတဲ့အတွက် နိယာမ ပိတ်ဆို့မှုတွေကို မကျော်လွှားနိုင်သလို စူးစမ်းမှုတွေကိုလည်း ဆက်လုပ်လို့ မရတော့ပါဘူး''

''သတိပေးချက်...''

''စစ်သင်္ဘောရဲ့ စွမ်းအင်တွေ ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် အိပ်စက်တဲ့ အခြေအနေကို ဝင်ရောက်ပါတော့မယ်''

''နိုအာက တပ်မှူးကို အလေးပြုပါတယ်... တပ်မှူး အရာရာကို သတိထားပါ...''

"ဝှစ်..."

နောဧချပ်ပြားသည် ကျုံးရှန်၏ ဘေးသို့ ပြန်လည် ရောက်ရှိလာပြီး အလင်းရောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ငြိမ်သက်သွားသည်။

ကျုံးရှန်သည် လက်ကို ဝှေ့ယမ်းကာ ထိုပန်းကန်ပြားပျံကို ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်၏။ သူ၏ ကိုယ်တွင်းရှိဟင်းလင်းပြင်အတွင်း၌ နတ်ဘုရားအမြုတေကျောက်များဖြင့် တည်ဆောက်ထားသော အခန်းတစ်ခု ရှိနေသည်။

ယခုအခါ နိုအာချပ်ပြားသည် ထိုနေရာ၌ ငြိမ်သက်စွာ လဲလျောင်းလျက် နတ်ဘုရားအမြုတေကျောက်များ၏ စွမ်းအင်များကို ဖြည်းညင်းစွာ စုပ်ယူနေတော့သည်။

All Chapters