အခန်း (၂၄၉)
Vol. 25 Ch. 249
ငရဲဘုံ၏ အပြင်ဘက် ပိုင်ရွှီနယ်မြေအတွင်း။
ထိုနေရာ၌ တောက်ပသော နန်းတော်တစ်ခု လျှို့ဝှက်စွာ တည်ရှိနေ၏။ နန်းတော်အတွင်းရှိ စားပွဲတစ်ခု၌ အနက်ရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကာ ရုပ်အသွင်အပြင်နှင့် ခန္ဓာကိုယ် တည်ဆောက်ပုံကို ခွဲခြား၍ မရနိုင်သော သက်ရှိခုနစ်ဦး ဝိုင်းဝန်း၍ ထိုင်နေကြသည်။
''ခုနက တုန်ခါမှုကို မင်းတို့လည်း သတိထားမိမှာပဲ''
''အဲဒါက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရဲ့ တည်နေရာ... ငရဲမဟာကမ္ဘာကြီးရဲ့ မူလအစဖြစ်တဲ့ ကောင်းကင်တက်လှမ်းခြင်း မျှော်စင်ဆီက လာတာပဲ''
''မင်းတို့ ဘယ်လို ထင်ကြလဲ''
အနက်ရောင်ဝတ်ရုံဖြင့်သက်ရှိတစ်ဦးသည် လေသံအေးအေးဖြင့် မေးမြန်းလိုက်၏။ ထိုသူသည် အမျိုးသားလား၊ အမျိုးသမီးလား ဆိုသည်ကိုမူ အသံဖြင့် ခွဲခြား၍ မရနိုင်ချေ။
''မျှော်စင်ထဲမှာ အပြောင်းအလဲကြီးကြီးမားမားတစ်ခု ဖြစ်နေပြီ... အဲဒါက လေသဲငရဲဘုံမှာ ဖြစ်ပွားတဲ့ ထူးဆန်းတဲ့ လှုပ်ရှားမှုကြောင့် ဖြစ်နိုင်ခြေ အများကြီး ရှိတယ်''
အခြားအနက်ရောင်ဝတ်ရုံဖြင့်သက်ရှိတစ်ဦးက တိုးညှင်းစွာ ပြောဆိုလိုက်သည်။
''နောက်ထပ် ဆယ်နှစ်ကြာရင် မျှော်စင်က အတင်းအကျပ် ပိတ်သွားလိမ့်မယ်..."
" အထက်ဆက်မတက်နိုင်တဲ့မိစ္ဆာတွေကို မိစ္ဆာပျက်သုဉ်းနယ်မြေဆီ ပြန်ပို့မှာပဲ''
''ငါတို့က အဲဒီနေရာကိုပဲ အဓိကစောင့်ကြည့်နေရုံနဲ့ အခုဖြစ်သွားတဲ့လှုပ်ရှားမှုရဲ့ အရင်းအမြစ်ကို ရှာတွေ့နိုင်လိမ့်မယ်''
''အဲဒီလူက မျှော်စင်ထိပ်ကို ရောက်သွားရင်တော့ တစ်မျိုးပေါ့လေ''
''ဒါပေမဲ့ အဲဒီလို လုပ်ဖို့က အဆင့်ကျော်လွန် တက်လှမ်းနိုင်ဖို့ထက်တောင် ပိုပြီး ခက်ခဲဦးမယ်''
''တတိယမြောက်... မင်းကော ဘယ်လို ထင်လဲ''
ဝတ်ရုံအနက်ဝတ် နောက်တစ်ဦးက ဝင်ရောက်အကြံပြုလိုက်၏။ သူ၏ လေသံတွင် မည်သည့် ခံစားချက်မျှ မပါဝင်ဘဲ ကြွက်ငယ်လေးနှစ်ကောင်ကို အပျော်သဘော ဖမ်းဆီးတော့မည့်အတိုင်း ဖြစ်နေသည်။
''ကောင်းပြီ... မျှော်စင်တက်ပွဲ ပြီးဆုံးလို့ အရာအားလုံး အခြေကျသွားတဲ့အခါ အဲဒီအချိန်က ငါတို့အတွက် ရိတ်သိမ်းရမယ့် အချိန်ပဲ''
တတိယမြောက်ဟု ခေါ်ခံရသည့် ဝတ်ရုံအနက်ဝတ်သက်ရှိသည် အေးစက်သောအသံဖြင့်ပြောကြားလိုက်သည်။
သို့နှင့်စကားဝိုင်းသည် ထိုနေရာ၌ပင် ရုတ်တရက် ရပ်တန့်သွားကာ ပုံရိပ်ခုနစ်ခုသည် ကျောက်ဖြစ်ရုပ်ကြွင်းများကဲ့သို့ ငြိမ်သက်သွားကြလေသည်။
....
မျှော်စင်အတွင်း၌ ရူးသွပ်စွာ လှုပ်ရှားနေသော ခေါင်တီးယက်စ် နတ်ဘုရားနွယ်ပင်သည် ပြန်လည်ငြိမ်သက်သွားပြီဖြစ်သည်။ ထို့နောက်တွင် ယင်းသည် မြေပြင်မှ ရုတ်တရက် ကျွတ်ထွက်လာပြီး လျင်မြန်စွာ သေးငယ်သွားကာ နောက်ဆုံးတွင် သုံးပေခန့်သာ ရှည်လျားသည့် လက်မောင်းလုံးခန့် အရွယ်အစားရှိသော နွယ်ပင်ငယ်လေးအဖြစ်ပြောင်းလဲသွားသည်။
နွယ်ပင်ထက်ရှိ တောက်ပသော အရွက်ခုနစ်ရွက်သည် စိမ်းစိုနေခဲ့ကာ ယင်းသည် ကျုံးရှန်၏ လက်ထဲသို့ ဆင်းသက်လိုက်သည်။ ကျုံးရှန်သည် နွယ်ပင်လေးကိုခပ်ဖွဖွ ဆုပ်ကိုင်လိုက်သောအခါ စိတ်ချင်း ဆက်သွယ်ထားသကဲ့သို့ ခံစားချက်တစ်ခု ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။
ကျုံးရှန်သည် စိတ်ကျေနပ်စွာဖြင့် နွယ်ပင်လေးကို လေထဲတွင် ဝှေ့ယမ်းလိုက်ရာ လေသဲငရဲဘုံ၏ ဟင်းလင်းပြင်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားလေသည်။
''ကိုင်ရတာ တကယ့်ကို အဆင်ပြေတာပဲ... ဒါနဲ့ လူတွေကို ရိုက်မယ်ဆိုရင် ဘယ်လက်နက်ထက်မဆို ပိုပြီး ကောင်းလိမ့်မယ်''
သူသည် တစ်ချက် ချီးမွမ်းလိုက်ပြီးနောက် လှေကားထစ်များ၏ အပေါ်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ကောင်းကင်တက်လှမ်းခြင်း မျှော်စင်၏ လှေကားများသည် ခရုပတ်ပုံစံ ရှိပြီး ဖြူစင်သော ကျောက်စိမ်းများဖြင့် ပြုလုပ်ထားသည်။ ထိုလှေကားထစ်များသည် အပေါ်ဘက်သို့ အဆုံးမရှိအောင် ရှည်လျားနေပြီး အထက်သို့ မော့ကြည့်လိုက်လျှင် မျှော်စင်၏ အမိုးအထိ ရောက်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
နတ်ဘုရားအာရုံကို ဖိနှိပ်ထားသော အခြေအနေတွင် ဤလှေကား မည်မျှ ရှည်လျားသည်ကို မည်သူမျှ မသိနိုင်ချေ။
'ကြည့်ရတာ အခုမှပဲ မျှော်စင်ရဲ့ ပထမဆုံး လှေကားထစ်ကို စတင် နင်းလိုက်ရတာပဲ'
ကျုံးရှန်သည် ထပ်မံ၍ စဉ်းစားမနေတော့ဘဲ နတ်ဘုရားနွယ်ပင်ကို သိမ်းဆည်းကာ လှေကားများအတိုင်း အပေါ်သို့ လျင်မြန်စွာ တက်လှမ်းသွားလိုက်သည်။
သူ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်အပေါ် ဖိနှိပ်ထားသော စွမ်းအားများသည် ပိုမို၍ လေးလံလာပြန်သည်။ လှေကားထစ် ဆယ်ထပ်ခန့် တက်ပြီးချိန်တွင် ဖိအားသည် အောက်ဘက်တွင် ရှိစဉ်ကထက် နှစ်ဆခန့် တိုးလာပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူသည် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အတွင်းသို့ အမည်မသိ စွမ်းအားအမှုန်အမွှားများ ဝင်ရောက်ပေါင်းစပ်လာပြီး ပိုမို သန်မာလာစေသည်ဟု ခံစားလိုက်ရ၏။ မျှော်စင်တက်ခြင်းနှင့်အတူ သူ၏ စိတ်ထဲတွင်လည်း နားလည်သဘောပေါက်မှု အချို့ ပေါ်ပေါက်လာပေသည်။
'ဒီလို တိုးတက်မှုနှုန်းက ကြောက်စရာတောင် ကောင်းနေပြီ'
'ဒီလို ဖိအားမျိုးနဲ့ဆိုရင် ရှီမင်တို့လို ငရဲအရှင်သခင်ငယ်တွေနဲ့ အစစ်အမှန် မိစ္ဆာနတ်ဘုရား အကြားမှာ ရှိတဲ့ ကျွမ်းကျင်သူတွေတောင် လှေကားထစ် တစ်ထောင်အထိ တက်ဖို့ ခက်ခဲလိမ့်မယ်'
'သာမန် မိစ္ဆာနတ်ဘုရား အဆင့် ၃ ကျွမ်းကျင်သူတွေလည်း လှေကားထစ် သုံးထောင်ထက် ပိုတက်နိုင်မှာ မဟုတ်ဘူး'
'အတွေ့အကြုံရှိတဲ့ အထွတ်အထိပ် မိစ္ဆာနတ်ဘုရားတွေကတော့ ပိုပြီး သန်မာနိုင်ပေမဲ့ လှေကားထစ် ခြောက်ထောင်အောက်မှာပဲ ရပ်တန့်သွားကြရလိမ့်မယ်'
ကျုံးရှန်သည် စိတ်ထဲတွင် ခန့်မှန်းတွက်ချက်ကြည့်လိုက်၏။
ထိုသို့ စဉ်းစားနေစဉ်မှာပင် ကောင်းကင်ယံမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
''စိန်ခေါ်သူ ကောင်းကင်တက်လှမ်းခြင်း လှေကားထစ်ပေါ်သို့ ရောက်ရှိလာခြင်းအတွက် ဂုဏ်ပြုပါတယ်''
''စိန်ခေါ်သူတိုင်းဟာ မိမိတို့၏ လက်ရှိ ကျင့်စဉ်အဆင့်ကန့်သတ်ချက်ထပ် ကျော်လွန်သော လှေကားထစ်သို့ ရောက်ရှိပါက ခန္ဓာကိုယ်ကို ပိုမိုသန်မာစေသော စွမ်းအားအမှုန်အမွှားများနှင့် နားလည်သဘောပေါက်မှု အကျိုးကျေးဇူးများကို နှစ်ဆတိုး ရရှိမည် ဖြစ်သည်''
''အကန့်အသတ်ထက် ဆယ်ထပ် ကျော်လွန်ပါက လေးဆ ရရှိမည်ဖြစ်ပြီး အထပ် တစ်ရာ ကျော်လွန်ပါက ရှစ်ဆ ရရှိပါမည်''
''ထို့အပြင် အကန့်အသတ်ထက် အထပ် တစ်ထောင် ကျော်လွန်ပါက တစ်ဆယ့်ခြောက်ဆ ရရှိမည်.....အကန့်အသတ်ထက် အထပ် သုံးထောင် ကျော်လွန်ပါက သုံးဆယ့်နှစ်ဆ ရရှိမည်''
''မျှော်စင်၏ ထိပ်ဆုံးဖြစ်သည့် အထပ် တစ်သောင်းသို့ ရောက်ရှိပါက အဆပေါင်း တစ်ရာ ရရှိမည် ဖြစ်သည်''
''လက်ရှိ စိန်ခေါ်သူ၏ အဆင့် - နိယာမနယ်ပယ်အဆင့် ၂၈ ''
''အကန့်အသတ် လှေကားထစ် - အထပ် ၂၀ ဖြစ်သည်''
ထိုကျယ်လောင်သော အသံသည် ကြေညာစရာရှိသည်များကို ပြောကြားပြီးသောအခါ ပြန်လည် ပျောက်ကွယ်သွား၏။
ကျုံးရှန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။
''ကြည့်ရတာ ဒီစည်းမျဉ်းက ငါ့လို အဆင့်ကို ကန့်သတ်ထားတဲ့သူတွေအတွက် တကယ့်ကို အဆင်ပြေတာပဲ''
ကျုံးရှန်သည် ခြေလှမ်းတစ်လှမ်းထပ်လှမ်းလိုက်ရာ လှေကားထစ် ၂၁ ထပ်မြောက်သို့ ရောက်ရှိသွားသည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသော အမည်မသိစွမ်းအားအမှုန်အမွှားများသည် သိသိသာသာ များပြားလာကာ ယင်းသည် အတိအကျအားဖြင့် နှစ်ဆ ပိုများလာခြင်းပင် ဖြစ်သည်။
''အရမ်း ကောင်းတာပဲ''
ကျုံးရှန်သည် အလွန်အမင်း ပျော်ရွှင်သွားကာ တုန့်နှေးခြင်းမရှိဘဲ အပေါ်သို့ လျင်မြန်စွာ ခုန်တက်သွားလေတော့သည်။
....
မျှော်စင်၏ အပြင်ဘက်။
ကိုးထပ်မြောက်ကုန်းမြေတိုက်။
ဓားမိစ္ဆာ ဂူကျဲထူ ထွက်ခွာသွားပြီးနောက် ငရဲဘုံ၏ နေရာအနှံ့အပြားမှ ကျွမ်းကျင်သူ အများအပြားထပ်မံ ရောက်ရှိလာကြသည်။ ကောင်းကင်တက်လှမ်းခြင်း မျှော်စင်သည် နှစ်ပေါင်း သန်းချီမှ တစ်ခါသာ ပေါ်ပေါက်သည့် ပွဲတော်တစ်ခု ဖြစ်သောကြောင့် အားလုံးသည် ဗဟုသုတအဖြစ် လာရောက်ကြည့်ရှုလိုကြခြင်း ဖြစ်၏။
ယခင်နှစ်များတွင် ကိုးထပ်မြောက်ကုန်းမြေတိုက်တွင် ကြီးကျယ်ခမ်းနားသော ဈေးပွဲတော်များကို ကျင်းပကာ ကျွမ်းကျင်သူများ အချင်းချင်း အသိပညာဗဟာသုတများနှီးနှောဖလှယ်နိုင်ရန်နှင့် မျှော်စင်၏ အဆင့်သတ်မှတ်ချက်များကို ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားလေ့ရှိသည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင် ဂူကျဲထူ၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် ဝင်ရောက်နိုင်သူ အရေအတွက်သည် အလွန်နည်းပါးသွားရာ တစ်ရာခိုင်နှုန်းပင်မရှသဖြင့် ပွဲတော်များသည် ယခင်ကကဲ့သို့ စည်ကားခြင်း မရှိတော့ချေ။
ယခုအခါ လူအများ စောင့်ကြည့်နေကြသော ဧရာမ ကျောက်တိုင်ကြီးပေါ်ရှိ စာသားများသည် ပြောင်းလဲမှု အချို့ ဖြစ်ပေါ်လာသည်။
မိမိရောက်ရှိရာငရဲဟင်းလင်းပြင်ပကမ္ဘာအသီးသီးမှ မထွက်ခွာနိုင်သေးသော မိစ္ဆာများ၏ နာမည်များသည် အောက်ဘက်သို့ ကျရောက်သွားပြီး ကျောက်တိုင်၏အပေါ်ဘက်တွင် ရှိနေသူများသည် လှေကားထစ်များသို့ တရားဝင် ရောက်ရှိနေသူများ ဖြစ်ကြသည်။
ရွှေရောင် နာမည်များ၏ နောက်ကွယ်တွင် ငရဲဘုံ အမည်များ ပျောက်ကွယ်သွားကာ အစားထိုး ကိန်းဂဏန်းများ ပေါ်ထွက်လာသည်။ ထိုကိန်းဂဏန်းများသည် သူတို့ လက်ရှိ ရောက်ရှိနေသော လှေကားထစ် အထပ်များကို ကိုယ်စားပြုနေ၏။ ကိန်းဂဏန်းများ၏ နောက်ကွယ်၌မူ သူတို့၏ ကျင့်စဉ်အဆင့်အရ တက်နိုင်သော အကန့်အသတ် အထပ်များကို ဖော်ပြထားလေသည်။
''ကြည့်စမ်း... နံပါတ် ၁ မှာ ရှိနေတဲ့ ဂူချီရှာက အထပ် တစ်ရာကျော်တောင် ရောက်နေပြီ... တကယ့်ကို ကြောက်စရာ ကောင်းတာပဲ''
''လေးရက်အတွင်းမှာတင် ဒီလောက်အထိ ရောက်သွားတာလား''
''ကြည့်ရတာ သူက အထပ် တစ်ထောင်ကို ပထမဆုံး ရောက်မယ့်သူ ဖြစ်လာပြီး မိစ္ဆာနတ်ဘုရား ဒုတိယအဆင့်ရဲ့ အကန့်အသတ်ကို ချိုးဖျက်နိုင်လိမ့်မယ် ထင်တယ်''
တစ်ဦးက အံ့ဩတကြီး ရေရွတ်လိုက်လျှင် ကျန်ရှိသူများလည်း အားကျသွားလေသည်။
''ကြည့်ဦး... အသူရာဝိညာဥ်ဘုရင်ရဲ့ သမီးတော် ပိုင်ကျင်းကျင်းရဲ့ အဆင့်ကလည်း တက်လာပြန်ပြီ... အခု သူက ဒုတိယနေရာကို ရောက်သွားပြီပဲ''
''ဂူချီရှာနဲ့ အထပ် တစ်ရာပဲ ကွာတော့တယ်''
လူအုပ်ကြီးသည် အတူတကွ ကြည့်ရှုလိုက်ကြ၏။
ပိုင်ကျင်းကျင်း၏ နာမည်နောက်ကွယ်မှ ကိန်းဂဏန်းများသည် လျင်မြန်စွာ ပြောင်းလဲနေကာ သူမသည် ပဉ္စမနေရာမှ ဒုတိယနေရာသို့ ချက်ချင်း ရောက်ရှိလာပြီး ပထမနေရာကို အရှိန်အဟုန်ဖြင့် လိုက်မီရန် ကြိုးစားနေချေသည်။
''ဒီကောင်မလေးမှာ ဧကရီတစ်ပါးရဲ့ အငွေ့အသက်တွေ ရှိနေပြီပဲ''
အသက်ကြီးသော မိစ္ဆာအချို့သည် သူတို့၏မုတ်ဆိတ်မွှေးရှည်ကြီးများကို ပွတ်သပ်ကာ ချီးကျူးနေကြ၏။
အချိန်ကြာလာသည်နှင့်အမျှ ရှီမင်အပါအဝင် မျိုးဆက်သစ် လူငယ်ကျွမ်းကျင်သူများသည် ကျောက်တိုင်ထက်တွင် အသီးသီး နေရာယူလာကြလေသည်။ ထိပ်ဆုံး ခုနစ်နေရာကို ထိုလူငယ်များက ခိုင်မာစွာ သိမ်းပိုက်ထားပြီး ရှစ်ယောက်မြောက်သူနှင့် အထပ် နှစ်ရာခန့် ကွာဟနေသဖြင့် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေသည်ဟုပင် ဆိုနိုင်သည်။