← Chapters

အခန်း (၂၅၀)

Vol. 25 Ch. 250

အခန်း (၂၅၀)

Vol. 25 Ch. 250

၂

''ဟူး... ဒီကောင်တွေနဲ့ ယှဉ်လိုက်ရင် ငါတို့ကြားကကွာခြားချက် ကြီးမားလွန်းတယ်''

''အထူးသဖြင့် အင်အားကြီးအဖွဲ့အစည်းတွေက ဆင်းသက်လာတဲ့ မျိုးဆက်တွေ ဒါမှမဟုတ် ရှေးဟောင်းကျွမ်းကျင်သူတွေရဲ့ အမွေအနှစ်ကို ဆက်ခံထားသူတွေက ငါတို့လို ကျင့်ကြံသူတွေနဲ့ယှဉ်ရင် အပြတ်အသတ်ကိုသာလွန်းနေတာလေ"

''သူတို့ကို ကျော်တက်ဖို့ဆိုတာက အိပ်မက်ပါပဲကွာ"

မိစ္ဆာအများအပြားသည် သူတို့၏ ရင်ထဲတွင် သက်ပြင်းကိုယ်စီချမိကြ၏။

အထူးသဖြင့် မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေသော မိစ္ဆာများသည်ပင် ကျောက်စာတိုင်မှရလာဒ်များကို မြင်တွေ့ရသောအခါ စိတ်ပျက်အားလျော့သွားရလေသည်။

ထိုစဉ် တစ်စုံတစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်သည်။

''ဟမ်... မြန်မြန် အောက်ဘက်ကို ကြည့်လိုက်ကြဦး... လေသဲငရဲဘုံထဲကို ဝင်သွားတဲ့ ကျုံးရှန်ရဲ့ နာမည်နောက်မှာ လှေကားထစ်အရေအတွက် ပေါ်လာပြီ''

''သူ လေသဲငရဲဘုံထဲကနေ ထွက်လာနိုင်ခဲ့တာပဲ''

ထိုစကားသည် တည်ငြိမ်နေသော ရေကန်ထဲသို့ ကျောက်ခဲတစ်ခု ပစ်ချလိုက်သကဲ့သို့ပင် ချက်ချင်းဆိုသလို လှိုင်းထံသွားလေတော့သည်။

ယခုမှ ရောက်ရှိလာသဖြင့် အစောပိုင်း အဖြစ်အပျက်များကို သေချာမသိရှိသေးသော မိစ္ဆာများပင်လျှင် လေသဲငရဲဘုံမှ ထွက်လာသူဟူသော စကားကို ကြားလိုက်ရသောအခါ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

''ဘာ... တစ်ယောက်ယောက်က လေသဲငရဲဘုံထဲကနေ တကယ်ပဲထွက်လာနိုင်တယ် ဟုတ်လား''

''ကျုံးရှန်ဆိုတာ ဘယ်သူလဲ... သူက အထွတ်အထိပ် မိစ္ဆာအရှင်သခင် တစ်ပါးပါးရဲ့ မျိုးဆက်လား''

''ဒါမှမဟုတ် တားမြစ်နယ်မြေ သုံးခုထဲက လျှို့ဝှက်ကျွမ်းကျင်သူတစ်ယောက်ရဲ့ တပည့်များလား''

ထိုမိစ္ဆာများသည် ပွက်လောရိုက်သွားကြ၏။ ပုံမှန်အချိန်များတွင် တည်ကြည်ခန့်ညားကာ မာန်အပြည့်ဖြင့်ရှိကြသည့် အရပ်လေးမျက်နှာကို တုန်လှုပ်စေသော အင်အားကြီးပုဂ္ဂိုလ်များပင်လျှင် ယခုအခါ၌ အချင်းချင်း အပြင်းအထန် ဆွေးနွေးနေကြလေသည်။

ခဏချင်းအတွင်းပင် ကျုံးရှန်၏ အမည်နှင့် သူ၏ လုပ်ရပ်များသည် လူအများအကြား ပျံ့နှံ့သွား၏။

''လက်သီးချက် နှစ်ချက်တည်းနဲ့ ဓားတစ္ဆေ ဂူကျဲထူကို ဟန့်တားနိုင်ခဲ့တာလား..."

"ပြီးတော့ မရေမတွက်နိုင်တဲ့ ဓားအလင်းတန်းတွေကို အန်တုပြီး မျှော်စင်ထဲကို အရင်ဆုံး ဝင်သွားတယ်ပေါ့....''

ဤသတင်းသည် မိစ္ဆာအများအပြား၏ ပါးစပ်ဖျားတွင် ရေပန်းစားသွားလေသည်။

အင်အားကြီးအဖွဲ့အစည်းများ၏ လက်အောက်ခံများသည် ထိုသတင်းများကြားသောအခါ မျက်နှာများ ပျက်ယွင်းသွားကြ၏။ ထူးချွန်ထက်မြက်လှသော ပါရမီရှင်များအားလုံးသည် ထိုသူနှင့်ယှဉ်ပါက ပိုးစုန်းကြူးလေးများသဖွယ် ဖြစ်သွားရသည်မှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှပေသည်။

မိစ္ဆာများ ဆွေးနွေးနေကြစဉ်၌ပင် ကျုံးရှန်၏ အမည်သည် ကျောက်တိုင်၏ အောက်ဘက်မှနေ၍ အထက်သို့ အဆက်မပြတ် မြင့်တက်လာ၏။ သူ၏ အရှိန်သည် အလွန်မြန်ဆန်လှရာ မျက်တောင်တစ်ခတ်အတွင်း အဆင့်သတ်မှတ်ချက်၏ အလယ်သို့ ရောက်ရှိသွားပြီး နောက်ထပ် ခဏအကြာတွင် အဆင့် ၁၀၀ အတွင်းသို့ ဝင်ရောက်သွားလေသည်။

''ဒီလူရဲ့ တက်လှမ်းတဲ့အရှိန်က ကြောက်စရာကြီးပဲ''

မိစ္ဆာတစ်ဦးက အော်ဟစ်လိုက်၏။ သို့သော်လည်း ပြန်လည်စဉ်းစားကြည့်လိုက်သောအခါတွင်မူ ယင်းသည် ဖြစ်သင့်ဖြစ်ထိုက်သည်ဟု ယူဆသွားကြသည်။ ဤကျင့်ကြံသူသည် ငရဲဘုံတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ဂူကျဲထူနှင့်ပင် ထိပ်တိုက်ရင်ဆိုင်နိုင်သူ ဖြစ်သဖြင့် သူ၏ အစွမ်းသည်လျှော့တွက်၍ မရနိုင်ချေ။

သူ့၌ ထိပ်ဆုံးနေရာများတွင် ပါဝင်ရန် လုံလောက်သော အရည်အချင်း ရှိနေသည်ပင်ဖြစ်သည်။

လူအပေါင်း၏ စောင့်ကြည့်မှုအောက်တွင် ကျုံးရှန်၏ နာမည်သည် တဟုန်ထိုး မြင့်တက်လာပြီး မျက်တောင်တစ်ခတ်အတွင်း ထိပ်ဆုံး ၁၀ ယောက်စာရင်းသို့ ဝင်ရောက်သွား၏။ သူ၏ ရှေ့မှ လူနှင့် လှေကားထစ် အထပ် ၁၀၀ ခန့်သာ ကွာခြားတော့လေသည်။

''ဟင်... ရွှယ်ဖုန်းအာရဲ့ နာမည်လည်း ပေါ်လာပြီပဲ''

''အံ့ဩစရာပဲ... သူမရဲ့ အရှိန်ကလည်း အတော်လေး မြန်တာပဲ''

ရွှယ်ဖုန်းအာ၏ အမည်ကို ကြားလိုက်ရသောအခါ လူတိုင်းသည် စိတ်လှုပ်ရှားသွားကြပြီး ကျုံးရှန်ကိုပင် သတိမထားမိကြတော့ချေ။

ဤရွှယ်ဖုန်းမျိုးနွယ်မှ ပါရမီရှင် အမျိုးသမီးလေးသည် သူမ၏မျိုးဆက်တွင် နံပါတ် ၁ ဟု အမည်ကျော်ကြားပြီး အထွတ်အထိပ် မိစ္ဆာအရှင်သခင် အဆင့်အောက်တွင် ပြိုင်ဘက်ကင်းသူ ဖြစ်သည်ဟု ဆိုကြ၏။

သူမသည် လီလီဗီကဲ့သို့ပင် ငရဲဘုံ၏ နတ်ဘုရားမ ဆယ်ပါးစာရင်းတွင် ပါဝင်ကာ သူမ၏ အစွမ်းသည် လီလီဗီထက် အများကြီး သာလွန်နေသည့် လျှို့ဝှက်ဆန်းကြယ် အစွမ်းထက်သော မိစ္ဆာအရှင်သခင် တစ်ဦးပင် ဖြစ်လေသည်။

သူမမျှော်စင်အတွင်းသို့ မည်သည့်အချိန်တွင် ဝင်ရောက်သွားသည်ကို မည်သူမျှ မသိရှိလိုက်ကြချေ။ သူမ၏ အဆင့်သည်လည်း လျင်မြန်စွာ မြင့်တက်လာကာ ခဏချင်းအတွင်းပင် ထိပ်ဆုံး ၁၀ ယောက်စာရင်းသို့ ရောက်ရှိလာပြီး ကျုံးရှန်၏ အနောက်တွင်ရောက်ရှိသွားသည်။

သူမသည် ကျုံးရှန်နှင့် အရှိန်ချင်း တူညီစွာဖြင့် မျှော်စင်ကို တက်လှမ်းနေခြင်း ဖြစ်သည်။ မျှော်စင်၏ ပြင်းထန်လှသော ဖိအားများသည် သူမအတွက် မရှိသကဲ့သို့ပင် ဖြစ်နေသည်ဟု ထင်မှတ်ရလေသည်။

''ရွှယ်ဖုန်းအာ ရောက်လာပြီဆိုတော့ ပထမနေရာအတွက် ပြိုင်ဆိုင်မှုက သေချာပေါက်ပြင်းထန်လာတော့မှာပဲ''

''သေချာတာပေါ့... သူမရဲ့ အစွမ်းကို အထွတ်အထိပ် မိစ္ဆာအရှင်သခင်ကြီးတွေတောင် ချီးကျူးခဲ့ကြတာ... အခုလို မျှော်စင်တက်တာက သူမကိုယ်သူမ ပိုပြီး ပြည့်စုံသွားအောင် လုပ်ချင်လို့ပဲ ဖြစ်ရမယ်''

''ဒါမှ နောင်တစ်ချိန်မှာ လွတ်မြောက်ခြင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ပိုများမှာလေ''

မိစ္ဆာတစ်ဦးက လျှို့ဝှက်ဆန်းကြယ်သော စိတ်ဝင်စားဖွယ်သတင်းများကို ထုတ်ဖော်ပြောဆိုလိုက်၏။

လူအများ အံ့ဩနေကြသည့်အချိန်တွင်ပင် ကျုံးရှန်နှင့် ရွှယ်ဖုန်းအာတို့၏ အဆင့်များ ထပ်မံ၍ မြင့်တက်သွားပြန်သည်။ စတုတ္ထနေရာတွင် ရှိနေပြီး လှေကားထစ် ၇၀၀ ခန့် တက်ထားသော ဂူချီရှာသည် ထိုနှစ်ဦး၏ ကျော်တက်ခြင်းကို ခံလိုက်ရသဖြင့် ဆဋ္ဌမနေရာသို့ ကျဆင်းသွားသည်။

ယခုအခါ ပထမနေရာတွင် ရှီမင်၊ ဒုတိယနေရာတွင် ပိုင်ကျင်းကျင်း၊ တတိယနေရာတွင် လီလီဗီတို့ ရှိနေကြပြီး စတုတ္ထနှင့် ပဉ္စမနေရာများတွင်မူ ကျုံးရှန်နှင့် ရွှယ်ဖုန်းအာတို့က နေရာယူသွားလေသည်။

''အခုသွားနေတဲ့ အရှိန်အရဆိုရင် နတ်ဘုရားအဆင့် ငရဲအရှင်သခင်တွေရဲ့ အကန့်အသတ်ဖြစ်တဲ့ လှေကားထစ် တစ်ထောင်ကို ပထမဆုံး ရောက်မယ့်သူက ပိုင်ကျင်းကျင်း၊ ကျုံးရှန် ဒါမှမဟုတ် ရွှယ်ဖုန်းအာ တို့ထဲက တစ်ယောက်ယောက်ပဲ ဖြစ်လိမ့်မည်''

ခန္ဓာကိုယ်တစ်ခုလုံး ဟင်းလင်းပြင်စွမ်းအင်များ ဖုံးလွှမ်းထားသော ကျွမ်းကျင်သူတစ်ဦးသည် အပိုင်တွက်ကာ ပြောဆိုလိုက်သည်။

နားထောင်နေသော ကျန်သည့်မိစ္ဆာများသည်လည်း ထိုစကားသည် မှန်ကန်သည်ဟု ယူဆနေကြ၏။ ရှီမင်သည် ပထမနေရာတွင် ရှိနေသော်လည်း သူ၏ အရှိန်သည် သိသိသာသာ နှေးကွေးသွားပြီဖြစ်သည်။

လီလီဗီသည်လည်း ပို၍ပင် နှေးကွေးသွားကာ မကြာမီ အချိန်အတွင်းမှာပင် သူမသည် ကျုံးရှန်နှင့် ရွှယ်ဖုန်းအာတို့၏ ကျော်တက်ခြင်းကို ခံရပေတော့မည်။

ထိုစဉ် တစ်စုံတစ်ဦး၏ သံသယဖြင့်ရေရွတ်သံထွပ်ပေါ်လာသည်။

''ဟမ်...''

''အားလုံး ကြည့်လိုက်ကြဦး... အဲဒီကျုံးရှန်ရဲ့ နာမည်နောက်က လှေကားထစ် အကန့်အသတ်က ဘာလို့အထပ် ၂၀ လို့ပဲ ပြနေတာလဲ''

''သာမန် နတ်ဘုရားအဆင့် ငရဲအရှင်သခင်တွေရဲ့ အကန့်အသတ်က အထပ် ၁၀၀၀ လို့ ပြရမှာ မဟုတ်ဘူးလား''

''သူတော်စင် အဆင့် ၁ ရဲ့ အကန့်အသတ်ကတောင် အထပ် ၁၀၀ လို့ ပြတာလေ''

''အထပ် ၂၀ က အကန့်အသတ် ဖြစ်နေတယ်ဆိုရင်... သူ့ရဲ့ ကျင့်စဉ်အဆင့်က နိယာမနယ်ပယ် အဆင့် ၂၈ ပဲ ရှိတာလား''

ထိုစကား ထွက်ပေါ်လာသောအခါ မျှော်စင်ရှေ့ရှိပွဲကြည့်မိစ္ဆာအားလုံးရုတ်တရက် တိတ်ဆိတ်သွားကြသည်။

ကိုးထပ်မြောက် ကုန်းမြေတိုက်တွင် လေတိုက်ခတ်ခြင်း မရှိသော်လည်း ယခုအခါ မျှော်စင်အနီးရှိ အစွမ်းထက်သော မိစ္ဆာအရှင်သခင်များသည် သူတို့၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ စွမ်းအားများ ထွက်ပေါ်ကာ လေပြင်းများ တိုက်ခတ်သွားလေသည်။

ထိုလေပြင်းများသည် ပြင်းထန်လှသဖြင့် ကျင့်စဉ်အဆင့် နိမ့်ပါးသော မိစ္ဆာများသည် မတ်တတ်ပင် မရပ်နိုင်တော့ဘဲ ဒူးထောက်ကျသွားမတတ် ဖြစ်ကုန်ကြ၏။

''တကယ်ကြီးလား... မျှော်စင်ရဲ့ ကျောက်တိုင်က ဘယ်တော့မှ မမှားဘူး... ဒါက တကယ်ပဲ အထပ် ၂၀ ပဲ''

''သူ့ရဲ့ အစစ်အမှန် ကျင့်စဉ်အဆင့်က သူတော်စင်အဆင့်ကိုတောင် မရောက်သေးဘူးပေါ့''

မိစ္ဆာများသည် မယုံကြည်နိုင်ဘဲ ထပ်ခါတလဲလဲ ကြည့်ရှုနေကြ၏။

''ဒီကျောက်တိုင်က သက်ရှိတစ်ဦးရဲ့မူလအရင်းမြစ်ထိ ဖော်ထုတ်နိုင်တာမလို့ ဘယ်တော့မှ အမှားပြမှာ မဟုတ်ဘူး''

''ကျုံးရှန်က တကယ်ပဲ နိယာမနယ်ပယ် အဆင့် ၂၈ ပဲ ရှိတာလား..."

"ဒါက...''

ကြည့်ရှုနေသူများ အားလုံး ကြောင်အသွားကြလေသည်။

ရုတ်တရက် ပေါ်ထွက်လာပြီး ဓားတစ္ဆေကိုပင် နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့သော ထိုလူသည် သာမန် နိယာမနယ်ပယ်အဆင့်ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေမည်ဟု မည်သူမျှ မထင်မှတ်ထားကြချေ။

ထိုသူသည် သူတော်စင်အဆင့်သို့ပင် မရောက်ရှိသေးပေ။ ဂူကျဲထူနှင့် ထိုကျင့်ကြံသူ ကျုံးရှန်တို့တိုက်ပွဲဖြစ်ပွားစဉ်ကရှိနေခဲ့သည့်မိစ္ဆာများအားလုံး ကျောရိုးထဲအထိ စိမ့်တက်သွားကာ ချွေးစေးများ ထွက်လာကြ၏။

ကျုံးရှန်ဆိုသော သူသည် ကျင့်စဉ်အဆင့် ကွာခြားချက်ကို ကျော်လွန်ပြီး အစစ်အမှန်မိစ္ဆာနတ်ဘုရား အဆင့် ၃ အထွတ်အထိပ်ရှိသော မဟာမိစ္ဆာအရှင်သခင်ကြီး ကို ယှဉ်ပြိုင်နိုင်ခြင်းသည် စိတ်ကူးကြည့်ရန်ပင် ခက်ခဲလွန်းလှပေသည်။

ဤအကြောင်းအရာသည် အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။

''ဒါက အံ့ဩစရာပဲ..."

"ဒဏ္ဍာရီလာ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တွေတောင် သူတို့ရဲ့ နိယာမနယ်ပယ် အဆင့်မှာတုန်းက ဒီလောက်အထိ မလုပ်နိုင်ခဲ့ကြဘူး''

မိစ္ဆာတစ်ဦးက တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်၏။

''ဒီကျုံးရှန်က...''

ဆွေးနွေးနေကြသော မိစ္ဆာများသည် ဆက်လက်၍ မပြောရဲကြတော့ချေ။

သူတို့ ပို၍ စဉ်းစားလေ ပို၍ ကြောက်စရာ ကောင်းလေဖြစ်နေကာ အားလုံး၏ ရင်ထဲတွင် ကြိုတင်ခန့်မှန်းချက်တစ်ခု ပေါ်ပေါက်လာ၏။

သန်းပေါင်းများစွာသော နှစ်များအတွင်း ငြိမ်သက်နေခဲ့သည့် ငရဲဘုံကြီးတွင် ကြီးမားသော မုန်တိုင်းတစ်ခု တိုက်ခတ်လာပေတော့မည်။ ဤကျုံးရှန်သည် သမိုင်းတစ်လျှောက် မျှော်စင်တက်သည့် အစွမ်းထက်ဆုံးသော နိယာမနယ်ပယ် ကျင့်ကြံသူ ဖြစ်လာမည်မှာ မြေကြီးလက်ခတ် မလွဲနိုင်တော့ချေ။

Thank For Reading.

All Chapters