← Chapters

အခန်း (၃၄၁-၃၄၂)

Vol. 18 Ch. 341-342

အခန်း (၃၄၁-၃၄၂)

Vol. 18 Ch. 341-342

အပိုင်း (၃၄၁) လီဟန်ကျုံး

ရုတ်တရက် ပေါ်လာသော ရေငုပ်သင်္ဘောလေးကြောင့် လင်းယွမ်၏ စိတ်ထဲတွင် သတိဝင်သွားခဲ့သည်။

လင်ကျောင်းတက္ကသိုလ်၏ ဤရေပြင်ကို သူတစ်ယောက်တည်း စောင့်ကြည့်နေခြင်း မဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းတစ်ခုကပါ အာရုံစိုက်နေခြင်း ဖြစ်သည်။

ဤလျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းက ရေငုပ်သင်္ဘောလေးကဲ့သို့သော သန္ဓေပြောင်းစွမ်းအင်သုံး နည်းပညာများကိုပင် တီထွင်နိုင်နေပြီ ဖြစ်သည်။

သူတို့၏ အင်အားအခြေခံက ထိုက်ယန်တောင် ခိုလှုံရေးစခန်းထက် သိပ်မလျော့လှဟု ဆိုရပေမည်။

လင်းယွမ်၏ စိတ်ထဲတွင် ချက်ချင်းဆိုသလို အလျင်လိုသည့် ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

"မျိုးရိုးဗီဇမျိုးစေ့... အမှတ်တွေကို မြန်မြန် စုဆောင်းပြီး မျိုးရိုးဗီဇမျိုးစေ့နဲ့ လဲရမယ်"

မျိုးရိုးဗီဇမျိုးစေ့ ပွင့်လာခြင်းက ဆင့်ကဲပြောင်းလဲခြင်း၏ အဆင့်သစ်တစ်ခုနှင့် ဆက်စပ်နေကြောင်း သူက ခံစားမိနေသည်။

ရေအောက်ရှိ လင်ကျောင်းတက္ကသိုလ်ထဲတွင် တစ်ပတ်လောက် ထပ်လှည့်ပတ်ကြည့်ပြီးနောက် လင်းယွမ်က ယူဆောင်သွားနိုင်သည့် ပစ္စည်းအားလုံးကို အလျင်အမြန် သိမ်းဆည်းလိုက်သည်။

စားပွဲနှင့် ထိုင်ခုံများကိုပင် သူက သယ်ဆောင်သွားခဲ့သည်။

စာသင်ခန်းထဲရှိ မီးချောင်းများနှင့် နံရံပေါ်ရှိ မီးခလုတ် ဝါယာကြိုးများကိုပင် တစ်ခုမကျန် ဖြုတ်ယူသွားခဲ့သည်။

ယင်းတို့အားလုံးကို လုပ်ဆောင်ပြီးနောက် လင်းယွမ်က လင်ကျောင်းတက္ကသိုလ်မှ အလျင်အမြန် ထွက်ခွာလာခဲ့ကာ တက္ကသိုလ်ဝင်ပေါက်တွင် ဝပ်နေသော ရေဘဝဲမိစ္ဆာကြီးကို ရှောင်ကွင်း၍ ဖီးနစ်သင်္ဘောပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

"လင်းယွမ်... ပါမောက္ခ လီဟန်ကျုံးရဲ့ အိမ်ရာနေရာကို ကျွန်မ ရှာတွေ့ပြီ... အရှေ့တောင်ဘက်ကို တစ်မိုင်ကျော်ကျော်လေးမှာပဲ... ကြည့်လိုက်... အဲဒီ ရေပေါ်ပေါ်နေတဲ့ အဆောက်အအုံတွေလေ"

တင်းယန်က တစ်မိုင်ကျော်အကွာတွင် ခေါင်းပြူထွက်နေသော အဆောက်အအုံများကို လက်ညှိုးထိုးပြကာ လင်းယွမ်ကို ပြောလိုက်သည်။

လင်းယွမ်က ကြားလျှင် လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ဟုတ်ပြီ... အခုချက်ချင်း သွားပြီး အဲဒီ ပါမောက္ခကို ရှာကြရအောင်"

"တင်းယန်... အဖွဲ့ခေါင်းဆောင် အားလုံးကို ခေါ်လိုက်... ငါ ပြောစရာ ကိစ္စလေးတစ်ခု ရှိတယ်"

တင်းယန်က ထိုစကားကို ကြားသောအခါ စိတ်ထဲတွင် အံ့ဩသွားခဲ့သည်။

လင်းယွမ်က ပုံမှန်အားဖြင့် ဤမျှလောက် အလေးအနက်ထားလေ့ မရှိပေ။ သူ၏ ဤပုံစံက အရေးကြီးသော ကိစ္စတစ်ခုခု ရှိနေပုံရသည်။

ထို့ကြောင့် တင်းယန်က ချက်ချင်း ခေါင်းညိတ်လိုက်ပြီး သင်္ဘောပေါ်ရှိ အလယ်အလတ်နှင့် အထက်တန်း အဆင့်ရှိသူများကို အမြန်ခေါ်ယူလိုက်သည်။

ယင်းအထဲတွင် ဟန်ရှန်းမန်၊ လီရှန်ယန်၊ ထူလုံ၊ လီယွဲ့ကျင်း အစရှိသော လူစုပါဝင်သည်။

အမိုးအကာအောက်သို့ ရောက်ရှိလာသောအခါ လူအများက မေးမြန်းချင်သော အကြည့်များဖြင့် လင်းယွမ်ကို ကြည့်လိုက်ကြသည်။

လင်းယွမ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "စောစောက ကျွန်တော် ရေအောက်က လင်ကျောင်းတက္ကသိုလ်နယ်မြေကို စူးစမ်းနေတုန်း ရေငုပ်သင်္ဘောလေး တစ်စီးကို တွေ့ခဲ့တယ်"

ဤစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူအများ၏ အာမေဍိတ်သံများ ဆူညံသွားခဲ့သည်။

ထူလုံက ပထမဆုံး မနေနိုင်တော့ဘဲ ချက်ချင်း ထပ်မေးလိုက်သည်။ "ရေငုပ်သင်္ဘောလေး... ရေငုပ်သင်္ဘောဟုတ်လား"

လီရှန်ယန်ကလည်း မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ "အစိုးရရဲ့ ရေငုပ်သင်္ဘောများလား... ဆရာလင်းယွမ်... သူတို့ ဘယ်မှာလဲ"

ဟန်ရှန်းမန်ကလည်း အံ့ဩတုန်လှုပ်နေသော မျက်နှာဖြင့် မေးလိုက်သည်။ "အစိုးရရဲ့ ရေငုပ်သင်္ဘောတွေက အလုပ်လုပ်နိုင်သေးတာလား... ဒါဆို သူတို့က ဘာလို့ ပြည်သူတွေကို မကယ်တင်ကြတာလဲ"

တင်းယန်က ချက်ချင်း မျက်မှောင်ကြုတ်လိုက်ကာ ပြောလိုက်သည်။ "မဟုတ်သေးဘူး... အခု ရေကြီးရေလျှံမှုတွေ နေရာအနှံ့ ဖြစ်နေတာ... ခေတ်မီ စက်ကိရိယာ အများစုက အသုံးပြုလို့ မရတော့ဘူး... ရေငုပ်သင်္ဘောလိုမျိုး အနုစိတ်တဲ့ ခေတ်မီ စက်ကိရိယာတွေက ပိုပြီးတော့တောင် ထိခိုက်လွယ်သေးတယ်"

လင်းယွမ်က လက်ကာပြလိုက်ပြီး သူတို့ကို တိတ်တိတ်နေရန် အချက်ပြလိုက်ကာ ပြောလိုက်သည်။ "ခေတ်မီ ရေငုပ်သင်္ဘော မဟုတ်ဘူး... သန္ဓေပြောင်းစွမ်းအင်သုံး ပစ္စည်းတွေနဲ့ ဖန်တီးထားတဲ့ ရေငုပ်သင်္ဘောလေး တစ်စီးပဲ"

"သူ့ရဲ့ ပုံပန်းသဏ္ဌာန်က ခရုခွံတစ်မျိုးမျိုးရဲ့ အခွံနဲ့ လုပ်ထားတဲ့ပုံပဲ... အခွံရဲ့ အပြင်ဘက်မှာလည်း သင်္ကေတပညာရပ် ပုံစံတွေ ရေးဆွဲထားသေးတယ်... ရိုးရှင်းတဲ့ တွန်းကန်အားသုံး အရှိန်မြှင့်စက်ပဲ ရှိပြီး လက်နက်လိုမျိုး ဘာမှ မတွေ့ရဘူး"

"တစ်ဖက်လူက လင်ကျောင်းတက္ကသိုလ် သင်္ဘောတည်ဆောက်ရေး သက္ကသိုလ်ကို ရောက်လာတာ... ပစ္စည်းကိရိယာ တစ်ခုခုကို ရှာဖွေဖို့ ဖြစ်နိုင်တယ်... ဒါပေမဲ့ ဘာကြောင့်မှန်း မသိဘူး... ချက်ချင်း ပြန်ဆုတ်သွားတယ်"

လင်းယွမ်၏ စကားဆုံးသွားသောအခါ လူအများ၏ ဆွေးနွေးသံများက ငြိမ်သက်မသွားဘဲ ပို၍ပင် ပြင်းထန်လာခဲ့သည်။

"သန္ဓေပြောင်းစွမ်းအင်သုံး ပစ္စည်းတွေနဲ့ ဖန်တီးထားတဲ့ ရေငုပ်သင်္ဘောလေး... နိုင်ငံတော်က တီထွင်လိုက်တဲ့ ရေငုပ်သင်္ဘော ပုံစံသစ်များလား"

"မဟုတ်သေးဘူး... တကယ်လို့ နိုင်ငံတော်ကသာ တီထွင်လိုက်တာဆိုရင် ဘာလို့ လင်ကျောင်းသင်္ဘောသက္ကသိုလ်က ပစ္စည်းကိရိယာတွေကို လာပြီး မက်မောနေမှာလဲ"

"ဟုတ်တယ်... နိုင်ငံတော် ဌာနတွေရဲ့ ပစ္စည်းကိရိယာ အဆင့်အတန်းနဲ့ဆိုရင် ဒီကိုလာပြီး အရပ်ဘက် ပစ္စည်းကိရိယာတွေကို ဘယ်လိုလုပ် လာရှာမှာလဲ"

"အဲဒီလိုလည်း ပြောလို့ မရဘူးလေ... တကယ်လို့ အဲ့ဒီဌာနက သင်္ဘောတည်ဆောက်တဲ့ သီးသန့်ဌာန မဟုတ်ရင်ရော"

"နေပါဦး... ဘာလို့ နိုင်ငံတော် ဌာနလို့ပဲ တွေးနေရတာလဲ... အစွမ်းပိုင်ရှင်တွေ တည်ထောင်ထားတဲ့ အဖွဲ့အစည်း တစ်ခုခုဆိုရင်ရော... ငါတို့ရဲ့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းလိုပဲ တစ်ဖက်လူကလည်း ရေဘေးထဲမှာ ခြေကုပ်ယူထားနိုင်ပြီး ရေကြီးတာနဲ့ ကိုက်ညီတဲ့ ပစ္စည်းကိရိယာတွေကို စတင် တီထွင်နေပြီ ဆိုရင်ရော"

"ဒါလည်း... ဖြစ်နိုင်ခြေ ရှိတယ်... ငါတို့တောင် သန္ဓေပြောင်းစွမ်းအင်သုံး လက်နက်တွေကို တီထွင်နိုင်သေးတာ... သူတို့လည်း သန္ဓေပြောင်းစွမ်းအင်သုံး ရေငုပ်သင်္ဘောလေးကို တီထွင်နိုင်မှာပေါ့"

"ဘယ်လိုပဲဖြစ်ဖြစ်... လူသားတွေ လုံးဝ မျိုးသုဉ်းမသွားသေးဘူးဆိုတာ သက်သေပြနေတာပဲ... တစ်ယောက်ယောက်က ရေဘေးကို ရင်ဆိုင်နိုင်တဲ့ ခိုလှုံရေးစခန်းကို တည်ဆောက်ထားပြီး ငါတို့ရဲ့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းလိုပဲ သန္ဓေပြောင်းစွမ်းအင်သုံး ရေငုပ်သင်္ဘောလေးလို ပစ္စည်းမျိုးကို ကိုယ်တိုင် တီထွင်နိုင်နေပြီ"

တင်းယန်က အားလုံး၏ ဆွေးနွေးသံများကို နားထောင်နေရင်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ လင်းယွမ်ကို ကြည့်၍ ပြောလိုက်သည်။

"လင်းယွမ်... အဲဒီ ရေငုပ်သင်္ဘောလေးက ဘယ်ကို သွားတာလဲ... ကျွန်မတို့ လိုက်မီနိုင်မလား"

"ဟုတ်တယ်... ဆရာလင်းယွမ်... အဲဒီ ရေငုပ်သင်္ဘောလေးကို နောက်ယောင်ခံလိုက်ရင် တစ်ဖက်လူရဲ့ နေရာကို ရှာတွေ့နိုင်လောက်တယ်" ထူလုံကလည်း အလျင်စလို ပြောလိုက်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။

"တစ်ဖက်လူရဲ့ ရေငုပ်သင်္ဘောလေးက ရေအောက်မှာ အရှိန်အရမ်းမြန်တယ်... ကုန်းပေါ်မှာ ပုံမှန် မောင်းနေတဲ့ ကားတစ်စီးရဲ့ အရှိန်လောက်ကို ရှိတယ်"

"ရေအောက်မှာ ငါ့ရဲ့ လှုပ်ရှားမှုတွေက ကန့်သတ်ခံထားရလို့ သူတို့ကို လိုက်မီဖို့ အရမ်းခက်တယ်"

တင်းယန်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားကာ ပြောလိုက်သည်။

"ရှင်တောင် လိုက်မမီဘူးလား"

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။

"မမီဘူး"

တင်းယန်က ကျန်းဖန်ကို ကြည့်ကာ မေးလိုက်သည်။

"ကျန်းဖန်... နင်သာ ရေလူသား အစွမ်းကို သုံးမယ်ဆိုရင် ကားမောင်းတဲ့ အရှိန်ကို ရောက်နိုင်မလား"

ကျန်းဖန်က ခါးသက်စွာ ပြုံးလိုက်သည်။

"အမတင်းယန်... အစ်မက ကျွန်တော့်ကို အရမ်း အထင်ကြီးနေပြီ... ကျွန်တော့်ရဲ့ ရေအောက်အရှိန်က အများဆုံး တစ်စက္ကန့်ကို သုံးဆယ့်သုံးပေလောက်က အကန့်အသတ်ပဲ... ပြီးတော့ ဒီအခြေအနေကို အကြာကြီး ထိန်းထားနိုင်တာမဟုတ်ဘူး"

လင်းယွမ်က ထိုစကားကို ကြားသောအခါ အနည်းငယ် အံ့ဩသွားခဲ့သည်။ ကျန်းဖန်၏ ရေအောက်အရှိန် တစ်စက္ကန့်လျှင် သုံးဆယ့်သုံးပေ ဆိုသည်က အခြားသော အစွမ်းပိုင်ရှင် အများအပြား၏ ကုန်းပေါ်ရှိ အရှိန်ထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။

ကုန်းပေါ်တွင် သူ၏ အရှိန်က တစ်စက္ကန့်လျှင် သုံးဆယ့်သုံးပေထက် များစွာ ကျော်လွန်နေပြီး တစ်စက္ကန့်လျှင် တစ်ရာခြောက်ဆယ့်လေးပေ အထိပင် ရောက်ရှိနိုင်သည်။

သို့သော် ရေအောက်တွင် သူ မစမ်းသပ်ဖူးသော်လည်း တစ်စက္ကန့်လျှင် သုံးဆယ့်သုံးပေကတော့ သေချာပေါက် ရှိပေလိမ့်မည်။

ခန့်မှန်းခြေ သုံးဆလောက် ကျဆင်းသွားမည်ဆိုပါက တစ်စက္ကန့်လျှင် ပေငါးဆယ် ဝန်းကျင်လောက် အရှိန်ရနိုင်သည်။

သို့တိုင်အောင် ထိုရေငုပ်သင်္ဘောလေးကို လိုက်မီရန်မှာ မဖြစ်နိုင်သည့်ပုံပင်။

ထိုအချိန်က တစ်ဖက်လူက အရှိန်အပြည့် မတင်ထားသော်လည်း ကားမောင်းသည့် အရှိန်ကို ရောက်ရှိနေပြီ ဖြစ်သည်။

ကားတစ်စီး၏ ပုံမှန် မောင်းနှင်သည့် အရှိန်က တစ်နာရီလျှင် ၃၇ မိုင်ခန့် ရှိသည်ကို သိထားရမည်။

ဒါက နှေးသည်ဟုပင် ဆိုရပေမည်။

သူက တစ်စက္ကန့်လျှင် ပေငါးဆယ် နှုန်းဖြင့်ဆိုပါက တစ်နာရီလျှင် ၃၃ မိုင်ကျော်မျှသာ ရှိသေးသည်။

ထို့ပြင် သူက တစ်နာရီလောက်အထိ တောင့်ခံထားနိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းက သူ၏ အကန့်အသတ်နှုန်း ဖြစ်နေသောကြောင့်တည်း။

သူက စက် မဟုတ်သဖြင့် ပင်ပန်းနွမ်းနယ်တတ်ပြီး သူ၏ ခွန်အားကလည်း အဆုံးအစမဲ့ မဟုတ်ဘဲ ကုန်ခန်းသွားနိုင်ပေသည်။

"ရေအောက် အရှိန်ကို မြှင့်တင်ပေးနိုင်တဲ့ အစွမ်းတစ်ခုခုကို ရှာဖွေဖို့ နည်းလမ်း စဉ်းစားရတော့မယ်"

လင်းယွမ်၏ စိတ်ထဲတွင် ထိုအချက်ကို ချက်ချင်း တွေးမိသွားခဲ့သည်။

သူ၏ ရည်မှန်းချက်က သူ့ကိုယ်သူ အဘက်ဘက်မှ အားနည်းချက် ကင်းမဲ့သော အစွမ်းအစများ ရှိလာစေရန် ဖန်တီးချင်ခြင်း ဖြစ်သည်။

ရေအောက် တိုက်ပွဲက ယခုအခါ သူ၏ အကြီးမားဆုံးသော အားနည်းချက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

"အရင်တုန်းက တွေ့ခဲ့ရတာတွေက ကုန်းပေါ်က ရန်သူတွေချည်းပဲမို့... ငါကလည်း ကုန်းပေါ် တိုက်ခိုက်ရေး စွမ်းရည်ကိုပဲ အမြဲတမ်း မြှင့်တင်နေခဲ့တာ"

"အခုတော့ ရေအောက်မှာပါ ခြိမ်းခြောက်မှုတွေ ပေါ်လာပြီဆိုတော့ အရေးတယူ လုပ်ရတော့မယ်"

တင်းယန်ကလည်း လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"လင်းယွမ်... ကြည့်ရတာ ကျွန်မတို့ ဒီတစ်ခေါက် ပြန်ရောက်ရင် နည်းပညာတွေကို အားသွန်ခွန်စိုက် တိုးတက်အောင် လုပ်ရတော့မယ်... အထူးသဖြင့် ရေအောက် တိုက်ခိုက်ရေး နည်းပညာတွေပဲ"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ကာ ပြောလိုက်သည်။ "ပြန်ရောက်ရင် ဖုချီပေါ်တို့၊ ရမ်ကျဲတို့ကို ဒီဘက်ပိုင်းနဲ့ ပတ်သက်တဲ့ သုတေသနတွေ စလုပ်ခိုင်းရမယ်"

"ဒါပေမဲ့ အဲဒီမတိုင်ခင် သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေကို ပုံစံထုတ်တတ်တဲ့ နည်းပညာရှင်တွေကို သေချာပေါက် ရှာဖွေရလိမ့်မယ်"

တင်းယန်က ချက်ချင်း ခေါင်းညိတ် ထောက်ခံလိုက်ကာ ပြောလိုက်သည်။

"ပါမောက္ခ လီဟန်ကျုံးက သင်္ဘောတည်ဆောက်ရေး နယ်ပယ်မှာ အရမ်းတော်တယ်... ရေငုပ်သင်္ဘော ပုံစံထုတ်တာကို သူ နားလည်မလည်တော့ မသိဘူး"

"ဒီပါမောက္ခ လီဟန်ကျုံးကို အရင်ရှာတွေ့မှပဲ ဆက်ပြောကြတာပေါ့" လင်းယွမ်က ချက်ချင်း ဆုံးဖြတ်လိုက်သည်။

တင်းယန်ကလည်း ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။

"ဒါဆို ကျွန်မတို့ ချက်ချင်း သွားကြစို့"

ထို့နောက် ဖီးနစ်သင်္ဘောက ချက်ချင်း ဦးတည်ရာ ပြောင်းလဲလိုက်ပြီး အရှေ့တောင်ဘက်ရှိ ထိုအဆောက်အအုံများဆီသို့ ခုတ်မောင်းသွားခဲ့သည်။

မှိုင်းညို့နေသော ကောင်းကင်ယံအောက်တွင် မိုးရေများက တဖွဲဖွဲ ကျဆင်းနေပြီး အေးစက်သော အငွေ့အသက်များ သယ်ဆောင်လာကာ ဤရေပြင်ကို လွှမ်းခြုံထားသည်။

လီရွှေဥယျာဉ်က လင်ကျောင်းတက္ကသိုလ် ပတ်ဝန်းကျင်တွင် အဆင့်အတန်းမြင့်သော အိမ်ရာတစ်ခု ဖြစ်သည်။

သို့သော် အဆင့်အတန်း ပိုမြင့်သော အိမ်ရာဖြစ်လေ အထပ်အရေအတွက်က ယေဘုယျအားဖြင့် သိပ်မများလေ ဖြစ်သည်။

ပထမအဆင့်နှင့် ဒုတိယအဆင့် လီရွှေဥယျာဉ်တွင် စုစုပေါင်း ရှစ်လွှာသာရှိသော အနောက်တိုင်းစတိုင် အိမ်ရာများသာ ရှိသည်။

တတိယအဆင့်မှသာ ဆယ့်ရှစ်လွှာထက်ကျော်သော အထပ်မြင့် အဆောက်အအုံများ ရှိခြင်း ဖြစ်သည်။

စတုတ္ထအဆင့်မှ အိမ်ပိုင်ရှင်များက အကံအဆိုးဆုံး ဖြစ်သည်။ အိမ်ဝယ်သည့် အချိန်တွင် ပထမအဆင့်နှင့် ဒုတိယအဆင့်ကို ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ရာ လူတိုင်းက ထိုအိမ်ရာများ၏ သာလွန်ကောင်းမွန်သော အခြေအနေကို တွေ့မြင်ခဲ့ကြသည်။

တတိယအဆင့်နှင့် စတုတ္ထအဆင့်ကို ကြိုတင်ရောင်းချသည့် စနစ်ကို အသုံးပြုခဲ့ကြသည်။ ဆိုလိုသည်မှာ အဆောက်အအုံ မဆောက်ရသေးသော်လည်း စတင် ရောင်းချနေပြီ ဖြစ်သည်။

တတိယအဆင့်ကို ဆောက်လုပ်ပြီးစီးသွားသောအခါမှသာ လူအများအပြားက တတိယအဆင့် အိမ်များက ပထမအဆင့်၊ ဒုတိယအဆင့်တို့နှင့် ကွာခြားလွန်းလှကြောင်း သိရှိသွားကြသည်။

စိမ်းလန်းစိုပြည်သော နေရာများသာမက အထပ်အကွာအဝေး၊ အများသုံး ဧရိယာ စသည်တို့ကပါ ပထမအဆင့်၊ ဒုတိယအဆင့်တို့ကို မီရန် အလှမ်းဝေးလွန်းလှသည်။

စတုတ္ထအဆင့်မှ အိမ်ပိုင်ရှင်များက ပို၍ ကံဆိုးလှသည်။ တတိယအဆင့်က ဆယ့်ရှစ်လွှာ အမြင့်ရှိသေးသော်လည်း စတုတ္ထအဆင့်ကို သုံးဆယ့်နှစ်လွှာအထိ တိုက်ရိုက် ဆောက်လုပ်ထားသည်။

စတုတ္ထအဆင့်မှ အိမ်ပိုင်ရှင်များက အိမ်ဆောက်လုပ်သူများနှင့် အိမ်ရာစီမံခန့်ခွဲရေးထံသို့ သွားရောက် ပြဿနာရှာကာ အိမ်ပြန်အပ်ရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

သေချာသည်မှာ ဤကဲ့သို့သော ကိစ္စမျိုးက အဖြေမပေါ်ဘဲ ပြီးဆုံးသွားခဲ့ရသည်။

အိမ်ရာစီမံခန့်ခွဲရေးနှင့် အိမ်ဆောက်လုပ်သူများက ဤအိမ်ပိုင်ရှင်များကို ဘယ်လိုလုပ် ကြောက်ရွံ့မည်နည်း။

စတုတ္ထအဆင့်မှ လူများက မတတ်နိုင်ဘဲ နစ်နာသွားကြကာ ဤအတိုင်းပင် ဝင်ရောက် နေထိုင်ခဲ့ကြရသည်။

သို့သော် ရေကြီးရေလျှံမှုကြီး ရောက်ရှိလာသောအခါမှသာ အထပ်မြင့်တွင် နေထိုင်ရခြင်းက အသက်ကယ်ဆေး ဖြစ်လာမှန်း လူများ သတိထားမိသွားကြသည်။

ယခုအခါ အောက်ထပ်ရှိ အဆောက်အအုံများက စောစောစီးစီးကတည်းက ရေနစ်မြုပ်သွားခဲ့ပြီ ဖြစ်သည်။

လီရွှေဥယျာဉ်တွင် စတုတ္ထအဆင့် အဆောက်အအုံများသာ ရေပေါ်သို့ ခိုင်ခံ့စွာ ခေါင်းပြူထွက်နေသေးသည်။

စတုတ္ထအဆင့်မှ အိမ်ပိုင်ရှင်များက အိပ်မက်ထဲတွင်ပင် မတွေးမိခဲ့ကြပေ။ တစ်ချိန်က သူတို့ စွန့်ပစ်ချင်ခဲ့သော အဆောက်အအုံက ယခုအခါ သူတို့ကို ကံကောင်းထောက်မစွာဖြင့် ဘေးအန္တရာယ်မှ လွတ်မြောက်စေခဲ့သည်။

ဤအဆုံးအစမရှိသော ရေပြင်ကြီးထဲတွင် ခိုလှုံစရာ နေရာတစ်ခု ရရှိခဲ့သည်။

တစ်ချိန်က သူတို့ထက် ပိုမို သာလွန်ခဲ့သော ပထမအဆင့်နှင့် ဒုတိယအဆင့် အိမ်ရာများမှာမူ လွန်ခဲ့သော နှစ်လကျော်ကတည်းက ရေနစ်မြုပ်သွားခဲ့ပြီ ဖြစ်သည်။

တတိယအဆင့်က လွန်ခဲ့သော လအနည်းငယ်ကို တောင့်ခံနိုင်ခဲ့သော်လည်း ယခုအခါ လုံးဝ ရေနစ်မြုပ်သွားခဲ့ပြီ ဖြစ်သည်။

အရင်က ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်မှ လူအများအပြားက သစ်သားပြား တစ်ချပ်ကို ဖက်တွယ်ကာ မိသားစုလိုက် စတုတ္ထအဆင့်ဆီသို့ ထွက်ပြေးလာခဲ့ကြသည်။

သို့သော် စတုတ္ထအဆင့်မှ အိမ်ပိုင်ရှင်များက ထိုလူများကို မည်သို့လုပ် ဝင်ခွင့်ပြုမည်နည်း။ ထို့ကြောင့် အကြမ်းဖက် ပဋိပက္ခများ အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည်။

သေဆုံးသူ အရေအတွက် များပြားလာကာ ရေအောက်ရှိ သန္ဓေပြောင်း သတ္တဝါ အမြောက်အမြား ဝင်ရောက်လာပြီး လူအများအပြားကို စားသောက်သွားမှသာ သူတို့က သတ်ဖြတ်မှုများကို ယာယီ ရပ်တန့်ကာ အချင်းချင်း ပူးပေါင်းခဲ့ကြသည်။

ယခုအခါ လီရွှေဥယျာဉ် စတုတ္ထအဆင့်တွင် လူများ ရောနှောနေပြီး တတိယအဆင့်မှ လူအမြောက်အမြားလည်း ဝင်ရောက် နေထိုင်နေကြသလို ပထမအဆင့်နှင့် ဒုတိယအဆင့်မှ အသက်ရှင်ကျန်ရစ်သူ အနည်းငယ်ကလည်း စင်္ကြံလမ်းများတွင် ပုန်းအောင်းနေကြသည်။

(၂၇) လွှာ၊ အခန်း (၂၇၀၆)။ ထိုအချိန်၌ စုတ်ပြတ်သတ်နေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသား ဆယ်ယောက်ကျော်က တံခါးဝတွင် စုဝေးနေကြသည်။

ယင်းအထဲမှ တစ်ယောက်က အသက် ခြောက်ဆယ်ခန့် ရှိပြီး ဆံပင်များက မီးခိုးရောင် သန်းနေကာ လိပ်ခွံမျက်မှန်ကို တပ်ဆင်ထားပြီး ညာဘက် မျက်မှန်ကိုင်းက အနည်းငယ် ပျက်စီးနေသည်။

သူက ရင်ခွင်ထဲတွင် အထုပ်တစ်ထုပ်ကို တင်းကျပ်စွာ ပိုက်ထားပြီး စိုးရိမ်တကြီး မျက်နှာထားဖြင့် ပတ်ဝန်းကျင်ရှိ အခြားလူများကို သတိထား ကြည့်နေသည်။

သူနှင့်တူသော လူအများအပြား ရှိပြီး အားလုံးက အလွန် စိုးရိမ်နေကာ သတိထားနေသော အမူအရာများ ရှိကြသည်။

သိသာထင်ရှားစွာပင် ဤလူများက တစ်ဖွဲ့တည်း မဟုတ်ကြပေ။

လူအုပ်ထဲတွင် ခွန်အားကြီးသော လူရွယ်အချို့ကလည်း မျက်လုံးများ တောက်ပနေပြီး မျက်လုံးထောင့်ကပ်၍ ဤလူများကို အကဲခတ်နေကြသည်။

ထိုစဉ် အခန်း (၂၇၀၆) ၏ တံခါးက ရုတ်တရက် "ချပ်" ဟူသော အသံနှင့်အတူ ပွင့်သွားခဲ့သည်။

ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော လူရွယ်တစ်ယောက် တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူက ဆံပင်တိုတို ညှပ်ထားပြီး ညာဘက် ပါးပြင်တွင် ဓားဒဏ်ရာ တစ်ချက် ရှိနေကာ သူ၏ ခန့်ညားသော မျက်နှာကို ဖျက်ဆီးထားသော်လည်း သူ့ကို ပိုမို ရက်စက်ကြမ်းကြုတ်သော အသွင်ကို ဆောင်စေသည်။

"ခေါင်းဆောင်လင်း... မင်္ဂလာနံနက်ခင်းပါ"

"မင်္ဂလာပါ ခေါင်းဆောင်လင်း"

စုတ်ပြတ်သတ်နေသော လူအုပ်ထဲမှ တစ်ယောက်က ကပျာကယာ မျက်နှာချိုသွေးကာ ဤလူရွယ်ကို နှုတ်ဆက်လိုက်ပြီး မျက်နှာပေါ်တွင် အောက်ကျို့ဖားယားသော အပြုံးများ အပြည့်ရှိနေသည်။

ထိုလူရွယ်က လူအများကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ဤကဲ့သို့ ရင်းနှီးဟန်ဆောင်သော လုပ်ရပ်များကို အနည်းငယ်မျှ ဂရုမစိုက်ပေ။

"အပိုတွေ လာမလုပ်နဲ့... လက်ထဲမှာ ပစ္စည်းပါတဲ့လူ ဝင်ခဲ့"

"ပစ္စည်းမပါတဲ့လူတွေ အားလုံး အပြင်မှာ စောင့်နေ"

ခေါင်းဆောင်လင်းက အေးစက်စွာ ပြုံးလိုက်ပြီး အော်ဟစ်လိုက်သည်။

လူအများက ကြောက်ရွံ့တုန်လှုပ်နေကြပြီး အရှေ့ဘက်မှ လူတစ်ယောက်က ချက်ချင်းဆိုသလို ရင်ခွင်ထဲမှ အနီရောင် ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ခေါင်းဆောင်လင်း... ဒါက မနေ့က ကျွန်တော် အောက်ထပ်မှာ တွေ့ခဲ့တာ... သန္ဓေပြောင်း စွမ်းအင်ကျောက်တုံးများလား... ကျွန်တော် ဝင်လို့ရမလား"

ခေါင်းဆောင်လင်းက ထိုသန္ဓေပြောင်း စွမ်းအင်ကျောက်တုံးကို ကြည့်လိုက်ပြီး ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "မဆိုးဘူး... မီးဓာတ် သန္ဓေပြောင်း စွမ်းအင်ကျောက်တုံးပဲ... တန်ဖိုး ရှိတယ်... ဝင်သွား"

"ကျေးဇူးပါ... ကျေးဇူးတင်ပါတယ် ခေါင်းဆောင်လင်း"

"ခေါင်းဆောင်လင်း... ဒါက မနေ့က ကျွန်တော် ဖမ်းမိခဲ့တဲ့ သန္ဓေပြောင်း ပင်လယ်ကြယ်ငါး တစ်ကောင်ပါ... ခင်ဗျား ကြည့်ကြည့်ပါဦး... အသုံးဝင်မလား"

ခေါင်းဆောင်လင်းက တစ်ပတ်လှည့်ကြည့်လိုက်ပြီး ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "သန္ဓေပြောင်းလဲနှုန်းက မဆိုးပါဘူး... ၂၆ မှတ်အထိ ရောက်နေပြီ... ကံကောင်းရင် သင်္ကေတအရိုးတောင် ရနိုင်တယ်... ဝင်သွား"

"ခေါင်းဆောင်လင်း... ကျွန်တော့်ဟာကို ကြည့်ပါဦး... ဒါက ကမာခွံပါ... အပေါ်က ပုံစံတွေက သင်္ကေတတွေလား"

ခေါင်းဆောင်လင်းက တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း မျက်နှာမည်းမှောင်သွားကာ ဆဲဆိုလိုက်သည်။

"ထွက်သွားစမ်း... ဒါက ဘာသင်္ကေတလဲ"

ထိုလူ၏ မျက်နှာက ချက်ချင်း ဖြူရော်သွားသော်လည်း မနေရဲဘဲ အခြားလူများ တွန်းထုတ်ခြင်းကို ခံလိုက်ရသည်။

ထို့နောက်တွင် လူများက အမျိုးမျိုးသော ပစ္စည်းများကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ပြကြသည်။

တချို့က သင်္ကေတအရိုးများ ဖြစ်ပြီး တချို့က သန္ဓေပြောင်း သတ္တဝါများ၏ အရိုးနှင့် အရေခွံများ ဖြစ်သည်။

ခေါက်ဆွဲခြောက်ကဲ့သို့သော အစားအစာများကို ထုတ်ပြသူများလည်း ရှိသည်။

ဤလူများက တစ်ယောက်မကျန် ဝင်ခွင့် ရရှိခဲ့ကြသည်။

နောက်ဆုံးတွင် လိပ်ခွံမျက်မှန် တပ်ဆင်ထားပြီး ပညာရှင်အိုကြီး ပုံစံပေါက်နေသော အဘိုးအို အလှည့်သို့ ရောက်ရှိလာခဲ့သည်။

အဘိုးအိုက စိုးရိမ်တကြီး တံတွေးမျိုချလိုက်ကာ ပြောလိုက်သည်။ "ခေါင်းဆောင်လင်း... မင်္ဂလာနံနက်ခင်းပါ"

လင်းဝူက မျက်မှောင်ကြုတ်လိုက်ကာ ပြောလိုက်သည်။ "အသစ်လား... အရင်က ခင်ဗျားကို မမြင်ဖူးပါဘူး"

အဘိုးအိုက ကပျာကယာ ပြောလိုက်သည်။ "ဟုတ်ပါတယ်... ကျွန်တော်က အသစ်ပါ... လီဟန်ကျုံးလို့ ခေါ်ပါတယ်..."

"ဘယ်သူက ခင်ဗျားနာမည်ကို မေးနေလို့လဲ... ပစ္စည်း ထုတ်ပြစမ်း" လင်းဝူက သူ၏စကားကို ဖြတ်ပြောကာ အော်ဟစ်လိုက်သည်။

လီဟန်ကျုံးက ကပျာကယာ ပါးစပ်ပိတ်လိုက်ပြီး အထုပ်ကို ချက်ချင်း ဖွင့်လိုက်သည်။

အထဲတွင် အညိုရောင် သန်းနေသော ခရုခွံတစ်ခု ရှိပြီး ခရုခွံ၏ အပြင်ဘက်တွင် သင်္ကေတများ ထွင်းထုထားသည်။

လင်းဝူက ခရုခွံကို ကောက်ကိုင်ကာ တစ်ပတ်လှည့်ကြည့်လိုက်ပြီး အမူအရာ အနည်းငယ် ထူးဆန်းသွားကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"ဒါက သင်္ကေတအရိုးလား... သိပ်မတူသလိုပဲ"

ဤသင်္ကေတများက သဘာဝအလျောက် ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ နောက်ပိုင်းမှ လူကိုယ်တိုင် ထွင်းထုထားခြင်း ဖြစ်ကြောင်း သူက ခံစားမိသည်။

ထိုအချက်ကို တွေးမိသောအခါ သူ၏ မျက်နှာက တင်းမာသွားပြီး လီဟန်ကျုံးကို စိုက်ကြည့်ကာ ဆဲဆိုလိုက်သည်။

"အဘိုးကြီး... ခင်ဗျားက ကျုပ်ဆီမှာ လိမ်ညာရဲတယ်ပေါ့လေ"

လီဟန်ကျုံးက တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ လင်းဝူက သူ၏ လည်ပင်းကို ချက်ချင်း ဆွဲမလိုက်သည်။

သူက လန့်ဖျပ်သွားပြီး မျက်နှာ အရောင်ပြောင်းသွားကာ ကပျာကယာ ရှင်းပြလိုက်သည်။

"ခေါင်းဆောင်လင်း... ကျွန်တော် မဟုတ်ပါဘူး... ကျွန်တော် မလိမ်ပါဘူးဗျာ"

"ခင်ဗျားက ကျုပ်ကို လိမ်ရဲသေးတယ်ပေါ့လေ... ဒီအပေါ်က သင်္ကေတတွေက နောက်မှ ထွင်းထားတာ အသိသာကြီးကို... ကျုပ်ကို မျက်ကန်းလို့ ထင်နေလား"

"အဘိုးကြီး... ဒါက ဘယ်နေရာလဲဆိုတာ ခင်ဗျား သိရဲ့လား... အမချိုးရဲ့ မှောင်ခိုဈေးကိုတောင် ခင်ဗျားက လာရှုပ်ရဲတယ်ပေါ့လေ... ခင်ဗျားကို အခုချက်ချင်း သတ်ပစ်လိုက်လို့ရတယ်ဆိုတာ ယုံလား"

လီဟန်ကျုံးက အလွန် ထိတ်လန့်သွားပြီး လက်ကာခြေကာဖြင့် ကပျာကယာ ရှင်းပြလိုက်သည်။

"မဟုတ်ပါဘူး... မဟုတ်ရပါဘူး ခေါင်းဆောင်လင်း... ကျွန်တော် ရှင်းပြတာကို နားထောင်ပါဦး... ဒါက ကျွန်တော် ကိုယ်တိုင် ပြုလုပ်ထားတဲ့ ကိရိယာလေး တစ်ခုပါ... သူက အလွန်မြင့်မားတဲ့ လျှပ်စစ်သံလိုက် လှိုင်းတွေကို ထုတ်လွှတ်ပေးနိုင်ပြီး သက်ရှိတွေရဲ့ တွေးခေါ်နိုင်စွမ်းကို အတိုင်းအတာ တစ်ခုအထိ အနှောင့်အယှက် ပေးနိုင်ပါတယ်"

"ကျွန်တော့်ကို ယုံပါ... တကယ်ပါ... ဒါကို သင်္ဘောမှာ ရေဒါ ကိရိယာတွေအစား အသုံးပြုလို့ ရပါတယ်"

ခေါင်းဆောင်လင်းက သူ့ကို အားနှင့် တွန်းထုတ်လိုက်ပြီး ဆဲဆိုလိုက်သည်။

"သွားစမ်းပါ... သင်္ဘောသာ ရှိရင် ကျုပ်တို့က ဒီသောက်ကျိုးနည်း နေရာကနေ စောစောစီးစီး ထွက်သွားနိုင်နေပြီ... ထွက်သွားစမ်း"

လီဟန်ကျုံးက ချက်ချင်း ယိမ်းယိုင်သွားကာ လဲကျသွားပြီး သူ၏ မျက်လုံးထဲတွင် မျှော်လင့်ချက် ကင်းမဲ့နေသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

မိန်းမဖြစ်သူကို ကယ်တင်ရန်အတွက် သူက နောက်ဆုံး မျှော်လင့်ချက်ကို ဆုပ်ကိုင်ကာ သန္ဓေပြောင်း သတ္တဝါများနှင့် ပတ်သက်သော သူ၏ အောင်မြင်သည့် သုတေသနကို ထုတ်ယူလာပြီး မှောင်ခိုဈေးထဲသို့ ဝင်၍ ဆေးဝါးအချို့နှင့် လဲလှယ်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါ အားလုံးက အလကား ဖြစ်သွားပုံရသည်။

သူ့ရှေ့ရှိ ဤခေါင်းဆောင်လင်း ဆိုသူက သူ၏ သုတေသန ရလဒ်များကို အနည်းငယ်မျှ အထင်မကြီးပေ။

သူ၏ မျက်လုံးများ ရဲတက်လာခဲ့သည်။ သူ၏ မိန်းမဖြစ်သူက ဖျားနေသည်မှာ တစ်ညလုံး ရှိနေပြီ ဖြစ်ပြီး အကယ်၍ အဖျားကျဆေးသာ ထပ်မရှာနိုင်ပါက သူ၏ မိန်းမဖြစ်သူက တကယ်ပင် အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

"ခေါင်းဆောင်လင်း... တောင်းပန်ပါတယ်ဗျာ... ကျွန်တော့်ကို အခွင့်အရေး တစ်ကြိမ်လောက် ပေးပါ... ခင်ဗျားကို ကျွန်တော် သရုပ်ပြပါရစေ... ကျွန်တော့်ရဲ့ ဒီတီထွင်မှုက တကယ်ကို အသုံးဝင်ပါတယ်"

"သူက သန္ဓေပြောင်း စွမ်းအင်လှိုင်းတွေကို လျှပ်စစ်သံလိုက် လှိုင်းတွေအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်... ပင်လယ်ကူး သင်္ဘောတွေမှာ ရေဒါလိုမျိုး အသုံးပြုလို့ ရရုံတင်မကဘဲ ဒီသီအိုရီကို အခြေခံပြီး လျှပ်စစ်သံလိုက် လက်နက်တွေကိုပါ ဆက်လက် တီထွင်..."

"ဒုန်း"

တံခါးက တိုက်ရိုက် ပိတ်သွားခဲ့ပြီး အပြင်ဘက် တံခါးဝတွင် လူအနည်းငယ်သာ ကျန်ရစ်ခဲ့သည်။

ထိုလူများထဲတွင် တချို့က ဝင်ခွင့် ငြင်းပယ်ခံရသူများ ဖြစ်သည်။

အစကတည်းက ဤနေရာတွင် ရပ်နေပြီး မည်သည့် ပစ္စည်းကိုမျှ ထုတ်မပြဘဲ အရောင်းအဝယ် မလုပ်သူများလည်း ရှိသည်။

ဤနေရာက တတိယအဆင့် အဆောက်အအုံ (၉၂) ၏ မှောင်ခိုဈေးလေး တစ်ခု ဖြစ်ပြီး မှောင်ခိုဈေး ပိုင်ရှင်၏ အမည်ကို မည်သူမျှ မသိကြပေ။

ဤခေါင်းဆောင်လင်း ပြောသော အမချိုး ဆိုသူက ဤနေရာကို စီမံခန့်ခွဲသူ ဖြစ်ကြောင်းသာ သိကြသည်။

နေ့စဉ်နေ့တိုင်း နံနက်စောစောကတည်းက ဤနေရာတွင် လာစောင့်နေသူများ ရှိကြပြီး သူတို့ တန်ဖိုးရှိသည်ဟု ထင်သော ပစ္စည်းများကို ယူဆောင်ကာ ဝင်ရောက် အရောင်းအဝယ် ပြုလုပ်ကြသည်။

လီဟန်ကျုံးက ဤအဆောက်အအုံထဲတွင် ခိုအောင်းနေထိုင်လာခဲ့သည်မှာ ခြောက်လခန့် ရှိပြီ ဖြစ်သည်။

သူက မူလက ပထမအဆင့် အိမ်ရာမှ အိမ်ပိုင်ရှင် တစ်ယောက် ဖြစ်ပြီး ရေကြီးရေလျှံမှုက ရပ်တန့်သွားမည် မဟုတ်ကြောင်းကို အစောဆုံး ခံစားမိသူများထဲတွင် ပါဝင်ကာ မိန်းမဖြစ်သူကို ခေါ်ဆောင်၍ စတုတ္ထအဆင့်သို့ အစောဆုံး ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။

သူက တတိယအဆင့်တွင်ပင် မနေခဲ့ပေ။

စောစော ရောက်ရှိလာခဲ့သောကြောင့် သူက အစပိုင်းတွင် ဖြစ်ပွားခဲ့သော အပြင်းထန်ဆုံး အိမ်ပိုင်ရှင်များ၏ တိုက်ပွဲကို ရှောင်ကွင်းနိုင်ခဲ့သည်။

အရင်က သူနှင့် မိန်းမဖြစ်သူတို့က လူမရှိသော အခန်းတစ်ခန်းကို နေရာယူနိုင်ခဲ့သည်။

နောက်ပိုင်းတွင် ရေများ တက်လာပြီးနောက် လူများ ပိုမို များပြားလာကာ အခန်းများက ပို၍ နည်းပါးလာသဖြင့် သူတို့၏ အခန်းထဲသို့ လူများ ဝင်ရောက်လာပြီး သူတို့က နှင်ထုတ်ခံခဲ့ရသည်။

ထို့နောက် ရေအမှတ်က ဆက်လက် မြင့်တက်လာပြီး သူတို့၏ အခန်းလည်း ရေနစ်မြုပ်သွားခဲ့သည်။

ထို့ကြောင့် သူတို့က အပေါ်ထပ်များသို့ ဆက်လက် ပြောင်းရွှေ့ခဲ့ရသည်။

သို့သော် အပေါ်ထပ်တွင် သူတို့ နေထိုင်ရန် အခန်း မရှိသဖြင့် သူတို့က စင်္ကြံလမ်းများတွင်သာ နေထိုင်ခဲ့ရသည်။

လီဟန်ကျုံးနှင့် သူ၏ မိန်းမဖြစ်သူက အသက်ကြီးနေပြီ ဖြစ်ပြီး စင်္ကြံလမ်းထဲတွင် တိုးဝှေ့နေသော လူများက များပြားလွန်းလှသဖြင့် သူတို့ သက်ကြီးရွယ်အို နှစ်ယောက်က နေရာကောင်း တစ်ခုကိုပင် မလုနိုင်ဘဲ ရေပြင်နှင့် နီးကပ်သော နေရာတွင်သာ ကွေးကွေးလေး နေထိုင်ခဲ့ရသည်။

ဤနေရာက စိုထိုင်းဆ များပြားရုံသာမက ရေအောက်ရှိ သန္ဓေပြောင်း သတ္တဝါများ၏ ချောင်းမြောင်း တိုက်ခိုက်ခြင်းကိုလည်း အလွယ်တကူ ခံရနိုင်သည်။

ဤလအနည်းငယ်အတွင်း လီဟန်ကျုံးက ခဲယဉ်းစွာ အသက်ဆက်နေခဲ့ရသော်လည်း သူ၏ ဇနီးဖြစ်သူမှာမူ စိုထိုင်းသော ပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရသဖြင့် အဆစ်အမြစ် ရောင်ရမ်းသော ရောဂါ ပြန်လည် ဖောက်လာကာ နေ့စဉ်နှင့်အမျှ အလွန်အမင်း နာကျင်နေခဲ့ရသည်။

လီဟန်ကျုံးက အလွန် နာကျင်ဝမ်းနည်းနေခဲ့ပြီး လက်ရှိ အခြေအနေကို ပြောင်းလဲရန်အတွက် သူ၏ အကျပ်အတည်းကို ပြောင်းလဲနိုင်မည့် နည်းလမ်း တစ်ခုခုကို အမြဲတမ်း ရှာဖွေနေခဲ့သည်။

တစ်ကြိမ်တွင် သူက အခြားလူများနှင့်အတူ ငါးမျှားနေစဉ် မမျှော်လင့်ဘဲ သန္ဓေပြောင်း ခရုတစ်ကောင်ကို မျှားမိခဲ့သည်။

သူက ခရုကို အရောင်းအဝယ် လုပ်ရန် အပြင်သို့ မယူသွားဘဲ မိန်းမဖြစ်သူနှင့်အတူ ဟင်းလျာအဖြစ် ချက်ပြုတ်ကာ ဗိုက်ဖြည့်ရန် ရွေးချယ်ခဲ့သည်။

မမျှော်လင့်ဘဲ စားသောက်နေစဉ် သူက ထူးဆန်းသော ပုလဲတစ်လုံးကို မှားယွင်း စားမိသွားကာ ချက်ချင်းပင် အစွမ်းများ နိုးထလာခဲ့သည်။

သို့သော် ဤအစွမ်းက သူ့ကို အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းရည်များ ယူဆောင်မလာပေးဘဲ သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် ပို၍ ကျန်းမာလာစေပြီး ခွန်အားကို အနည်းငယ် ပို၍ ကြီးမားလာစေရုံသာ ဖြစ်သည်။

သို့သော် သူ၏ ဦးနှောက်ကမူ အရင်က မရှိဖူးလောက်အောင် သွက်လက်လာခဲ့ပြီး စိတ်စွမ်းအင်၏ တည်ရှိမှုကို သူ ခံစားမိလာခဲ့သည်။

ထို့နောက် သူ အဆက်မပြတ် စူးစမ်းရှာဖွေပြီးနောက်မှသာ သူ၏ အစွမ်းက အလွန် စွမ်းအားကြီးမားသော ဦးနှောက် တွက်ချက်မှု ဖြစ်ကြောင်း သူ သိရှိသွားခဲ့သည်။

သူက သူ၏ တစ်သက်တာလုံးတွင် ဖတ်မှတ်ခဲ့ဖူးသော ဗဟုသုတများ အားလုံးကို ပြန်လည် မှတ်မိနိုင်ရုံသာမက သူ၏ တွေးခေါ်နိုင်စွမ်း အရှိန်ကလည်း အရင်ကထက် များစွာ သာလွန်နေသည်။

သူက သူ၏ အစွမ်းကို စူပါဦးနှောက် ဟု အမည်ပေးလိုက်သည်။

ဤအစွမ်း၏ အထောက်အပံ့ဖြင့် သူက ရှင်သန်နိုင်မည့် နည်းလမ်းကို လျင်မြန်စွာ တွေးမိသွားခဲ့သည်။

ထိုအရာမှာ သန္ဓေပြောင်း သတ္တဝါများ၏ အရိုးများကို အသုံးပြုကာ လက်နက်အချို့ ပြုလုပ်ရန် ကြိုးစားပြီး (၂၇) လွှာရှိ မှောင်ခိုဈေးတွင် သွားရောက် ရောင်းချကာ ပစ္စည်းအချို့နှင့် လဲလှယ်ရန် ဖြစ်သည်။

ဆက်ရန်...

အပိုင်း(၃၄၂) ချိုးရင်ယွဲ့

လီဟန်ကျုံးက အလွန်ဗဟုသုတကြွယ်ဝသော ပညာတတ်တစ်ဦး ဖြစ်သည်။

သူ၏ အသိပညာ ဗဟုသုတများကလည်း အလွန် အံ့မခန်းဖွယ် ကောင်းလှ၏။

အစွမ်းရရှိလာပြီးနောက် ဤအစွမ်းက သူ့အား တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်နှင့် တိုက်ခိုက်ရေးစွမ်းရည်များကို ယူဆောင်လာပေးခြင်း မရှိကြောင်း သူ သိလိုက်ရသည်။

ထိုအစား သူ၏ ဦးနှောက်ကိုသာ ပိုမို အားကောင်းလာစေပြီး သူ့ကို ပို၍ ဉာဏ်ရည်ထက်မြက်လာစေခဲ့သည်။

ထို့ကြောင့် သူက မိမိ၏ လက်ရှိအခြေအနေကို သုံးသပ်ကြည့်ပြီးနောက် နောက်ဆုံးတွင် သူ၏ အသိပညာများကို အသုံးပြုကာ တီထွင်ဖန်တီးမှုအချို့ ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအရာများကို မှောင်ခိုဈေးကွက်တွင် သွားရောက်ရောင်းချပါက စားနပ်ရိက္ခာ (သို့မဟုတ်) ဆေးဝါးအချို့နှင့် လဲလှယ်နိုင်မည်ဟု တွေးထားခဲ့၏။

ထိုအချိန်မှစ၍ သူသည် မှောင်ခိုဈေးကွက်သို့ အဝင်အထွက်ရှိသူများကို စတင် သတိထားစောင့်ကြည့်ခဲ့ပြီး ၎င်းတို့ထံမှတစ်ဆင့် အစွမ်းပိုင်ရှင်များကြားရှိ သတင်းအချက်အလက်များကို တဖြည်းဖြည်း သိရှိလာခဲ့သည်။

ထိုအထဲတွင် သင်္ကေတအရိုးနှင့် စွမ်းအင်ကျောက်တုံး ကဲ့သို့သော အရာများနှင့် ပတ်သက်သည့် အသိပညာများလည်း ပါဝင်သည်။

မကြာမီမှာပင် သူ စိတ်ကူးတစ်ခု ရသွားခဲ့ပြီး အခြားအစွမ်းပိုင်ရှင်တစ်ဦးနှင့် စကားပြောဆိုနေစဉ်အတွင်း သင်္ကေတအရိုးတစ်ခုပေါ်ရှိ သင်္ကေတတစ်ခုကို မတော်တဆ မြင်တွေ့ခဲ့ရသည်။

သူက မိမိ၏ ထက်မြက်လှသော ဦးနှောက်စွမ်းရည်ကို အားကိုးကာ ထိုသင်္ကေတ၏ ပုံပန်းသဏ္ဍာန်ကို ချက်ချင်း အလွတ်ကျက်မှတ်လိုက်သည်။

ထို့နောက် တဲထဲသို့ အမြန်ပြန်လာကာ သန္ဓေပြောင်း ခရုခွံတစ်ခုကို အသုံးပြု၍ ထိုသင်္ကေတကို စတင် ပုံတူကူးချတော့သည်။

သင်္ကေတများကို ပုံတူကူးချခြင်းက အလွန်ခက်ခဲသော ကိစ္စတစ်ရပ် ဖြစ်သည်။

သူ့တွင် စူပါဦးနှောက် အစွမ်း ရှိနေသော်ငြားလည်း သူ ပုံတူကူးချပြီးသွားချိန်၌ နှာခေါင်းသွေးများ ယိုစီးကာ မျက်စိထဲတွင် ကြယ်လများ မြင်သွားပြီး စိတ်စွမ်းအင်များ ခန်းခြောက်သွားကာ ထိုနေရာတွင်ပင် သေဆုံးလုနီးပါး ဖြစ်သွားခဲ့ရသည်။

သုံးရက်တိတိ ကြာပြီးနောက် သူ၏ ဇနီးအိုကြီး၏ ပြုစုစောင့်ရှောက်မှုအောက်တွင်မှ သူ တဖြည်းဖြည်း ပြန်လည် နာလန်ထူလာခဲ့သည်။

ထို့နောက် သူက သူ၏ လက်ရာကို ပြန်လည် စစ်ဆေးကြည့်လိုက်၏။

သူက သူ၏ သန္ဓေပြောင်းစွမ်းအင်ကို ခရုခွံထဲသို့ စီးဝင်စေလိုက်သောအခါ ထိုသင်္ကေတသည် ချက်ချင်း လင်းလက်သွားလေသည်။

သို့သော် သင်္ကေတ လင်းလက်လာသော်လည်း ခရုခွံမှာမူ မည်သည့် ထူးခြားမှုမျှ မရှိပေ။

ယင်းက လီဟန်ကျုံးကို အလွန် နားလည်ရခက်စေခဲ့ပြီး အကြိမ်ကြိမ် စမ်းသပ်ကြည့်ပြီးနောက် သူသည် ဤသင်္ကေတ၏ မှန်ကန်သော အသုံးပြုပုံကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိသွားခဲ့သည်။

ဤသင်္ကေတသည် လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှတ်သည့် သင်္ကေတတစ်ခု ဖြစ်၏။

သူက သန္ဓေပြောင်းစွမ်းအင်ကို ၎င်းအတွင်းသို့ ထည့်သွင်းလိုက်သောအခါ သင်္ကေတသည် အစွမ်းလှိုင်းကို လျှပ်စစ်သံလိုက်လှိုင်းအဖြစ်သို့ ပြောင်းလဲပေးပြီး လျှပ်စစ်သံလိုက်လှိုင်း ရိုက်ခတ်မှုတစ်ရပ်ကို ဖြစ်ပေါ်စေသည်။

လျှပ်စစ်သံလိုက်လှိုင်း၏ ပမာဏသည် ထည့်သွင်းလိုက်သော သန္ဓေပြောင်းစွမ်းအင် အနည်းအများပေါ် မူတည်၍ ပြောင်းလဲသွားနိုင်သည်။

ဤသင်္ကေတ၏ အထောက်အပံ့ဖြင့် သန္ဓေပြောင်းစွမ်းအင်သည် လျှပ်စစ်သံလိုက်လှိုင်း အသွင်ဖြင့် ထုတ်လွှတ်နိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။

သို့သော် ဤလျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှတ်သည့် သင်္ကေတတွင် သိသာထင်ရှားသော တိုက်ခိုက်နိုင်စွမ်း မရှိပေ။

ကြည့်ရသည်မှာ သိပ်ပြီး အသုံးဝင်ပုံ မပေါ်ချေ။

ယင်းက လီဟန်ကျုံးကို နောက်တစ်ကြိမ် ခေါင်းကိုက်စေပြန်သည်။

ဤကဲ့သို့သော လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှတ်သည့် ခရုခွံသည် လက်နက်တစ်ခုအဖြစ်ပင် သတ်မှတ်၍ မရနိုင်ရာ မည်သည့် တန်ဖိုး ရှိပါမည်နည်း။

ဤလျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှတ်သည့် ခရုခွံကို မည်သည့်အခြေအနေများတွင် အသုံးပြုနိုင်မည်နည်းဆိုသည်ကို သိရှိရန် သူ အကြိမ်ကြိမ် စမ်းသပ်ကြည့်ခဲ့သည်။

ထိုအခါ လျှပ်စစ်သံလိုက်လှိုင်းသည် သက်ရှိများ၏ ဦးနှောက်အပေါ် အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးမှုရှိနေကြောင်း မထင်မှတ်ဘဲ သူ တွေ့ရှိသွားခဲ့သည်။

သူက ငါးမျှား၍ရလာသော သန္ဓေပြောင်း ငါးတစ်ကောင်ကို ခရုခွံအောက်တွင်ထားကာ ထိုသန္ဓေပြောင်းငါးထံသို့ လျှပ်စစ်သံလိုက်လှိုင်းများကို အကြိမ်ကြိမ် ထုတ်လွှတ်ကြည့်လိုက်သောအခါ။

ဤသန္ဓေပြောင်းငါးသည် ပုံမှန်မဟုတ်ဘဲ ရူးသွပ်ကြမ်းတမ်းလာကာ ပလပ်စတစ်ပုံးကို အရူးအမူး ဝင်တိုက်တော့သည်။

ပလပ်စတစ်ပုံးထဲမှပင် ခုန်ထွက်လာပြီး ကြမ်းပြင်ပေါ်တွင် အရူးအမူး ခုန်ပေါက်နေခဲ့သည်။

လီဟန်ကျုံးသည် ဤတွေ့ရှိချက်ကို ရရှိသွားပြီးနောက် ချက်ချင်းပင် ဝမ်းသာလုံးဆို့သွားတော့သည်။

ယင်းက လျှပ်စစ်သံလိုက်လှိုင်း ခရုခွံသည် အသုံးဝင်ကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူက ကိစ္စတစ်ခုကို ချက်ချင်း အတည်ပြုနိုင်ခဲ့သည်... ယင်းမှာ သက်ရှိများ၏ ဦးနှောက်မှ ထုတ်လွှတ်သော ဦးနှောက်လှိုင်းများသည် လျှပ်စစ်သံလိုက်လှိုင်း အမျိုးအစားတစ်ခု ဖြစ်နိုင်ခြေ အလွန်များပြားကြောင်းပင်။

ဤအချက်ကို ကပ်ဘေးမတိုင်မီက သိပ္ပံနယ်ပယ် အများအပြားတွင် လက်ခံထားခြင်း မရှိခဲ့ပေ။

သိပ္ပံပညာရှင် အများစုက ဦးနှောက်လှိုင်းသည် အလွန် အားနည်းသော ဇီဝလျှပ်စီးကြောင်း တစ်မျိုးသာ ဖြစ်ပြီး လျှပ်စစ်သံလိုက်လှိုင်းအဖြစ် သတ်မှတ်၍ မရနိုင်ဟု ယူဆထားကြသည်။

လီဟန်ကျုံးကမူ အကယ်၍ ကပ်ဘေးမတိုင်မီကသာ ဆိုလျှင် ဤလျှပ်စစ်သံလိုက်လှိုင်း ခရုခွံကို အားကိုးကာ ဇီဝသိပ္ပံနယ်ပယ်သို့ ဝင်ရောက်နိုင်ပြီး နိုဘယ်ဆုကိုပင် ဆွတ်ခူးနိုင်လိမ့်မည်ဟု တွေးလိုက်မိသည်။

ထိုအချိန်မှာပင် သူသည် အကြောင်းအရာများစွာကို တွေးတောမိသွား၏။

လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှတ်သည့် သင်္ကေတသည် အမှန်တကယ်တွင် ဦးနှောက်လှိုင်းကို လွှမ်းမိုးနိုင်ရုံမျှမက အခြားသော အရာများကိုလည်း များစွာ လုပ်ဆောင်နိုင်စွမ်း ရှိသည်။

ထို့အပြင် နယ်ပယ်များစွာတွင်လည်း အသုံးချနိုင်သည်။

ဥပမာအားဖြင့် သူ အကျွမ်းကျင်ဆုံးဖြစ်သော သင်္ဘောတည်ဆောက်ရေး နယ်ပယ်တွင် ရေဒါ၏ အဓိက အလုပ်လုပ်ပုံမှာ လျှပ်စစ်သံလိုက်လှိုင်းများ ထုတ်လွှတ်ပြီးနောက် အရာဝတ္ထုများနှင့် ထိတွေ့ကာ ရောင်ပြန်ဟပ်မှု ဖြစ်ပေါ်လာပြီး ရေဒါလက်ခံစက်က ထိုရောင်ပြန်လှိုင်းကို လက်ခံရယူကာ အချက်ပြခွဲခြမ်းစိတ်ဖြာစက်မှတစ်ဆင့် ခွဲခြမ်းစိတ်ဖြာ၍ ရုပ်ပုံတစ်ခုအဖြစ် ဖန်တီးပေးခြင်း ဖြစ်သည်။

သေချာသည်မှာ လျှပ်စစ်သံလိုက်လှိုင်းများတွင် အမျိုးအစားများစွာ ရှိပြီး ရေဒါ၏ လျှပ်စစ်သံလိုက်လှိုင်းမှာ အမှန်တကယ်တွင် လှိုင်းတိုများ ဖြစ်ကာ ၎င်း၏ လှိုင်းကြိမ်နှုန်းမှာ ၃၀၀မက်ဂါဟက် မှ ၃၀၀ဂစ်ဂါဟက် ကြားတွင် ရှိသည်။

လောလောဆယ်တွင်မူ လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှတ်သည့် သင်္ကေတမှ ထွက်ပေါ်လာသော လျှပ်စစ်သံလိုက်လှိုင်းသည် မည်သည့် လှိုင်းကြိမ်နှုန်း အမျိုးအစားတွင် ပါဝင်သည်ကို လီဟန်ကျုံး အတိအကျ ခွဲခြားနိုင်စွမ်း မရှိသေးပေ။

သို့သော် ယင်းက သူ၏ လက်ထဲရှိ ဤလျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှတ်သည့် သင်္ကေတကို မည်သည့်နေရာများတွင် အသုံးပြုနိုင်မည်ဆိုသည့် သူ၏ စိတ်ကူးယဉ်မှုများကို တားဆီးနိုင်ခြင်း မရှိခဲ့ချေ။

ထို့ကြောင့် ယနေ့တွင် သူသည် စိတ်လှုပ်ရှားမှုနှင့် သတိထားမှုတို့ ရောယှက်နေသော စိတ်ခံစားချက်ဖြင့် အမှတ် (၂၇၀၆) မှောင်ခိုဈေးကွက်သို့ ရောက်လာခဲ့ပြီး သူ၏ ဤသုတေသန ရလဒ်ဖြင့် သူ၏ ဇနီးအိုကြီး၏ အဆစ်အမြစ်ရောင်ရောဂါကို ကုသပေးရန်အတွက် ဆေးဝါးအချို့နှင့် လဲလှယ်လိုခဲ့ခြင်း ဖြစ်သည်။

ဖြစ်နိုင်မည်ဆိုလျှင် သူသည် အပေါ်ဆုံးထပ် (သို့မဟုတ်) အပေါ်ဆုံးထပ်၏ အောက်ထပ်တွင် နေထိုင်ခွင့်ကိုလည်း ရရှိလိုသေးသည်။

ရေပြင်နှင့် ဝေးကွာပြီး ထိုမျှလောက် မစိုစွတ်သော နေရာမျိုး ဖြစ်လျှင် အကောင်းဆုံးပင်။

စိတ်ကူးကတော့ လှပလွန်းလှသော်လည်း လက်တွေ့မှာမူ အလွန် ကြမ်းတမ်းလှ၏။

မှောင်ခိုဈေးကွက်မှ လူများက ပစ္စည်း၏ တန်ဖိုးကို လုံးဝ နားမလည်ကြလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။

သူ့လက်ထဲရှိ လျှပ်စစ်သံလိုက်လှိုင်း ခရုခွံကိုပင် လုံးဝ မယုံကြည်ကြချေ။

သူ့ကို အပြင်ဘက်သို့ပင် တိုက်ရိုက် ကန်ထုတ်ပစ်ခဲ့ကြသည်။

လီဟန်ကျုံးသည် မျက်နှာတစ်ခုလုံး နီမြန်းသွားကာ ဒေါသထွက်နေမှုနှင့်အတူ ကြောက်ရွံ့မှု အနည်းငယ်လည်း ရောနှောနေခဲ့သည်။

ဒီတစ်ကြိမ် ဆေးဝါးများ မလဲလှယ်နိုင်ခဲ့လျှင် သူ၏ ဇနီးအိုကြီး မည်မျှကြာကြာ တောင့်ခံနိုင်မည်ကို သူ မသိပေ။

ထိုအချိန်မှာပင် အနီးအနားတွင် ရှေ့ထွက်၍ စကားမပြောဘဲ နေနေကြသော ရုပ်ပျက်ဆင်းပျက် အမျိုးသားအချို့က လီဟန်ကျုံးထံသို့ အကြည့်များ ရောက်ရှိလာကြသည်။

"အဘိုးကြီး... ခင်ဗျားလက်ထဲက ခရုခွံက ဘာလုပ်လို့ရတာလဲ"

"လျှပ်စစ်သံလိုက်လှိုင်း ခရုခွံဟုတ်လား... အဲ့လိုခေါ်တာလား... ကျုပ်ကို ပြကြည့်စမ်း"

သူတို့အထဲမှ တစ်ယောက်က တိုက်ရိုက် လျှောက်လာပြီး လီဟန်ကျုံးလက်ထဲရှိ ခရုခွံကို အတင်း လုယူရန် လက်လှမ်းလိုက်သည်။

လီဟန်ကျုံးက ချက်ချင်း ထိတ်လန့်သွားကာ အလျင်အမြန် အော်ဟစ်လိုက်သည် "မလုပ်ပါနဲ့... မလုပ်ပါနဲ့... ဒါ ကျုပ်ဟာပါ... ကျုပ် အတော်လေးကို အားထုတ်ပြီးမှ လုပ်ထားရတာပါ... ခင်ဗျားတို့ ဒီလို မလုပ်သင့်ပါဘူးဗျာ..."

သူ၏ မျက်နှာကို လက်သီးဖြင့် တစ်ချက် အထိုးခံလိုက်ရကာ ချက်ချင်း အော်ဟစ်ညည်းတွားရင်း မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ထိုခရုခွံမှာမူ တိုက်ရိုက်ပင် အလုခံလိုက်ရလေသည်။

ထိုသူသည်လည်း အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်ကြောင်း ထင်ရှားနေပြီး ခွန်အားအမျိုးအစား ဖြစ်၏။

လီဟန်ကျုံးသည် လုံးဝ ပြိုင်ဘက် မဟုတ်ဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် ခရုခွံကို အလုခံလိုက်ရသည်။

ထိုခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်သည် ခရုခွံကို ကိုင်ကာ အကျွမ်းတဝင်ရှိစွာပင် သန္ဓေပြောင်းစွမ်းအင်များကို ခရုခွံထဲသို့ စီးဝင်စေလိုက်သည်။

ချက်ချင်းပင် ခရုခွံ မျက်နှာပြင်ပေါ်ရှိ သင်္ကေတများက အနည်းငယ် လင်းလက်လာသည်။

သာမန်မျက်စိဖြင့် မမြင်နိုင်သော လှိုင်းဂယက်တစ်ခု ပျံ့နှံ့ထွက်ပေါ်လာ၏။

သို့သော် ထိုခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်က မျက်ခုံးပင့်လိုက်ပြီး သူ မည်သည့် ခံစားချက်ကိုမျှ မရရှိခဲ့ပေ။

"အပေါ်က သင်္ကေတကို တကယ်ပဲ အသက်သွင်းလို့ ရတာပဲ... ဒါပေမဲ့ နည်းနည်းလေးတောင် တိုက်ခိုက်နိုင်စွမ်း ရှိတဲ့ပုံမပေါ်ဘူး"

ဘေးမှ အခြားတစ်ယောက်က ဝင်ပြောလိုက်သည် "တိုက်ခိုက်နိုင်စွမ်း မရှိဘူးဆိုမှတော့ ဒါက အမှိုက်ပဲ မဟုတ်ဘူးလား"

ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်က ထိုစကားကို ကြားသောအခါ ခေါင်းခါမ်းလိုက်မိသည် "သောက်ကျိုးနည်း... သေချင်နေတဲ့ အဘိုးကြီးပဲ... ဒီလို အမှိုက်မျိုးကို မှောင်ခိုဈေးကွက်မှာ လာပြီး လိမ်ရောင်းရဲတယ်လို့... လင်းဝူက စကားပြောလို့ ကောင်းသေးတယ်... ချင်ဇီဟန်သာဆိုရင် ဒီအဘိုးကြီးကို သတ်တောင် သတ်ပစ်လောက်တယ်"

ထိုသို့ ပြောရင်း သူက လက်ကို ဝှေ့ယမ်းကာ ခရုခွံကို စင်္ကြံလမ်း အပြင်ဘက်သို့ တိုက်ရိုက် ပစ်ချလိုက်သည်။

မြေပြင်ပေါ်ရှိ လီဟန်ကျုံးသည် ချက်ချင်း မျက်ရည်ဝဲသွားကာ အော်ဟစ်လိုက်သည် "မလုပ်ပါနဲ့..."

သို့သော် သူသည် 'စူပါဦးနှောက်' အစွမ်းပိုင်ရှင်သာ ဖြစ်ပြီး ခန္ဓာကိုယ်ပိုင်းဆိုင်ရာ တိုးတက်မှုမှာ များစွာ မရှိလှပေ။

ထိုခရုခွံကို သူ မည်သို့ တားဆီးနိုင်ပါမည်နည်း။

သူက စင်္ကြံလမ်း ဘေးသို့ ပြေးသွားလိုက်ပြီး ထိုခရုခွံ အောက်ဘက်ရှိ ရေကြီးနေသော ရေပြင်ထဲသို့ ပလုံခနဲ ကျသွားသည်ကို မျက်လုံးပြူးကာ ကြည့်နေခဲ့ရသည်။

ချက်ချင်းပင် သူ၏ မျက်ရည်များ စီးကျလာကာ ရှိုက်ငင်ရင်း ပြောလိုက်သည် "မင်းတို့... မင်းတို့က ဘယ်လိုလုပ် ဒီလို လုပ်ရက်ရတာလဲ... ငါ့ရဲ့ သုတေသန... ငါ့ရဲ့ တီထွင်မှု... အဲ့ဒါက ငါ့ရဲ့ သွေးချွေးတွေပါကွာ..."

"ရူးနေတာပဲ"

ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်က ဆဲရေးတိုင်းထွာလိုက်ပြီး ခေါင်းခါကာ ထိုနေရာမှ ထွက်ခွာသွားသည်။

အခြားသူများလည်း တဟားဟား ရယ်မောရင်း ထိုနေရာမှ ထွက်သွားကြ၏။

စင်္ကြံလမ်းထဲတွင် အစွမ်းပိုင်ရှင် အချို့က လီဟန်ကျုံးကို သနားစရာအဖြစ် တစ်ချက်ကြည့်လိုက်ကြပြီး သုတ်သုတ်ပျာပျာ ထွက်ခွာသွားကြလေသည်။

အခန်း (၂၇၀၆) ထဲတွင် လက်ထဲ၌ ပစ္စည်းရှိသူအချို့က စတင်၍ အရောင်းအဝယ် ပြုလုပ်နေကြသည်။

အိပ်ခန်းဘက်တွင်မူ အနက်ရောင် သားရေအင်္ကျီ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ပြတင်းပေါက်တွင် မှီရပ်နေ၏။

သူမသည် သွယ်လျသော ခန္ဓာကိုယ်၊ သေးသွယ်သော ခါးနှင့် ကြွရွနေသော တင်တို့ ရှိပြီး အနက်ရောင် ဆံပင်ရှည်များကို ပခုံးပေါ်တွင် ဖြန့်ချထားကာ လည်ပင်းရှိ အသားအရေမှာ နှင်းဆီပွင့်ဖတ်အလား ဖြူဖွေးနူးညံ့နေသည်။

သူမ၏ လက်ထဲတွင် စီးကရက်တစ်လိပ်ကို ကိုင်ထားပြီး အနီရောင်တောက်နေသော စီးကရက်မီးခိုးက လင်းလိုက် မှိန်လိုက် ဖြစ်နေသည်။

လင်းဝူက ဝင်လာပြီး အစီရင်ခံလိုက်သည် "အမချိုး... အရောင်းအဝယ် စတင်နေပါပြီ"

"ပစ္စည်းကောင်းတစ်ခုခု ပါသေးလား"

ချိုးရင်ယွဲ့က တည်ငြိမ်သော အသံဖြင့် မေးလိုက်သည်။

သူမ၏ အသံမှာ အလွန် ထူးခြားပြီး အနည်းငယ် အက်ရှကာ အနည်းငယ် ဩရှရှဖြစ်နေပြီး ဆွဲဆောင်မှု တစ်မျိုး ရှိနေ၏။

လင်းဝူက ခေါင်းခါရင်း ပြောလိုက်သည် "ဘာပစ္စည်းကောင်းမှ မပါပါဘူး... ဒါပေမဲ့ လူတချို့က စွမ်းအင်ကျောက်တုံးတွေ ယူလာကြတယ်... ဒါပေမဲ့ အရည်အသွေးကို ကျွန်တော် ကြည့်လိုက်တော့ သိပ်မသန့်စင်ဘူး"

ချိုးရင်ယွဲ့က ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး အကြည့်များ အနည်းငယ် တည်သွားကာ ပြောလိုက်သည် "မသန့်စင်လည်း ယူထားလိုက်ပါ... ငါတို့မှာ အချိန်သိပ်မရှိတော့ဘူး... ဒီအဆောက်အအုံက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ မသိရဘူးလေ... ငါတို့ ရိက္ခာတွေလုံလုံလောက်လောက် စုဆောင်းပြီး မြူခိုးမြို့တော်ကို သွားရမယ်"

"ဒီတစ်ကြိမ်တော့ ငါတို့ မြူခိုးမြို့တော်မှာ အခြေချနိုင်ပြီး မြို့ထဲဝင်ခွင့် ရမယ်လို့ မျှော်လင့်ရတာပဲ"

လင်းဝူ၏ မျက်လုံးများတွင်လည်း လိုလားတောင့်တမှု တစ်ရပ် ပေါ်ထွက်လာပြီး ပြောလိုက်သည် "ဟုတ်ကဲ့ပါ အမချိုး"

ချိုးရင်ယွဲ့က ဘာမျှ ဆက်မပြောတော့ဘဲ လင်းဝူလည်း အလိုက်တသိဖြင့် အခန်းထဲမှ ထွက်သွားလေသည်။

မှောင်မိုက်နေသော အခန်းထဲတွင် လူရိပ်တစ်ခု ပေါ်ထွက်လာ၏။

ချင်ဇီဟန်က မေးလိုက်သည် "အမချိုး... တကယ်ပဲ ဆုံးဖြတ်လိုက်ပြီလား... ကျွန်တော်တို့က မြူခိုးမြို့တော် အကြောင်းကို ကောင်းကောင်းမှ နားမလည်တာ"

ချိုးရင်ယွဲ့က လှည့်မကြည့်ပေ... သူမက သူ အခန်းထဲတွင် ရှိနေသည်ကို စောစောကတည်းက သိနေပုံရသည်။

"ငါ့အဖေ ကိုယ်တိုင်ရေးတဲ့စာကို ငါ မမှတ်မိဘဲ နေမလား... သူက မြူခိုးမြို့တော် အကြောင်း ငါ့ကို သေချာရေးပြထားတယ်... အခု ငါတို့မှာ ရွေးချယ်စရာ တခြားလမ်းမှ မရှိတော့တာ"

"ပြီးခဲ့တဲ့တစ်ခေါက် လင်ကျောင်းတက္ကသိုလ်က သင်္ဘောတွေကို သွားလုတာ မအောင်မြင်တော့ ငါတို့ မြူခိုးမြို့တော်ကို သွားပြီး ခြေချစရာ နေရာရှာဖို့ပဲ ရှိတော့တယ်"

ချင်ဇီဟန်က မနေနိုင်ဘဲ ပြောလိုက်သည် "ဒါပေမဲ့ ဒီနှစ်လအတွင်း ဦးလေးချိုးက ရိက္ခာတွေနဲ့ စွမ်းအင်ကျောက်တုံးတွေကို တောက်လျှောက် တောင်းနေပေမဲ့... သူ့ကိုမြူခိုးမြို့တော်ရဲ့ ဘယ်နေရာမှာ လာရှာရမယ်ဆိုမျိုး တစ်ခွန်းမှ မပြောခဲ့ဘူး... ဒီစာတွေထဲက အကြောင်းအရာတွေက ဦးလေးချိုး တကယ်ရေးချင်တဲ့ အရာတွေ ဟုတ်ချင်မှ ဟုတ်မယ်လို့ ကျွန်တော် စိုးရိမ်မိတယ်"

ချိုးရင်ယွဲ့က ထိုစကားကို ကြားသောအခါမှ နောက်သို့ လှည့်ကြည့်လာသည်။

သူမ၏ မျက်နှာသွင်ပြင်က အလွန်လှပပြီး အနောက်တိုင်းသားများ၏ ထင်ရှားပြတ်သားသော အလှမျိုး ရှိ၏။

မျက်ဝန်းများက ကြည်လင်တောက်ပကာ နှာတံက စင်းနေသည်။ နဖူးပြင်က ပြည့်ဖြိုးပြီး နှုတ်ခမ်းအစုံက ရေစိုနေသကဲ့သို့ နီမြန်းနေ၏။

သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများက ပို၍ပင် လှပလွန်းလှပြီး သားရေအင်္ကျီ အောက်ရှိ ကောက်ကြောင်းများက အလွန် ဆွဲဆောင်မှု ရှိလှသည်။

သူမ၏ မျက်ခုံးနှစ်ခုကြားတွင် ခရမ်းရောင် လျှပ်စီး သင်္ကေတတစ်ခု ရှိနေပြီး တက်တူးလား အခြားအရာလား ဆိုသည်ကိုတော့ မသိရပေ။

သဘာဝကျကျ စဉ်းစားကြည့်မည်ဆိုလျှင် မည်သူကမျှ မျက်ခုံးနှစ်ခုကြားတွင် တက်တူး ထိုးကြမည် မဟုတ်ပေ။

ချိုးရင်ယွဲ့၏ အသံက အနည်းငယ် အက်ရှနေပြီး သူမ၏ အကြည့်များက အေးစက်နေသည် "ဒါဆိုရင် ငါက ပိုပြီးတော့တောင် သွားရမှာပေါ့... အကယ်လို့ ငါ့အဖေက တစ်ယောက်ယောက်ရဲ့ အကျပ်ကိုင်မှုကြောင့် ဒီစာတွေကို ရေးခဲ့ရတာ ဆိုရင် သူ့ရဲ့ အခြေအနေက အတော်လေး ဆိုးရွားနေတယ်ဆိုတာ သေချာသွားပြီ"

"ငါ သူ့ကို အမြန်ဆုံး သွားကယ်ရမယ်... ပြီးတော့ အစတုန်းက သူနဲ့အတူတူ မြူခိုးမြို့တော်ထဲကို ဝင်သွားခဲ့တဲ့ လူတွေကိုရောပဲ"

ချင်ဇီဟန်က ပါးစပ်ဟလိုက်သော်လည်း ဘာမှ ဆက်မပြောနိုင်တော့ချေ။

နောက်ဆုံးတွင် သူက သက်ပြင်းတစ်ချက်ချကာ တိုးတိုးလေး ပြောလိုက်သည် "ဒါပေမဲ့ ကျွန်တော်တို့ လူအင်အားက အစတုန်းက ဦးလေးချိုး ခေါ်သွားတဲ့ အဖွဲ့လောက်တောင် မရှိဘူးလေ"

"တကယ်လို့ ဦးလေးချိုးတို့တောင် အဲ့ဒီအထဲမှာ ဒုက္ခရောက်နေတယ် ဆိုရင်... ကျွန်တော်တို့ သွားလည်း ဘာထူးမှာလဲ"

ချိုးရင်ယွဲ့က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည် "လူများတိုင်းလည်း အသုံးဝင်တာမှ မဟုတ်တာ... တစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်ကိုပဲ ကြည့်ရမှာ"

"အခု ငါ့ရဲ့ အလျင် အရည်အသွေးနဲ့ဆိုရင် ဘယ်နေရာကိုမဆို အလွယ်တကူ သွားလာနိုင်နေပြီ... ငါ့ကို တားနိုင်တဲ့လူ ရှိရင် ရှိလိမ့်မယ်... ဒါပေမဲ့ အများကြီးတော့ မရှိနိုင်ဘူး"

ဤသည်မှာ သူမ၏ ကိုယ်ပိုင်စွမ်းအားအပေါ် ယုံကြည်မှုပင် ဖြစ်သည်။

သူမ၏ အလျင် အရည်အသွေးသည် လျှပ်စီး၏ အထောက်အပံ့ဖြင့် အမှတ် (၅၀) အထိ ရောက်ရှိနေပြီ ဖြစ်၏။

အမှတ် (၅၀) သည် အကန့်အသတ်တစ်ခု ဖြစ်နေပြီဖြစ်ကြောင်း သူမ ခံစားမိနေပြီး လျှပ်စီးစွမ်းအင်ကို မည်မျှပင် ထုတ်ယူသုံးစွဲစေကာမူ ဤကန့်သတ်ချက်ကို ကျော်လွန်နိုင်ခြင်း မရှိတော့ပေ။

ဤသည်မှာလည်း သူမ ဆက်ပြီး အချိန်ဖြုန်းကာ မစောင့်ဆိုင်းလိုတော့သည့် အကြောင်းရင်းပင် ဖြစ်သည်။

မြူခိုးမြို့တော်တွင် အန္တရာယ်များ ရှိနိုင်သော်လည်း သူမအတွက်မူ အခွင့်အရေး တစ်ရပ်လည်း ဖြစ်လာနိုင်ပေသည်။

ချင်ဇီဟန်သည် သူမ၏ ပြတ်သားသော မျက်နှာထားကို မြင်သောအခါ သက်ပြင်းတစ်ချက်ချကာ အရိပ်ထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ချိုးရင်ယွဲ့က ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်ပြီး အပြင်ဘက်ရှိ မိုးရေပြင်ကို ကြည့်လိုက်ကာ ထို့နောက် ဓာတ်ပုံတစ်ပုံကို ထုတ်ယူလိုက်ပြီး ဓာတ်ပုံထဲရှိ မြင်ကွင်းကို ကြည့်ရင်း သူမ၏ အတွေးများက လွင့်မျောသွားလေသည်။

သူမ၏ ဖခင်ဖြစ်သူ ချိုးကုံရုံသည် ရေကြီးမှု စတင်ချိန်ကတည်းက လျှပ်စီးသန္ဓေပြောင်းစွမ်းအင်ကို နိုးထလာခဲ့ပြီး ဖြစ်သည်။

ထိုအစွမ်း၏ အကူအညီဖြင့် ဖခင်ဖြစ်သူ ချိုးကုံရုံသည် အလွန်လျင်မြန်စွာပင် ထင်ပေါ်ကျော်ကြားလာခဲ့ပြီး ထိုစဉ်က သောင်းကျန်းနေသော အပိုင်း (၄) အိမ်ရာမှ အစွမ်းထက်သည့် အစွမ်းပိုင်ရှင်အချို့ကို အနိုင်ယူကာ ဤအဆောက်အအုံ၏ အာဏာကို သိမ်းပိုက်နိုင်ခဲ့သည်။

သူမကိုယ်တိုင်လည်း သူ၏ လွှမ်းမိုးမှုအောက်တွင် လျှပ်စီးအစွမ်းကို တဖြည်းဖြည်း နိုးထလာခဲ့သည်။

တစ်ကြိမ်တွင် ရိက္ခာရှာဖွေရန် အပြင်ထွက်သွားရာမှ ဖခင်ဖြစ်သူသည် ပြန်မလာတော့ပေ။

ထိုအချိန်က အဆောက်အအုံ တစ်ခုလုံးရှိ လူများအားလုံး ထိတ်လန့်တုန်လှုပ်နေကြပြီး လူအတော်များများက ဖခင်ဖြစ်သူ၏ အာဏာကို ဖြုတ်ချရန် ကြံစည်လာကြသည်။

သူမကိုယ်တိုင် ရှေ့ထွက်ရပ်ကာ သူမ၏ လျှပ်စီးအစွမ်းကို ထုတ်ဖော်ပြသခဲ့ရ၏။

ထို့အပြင် ဖခင်ဖြစ်သူ ချန်ထားခဲ့သော သင်္ကေတနည်းပညာနှင့် စွမ်းအင်ကျောက်တုံးများကို အသုံးပြု၍ လူအင်အား တစ်စုကို စုဆောင်းကာ အဆောက်အအုံကို ထိန်းချုပ်နိုင်ခဲ့သည်။

လီရွှေဥယျာဉ် အပိုင်း (၄) ရှိ အခြားသော အဆောက်အအုံ အချို့၏ ထိန်းချုပ်ခွင့်ကို လက်လွှတ်ခဲ့ရသော်လည်း ဤအဆောက်အအုံကမူ သူမ၏ လက်ထဲတွင် ရှိနေဆဲပင် ဖြစ်သည်။

ထို့နောက် သူမက ဖခင်ဖြစ်သူ၏ သတင်းကို စုံစမ်းရန် လူများကို အဆက်မပြတ် စေလွှတ်ခဲ့သည်။

ဖခင်ဖြစ်သူ၏ သဲလွန်စကို မရှာဖွေနိုင်ခဲ့သော်လည်း အနီးအနားရှိ လင်ကျောင်းတက္ကသိုလ်တွင် အသုံးပြု၍ရနိုင်သော သင်္ဘောများ ရှိနေသေးကြောင်းကို မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိခဲ့သည်။

ထို့နောက် သူမက လင်ကျောင်းတက္ကသိုလ်ရှိ သင်္ဘောများကို သိမ်းပိုက်ရန် ချက်ချင်း ဆုံးဖြတ်ခဲ့သော်လည်း လူ၏ အကြံအစည်သည် ကံကြမ္မာကို မလွန်ဆန်နိုင်ခဲ့ပေ။

သူမ ဤစိတ်ကူးကို ရရှိလိုက်ချိန်မှာပင် အခြားသော လူအုပ်စု အတော်များများကလည်း ထိုသင်္ဘောများကို မျက်စိကျနေကြကြောင်း တွေ့ရှိလိုက်ရသည်။

ထိုသင်္ဘော လုယူပွဲတွင် သူမသည် အခြားသော အစွမ်းထက်သည့် အစွမ်းပိုင်ရှင်များကို တွေ့မြင်ခဲ့ရသည်။

သူမ ခေါ်သွားသော လူအများအပြားမှာလည်း ရေလှိုင်းလုံးကြီးများကြားတွင် ရက်စက်စွာ သေဆုံးခဲ့ကြရ၏။

သူမ တစ်ယောက်တည်းသာ လျှပ်စီးအစွမ်းကို အားကိုး၍ အလွန် မြန်ဆန်သော အလျင်ဖြင့် ထိုနေရာမှ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့သည်။

ဤသင်္ဘော လုယူပွဲတွင် သူမသည် ဘာမျှမရဘဲ လက်ဗလာဖြင့် ပြန်လာခဲ့ရရုံသာမက လူအင်အား အတော်များများကိုပါ ဆုံးရှုံးခဲ့ရသည်။

ယခုချိန်အထိ သူမသည် လီရွှေဥယျာဉ်တွင် စိတ်အေးလက်အေး ဒဏ်ရာများ ကုသရင်း သူမ၏ စွမ်းအားများကို တိတ်ဆိတ်စွာ စုဆောင်းနေခဲ့သည်။

နှစ်လတာ အချိန်အတွင်း သူမသည် နောက်ဆုံးတွင် သူမ၏ အစွမ်းကို အားကောင်းသော အဆင့်တစ်ခုအထိ နောက်တစ်ကြိမ် မြှင့်တင်နိုင်ခဲ့ပြီ ဖြစ်သည်။

သူမက လျှပ်စီးအစွမ်း၏ စွမ်းရည်များကို ဖော်ထုတ်နိုင်ခဲ့ပြီး သူမ၏ အလျင်ကို ယခင်က မရှိခဲ့ဖူးသော အဆင့်အထိ ရောက်ရှိစေခဲ့သည်။

ယခု သူမအနေဖြင့် အစတုန်းက လူများနှင့် ပြန်လည် ဆုံတွေ့ခဲ့မည် ဆိုပါက သူတို့ကို လုံးဝ အပြတ်အသတ် အနိုင်ယူနိုင်မည်ဟု သူမကိုယ်သူမ ယုံကြည်နေသည်။

ဤလုပ်ငန်းစဉ်များအတွင်း သူမသည် ဖခင်ဖြစ်သူ၏ သတင်းကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိခဲ့ပြီး ဖခင်ဖြစ်သူထံမှ စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။

စာထဲမှ သိရသည်မှာ ဖခင်ဖြစ်သူသည် မြူခိုးမြို့တော်ဟု အမည်ရသော ရေပေါ်ကျွန်း တစ်ကျွန်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုနေရာတွင် အခြေချရန်နှင့် မြူခိုးမြို့တော်သို့ ဝင်ရောက်ရန် ရည်ရွယ်ထားကြောင်း ဖြစ်သည်။

သို့သော် ဤကိစ္စအတွက် ရိက္ခာများစွာနှင့် စွမ်းအင်ကျောက်တုံးများစွာ လိုအပ်သဖြင့် သူမကို အပြင်ဘက်မှနေ၍ ကူညီပေးရန်၊ သူ၏ ကိုယ်စား ရိက္ခာများနှင့် စွမ်းအင်ကျောက်တုံးများကို ရှာဖွေပေးရန်နှင့် မြူခိုးမြို့တော်မှ လူများနှင့် အဆက်အသွယ် လုပ်နိုင်ရန်အတွက် ထောက်ပံ့ပေးရန် တောင်းဆိုထားသည်။

ချိုးရင်ယွဲ့က အစပိုင်းတွင် မယုံကြည်ခဲ့သော်လည်း ဤစာပေါ်ရှိ လက်ရေးမှာ တကယ့်ကိုပင် ဖခင်ဖြစ်သူ၏ လက်ရေး ဖြစ်နေခဲ့သည်။

ထို့အပြင် စာထဲတွင် အထောက်အထားအဖြစ် ဓာတ်ပုံများလည်း ပါဝင်နေ၏။

ဓာတ်ပုံထဲတွင် ဧရာမ ရေခဲပြင် မြို့တော်ကြီး တစ်ခု ရှိနေပြီး ဖခင်ဖြစ်သူနှင့် လူတစ်စုက မြို့တံခါးဝတွင် ရပ်ကာ ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်သည်။

ထိုမြို့တော်ကြီးမှာ အလွန် မြင့်မားခမ်းနားပြီး စစ်သား အမြောက်အမြားက အသွားအလာလုပ်ကာ ကင်းလှည့်နေကြသည်။

မြို့တံခါးဝတွင်လည်း အနွေးထည် ဝတ်ဆင်ထားသော သက်တော်စောင့်များက စောင့်ကြပ်နေကြ၏။

မြို့တော်အတွင်းတွင်လည်း အမျိုးမျိုးသော ရေခဲပန်းပု အဆောက်အအုံများ ရှိနေပုံရပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ခပ်ရေးရေး မြူခိုးလွှာတစ်ခုက ဖုံးလွှမ်းထားကာ သေချာစွာ မြင်နိုင်စွမ်း မရှိအောင် ပြုလုပ်ထားသည်။

ချိုးရင်ယွဲ့ကို ပို၍ အံ့အားသင့်စေသည်မှာ စာလာပို့သူသည် လူမဟုတ်ဘဲ သန္ဓေပြောင်း ငါးတစ်ကောင် ဖြစ်နေခြင်းပင်။

ထိုသန္ဓေပြောင်းငါးသည် စာပို့ပြီးနောက် ရေထဲသို့ ငုပ်လျှိုးကာ ပျောက်ကွယ်သွားလေသည်။

စာထဲတွင် သုံးရက်ကြာလျှင် ရိက္ခာများ လာယူမည်ဟု ရေးထားသည်။

ချိုးရင်ယွဲ့က အနည်းငယ် သံသယ ဝင်မိသော်လည်း ရိက္ခာအချို့ကို ပြင်ဆင်ကာ သတ်မှတ်ထားသော နေရာတွင် သွားထားလိုက်၏။

သုံးရက်ကြာပြီးနောက် ရေကြီးနေသော ရေပြင်ထဲမှ ငါးကြီးတစ်ကောင် ထွက်ပေါ်လာကာ ရိက္ခာများကို မျိုချသွားပြီး မည်သည့် ရှင်းပြချက်မျှ မပေးဘဲ နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြန်သည်။

ထိုအချိန်မှစ၍ တစ်ပတ်ခန့် ကြာတိုင်း ငါးကြီးတစ်ကောင်က ရောက်လာကာ ရိက္ခာများ လာရောက် တောင်းခံလေ့ ရှိသည်။

ဖခင်ဖြစ်သူ၏ စာများကလည်း အချိန်မှန် ရောက်လာလေ့ ရှိ၏။

စာထဲတွင် ထိုရေပေါ် ရေခဲကျွန်း၏ အချက်အလက် အချို့ကိုလည်း ရေးသား ဖော်ပြထားသည်။

ချိုးရင်ယွဲ့က အမှန်တရားကို သိရှိနိုင်ရန်အတွက် ထိုငါးကြီးကို ကိုယ်တိုင် လိုက်လံ စောင့်ကြည့်ခဲ့ပြီး မြူခိုးမြို့တော် ဟုခေါ်သော နေရာကို ရှာဖွေတွေ့ရှိခဲ့သည်။

၎င်း၏ တည်နေရာမှာ ခန့်မှန်းခြေ (၉) မိုင်ခန့် အကွာအဝေးတွင် ရှိပြီး ထိုရေလွှမ်းမိုးနေသော ဒေသမှာ အလွန် ထူးဆန်းလှကာ ရေပြင်ပေါ်တွင် ထူထပ်သော မြူခိုးများ ဖုံးလွှမ်းနေပြီး ဖုံးကွယ်ထားသော ဧရိယာမှာလည်း အလွန် ကျယ်ဝန်းလှသဖြင့် တစ်ချက်ကြည့်ရုံဖြင့် အစွန်းတစ်ဖက်ကိုပင် မမြင်နိုင်ပေ။

ချိုးရင်ယွဲ့က အထဲသို့ မဝင်ရဲဘဲ အနောက်သို့ ပြန်လှည့်ကာ ဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေရန် ရွေးချယ်ခဲ့သည်။

ယခုမူ သူမသည် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ခိုင်ချလိုက်ပြီ ဖြစ်ကာ မြူခိုးများထဲသို့ ဝင်ရောက်ပြီး အခြေအနေ အမှန်ကို သေချာပေါက် စုံစမ်းကြည့်မည်ဟု ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

"ဒေါက်... ဒေါက်... ဒေါက်"

သူမ အတွေးလွန်နေချိန်မှာပင် ရုတ်တရက် တံခါးအပြင်ဘက်မှ အလျင်စလို တံခါးခေါက်သံများ ထွက်ပေါ်လာသည်။

ချိုးရင်ယွဲ့က ချက်ချင်း မျက်မှောင်ကြုတ်လိုက်ကာ ဓာတ်ပုံကို သိမ်းလိုက်ပြီး ပြောလိုက်သည် "ဝင်လာခဲ့"

ထိုစဉ် လင်းဝူက အလျင်စလို တံခါးတွန်းဖွင့်ကာ ဝင်လာပြီး အလောတကြီး ပြောလိုက်သည် "အမချိုး... အမိုးပေါ်မှာ ကင်းစောင့်နေတဲ့ ညီအစ်ကိုတွေဆီက သတင်းရတယ်... ကျွန်တော်တို့အိမ်ရာအပြင်ဘက်ကို ကုန်တင်သင်္ဘော တစ်စီး ရောက်လာတယ်တဲ့"

ဆက်ရန်...

All Chapters