အခန်း (၃၅၃-၃၅၄)
Vol. 18 Ch. 353-354
အပိုင်း(၃၅၃) စစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ
လေထုထဲတွင် သဝန်တိုမှုများ အုံကြွလာသည်ကို မြင်လိုက်ရသဖြင့် လင်းယွမ်က သူတို့နှစ်ဦးကို အမြန်လှမ်းတားလိုက်သည်။
"တော်ကြတော့... ရန်ရန်... အလုပ်ကိစ္စပဲ ပြောရအောင်"
ထိုသို့ပြောရင်း လင်းယွမ်က "အခန်းထဲသွားပြောကြမယ်... ရန်ရန် အစီရင်ခံစာကို နင်စဖတ်ပြ... ကျွမ်းရှုယွမ်က လိုအပ်တာရှိရင် ဘေးကနေ ဖြည့်ပြောပေး" ဟု ဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ တင်းယန်သည် ချက်ချင်းပင် အောင်နိုင်သူတစ်ယောက်လို ပြုံးလိုက်ပြီး ကျွမ်းရှုယွမ်ကို တစ်ချက်စိုက်ကြည့်ကာ လင်းယွမ်၏နောက်မှ ရုံးခန်းထဲသို့ ဂုဏ်ယူဝင့်ကြွားစွာ လိုက်ဝင်သွားလေသည်။
ကျွမ်းရှုယွမ်က စိတ်ထဲမှ မကျေမနပ် နှာခေါင်းရှုံ့လိုက်သော်လည်း မျက်နှာပေါ်တွင်မူ နွေဦးလေပြည်ကဲ့သို့ နူးညံ့သိမ်မွေ့သော အပြုံးကို ဆက်လက်ထိန်းထားလျက် ခေါင်းညိတ်ပြလိုက်သည်။
အခန်းထဲရောက်သည်နှင့် တင်းယန်က စီစဉ်ထားသော စာရွက်စာတမ်းများကို ချက်ချင်းထုတ်ပေးလိုက်ရင်း "အစ်ကိုလင်း... အစ်ကိုမှာကြားထားတဲ့အတိုင်း စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီးတာနဲ့ ညီမတို့ တိတ်တဆိတ် စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့တယ်"
"အဓိက စုံစမ်းစစ်ဆေးတဲ့ နည်းလမ်းကတော့ လူထုကို ဆင်းမေးမြန်းတာရယ်... စုပေါင်းအဆောက်အအုံက အသင်းဝင်တွေရဲ့ အမှတ်အခြေအနေနဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှုတွေကို စစ်ဆေးတာတွေပါ... အဲဒီကနေတစ်ဆင့် အဂတိလိုက်စားနေသူတွေနဲ့ နာမည်ပျက်ရှိနေသူ တော်တော်များများကို ရှာဖွေတွေ့ရှိခဲ့ပါတယ်"
"ဒီတစ်စောင်ကတော့ တာအိုဆရာလင်းရဲ့ အချက်အလက်တွေပါ... သူက ကင်းလှည့်အဖွဲ့မှာ တာဝန်ယူပြီးကတည်းက အလုပ်ခဏခဏ ပျက်တဲ့အပြင် ရာထူးကိုအလွဲသုံးစားလုပ်ပြီး အမျိုးသမီးတွေကို လိုက်နှောင့်ယှက်နေပါတယ်"
"မိန်းကလေးအများစုက သူ့ရဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး တိုင်ကြားထားကြတယ်... ပြီးတော့ သူ့မှာ လောင်းကစားလုပ်တဲ့ အကျင့်ရှိပြီး တခြားသူတွေကိုပါ လောင်းကစားဝိုင်းထဲ မကြာခဏ ဆွဲသွင်းတတ်တယ်... သူ့လက်ထဲက အမှတ်အများစုကလည်း လောင်းကစားလုပ်ရင်းနဲ့ပဲ ကုန်သွားတာ"
"ဒါ့အပြင် သူ့ရဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကိုလည်း လူတိုင်းသိနေကြပြီ... ကျူးလင်လင်တစ်ယောက် သူ့နောက်လိုက်သွားကတည်းက အကြိမ်ကြိမ် ရိုက်နှက်ခံခဲ့ရပေမယ့် အခုချိန်ထိ သူ့ကိုထားရစ်ခဲ့ဖို့ မရဲသေးဘူးဖြစ်နေတယ်"
"တာအိုဆရာလင်းက အပြင်မှာ မိန်းမလိုက်စားရုံတင်မကဘဲ အိမ်ထိပါ ခေါ်လာပြီး ညအိပ်လေ့ရှိတယ်... အစပိုင်းမှာ ကျူးလင်လင်က ဝင်တားပေမယ့် နောက်ပိုင်း အရိုက်ခံရတာ များလာတော့ ဘာမှမပြောရဲတော့ဘူး"
"ညီမတို့ရဲ့ စုံစမ်းချက်အရဆို တာအိုဆရာလင်းက အပြင်မှာ မိန်းမလိုက်စားနေတဲ့ အချိန်တွေအတွင်း ကလေးအမေ မုဆိုးမ တော်တော်များများကိုလည်း အနိုင်ကျင့်ခဲ့သေးတယ်"
"အဲဒီမုဆိုးမတွေက မှီခိုရာမရှိတဲ့အပြင် သားသမီးတွေကိုပါ ကျွေးမွေးပြုစုနေရတော့ အများအားဖြင့် ကြိတ်မှိတ်သည်းခံနေခဲ့ရတာပါ... ကင်းလှည့်အဖွဲ့က သူ့ရဲ့ရာထူးကို ကြောက်လို့ ဘယ်သူမှ အသံမထွက်ရဲကြဘူး"
တင်းယန်သည် စာရွက်စာတမ်းများကို တစ်ရွက်ပြီးတစ်ရွက် ထုတ်ပြလိုက်ရာ အားလုံးသည် တာအိုဆရာလင်းကို စွဲချက်တင်နိုင်သည့် ခိုင်လုံသော သက်သေအထောက်အထားများပင် ဖြစ်သည်။
ထိုအကြောင်းအရာများကို ဖတ်ရှုနေရင်း လင်းယွမ်၏ မျက်နှာအမူအရာက တဖြည်းဖြည်း မှိုင်းညို့လာလေသည်။
"ဒီတာအိုရသေ့အိုကြီးက... အရင်တုန်းက တိုက်အမှတ် (၇၅) မှာ တိန့်ဟူ ယုတ်မာတာတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး အခုကျမှ ဘယ်လိုဖြစ်လို့ ဒီလောက်ထိ အောက်တန်းကျသွားရတာလဲ... ဒုတိယ တိန့်ဟူတောင် ဖြစ်နေပြီပဲ"
လင်းယွမ်၏ ရင်ထဲတွင် ဒေါသအမျက်မီးများ တောက်လောင်နေသည်။ တစ်ချိန်က တာအိုဆရာလင်းသည်လည်း ကမ္ဘာပျက်ကပ်၏ သားကောင်တစ်ဦးသာ ဖြစ်ခဲ့ပြီး တိန့်ဟူတို့လူစု၏ အနိုင်ကျင့်မှုကြောင့် အခန်းဆက်တစ်ခုအတွင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရုံသာ တတ်နိုင်ခဲ့သူဖြစ်သည်။
ယခု ဘဝအခြေအနေလေး အနည်းငယ် ပြေလည်လာချိန်တွင်တော့ တစ်ချိန်က သူအမုန်းတီးဆုံးဖြစ်ခဲ့သော လူစားမျိုးအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
တင်းယန်ကလည်း ဒေါသတကြီးဖြင့် "ဒီလူတွေ ဇိမ်ကျနေတာ ကြာသွားပြီ... ညီမတို့ ထိုက်ယန်တောင်က အဘက်ဘက်ကနေ တိုးတက်ကောင်းမွန်လာနေပေမယ့် ဒီလူတွေကတော့ တကယ်ပဲ ပူပင်စရာမလိုတော့ဘူးလို့ ထင်ပြီး စည်းစိမ်ယစ်နေကြပြီ" ဟု ဆိုလေသည်။
လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်ရင်း "သူသာ တကယ်ပဲ သာသာယာယာ စည်းစိမ်ခံနေရုံဆိုရင် ထားလိုက်လို့ရသေးတယ်... အခုဟာက သူ့ရဲ့ပျော်ရွှင်မှုကို တခြားသူတွေရဲ့ နာကျင်မှုအပေါ်မှာ တည်ဆောက်နေတာပဲ"
"ဒီသက်သေတွေက တကယ်ခိုင်လုံရဲ့လား"
တင်းယန်က ခေါင်းညိတ်ပြကာ "ခိုင်လုံပါတယ်... ညီမကိုယ်တိုင် တစ်ယောက်ချင်းစီကို သေချာလိုက်မေးထားတာပါ"
လင်းယွမ်သည် ဘေးတွင်ရှိနေသော ကျွမ်းရှုယွမ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ကျွမ်းရှုယွမ်က ပြုံးလိုက်ပြီး "ကျူးလင်လင်ရဲ့ တိုင်ကြားချက်တွေက နည်းနည်း ပုံကြီးချဲ့ထားတာ ရှိပေမယ့်... ကျန်တဲ့ နစ်နာသူတွေရဲ့ ထွက်ဆိုချက်တွေကတော့ သိပ်ကွာမှာမဟုတ်ဘူး"
သူမကို လင်းယွမ်က စစ်ဆေးရေးအဖွဲ့သို့ ပြောင်းရွှေ့ပေးခဲ့ပြီး စစ်ကြောရေးအပိုင်းကို အဓိကတာဝန်ယူခိုင်းထားခြင်း ဖြစ်သည်။ ထိုသို့တာဝန်ပေးရခြင်းမှာ သူမ၏ စိတ်ဖတ်ခြင်း အစွမ်းကို အသုံးချရန်ပင် ဖြစ်သည်။
ထို့ကြောင့် ဘေးမှနေ၍ ကျွမ်းရှုယွမ် ဖြည့်စွက်ထောက်ခံပေးလိုက်မှုက လင်းယွမ်ကို ကျေနပ်စွာ ခေါင်းညိတ်သွားစေသည်။
ထို့နောက် လင်းယွမ်က အေးစက်စက် အသံဖြင့် "ဒါဆို ဘာကိုစောင့်နေဦးမှာလဲ... လူလွှတ်ပြီး ဖမ်းခိုင်းလိုက်တော့"
တင်းယန်သည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် "ဒါဆို ညီမ အခုပဲ သွားဖမ်းလိုက်မယ်"
လင်းယွမ်က ခဏစဉ်းစားလိုက်ပြီးနောက် "လောစရာမလိုသေးဘူး... ဖမ်းဆီးရေးကိစ္စကို ကင်းလှည့်အဖွဲ့ဆီ လွှဲပေးလိုက်... အရင်ဆုံး တခြားသူတွေရဲ့ အခြေအနေကိုပါ ဆက်ကြည့်ရအောင်... အချိန်ကျမှ တစ်ခါတည်း အကုန်သိမ်းကြုံးဖမ်းမယ်"
"အော်... ဟုတ်ကဲ့"
တင်းယန်သည် ချက်ချင်းပင် နောက်တစ်ယောက်အကြောင်းကို ဆက်ပြောလေသည်။
"ကျန်းရုံချွမ်း... အရင်က တိုက်အမှတ် (၇၆) ရဲ့ အိမ်ပိုင်ရှင်ပဲ... အရင်တုန်းက ညီမတို့ မိန်တုဥယျာဉ်ကနေ ထွက်ခွာလာတုန်းက သူလည်း ညီမတို့နဲ့အတူ လိုက်ပါလာခဲ့တာ"
"နောက်ပိုင်း ညီမတို့ ထိုက်ယန်တောင်မှာ ခိုလှုံရေးစခန်း တည်ထောင်လို့ပြီးတော့... အစွမ်းမနိုးထသေးတဲ့ ဒီလူတွေကိုလည်း အရေးကြီးတဲ့ ဌာနတွေမှာ ရာထူးတချို့ ခွဲဝေပေးခဲ့တယ်"
"ကျန်းရုံချွမ်းက သားသတ်ရုံရဲ့ ဝယ်ယူရေးဌာနမှာ မန်နေဂျာအဖြစ် တာဝန်ယူထားတယ်... သူက သားသတ်ရုံ ထောက်ပံ့ရေးမန်နေဂျာ ယွီမင်ရှီးနဲ့ ပေါင်းပြီး... သားသတ်ရုံတစ်ခုလုံးရဲ့ အသားတွေ ခုတ်ထစ်ပြင်ဆင်တဲ့ လုပ်ငန်းစဉ်အတွင်းမှာ... အသားပမာဏ အမြောက်အများကို တိတ်တဆိတ် ဖွက်ထားခဲ့ကြတယ်"
"အဲဒီနောက် ယွီမင်ရှီးက ကိုယ်ပိုင် မှောင်ခိုဈေးကွက်တစ်ခု ဖန်တီးပြီး... အဲဒီမှောင်ခိုဈေးကွက်ထဲမှာ အသားတွေကို ပြန်ရောင်းချပြီး... အမှတ်တွေ အများကြီး ရှာဖွေခဲ့ကြပါတယ်"
ထိုစကားကို ကြားသောအခါ လင်းယွမ်၏ မျက်ဝန်းများထဲတွင် အေးစက်ရက်စက်မှုများ ဖြတ်ပြေးသွားသည်။
"သားသတ်ရုံ... ငါမှတ်မိသလောက် အစ်ကိုချိုင်ကြည် တာဝန်ယူထားတာ မဟုတ်လား... သူရော ဒီကိစ္စကို သိလား" ဟု မေးလိုက်သည်။
တင်းယန်သည် ချက်ချင်းပင် စကားဆွံ့အသွားသည်။ ချိုင်ကြည်သည် အစောပိုင်းကာလများကတည်းက လင်းယွမ်၏အဖွဲ့တွင် အဓိကကျသော လူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။
သူမထက်ပင် စော၍ လင်းယွမ်နောက်သို့ လိုက်ပါခဲ့သူဖြစ်ပြီး လင်းယွမ်နှင့်အတူ အနိမ့်ဆုံးအခြေအနေမှ စတင်ကာ အတူတကွ ရုန်းကန်ကြိုးစားလာခဲ့သူဟုပင် ဆိုနိုင်သည်။
သူမက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် "ညီမ အစ်ကိုချိုင်ရဲ့ အမှတ်အခြေအနေကို သွားမကြည့်ရသေးသလို စုံစမ်းတာမျိုးလည်း မလုပ်ရသေးဘူး" ဟု ပြန်ဖြေလေသည်။
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သော်လည်း ချက်ချင်းပင် တင်းယန် ဘာကိုစိတ်ပူနေသလဲဆိုသည်ကို နားလည်သွားသည်။
သူက စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် လူငယ်တစ်ယောက်ဖြစ်နေဆဲမို့ ခံစားချက်ကို ဦးစားပေးတတ်သေးသည်။
ထို့နောက် သူက ကျွမ်းရှုယွမ်ထံသို့ အကြည့်ရွှေ့လိုက်သည်။
ကျွမ်းရှုယွမ်က ချက်ချင်းပင် ရယ်မောလိုက်ပြီး မက်မွန်ပွင့်ကဲ့သို့ လှပသော မျက်ဝန်းများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ "ကျွန်မ မန်နေဂျာ ရန်မေဆီမှာ ချိုင်ကြည်ရဲ့ အသင်းဝင်အမှတ် အခြေအနေကို စုံစမ်းထားပြီးသားပါ"
"သူ့ရဲ့ အသင်းဝင်အမှတ်တွေက ပုံမှန်ဝင်ငွေထက် နည်းနည်းပိုများနေတာတော့ အမှန်ပဲ... ဒါပေမယ့် အရမ်းကြီး လွန်ကဲနေတဲ့ အနေအထားမျိုးတော့ မဟုတ်ဘူး... ကျွန်မ ခန့်မှန်းရသလောက် သူ အဂတိလိုက်စားထားရင်တောင် အများကြီးတော့ မဟုတ်လောက်ဘူး"
"သူ့လက်အောက်က ဒီလူနှစ်ယောက်ရဲ့ လုပ်ရပ်တွေကို သူ မသိဖို့ရာခိုင်နှုန်း ပိုများပါတယ်"
ထိုစကားကို ကြားသောအခါ လင်းယွမ်သည် စိတ်အေးသွားသကဲ့သို့ ကျွမ်းရှုယွမ်ကိုလည်း ချီးကျူးသည့် အကြည့်ဖြင့် ကြည့်လိုက်ကာ "မင်း လုပ်တာ ကောင်းတယ်" ဟု ဆိုလိုက်သည်။
ကျွမ်းရှုယွမ်၏ မျက်နှာပေါ်မှ အပြုံးက ပို၍တောက်ပသွားပြီး တင်းယန်ကမူ အနည်းငယ် စိုးရိမ်ထိတ်လန့်နေပုံပေါ်သည်။
လင်းယွမ်က တင်းယန်ကို ပြုံးကြည့်ကာ "ရန်ရန်... အလုပ်က အလုပ်ပဲ... ကိုယ်ရေးကိုယ်တာ သံယောဇဉ်က ကိုယ်ရေးကိုယ်တာပဲ... နင် ဒါကို သေချာကွဲပြားအောင် ခွဲခြားတတ်ရမယ်"
တင်းယန်သည် ခေါင်းငုံ့သွားပြီး "တောင်းပန်ပါတယ် အစ်ကိုလင်း... ညီမ... ညီမ နားလည်ပါပြီ" ဟု ပြောလေသည်။
လင်းယွမ်က နှစ်သိမ့်သည့်အနေဖြင့် "နင် လုပ်နိုင်တာ အရမ်းကောင်းနေပါပြီ... ဒါ့အပြင် နင် အစ်ကိုချိုင်ကိုလည်း ယုံကြည်သင့်တယ်... သူက ငါ့နောက်ကို လိုက်လာတဲ့ လူဟောင်းတစ်ယောက်ပဲ... ငါ့ရဲ့ စရိုက်ကို သူကောင်းကောင်းသိတယ်... ဒီလိုလူတွေနဲ့ သူ ပူးပေါင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး" ဟု ဆိုလေသည်။
လင်းယွမ် သိထားသည်မှာ အရင်တုန်းက မိန်တုဥယျာဉ်တွင် ရှိစဉ်က သူ၏မိန်းမ ဝူချင်းသည် ကျန်းလန်ကျွမ်း မိသားစုကိစ္စတွင် ပါဝင်ပတ်သက်ခဲ့ပြီး ရန်မေကို အသုံးချကာ မိမိအား ခေါင်းအုံးပေါ်ကစကားဖြင့် ဖျောင်းဖျရန် ကြိုးစားခဲ့သည့် ကိစ္စဖြစ်ပွားပြီးကတည်းကပင်။
ချိုင်ကြည်သည် မိမိ၏ နည်းလမ်းများနှင့် စရိုက်လက္ခဏာကို အလွန်ရှင်းလင်းစွာ သိရှိသွားခဲ့ပြီ ဖြစ်သည်။
သူသည် ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်ရာ ထိုသို့သော အမှားမျိုးကို ထပ်မံကျူးလွန်မည် မဟုတ်ကြောင်း သေချာသည်။
သူ၏ အမှတ်များက ဘာကြောင့် နည်းနည်းပိုများနေသလဲ ဆိုသည်ကိုမူ လင်းယွမ် အများကြီး ဆက်မမေးချင်တော့ပေ။
သူ၌ အမှတ်များစုဆောင်းရန် အခြားလမ်းကြောင်းများ ရှိနေနိုင်သော်လည်း ခိုလှုံရေးစခန်း၏ စည်းမျဉ်းစည်းကမ်းများကို မဖောက်ဖျက်သရွေ့ လင်းယွမ်အနေဖြင့် ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။
"နောက်တစ်ယောက် အကြောင်း ဆက်ပြောပါဦး"
တင်းယန်သည် ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီး နောက်ထပ် ဖိုင်တွဲတစ်ခုကို ထုတ်ယူကာ "ဒီတစ်ယောက်ကတော့ စိုက်ပျိုးရေးခြံက ကျိုးလန်ပါ... ဒီအမျိုးသမီးက စိုက်ပျိုးရေးအပိုင်းမှာ တော်တော်လေး ကျွမ်းကျင်ပြီး မျိုးစေ့ဖောက်တဲ့ နေရာမှာလည်း အရမ်းတော်တယ်... အရည်အသွေးမြင့် သန္ဓေပြောင်း မျိုးစေ့တွေကို မကြာခဏ ဖန်တီးပေးနိုင်တဲ့သူပဲ"
"အဒေါ်ကြီးလီက သူ့ကို တော်တော်လေး အထင်ကြီးလို့... စိုက်ပျိုးရေးခြံရဲ့ အရေးကြီးတဲ့ နေရာတစ်ခုအထိ ရာထူးတိုးပေးခဲ့ပြီး... ထိုက်ယန်တောင်စိုက်ပျိုးရေးခြံကို စီမံခန့်ခွဲစေခဲ့တယ်"
"မထင်မှတ်ထားတာက... သူက ဒီရာထူးကို အလွဲသုံးစားလုပ်ပြီး... စိုက်ပျိုးရေးခြံထဲက ဟင်းသီးဟင်းရွက် တချို့ကို ခိုးထုတ် ဈေးကြီးကြီးနဲ့ ပြန်ရောင်းပြီး အမှတ်တွေ ရှာနေခဲ့တာပဲ"
"ဒါ့အပြင် သူ့ရဲ့သားက အလယ်တန်းအဆင့် ပညာအရည်အချင်းပဲ ရှိပေမယ့်... အသက်ဆယ့်ငါးနှစ်နဲ့တင် စားသောက်ခန်းမရဲ့ စီမံခန့်ခွဲရေးအပိုင်းမှာ တာဝန်ယူဖို့ သူက စီစဉ်ပေးခဲ့တယ်... အကြောင်းကတော့ သူနဲ့ စားသောက်ခန်းမ ဝယ်ယူရေးဌာန မန်နေဂျာ မုန့်မေထင်တို့ကြားမှာ ရေရှည် အကျိုးစီးပွား ဖလှယ်တဲ့ ဆက်ဆံရေး ရှိနေလို့ပါပဲ"
ထို့နောက် တင်းယန်သည် နောက်ထပ် အဂတိလိုက်စားမှု ဆယ်ခုကျော်ကို ဆက်လက် ပြောပြလေသည်။
၎င်းတို့တွင် ပါဝင်ပတ်သက်နေသော နယ်ပယ်များမှာ သားသတ်ရုံ၊ မွေးမြူရေးခြံ၊ စိုက်ပျိုးရေးခြံတို့မှသည် ဆောက်လုပ်ရေးအင်ဂျင်နီယာဌာနနှင့် စုပေါင်းအဆောက်အအုံ ပထမထပ်ရှိ စားသောက်ခန်းမ စီမံခန့်ခွဲရေးဌာန စသည်တို့အထိ ကျယ်ပြန့်လှသည်။
စုစုပေါင်း အဂတိလိုက်စားမှု မှုခင်း သုံးဆယ့်နှစ်ခုအထိ ရှိနေပြီး ပါဝင်ပတ်သက်နေသော အမှတ်စုစုပေါင်းမှာ သိန်းဂဏန်းနီးပါးအထိ များပြားနေသည်။
ထိုအကြောင်းများကို နားထောင်ပြီးနောက် လင်းယွမ်သည် ဒေါသကြောင့် ထောင်းခနဲဖြစ်သွားပြီး ယုံတောင်မယုံနိုင်အောင် ဖြစ်ရလေသည်။
"တော်တော်သတ္တိကောင်းကြတာပဲ... သူတို့ ဘယ်လိုများ လုပ်ရဲကြတာလဲ"
လင်းယွမ်က ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ချလိုက်သည်။ ထိုက်ယန်တောင် စုပေါင်းအဆောက်အအုံ၏ အမှတ်ပေးစနစ်သည် မိမိ၏ စနစ်အမှတ်များကို အခြေခံထားခြင်း ဖြစ်သည်ဆိုသည်ကို သိထားရမည်။
ဤအမှတ်များ၏ သုံးစွဲနိုင်မှုတန်ဖိုးက အလွန်မြင့်မားပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်း တစ်ခုလုံးတွင် အမှတ်ရှိနေသရွေ့ အချိန်မရွေး လိုသလို ဝယ်ယူသုံးစွဲနိုင်ပေသည်။
မိမိကိုယ်တိုင်ပင် စနစ်အမှတ်များကို သိန်းဂဏန်းလောက်ရအောင် စုဖို့ဆိုသည်မှာ လနဲ့ချီပြီးတောင် အသေအလဲ ရှာနေရတာဖြစ်သည်။
ထိုအချက်ကို တွေးမိလိုက်သည်နှင့် လင်းယွမ်၏ ရင်ထဲတွင် ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။
ဒါက ထိုက်ယန်တောင် ခိုလှုံရေးစခန်း စတင်တည်ထောင်ခါစ အဆင့်ပဲ ရှိသေးသည်။ အကယ်၍ စခန်းကြီး ပိုမိုကျယ်ပြန့်လာပြီး လူဦးရေတွေ ပိုများလာပါက ဘယ်လောက်တောင် ဆိုးရွားသွားလိုက်မည်နည်း။
"သေအချာ စစ်ဆေးပြီး ပြင်းပြင်းထန်ထန် အရေးယူရမယ်... မဖြစ်မနေကို ပြင်းပြင်းထန်ထန် အရေးယူရမယ်... တင်းယန်... ကျွမ်းရှုယွမ်... မင်းတို့ အခုချက်ချင်း ဝူယင်ကို လူတွေခေါ်လာခိုင်းလိုက်... ပြီးရင် ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ လူအားလုံးကို နေရောင်ခြည်ဇုန်ဆီ ဖမ်းခေါ်လာခဲ့"
"ခိုလှုံရေးစခန်းက အထက်လူကြီး အားလုံးကိုလည်း အရောက်လာခဲ့ဖို့ ပြောလိုက်... ငါ လူပုံအလယ်မှာကို စီရင်ချက်ချမယ်"
တင်းယန်နှင့် ကျွမ်းရှုယွမ်တို့ နှစ်ဦးစလုံးသည် တည်ကြည်လေးနက်သွားကြပြီး မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပေါ်လွင်လာသည်။
သူတို့နှစ်ဦးစလုံးသည် လင်းယွမ်၏ ရင်ထဲမှ အဆုံးအစမဲ့သော ဒေါသမီးတောက်များကို ခံစားသိရှိလိုက်ကြသည်။
အမျိုးသမီးနှစ်ဦးစလုံး ချက်ချင်းပင် ကမန်းကတမ်း ခေါင်းညိတ်ပြလိုက်ကြပြီး ဝူယင်ကို သွားခေါ်ရန် လူအမြန်လွှတ်လိုက်ကြသည်။
ဝူယင် ရောက်ရှိလာချိန်တွင် ရုံးခန်းအတွင်းရှိ လေးလံမွန်းကြပ်နေသော လေထုကို ချက်ချင်းပင် ခံစားလိုက်ရသည်။
သူက လင်းယွမ်ကို တစ်ချက်ကြည့်လိုက်မိရာ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားလေသည်။
ဆရာလင်း ဤမျှလောက် ဒေါသထွက်နေပုံကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ထို့ကြောင့် လင်းယွမ်၏ အနီးသို့ သွားကာ "ဆရာလင်း... ကျွန်တော့်ကို ခေါ်လိုက်တာလား" ဟု မေးလိုက်သည်။
လင်းယွမ်က နာမည်စာရင်းကို ဝူယင်ထံ ကမ်းပေးလိုက်ပြီး "မင်း အခုချက်ချင်း လူတွေခေါ်သွားပြီး စာရင်းထဲမှာပါတဲ့ လူအားလုံးကို နေရောင်ခြည်ဇုန်ဆီ ဖမ်းခေါ်လာခဲ့" ဟု အေးစက်စက် အသံဖြင့် အမိန့်ပေးလိုက်သည်။
"ဒါ့အပြင် ထိုက်ယန်တောင်က စီမံခန့်ခွဲရေး တာဝန်ရှိသူတွေ အားလုံးကို... နေရောင်ခြည်ဇုန်ဆီ အခုချက်ချင်း အစည်းအဝေးလာတက်ဖို့ လူလွှတ်ပြီး အကြောင်းကြားလိုက်"
ဝူယင်၏ ရင်ထဲတွင် အေးစက်သွားပြီး ချက်ချင်းပင် ခေါင်းညိတ်ကာ "ဟုတ်ကဲ့ပါ ဆရာလင်း" ဟု ပြန်ဖြေလေသည်။
သူ ထွက်ခွာသွားရန် ပြင်လိုက်စဉ် လင်းယွမ်က "နေဦး" ဟု ထပ်လှမ်းခေါ်လိုက်သည်။
ဝူယင် အမြန်ရပ်တန့်လိုက်ပြီး လင်းယွမ်ထံသို့ လှည့်ကြည့်လိုက်သည်။
လင်းယွမ်က မှိုင်းညို့နေသော မျက်နှာဖြင့် "ဘယ်သူလာပြီး အသနားခံခံ... ဘယ်သူ့မျက်နှာမှ ထောက်စရာမလိုဘူး... ပြဿနာတစ်ခုခုရှိရင် ငါ့ဆီလာခဲ့လို့သာ ပြောလိုက်" ဟု ဆိုလေသည်။
ဝူယင်၏ စိတ်ထဲတွင် အလွန်လေးနက်သွားပြီး "နားလည်ပါပြီ ဆရာလင်း" ဟု ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
လင်းယွမ်က လက်ကာပြလိုက်သည်နှင့် ဝူယင်သည် ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းကာ အမြန်ထွက်ခွာသွားလေသည်။
ဝူယင်က လူစုပြီး ထွက်ခွာသွားသည်နှင့် ထိုက်ယန်တောင် ခိုလှုံရေးစခန်း တစ်ခုလုံး ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
လူများသည် ဝူယင် ဦးဆောင်သော ကင်းလှည့်အဖွဲ့က နေရာအနှံ့ လိုက်လံဖမ်းဆီးနေသည်ကို မြင်တွေ့လိုက်ကြရသည်။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသူအချို့မှာ ထိတ်လန့်ကြောက်ရွံ့မှုများကို မထိန်းချုပ်နိုင်ဘဲ ပေါ်လွင်လာကြသည်။
"အလိုလေး... ဒါ ဘယ်လိုဖြစ်ရတာလဲ"
"ခေါင်းဆောင်ဝူက ဘာလို့ နေရာတကာ လိုက်ပြီး လူတွေ ဖမ်းနေရတာလဲ"
"မသိဘူး... ခင်ဗျားတို့ရော ဘာတွေဖြစ်နေလဲ သိကြလား"
"သေချာမသိဘူးဗျ"
"စုပေါင်းအဆောက်အအုံက အသံချဲ့စက်ကနေ သတင်းကြေညာနေတယ်... ဆရာလင်းက ခိုလှုံရေးစခန်းက စီမံခန့်ခွဲရေး တာဝန်ရှိသူအားလုံးကို နေရောင်ခြည်ဇုန်ဆီ အစည်းအဝေးလာတက်ဖို့ ခေါ်နေတယ်တဲ့"
"ဆရာလင်း ပြန်ရောက်နေပြီလား"
"ဟာ... ဆရာလင်းက ဘယ်တုန်းက ပြန်ရောက်တာလဲ"
"မင်းတို့ မသိကြသေးဘူးလား... ဆရာလင်းက မနက်စောစောကတည်းက ပြန်ရောက်နေပြီ... ဖီးနစ် သင်္ဘောကြီးက ဆိပ်ကမ်းမှာ ဆိုက်ထားတယ်လေ"
"ဒါဆို ခေါင်းဆောင်ဝူက ဆရာလင်းရဲ့ အမိန့်ကို ရထားလို့ပေါ့"
"အမလေး... ဘယ်သူကများ ဆရာလင်းကို ဒေါသထွက်အောင် သွားလုပ်လိုက်တာလဲ"
"မသိပါဘူးကွာ... ဘယ်ခွေးကောင်က ဆရာလင်းကို ဒေါသထွက်အောင် လုပ်ရဲတာလဲ"
"သွား သွား သွား... ငါတို့လည်း နေရောင်ခြည်ဇုန်ဘက် သွားပြီး ဘာတွေဖြစ်နေလဲ သွားကြည့်ရအောင်"
လူအုပ်ကြီးထံမှ ဆွေးနွေးသံများ မပြတ်ထွက်ပေါ်နေပြီး လူအများအပြားသည် နေရောင်ခြည်ဇုန်ဘက်သို့ ကမန်းကတမ်း ပြေးသွားကြလေသည်။
အချို့ဆိုလျှင် ဝူယင်၏ ကင်းလှည့်အဖွဲ့နောက်သို့ လိုက်ကာ သူတို့ ဘယ်သူ့ကို ဖမ်းမည်လဲဆိုသည်ကို ကြည့်ချင်နေကြသည်။
ထိုနေ့တွင် အနားရနေသော တခြားကင်းလှည့်အဖွဲ့ဝင်များကလည်း ထိုမြင်ကွင်းကို မြင်သောအခါ မနေနိုင်တော့ဘဲ ရှေ့ထွက်၍ အခြေအနေကို မေးမြန်းကြလေသည်။
"ခေါင်းဆောင်ဝူ... ဒါ ဘာတွေဖြစ်နေတာလဲ... တစ်ခုခု ပြဿနာတက်လို့လား"
ဝူယင်သည် ထိုလူကို တစ်ချက် ကြည့်လိုက်သည်။ သူသည် ကင်းလှည့်အဖွဲ့၏ ခေါင်းဆောင်ငယ်တစ်ဦး ဖြစ်ရာ ဝူယင်က တည်ငြိမ်သော အသံဖြင့် "ဆရာလင်း လူဖမ်းခိုင်းလို့... ကျန်တာတော့ ငါလည်း မသိဘူး" ဟု ဖြေလိုက်သည်။
ထိုစကားကို ကြားသောအခါ ထိုသူသည် ထပ်မံ၍ စပ်စုမနေတော့ဘဲ "ကျွန်တော်ပါ ခင်ဗျားတို့နဲ့ လိုက်ပြီး လူကူဖမ်းပေးမယ်" ဟု ဆိုလေသည်။
ဝူယင်က ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ ထိုသို့ဖြင့် ဖမ်းဆီးရေးအဖွဲ့တွင် လူအင်အား ပိုမိုများပြားလာလေသည်။
မကြာမီတွင် ဝူယင်သည် သစ်သားအိမ်ငယ်လေး တစ်လုံးရှေ့သို့ ရောက်ရှိသွားသည်။
ဤသစ်သားအိမ်လေးသည် နေရာအကျယ်အဝန်း သိပ်မကြီးမားလှပေ။ ခြံဝင်းထဲတွင် ကိုယ်လုံးကိုယ်ပေါက် လှပသော အမျိုးသမီးတစ်ဦးက ဟင်းသီးဟင်းရွက် ပျိုးပင်များကို ရေလောင်းနေသည်။
သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အလွန်လှပပြီး အသားအရေကလည်း ဖြူဝင်းနေသော်လည်း မျက်နှာပေါ်တွင်မူ ညိုမည်းနေသော ဒဏ်ရာအချို့ရှိနေကာ ပါးချည်းခံထားရသည့်ပုံ ပေါက်နေသည်။
"ဒုန်း"
ဝူယင်သည် ခြံဝင်း၏ သစ်သားတံခါးကို တိုက်ရိုက်တွန်းဖွင့်ကာ ကင်းလှည့်အဖွဲ့ကို ခေါ်၍ ခြံထဲသို့ ဝင်သွားလေသည်။
အမျိုးသမီးမှာ လန့်ဖျပ်သွားပြီး ခေါင်းမော့ကြည့်လိုက်ရာ ကင်းလှည့်အဖွဲ့ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် မျက်နှာတစ်ခုလုံး ဖြူလျော့သွားကာ "ရှင်... ရှင်တို့ ဘာလာလုပ်တာလဲ" ဟု ကမန်းကတမ်း မေးလေသည်။
ဝူယင်က တည်ငြိမ်သော အသံဖြင့် "ကျူးလင်လင်... တာအိုဆရာလင်း ဘယ်မှာလဲ" ဟု မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျူးလင်လင်သည် ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး မကြာမီရက်ပိုင်းက သူမနှင့် တာအိုဆရာလင်းတို့၏ အချစ်ရေးပြဿနာများကို တစ်စုံတစ်ယောက် လာရောက်စုံစမ်းခဲ့သည်ကို ချက်ချင်း သတိရသွားသည်။
ထိုစဉ်က သူမသည် ရင်ဖွင့်သည့်အနေဖြင့်သာ ပြောပြခဲ့ပြီး သိပ်ဂရုမစိုက်ခဲ့သော်လည်း ယခုအခါတွင်မူ ကိစ္စရပ်များက သူမ မျှော်မှန်းထားသည်ထက် ပိုမိုကြီးမားနေပြီဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။
သို့သော် ဤအချိန်တွင် သူမ ဘာမှ လျှောက်မပြောရဲတော့ဘဲ နှုတ်ခမ်းများ တုန်ယင်သွားပြီးမှ "သူ... သူ မြေအောက်လောင်းကစားရုံကို သွားတယ်" ဟု ပြန်ဖြေလေသည်။
ဝူယင်သည် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး အေးစက်ခက်ထန်သော အမူအရာဖြင့် "မြေအောက်လောင်းကစားရုံ... ဘယ်ကမြေအောက်လောင်းကစားရုံလဲ"
"သတ္တုတွင်းနယ်မြေဘက်မှာ တစ်ယောက်ယောက်က မြေအောက်လောင်းကစားရုံ ဖွင့်ထားတယ်... အဲဒီက သတ္တုတွင်း အလုပ်သမားတွေ အားတဲ့အချိန်ဆိုရင် အဲဒီမှာ သွားဆော့တတ်ကြတယ်... တာ... တာအိုဆရာလင်းက အဲဒီဘက်ကို သွားတာပါ"
ဝူယင်သည် ထိုစကားကို ကြားသည်နှင့် ဘာတွေဖြစ်နေသလဲဆိုတာကို ချက်ချင်း နားလည်သွားသည်။
ယခင်ကတည်းက သတ္တုတွင်းဘက်တွင် တစ်စုံတစ်ယောက်က လောင်းကစားဝိုင်းများ ပြုလုပ်နေကြောင်း သူ ကြားခဲ့ဖူးသော်လည်း သိပ်ဂရုမစိုက်ခဲ့ပေ။
ဘာပဲဖြစ်ဖြစ် ခိုလှုံရေးစခန်းတွင် ဖျော်ဖြေရေး နည်းလမ်းက သိပ်မများလှ။ စုပေါင်းအဆောက်အအုံထဲတွင် ရုပ်ရှင်ရုံ၊ ဘား စသည့် ဖျော်ဖြေရေး နေရာများ ရှိသော်လည်း ၎င်းတို့အားလုံးသည် အမှတ်များ သုံးစွဲရမည်ဖြစ်သည်။
လူအချို့က အပြင်တွင် လောင်းကစားဝိုင်းများ ဖွင့်ကာ ဖဲရိုက်ခြင်း၊ အန်စာတုံးပစ်ခြင်းများဖြင့် အချိန်ဖြုန်းနေခြင်းကလည်း အပြစ်ဆိုစရာ မရှိလှပေ။
သို့သော် ယခုအခါတွင်မူ ဝူယင်သည် ဆရာလင်း ဒေါသထွက်နေခြင်းနှင့် လူအမြောက်အများကို ဖမ်းဆီးရန် အမိန့်ပေးခြင်းတို့ကို ဆက်စပ်တွေးကြည့်လိုက်ရာ ချက်ချင်းပင် မကောင်းသော ခံစားချက်တစ်ခု ဝင်ရောက်လာလေသည်။
ဤမြေအောက် လောင်းကစားရုံ၏ ဂယက်ရိုက်ခတ်မှုက အလွန်ဆိုးရွားနေပြီဖြစ်ကြောင်း သူ စိုးရိမ်မိသွားသည်။
သူသည် ချက်ချင်းပင် ဘေးရှိ လူတစ်ယောက်ဘက်သို့ လှည့်ကာ "ရန်ဝေ... မင်း လူတွေကိုခေါ်ပြီး ဒီမှာကျန်နေသေးတဲ့ လူတွေကို ဖမ်းထားလိုက်... ငါ သတ္တုတွင်းဘက်သွားပြီး တာအိုဆရာလင်းကို ဖမ်းလိုက်မယ်" ဟု ပြောလိုက်သည်။
ရန်ဝေက ချက်ချင်း ခေါင်းညိတ်ကာ "ဟုတ်ကဲ့ ခေါင်းဆောင်" ဟု ပြန်ဖြေလေသည်။
ထို့နောက် ကင်းလှည့်အဖွဲ့သည် နှစ်ဖွဲ့ခွဲကာ လူသွားဖမ်းရန် အမြန်ထွက်ခွာသွားကြသည်။
စိုက်ပျိုးရေးခြံတွင် အသက် ငါးဆယ်ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးသည် ကြီးမားကျယ်ဝန်းသော အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သုတေသနပညာရှင် တစ်ဦးနှင့် ခပ်ဆင်ဆင်တူနေသည်။
သူမသည် လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း ကြီးထွားနှုန်း မြန်ဆန်နေသော သန္ဓေပြောင်း ပိန်းဥပင်များကို ကြည့်ကာ ဘေးရှိ မိန်းကလေးတစ်ဦးကို "ရှောင်ချင်... ဒီပိန်းဥပင်တွေက အရမ်းပြွတ်သိပ်နေတယ်... အာဟာရ မလုံလောက်ရင် အသီးအရွယ်အစားကို ထိခိုက်လိမ့်မယ်... ခဏနေရင် နင် တစ်တန်းကျော် တစ်တန်း တူးထုတ်လိုက်တော့" ဟု ပြောလေသည်။
"တူးထုတ်ရမယ် ဟုတ်လား"
ရှောင်ချင်ဆိုသော မိန်းကလေးမှာ အလွန်အံ့သြသွားပြီး အနည်းငယ် တုံ့ဆိုင်းသွားသည်။
ကျိုးလန်သည် ချက်ချင်း မျက်နှာပျက်သွားပြီး "ကောင်မလေး... နင် စိုက်ပျိုးရေးအကြောင်း နားရောလည်ရဲ့လား... ဒါကို အပင်ချောင်အောင် ခွဲထုတ်တယ်လို့ ခေါ်တယ်... ဒီပိန်းဥပင်တွေ ကြီးထွားဖို့ လုံလောက်တဲ့ နေရာအကျယ်အဝန်း ပေးမှသာ ကြီးထွားလာနိုင်ပြီး အသီးတွေ အများကြီး သီးနိုင်မှာပေါ့" ဟု ဆူပူလေသည်။
"ငါက နင် နည်းနည်း ပါးနပ်တယ်ထင်လို့ ငါ့အနားမှာ အလုပ်လုပ်ဖို့ ရာထူးတိုးပေးထားတာ... နင် ဒီထက်ပိုပြီး အသုံးမကျရင် သတ္တုတွင်းက နင့်အမေဆီကိုသာ သွားတော့"
ချင်ရှင်းရန်၏ မျက်ဝန်းများ ချက်ချင်း နီရဲသွားသည်။ သူမနှင့် သူမ၏မိခင်မှာ မူလက ဖုန်းဟွမ်ဘုရားကျောင်းမှ သာမန် အသက်ရှင်ကျန်ရစ်သူများသာ ဖြစ်သည်။
ဖုန်းဟွမ်ဘုရားကျောင်းတွင် ရှိနေစဉ်က သူတို့သားအမိသည် အခြားသူများ၏ အနိုင်ကျင့်မှုကို အကြိမ်ကြိမ် ခံခဲ့ရသည်။
နောက်ပိုင်းတွင် ဆရာလင်းက ဖုန်းဟွမ်ဘုရားကျောင်းကို လွတ်မြောက်စေခဲ့ရာ သူတို့လည်း လွတ်လပ်ခွင့် ပြန်လည်ရရှိခဲ့သည်။
ထို့နောက် သူတို့သည် လုပ်အားပေး တာဝန်ထမ်းဆောင်ပြီးနောက် ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ကြသည်။
သူတို့တွင် ထူးခြားသော စွမ်းရည်မရှိသလို အမျိုးသမီး နှစ်ယောက်တည်း ဖြစ်နေသဖြင့် ဘာလုပ်ရမှန်းမသိဘဲ အချိန်အတော်ကြာအောင် ဘဝက သိပ်အဆင်မပြေခဲ့ပေ။
နောက်ပိုင်းတွင် မိခင်ဖြစ်သူက သတ္တုတွင်းတွင် သတ္တုတူးပါက အမှတ်များ ရနိုင်ကြောင်း ကြားသိရသဖြင့် သူမကိုခေါ်ကာ သတ္တုတွင်းသို့ သွား၍ သတ္တုတူးခဲ့ကြသည်။
သို့သော် သတ္တုတူးရသည်မှာ အလွန်ပင်ပန်းပြီး ထိုနေရာရှိ ပတ်ဝန်းကျင်မှာလည်း အနည်းငယ် ရှုပ်ထွေးလှသည်။
ကင်းလှည့်အဖွဲ့က ကင်းလှည့်ပေးနေသဖြင့် ပြဿနာကြီးကြီးမားမား မဖြစ်ပွားနိုင်သော်လည်း အနိုင်ကျင့်သည့် ကိစ္စရပ်များကတော့ ရှိနေဆဲပင်။
အလင်းရောင်၏ အောက်တွင် အမြဲတမ်း မှောင်မိုက်သော နေရာအချို့ ရှိနေစမြဲပင်။
မိခင်ဖြစ်သူက သူမအား သတ္တုတွင်းတွင် အမြဲတမ်း သတ္တုတူးနေရသည်ကို မကြည့်ရက်သဖြင့် အဆက်အသွယ်ရှာကာ စိုက်ပျိုးရေးခြံဘက်ရှိ ကျိုးလန်နှင့် တွေ့ဆုံခဲ့သည်။
တစ်ပတ်နီးပါး တူးဖော်ရရှိထားသော စွမ်းအင်ကျောက်တုံးများ အားလုံးကို တစ်ဖက်လူထံ ပေးအပ်ခဲ့ပြီးမှ သူမကို စိုက်ပျိုးရေးခြံထဲသို့ ဝင်ရောက် အလုပ်လုပ်ခွင့် ရစေခဲ့ခြင်းဖြစ်သည်။
ချင်ရှင်းရန်သည် စိုက်ပျိုးရေးခြံမှ အလုပ်ကို အမှန်တကယ် မြတ်နိုးသည်။ ဤကျယ်ပြန့်သော နေရာအနှံ့ရှိ စိမ်းလန်းစိုပြည်နေသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ကြည့်ရင်း သူမ၏ စိတ်ထဲတွင် အလွန် ငြိမ်းချမ်းမှုကို ခံစားရသည်။
သို့သော် ကျိုးလန်သည် အကြိမ်တိုင်း သူမကို ဟင်းသီးဟင်းရွက် တစ်စိတ်တစ်ပိုင်းကို တူးထုတ်စေပြီး စုပေါင်းအဆောက်အအုံ စားသောက်ခန်းမသို့ ပို့ဆောင်ခိုင်းလေ့ရှိပြီး တရားဝင် လုပ်ထုံးလုပ်နည်းများအတိုင်း လုံးဝ မလုပ်ဆောင်ပေ။
သူမ၏ အလိုလိုသိစိတ်အရ ဤလုပ်ရပ်က မှားယွင်းနေမှန်း သိသော်လည်း လုံးဝ မဆန့်ကျင်ရဲပေ။
ယခုအချိန်တွင် ကျိုးလန်၏ ဆူပူမှုကို ကြားသောအခါ ချက်ချင်းပင် ထိတ်လန့်သွားပြီး "ကျွန်မ အခုပဲ လုပ်လိုက်ပါ့မယ်... ဆရာမကျိုး စိတ်မဆိုးပါနဲ့" ဟု ကမန်းကတမ်း ပြန်ပြောလေသည်။
ကျိုးလန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ကာ "မြန်မြန်လုပ်... ခဏနေရင် စားသောက်ခန်းမက မန်နေဂျာမုန့်ဆီ ပို့ပေးရမယ်... အလေအလွင့် မဖြစ်စေနဲ့"
ချင်ရှင်းရန်က ကမန်းကတမ်း ခေါင်းညိတ်ပြလိုက်သည်။
"ဒုန်း"
ထိုအချိန်မှာပင် စိုက်ပျိုးရေး မှန်လုံအိမ်ထဲသို့ လူတစ်စု အလုအယက် ဝင်ရောက်လာကြသည်။
"ဘယ်သူက ကျိုးလန်လဲ" ကင်းလှည့်အဖွဲ့မှ ရန်ဝေသည် အေးစက်သော အကြည့်များဖြင့် စိုက်ပျိုးရေး မှန်လုံအိမ် တစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်သည်။
စိုက်ပျိုးရေးခြံအတွင်းရှိ လူအားလုံးက ခါးဆန့်လိုက်ကြပြီး ပိန်းဥခင်းဘက်ရှိ ကျိုးလန်ကို အလိုအလျောက် ဝိုင်းကြည့်လိုက်ကြသည်။
ကျိုးလန်မှာမူ မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားပြီး မျက်ဝန်းများထဲတွင် ထိတ်လန့်မှုများ ပေါ်လွင်လာသည်။
သူမက မသိမသာ ပြုံးပြလိုက်ပြီး "ကျွန်မ... ကျွန်မပါ... ဒီက... ခေါင်းဆောင်... ဘာကိစ္စများရှိလို့လဲ" ဟု လှမ်းမေးလိုက်သည်။
ရန်ဝေက သူမကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းကာ "ခေါ်ခဲ့လိုက်" ဟု အော်ဟစ်လိုက်လေသည်။
ဆက်ရန်...
အပိုင်း(၃၅၄) ထိတ်လန့်တုန်လှုပ်နေသော ချိုင်ကြည်
"အို... ရှင်တို့ဘာလုပ်တာလဲ... ဘာလုပ်ကြမလို့လဲ"
"ကျွန်မက စိုက်ခင်းအုပ်ချုပ်ရေးမှူးနော်... ကျွန်မက အုပ်ချုပ်ရေးမှူးပါ... ရှင်တို့ဒီလိုလုပ်လို့မရဘူး... လွှတ်... ကျွန်မကိုလွှတ်ပေးကြ"
"ကယ်ကြပါဦး... လူသတ်နေပြီ... ကယ်ကြပါဦး"
"ကျွန်မ အစ်မကြီးလီနဲ့ တွေ့ချင်တယ်... ဆုန့်သခင်မလေးနဲ့ တွေ့ချင်တယ်... လွှတ်... ကျွန်မကို လွှတ်ပေးကြစမ်း"
ကျိုးလန်က ထိတ်လန့်တကြား အော်ဟစ်နေပြီး မြေပြင်ပေါ်လှဲချကာ ရမ်းကားသောင်းကျန်းနေတော့သည်။
ခြေရောလက်ပါ သုံးကာ လူးလှိမ့်ကန်ကျောက်နေပြီး အချိန်ဆွဲရန် ကြိုးစားနေ၏။
ရန်ဝေက အေးစက်စက် ပြုံးလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးကာ တိုက်ရိုက်ပင် ပါးတစ်ချပ် ရိုက်ချလိုက်သည်။
"ဖြောင်း"
သူက အလျင်အစွမ်းပိုင်ရှင်ဖြစ်၍ ထိုပါးရိုက်ချက်မှာ ကျိုးလန် အနည်းငယ်မျှပင် တုံ့ပြန်ချိန်မရလိုက်ဘဲ မျက်နှာတစ်ခြမ်းလုံး ချက်ချင်းဖောင်းအစ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကျိုးလန်က စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီးနောက် ရင်ထဲ၌ အကန့်အသတ်မဲ့ ကြောက်ရွံ့မှုများ လွှမ်းမိုးလာတော့၏။
ထိုက်ယန်တောင် ခိုလှုံရေးစခန်းတွင် နှစ်လကျော်ကြာ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ရမှုက ဒါသည် မည်သို့သောကမ္ဘာကြီးဖြစ်နေပြီလဲဆိုသည်ကို သူမအား မေ့လုမတတ် ဖြစ်စေခဲ့သည်။
မိန်တုဥယျာဉ်တွင် သူမ ခက်ခဲကြမ်းတမ်းစွာ အသက်ရှင်သန်ခဲ့ရစဉ်က အစွမ်းပိုင်ရှင်များသည် မည်မျှ ကြောက်စရာကောင်းခဲ့သလဲ ဆိုသည်ကိုလည်း မေ့လျော့နေစေခဲ့၏။
ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အုပ်ချုပ်ရေးအဖွဲ့ထဲသို့ ရောနှောဝင်ရောက်နိုင်ခဲ့ပြီဟု သူမကိုယ်သူမ ထင်မှတ်ကာ စိတ်နေသဘောထားများ ပြောင်းလဲလာပြီး ဘဝင်မြင့်ကာ အခြေအနေမှန်ကို မေ့လျော့နေခဲ့သည်။
ထိုပါးရိုက်ချက်က သူမကို တိုက်ရိုက်ပင် အသိစိတ် ပြန်ဝင်လာစေတော့သည်။
ရန်ဝေက သူမကို အေးစက်စွာ ကြည့်လိုက်ပြီး "အဘွားကြီး... ဆရာလင်းယွမ် ကိုယ်တိုင် ခင်ဗျားကိုဖမ်းဖို့ အမိန့်ပေးထားတာ... ခင်ဗျားက လျှောက်အော်ရဲသေးတယ်ပေါ့"
ကျိုးလန်မှာ ချက်ချင်းပင် တစ်ကိုယ်လုံး တီကောင်ဆားတို့သကဲ့သို့ တဆတ်ဆတ် တုန်ရီလာတော့၏။
သူမ၏ မျက်နှာက ဖြူလျော့သွားပြီး ရန်ဝေကို ထိတ်လန့်တကြား ကြည့်ကာ "ဆရာလင်း... လင်းယွမ်က အမိန့်ပေးလိုက်တာလား"
ဤအခိုက်အတန့်၌ သူမ၏ ခေါင်းထဲတွင် "အုန်း" ခနဲ ဖြစ်သွားပြီး လုံးဝ ကြောက်လန့်ငေးမောသွားခဲ့သည်။
အထက်စီးတွင် ရှိနေသော ဆရာလင်းယွမ်က သူမလိုလူကို ဘယ်လိုလုပ် သတိထားမိသွားရတာလဲ။
"ခေါ်သွား"
ရန်ဝေက ထိုအဘွားကြီးကို အဖက်မလုပ်တော့ဘဲ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကင်းလှည့်တပ်ဖွဲ့ဝင် နှစ်ယောက်က ချက်ချင်း ရှေ့တိုးလာပြီး သူမကို မ,ချီကာ စိုက်ခင်းဖန်လုံအိမ်ထဲမှ ဆွဲထုတ်သွားကြသည်။
သူတို့ ထွက်သွားသည်နှင့် တစ်ပြိုင်နက် တစ်စိုက်ခင်းလုံးတွင် တီးတိုးပြောဆိုသံများ ဆူညံသွားတော့၏။
"ဆရာလင်းယွမ်က ကျိုးအဘွားကြီးကို ဖမ်းဖို့ အမိန့်ပေးလိုက်တာလား"
"ဆရာလင်းယွမ်က ဘယ်တုန်းက ပြန်ရောက်လာတာလဲ"
"အမယ်လေး... ဖမ်းတာကောင်းတယ်... အဲဒီကျိုးအဘွားကြီးက သူ့ကိုယ်သူ ဟင်းသီးဟင်းရွက် စိုက်တတ်လို့ဆိုပြီး... အဒေါ်ကြီးလီက အားကိုးတာကို အခွင့်ကောင်းယူပြီး ဘဝင်မြင့်နေတာ... လူသစ်တွေကို အနိုင်ကျင့်တယ်... ဆုန့်သခင်မလေးနဲ့ အဒေါ်ကြီးလီကို ဖားတယ်... ငါကတော့ သူ့ကို မျက်မုန်းကျိုးနေတာ ကြာပြီ"
"ဆရာလင်းယွမ်က ဘာလို့ သူ့ကိုဖမ်းခိုင်းရတာလဲဆိုတာ နင်တို့သိကြလား"
"ငါတော့ သတင်းနည်းနည်း ကြားထားတယ်"
"ဘာသတင်းလဲ"
"မြန်မြန်ပြောစမ်းပါ"
"ဟိုတလောက စိုက်ခင်းထဲကို လူတချို့လာပြီး တစ်ခုခု စုံစမ်းနေတာ တွေ့တယ်... ကျိုးလန်က စိုက်ခင်းက ဟင်းသီးဟင်းရွက်တွေကို ခိုးရောင်းနေတဲ့အကြောင်း တစ်ယောက်ယောက်က ပြောပြလိုက်တယ် ထင်တယ်"
"ဘာ... သူက ဟင်းသီးဟင်းရွက်တွေ ခိုးရောင်းနေတာလား"
"ဘယ်တုန်းက ကိစ္စလဲ... ငါတို့က ဘာလို့မသိရတာလဲ"
"ရှောင်ချင်ကို မေးကြည့်ကြလေ"
ထိုအခါ လူအတော်များများက သစ်သားရုပ်လို ကြက်သေ သေနေသော ချင်ရှင်းရန်ထံသို့ အကြည့်ရောက်သွားကြသည်။
ယခုအချိန်တွင် ချင်ရှင်းရန်မှာလည်း မျက်နှာများ ဖြူလျော့နေပြီး တစ်ကိုယ်လုံး တုန်ရီနေ၏။
ဟိုတလောက မိန်းကလေးတစ်ယောက် စိုက်ခင်းထဲသို့ ပြေးလာပြီး ကျိုးလန်အကြောင်း လိုက်စုံစမ်းစဉ်က သူမကိုယ်တိုင် ထိုမိန်းကလေးအား ကျိုးလန်သည် စားသောက်ဆောင်မှ မန်နေဂျာထံသို့ ဟင်းသီးဟင်းရွက်များ အမြဲပို့လေ့ရှိကြောင်း ပြောပြခဲ့သည်ကို သူမ ရုတ်တရက် သတိရသွားသည်။
……
တစ်ချိန်တည်းမှာပင်... သားသတ်ရုံ၌။
ချိုင်ကြည်က ရုံးခန်းထဲတွင် လက်ဖက်ရည်သောက်ရင်း ယခုလ၏ စာရင်းဇယားများကို ကြည့်နေသည်။
မကြာမီတွင် သူ၏ မျက်ခုံးများ တွန့်ချိုးသွားပြီး ဘေးဘက်ရှိ ယွီမင်ရှီးအား မော့ကြည့်လိုက်၏။
"ကိုယွီ... ဒီလ အသားနီနဲ့ အသားဖြူ အထွက်နှုန်းက ဘာလို့ ပြီးခဲ့တဲ့လကထက် အများကြီး လျော့နည်းသွားရတာလဲ"
ယွီမင်ရှီးမှာ အသက်ငါးဆယ်ဝန်းကျင်ရှိပြီး အနည်းငယ် ထိပ်ပြောင်နေကာ ထိုစကားကို ကြားသောအခါ ပြုံး၍ "မန်နေဂျာချိုင်... ခင်ဗျားလည်း သိသားပဲ... ဆရာလင်းယွမ် ခရီးထွက်သွားတဲ့ ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော်တို့ ဖမ်းမိထားတဲ့ သန္ဓေပြောင်းသတ္တဝါတွေကို မစီမံရဲသေးဘဲ ဆရာလင်းယွမ် ပြန်လာမှ သတ်ဖို့ စောင့်နေရတာလေ"
"ဒီအသားနီနဲ့ အသားဖြူ ပမာဏကို စာရင်းမသွင်းရသေးတော့ ပြီးခဲ့တဲ့လကထက် အများကြီး လျော့နည်းသွားတာက သဘာဝပါပဲ"
ချိုင်ကြည်က ထိုစကားကို ကြားသောအခါ သဘောပေါက်သွားပြီး "ဒီလိုကိုး... ဒါကြောင့်ကိုး" ဟု ပြောလိုက်သည်။
"ဒါဆို ခင်ဗျား လက်မှတ်လေး ထိုးပေးပါဦး... ကျွန်တော် မှတ်တမ်းတင်ထားလိုက်ပါ့မယ်" ဟု ယွီမင်ရှီးက ပြုံး၍ ပြောသည်။
ချိုင်ကြည်က ခေါင်းညိတ်လိုက်ပြီး အများကြီး တွေးမနေတော့ဘဲ လျင်မြန်စွာ လက်မှတ်ရေးထိုးကာ လှမ်းပေးလိုက်၏။
ယွီမင်ရှီး၏ မျက်လုံးများတွင် သက်ပြင်းချသွားမှုတစ်ခု ပေါ်လာပြီးနောက် စာရင်းဇယားကို ယူကာ အိတ်ကပ်ထဲမှ စွမ်းအင်ကျောက်တုံး အချို့ကို ထုတ်ယူလိုက်ပြီး "မန်နေဂျာချိုင်... ဟိုတလောက ကျွန်တော့်သား သတ္တုတွင်းနယ်မြေမှာ ငွေလေး နည်းနည်းပါးပါး ရလာလို့... အခုလည်း ပင်လယ်ရေဒီရေ တက်မယ့်အချိန် ရောက်တော့မယ်ဆိုတော့ အိမ်တိုင်းက ကျောက်အကြေးခွံ အကာအကွယ် သင်္ကေတကျောက်တုံးလိုမျိုးတွေ ပြင်ဆင်ရတော့မယ်လေ" ဟု ပြုံး၍ ပြောလိုက်သည်။
"ကျွန်တော့်လက်ထဲမှာ အမှတ်က သိပ်မလောက်လို့ ခင်ဗျားကို ကိုယ်စား ဝယ်ခိုင်းရတာ အားနာပါတယ်... ဒီစွမ်းအင်ကျောက်တုံးတွေကိုတော့ အခကြေးငွေအနေနဲ့ သဘောထားပြီး ကူညီပေးပါဦးဗျာ"
ချိုင်ကြည်က ထိုစွမ်းအင်ကျောက်တုံးများကို ကြည့်ကာ ရယ်မောလိုက်ပြီး "ကိုယွီရယ်... ခင်ဗျားကလည်း... ဒီစွမ်းအင်ကျောက်တုံးတွေကို အမှတ်နဲ့ တိုက်ရိုက် သွားလဲလိုက်ရင် ပြီးနေတာပဲကို" ဟု ပြော၏။
ယွီမင်ရှီးက ပြုံး၍ "ဒါက ကျွန်တော်တို့ သားသတ်ရုံက အလုပ်တွေ ကြန့်ကြာသွားမှာ စိုးလို့ပါဗျာ"
ချိုင်ကြည်က ပြုံးလိုက်ပြီး စွမ်းအင်ကျောက်တုံးများကို သိမ်းဆည်းလိုက်သည်... ဤသည်မှာ လက်အောက်ငယ်သားများက သူ့အား လာဘ်ထိုးသည့် နည်းလမ်းဖြစ်ကြောင်း သူ သိထားသည်။
ဈေးဝယ်စင်တာဘက်ရှိ စွမ်းအင်ကျောက်တုံး အဝယ်ဈေးနှင့် သင်္ကေတကျောက်တုံး ဆိုင်များရှိ အဝယ်ဈေးမှာ မတူညီပေ။
သင်္ကေတကျောက်တုံး ဆိုင်များက ဈေးပိုပေးတတ်ကြသည်... မည်သို့ပင်ဆိုစေကာမူ သင်္ကေတကျောက်တုံး ဆိုင်များသည် သင်္ကေတကျောက်တုံးများကို ဖန်တီးနိုင်သဖြင့် အမြတ်အစွန်း ရနိုင်သည့် နေရာတစ်ခု ရှိနေသောကြောင့် ဖြစ်၏။
သို့သော် ဈေးဝယ်စင်တာမှ အဝယ်တော်များထံသို့ တိုက်ရိုက်ရောင်းချပါက အနည်းငယ် ရှုံးသွားမည် ဖြစ်သည်။
ထို့အပြင် အစွမ်းပိုင်ရှင်များ ပို၍ များပြားလာသည်နှင့်အမျှ ခိုလှုံရေးစခန်းအတွင်းရှိ လူတချို့၏ စိတ်စွမ်းအင်ကလည်း ၂၅ မှတ် အထက်သို့ ရောက်ရှိလာကြပြီဖြစ်ရာ သင်္ကေတကျောက်တုံးများကို ကိုယ်တိုင် ဖန်တီးနိုင်နေကြပြီ ဖြစ်သည်။
ထိုလူများမှာ ဆိုင်ဖွင့်ရန် ငွေမရှိသဖြင့် စွမ်းအင်ကျောက်တုံးများကို တိတ်တဆိတ် ဝယ်ယူကာ သင်္ကေတကျောက်တုံးများ ပြုလုပ်၍ ရောင်းချကြရသည်။
သို့သော် ဤသည်မှာ တရားမဝင် အရောင်းအဝယ် ဖြစ်သောကြောင့် သူတို့၏ စွမ်းအင်ကျောက်တုံး ဝယ်ယူသည့်ဈေးနှုန်းက တရားဝင်ဆိုင်များထက် ပို၍ မြင့်မားလေသည်။
အမြတ်အစွန်း အနည်းငယ် နည်းပါးသော်လည်း တစ်နေ့လုံး သတ္တုတူးနေရသည်ထက်တော့ ပိုကောင်းသေး၏။
အချုပ်အားဖြင့်ဆိုရလျှင် စွမ်းအင်ကျောက်တုံးများ၏ ဈေးနှုန်းသည် အပြင်ဘက်တွင် အပြောင်းအလဲ ကြီးမားလှသည်။
ယွီမင်ရှီးက ဤနည်းလမ်းကို အသုံးပြု၍ သူ့အား ထိုကြားမှ ဈေးကွာဟချက်ဖြင့် အမြတ်အနည်းငယ် ရစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။
ဤကဲ့သို့ လက်ဆောင်ပေးသည့် နည်းလမ်းက အလွန် လျှို့ဝှက်လွန်းပြီး ချိုင်ကြည် ကိုယ်တိုင်လည်း လက်ခံနိုင်သည့် အနေအထား ဖြစ်၏။
တစ်ပြားတစ်ချပ်မှ လက်မခံခြင်းဆိုသည်ကလည်း အနည်းငယ် လက်တွေ့မဆန်ပေ။
လူမှုဆက်ဆံရေး အသိုင်းအဝိုင်းဆိုသည်မှာ ဤသို့ပင်... လက်ဆောင် လက်မခံပါက ဆန့်ကျင်ဘက်အနေဖြင့် လူထူးလူဆန်း တစ်ယောက် ဖြစ်သွားပေလိမ့်မည်။
ယွီမင်ရှီးက စွမ်းအင်ကျောက်တုံးများကို ပေးပြီးနောက် မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်ကာ ရုံးခန်းထဲမှ ထွက်ခွာသွားသည်။
အပြင်ဘက်တွင် အစောကြီးကတည်းက စောင့်နေသော ကျန်းရုံချွမ်းက အလျင်အမြန် လျှောက်လာပြီး "ဘယ်လိုလဲ... သူ ယူလိုက်လား" ဟု တီးတိုးမေးလိုက်၏။
ယွီမင်ရှီးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး "စိတ်ချပါကွာ"
"ဒါဆို စာရင်းစစ်တော့ သူ ဘာမှမမေးဘူးမလား" ဟု ကျန်းရုံချွမ်းက အလောတကြီး ထပ်မေးလိုက်သည်။
ယွီမင်ရှီးက ထပ်မံပြုံးလိုက်ပြီး "အသားနီနဲ့ အသားဖြူတွေ ဘာလို့ လျော့သွားလဲတော့ သူ မေးသွားသေးတယ်"
"ခင်ဗျား ဘယ်လို ဖြေလိုက်လဲ"
"ဘယ်လို ဖြေရမှာလဲကွ... အရင်အစီအစဉ်အတိုင်းပဲ ဖြေလိုက်တာပေါ့... ဆရာလင်းယွမ် ခရီးထွက်သွားလို့ တော်သေးတာပေါ့... ဒီရက်ပိုင်းအတွင်း စုပုံလာတဲ့ သားကောင်တွေက မနည်းဘူးဆိုတော့ ငါတို့ အကြောင်းပြချက် ရှာလို့ရသွားတာ"
"ကျွန်တော် ခင်ဗျားကို ပြောထားမယ်... နောက်ကို အသားနီနဲ့ အသားဖြူတွေ ခိုးထုတ်ရင် နည်းနည်း ချင့်ချိန်လုပ်ပါ... ဒီလောက်ကြီးတဲ့ ကွာဟချက်မျိုး ထပ်ဖြစ်လာရင် ကျွန်တော် ခင်ဗျားကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး" ဟု ယွီမင်ရှီးက သတိပေးလိုက်၏။
ကျန်းရုံချွမ်းက တဟီးဟီးရယ်လိုက်ပြီး အလျင်အမြန် ခေါင်းညိတ်ကာ "ဒီတစ်ခေါက်က အခြေအနေက ထူးခြားနေလို့ပါ... မိန်တောင်ဘက်မှာ လူတွေ အများကြီးဆိုတော့ ကျွန်တော်တို့ မှောင်ခိုဈေးလေးကလည်း အများကြီး ကျယ်ပြန့်လာတာကိုး"
ယွီမင်ရှီးက မျက်မှောင်ကြုတ်လိုက်ပြီး "ဒါကလည်း နည်းလမ်းကောင်းတော့ မဟုတ်ဘူး... ကျွန်တော်တို့ သားသတ်ရုံက အသားနီနဲ့ အသားဖြူ ထောက်ပံ့မှုသက်သက်နဲ့ဆိုရင် နည်းနည်း မလောက်ငှမှာ စိုးရတယ်"
ကျန်းရုံချွမ်းက ပြုံး၍ "ကျွန်တော် နည်းလမ်း စဉ်းစားထားပြီးပြီ... မကြာသေးခင်က မွေးမြူရေးခြံက ကိုတုနဲ့ ဆက်သွယ်ထားတယ်... ခင်ဗျား မနက်ဖြန် အားလား... ကျွန်တော် ကိုတုကို ထမင်းစားဖို့ ဖိတ်ထားတယ်"
ယွီမင်ရှီး၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွားပြီး "ကောင်းတာပေါ့... ကိုတုကိုတောင် ခင်ဗျား ခေါ်ထုတ်နိုင်ပြီပဲ... ကောင်းပြီလေ... မနက်ဖြန် ကျွန်တော် လာခဲ့မယ်" ဟု ပြော၏။
သူတို့နှစ်ဦး စကားပြောနေစဉ် ရုတ်တရက် ရုံးခန်းတံခါး တွန်းဖွင့်ခံလိုက်ရသည်။
ကြွက်သားအမြွှာမြွှာနှင့် လူသန်ကြီး တစ်စု အတင်းဝင်ရောက်လာကြ၏။
ရန်ဝေက ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာပြီး အေးစက်စူးရှသော အကြည့်များဖြင့် ရုံးခန်းကို ဝေ့ဝဲကြည့်လိုက်သည်။
"မင်းတို့ ဘာလာလုပ်တာလဲ"
ယွီမင်ရှီး၏ မျက်နှာက ပြောင်းလဲသွားပြီး ချက်ချင်း မျက်နှာထား တင်းမာသွားကာ ဝင်လာသူများကို ဟောက်လိုက်သည်။
သားသတ်ရုံသို့ ဝင်ပြီးနောက် လူဆယ်ဂဏန်းခန့်ကို အုပ်ချုပ်ခဲ့ရသဖြင့် သူသည် အရာရှိတစ်ဦး၏ အသွင်အပြင်မျိုး ရရှိနေခဲ့ပြီ ဖြစ်၏။
ယခုကဲ့သို့ မျက်နှာထား တင်းမာသွားသောအခါ တကယ်ပင် အတော်အတန် ဩဇာတိက္ကမ ရှိပုံပေါ်နေသည်။
ရန်ဝေက သူ့ကို အဖက်မလုပ်ဘဲ နာမည်စာရင်းကို တစ်ချက်ကြည့်ကာ "ယွီမင်ရှီး... ကျန်းရုံချွမ်း... မြောင်ရှောင်လီ... ကျိုးဟုန်ကျန့်... ဝမ်ကျစ်လုံ" ဟု တိုက်ရိုက် ခေါ်လိုက်၏။
"နာမည်ခေါ်ခံရတဲ့လူတွေ ရှေ့ထွက်ခဲ့စမ်း"
ရုံးခန်းထဲတွင် လူအတော်များများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အလိုအလျောက်ပင် သူတို့ဘေးနားရှိ နာမည်ခေါ်ခံရသူများကို ကြည့်လိုက်မိကြသည်။
ယွီမင်ရှီးနှင့် ကျန်းရုံချွမ်းတို့ အစကတော့ တည်ကြည်လေးနက်သည့် အမူအရာမျိုး ရှိနေသေး၏။
သို့သော် ထိုနာမည်များကို ကြားလိုက်ရသောအခါ ရုတ်တရက် သူတို့၏ မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
ဤလူများမှာ သူတို့အဖွဲ့ငယ်လေးထဲမှ အဖွဲ့ဝင်များဖြစ်ကြပြီး မှောင်ခိုဈေးကွက် လည်ပတ်မှုနှင့် သားသတ်ရုံမှ အသားများ ခိုးယူမှုစသည့် ကိစ္စရပ်များတွင် အဓိကကျသူများ ဖြစ်ကြသည်။
တစ်ခုခုကို သူတို့ သတိထားမိသွားကြပြီး သူတို့၏ မျက်နှာများ တဖြည်းဖြည်း ဖြူရော်လာတော့၏။
ယွီမင်ရှီး၏ ရင်ထဲတွင် တဒိန်းဒိန်းမြည်အောင် ခုန်လာပြီး အလျင်အမြန်ပင် "ဒီက... ဒီကလူကြီးမင်းကို ဘယ်လိုခေါ်ရမလဲဗျ... ကျွန်တော်က ယွီမင်ရှီးပါ... လူကြီးမင်းတို့ ဘာလာလုပ်တာလဲဆိုတာ သိပါရစေ" ဟု မေးလိုက်သည်။
ကျန်းရုံချွမ်းကလည်း အလောတကြီး "ဒီကလူကြီးမင်း... ဒီကြားထဲမှာ နားလည်မှုလွဲတာလေးများ ရှိနေမလား... ဒါမှမဟုတ် ကျွန်တော်တို့ အပြင်ထွက်ပြီး အရက်လေးတစ်ခွက် သောက်ရင်း... ဘာကိစ္စပဲရှိရှိ ထိုင်ပြီး သေချာစကားပြောကြတာပေါ့" ဟု ဝင်ပြော၏။
ရန်ဝေက ပြုံးရယ်မနေတော့ဘဲ တိုက်ရိုက်ပင် လက်တစ်ချက် ဝှေ့ယမ်းကာ "ဖမ်းလိုက်" ဟု အမိန့်ပေးလိုက်သည်။
"ဟေး... ဟေး... ဟေး... မင်းတို့ ဘာလုပ်တာလဲ... ဘာလုပ်ချင်တာလဲ"
ယွီမင်ရှီးက အလျင်အမြန် အော်ဟစ်ကာ နောက်သို့ ဆုတ်သွား၏။
ကင်းလှည့်တပ်ဖွဲ့ဝင် အနည်းငယ်၏ အလျင်မှာ အလွန် မြန်ဆန်လှပြီး အားလုံးက အစွမ်းပိုင်ရှင်များ ဖြစ်ကြသဖြင့် ဤသာမန်လူများအနေဖြင့် လုံးဝ ခုခံနိုင်စွမ်း မရှိချေ။
လူရိပ်နှစ်ခုက ရုတ်ခြည်းလှုပ်ရှားသွားပြီး ယွီမင်ရှီးနှင့် ကျန်းရုံချွမ်း နှစ်ယောက်စလုံးကို တိုက်ရိုက် ဖမ်းချုပ်လိုက်ကြသည်။
ရုံးခန်းထဲရှိ လူအားလုံး အထိတ်တလန့် ဖြစ်သွားကြ၏။
ထို့နောက် ရုတ်တရက် အမျိုးသားတစ်ဦးက တံခါးပေါက်ဆီသို့ ပြေးသွားကာ "ငါနဲ့ မဆိုင်ဘူး... ငါနဲ့ မဆိုင်ဘူးနော်" ဟု အော်ဟစ်လိုက်သည်။
သူ တံခါးပေါက်သို့ ရောက်သည်နှင့် ရန်ဝေ၏ ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ရှားသွားပြီး နောက်တစ်စက္ကန့်တွင် ထိုလူ၏ ခေါင်းပေါ်သို့ လက်ဝါးစောင်းဖြင့် အပြင်းအထန် ခုတ်ချလိုက်၏။
"ဒုတ်" ခနဲ အသံနှင့်အတူ ထိုလူက ချက်ချင်းပင် "အား" ဟု စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး မျက်လုံးပြူးကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ဤလုပ်ရပ်က လူအများကို ချက်ချင်း ကြက်သေသေသွားစေခဲ့သည်။
မိန်းကလေးတချို့က ချက်ချင်း စူးစူးဝါးဝါး အော်ဟစ်လိုက်ကြရာ ထိုအသံက ရုံးခန်းထဲရှိ ချိုင်ကြည်ကို ချက်ချင်း တုန်လှုပ်သွားစေ၏။
ချိုင်ကြည်က အလျင်အမြန် တံခါးဖွင့်ထွက်လာပြီး အပြင်ဘက်ရှိ ကင်းလှည့်တပ်ဖွဲ့ဝင်များကို မြင်သောအခါ သူ၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားကာ "လူကြီးမင်းတို့... လူကြီးမင်းတို့... ဒါက ဘယ်လိုဖြစ်ရတာလဲ" ဟု အလောတကြီး မေးလိုက်သည်။
ရန်ဝေက ထိုလူကို ကြည့်ကာ "ခင်ဗျားက ဘယ်သူလဲ" ဟု မေးလိုက်၏။
ချိုင်ကြည်က အလျင်အမြန် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်ပြီး "ကျွန်တော်က ချိုင်ကြည်ပါ... သားသတ်ရုံရဲ့ မန်နေဂျာပါ" ဟု ပြောသည်။
ချိုင်ကြည်၏ နာမည်ကို ကြားသောအခါ ရန်ဝေ၏ အမူအရာက အနည်းငယ် ပြေလျော့သွားပြီး "မန်နေဂျာချိုင် ဖြစ်နေတာကိုး... ကျွန်တော်က စတုတ္ထတပ်ဖွဲ့ ခေါင်းဆောင်ဝူယင် လက်အောက်က ဒုတိယဒုခေါင်းဆောင် ရန်ဝေပါ" ဟု ပြောလိုက်၏။
ချိုင်ကြည်က ထိုစကားကို ကြားသောအခါ အလျင်အမြန် ပြုံးလိုက်ပြီး "ခေါင်းဆောင်ယန် ဖြစ်နေတာကိုး... ကျွန်တော်က ခင်ဗျားတို့ရဲ့ ခေါင်းဆောင်ဝူယင်နဲ့လည်း ရင်းနှီးပါတယ်... ဒီကြားထဲမှာ နားလည်မှုလွဲတာလေးများ ရှိနေမလား" ဟု မေး၏။
ရန်ဝေက ခေါင်းအနည်းငယ် ခါယမ်းကာ "မန်နေဂျာချိုင်... ဒီကြားထဲမှာ နားလည်မှုလွဲတာ ရှိမရှိတော့ ကျွန်တော်မသိဘူး... ကျွန်တော်ကတော့ အမိန့်အရ လူလာဖမ်းတာပဲ" ဟု လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ချိုင်ကြည်က အလောတကြီး "အမိန့်အရ... ဘယ်သူ့အမိန့်လဲဆိုတာ မေးပါရစေ" ဟု မေးလိုက်၏။
"ဆရာလင်းယွမ် ကိုယ်တိုင်ပေးလိုက်တဲ့ စာရင်းနဲ့ ကိုယ်တိုင်ချမှတ်လိုက်တဲ့ အမိန့်ပဲ"
"ဘာ"
ချိုင်ကြည်၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး မျက်နှာတစ်ခုလုံး အံ့သြမှုများ ပြည့်နှက်ကာ ရင်ထဲတွင် လှုပ်ခတ်သွားတော့သည်။
သူက ချက်ချင်းပင် နောက်လှည့်ကာ ယွီမင်ရှီးနှင့် ကျန်းရုံချွမ်းတို့ကို ကြည့်လိုက်ပြီး "မင်းတို့ ဘာတွေလုပ်ခဲ့ကြတာလဲ... ဘာလို့ ဆရာလင်းယွမ်ကိုပါ သွားဆွမိရတာလဲ" ဟု တည်ကြည်လေးနက်စွာ မေးလိုက်၏။
ယွီမင်ရှီးနှင့် ကျန်းရုံချွမ်းတို့၏ မျက်နှာများမှာ ချက်ချင်းပင် ဖြူလျော့သွားပြီး မျက်နှာတစ်ခုလုံး ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။
နာမည်ခေါ်ခံရသူများလည်း ချက်ချင်းပင် ကြောက်လန့်တကြား မြေပြင်ပေါ်သို့ ခွေယိုင်ကျသွားကြတော့၏။
လူတစ်ယောက်က ပါးစပ်မှ တတွတ်တွတ် ရေရွတ်နေသည်။ "သွားပြီ... အကုန်သွားပြီ... ဆရာလင်းယွမ် သိသွားပြီ... အားလုံး ပြီးဆုံးသွားပြီ"
ရန်ဝေက သူတို့ မေးမြန်းသည်ကို ဆက်မစောင့်တော့ဘဲ "မန်နေဂျာချိုင်... ကျွန်တော် လူတွေကို ခေါ်သွားတော့မယ်... မထွက်လာခင်တုန်းက ဆရာလင်းယွမ်က ပြောလိုက်တယ်... အသနားခံချင်တဲ့လူ ရှိရင် သူ့ဆီကို ကိုယ်တိုင်လာခဲ့ပါတဲ့" ဟု တိုက်ရိုက်ပင် ပြောလိုက်သည်။
ချိုင်ကြည်၏ သူငယ်အိမ်များ ချက်ချင်း ကျဉ်းမြောင်းသွားပြီး နဖူးမှ ချွေးစေးများ ပျံထွက်လာကာ ဤကိစ္စက အတော်လေး ကြီးမားနိုင်ကြောင်း သူ ခံစားလိုက်ရသည်... သို့မဟုတ်ပါက ဆရာလင်းယွမ်က ဤကဲ့သို့ စကားမျိုး တိုက်ရိုက်ပြောလာမည် မဟုတ်ပေ။
သူက ထပ်မံ၍ ဝင်မပါတော့ဘဲ ရန်ဝေ လူဖမ်းသွားသည်ကိုသာ လွှတ်ထားလိုက်၏။
ရန်ဝေက လူများကို ခေါ်ကာ ရုံးခန်းထဲမှ ထွက်ခွာသွားသည်... မထွက်သွားခင် သူ၏ ခြေလှမ်းများ အနည်းငယ် ရပ်တန့်သွားပြီး နောက်လှည့်ကာ "ဒါနဲ့ မန်နေဂျာချိုင်... ဆရာလင်းယွမ်က ထိုက်ယန်တောင် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အားလုံးကို နေရောင်ခြည်ဇုန်မှာ အစည်းအဝေးလုပ်ဖို့ အကြောင်းကြားခိုင်းထားတယ်"
"ဒီလူတွေကိုလည်း အဲဒီအချိန်ကြရင် နေရောင်ခြည်ဇုန်ကို ဖမ်းခေါ်သွားလိမ့်မယ်... ခင်ဗျား ဘာမေးခွန်းတွေပဲရှိရှိ အဲဒီရောက်ရင် အကုန်သိရလိမ့်မယ်"
ချိုင်ကြည်က နှုတ်ခမ်းကို စေ့လိုက်ပြီး လေးနက်စွာ ခေါင်းညိတ်ပြကာ "သိပါပြီ... ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ယန်" ဟု ပြန်ပြော၏။
ရန်ဝေ ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံး ကြည့်ပြီးနောက် ချိုင်ကြည်က ရုံးခန်းထဲရှိ ကျန်ရစ်သူများကို ချက်ချင်း လှည့်ကြည့်ကာ "မင်းတို့ထဲမှာ ဘာဖြစ်သွားလဲဆိုတာ သိတဲ့လူရှိလား" ဟု မေးလိုက်သည်။
လူအများက အချင်းချင်း ကြည့်လိုက်ကြပြီး မသိကြောင်း ပြသသည့်အနေဖြင့် ခေါင်းခါပြသူ အတော်များများ ရှိ၏။
ရုတ်တရက် မိန်းကလေးတစ်ယောက်က လက်ကိုမြှောက်ကာ "မန်နေဂျာ... ကျွန်မ... ကျွန်မ နည်းနည်းသိတယ်" ဟု အော်ပြောလိုက်သည်။
"မြန်မြန်ပြောစမ်း" ဟု ချိုင်ကြည်က အလောတကြီး မေး၏။
"အစတုန်းက ဝမ်ကျစ်လုံက သိုလှောင်ရုံထဲကနေ အသားနီနဲ့ အသားဖြူတွေ ထုတ်သွားတာကို ကျွန်မ တွေ့လိုက်တယ်... ဒါပေမဲ့ သူတို့က တရားဝင် လုပ်ငန်းစဉ်တွေအတိုင်း မလုပ်သွားဘူး... ဒီကိစ္စကြောင့် ဟုတ်မဟုတ်တော့ ကျွန်မ မသိဘူး"
ချိုင်ကြည် အံ့အားသင့်သွားပြီး "ဘာ... သူတို့ အသားနီနဲ့ အသားဖြူတွေကို ဘယ်နေရာကို သယ်သွားတာလဲ" ဟု အလျင်အမြန် မေးလိုက်သည်။
မိန်းကလေးက ခေါင်းခါပြပြီး "ကျွန်မလည်း မသိဘူး"
"ဘာလို့ ငါ့ကို လာမပြောတာလဲ" ဟု ချိုင်ကြည်က ဒေါသတကြီး မေး၏။
မိန်းကလေးက အလျင်အမြန်ပင် "ကျွန်မ သတင်းပို့ခဲ့ပါတယ်... ဒါပေမဲ့ နောက်ပိုင်း မန်နေဂျာယွီက ကျွန်မကို သီးသန့်လာတွေ့ပြီး... ဒီအသားတွေက အထူးအသုံးပြုစရာ ရှိလို့... ကျွန်မကို လျှောက်မပြောဖို့ တားထားတာပါ" ဟု ပြောသည်။
ချိုင်ကြည်၏ နဖူးမှ သွေးကြောများ ချက်ချင်း ထောင်ထလာပြီး လူကို ဆဲရေးတိုင်းထွာချင်စိတ် ပေါက်လာတော့၏။
သို့သော် ယခုအချိန်တွင် ဆဲရေးတိုင်းထွာနေ၍လည်း အကျိုးမရှိပေ... သူက လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး "အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အကုန်လုံး အခုချက်ချင်း ငါနဲ့အတူ နေရောင်ခြည်ဇုန်ကို လိုက်ခဲ့ကြ" ဟု ပြောလိုက်သည်။
လူအများလည်း အလျင်အမြန် ထရပ်လိုက်ကြပြီး မည်သူကမျှ ဘာစကားမှ မပြောရဲတော့ဘဲ နေရောင်ခြည်ဇုန်သို့ သွားရန် ချိုင်ကြည်နောက်သို့ တိတ်ဆိတ်စွာ လိုက်ပါသွားကြတော့၏။
……
ထိုက်ယန်တောင် သတ္တုတွင်းနယ်မြေ။
ဤနေရာသည် အရင်ကလို အခြေခံအဆောက်အအုံသာ ရှိသည့် နေရာမျိုး မဟုတ်တော့ပေ။
ယနေ့ခေတ် သတ္တုတွင်းနယ်မြေသည် ဈေးမြို့လေး တစ်မြို့အလား ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်သည်။
သတ္တုတွင်းနယ်မြေ၏ အပြင်ဘက်တွင် အိမ်ယာများ အစီအရီ ရှိနေပြီး သစ်သားအိမ်၊ ဝါးအိမ်များက တစ်တန်းတည်း ဆက်တိုက် တည်ရှိကာ သပ်သပ်ရပ်ရပ် ရှိလှ၏။
သတ္တုတွင်းနယ်မြေဘက်ရှိ သတ္တုတွင်းပေါက်များမှာ အရင်ကထက် ပိုများလာပြီး အသွားအလာလုပ်နေသူ များစွာရှိသည်။
ထိုလူများထဲမှ တချို့က ဝါးခြင်းတောင်းများကို လွယ်ကာ သံတူးရွင်းများကို ကိုင်ဆောင်ထားကြပြီး ဖုန်တလူးလူး ဖြစ်နေသော်လည်း အမူအရာများက စိတ်လှုပ်ရှားနေကြရာ တစ်ခုခု ရရှိလာခဲ့ပုံ ပေါ်သည်။
ခြေလှမ်းယိုင်နဲ့နဲ့နှင့် မျက်နှာတစ်ခုလုံး စိတ်ပျက်နေသူများလည်း ရှိ၏။
ဈေးမြို့လေး၏ လမ်းဘေးတွင် အမျိုးသမီးများနှင့် သက်ကြီးရွယ်အို အများအပြားက သောက်စရာများ ကဲ့သို့သော အရာများကို ခင်းကျင်းရောင်းချကာ စီးပွားရေးအသေးစားလေးများ လုပ်ကိုင်နေကြသည်။
ယခုအချိန်တွင် သတ္တုတွင်းနယ်မြေမှ ယခုလေးတင် ထွက်လာသော လူလတ်ပိုင်း တစ်စုက မြို့လေးဆီသို့ စိတ်လှုပ်ရှားစွာ လျှောက်သွားနေကြ၏။
မိန်းကလေးတစ်ယောက်က ထိုမြင်ကွင်းကို စပ်စုချင်စိတ်ဖြင့် ကြည့်ကာ "သူတို့ စွမ်းအင်ကျောက်တုံး တူးရလာတာကို... ဘာလို့ ဈေးဝယ်စင်တာဘက် သွားပြီး အမှတ်မလဲကြတာလဲ... ဘာလို့ မီးကျောက်မြို့လေးဘက်ကို ပြေးသွားကြတာလဲ" ဟု မေးလိုက်သည်။
ဤမြို့ငယ်လေးကို လူအများက မီးကျောက်မြို့လေးဟု ခေါ်ဝေါ်ကြသည်... အကြောင်းမှာ ဤသတ္တုတွင်းနယ်မြေမှ တူးဖော်ရရှိသော ကျောက်တုံးအများစုမှာ မီးဓာတ် စွမ်းအင်ကျောက်တုံးများ ဖြစ်သောကြောင့် ထိုသို့ အမည်တွင်ခြင်း ဖြစ်၏။
မိန်းကလေးဘေးရှိ အဘိုးအိုက လှောင်ပြုံးပြုံးကာ "ဘာဖြစ်ရမှာလဲ... စွမ်းအင်ကျောက်တုံး ရလာရင် လောင်းကစား သွားလုပ်ဖို့ပေါ့" ဟု ပြောသည်။
မိန်းကလေးက ချက်ချင်း အံ့အားသင့်သွားပြီး "လောင်းကစား... ဘာကို လောင်းကြတာလဲ"
"အမှတ်တွေကို လောင်းကြတာပေါ့... သူတို့က လောင်းကစားကြူးနေတဲ့ ကောင်တွေလေ... အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိတော့ဘဲ လောင်းကစားထဲမှာ နစ်မွန်းပြီး အလွန်အကျွံ ဖြစ်နေကြတာ"
"ဦးလေးကော... ဒါ... ဒါကို ဘယ်သူမှ မထိန်းချုပ်ဘူးလား" ဟု မိန်းကလေးက မနေနိုင်ဘဲ မေးလိုက်၏။
ဦးလေးကောက ခေါင်းအနည်းငယ် ခါယမ်းကာ "ဘယ်လိုလုပ် ထိန်းချုပ်မလဲ... ဒီလိုကိစ္စမျိုးက သူ့သဘော ကိုယ့်သဘောလေ... ဘယ်သူကမှ သူတို့ကို လောင်းကစားလုပ်ဖို့ အတင်းအကျပ် မခိုင်းထားဘူး" ဟု ပြောသည်။
"ဆရာလင်းယွမ်ကို သွားပြောလို့ ရတယ်လေ... ဆရာလင်းယွမ်ကို ဖြေရှင်းပေးဖို့ တောင်းဆိုလို့ ရတာပဲ" ဟု မိန်းကလေးက မေး၏။
ဦးလေးကောက ခါးသီးစွာ ပြုံးလိုက်ပြီး "ဆရာလင်းယွမ်က ထိုက်ယန်တောင် ခိုလှုံရေးစခန်း တစ်ခုလုံးကို အုပ်ချုပ်နေတာ... အသေးအဖွဲ ကိစ္စလေးတွေအထိ ဝင်စွက်ဖက်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး" ဟု ပြန်ဖြေသည်။
"ဒီအကြောင်းတွေ မပြောပါနဲ့တော့... သမီးဟန်တို့ ဒီတစ်ခေါက် ပြန်လာတော့ ငါတို့ကို အလည်ခေါ်ထားတယ်... သွားကြစို့"
"ဟယ်... အမရှန်မန် ပြန်ရောက်လာပြီလား" မိန်းကလေးက အလွန်ဝမ်းသာသွားပြီး အလျင်အမြန်ပင် ကိုယ်ကို လှည့်ကာ ချက်ချင်း ပြေးထွက်သွားတော့၏။
ဦးလေးကောက ငိုရခက် ရယ်ရခက် ဖြစ်သွားပြီး "ဒီကောင်မလေး... နင်က အလျင်အစွမ်းပိုင်ရှင်ဆိုတာ မသိဘူးလား... ငါ့ကိုလည်း စောင့်ဦးလေ"
သူတို့နှစ်ဦး ထိုက်ယန်တောင် ဈေးဝယ်စင်တာဘက်သို့ လျှောက်သွားကြရာ မီးကျောက်မြို့လေးထဲမှ မထွက်ရသေးခင်မှာပင် ခေါင်းဆောင်ဝူယင်က တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ အေးစက်တည်ကြည်သော မျက်နှာထားဖြင့် မီးကျောက်မြို့လေးသို့ ရောက်လာသည်ကို မြင်လိုက်ရသည်။
ဦးလေးကော ချက်ချင်း အံ့ဩသွားပြီး မျက်လုံးများ အနည်းငယ် တောက်ပသွားကာ ရပ်တန့်လိုက်ပြီး "ခေါင်းဆောင်ဝူယင်... ခင်ဗျားတို့ ဘယ်ကို သွားကြမလို့လဲ" ဟု မေးလိုက်၏။
ဝူယင်က အဘိုးအိုကို မြင်သောအခါ တည်ကြည်နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး "ဦးလေးကော ဖြစ်နေတာကိုး... ကျွန်တော်က ဆရာလင်းယွမ်ရဲ့ အမိန့်အရ မီးကျောက်မြို့လေးဆီ သွားပြီး လူတစ်ယောက်ကို ဖမ်းမလို့ပါ" ဟု ပြန်ဖြေသည်။
ဦးလေးကောက ချက်ချင်း မျက်ခုံးပင့်လိုက်ပြီး "ဟေ... ဘယ်သူ့ကို ဖမ်းမှာလဲ... ငါက မီးကျောက်မြို့လေးနဲ့ ရင်းနှီးပါတယ်... ကူညီပေးလို့ ရတယ်နော်"
မိန်းကလေးကလည်း အလျင်အမြန်ပင် "ဆရာလင်းယွမ်က လူဖမ်းခိုင်းတာလား... သမီးလည်း လိုက်မယ်" ဟု ဝင်ပြော၏။
ဝူယင်က ထိုစကားကို ကြားသောအခါ "ဦးလေးကောက လင်းဆုန့်ယန်ဆိုတဲ့ လူကို သိလား" ဟု မေးလိုက်သည်။
ဦးလေးကောက ထိုအမည်ကို ကြားသောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး "လင်းဆုန့်ယန်"
"တာအိုဆရာလင်းလေ"
"သမီး သိတယ်" ဟု ဦးလေးကော မဖြေခင်မှာပင် မိန်းကလေးက ချက်ချင်း အော်ပြောလိုက်၏။
"ဒီမိန်းကလေးက" ဝူယင်က မိန်းကလေးကို ကြည့်ကာ မေးလိုက်သည်။
မိန်းကလေးက "သမီးနာမည် လော်ချန်းချန်းပါ... အစွမ်းနိုးထလာတာ သိပ်မကြာသေးဘူး" ဟု ဖြေ၏။
ဝူယင် သဘောပေါက်သွားသည်... ဒီမိန်းကလေးကို သူ မသိတာ အဆန်းတော့ မဟုတ်ပေ... အစွမ်းနိုးထကာစ ဖြစ်နေ၍သာ။
"သူ ဘယ်မှာရှိလဲဆိုတာ နင်သိလို့လား"
"ဟုတ်... သမီးသိတယ်... သူက မြို့လေးထဲမှာ ရှိတယ်... အရင်တုန်းက သူက သမီးကို အရမ်း မုန်းဖို့ကောင်းတဲ့ အကြည့်တွေနဲ့ ကြည့်ခဲ့သေးတယ်... နောက်တော့ ဦးလေးကောက သူ့ကို ဟောက်လွှတ်လိုက်တာလေ... ဦးလေးကော မမှတ်မိတော့ဘူးလား... အဲဒီ တာအိုဆရာစုတ်လေ"
ဦးလေးကော ချက်ချင်း သဘောပေါက်သွားပြီး "ဟန်ဆောင်ပန်ဆောင် လုပ်တတ်တဲ့ တာအိုဆရာကြီးပဲ"
တာအိုဆရာလင်း၏ နာမည်ရင်းမှာ လင်းဆုန့်ယန် ဖြစ်ကြောင်း သူ မသိပေ... လူအများစုမှာ လင်းဆုန့်ယန် ဆိုသည်ထက် တာအိုဆရာလင်း ဖြစ်ကြောင်းကိုသာ သိကြသည်။
"သူက မြေအောက် လောင်းကစားရုံမှာ ရှိတယ်... ငါ မင်းတို့ကို ခေါ်သွားပေးမယ်" ဟု ဦးလေးကောက တိုက်ရိုက် ပြောလိုက်၏။
ထို့နောက် လူတစ်စုသည် မီးကျောက်မြို့လေးဆီသို့ အလျင်အမြန် သွားရောက်ကြတော့သည်။
ဆက်ရန်...