အခန်း (၃၅၅-၃၅၆)
Vol. 18 Ch. 355-356
အပိုင်း(၃၅၅) တာအိုဆရာလင်းကို ဖမ်းဆီးခြင်း
"ဖွင့်လေ... ဖွင့်လိုက်စမ်းပါ"
"အကြီး... အကြီး... အကြီး"
"ထပ်လောင်းမယ့်သူ ရှိသေးလား... ဟေ... မရှိရင် ဖွင့်ပြီနော်"
မီးကျောက်မြို့လေးရှိ ကျယ်ဝန်းသော အခန်းတစ်ခန်းအတွင်း၌ ယခုအချိန်တွင် လူသံများဖြင့် ဆူညံပွက်လောရိုက်နေသည်။
လူဆယ်ဂဏန်းခန့်က အခန်းထဲတွင် စုရုံးနေကြပြီး အခန်းအတွင်း၌ အကြီးအသေး စားပွဲခုနစ်လုံး ရှစ်လုံးခန့် ရှိကာ ထိုစားပွဲများဘေးတွင် လူများက အစုလိုက်အပြုံလိုက် ဝိုင်းအုံနေကြသည်။
ထိုစားပွဲ ခုနစ်လုံး ရှစ်လုံးအနက် နှစ်လုံးတွင် ဖဲရိုက်နေကြပြီး နောက်ထပ် နှစ်လုံး၌ အန်စာတုံး လှိမ့်နေကြကာ အခြားနှစ်လုံးတွင် ဒိုမီနိုကစားနေကြပြီး ကျန်စားပွဲနှစ်လုံး၌မူ လက်မောင်းလှဲကာ ခွန်အားပြိုင်နေကြသည်။
ဘေးမှ ဝိုင်းကြည့်နေသူများကလည်း အဆက်မပြတ် အားပေးကြွေးကြော်နေကြပြီး တစ်ယောက်ချင်းစီတိုင်းက မျက်နှာများ နီရဲကာ လည်ပင်းကြောများ ထောင်ထလာသည်အထိ အော်ဟစ်နေကြရာ အလွန်ပင် စိတ်အားထက်သန်နေကြပုံပေါ်သည်။
အန်စာတုံးလှိမ့်နေသော စားပွဲတစ်လုံး၏ ဘေးဘယ်ဘက်ခြမ်းတွင် တာအိုဆရာလင်းက ထိုင်နေပြီး သူ၏ရှေ့၌ စွမ်းအင်ကျောက်တုံးများ သိပ်မကျန်တော့ဘဲ သေးငယ်သော ကျောက်တုံးအစအန အချို့သာ ကျန်ရှိတော့သည်။
ဤနေရာက မြေအောက်လောင်းကစားရုံ ဖြစ်ပြီး သတ္တုတွင်းနယ်မြေနှင့် နီးကပ်သောကြောင့် စားပွဲများပေါ်တွင် စွမ်းအင်ကျောက်တုံးများကို လောင်းကြေးအဖြစ် အသုံးပြုကာ လောင်းကစား လုပ်ကြသည်။
အမှတ်များကို အသုံးပြု၍ လောင်းကစား မလုပ်ကြခြင်း၏ အကြောင်းရင်းမှာ ပထမအချက်အနေဖြင့် အမှတ်များကို ကြီးကြပ်ရေးအဖွဲ့ရုံးကသာ ဖြတ်တောက် လွှဲပြောင်းပေးနိုင်သောကြောင့် ဖြစ်သည်။
အကယ်၍ လူတစ်ယောက်က အမှတ်များကို နိုင်သွားလျှင်တောင်မှ တရားမဝင် လွှဲပြောင်း၍ မရနိုင်သလို ရှုံးသွားသူက အကြွေးမဆပ်ဘဲ လိမ်လည်သွားပါက မည်သို့မျှ လုပ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် မြေအောက်လောင်းကစားရုံများတွင် စွမ်းအင်ကျောက်တုံးများကဲ့သို့သော တန်ဖိုးရှိသည့် ပစ္စည်းများကိုသာ လောင်းကြေးအဖြစ် အသုံးပြုလေ့ရှိပြီး ပွဲချင်းပြီး ရှင်းလင်းရန် အဆင်ပြေစေသည်။
ယခုအချိန်တွင် တာအိုဆရာလင်းကလည်း မျက်လုံးများ နီရဲနေလျက် အော်ဟစ်လိုက်သည်။ "အကြီး... အကြီးဖြစ်စမ်းပါ... တောက်... အသေးထွက်နေတာ ဘယ်နှပွဲရှိနေပြီလဲ"
မြေအိုးပန်းကန်လုံးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုနေရာရှိ လူများအားလုံးက အံ့ဩဒေါသထွက်သွားကြသည်။
"အပူးပဲ"
"ချီးတဲ့မှပဲ... အကြီးရော အသေးရော အကုန်စားသွားပြီ"
"မင်းအမေ... အစ်ကိုလျှို... ခင်ဗျား လှည့်ထားတာမလား... ဘယ်လိုလုပ် အပူး ထွက်လာနိုင်မှာလဲ"
တာအိုဆရာလင်းကလည်း သူ၏ရှေ့ရှိ စွမ်းအင်ကျောက်တုံးများကို ဒိုင်လုပ်သူ အစ်ကိုလျှိုက အကုန်သိမ်းကျုံး ယူငင်သွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်နေရသဖြင့် ဒေါသမထိန်းနိုင်တော့ဘဲ အော်ပြောလိုက်သည်။
"အစ်ကိုလျှို... ခင်ဗျား နိုင်နေတာ ငါးပွဲဆက်တိုက် ရှိနေပြီနော်"
အစ်ကိုလျှို အမည်ရသော လူလတ်ပိုင်းအရွယ် အမျိုးသားက တဟဲဟဲ ရယ်မောလိုက်ပြီး ပြောလာသည်။
"တာအိုဆရာလင်း... ကံတရားက မျက်နှာသာပေးလာရင် တားလို့မရဘူးလေ... ကျုပ်ပြောတာ ဟုတ်တယ်မလား"
ထိုစဉ် ဘေးမှ လူတစ်ယောက်က ဝင်အော်လိုက်သည်။
"တာအိုဆရာလင်း... ခင်ဗျားမှာ လောင်းကြေး ကျန်သေးလို့လား... မရှိရင်လည်း ဖယ်ပေးလိုက်ဗျာ... နေရာထွက်လာအောင်လို့"
ယခုအချိန်တွင် တာအိုဆရာလင်း၏ ရှေ့၌ စွမ်းအင်ကျောက်တုံးများ လုံးဝ မရှိတော့ပေ။
တာအိုဆရာလင်းက ဒေါသတကြီးဖြင့် သွားကြိတ်လိုက်ပြီး သူ၏ အင်္ကျီအိတ်ကပ်များကို စမ်းသပ်ကြည့်လိုက်သော်လည်း စွမ်းအင်ကျောက်တုံး အစအန တစ်ခုမျှပင် ထုတ်ယူနိုင်ခြင်း မရှိတော့ချေ။
ထို့နောက် သူက ဒိုင်လုပ်သူ အစ်ကိုလျှိုထံသို့ လှည့်ကြည့်ကာ အော်ပြောလိုက်သည်။
"အစ်ကိုလျှို... ကျုပ်ကို စွမ်းအင်ကျောက်တုံး ဆယ်တုံးလောက် ချေးပေးပါ... အရင်းကျေရင် ပြန်ဆပ်ပါ့မယ်"
အစ်ကိုလျှိုက ချက်ချင်းပင် မျက်စောင်းထိုးလိုက်ပြီး အေးစက်စက် ရယ်မောကာ ပြောလိုက်သည်။
"တာအိုဆရာလင်း... ခင်ဗျား ဘာတွေ စိတ်ကူးယဉ်နေတာလဲ... ကျုပ်က အခုမှ ကံတက်နေတာ... အဲ့ဒါကို လာချေးရတယ်လို့... တောက်... ကျုပ်ရဲ့ လာဘ်လာဘတွေကို ခင်ဗျား ယူသွားရင် ဘယ်လိုလုပ်မလဲ"
"သွားစမ်း သွားစမ်း သွားစမ်း... စွမ်းအင်ကျောက်တုံး မရှိရင်လည်း မြန်မြန် ဆင်းသွားလိုက်တော့" ဟု လူတစ်ယောက်က ချက်ချင်း အော်ပြောလိုက်သည်။
အနောက်မှ လူအချို့ကလည်း တာအိုဆရာလင်းအား တွန်းထိုးကာ စားပွဲမှ အမြန်ဖယ်ပေးရန် တိုက်တွန်းနေကြသည်။
တာအိုဆရာလင်းမှာ မျက်နှာများ နီရဲလာပြီး ဒေါသတကြီးဖြင့် အော်လိုက်သည်။
"နေဦး... ကျုပ် ထပ်လောင်းဦးမယ်... ထပ်လောင်းဦးမယ်"
အစ်ကိုလျှိုက ထိုစကားကို ကြားသောအခါ အံ့အားသင့်စွာဖြင့် ခေါင်းမော့ကြည့်လာပြီး မေးလိုက်သည်။
"ခင်ဗျားက ထပ်လောင်းဦးမယ်ဟုတ်လား... ခင်ဗျားမှာ လောင်းကြေးထပ်ဖို့ ဘာပစ္စည်း ကျန်သေးလို့လဲ"
တာအိုဆရာလင်းက မျက်လုံးများ နီရဲနေလျက် ခပ်တိုးတိုး ဟိန်းဟောက်လိုက်သည်။
"ကျုပ် မိန်းမ... ကျုပ် မိန်းမကို လောင်းကြေးထပ်မယ်"
ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လောင်းကစားဝိုင်း ဘေးရှိ လူအားလုံးက ဆူညံနေမှုများကို ရုတ်တရက် ရပ်တန့်လိုက်ကြပြီး တာအိုဆရာလင်းကို အံ့အားသင့်စွာ လှမ်းကြည့်လိုက်ကြသည်။
အစ်ကိုလျှိုမှာလည်း ခေါင်းနပန်းကြီးသွားပြီး သူ၏ ဦးနှောက်ထဲတွင် တာအိုဆရာလင်း၏ ငယ်ရွယ်ချောမောသော မိန်းမ၏ ပုံရိပ်က အလိုအလျောက် ဖြတ်ပြေးသွားသည်။
ထိုမိန်းမ၏ အမည်မှာ ကျူးလင်လင်ဟု ကြားဖူးပြီး တာအိုဆရာလင်းနှင့်အတူ အဆောက်အအုံအမှတ်(၇၆)မှ အတူတူ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။
ထိုမိန်းမ၏ ခန္ဓာကိုယ် အချိုးအစားက အမှန်တကယ်ပင် ဆွဲဆောင်မှုရှိကာ အသားအရေကလည်း ကြက်ဥအကာကဲ့သို့ ဖြူဖွေးနူးညံ့နေပြီး ရေညှစ်ချလိုက်၍ ရနိုင်လောက်အောင် နုနယ်လှသည်။
သူ့လို အစ်ကိုလျှိုအနေဖြင့် ထိုကဲ့သို့သော မိန်းမနှင့်သာ အိပ်ရမည်ဆိုပါက ဤတစ်သက် လူဖြစ်ရကျိုး နပ်ပြီ ဖြစ်သည်။
ရုတ်တရက် သူက အနည်းငယ် စိတ်လှုပ်ရှားသွားပြီး တံတွေးမြိုချလိုက်မိသည်။
ထိုအချိန်တွင် အခြားသူများကလည်း သတိပြန်ဝင်လာကြသည်။
လူတစ်ယောက်က အာမေဍိတ်သံဖြင့် အော်လိုက်သည်။ "ဟေ့လူ... တာအိုဆရာလင်း ခင်ဗျား ရူးနေပြီလား... ခင်ဗျား မိန်းမကို လောင်းကြေးအဖြစ် ထုတ်သုံးရလားဗျ"
"ချီးတဲ့မှပဲ... တာအိုဆရာလင်းရဲ့ မိန်းမကို ကျုပ် မြင်ဖူးတယ်... တကယ်ကို လှတာဗျ"
"ကျူးလင်လင်ဆိုတဲ့ မိန်းမကို ပြောတာမလား... အရင်က နေရောင်ခြည်ခန်း အဝတ်လှန်းတဲ့ နေရာမှာ သူ အဝတ်လျှော်နေတာကို ကျုပ် မြင်ဖူးတယ်... သူ့ရဲ့ ရင်သားတွေက ကြက်သွန်နီ အရွယ်လောက်တောင် ရှိတာဗျ..."
"တကယ်ကြီးလား"
"တာအိုဆရာလင်းက ဒီလောက်တောင် ရက်စက်နိုင်တာလား"
"မင်းတို့က ဘာနားလည်လို့လဲ... ဒီလိုမိန်းမမျိုးက ငါတို့လို သာမန်လူတွေပဲလေ... ကိုယ်ပိုင် အစွမ်းမှ မရှိတာ... တာအိုဆရာလင်းကိုပဲ အားကိုးပြီး အသက်ရှင်နေရတော့ တာအိုဆရာလင်းက ဘယ်လိုပဲ ခြယ်လှယ်ချင်ချင် ရနေတာပေါ့"
"နေကြပါဦး... ဒါကို ကင်းလှည့်တပ်ဖွဲ့က သိသွားရင် ပြဿနာ မတက်နိုင်ဘူးလား"
ရုတ်တရက် လူတစ်ယောက်က ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူအားလုံးက ချက်ချင်း သတိပြန်ဝင်လာကြသည်။
ယခုအချိန်တွင် နိုင်ငံတော်၏ ဥပဒေ ကန့်သတ်ချက်များ မရှိတော့သော်လည်း ခိုလှုံရေးစခန်းတွင်လည်း ခိုလှုံရေးစခန်း၏ စည်းမျဉ်းစည်းကမ်းများ ရှိနေသေးသည်။
ကင်းလှည့်တပ်ဖွဲ့က တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်သူများ ဖြစ်ပြီး ဟာသလုပ်နေခြင်း မဟုတ်ပေ။
လူအများစုမှာ ချက်ချင်းပင် အသိစိတ် ပြန်လည်ဝင်ရောက်လာပြီး အစ်ကိုလျှိုပင်လျှင် ရုတ်တရက် သတိထားမိသွားသည်။
သူက ချက်ချင်းပင် ငြင်းဆန်လိုက်သည်။ "တာအိုဆရာလင်း... ခင်ဗျား ဘာအရူးစကားတွေ ပြောနေတာလဲ... ခင်ဗျား မိန်းမက ခင်ဗျားရဲ့ ပစ္စည်းမှ မဟုတ်တာ... ဘယ်လိုလုပ် လောင်းကြေးအဖြစ် သုံးလို့ရမှာလဲ"
တာအိုဆရာလင်းက ချက်ချင်း ပြန်ပြောလိုက်သည်။ "ကျုပ် မိန်းမက ဘာလို့ ကျုပ် ပစ္စည်း မဟုတ်ရမှာလဲ... ကျုပ်က သူ့ကို ဘာလုပ်ခိုင်းခိုင်း လုပ်ရမှာပဲ... ဘယ်သူက ဝင်ပါလို့ ရမှာလဲ"
"ဒီလိုလုပ်... ကျုပ်ကို နောက်တစ်ခါ ထပ်လောင်းခွင့်ပေး... နိုင်နိုင်ရှုံးရှုံး ခင်ဗျားကို သူနဲ့ တစ်ည အိပ်ခွင့်ပေးမယ်"
ထိုစကားကို ပြောလိုက်သောအခါ အစ်ကိုလျှိုမှာ ထပ်မံ၍ စိတ်လှုပ်ရှားသွားပြန်သည်။
ဘေးပတ်ဝန်းကျင်ရှိ လူအများအပြားကလည်း စိတ်လှုပ်ရှားနေသော အမူအရာများကို ပြသလာကြသည်။
တစ်ညအိပ်ရုံဆိုလျှင်တော့ ရနိုင်လောက်သည်... လူကုန်ကူးခြင်းမှ မဟုတ်ဘဲလေ။
ယနေ့ခေတ် ခိုလှုံရေးစခန်းရှိ အမျိုးသမီးအချို့သည် အမှတ်များ ရရှိရန်အတွက် လိင်ပိုင်းဆိုင်ရာ အရောင်းအဝယ် လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသူများ မနည်းမနော ရှိနေသည်။
ထို့ပြင် ထိုက်ယန်တောင် ခိုလှုံရေးစခန်းရှိ လူများအကြားတွင် အမြဲတမ်း အမျိုးသားများက များပြားပြီး အမျိုးသမီးများက နည်းပါးနေတတ်ရာ အမျိုးသားများစွာအတွက် စိတ်ထွက်ပေါက် မရှိသောကြောင့် ဤကဲ့သို့သော အခြေအနေမျိုးကို ကင်းလှည့်တပ်ဖွဲ့၏ စီမံခန့်ခွဲရေး အဖွဲ့ကလည်း မသိချင်ယောင်ဆောင်၍ လွှတ်ထားပေးရသည်။
နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရှိသရွေ့ တမင်တကာ သွားရောက် တားဆီးခြင်းမျိုး မရှိခဲ့ပေ။
အမှန်တော့ စွမ်းအားကြီးမားသော အစွမ်းပိုင်ရှင် အချို့တွင်မူ အမျိုးသမီး နှစ်ယောက် သုံးယောက်အထိပင် ရှိနေတတ်သေးသည်။
တကယ်တမ်းတွင် ဤအရာက ကမ္ဘာပျက်ကပ် ဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် မသက်ဆိုင်ဘဲ ရေလွှမ်းမိုးမှုကြီး မတိုင်မီကပင် ချမ်းသာသော လူများ၌ မိန်းမများစွာနှင့် မရေမတွက်နိုင်သော တိတ်တိတ်ပုန်း အချစ်တော်များ ရှိတတ်ကြသည်ပင် ဖြစ်သည်။
အမျိုးသမီးများက မွေးရာပါ အားကြီးသူများကို အထင်ကြီး လေးစားတတ်ကြပြီး ကမ္ဘာပျက်ကပ် ခေတ်တွင်မူ ထိုအချက်က ပို၍ သိသာထင်ရှားလာသည်။
သေချာသည်မှာ မိမိသဘောဆန္ဒအရ မဟုတ်သော အခြေအနေမျိုး (သို့မဟုတ်) လူတစ်ဦးတစ်ယောက်က ကင်းလှည့်တပ်ဖွဲ့ထံသို့ သွားရောက် တိုင်ကြားမည်ဆိုပါက ထိုသဘောသဘာဝက လုံးဝ ကွာခြားသွားမည် ဖြစ်သည်။
ထိုသို့ဆိုလျှင် ခိုလှုံရေးစခန်း၏ လုံခြုံရေး စည်းမျဉ်းများကို ချိုးဖောက်ရာ ရောက်သွားမည်ဖြစ်ပြီး ခိုလှုံရေးစခန်း ကင်းလှည့်တပ်ဖွဲ့၏ ပြင်းထန်သော နှိမ်နင်းမှုများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
ယေဘုယျအားဖြင့် ပြောရလျှင် ဤလိင်ပိုင်းဆိုင်ရာ အရောင်းအဝယ်က မီးခိုးရောင်နယ်ပယ်တွင် ရှိနေပြီး တရားဝင် စီမံခန့်ခွဲမှုအတွင်းသို့ မထည့်သွင်းရသေးပေ။
သို့သော်လည်း တာအိုဆရာလင်းကဲ့သို့ မိမိ၏ အမျိုးသမီးကို ကြားပွဲစားလုပ်ကာ အရောင်းအဝယ် လုပ်ခြင်းမျိုးကိုမူ လူအများစုက ပထမဆုံးအကြိမ် အဖြစ် တွေ့ကြုံရခြင်း ဖြစ်သည်။
ထိုသို့ လုပ်ဆောင်ခြင်းက လုံခြုံရေး စည်းမျဉ်းများကို ချိုးဖောက်ရာ ရောက်၊ မရောက် မည်သူမျှ သေချာ မသိကြချေ။
"ဘယ်လိုလဲ... ရလား မရဘူးလား... တစ်ခွန်းတည်းသာ ပြောစမ်းပါ" တာအိုဆရာလင်းက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
အစ်ကိုလျှိုက ခေတ္တမျှ တွေဝေသွားပြီး သူက ရုပ်ဆင်းအင်္ဂါ အကျည်းတန်ကာ အသက်လည်း ကြီးနေပြီ ဖြစ်သလို သာမန်လူတစ်ယောက်သာ ဖြစ်သောကြောင့် အမြဲတမ်းလိုလို မိန်းမများနှင့် ပတ်သက်၍ ကံမကောင်းခဲ့ပေ။
သတ္တုတွင်းနယ်မြေတွင် နှစ်ပတ်လည်လုံး သတ္တုတူးဖော်နေရပြီး စွမ်းအင်ကျောက်တုံး အချို့ကို ရှာဖွေနိုင်ခဲ့သော်လည်း ဖဲဝိုင်းတွင်သာ အကုန်ရှုံးသွားခဲ့သည်။
ယနေ့မှ ခဲရာခဲစစ် တစ်ပွဲနိုင်ကာ လေးအိမ်လုံးကို အပြတ်အသတ် အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်ပြီး တာအိုဆရာလင်းက ထိုကိစ္စကို မပြောလျှင်တောင်မှ သူက ညဘက်ကျလျှင် ပြည့်တန်ဆာမ သွားရှာမည် ဖြစ်သည်။
သို့သော်လည်း ထိုပြည့်တန်ဆာမများက မည်သို့သော ရုပ်ရည်သွင်ပြင်မျိုး ရှိနိုင်မည်နည်း... အမှန်တကယ် လှပသော အမျိုးသမီးများဆိုလျှင် အစွမ်းပိုင်ရှင်များနှင့် အစောကြီးကတည်းက ပါသွားကြပြီ ဖြစ်သည်။
တာအိုဆရာလင်းက လူရာမဝင်သော သူတစ်ယောက် ဖြစ်သော်လည်း သူက အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်သည့်အပြင် ကင်းလှည့်တပ်ဖွဲ့တွင်လည်း တရားဝင် အလုပ်အကိုင် တစ်ခု ရှိနေသေးသည်။
ထိုသို့သာ မဟုတ်လျှင် ကျူးလင်လင်က သူ၏နောက်သို့ တစ်ချိန်လုံး လိုက်ပါလာပြီး သူ၏ အနိုင်ကျင့်မှုများကို ခံနေမည် မဟုတ်ပေ။
ကျူးလင်လင်၏ သေးသွယ်လှပသော ခန္ဓာကိုယ်လေးကို စဉ်းစားမိလိုက်ပြီးနောက် အစ်ကိုလျှိုက ချက်ချင်းပင် အံကြိတ်လိုက်ကာ ပြောလိုက်သည်။
"ကောင်းပြီ... ကျုပ် သဘောတူတယ်"
တာအိုဆရာလင်းက ချက်ချင်းပင် ရယ်မောလိုက်ပြီး အော်ပြောလိုက်သည်။
"ဒီတစ်ကြိမ် ကျုပ် အန်စာတုံး လှိမ့်မယ်"
ထိုသို့ပြောရင်း သူက စားပွဲပေါ်ရှိ အန်စာတုံးများကို ဖမ်းယူရန် လက်လှမ်းလိုက်သည်။
ထိုအချိန်မှာပင် ဝင်ပေါက်တံခါးဝမှ ရုတ်တရက် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ထို့နောက် တံခါးအပြင်ဘက်မှ တောင်းပန်သံများကို ကြားလိုက်ရသည်။
"ခေါင်းဆောင်ဝူ... ခေါင်းဆောင်ကော... ချမ်းသာပေးပါ... ချမ်းသာပေးပါဗျာ"
"ကျွန်တော်တို့က သတ္တုတူးရတာ ပင်ပန်းလို့ အပျော်တမ်း နည်းနည်းပါးပါး ကစားနေရုံပါဗျာ"
ဒုန်းခနဲ အသံနှင့်အတူ အဓိကတံခါးကြီးက ခြေကန်ဖွင့်ခံလိုက်ရသည်။
ထို့နောက် ဝူယင်က ဦးလေးကောနှင့် အခြားသူများကို ဦးဆောင်ကာ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။
ဝူယင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး အကြည့်တစ်ချက် ဝေ့ဝဲလိုက်ရာ ဟိုဘက်ရှိ လူအုပ်ထဲသို့ တိုးဝင်သွားသော တာအိုဆရာလင်းကို မြင်တွေ့လိုက်ရသည်။
သူက ချက်ချင်းပင် အကြည့်များကို ခက်ထန်သွားစေပြီး အော်ဟစ်လိုက်သည်။ "အကုန်လုံးကို ဖမ်းလိုက်စမ်း"
ထိုသို့ပြောပြီးနောက် သူ၏ ခန္ဓာကိုယ်က လျှပ်တစ်ပြက် လှုပ်ရှားသွားကာ တာအိုဆရာလင်း၏ အနီးသို့ လျင်မြန်စွာ ပြေးသွားပြီး တာအိုဆရာလင်း၏ ပခုံးကို လှမ်းဖမ်းဆွဲလိုက်သည်။
ချက်ချင်းပင် တာအိုဆရာလင်း၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါသွားပြီး ခေါင်းလှည့်လာသောအခါ မူလက လောင်းကစားလုပ်စဉ် နီရဲနေခဲ့သော မျက်နှာက အပြုံးများ ပြည့်နှက်နေသည့် အမူအရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဟေ... ရှောင်ဝူ... မင်း ဘယ်လိုလုပ် ရောက်လာတာလဲ"
ဝူယင်က မျက်နှာတွင် မည်သည့် အမူအရာမှ မရှိဘဲ ပြောလိုက်သည်။ "တာအိုဆရာလင်း... ကျွန်တော်နဲ့ တစ်ခေါက်လောက် လိုက်ခဲ့ပါ"
တာအိုဆရာလင်းမှာ အနည်းငယ် ထိတ်လန့်သွားပြီး အလျင်အမြန် ရှင်းပြလိုက်သည်။
"ရှောင်ဝူ... မင်းလည်း ငါ့အကြောင်း သိပါတယ်... ငါက အသက်လည်း ကြီးပြီဆိုတော့ ဒီတိုင်း လျှောက်သွားရတာ ကြိုက်တယ်လေ... ဒီနေ့ ငါ့ နားရက်လေ... တာဝန်ကျတာမှ မဟုတ်တာ... ဒီနေရာကို မိတ်ဆွေဟောင်းတွေ လာကြည့်ရင်းနဲ့ ကြုံလို့ နှစ်ပွဲလောက် ဝင်ကစားရုံပါ... ငါ့ကို ဖမ်းရလောက်တဲ့အထိတော့ မဟုတ်ပါဘူးနော်"
"ဒါ့အပြင် ငါတို့ ခိုလှုံရေးစခန်းရဲ့ လုံခြုံရေး စည်းမျဉ်းတွေထဲမှာလည်း ဖဲမရိုက်ရဘူးလို့ မပြောထားပါဘူး... ပွဲတော်ရက်တွေဆိုရင်တောင် ဖဲရိုက်ကြသေးတာပဲ... ဟုတ်တယ်မလား"
သူက လူအုပ်ကြီးဘက်သို့ ခေါင်းလှည့်ကာ အော်ပြောလိုက်သည်။
ချက်ချင်းပင် လောင်းကစားသမား အများအပြားကလည်း လိုက်လံ အော်ဟစ်လာကြသည်။
"ဟုတ်တယ် ဟုတ်တယ်... ငါတို့ဘာသာ ရှာထားတဲ့ ပိုက်ဆံနဲ့ ဖဲရိုက်တာတောင် မရတော့ဘူးလား"
"ခေါင်းဆောင်ဝူ... ခင်ဗျားက ကျွန်တော်တို့ကို ဘာလို့ ဖမ်းတာလဲ... ကျွန်တော်တို့ ဖဲရိုက်တာက လုံခြုံရေး စည်းမျဉ်းတွေကို ချိုးဖောက်နေတာမှ မဟုတ်တာ"
"ဟုတ်ပါ့ဗျာ... ခေါင်းဆောင်ဝူ... ခင်ဗျားက ဘာအကြောင်းပြချက်နဲ့ လူဖမ်းတာလဲ"
"ကျွန်တော်တို့က ခိုးဆိုးလုယက် နေတာမှ မဟုတ်တာ"
"..."
လောင်းကစားသမား တစ်စုက မတရားကြောင်း အော်ဟစ်နေကြပြီး ကင်းလှည့်တပ်ဖွဲ့မှ လူဖမ်းခြင်းက ယုတ္တိမတန်ဟု ခံစားနေကြသည်။
အချို့ကမူ ကင်းလှည့်တပ်ဖွဲ့က စွက်ဖက်လွန်းသည်ဟု ရင်ထဲမှနေ၍ တွေးတောနေကြပြီး မိမိဘာသာ သတ္တုတူး၍ ရလာသော စွမ်းအင်ကျောက်တုံးများကို လောင်းကစား လုပ်ခြင်းက မိမိကိစ္စသာ ဖြစ်ပြီး သူတို့နှင့် ဘာဆိုင်သနည်းဟု မှတ်ယူနေကြသည်။
သေချာသည်မှာ ထိုကဲ့သို့ တွေးတောနေသူများက ယနေ့ စွမ်းအင်ကျောက်တုံးများ အနိုင်ရထားသူများသာ ဖြစ်သည်။
သို့သော်လည်း ယနေ့ စွမ်းအင်ကျောက်တုံးများ ရှုံးသွားသော အခြားလူတစ်စုလည်း ရှိနေပြီး တစ်ယောက်ချင်းစီတိုင်း၏ ရင်ထဲတွင် တိတ်တဆိတ် ဝမ်းသာနေကြသည်။
ယနေ့ တင်ထားသော စွမ်းအင်ကျောက်တုံး အကြွေးများကို လျှော်ပစ်လိုက်ရတော့မည်လားဟု တွေးတောနေကြသည်။
တာအိုဆရာလင်းက လူအများအပြား၏ ထောက်ခံမှုကို ရရှိလိုက်သောအခါ ချက်ချင်းပင် သတ္တိများ ပိုမို ထက်မြက်လာပြီး ဝူယင်အား ပြုံးကာ ပြောလိုက်သည်။ "ရှောင်ဝူ... ငါနဲ့ လင်းယွမ်က မိတ်ဆွေဟောင်းတွေကွ... ပြီးတော့ ဒေါက်တာရန်နဲ့လည်း ခင်မင်ရင်းနှီးမှု ရှိတယ်လေ... မင်းအဲ့ဒီအတွက် မျက်နှာ နည်းနည်းပါးပါး ပေးသင့်တယ် မဟုတ်ဘူးလား"
"ဒီလိုလုပ်... မင်း အလုပ်များနေတယ်ဆိုရင် ငါ အရင်ပြန်နှင့်မယ်... နောက်မှ တစ်ခုခုရှိရင် ငါ့ဘာသာ လင်းယွမ်ဆီ သွားပြောလိုက်မယ်... ဘယ်လိုလဲ"
သူက လင်းယွမ်၏ နာမည်ကိုပင် ထုတ်သုံးလာခဲ့ပြီ ဖြစ်သည်။
အကယ်၍ အရင်ကသာဆိုလျှင် ဝူယင်အနေဖြင့် အမှန်တကယ်ပင် အနည်းငယ် တွေဝေသွားနိုင်ပြီး တစ်ဖက်လူက လင်းယွမ်၏ နာမည်ကိုပင် ထုတ်သုံးလာသောကြောင့် ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် သူက လင်းယွမ်၏ နှုတ်မှ တိုက်ရိုက် အမိန့်ပေးထားမှုကို ရရှိထားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။
"တာအိုဆရာလင်း... ကျွန်တော်က လင်းယွမ်ရဲ့ ညွှန်ကြားချက်ကို ရထားလို့ ခင်ဗျားကို သီးသန့် လာဖမ်းတာဗျ"
တာအိုဆရာလင်း၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားပြီး ထိတ်လန့်တကြား အော်လိုက်သည်။
"ဘာ... လင်းယွမ်က ငါ့ကို ဖမ်းခိုင်းတယ်... ဒါ... ဒါ မဖြစ်နိုင်ဘူး"
"ငါနဲ့ လင်းယွမ်က အသက်ပေးရလောက်တဲ့ မိတ်ဆွေတွေကွ... ငါနဲ့ လင်းယွမ်က ရပ်ကွက်တစ်ခုတည်းက လာတာ... အဲ့ဒီတုန်းက ငါတို့ အတူတူ သန္ဓေပြောင်း ဖားတွေကို သတ်ဖူးတယ်... ပြီးတော့ တိန့်ဟူကိုလည်း အတူတူ ရင်ဆိုင်ခဲ့ဖူးတယ်"
"ဒါ လုံးဝ မဖြစ်နိုင်ဘူး"
ဝူယင်က အေးတိအေးစက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "ခင်ဗျား ခုတလော ဘာတွေလုပ်ခဲ့လဲဆိုတာ ခင်ဗျားကိုယ် ခင်ဗျား အသိဆုံးပါ... မသိချင်ယောင် ဆောင်မနေပါနဲ့တော့... ကျွန်တော်နဲ့ လိုက်ခဲ့ပါ... ကျွန်တော် လင်းယွမ် မျက်နှာကို ထောက်လို့ ကိုယ်ထိလက်ရောက် မလုပ်ချင်ဘူး"
တာအိုဆရာလင်း၏ မျက်နှာက ဖြူလျော့သွားပြီး သူ၏ အစွမ်းက ရွှေရောင်အလင်းတန်း အစွမ်းဖြစ်ကာ အထူးပြုလုပ်ချက်များနှင့် ယှဉ်နိုင်သော စိတ်အာရုံချောက်ချားဖွယ် ပုံရိပ်ယောင်များကိုသာ ဖန်တီးနိုင်ခြင်း ဖြစ်သည်။
တကယ်တမ်း ဝူယင်၏ အရိပ်အစွမ်းကို ရင်ဆိုင်ရမည်ဆိုပါက သူ၌ မည်သည့် အနိုင်ရနိုင်ခြေမျှ မရှိပေ။
ပြောရမည်ဆိုလျှင် သူက သာမန်လူများထက် ခန္ဓာကိုယ် ကြံ့ခိုင်မှု အနည်းငယ် ပိုကောင်းသော အဘိုးကြီး တစ်ယောက်သာ ဖြစ်သည်။
ယခုအချိန်တွင် ဝူယင်က စကားကို ဤအဆင့်အထိ ပြောလာသည်ကို မြင်သောအခါ သူ၏ ရင်ထဲတွင် ချက်ချင်း အေးစက်သွားခဲ့သည်။
သူက အတင်းပြုံးပြလိုက်ပြီး ပြောလိုက်သည်။ "ကောင်းပြီလေ... ဒီအထဲမှာ သေချာပေါက် အထင်လွဲတာ တစ်ခုခု ရှိနေမှာပါ... ငါ မင်းနဲ့ တစ်ခေါက်လောက် လိုက်ခဲ့ပေးမယ်"
"ဟားဟား... အဲ့ဒါဆိုလည်း ကောင်းတာပေါ့" ဝူယင်က မျက်ခုံးပင့်လိုက်ပြီး တာအိုဆရာလင်းက ဤမျှ ပူးပေါင်းဆောင်ရွက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထို့နောက် လှည့်ထွက်ကာ သူ့ကို ခေါ်ဆောင်သွားပြီး အခြားသူများကမူ ဤနေရာရှိ လူများကို လူစုခွဲစေကာ မြေအောက်လောင်းကစားရုံ ဖွင့်လှစ်ထားသူများကို ဖမ်းဆီးလိုက်ကြသည်။
လမ်းတွင် တာအိုဆရာလင်းက အနီးနားရှိ လောင်းကစားမိတ်ဆွေ တစ်ယောက်ကို မျက်စိမှိတ်ပြလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ "မြန်မြန် သွားပြီး ငါ့အတွက် ဒေါက်တာရန်ကို သွားရှာပေး... ငါ့ကို ကယ်ဖို့အတွက် သူ့ကို လင်းယွမ်ဆီကို အမြန်သွားခိုင်းလိုက်"
ထိုသူက ထိုစကားကို ကြားသောအခါ ခေါင်းညိတ်ပြလိုက်ပြီး လောင်းကစားသမား တစ်စုကြားတွင် ချက်ချင်း ရောနှောသွားကာ ခိုလှုံရေးစခန်းဆီသို့ လျင်မြန်စွာ ပြေးသွားလေသည်။
ထိုက်ယန်တောင် ခိုလှုံရေးစခန်း... နေရောင်ခြည်ဇုန်။
ယခုအခါ နေရောင်ခြည်ဇုန်သည် ခိုလှုံရေးစခန်းရှိ လူအများစု အနှစ်သက်ဆုံး စုရုံးရာ နေရာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
သန္ဓေပြောင်း နေကြာပန်း ငါးဆယ်ကို ခွဲခြားကာ နေရာအနှံ့တွင် ပြောင်းရွှေ့စိုက်ပျိုးထားသည်။
ထို့ပြင် ဆုန့်ဝမ်နှင့် အဒေါ်ကြီးလီတို့ ပျိုးထောင်ထားသော မျိုးဆက်သစ် သန္ဓေပြောင်း နေကြာပန်းများကလည်း သန်စွမ်းစွာ ကြီးထွားလာနေပြီဖြစ်ကာ သေးငယ်သော နေကြာပန်းလေးများ ပွင့်လန်းလာပြီး နေရောင်ခြည် အလင်းကွင်းများကို ဖြာထွက်စေလျက် ရှိသည်။
ယနေ့ခေတ်တွင် တစ်ခုလုံးသော နေရောင်ခြည်ဇုန်က အစောကြီးကတည်းက တိုးချဲ့တည်ဆောက်ထားပြီး ဂူအတွင်းမှနေ၍ အပြင်ဘက်သို့ ကြီးမားသော တဲအိမ်များကို ဆောက်လုပ်ထားသည်။
ယခုအခါ ထိုက်ယန်တောင် စုပေါင်းအဆောက်အအုံ အပေါက်ဝရှိ လူထုရင်ပြင်ကိုပင် တဲအဖြစ် ပြုလုပ်ထားပြီး အထဲတွင် သန္ဓေပြောင်း နေကြာပန်းများကို စိုက်ပျိုးထားသည်။
နေရောင်ခြည်ဇုန် တစ်ခုလုံးကိုလည်း လုပ်ငန်းဆောင်တာ နေရာများစွာအဖြစ် ထပ်မံ ပိုင်းခြားထားသေးသည်။
လူထုရင်ပြင်ဇုန်မှ အဝတ်လှန်းသည့်ဇုန်၊ စိုက်ပျိုးရေးဇုန်၊ ထိုမှတစ်ဆင့် ဓာတ်ခွဲခန်း စသည်ဖြင့် အသီးသီး ရှိနေသည်။
လူအများစုက ရင်ပြင်ဇုန်တွင် စကားပြောကာ နေပူဆာလှုံလေ့ရှိကြပြီး အဝတ်လှန်းသည့် ဇုန်ဘက်တွင်မူ ယခုအခါ အဝတ်အစားနှင့် စောင်များ လှန်းရုံသာမကတော့ပေ။
လူတစ်စုက ဟင်းသီးဟင်းရွက် အခြောက်များ၊ အသားခြောက်များ၊ ငါးခြောက်များ စသည်တို့ကို အထူးတလည် လာရောက် နေလှန်းကြသည်။
အဝတ်လှန်းသည့် ဇုန်အနီးတွင် သပ်ရပ်ကျစ်လစ်သော အခန်းတန်းများ ရှိနေပြီး အထဲတွင် ချွေးသံတရွှဲရွှဲဖြင့် ဂုန်နီအိတ်များကို ကျောပိုးကာ အဝင်အထွက် လုပ်နေသူများ မကြာခဏ ရှိနေသည်။
လင်းယွမ်က လူထုရင်ပြင်ပေါ်တွင် ရပ်နေကာ ထိုမြင်ကွင်းများကို ကြည့်ရင်း တုံယန်အား မေးလိုက်သည်။ "ဟိုဘက်က အခန်းတွေက ဘာလုပ်ဖို့လဲ"
တုံယန်က တစ်ချက် ကြည့်လိုက်ပြီး ပြောလာသည်။ "အော်... အဲ့ဒါလား... အဲ့ဒါက ဆားလှန်းတဲ့ အခန်းလေ... အမမေက အထူးတလည် သတ်မှတ်ပေးထားတဲ့ နေရာတစ်ခုပေါ့... အခမဲ့တော့ မဟုတ်ဘူး"
"ဆားလှန်းတဲ့ အခန်း..." လင်းယွမ်က အံ့ဩသွားသည်။
တုံယန်က ဆက်ပြောချင်နေသေးသော်လည်း ကျွမ်းရှုယွမ်က စကားဖြတ်ပြောလိုက်သည်။
"အခု ခိုလှုံရေးစခန်းက လူတွေက ရေကြီးတဲ့ထဲကနေ ဆားချက်နည်းကို သင်ယူတတ်မြောက်သွားကြပြီလေ... သူတို့က ရေတွေကို ဒီဘက်ကို သယ်လာပြီးတော့ အဝတ်လှန်းတဲ့ နေရာက ပြင်းထန်တဲ့ အလင်းရောင်ကို အသုံးချ ရေငွေ့ပျံစေပြီး ဆားကြမ်းတွေ ရအောင် လှန်းကြတယ်... ပြီးတော့ အိမ်ပြန်ရောက်ရင် ပြန်လည်စစ်ထုတ် ပြုပြင်ပြီး အနုစားဆား အဖြစ် ဖန်တီးပြီး ရောင်းချကြတယ်"
"အရည်အသွေးပိုင်းမှာ ကျွန်မတို့ ဆီက ဆားတွေလောက် မကောင်းပေမယ့်... ဒေါက်တာရန်တို့ရဲ့ စစ်ဆေးချက်အရတော့ စားသုံးလို့ ရပါတယ်တဲ့"
"အခု လူတော်တော်များများက ဆားလှန်းနည်းကို တတ်မြောက်သွားကြပြီဆိုတော့... ကျွန်မတို့ စုပေါင်းအဆောက်အအုံက အိတ်သွပ်ဆားတွေတောင် အရောင်းအဝယ် ပါးနေပြီ"
တုံယန်က မနေနိုင်တော့ဘဲ ကျွမ်းရှုယွမ်ကို ဖြတ်ပြောလိုက်သည်။ "အစ်ကိုလင်းယွမ်က ငါ့ကို မေးနေတာလေ... နင့်ကို မေးနေတာမှ မဟုတ်တာ"
ကျွမ်းရှုယွမ်က ပြုံးလိုက်ပြီး သူမနှင့် အပြိုင်အဆိုင် မလုပ်တော့ပေ။
သို့သော် လင်းယွမ်အား ပြောလာသည်။ "ဒီဆားလှန်းတဲ့ လုပ်ငန်းက အလွန် အရေးပါတဲ့ ဝင်ငွေတစ်ခုလို့ ညီမထင်တယ်... အောက်ခြေက ပုဂ္ဂလိကတွေ လက်ထဲမှာ ရှိမနေသင့်ဘဲ ခိုလှုံရေးစခန်းကပဲ ထိန်းချုပ်သင့်တယ်"
လင်းယွမ်က ပြုံးလိုက်ပြီး ခေါင်းအနည်းငယ် ခါယမ်းကာ ပြောလိုက်သည်။ "ဆားဆိုတာ လူတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာပါ... ဒီအပေါ်မှာ အမြတ်ထုတ်ဖို့ မလိုပါဘူး"
"ငါတို့အတွက်တော့ နေရာငှားခ ယူလိုက်ရင် ရပါပြီ... တကယ်တမ်း အသုံးဝင်တာက နေရောင်ခြည်ပါပဲ"
ခိုလှုံရေးစခန်း၏ ပျော်ရွှင်မှု အညွှန်းကိန်းကို မြှင့်တင်လိုပါက မရှိမဖြစ် လိုအပ်သော ပစ္စည်းများအပေါ် ရရှိနိုင်မှု အခက်အခဲများ မသတ်မှတ်သင့်ကြောင်း လင်းယွမ် ရင်ထဲတွင် ရှင်းလင်းစွာ သိနေသည်။
လူတိုင်း၏ ဘဝပျော်ရွှင်မှု အညွှန်းကိန်း တက်လာမှသာ စိတ်ပိုင်းဆိုင်ရာ ခံစားမှုများကို အလေးထားလာကြမည် ဖြစ်ပြီး ဈေးဝယ်စင်တာ စတုတ္ထထပ်ရှိ ဖျော်ဖြေရေး နေရာများကို ဖွင့်လှစ်နိုင်မည် ဖြစ်သည်။
ယခုလို ခြောက်ကပ်ကပ် ဖြစ်နေပြီး အမှတ်များ အသုံးပြု၍ သုံးစွဲရန် မည်သူမျှ မရက်ရောသော အခြေအနေမျိုး မဟုတ်ပေ။
နောက်တစ်ခုက ဈေးဝယ်စင်တာမှ ပစ္စည်းများကိုလည်း လူတိုင်းအား အဆုံးအစမရှိ အမြဲတမ်း ထောက်ပံ့ပေးနေ၍ မရနိုင်ပေ... ကိုယ်တိုင် ပြုလုပ်နိုင်ပါက ပို၍ မကောင်းပေဘူးလား။
"လူတွေက ဆားဈေး ကစားမှာကို ကာကွယ်ဖို့ တစ်ပြေးညီ ဝယ်ယူမယ့် ဈေးနှုန်းတစ်ခုတော့ သတ်မှတ်လို့ ရတယ်"
သူ၏ ဈေးဝယ်စင်တာကို ခိုလှုံရေးစခန်း၏ ကုန်ဈေးနှုန်းများကို ကြီးကြပ်ထိန်းချုပ်ရာတွင် အသုံးပြုနိုင်ကြောင်း လင်းယွမ်က စိတ်ထဲမှ တွေးတောနေခဲ့သည်။
ထိုသို့ စဉ်းစားနေစဉ် အဝေးမှနေ၍ ရန်ဝေက ကျိုးလန်၊ ကျန်းရုံချွမ်းနှင့် အခြားသူများ အားလုံးကို ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်။
သူတို့က ထိုလူများကို ဖမ်းဆီးခေါ်ဆောင်လာသည်နှင့်အမျှ လမ်းပေါ်ရှိ လူအများအပြားကိုလည်း ရပ်တန့်ကာ ဆွေးနွေးပြောဆိုလာစေခဲ့သည်။
အနီးအနားရှိ ရင်ပြင်ပေါ်မှ နေထိုင်သူများကလည်း တစ်ယောက်ပြီးတစ်ယောက် ဝိုင်းအုံလာကြသည်။
ထိုအချိန်တွင် ကင်းလှည့်တပ်ဖွဲ့ဝင်များက အလိုက်တသိပင် စည်းကမ်းထိန်းသိမ်းမှုများ စတင်လုပ်ဆောင်ကာ လူအုပ်ကြီးကို ဖယ်ခွာစေခဲ့သည်။
ရန်ဝေ ရောက်ရှိလာပြီးနောက် လင်းယွမ်၏ ရှေ့သို့ လျင်မြန်စွာ လာရောက် သတင်းပို့လိုက်သည်။
"ဆရာလင်း... ဆရာလင်းရဲ့ တောင်းဆိုချက်အရ နာမည်စာရင်းထဲက လူတော်တော်များများကို ဖမ်းဆီးမိပါပြီ... ခေါင်းဆောင်ဝူ ကိုယ်တိုင် သတ္တုတွင်းနယ်မြေဆီကို လင်းဆုန့်ယန် သွားဖမ်းနေပါတယ်"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြောလိုက်သည်။ "အင်း... နေရာအသီးသီးက စီမံခန့်ခွဲရေး အဖွဲ့တွေ ရောက်လာပြီလား"
"အားလုံးကို အကြောင်းကြားထားပြီးပါပြီ... မကြာခင် ရောက်လာလောက်ပါတယ်"
စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရှီဟိုင်ကျူး၊ ဟွမ်ဟန်၊ အဒေါ်ကြီးလီ၊ ဆုန့်ဝမ်၊ ရန်မေနှင့် အခြားသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
ထိုနေရာတွင် ဝိုင်းကြည့်နေကြသော ခိုလှုံရေးစခန်းမှ နေထိုင်သူများအားလုံး ချက်ချင်းပင် ဆွေးနွေးကာ အာမေဍိတ်သံများ ထွက်ပေါ်လာကြသည်။
"ဒါ ဘာဖြစ်တာလဲ"
"ဘာကိစ္စတွေ ဖြစ်နေတာလဲ"
"ဟိုလူက ကျန်းရုံချွမ်း မဟုတ်ဘူးလား... သားသတ်ရုံက ထောက်ပံ့ရေးဌာန မန်နေဂျာလေ... သူက ဘယ်လိုလုပ် အဖမ်းခံလိုက်ရတာလဲ"
"မသိဘူးလေ... ဟိုအမျိုးသမီးက စိုက်ပျိုးရေးခြံက ကျိုးလန် မဟုတ်ဘူးလား... အို... ဒါ ဘယ်လိုဖြစ်ရတာလဲ"
"ဒီလူတွေ ဘယ်လိုလုပ် အကုန်လုံး အဖမ်းခံလိုက်ရတာလဲ"
"မြန်မြန်ကြည့်... အမမေ၊ ခေါင်းဆောင်ရှီ၊ ခေါင်းဆောင်ဟွမ်တို့လည်း လာနေကြပြီ"
"ကိစ္စကြီး တစ်ခုတော့ ဖြစ်တော့မယ်"
ဆက်ရန်...
အပိုင်း (၃၅၆) ဒီခွေးအိုကြီးက တကယ် သေသင့်တာပဲ
ရောက်လာသည့် လူအရေအတွက်က ပိုပိုများလာသည်နှင့်အမျှ ယနေ့ အရေးကြီးသည့် ကိစ္စတစ်ခုခု ဖြစ်တော့မည်ကို လူတိုင်း သတိပြုမိသွားကြသည်။
လူအများအပြားက ဟိုဟိုဒီဒီ သတင်းပေး ပြေးလွှားနေကြပြီး နေရောင်ခြည်ဇုန်၏ ရင်ပြင်၌ လူများ ပို၍ စုရုံးလာကြ၏။
အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း နေရောင်ခြည်ဇုန်အတွင်း၌မူ နေရောင်ခြည် နွေးနွေးလေး ရှိနေသည်။
သို့သော်လည်း မြေပြင်ပေါ်တွင် ဒူးထောက်နေကြသော ကျန်းရုံချွမ်း၊ ကျိုးလန်နှင့် အခြားလူများ၏ ရင်ထဲတွင်မူ အေးစက်နေကာ လင်းယွမ်နှင့် တစ်ဆက်တည်း ရောက်ရှိလာကြသည့် ထိုက်ယန်တောင်ခိုလှုံရေးစခန်းမှ စီမံခန့်ခွဲရေး အဖွဲ့ဝင်များကို ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကြည့်နေကြသည်။
ကျောက်ခိုင်က မိန်တောင်မှ စီမံခန့်ခွဲရေးအဖွဲ့ကို ခေါ်ဆောင်လာပြီးနောက် ထိုက်ယန်တောင်ခိုလှုံရေးစခန်း တစ်ခုလုံး၏ စီမံခန့်ခွဲရေး အဖွဲ့ဝင် အားလုံးနီးပါး ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
လူတိုင်းက မြေပြင်ပေါ်တွင် ဒူးထောက်နေကြသော ထိုလူများကို အံ့သြသံသယဖြစ်ဖွယ် မျက်နှာထားများဖြင့် ကြည့်နေကြ၏။
လင်းယွမ်ကလည်း ဘာမှ ထပ်မပြောတော့ဘဲ တုံယန်နှင့် ကျွမ်းရှုယွမ်တို့ဘက်သို့ တိုက်ရိုက် ကြည့်လိုက်သည်။
ကျွမ်းရှုယွမ်၏ ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားနေပြီး မျက်နှာလေးမှာလည်း အနည်းငယ် နီမြန်းနေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် သူမက အာဏာ၏ အရသာကို နောက်တစ်ကြိမ် ပြန်လည် ခံစားလိုက်ရခြင်း ဖြစ်သည်။
လူအများ၏ အာရုံစိုက်မှုကို ခံရသော တည်ရှိမှုတစ်ခု အဖြစ်သို့ နောက်တစ်ဖန် ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
တုံယန်မှာမူ အသက်ငယ်သေးသူပီပီ အနည်းငယ် ထိတ်လန့်ကာ စိတ်လှုပ်ရှားနေခဲ့သည်။
သူမတို့ နှစ်ယောက်က လင်းယွမ်၏ နောက်မှလိုက်ကာ ရင်ပြင်၏ အလယ်ဗဟိုသို့ အတူတကွ လျှောက်သွားကြသည်။
ချက်ချင်းပင် လူတိုင်း၏ အကြည့်များက သူတို့ဆီသို့ ရောက်ရှိလာခဲ့၏။
လင်းယွမ်၏ ဘေးတွင် တုံယန်က မိုက်ခရိုဖုန်းကို လင်းယွမ်အား ကမ်းပေးလိုက်ပြီး ဘေးနားတွင် အသံချဲ့စက်များကို စောစောစီးစီးကတည်းက ချထားပြီး ဖြစ်သည်။
ထိုအသံချဲ့စက်များသည် အဆောက်အအုံ၏ အသံလွှင့်ရုံနှင့်ပင် ချိတ်ဆက်ထားသေး၏။
ယနေ့ ဖြစ်ပျက်သမျှ အရာအားလုံးကို ထိုက်ယန်တောင်ရှိ လူတိုင်း ကြားနိုင်စေရန် အသံလွှင့်ပေးသွားမည် ဖြစ်သည်။
လင်းယွမ်က မိုက်ခရိုဖုန်းကို ယူလိုက်ပြီး ရင်ပြင်ရှိ လူအားလုံးကို အကဲခတ် ကြည့်ရှုလိုက်သည်။
သူ၏ စိတ်စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်မှ ဖိအားတစ်ရပ် ထွက်ပေါ်လာကာ ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွား၏။
လူအများ၏ မျက်နှာထားများ အနည်းငယ် လေးနက်သွားကြပြီး လင်းယွမ်ကိုသာ အာရုံစိုက် ကြည့်နေကြသည်။
လင်းယွမ်က ဖြည်းညင်းစွာ စတင်ပြောဆိုလိုက်သည် "အားလုံးပဲ... ဒီနေ့ လူတိုင်းကို အရေးပေါ် အစည်းအဝေး ခေါ်လိုက်ရတဲ့ အကြောင်းရင်းကတော့ ကျွန်တော် မရှိတဲ့ အချိန်အတွင်းမှာ ကျွန်တော့်ကို အလွန်အမင်း ဒေါသထွက်စေတဲ့ ကိစ္စတချို့ ဖြစ်ပျက်ခဲ့လို့ပဲ"
"ကျွန်တော်တို့ရဲ့ ထိုက်ယန်တောင်ခိုလှုံရေးစခန်းကို တည်ထောင်ခဲ့တာ နှစ်လကျော်ပဲ ရှိပါသေးတယ်"
"ထိုက်ယန်တောင်ခိုလှုံရေးစခန်း မတည်ထောင်ခင်က လူတိုင်းက ရေလွှမ်းမိုး ကပ်ဘေးကြီးရဲ့ အခက်အခဲတွေကို ဖြတ်သန်းခဲ့ရတယ်... တချို့ဆိုရင် ထမင်းစားဖို့တောင် အခက်အခဲ ရှိခဲ့ပြီး တချို့ဆို လွတ်လပ်ခွင့်တောင် မရှိခဲ့ကြဘူး"
"ဒါပေမဲ့ ကျွန်တော်တို့ အားလုံးရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် အခုဆိုရင် ကျွန်တော်တို့ တစ်လှမ်းချင်းစီ လျှောက်လှမ်းလာနိုင်ခဲ့ပြီ"
"နေထိုင်ဖို့ အိမ်တွေ ရှိလာရုံသာမက အရသာရှိတဲ့ အစားအစာတွေကိုပါ စားသုံးနိုင်နေပြီ"
"ဒီကာလအတွင်းမှာ ကျွန်တော်တို့တွေ ဆင်းရဲဒုက္ခတွေကို ဖြတ်သန်းခဲ့ပြီးမှ အခုလို ဘဝမျိုးကို နောက်ဆုံး ရရှိခဲ့တာပဲ"
"ဒါပေမဲ့ တချို့လူတွေကတော့ ကောင်းမွန်တဲ့ ဘဝလေးကို စတင် ဖြတ်သန်းရုံပဲ ရှိသေးတယ်... အတိတ်က အခက်အခဲတွေကို မေ့သွားကြပြီ"
"သူတို့က တစ်ချိန်က ကမ္ဘာပျက်ကပ်ဘေးရဲ့ သားကောင်တွေ ဖြစ်ခဲ့ပေမဲ့ အခုတော့ အနိုင်ကျင့်တဲ့ သူတွေ ဖြစ်လာကြပြီ"
"ကျွန်တော် မထွက်သွားခင်က စစ်ဆေးရေးအဖွဲ့ကို ထိုက်ယန်တောင်အတွင်းမှာ စစ်ဆေးမှုတွေ လုပ်ခိုင်းခဲ့တယ်... အစကတော့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူးလို့ ထင်ခဲ့တာ"
"တကယ်လို့ ရှိခဲ့ရင်တောင် ကြီးကြီးမားမား မဟုတ်တဲ့ ပြဿနာလေးတွေပဲ ဖြစ်လိမ့်မယ်ပေါ့"
"ဒါပေမဲ့ တကယ့်လက်တွေ့ကတော့ ကျွန်တော် မှားသွားတယ်ဆိုတာကို သက်သေပြနေတယ်... ကျွန်တော် တော်တော်လေးကို မှားသွားခဲ့တာပဲ... တချို့လူတွေရဲ့ လောဘကို ကျွန်တော် အထင်သေးလွန်းခဲ့သလို လူ့သဘာဝရဲ့ အရုပ်ဆိုး အကျည်းတန်မှုကိုလည်း အထင်သေးလွန်းခဲ့တယ်"
လင်းယွမ်၏ အသံက ပြတ်သားကျယ်လောင်နေပြီး မှိုင်းညို့နေမှုထဲတွင် နွေဦးရာသီ တိမ်မည်းများထဲ၌ ဖြည်းညင်းစွာ ဖြစ်ပေါ်နေသော မိုးကြိုးသံကဲ့သို့ လေးလံမှုများ ပါဝင်နေသည်။
လူတိုင်းက လင်းယွမ်၏ စကားများကို ကြားရသောအခါ သူ၏ ဒေါသကို ခံစားမိနိုင်သည်။
တစ်ချိန်တည်းမှာပင် ကျောက်ခိုင်နှင့် အခြားသော အဖြစ်မှန်ကို သိရှိထားသူများကလည်း အနည်းငယ် ဒေါသထွက်နေကြ၏။
အကြောင်းမှာ ထိုက်ယန်တောင်ခိုလှုံရေးစခန်းသည် သူတို့က ဓားတစ်လက် သေနတ်တစ်လက်ဖြင့် အသက်စွန့်ကာ တိုက်ခိုက်ပြီးမှ အလွန်ခက်ခဲစွာ တည်ဆောက်ထားခဲ့ရသောကြောင့် ဖြစ်သည်။
သူတို့က ဤခိုလှုံရာ နေရာလေးကို အခြားမည်သူ့ထက်မဆို ပို၍ မြတ်နိုးတန်ဖိုးထားကြသည်။
ထို့ကြောင့် မည်သူကမျှ မည်သည့် နည်းလမ်းဖြင့်မဆို ခက်ခက်ခဲခဲ ရရှိထားသော ဤစနစ်ကို ဖျက်ဆီးမည်ကို လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။
ထိုက်ယန်တောင်ခိုလှုံရေးစခန်းမှ သာမန် နေထိုင်သူများမှာမူ ပို၍ပင် အံ့အားသင့်နေကြ၏။
သူတို့က လင်းယွမ်ကို ဤမျှအထိ ဒေါသထွက်စေရန် မည်သည့်ကိစ္စ ဖြစ်ပျက်ခဲ့သည်ကို မသိကြသေးပေ။
ထိုနေရာတွင် ရှိနေသူများထဲမှ လူအများစုက လင်းယွမ်သည် ပုံမှန်အားဖြင့် အမြဲတမ်း ပြုံးနေတတ်ပြီး လူများကို ဒေါသထွက်လေ့ မရှိကြောင်း ကောင်းစွာ သိထားကြသည်။
သို့သော် ဤသည်မှာ လင်းယွမ်၌ ဒေါသ မရှိကြောင်းကို ဆိုလိုခြင်း မဟုတ်ပေ။
တစ်ချိန်က ခိုလှုံရေးစခန်းကြီး သုံးခုမှ လူများက လင်းယွမ်သည် ခိုလှုံရေးစခန်းကြီး သုံးခု၏ ခေါင်းဆောင်များကို လူတစ်ယောက်တည်း၏ စွမ်းအားဖြင့် မည်သို့မည်ပုံ ချေမှုန်းခဲ့သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေကြဆဲ ဖြစ်သည်။
ထိုစဉ်က လင်းယွမ်သည် မကျေနပ်သူ အားလုံးကို မိုးကြိုးပမာ ရက်စက်သော နည်းလမ်းများဖြင့် ဖိနှိပ်ခဲ့သည်။
လူတိုင်းကို တစ်လတိတိ မြေရိုင်းရှင်းလင်းရေး အလုပ်များကို အတင်းအကျပ် လုပ်ခိုင်းခဲ့၏။
သူတို့၏ မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေဆဲ ဖြစ်ပြီး ထိုတစ်လတာ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခဲ့ရမှုကပင် သူတို့ကို ထိုက်ယန်တောင်နှင့် လုံးဝ ရင်းနှီးကျွမ်းဝင်သွားစေခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် လင်းယွမ် နောက်တစ်ကြိမ် ဒေါသထွက်နေသည်ကို မြင်လိုက်ရသောအခါ တစ်ခဏအတွင်း လူတိုင်းက အသံတိတ်သွားကြသည်။
လင်းယွမ်က ဆက်လက်၍ အေးစက်စွာ အော်ပြောလိုက်သည် "ကျွန်တော် ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ ဆိုတာကို ခင်ဗျားတို့ သိချင်နေကြမှာ သေချာတယ်"
သူက လှည့်လိုက်ပြီး အရှေ့ဆုံးတွင် ရှိနေသော ကျန်းရုံချွမ်းကို ကြည့်ကာ အေးစက်သော အသံဖြင့် မေးလိုက်သည် "မင်းနာမည် ဘယ်လိုခေါ်လဲ"
ယခုအချိန်တွင် ကျန်းရုံချွမ်းက တစ်ကိုယ်လုံး တုန်ယင်နေအောင် ကြောက်ရွံ့နေပြီး မျက်နှာတစ်ခုလုံးတွင်လည်း ချွေးအေးများ ထွက်နေကာ လင်းယွမ်ကို ထိတ်လန့်တကြား ကြည့်နေ၏။
လင်းယွမ်၏ မေးခွန်းကို ကြားသောအခါ သူက ဆက်၍ သည်းမခံနိုင်တော့ဘဲ အသံထွက် ငိုကြွေးလိုက်ပြီး မြေပြင်တွင် အဆက်မပြတ် ခေါင်းကိုက်ကာ အော်ပြောလိုက်သည် "ဆရာလင်း... ကျွန်တော် မှားသွားပါပြီ... ကျွန်တော် မှားသွားပါပြီဗျာ... ကျွန်တော် တကယ်ကို မှားမှန်း သိပါပြီ"
"ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ... ဒီတစ်ကြိမ်တော့ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါဗျာ... နောက်ဆိုရင် သားသတ်ရုံက ကိစ္စတွေကို သေချာ လုပ်ပါ့မယ်လို့ ကျွန်တော် သစ္စာဆိုပါတယ်... နောက်တစ်ခါ ထပ်မလုပ်ရဲတော့ပါဘူးဗျာ"
လင်းယွမ်က အေးစက်စွာ အော်ဟစ်လိုက်သည် "မင်းနာမည် ဘယ်လိုခေါ်လဲလို့ မေးနေတယ်"
ကျန်းရုံချွမ်းက ထိတ်လန့်သွားပြီး ငိုယိုကာ ဖြေလိုက်သည် "ကျွန်တော်... ကျွန်တော့်နာမည် ကျန်းရုံချွမ်းပါ"
လင်းယွမ်က အေးစက်စွာ ပြုံးလိုက်သည် "ကျန်းရုံချွမ်း... ကောင်းလိုက်တဲ့ အာဏာရှိတယ်ဆိုတဲ့ နာမည်ပဲ... မင်းရဲ့ အာဏာကို ဘယ်သူက ပေးထားတာလဲ"
"ဆရာ... ဆရာလင်း ပေးထားတာပါ"
"ဟက်... မင်းကို အာဏာပေးထားတာ ငါဆိုတာကို မင်း မှတ်မိသေးတာပဲ... ဒါပေမဲ့ မင်းကို အာဏာပေးထားတာ ဘာလုပ်ဖို့အတွက် ပေးထားတာလဲ"
"သား... သားသတ်ရုံရဲ့ ထောက်ပံ့ရေးကိစ္စတွေကို သေချာလုပ်ဖို့ပါ"
"မင်း သေချာလုပ်ခဲ့လို့လား"
"တောင်း... တောင်းပန်ပါတယ်... တောင်းပန်ပါတယ် ဆရာလင်း... ကျွန်တော် တကယ်ကို မှားမှန်း သိပါပြီ... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါဗျာ... အဟင့် အဟင့်"
ကျန်းရုံချွမ်းက အလွန်အမင်း ဝမ်းနည်းပူဆွေးစွာ ငိုကြွေးနေပြီး သူ လုပ်ခဲ့ဖူးသော ကိစ္စများအတွက် အလွန် နောင်တရနေပုံပေါ်သည်။
လင်းယွမ်က သူ့ကို ကြည့်ရင်း ကမ္ဘာမပျက်မီက ကြည့်ခဲ့ဖူးသော တရားဥပဒေရေးရာ ရုပ်သံအစီအစဉ်များကို ခေါင်းထဲတွင် ဖြတ်ကနဲ တွေးမိသွား၏။
ထိုရုပ်သံ အစီအစဉ်များတွင် အကျင့်ပျက် ခြစားသော အရာရှိအချို့ ဖမ်းဆီးခံရပြီးနောက် နောင်တရခုံပေါ်တွင် ထိုင်နေကြရသည်။
သူတို့က အေးစက်သော လက်ထိတ်များကို ခတ်ခံထားရပြီး လူတိုင်းက မျက်ရည်များ စီးကျကာ သူတို့၏ နောင်တတရားများကို ပြောပြနေကြ၏။
သို့သော်လည်း သူတို့၏ စကားလုံး အသုံးအနှုန်းများက နိုင်ငံဝန်ထမ်း စာမေးပွဲ ဖြေဆိုစဉ်က ကျက်မှတ်ထားသော စံကိုက်စကားလုံးများ အတိုင်းပင် ဖြစ်နေဆဲဖြစ်သည်။
သူတို့က နောင်တရနေခြင်း မဟုတ်ဘဲ မကြာမီ ကျရောက်လာတော့မည့် ပြစ်ဒဏ်ကို ကြောက်ရွံ့နေခြင်းသာ ဖြစ်သည်။
မျက်စိရှေ့မှ ကျန်းရုံချွမ်းသည်လည်း ထိုနည်းတူပင် ဖြစ်၏။
လင်းယွမ်က အေးစက်စွာ ပြောလိုက်သည် "ကျွမ်းရှုယွမ်... ဖတ်ပြလိုက်"
ကျွမ်းရှုယွမ်က လက်ထဲရှိ စာရွက်စာတမ်းများကို အလျင်အမြန် ကောက်ကိုင်လိုက်ပြီး မိုက်ခရိုဖုန်းကို တေ့ကာ ပြောလိုက်သည်။
"ကျန်းရုံချွမ်း... သားသတ်ရုံ ထောက်ပံ့ရေးဌာန မန်နေဂျာ... သားသတ်ရုံရဲ့ ထောက်ပံ့ရေး ဝယ်ယူမှုနဲ့ တခြား အရေးကြီး ကိစ္စတွေကို တာဝန်ယူရတယ်... တာဝန်ထမ်းဆောင်တဲ့ နှစ်လနဲ့ ဆယ့်ခြောက်ရက်တာ ကာလအတွင်းမှာ ယွီမင်ရှီး၊ ကျိုးဟုန်ကျန့်၊ မြောင်လီ စတဲ့ လူတွေနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးရှာခဲ့တယ်"
"သားသတ်ရုံက အနီရောင်အသား ပေါင် ၃၄၀၀ ကျော်နဲ့ အဖြူရောင်အသား ပေါင် ၆၃၀၀ ကျော်ကို ခိုးယူ သိမ်းဆည်းထားခဲ့တယ်... လျှို့ဝှက် မှောင်ခိုဈေး ဖွင့်ပြီး စွမ်းအင်ကျောက်တုံးတွေ ရယူခဲ့တဲ့အပြင် အဆောက်အအုံမှာလည်း အမှတ် အများအပြားနဲ့ လဲလှယ်ခဲ့တယ်"
ကျွမ်းရှုယွမ် ဖတ်ပြနေသည်နှင့်အမျှ ရင်ပြင်ပေါ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး လူတိုင်းက အံ့အားသင့်ကာ ဒေါသတကြီးဖြင့် ဆွေးနွေးလာကြသည်။
"ဘာ... လျှို့ဝှက် မှောင်ခိုဈေး ဖွင့်ထားတယ်"
"ခွေးမသားတွေ... သူတို့က လျှို့ဝှက်ပြီး အနီရောင်အသားနဲ့ အဖြူရောင်အသား အများကြီးကို ခိုးထားတာလား"
"သေနာကောင်တွေ... ဒါကြောင့်မို့ မကြာသေးခင်က ထမင်းစားခန်းမှာ ဝက်သားဟင်းတွေ နည်းသွားတာကိုး"
"မအေပေးတွေ... ဒီခွေးကောင်တွေက ဒီလောက်တောင် အများကြီး အကျင့်ပျက် ခြစားထားတာလား"
"ဆရာလင်း... သူတို့ကို သတ်ပစ်လိုက်ပါ... ဒီအကျင့်ပျက် ခြစားတဲ့ ကောင်တွေကို သတ်ပစ်လိုက်"
"ခွေးမသားတွေ... ငါတို့က အပြင်ဘက်မှာ သန္ဓေပြောင်း သတ္တဝါတွေကို အသေအလဲ တိုက်ခိုက် သတ်ဖြတ်နေရတာတောင် တစ်နေ့ကို အသား ပေါင်တစ်ရာလောက်လေးတောင် မရဘူး... ဒီတိရစ္ဆာန်တွေက နှစ်လကျော်လေး အတွင်းမှာ ဒီလောက် အများကြီးကို ခိုးယူထားတယ်"
"သေသင့်တယ်... တကယ်ကို သေသင့်တဲ့ ကောင်တွေပဲ"
...
လူအုပ်ကြီးက ဒေါသထွက်နေကြပြီး မတရားမှုကို မခံမရပ်နိုင် ဖြစ်နေကြ၏။
လူများက ဒေါသထွက်နေသည့်အပြင် မတရားဘူးဟုလည်း ပို၍ ခံစားနေကြရသည်။
ဒီလူတွေက ဘာစွမ်းရည်မှ မရှိတဲ့ သာမန်လူတွေပဲလေ။
အစက ဆရာလင်းက သူတို့ကို တိုက်ခိုက်နိုင်စွမ်း မရှိဘူးဆိုပြီး သနားလို့ အလုပ်အကိုင် နေရာတချို့ ပေးခဲ့တာ ဖြစ်သည်။
ဒီခွေးကောင်တွေက ဒီလို အခွင့်အာဏာလေးကို အသုံးချပြီး ဒီလို အလုပ်မျိုးတွေ လုပ်လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။
ကျောက်ခိုင်နှင့် အခြားသူများကလည်း မျက်လုံးပြူးသွားကြပြီး ကျွမ်းရှုယွမ်၏ အစီရင်ခံစာကို မယုံနိုင်စွာ နားထောင်နေကြ၏။
သူတို့ကလည်း ထိုမျှ များပြားလှသော အရေအတွက်ကို ကြားပြီး အံ့အားသင့်နေကြသည်။
"သူတို့ အကျင့်ပျက် ခြစားနေတာကို ကျွန်တော် သိပေမဲ့ ဒီလောက် အများကြီး ခိုးလိမ့်မယ်လို့တော့ မထင်ထားဘူး"
"ချီးတဲ့မှပဲ... ထိုက်ယန်တောင်ခိုလှုံရေးစခန်းကို တည်ထောင်တာ ဘယ်လောက်ကြာသေးလို့လဲ... ဒီခွေးကောင်တွေက အနီရောင်အသားနဲ့ အဖြူရောင်အသား အများကြီးကို ခိုးယူရဲတယ်ပေါ့"
"တောက်... ဒါကိုသာ ဖော်ထုတ်မခံရဘူး ဆိုရင် သားသတ်ရုံက ဘယ်လောက်တောင် ဆုံးရှုံးသွားရဦးမလဲ"
"သောက်ကျိုးနည်း... သားသတ်ရုံရဲ့ မန်နေဂျာက ဘယ်သူလဲကွ... ချီးစားနေလို့ဒါတွေ မသိရတာလား"
တစ်စုံတစ်ယောက်က အလွန် ဒေါသထွက်သွားပြီး သားသတ်ရုံ မန်နေဂျာကို စတင် ဆဲဆိုတော့သည်။
ချိုင်ကြည်က လူအုပ်ထဲတွင် ရှိနေပြီး ထိုဒေါသတကြီး ဆဲဆိုသံများကို ကြားသောအခါ သူ၏ မျက်နှာက ဖြူရော်သွားပြီး မျက်စိရှေ့မှ အရာအားလုံးကို မယုံနိုင်အောင် ဖြစ်နေ၏။
ဤလူများက သူ၏ လက်အောက်မှ ဝန်ထမ်းများ ဖြစ်ကြပြီး သူ၏ မျက်စိအောက်တွင်ပင် အနီရောင်အသားနှင့် အဖြူရောင်အသား အများအပြားကို ခိုးယူခဲ့ကြသည်လေ။
ထို့ပြင် လျှို့ဝှက် မှောင်ခိုဈေးကိုပင် ဖွင့်ထားကြသေး၏။
သူကိုယ်တိုင်ကမူ အရူးတစ်ယောက်ကဲ့သို့ ဘာကိုမျှ မသိရုံသာမက လူမှုရေး နားလည်သည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်ကာ ကျန်းရုံချွမ်း၏ စွမ်းအင်ကျောက်တုံးများကိုပင် ယူထားခဲ့မိသေးသည်။
ထိုအကြောင်းကို တွေးမိသည်နှင့် ချိုင်ကြည်၏ ခေါင်းတစ်ခုလုံး ထုံကျဉ်သွားပြီး ချွေးများ ရွှဲနစ်သွားတော့၏။
သူက ဤသားသတ်ရုံ၏ မန်နေဂျာ ဖြစ်သောကြောင့် ငြင်းပယ်၍ မရသော စီမံခန့်ခွဲမှု တာဝန် ရှိနေသည်လေ။
တကယ်တမ်းတွင်လည်း ဤကိစ္စအတွက် ချိုင်ကြည်ကို အပြစ်တင်၍ မရပေ... ရေလွှမ်းမိုး ကပ်ဘေးကြီး မတိုင်မီက သူသည် ဝက်အူလှည့်သမား တစ်ယောက်သာ ဖြစ်ပြီး စီမံခန့်ခွဲမှု အကြောင်းကို လုံးဝ နားမလည်ခဲ့ပေ။
လင်းယွမ်က သူ့ကို သားသတ်ရုံတွင် စီမံခန့်ခွဲရန် စီစဉ်ပေးခဲ့ချိန် အစပိုင်းတွင် သားသတ်ရုံ၏ အရွယ်အစားမှာ မကြီးမားသေးဘဲ သူကိုယ်တိုင် အရာအားလုံးကို ဝင်ရောက် လုပ်ကိုင်ခဲ့သောကြောင့် အရာအားလုံးကို မြင်တွေ့နိုင်ခဲ့သည်။
လက်အောက်ငယ်သားများ ဘာလုပ်သည်ကို သူ့ကို ဖုံးကွယ်ထား၍ မရနိုင်သည်မှာ သဘာဝပင် ဖြစ်၏။
သို့သော် သားသတ်ရုံ၏ အရွယ်အစားက တဖြည်းဖြည်း ကြီးမားလာသည်နှင့်အမျှ ဝယ်ယူရေး၊ သားသတ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် သိမ်းဆည်းရေး စသည့် ကိစ္စများမှာ ရှုပ်ထွေးလာပြီး စီမံခန့်ခွဲရန် သီးခြား ဌာနများပင် စတင် တည်ဆောက်လာရသည်။
သူ့အနေဖြင့် ပေါ့ဆမှုများ ရှိမည်မှာ သေချာပြီး မမြင်တွေ့နိုင်သော နေရာများ ရှိနေမည်မှာ သေချာပါသည်။
နောက်ပိုင်းတွင် လုပ်ငန်းများက ပိုပိုကြီးမားလာပြီး သူက မန်နေဂျာတစ်ယောက် ဖြစ်သော်လည်း အစီရင်ခံစာများကို သေချာ နားမလည်ဘဲ ဝင်ငွေနှင့် ထွက်ငွေကိုသာ မြင်တွေ့နိုင်တော့၏။
စာရင်းအင်း နားလည်သည့် မည်သူမဆို စာရင်းများကို ညှိနှိုင်းနိုင်ပေရာ သူက မည်သို့လုပ်၍ သိနိုင်မည်နည်း။
သို့သော် သားသတ်ရုံတွင် ဤမျှကြီးမားသော အမှားအယွင်းများ ဖြစ်ပေါ်လာခြင်းအတွက် သူ့တွင် ငြင်းပယ်၍ မရသော တာဝန်ရှိကြောင်း ချိုင်ကြည် သိထားသည်။
ဘာပဲဖြစ်ဖြစ် သူက တာဝန် တစ်စိတ်တစ်ပိုင်းကို ယူရမည်ပင် ဖြစ်၏။
သူ့ကိုယ်သူ အသုံးမကျဟု ခံစားရပြီး လင်းယွမ်၏ မျက်နှာကို အိုးမည်း သုတ်မိသလို ဖြစ်သွားသည်။
ကျွမ်းရှုယွမ်က လက်ထဲရှိ အစီရင်ခံစာကို ဖတ်ပြီးသွားချိန်တွင် အပြင်ဘက်၌ ဆဲဆိုသံများ ဆူညံနေပြီ ဖြစ်သည်။
ကျန်းရုံချွမ်း၊ ယွီမင်ရှီး၊ ကျိုးဟုန်ကျန့်နှင့် အခြားသူများမှာ မြေပြင်ပေါ်တွင် လုံးဝ ပျော့ခွေကျသွားကြ၏။
ဒီတစ်ကြိမ်တွင်တော့ ကျန်းရုံချွမ်းက ငိုပင် မငိုနိုင်တော့ဘဲ အဆက်မပြတ် တောင်းပန်နေရုံသာ တတ်နိုင်တော့သည်။
"ဆရာလင်း... ကျွန်တော် မှားမှန်း သိပါပြီ... ကျွန်တော် တကယ်ကို မှားမှန်း သိပါပြီ... တောင်းပန်ပါတယ်... ကျွန်တော်တို့တွေ အိမ်နီးချင်း ဖြစ်ခဲ့ဖူးတာရယ် အရင်က ကျွန်တော် ဆရာနဲ့အတူတူ တောင်ကုန်းတောင်တန်းတွေကို ဖြတ်ကျော်ပြီး ထိုက်ယန်တောင်ကို လာခဲ့တာလေးကို ထောက်ထားပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ... တရားမဝင် ရထားတာတွေ အားလုံးကို ကျွန်တော် ပြန်ပေးပါ့မယ်ဗျာ"
ယွီမင်ရှီးနှင့် အခြားသူများကလည်း ခေါင်းကိုက်ကာ အော်ဟစ် ငိုကြွေးကြပြီး လင်းယွမ်၏ ခွင့်လွှတ်မှုကို တောင်းခံနေကြ၏။
လင်းယွမ်၏ အကြည့်များက အေးစက်နေပြီး ပြောလိုက်သည် "မင်းတို့ ဒီကိစ္စတွေကို မလုပ်ခင်က ဒီနေ့လိုမျိုး ဖြစ်လာမယ်ဆိုတာကို မတွေးမိခဲ့ကြဘူးလား"
"ဒီနေ့ ငါ မင်းတို့ကို ခွင့်လွှတ်လိုက်မယ် ဆိုရင်... မနက်ဖြန်ကျရင် တခြားသူတွေက ဒီလိုမျိုး ထပ်လုပ်လာရင်ရော ငါက ခွင့်လွှတ်ပေးရဦးမှာလား"
"မင်းက ငါ့ရဲ့ အိမ်နီးချင်းဆိုတာရယ်... ငါနဲ့အတူတူ ထိုက်ယန်တောင်ကို လာခဲ့တဲ့ လူတွေထဲက တစ်ယောက် ဆိုတာကို မင်း မှတ်မိသေးတာပဲလား"
"ဒါဆိုရင် အစွမ်းတောင် မနိုးထသေးတဲ့ မင်းလိုလူက... ဘာလို့ သားသတ်ရုံရဲ့ ထောက်ပံ့ရေးဌာနမှာ... ဒီလောက် အရေးကြီးတဲ့ ရာထူးကို ရခဲ့လဲဆိုတာကိုကော မင်း သိလား"
ကျန်းရုံချွမ်းမှာ ချက်ချင်းပင် ပြောစရာ စကားမရှိတော့ဘဲ အသေအလဲ ခေါင်းကိုက်ကာ ခွင့်လွှတ်ပေးရန်သာ တောင်းပန်နေတော့သည်။
လင်းယွမ်၏ မျက်နှာထားက အေးစက်ခက်ထန်နေပြီး လက်ယမ်းကာ ပြောလိုက်သည် "ခေါ်သွားလိုက်... အနီရောင်အသားနဲ့ အဖြူရောင်အသားကို ဒီလောက်တောင် ကြိုက်နေမှတော့ သူ့ကို လင်းယွင်တောင်စောင်းပေါ် ပစ်ချလိုက်... အဲဒီ အသားတွေရဲ့ ပိုင်ရှင်တွေနဲ့ သေချာ အတူတူ နေပါစေ"
"အပြင်ဘက်က ဘယ်လိုကမ္ဘာမျိုးလဲဆိုတာရယ်... သူတို့က ဘာကို အားကိုးပြီး အခုချိန်ထိ အသက်ရှင်နေနိုင်တာလဲ ဆိုတာကို... သေချာ ပြန်တွေးမိအောင် ကူညီပေးလိုက်"
ဝူယင်က ချက်ချင်း လက်ယမ်းလိုက်သည်နှင့် ကင်းလှည့်အဖွဲ့ဝင် အချို့က ထိုလူများကို အလျင်အမြန် ဆွဲထူကာ ခေါ်ဆောင်သွားကြသည်။
လင်းယွင်တောင်စောင်းတွင် ယခုလက်ရှိ ကင်းလှည့်အဖွဲ့ဝင်များ စောင့်ကြပ်နေသော်လည်း အပေါ်တွင် ရှင်းလင်းရခြင်း မရှိသေးသော သန္ဓေပြောင်း သတ္တဝါ အမြောက်အမြား စုဝေးနေဆဲ ဖြစ်သည်။
ဤလူများက သာမန်လူများ ဖြစ်ကြရာ လင်းယွင်တောင်စောင်းပေါ်တွင် အသက်ရှင်နိုင်ရန် အခွင့်အရေး လုံးဝ မရှိသလောက်ပင် ဖြစ်၏။
လင်းယွမ်က အေးစက်စွာ ပြောလိုက်သည် "ငါက သံယောဇဉ် မရှိဘူး... မင်းတို့ကို အခွင့်အရေး မပေးဘူးလို့ မပြောနဲ့... မင်းတို့ လင်းယွင်တောင်စောင်းပေါ်မှာ သုံးရက် အသက်ရှင်နိုင်ရင် မင်းတို့ ကျူးလွန်ခဲ့တဲ့ အမှားတွေကို ငါ ခွင့်လွှတ်ပေးပြီး အသက်ရှင်ခွင့် ပေးမယ်"
ဤလုပ်ရပ်ကြောင့် စောင့်ကြည့်နေသူများက အသီးသီး မှတ်ချက်ပြုလာကြသည်။
"ဆရာလင်းက အရမ်း သဘောကောင်းလွန်းတယ်"
"ဒီလို ကျေးဇူးကန်းတဲ့ တိရစ္ဆာန်တွေကို သတ်ပစ်လိုက်တာ အကောင်းဆုံးပဲ"
"ဟုတ်တယ်... ဒီတိရစ္ဆာန်တွေ အသက်ရှင်နေတာကလည်း ဘေးဒုက္ခတစ်ခုပဲ"
"ဆရာလင်းက တကယ်ကို မေတ္တာတရား ကြီးမားတာပဲ"
"ချီးပဲ... ငါသာဆိုရင် သူတို့ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်ပြီ... သူတို့ကို အသက်ရှင်ခွင့် ပေးစရာလား"
...
လူအများက အဆက်မပြတ် ဆဲဆိုနေကြပြီး လင်းယွမ်၏ ကရုဏာတရား အပေါ်တွင်လည်း လေးစားသွားကြသည်။
လူတိုင်း၏ စိတ်ထဲတွင် လင်းယွမ်၏ ပုံရိပ်က မမြင်ရသော အရာတစ်ခုလို ပို၍ ကြီးမားလာခဲ့၏။
သားသတ်ရုံ၏ အကျင့်ပျက် ခြစားမှု အမှုအခင်း ပြီးဆုံးသွားသည်နှင့် လင်းယွမ်၏ အကြည့်များက ကြောက်ရွံ့တုန်ယင်နေသော ကျိုးလန်ဆီသို့ ရောက်ရှိသွားသည်။
"ကျိုးလန်... ထိုက်ယန်တောင် အမှတ် (၂) စိုက်ပျိုးရေးခြံ သုတေသနအဖွဲ့ မန်နေဂျာ... တာဝန်ထမ်းဆောင်နေတဲ့ အချိန်အတွင်းမှာ ရာထူးကို အကြိမ်ကြိမ် အလွဲသုံးစားလုပ်ပြီး အသီးနှံ ခြွေချတာနဲ့ သုတေသန လုပ်တာစတဲ့ အကြောင်းပြချက်တွေနဲ့ သန္ဓေပြောင်း ပိန်းဥ၊ သန္ဓေပြောင်း ကန်စွန်းဥ၊ သန္ဓေပြောင်း မုန်ညင်း စတဲ့ စီးပွားရေး သီးနှံ အမျိုးမျိုးကို ပေါင် ၃၃၀၀ ကျော်အထိ ခိုးယူခဲ့တယ်"
"တိုတောင်းတဲ့ နှစ်လတာ ကာလအတွင်းမှာ အဆောက်အအုံ ပထမထပ် ထမင်းစားခန်းက ထောက်ပံ့ရေး စီမံခန့်ခွဲမှု ဌာနက လူတွေနဲ့ ပူးပေါင်းပြီး အမှတ်တွေ အများကြီး ရယူခဲ့တယ်"
"ကျိုးလန်... ခင်ဗျား ဘာပြောစရာ ရှိသေးလဲ"
လင်းယွမ်က အေးစက်စွာ ပြောလိုက်သည်။
ကျိုးလန်၏ မျက်ရည်များက ရပ်တန့်မသွားဘဲ ငိုယိုကာ ပြောလိုက်သည် "ဆရာလင်း... ကျွန်မ... ကျွန်မ ဆရာ့ကို တောင်းပန်ပါတယ်... ထိုက်ယန်တောင်က လူတိုင်းကိုလည်း တောင်းပန်ပါတယ်... ကျွန်မ မှားသွားပါတယ်... ကျွန်မ တကယ်ကို မှားသွားပါတယ်"
အသက် ငါးဆယ်ကျော် အရွယ် အမျိုးသမီးက မြေပြင်ပေါ်တွင် အဆက်မပြတ် ခေါင်းကိုက်နေပြီး ခွင့်လွှတ်ရန် မတောင်းပန်ဘဲ တိုက်ရိုက် ဝန်ခံလိုက်၏။
သူမက ကျန်းရုံချွမ်းတို့ထက်ပင် တာဝန်ယူစိတ် ရှိသေးသည်။
လင်းယွမ်က အေးစက်စွာ ပြုံးလိုက်ပြီး လက်ယမ်းကာ ပြောလိုက်သည် "ခေါ်သွားပြီး လင်းယွင်တောင်စောင်းကို ပို့လိုက်"
"ဟုတ်ကဲ့ပါ"
ချက်ချင်းပင် ကင်းလှည့်အဖွဲ့ဝင်များ ပြေးလာပြီး သူမကို ဆွဲထူကာ ခေါ်ဆောင်သွားကြသည်။
လူအုပ်ထဲတွင် လူငယ်တစ်ယောက်က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သည်းမခံနိုင်တော့ဘဲ ငိုယို အော်ဟစ်လိုက်၏။
"အမေ"
ဤလူငယ်က ကျိုးလန်၏ သားဖြစ်ပြီး အသက် ဆယ့်ခြောက်နှစ်သာ ရှိသေးသော်လည်း ကျိုးလန်၏ အဆက်အသွယ်ကို အသုံးပြုကာ ထမင်းစားခန်းတွင် စီမံခန့်ခွဲသူ အဖြစ် ရောက်ရှိနေခြင်း ဖြစ်သည်။
ယခုအချိန်တွင် သူက လူအုပ်ထဲမှ ထွက်လာပြီး ကျိုးလန်ကို ဖမ်းဆွဲရန် ကြိုးစားလိုက်သည်။
သို့သော် ထိုအချိန်တွင် ကင်းလှည့်အဖွဲ့ဝင် အချို့က သူ့ကို မြေပြင်ပေါ်သို့ ချက်ချင်း ဖိချလိုက်ကြ၏။
ကျိုးလန်၏ မျက်လုံးများက ချက်ချင်း နီရဲသွားပြီး ရုတ်တရက် အပြင်းအထန် ရုန်းကန်ကာ အော်ဟစ် ငိုကြွေးလိုက်သည် "ကျွန်မကို လွှတ်... ရှင်တို့ ကျွန်မကို လွှတ်ပေးကြပါ"
"ဒီကိစ္စက ကျွန်မသားနဲ့ မသက်ဆိုင်ပါဘူး... သူနဲ့ မဆိုင်ပါဘူးရှင်"
ထိုအချိန်တွင် ထမင်းစားခန်းမှ စီမံခန့်ခွဲသူ အချို့ကိုလည်း ကင်းလှည့်အဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင်လာခဲ့သည်။
ဤလူများက ကျိုးလန်နှင့် ပူးပေါင်း၍ ဟင်းသီးဟင်းရွက်များကို မှောင်ခို ရောင်းချခဲ့သူများ ဖြစ်ကြ၏။
လင်းယွမ်က တိုက်ရိုက် ပြောလိုက်သည် "ကျွမ်းရှုယွမ်... ဖတ်ပြလိုက်"
ကျွမ်းရှုယွမ်က ထိုလူများ၏ ပြစ်မှုများကို ချက်ချင်း ကြေညာလိုက်ရာ လူအများက ဒေါသတကြီး ဆဲဆိုကြတော့သည်။
လင်းယွမ်က လူများကို စေခိုင်းကာ ထိုလူများကိုလည်း လင်းယွင်တောင်စောင်းပေါ်သို့ ပို့ဆောင်စေပြီး သူတို့ဘာသာ အသက်ရှင်ရန် သို့မဟုတ် သေဆုံးရန် ထားရစ်ခဲ့လိုက်၏။
စိုက်ပျိုးရေးခြံနှင့် ထမင်းစားခန်း ဝန်ထမ်းများ ပူးပေါင်းကြံစည်သည့် ကိစ္စကို ဖြေရှင်းပြီးနောက် နောက်ထပ် တစ်ယောက်မှာ တာအိုဆရာလင်း ဖြစ်သည်။
ယခုအချိန်တွင် တာအိုဆရာလင်း၏ အခြေအနေက မဆိုးလှဘဲ ဤကိစ္စတွင် နားလည်မှုလွဲခြင်း တစ်ခုခု ရှိနေသည်ဟု သူ ခံစားနေရသည်။
သူက ထိုက်ယန်တောင်၏ ပိုင်ဆိုင်မှုများကို မှောင်ခို ရောင်းချပြီး ကိုယ်ကျိုး မရှာခဲ့ပေ။
သူ့ကို အရှေ့သို့ ခေါ်လာသောအခါ သူက အလျင်အမြန် အော်ပြောလိုက်သည်။
"ဆရာလင်း... ကျွန်တော် တာအိုဆရာလင်းက ထိုက်ယန်တောင်ရဲ့ ပိုင်ဆိုင်မှုတွေကို တစ်ပြားတစ်ချပ်မှ အလွဲသုံးစား မလုပ်ခဲ့ပါဘူးဗျာ"
လင်းယွမ်က တာအိုဆရာလင်းကို စိုက်ကြည့်ကာ မေးလိုက်သည် "ခင်ဗျားက ထိုက်ယန်တောင်ရဲ့ ပိုင်ဆိုင်မှုတွေကို အလွဲသုံးစား မလုပ်ခဲ့ဘူးဆိုပေမဲ့ အမျိုးသမီးတွေကို နှောင့်ယှက်တယ်... အတူနေတဲ့သူကို ကိုယ်ထိလက်ရောက် ကျူးလွန်တယ်... အမျိုးသမီးတွေကို လှောင်ပြောင် သရော်တယ်ဆိုပြီး တိုင်ကြားထားတာ ရှိတယ်"
တာအိုဆရာလင်းက ချက်ချင်း ထိတ်လန့်သွားပြီး အလျင်အမြန် ပြောလိုက်သည် "ဆရာလင်း... ဒါက လုပ်ကြံစွပ်စွဲတာပါ... လုံးဝကို လုပ်ကြံစွပ်စွဲတာပါဗျာ"
"ဒီလို ကိစ္စတွေကို ကျွန်တော် တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး"
လင်းယွမ်က တုံယန်ကို ကြည့်ကာ ပြောလိုက်သည် "တုံယန်... ဖတ်ပြလိုက်"
တုံယန်က တာအိုဆရာလင်းကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး လူအများရှေ့တွင် စာရွက်စာတမ်း တစ်ခုကို ထုတ်ယူကာ စတင် ဖတ်ပြလိုက်၏။
"လင်းဆုန့်ယန်... အောက်တိုဘာလ နှစ်ဆယ့်တစ်ရက်နေ့က ရှင် လီနာကို နှောင့်ယှက်ဖို့ ကြိုးစားတာ မအောင်မြင်ခဲ့ဘဲ ကျူးလင်လင်နဲ့ ပက်ပင်းတိုးခဲ့တယ်... ကျူးလင်လင်က ရှင်နဲ့ ရန်ဖြစ်တဲ့ အခါမှာ ရှင်က ကျူးလင်လင်ကို တစ်ကြိမ် ရိုက်နှက်ခဲ့တယ်"
"အောက်တိုဘာလ နှစ်ဆယ့်ငါးရက်နေ့က ရှင် မန်အမျိုးသမီး နောက်ကို တောအုပ်ထဲအထိ လိုက်သွားပြီး ကိုယ့်ရဲ့ ကင်းလှည့်အဖွဲ့ဝင် ရာထူးကို အသုံးချပြီး သူ့ကို အဓမ္မပြုကျင့်ခဲ့တယ်... ပြီးတော့ တစ်ဖက်လူကို သတင်းမပေါက်ကြားစေဖို့ ခြိမ်းခြောက်ခဲ့တယ်"
"မန်အမျိုးသမီးက ကျူးလင်လင်ဆီ သွားရှာတော့ ကျူးလင်လင်က ရှင်နဲ့ ပြဿနာတက်ခဲ့ပြီး... ရှင်က သူမကို ကုတင်ပေါ်က မဆင်းနိုင်တဲ့အထိ ထပ်ပြီး ရိုက်နှက်ခဲ့ပြန်တယ်"
"နိုဝင်ဘာလ တစ်ရက်နေ့က ရှင်"
တုံယန်က အစီရင်ခံစာ အကြောင်းအရာများကို ဆက်တိုက် ဖတ်ပြနေသည်နှင့်အမျှ ဘေးနားရှိ အမျိုးသမီးများက ဤအရာများကို ကြားသောအခါ တစ်ချိန်က အဆောက်အအုံထဲတွင် ပိတ်မိနေစဉ် ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို တစ်ယောက်ပြီး တစ်ယောက် ပြန်လည် သတိရလာကြပြီး ချက်ချင်းပင် ဒေါသတကြီး ဆဲဆိုလာကြသည်။
"ဒီခွေးအိုကြီးက ငါတို့ မိန်းမတွေကို ထပ်ပြီး အနိုင်ကျင့်နေပြန်ပြီပေါ့"
"ဆရာလင်း... ဒီနှာဗူးအိုကြီးကို လွှတ်ထားပေးလို့ မရဘူးနော်"
"ဆရာလင်း... ကျွန်မလည်း တိုင်ချင်တယ်... ဒီအဖိုးကြီးက ကျွန်မကိုလည်း နှောင့်ယှက်ဖူးတယ်"
"တာအိုဆရာလင်း ဆိုတဲ့ နှာဗူးကြီးက... ဒီလောက် အသက်ကြီးနေပြီကို ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုးကို လုပ်နိုင်ရတာလဲ"
"ကျူးလင်လင် ဆိုတဲ့ ကောင်မလေးကို ငါ မြင်ဖူးတယ်... သူ အဝတ်လျှော်သွားတာကို မြင်ရတိုင်း မျက်နှာမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ချည်းပဲ... တကယ်ကို သနားစရာ ကောင်းတာပါ"
"ဒီခွေးအိုကြီးက တကယ်ကို သေသင့်တယ်... ဒီလောက် လှတဲ့ ကောင်မလေး ရှိနေတာတောင် အပြင်မှာ အောက်တန်းကျတဲ့ ကိစ္စတွေကို လုပ်နေသေးတယ်"
"သူက အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေလို့ အခွင့်အရေး ယူနေတာပဲ... တခြား အစွမ်းပိုင်ရှင်တွေက စွမ်းရည်ရှိပေမဲ့ သူ့လိုမျိုး မလုပ်ကြပါဘူး"
"ဟုတ်တယ်... သူက ဘာအရည်အချင်းမှ မရှိဘဲနဲ့ ပြဿနာ ရှာချင်နေတာ"
"ဒီခွေးအိုကြီးက တကယ် သေသင့်တာပဲ"
ဆက်ရန်...